သနပ်ခါးရနံ့ကိုပင် မြန်မာပိတောက်ပန်းရနံ့လိုလို ထင်ယောင်ထင်မှား စိတ်ကူးယဉ်ချင်လာ၏။ (မြန်မာပြည်အား သတိရသည့် သူ့စိတ်ကို မိုးနှောင်းက “သနပ်ခါးရောင်အလွမ်း' ဟု သူ့ဖါသာ နာမည်ပေးထားသည်) ကသစ်ဖြူကတော့ မိုးနှောင်း ဝယ်ပေးထားသည့် သနပ်ခါးဗူးကလေးကို လက်ထဲမှာ လှည့်ပတ် ဆော့ကစားနေသည်။ မိုးနှောင်းက. .
“သနပ်ခါးဝါဝါလေး လိမ်းလိုက်တော့ မင်းဟာ ပိတောက်ပင်လေးတစ်ပင် ဖြစ်သွားသလိုပဲ"
ကသစ်ဖြူက သူမ၏လက်ထဲမှ သနပ်ခါးဗူးကို စားပွဲပေါ်သို့ ဒေါက်ကနဲ ပစ်ချလိုက်ရင်း . . .
“တကယ်တမ်းကျတော့ ကျွန်မက ဒီလို ရယ်ဒီမိတ်ဗူးတွေ လိမ်းချင်တာ မဟုတ်ဘူး၊ ကျောက်ပျဉ်ပေါ်မှာ သနပ်ခါးတုံးကို စိမ်ပြေနပြေ ပျစ်နှစ်နေအောင်သွေးပြီး လိမ်းချင်တာ၊ ကျောက်ပျဉ်ပေါ်မှာ သွေးလိုက်လို့ ထွက်လာတဲ့ရနံ့ကမှ သနပ်ခါးနံ့အစစ်. . .
မိုးနှောင်းက ပုခုံးကိုတွန့် လိုက်ပြီး …
“မင်းလိမ်းချင်ရင် မမယုဆီမှာတော့ ရှိမလားမသိဘူး"
“ကျွန်မ မေးကြည့်ပြီးပြီး၊ မမယုက သူ့မှ လက်ဆောင်ရထားတဲ့ သနပ်ခါးတုံးတော့ ရှိတယ်၊ ဒါပေမဲ့ သွေးစရာ ကျောက်ပျဉ်မရှိလို့ သူတောင် မလိမ်းဖြစ်ဘူးတဲ့”
အဲသည့်စကားမှာတင် မိုးနှောင်းက သူ့ဆီရောက်လာမည့် အန္တရာယ်ကို ဖျတ်ခနဲ ကြိုမြင်လိုက်ပြီး ကမန်းကတန်း လမ်းကြောင်းလွှဲဘို့ ကြိုးစားလိုက်၏။
“အဲဒါဆိုလည်း ထားလိုက်ပါကွာ၊ ကျောက်ပျဉ်မှာ သွေးနေရတာက တကူးတက အချိန်ကုန်ပါတယ်၊ ဒီခေတ်ကြီးက အချိန်ကုန် သက်သာအောင် ရယ်ဒီမိတ်တွေ သုံးရတဲ့ခေတ်ကွ၊ ရယ်ဒီမိတ် သနပ်ခါးဗူးပဲ သုံးပါကွာ၊ ဩော်. . . ဒါနဲ့ ဒီနေ့ မင်း ဘာစားချင်လဲ၊ နေ့လည်စာကို ဘာစီစဉ်လိုက်ရမလဲ"
ကသစ်ဖြူကလည်း လှစ်နေအောင်ပါးသည်။ မိုးနှောင်းလွှဲသော စကားလမ်းကြောင်းနောက်ကို မလိုက်၊ တမင်ပင် မျက်နှာကို တည်ထားပြီး.. .
“နေ့လည်စာကို ကျွန်မ မစဉ်းစားသေးဘူး၊ ကျွန်မ အခုစဉ်းစားနေတာ သနပ်ခါးသွေးဘို့ ကျောက်ပျဉ်အကြောင်းပဲ"
“စင်္ကာပူကို ဇော်ဂျီဝိဇ္ဇာတစ်ပါးပါး ကြွလာမှပဲ သွားတောင်း ကြည့်ကြတာပေါ့၊ သူတို့ဆီမှာဆို ဆေးကြိတ်တဲ့ ကျောက်ပျဉ်ရှိမှာပဲ၊ ဒါမှမဟုတ် ဝိဇ္ဇာဇော်ဂျီတပသီတွေနေတဲ့ မဟာမြိုင်တောဆိုလား၊ ရှမ်ဘဲလားဆိုလား၊ အဲဒီကို ဗီဇာလျှောက်ကြတာပေါ့၊ ဝိဇ္ဇာရှစ်သောင်းဆရာပေါင်းလို့ အဆိုရှိတော့ ဝိဇ္ဇာတစ်ပါးမှာ ကျောက်ပျဉ်တစ်ချပ်နှုန်းနဲ့ ဟာ ကျောက်ပျဉ်ပေါင်း အချပ်ရှစ်သောင်းလောက် ရှိမှာနော်၊ ရှမ်ဘဲလားမှာ ကျောက်ပျဉ်သွားရောင်းစားရင် သူဌေးဖြစ်မှာကွ”
မိုးနှောင်းက ရူးချင်ယောင်ဆောင်ပြီး တောပြောတောင်ပြောတွေ လျှောက်ပြောနေသည်။ ပြီးတော့ ဖျတ်ခနဲ ကသစ်ဖြူဘက်သို့ တစေ့တစောင်း အကဲခတ်လိုက်၏။
ကသစ်ဖြူက သူ့ရွှတ်နောက်နောက် ပြောသည့်စကားကို ရယ်ဘို့ဝေးစွ။ ပြုံးပင်ပြုံးဖေါ်မရ။
သူမက လေသံအေးအေးဖြင့်ပင် . . .
“ကျွန်မအတွက်တော့ ရှင်ဟာ လိုချင်တာ ‘တ’ လို့ရတဲ့ ဝိဇ္ဇာဇော်ဂျီတစ်ပါးပဲ မဟုတ်လား၊ ကဲ... . . ကျွန်မလိုချင်တဲ့ ကျောက်ပျဉ်ကို ရအောင်ရှာပေးပေတော့”
သွားပြီ။ နောက်ဆုံးတော့ “ငါ့ကို ခိုင်းဘို့' ဆိုသည့် ဆိပ်ကမ်းမှာပဲ ဆိုက်ကပ်တော့သည်။
ခဏမျှကြာအောင် မိုးနှောင်း ငြိမ်ငြိမ်ကုပ်ကုပ်ကလေး ထိုင်နေ၏။ ပြီးတော့မှ .
“အေးလေ. . . ကိုယ့်ကတိအတိုင်း မင်းလိုချင်တာကို ရအောင် ရှာပေးရတော့မှာပေါ့"
ပြောပြောဆိုဆိုနှင့် မိုးနှောင်းက ဧည့်ခန်းထဲမှ လှည့်ထွက်မည့်ဟန် ပြင်သည်။ အပေါက်ဝရောက်တော့မှ ဆတ်ခနဲလည်ပြန်လှည့်ပြီး. . .
“ဪ. . . ဒါနဲ့ စောစောတုန်းက မင်း သနပ်ခါးလိမ်းထားတာ ပိတောက်ပန်းတွေပွင့်နေတာနဲ့ တူတယ်ဆိုတဲ့စကားလေ၊ အဲဒါ ကိုယ်မှားပြီးပြောမိတာ၊ တကယ်တမ်း သေသေချာချာ ကြည့်လိုက်တော့ အမွှေးစုတ်ဖွါး ခွေးကလေးကို ရွှံ့လူးထားတာနဲ့ တူနေတာကွ...သိလား'
*****
ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် G-talk box ပေါ်နေ၏။ မိုးနှောင်းက call ကို နှိပ်လိုက်သည်။
သူ့အဖို့ ကိုးကွယ်အားထားစရာဟူ၍ ရန်ကုန်မှ သူငယ်ချင်း ထူးကျော်သာလျှင် ရှိတော့သည်။ G-talk box ထဲတွင် ထူးကျော်ဘက်မှ နှုတ်ဆက်လိုက်သောစာတန်း ပေါ်လာ၏။
“Hello’’
မိုးနှောင်းက Headphone မှ မိုက်ကရိုဖုန်းဖြင့် .
“ထူးကျော်ရေ. . . ငါ့အတွက် အရေးကြီးတဲ့ ပစ္စည်းတစ်ခုလောက် ရှာပေးပါဦးကွာ၊ မင်းကို အကူအညီတောင်းရတာ အားတော့ နာတယ်"
“ဟာ. . . ဘာအားနာစရာရှိလို့လဲကွာ၊ သူငယ်ချင်းအချင်းချင်း ပဲဥစ္စာ၊ ကဲ. . . ပြော. . . ငါ ဘာ၀ယ်ပြီး ပို့ပေးရမလဲ"
မိုးနှောင်းက ပါးစပ်မှပြောထွက်ရဲအောင် နည်းနည်းအချိန်ယူ လိုက်ပြီးမှ . . .
“သနပ်ခါးသွေးတဲ့ ကျောက်ပျဉ်တစ်ချပ်လောက် ဝယ်ပို့လိုက်ပါကွာ’’
“ဘာ... “
တစ်ဖက်မှ ထူးကျော်က အံ့ဩသွားပြီး
“သူငယ်ချင်း. . . မိုးနှောင်း၊ မင်း. . . မင်း. . . စင်္ကာပူမှာ ဘာ ဘာဖြစ်သွားပြီလဲဟင်၊ ဟိုတစ်နေ့ကလည်း “သဇင်ပန်း’ မှာတယ်၊ အခုကျတော့လည်း သနပ်ခါးလိမ်းဖို့ ‘ကျောက်ပျဉ်” တဲ့။ စိတ်. . . စိတ်ကို ခိုင်ခိုင်ထားပါသူငယ်ချင်းရာ၊ တို့ယောက်ျားဘဝဟာ မြင့်မြတ်ပါတယ် ကွာ. . . နော်. . . နော်...
မိုးနှောင်းက . . .
“ဟာ... ဟေ့ကောင်. . . မင်း. . . ငါ့ကို ဘာတွေ တလွဲထင်နေရတာလဲ၊ ငါ့ကို မိန်းမလျာစိတ် ပေါက်သွားပြီထင်နေပြီလား၊ ဒုက္ခပါပဲကွာ"
“ဟင်. . . မဟုတ်ဘူးလား”
မိုးနှောင်းက
“မဟုတ်ပါဘူးကွာ၊ ဒါတွေ ဘာဖြစ်လို့ မှာနေရသလဲဆိုတာ ငါ နောက်မှ အေးအေးဆေးဆေး ရှင်းပြပါ့မယ်၊ ကျောက်ပျဉ်တစ်ချပ်သာ အမြန်ဆုံး ဝယ်ပို့လိုက်စမ်းပါ"
တစ်ဖက်မှ ထူးကျော်က . .
“ဝယ်တာက ရပါတယ်၊ ခက်နေတာက ဒီရက်ပိုင်းအတွင်း စင်္ကာပူသွားမယ့် လူကြုံ မရှိဘူးကွ၊ ကိုယ်နဲ့ သိပ်မရင်းနှီးတဲ့လူတွေတော့ ရှိရင်ရှိမှာပေါ့၊ ဒါပေမယ့် သူတို့ကို ကျောက်ပျဉ်အလေးကြီး သယ်သွား ခိုင်းလို့ ဘယ်ကောင်းပါ့မလဲ၊ အားနာစရာကြီး”
“အဲဒါမှ ပြဿနာပဲကွာ”
မိုးနှောင်းက ညည်းညူလိုက်၏။ ထူးကျော်က အနည်းငယ် အကြံထုတ်နေပြီး . . .
“နေစမ်းပါဦး. . . မိုးနှောင်းရ၊ မင်းအတွက် ကျောက်ပျဉ်က အပိုင်ဝယ်မှ ရမှာလား၊ ခဏတဖြုတ် ငှားလို့ရရင်ကော မဖြစ်ဘူးလား” .
“အေး. . .ဖြစ်တယ်. . . ဖြစ်တယ်. . . လုပ်စမ်းပါဦးကွာ”
“ဒါဆိုရင် Admiralty မှာ ငါ ဟိုတစ်ခါပြောတဲ့ ငါ့ညီမဝမ်းကွဲတွေက ငါ့အဖိုးလေးနဲ့ နေကြတယ်၊ သူတို့က မိန်းကလေးတွေချည်းပဲ စုပြီးနေတာဆိုတော့ ကျောက်ပျဉ် ရှိနိုင်လောက်တယ်၊ သူတို့ဆီမှာ သွားငှားကြည့်ပါလား”
မိုးနှောင်းက ဝမ်းသာအားရဖြင့် ..
“သိပ်ကောင်းတဲ့ အိုင်ဒီယာပဲ၊ Thank you ... Thank you သူငယ်ချင်း၊ မင်းညီမတွေရဲ့လိပ်စာ ငါ့ကိုပေးပါဦး၊ ငါ မနက်ဖြန်သွားလိုက်မယ်"
“အေးပါကွာ၊ မင်း ကျောက်ပျဉ်လာငှားမယ်ဆိုတဲ့အကြောင်းကိုလည်း ငါ သူတို့ဆီ E-mail ပို့ထားလိုက်ပါ့မယ်၊ အိုကေနော် သူငယ်ချင်း”
“ကျေးဇူးပါပဲ . . ထူးကျော်ရာ"
**********
“မအောင်ဖြူ အရှင်မကြီးဘုရား၊ သမီးတော်တို့ ညီအစ်မတစ်စုက သိချင်တာလေးတွေ မေးမြန်းချင်လို့ ပင့်ပါတယ်၊ ဖိတ်ပါတယ်ဘုရား၊ ကြွတော်မူပါ”
စင်္ကာပူနိုင်ငံ Admiralty က တိုက်ခန်းတစ်ခုထဲတွင် မြန်မာ မိန်းကလေးငါးဦး စုပြီး ဖျာလိပ်နတ်ကို ပင့်ဖိတ်နေကြသည်။
ဖျာလိပ်နတ်က စင်္ကာပူကို ကူးလာဘို့ ဗီဇာ ရမရတော့မသိ။ သူတို့ကတော့ အတင်းပင် နတ်ကို ဇွတ်လာဖို့ ပူဆာကြတော့သည်။
သူတို့က ဖျာလိပ်တစ်လိပ်ကို မိန်းကလေးဝတ် တီရှပ်အင်္ကျီကြီး တစ်ထည် ဝတ်ပေးထား၏။ ထမီကတော့ လွယ်လွယ် ရှာမရသောကြောင့် စကတ်ဖါးဖါးကြီးတစ်ထည်ကိုသာ ဝတ်ပေးထားရသည်။
ရာဇဝင်ထဲမှာ ယဉ်ကျေးသိမ်မွေ့ အရှက်အကြောက်ကြီးလှသော ဖျာလိပ်နတ်အပျိုကြီး မအောင်ဖြူကား တစ်ခါမှ မဝတ်ဘူးသော တီရှပ်လည်ဟိုက်နှင့် စကတ်ဖို့လို့ဖါးယားကြီးကို ဝတ်ထားရသဖြင့် ကသိကအောက် ရှက်ကိုးရှက်ကန်းများ ဖြစ်နေမလား မသိချေ။
ဘာပဲဖြစ်ဖြစ် နတ်တွေထဲမှာ မအောင်ဖြူကတော့ ခေတ်မီသွားလေပြီ။
မိန်းကလေးတစ်ယောက်က ခွက်ထဲမှ အမွှေးနံ့သာရည်တွေကို သစ်ခက်ဖြင့်ဆွတ်ကာ ဖျာလိပ်ကို ဆွတ်ဖျန်းပေးနေ၏။ ကျန်မိန်းကလေးများထဲမှ နှစ်ဦးက ဖျာလိပ်၏ အောက်ခြေမှ ဝိုင်းပြီး ကိုင်ထားကြသည်။ သူတို့ထဲမှ မိန်းကလေးတစ်ယောက်က. . .
“အရှင်မ. . . ရောက်တော်မူခဲ့ရင် ကျွန်တော်မျိုးမတို့ သိသာ ထင်ရှားအောင် ဖျာလိပ်ကို ဘယ်ညာယမ်းပြတော်မူပါ အရှင်မကြီးဘုရား”
ဖျာလိပ်က အနည်းငယ် ဘယ်ညာယိမ်းထိုးသလိုလို ဖြစ်လာ၏။ ဖျာလိပ်ကိုင်ထားသော မိန်းကလေးအချင်းချင်း တစ်ဦးကိုတစ်ဦး အံ့ဩ သလိုကြည့်ကြသည်။
“ဒီ့ထက်ပိုပြီး သိသာထင်ရှားအောင် ရှေ့နောက် ယိမ်းပြပါဘုရား”
ဖျာလိပ်က ယိုင်ထိုးယိုင်ထိုးဖြစ်လာလေရာ. . .
“ဟော. . . ယိမ်းတယ်ဟဲ့. . . ယိမ်းတယ်၊ သခင်မ ကြွလာပြီ … ကြွလာပြီ"
သို့သော် … သိပ်ဘဝင်ကျဟန်မတူသော ဘေးမှ မိန်းကလေးတစ်ဦးက …
“နင်တို့ဟာကလည်း မဟုတ်သေးပါဘူးဟယ်၊ ဖျာလိပ်အရှည်ကြီးကို အော်ခြေကကိုင်ပြီး လှုပ်နေမှတော့ ယိမ်းတော့မှာပေါ့ဟ’’
“ဟဲ့ … နင် အဲလို မယုံမကြည် မပြောရဘူးဟဲ့၊ ခိုက်တတ်တယ်၊ ဒုက္ခပါပဲ”
“အောင်မာ … ဘာလို့ ခိုက်ရမှာလဲ၊ နင်တို့ဟာက ဟုတ်မှမဟုတ်ဘဲ”
“အမလေး … ဒုက္ခတော့ ရောက်တော့မှာပဲ၊ ကဲ ဒီလောက်တောင် အယုံအကြည် မရှိတာ၊ ဒီမိန်းမရဲ့ခေါင်းကို တိန် … တိန် မြည်သွားအောင် ဖျာလိပ်နဲ့ ရိုက်ပြတော် မူလိုက်စမ်းပါ အရှင်မကြီးရယ်”
ဖျာလိပ်ကို ပင့်ကိုင်ထားသော မိန်းကလေးနှစ်ဦး၏ လက်က
မသိမသာ ယိမ်းထိုးသွားကြသည်။ ဖျာလိပ်က စောစောက ဘုကျကျပြောသော မိန်းကလေး၏ ခေါင်းပေါ်သို့ ထိရိုက်လိုက်ချိန်တွင် ...
“တိန်. . . တိန်. . . ”
ကျယ်လောင်သောမြည်သံကြောင့် မိန်းကလေးအားလုံး ကြောင်သွားကြသည်။ သူတို့ လှုပ်ရှားမှုတွေအားလုံး တုံ့ခနဲရပ်သွားကြ၏။
“တိန်. . . တိန်. . .”
အသံက ထပ်မြည်လာပြန်သည်။ သူတို့မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်မှုက ဖုံးဖိထား ၍မရလောက်အောင် ထင်ထင်ရှားရှား. . . ။
နောက်ထပ်. . .
“တိန်. . . တိန်. . . “
မြည်သံထပ်ပေါ်လာတော့မှ သူတို့ထဲမှ တစ်ယောက်က သတိပြန်ဝင်လာပြီး. . .
“တံခါးက မြည်နေတာဟဲ့၊ ငါတို့တိုက်ခန်းရှေ့တံခါးက လူခေါ် ခေါင်းလောင်းကို တစ်ယောက်ယောက်က နှိပ်နေတဲ့အသံပဲ”
“ဟင်. . . မအောင်ဖြူက အိမ်ရှေ့က လှည့်ဝင်လာတာလား မသိဘူးနော်”
တစ်ယောက်က အူကြောင်ကြောင်နှင့် မှတ်ချက်ပေး၏။
“ဪ. . . ဟဲ့. . . နင်ကလည်း ဘာတွေလျှောက်ပြောနေတာလဲ”
သူတို့ထဲမှ အသက်အကြီးဆုံး ဖြစ်ဟန်တူသော မိန်းကလေးတစ်ယောက်က ခပ်ငေါက်ငေါက်ပြောရင်း တိုက်ခန်းတံခါးကို သွားဖွင့်သည်။ အပြင်မှာ အူတူတူယောင်ချာချာနှင့် ရပ်နေသူကတော့ မိုးနှောင်း။
သူက
“မအေးအေးဝင်းတို့အခန်းလား မသိဘူး”
“ဟုတ်ပါတယ်၊ ကျွန်မ အေးအေးဝင်းပါ"
မိုးနှောင်းက ရွံ့တွန့်တွန့်နှင့်
“ကျွန်တော်က ထူးကျော်ရဲ့ သူငယ်ချင်းပါ၊ ဟိုလေ. . . ကျွန် တော်လာမယ့်အကြောင်း ထူးကျော်က E-mail ပို့ထားသေးတယ်ထင်တယ်”
“ဪ. . . အစ်ကိုကြီးသူငယ်ချင်းလား၊ E-mail ပို့မပို့တော့ မသိဘူး၊ ကျွန်မလည်း အလုပ်များနေတာနဲ့ Check မလုပ်ကြည့်ရသေးလို့”
"ဟာ... အဲဒါဆို ခွပဲ”
မိုးနှောင်းက သူကိုယ်တိုင်ပြောရမှာ ခက်နေသောကြောင့် လွှတ်ခနဲညည်းလိုက်၏။ အေးအေးဝင်းက
“ရှင်. . . ဘာဖြစ်လို့လဲ၊ ဘာကိစ္စများရှိလို့လဲဟင်”
“ဪ. . . ဟို. . . ဒီ. . . ဒီလိုပါ၊ ကျွန်. . . ကျွန်တော်က ကျောက်... ကျောက်ပျဉ် လာငှားတာပါ”
“ရှင်. . . ကျောက်ပျဉ်၊ ဟုတ်လား”
“ဟုတ်. . . ဟုတ်ပါတယ်၊ ဒီမှာများ ရှိမလားမသိဘူး၊ ဟိုဒင်း ခဏပါ၊ ကျွန်တော် ဆက်ဆက်လာပြန်ပို့ပါ့မယ်၊ ဟိုဥစ္စာ မယုံရင်လည်း ထူးကျော်ကို မေးကြည့်လို့ရပါတယ်"
ရှက်ကိုးရှက်ကန်းဖြင့် အထစ်ထစ်အငေါ့ငေါ့ ပြောနေသော မိုးနှောင်းကို အေးအေးဝင်းက အားနာသလိုဖြစ်သွားပြီး
“ကျောက်ပျဉ်ကတော့ ရှိပါတယ်၊ ဒါပေမဲ့ အခုယူသွားလို့တော့ မရသေးဘူး၊ မအောင်ဖြူကို ဆက်ထားလို့"
မိုးနှောင်းက ယောင်နနဖြင့်
“ဒါ. . . ဒါဆိုရင်လည်းဗျာ ကျွန်တော့်ကို အဲဒီ မအောင်ဖြူနဲ့ ခဏလောက် ပေးတွေ့ပါလား၊ ကျွန်တော် သူ့ကို အကျိုးအကြောင်း လေးပြောပြပြီး ငှားချင်လို့ပါ”
“ဟာ. . . ပေါက်ပေါက်ရှာရှာ၊ မအောင်ဖြူဆိုတာ လူမဟုတ်ဘူး၊ နတ်ရှင့်. . . နတ်၊ ဟိုမှာ ကျွန်မတို့ ဖျာလိပ်နတ်မေးမလို့ ဆက်ထားတာ မတွေ့ဘူးလား”
မိုးနှောင်းက အသာကဲကြည့်လိုက်တော့ အထဲက အေးအေးဝင်း၏ ညီမတွေက ပွက်လောညံသွားပြီး . . .
“ဟာ. . . မမအေးကလည်း အထဲကို ဘာလို့ ပေးဝင်ရတာလဲ၊ ဖျာလိပ်နတ်ပင့်ရင် ယောက်ျားလေးမလာရဘူးလေ၊ ပြန်ထွက်. . . ပြန်ထွက်”...
မိုးနှောင်းက ပျာပျာသလဲတောင်းပန်ရင်း
“ဆောရီး. . . ဆောရီး . . မသိလို့ပါဗျာ၊ ဟိုလေ. . . အခု လောလောဆယ် အဲဒီကျောက်ပျဉ်ကို ကျွန်တော့်ကို အရင်ငှားလိုက်ပါလားဗျာ၊ ပြီးတော့မှ ဆက်မေးကြပေါ့၊ နတ်က သဘောကောင်းတယ် မဟုတ်လား၊ စောင့်မှာပါ”
အေးအေးဝင်း၏ညီမ အငယ်ဆုံးတစ်ယောက်က . . .
“အို. . . ဘယ်ဖြစ်မလဲ၊ ကျွန်မတို့လည်း အလုပ်အားတဲ့အချိန်နဲ့ ကျွန်မတို့ အဖိုးမရှိတဲ့အချိန်လေး ကြုံတုန်းလုပ်ရတာ၊ ဒါတွေလုပ်တာကို ကျွန်မတို့အဖိုးက ကြိုက်တာမဟုတ်ဘူး၊ မနက်ဖြန်ကျမှ ပြန်လာပါရှင်”
“မနက်ဖြန်မှ. . . “
မိုးနှောင်းက ခေါင်းကို ကုတ်လိုက်၏။ မနက်ဖြန်မှဆိုလျှင် သိပ်ပြီး နောက်ကျသွားပေတော့မည်။
သူ အခန်းတွင်းသို့ မျက်လုံးကိုဝေ့ဝဲကာ တစ်ချက်ကြည့်လိုက်၏။ ဖျာလိပ်ထောင်ထားသည့်နေရာ၊ ကျောက်ပျဉ်ချထားသည့်ဘက်၊ ကောင်မလေးတွေထိုင်နေကြသော အနေအထား၊ ပြီးတော့ တံခါးပေါက်..."
အားလုံးကို သူခိုးကြည့်ကြည့်ကာ သုံးသပ်ပြီးသည့်နောက် မိုးနှောင်းက . . .
“ဪ. . . ဟိုဒင်း. . . ကျွန်တော် Toilet ခဏဝင်လို့ရမလားဗျာ”
“ရပါတယ်၊ ဒီဖက်ထဲကိုသွားပါ”
မိုးနှောင်းက အခန်းအလယ်သို့ မယောင်မလည် လျှောက်ဝင်လာခဲ့ပြီး ကို့ယို့ကားယား အဝတ်အစားတွေ ဝတ်ပေးထားသည့် ဖျာလိပ်ကြီးကိုကြည့်ကာ . . .
“ဟင်. . . ခင်ဗျားတို့ဖျာလိပ်ကို ဝတ်ပေးထားတဲ့ စကတ်ကလည်း အပြဲကြီးပါလား၊ မအောင်ဖြူတော့ ရှက်ရှက်တွေ ပေါ်ကုန်တော့မှာပဲ”
“ဟင်. . . ဘယ်မှာလဲ. . . ဘယ်မှာလဲ”
ကောင်မလေးတွေ ဝရုန်းသုန်းကားဖြစ်ကာ ဖျာလိပ်ကြီးနားသို့ အားလုံး ဝိုင်းအုံသွားကြ၏။
ထိုအခိုက်အတန့်လေးမှာပင် မိုးနှောင်းက ကျောက်ပျဉ်ကို ဖျတ်ခနဲ ပြေးဝင်ကာ မ,လိုက်၏။
“ဟင်…”
" ဟဲ့ …”
သူတို့ အာမေဋိတ်သံ မဆုံးခင်မှာပင် မိုးနှောင်းက တိုက်ခန်း အပြင်ဘက်သို့ ခြေကုန်သုတ်ကာ ပြေးထွက်ခဲ့တော့သည်။
“ဟဲ့. . . ဟဲ့. . . လုပ်ပါဦး"
“မမရေ. . . ကျောက်ပျဉ်ကို လုပြေးသွားပြီ”
“ပြန်လုလေ. . . ပြန်လုကြပါဆို. . . ဪ. . . "
မိုးနှောင်း၏ နောက်ကျောဘက်ဆီတွင် အော်သံဟစ်သံတွေက ဝေး၍ . . ဝေး၍ ကျန်ရစ်ခဲ့သည်။
.jpg)

Comments
Post a Comment