ကျောက်ပျဉ်ပေါ်တွင် ရွှေရည်လို အိစက်စေးပျစ်နေသော သနပ်ခါးတွေကို မိုးနှောင်း ကြည့်ရင်း ရင်ခုန်နေသည်။ အဲသည်ရွှေအိုရောင် စေးပျစ်သော သနပ်ခါးတွေက သူမ၏ ပါးပြင်ပေါ်တွင် သွေ့ခြောက်သွားသောအခါ ကံ့ကော်ဝတ်ဆံဝတ်မှုန်လေးတွေလို ဖုံဖုံမှုန်မှုန် ကလေးများ ဖြစ်သွားကြ၏။
သူငေးကြည့်နေသည်ကို ကသစ်ဖြူက မသိချင်ယောင်ဆောင်နေသည်။ ကဲ. . . ဘယ်လောက် နားရင်းအုပ်ပစ်ချင်စရာကောင်းတဲ့ သတ္တဝါမလေးလဲကွယ်၊ ကျောက်ပျဉ်ကို ဘယ်လိုဘယ်နည်းနဲ့ ရအောင် ယူလာရသလဲဆိုတာ တစ်ခွန်းမှတောင် မေးဖေါ်မရ။ သိပ်ကို ဘုရင်မ ဆန်လွန်းသည်။
ထိုစဉ်
“တီတီ... တီတီ... တီတီ... "
ဖုန်းမြည်လာသဖြင့် မိုးနှောင်းက ကောက်ကိုင်လိုက်ပြီး . . .
“ဟဲလို...”
“ဟေ့ကောင်. . . မိုးနှောင်း၊ မင်း ဘယ်လိုဖြစ်ရတာလဲကွာ၊ ငါ့ညီမတွေဆီက ကျောက်ပျဉ်ကို အတင်းလုပြေးသွားတယ်ဆို”
ထူးကျော်က ညည်းညည်းတွားတွားဖြင့် မေးသည်။ မိုးနှောင်းက …
“ဆောရီး . . သူငယ်ချင်းရာ၊ မတတ်သာလွန်းလို့ပါ၊ ငါ့မှာလည်း ငါ့အခက်အခဲနဲ့ ငါမို့လို့ပါကွာ၊ နောက်မှပဲ မင်းညီမတွေကျေ နပ်အောင် ဘယ်နည်းနဲ့တောင်းပန်ရ. . . တောင်းပန်ရ. . . ငါ သွားပြီး တောင်းပန်လိုက်ပါ့မယ်"
“အေးကွာ. . . လုပ်စမ်းပါဦး ငါ့ကောင်ရ၊ တော်ကြာ ငါ့အဖိုးနဲ့ ပြန်တိုင်ရင် ငါ့ကို ရေရေလည်လည် ကွိုင်ရှာမှာကွ”
“စိတ်မပူပါနဲ့ ထူးကျော်ရာ၊ ငါ တာဝန်ယူပါတယ်၊ အားလုံး ပြေလည်အောင် ငါ ရှင်းပြလိုက်ပါ့မယ်”
“အေး. . . အေး. . . ဒါပဲ သူငယ်ချင်း”
ထူးကျော်ဘက်က ဖုန်းချသွားတော့မှ မိုးနှောင်းလည်း ‘ဟူး’ ခနဲ သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်ရတော့သည်။ ကသစ်ဖြူက မိုးနှောင်း ဖုန်းပြောနေသည်ကို တစ်ဝက်တစ် ပျက်ကြားလိုက်ရဟန်ဖြင့်
“ရှင်. . . ဘာတွေလုပ်လာလို့ ဒီလောက်တောင် တောင်းပန်နေရတာလဲ၊ ဒီကျောက်ပျဉ်ကို ရှင် ရိုးရိုးသားသားရလာတာမှ ဟုတ်ရဲ့လား”
“အင်း. . . အမှန်အတိုင်းပြောရရင် သိပ်တော့ မရိုးသားလှဘူး၊ ဒါပေမယ့် ကိုယ် ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင်တော့ မလုပ်ခဲ့ပါဘူး၊ ဒီလိုလေ မနေ့တုန်းက …”
မိုးနှောင်းက သူ ထူးကျော်ညီမ အေးအေးဝင်းတို့ကို မလှိမ့်တပတ်လုပ်ပြီး အလစ်တွင် ကျောက်ပျဉ်ကိုမပြီး ထွက်ပြေးလာခဲ့သည့် အကြောင်း ရှင်းပြလိုက်၏။
ကသစ်ဖြူက သူမ၏ပါးစပ်ကို လက်ဖြင့် အသာကွယ်ကာ ရယ်ရင်း . . .
“ကဲ. . . အခု အဲဒီကိစ္စကို ဘယ်လိုသွားရှင်းမလဲ”
“မသိသေးဘူး၊ အခြေအနေကြည့်ပြီး ငိုပြသင့်ရင် ငိုပြရတော့မှာပဲ၊ ဒါမှမဟုတ် ကျွန်တော့်အိမ်မှာရှိတဲ့ အရူးမလေးကို ချက်ချင်း ဆေးကြိတ်ပြီးမတိုက်ရင် သွက်သွက်ခါအောင် သည်းခြေပျက်သွားမှာမို့ လို့ပါလို့ အသနားခံရတော့မှာပဲ"
သူ့စကားကြောင့် ကသစ်ဖြူက မျက်စောင်းထိုး၏။ မိုးနှောင်းက သူ့ဖါသာသူ တစ်ယောက်တည်း အသံထွက်ပြီး စဉ်းစားသလိုလို ဘာလိုလိုနှင့်
“အင်း. . . ဟုတ်တယ်၊ ဒီလိုပြောလိုက်ရင် သူတို့က သနားသွားကြမှာပဲ၊ ကျွန်တော့်အိမ်မှာ အရူးမလေးတစ်ယောက် ရောက်နေပါတယ်ခင်ဗျာ၊ သူ့ခမျာ ယောက်ျားကလည်း မြွေကိုက်လို့သေ၊ သားတစ်ယောက်ကလည်း ချောင်းထဲမှာ ရေနစ်သေသွားရှာတော့ သွက်သွက်ခါအောင်ရူးပြီး ဘရာစီယာ ဖြစ်နေရှာတယ်. . . လို့ ပြောလိုက်မယ်”
ကသစ်ဖြူက မျက်မှောင်ကုတ်ပြီး .
“ရူးပြီး ဘရာစီယာဖြစ်နေတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ”
“မင်းကလည်း ဒါတောင်မသိဘူးလား၊ မြတ်စွာဘုရားနဲ့တွေ့တော့မှ တရားရသွားတဲ့ အရူးမ ဘရာစီယာလေ”
“ပဋာစာရီပါရှင်”
“ဪ. . . အင်း. . . ဟုတ်တယ်. . . ဟုတ်တယ်၊ သူ့ကိုပြောတာ”
မိုးနှောင်း၏ ကို့ယို့ကားယားစကားကြောင့် ကသစ်ဖြူက စိတ်တိုဟန်ဖြင့် နှုတ်ခမ်းကို ဖိ၍ကိုက်သည်။
မိုးနှောင်းက သူမ၏ မျက်နှာအနီးသို့ကပ်သာ သွားဖြဲပြီး တဟီးဟီး ရယ်ပြလိုက်၏။ ကသစ်ဖြူက . .
“ရတယ်လေ၊ ရှင့်ကိစ္စပဲ၊ ရှင့်ဖါသာရှင် ဘယ်လိုရှင်းရှင်းပေါ့၊”
“ဪ. . . ဒါနဲ့ တစ်လက်စတည်း ကျွန်မလိုချင်တာလေး မှာလိုက်ရဦးမယ်"
“ပြော. . . ကိုယ်ဘာလုပ်ပေးရမလဲ”
ကသစ်ဖြူက ပိုင်ပိုင်နိုင်နိုင် တစ်ချက်ပြုံးလိုက်ပြီး . .
“သူတို့ ဖျာလိပ်နတ်မေးတဲ့ဖျာကို ရအောင် ရှင်ယူလာပေးစမ်းပါ”
**********
အေးအေးဝင်း တို့ညီအစ်မတစ်သိုက်၏ ရှေ့တွင် မိုးနှောင်း၏ အမူအယာက သိပ်ကို သနားစရာကောင်းအောင် မှင်သေလွန်းနေ၏။ အငယ်ဆုံးညီမလေး ထွေးထွေးဝင်းက မကျေမချမ်းလေသံဖြင့် .
“နတ်မေးနေတုန်း ကဖျက်ယဖျက်လုပ်ရင် နတ်က စိတ်ဆိုးပြီး ကိုင်တတ်တယ်ဆိုတာ ရှင်မကြားဖူးဘူးလား၊ ဟင်. . . ရှင်တော့ နတ်ကိုင်တာခံရတော့မယ်”
“နတ်ကကိုင်ပြီဆိုရင် အခံရသိပ်ခက်သလားဟင်”
မိုးနှောင်းက အသံလေး ညောင်နာနာဖြင့် ပြန်မေး၏။ အေးအေးဝင်းက မျက်နှာရှုံ့မဲ့သွားပြီး . . .
“ဟင်. . . ရှင်မေးတဲ့ အဓိပ္ပါယ်ကြီးကလဲ၊ နတ်က သူ့လက်နဲ့ ကိုင်တာမှ မဟုတ်တာ"
“ဪ. . . သဘောပေါက်ပြီ၊ တူနဲ့ညှပ်တာပေါ့နော်၊ ကြည့်စမ်း. . . ဖျာလိပ်နတ် မအောင်ဖြူက တရုတ်ကပြားမှန်း ကျွန်တော်မသိဘူး”
အလတ်က ဌေးဌေးဝင်းက ကြားဝင်ပြီး . . .
“ရှင်ဟာလေ … ပြောလေဆိုးလေ၊ ကိုယ်မယုံရင် မယုံသလိုနေ၊ သူများယုံကြည်မှုကို ကိုးလို့ကန့်လန့် ဝင်မလုပ်ရဘူးဆိုတာ နားမလည်ဘူးလား၊ ဟွန်း. . . တော်တော် ယဉ်ယဉ်ကျေးမှု မရှိတဲ့လူ”
“ဟာ. . . ကျွန်တော် ယဉ်ကျေးပါတယ်ဗျ၊ ငယ်ငယ်တုန်းဆို ယဉ်ကျေးမှု စာမေးပွဲတွေ၊ မင်္ဂလသုတ် စာဖြေပွဲတွေမှာ အမြဲတမ်း ဆုရပါတယ်ဗျာ၊ မယုံရင် နားထောင်မလား၊ ရွတ်ပြမယ်၊ ယေ ဓမ္မာ ဟေတုပ္ပ ဘဝ၊ ယေ . . . အကြင် အကြင်သော ..”
“ဘာမှ လာပြီး ‘အကြင်’ တွေ ‘ပေါက်ဖေါ်တွေ လုပ်မနေနဲ့၊ ကဲ. . . ပြော ကျွန်မတို့ ကျောက်ပျဉ်ကို ဘာဖြစ်လို့ အတင်းလုပြီး ပြေးသွားရတာလဲ”
မိုးနှောင်းက သူ့ဆံပင်တွေကို ထိုးဖွရင်း . . .
“ဟိုလေ. . . ဟို . . ကျွန်တော်လည်း ခင်ဗျားတို့ လုပ်နေကိုင်နေတာကို နှောင့်ယှက်ချင်လို့တော့ မဟုတ်ပါဘူး၊ ဘယ်လိုမှကို ဆက်ပြီး စောင့်မနေနိုင်တော့လို့ပါ"
ထွေးထွေးဝင်းက မျက်လုံးပြုးပြီး . . .
“ဟင်. . . ရှင်က ကျောက်ပျဉ်ကိုတွေ့တာနဲ့ မနေနိုင်မထိုင်နိုင် ဖြစ်တော့တာပဲလား၊ အဆန်းသားနော်၊ စိတ်ရောဂါဆရာဝန်နဲ့ မပြကြည့်ဘူးလား"
“ဟာ. . . အဲသည်လိုကြီး မဟုတ်ပါဘူး၊ ဒီလို. . . ဒီလို... ကျွန်တော်က လူတစ်ယောက်နဲ့ အလောင်းအစား လုပ်ထားတာ၊ သူလိုချင်တဲ့ ကျောက်ပျဉ်ကို ကျွန်တော်က အချိန်မှီရှာပေးနိုင် မပေးနိုင် ဆိုတာ ပိုက်ဆံတစ်ရာကြေး လောင်းထားလို့. . . ။
အဲဒါနဲ့ ကျွန်တော်က အချိန်မမှီမှာစိုးလို့ အတင်းလုပြေးရတာ၊ ခွင့်လွှတ်ပါဗျာ”
အေးအေးဝင်းက ခါးကို ထောက်လိုက်ပြီး . .
“လက်စသတ်တော့ ရှင်က ပိုက်ဆံမက်ပြီး ကျွန်မတို့ ကျောက်ပျဉ်ကို အလစ်သုတ်တာပေါ့လေ၊ ရှင့်လူက ကျောက်ပျဉ်ကို အချိန်မီ မရရင် ဘာဖြစ်မှာမို့လို့လဲ”
မိုးနှောင်းက . . .
“ဟာ. . . ပိုက်ဆံက အရေးမကြီးပါဘူး၊ ကျောက်ပျဉ်ကို အချိန်မီရမှ သူက နက္ခတ်အဝင်အထွက်နဲ့ အချိန်ကိုက် ဆေးစီရင်ရမှာမို့လို့ . . တဲ့၊ သူက “မျက်နှာပွင့်ပီယဆေး' ဖေါ်နေတာလေ”
“ရှင်. . . မျက်နှာပွင့်ဆေး”
“တကယ် ဟုတ်လို့လား”
‘မျက်နှာပွင့်ပီယဆေး’ ဆိုတော့ ကောင်မလေးတွေ မျက်လုံး အဝိုင်းသားနှင့် စိတ်ဝင်စားသွားကြသည်။ မိုးနှောင်းကလည်း ဒီယုန်ကို မြင်လို့ ဒီခြုံကို ထွင်လိုက်ခြင်းဖြစ်၏။
ဌေးဌေးဝင်းကတော့ မျက်မှောင်ကို ကုတ်ကာ . . .
“ရှင်. . . လျှောက်ပြီးတော့ ဖြီးနေတာပါ၊ ကျွန်မတော့ မယုံပါဘူး”
“မယုံလည်းနေပေါ့၊ ကျွန်တော်က တကယ်ပြောနေတာ၊ ကျွန်တော် မြန်မာပြည်မှာ နေတုန်းက ကိုယ်တွေ့ကြုံဖူးတာ၊ ခင်ဗျားတို့အစ်ကို ထူးကျော်တောင် လက်တွေ့စမ်းဘူးသေးတယ်၊ မယုံရင် သူ့ကို လှမ်းမေးကြည့်၊ သူ့ကို အဲဒီ ပီယဆေးဆရာနဲ့ ဆက်သွယ်ပေးလို့ဆိုပြီး ကျွန်တော့် နာမည်ကိုတောင် “ပီယမောင်' လို့ ပြောင်းခေါ်သေးတယ်"
“ဟယ်. . . ဟုတ်လား”
မိုးနှောင်းက ခပ်တည်တည်နှင့် ခေါင်းညိတ်၏။ ပြီးတော့. .
“အဲဒီပီယဆေးကို ဆေးပေါ့လိပ် အစီခံထဲ ထည့်ဖွာပြီး ချစ်တဲ့သူရဲ့ မျက်နှာကို မီးခိုးနဲ့မှုတ်ရင် အဲဒီလူက ကိုယ့်နောက်ကို ငိုပြီးတော့တောင် လိုက်တယ်လို့ ပြောတာပဲ၊ ထူးကျော်ကတော့ သူ့ကိုယ်တွေ့ပဲ. . . တဲ့၊ ကောင်မလေးခမျာ သူ့ကို အရမ်းချစ်သွားပြီ မျက်ရည်တွေ တပေါက်ပေါက် ကျလာတော့တာပဲတဲ့ဗျာ”
“ဟယ်. . . ထူးဆန်းတယ်နော်”
ဆေးလိပ်မီးခိုးနဲ့ မျက်လုံးထဲ တည့်တည့်မှုတ်မှတော့ မျက်ရည်မကျဘဲ ဘယ်နေပါ့မလဲကွယ်။
“ကိုကြီးထူးကို E-mail ပို့ပြီး မေးကြည့်ရအောင်ဟယ်"
“ဟုတ်ပါ့. . . ငါတို့ကိုတောင် မပြောဘူး၊ လျှိုထားတယ်၊ ဖိုးဖိုးကြီးနဲ့တိုင်ရမယ်”
မိုးနှောင်းက ဝင်မြှောက်ပေး၏။
“မေးကြည့်. . . မေးကြည့်. . . ကျွန်တော်က သတင်းပေးတာလို့တော့ မပြောလိုက်နဲ့နော်”
မိုးနှောင်းက ကောင်မလေးတွေ အာရုံလွှဲသွားအောင် လျှောက်ပြောပြီးတော့မှ
“အခု အဲဒီလူဆီကရတဲ့ ပိုက်ဆံနဲ့ ခင်ဗျားတို့ကို မုန့်ကျွေးမယ် ဆိုပြီးလာခဲ့တာ၊ Clarke Quay မှာ ပင်လယ်စာ သွားစားကြမယ်၊ ဘာမှ အားမနာနဲ့၊ အဝသာစား"
“ဟေး…”
“ဒါမှ ပီယမောင်ကွ”
“အင်း. . . အင်း. . . ဒါဆိုရင်တော့ ခွင့်လွှတ်လိုက်မယ်”
**********
ထူးအောင်၏ ညီမတွေက ခင်ဘို့တော့ ကောင်းသည်။ အစားကိုလည်း ဟန်ဆောင်ပန်ဆောင် မဟုတ်ဘဲ ရေရေလည်လည် တဝတပြဲ တွယ်၏။
Quayside Seafood Restaurant မှာ အားမနာတမ်း စားလိုက် သောက်လိုက်ကြသည်မှာ ပိုက်ဆံတစ်ရာနှင့်ပင် မလောက်။ ပြန်ခါနီးတော့ အငယ်ဆုံး ကောင်မလေး ထွေးထွေးဝင်းက. . .
“ဟိုလူကြီး. . . ရှင်. . . ပီယဆေးရလာရင် ကျွန်မတို့ကို လာပြဦးနော်၊ မြင်ဖူးချင်လို့”
“ဟာ. . . ပြရမှာပေါ့. . . စိတ်ချ”
“အမယ်. . . ပြောမယ့်သာ ပြောနေတာပါ၊ ယုံရတာမဟုတ်ပါဘူး၊ ရှင်က ဖြီးနေတာလားမှ မသိတာ"
အေးအေးဝင်းက သူ့ကို မယုံတယုံနှင့် ဝင်ပြော၏။ မိုးနှောင်းက . . .
“ဪ. . . တကယ်ပါဆို၊ အင်း. . . ဒါပေမဲ့ တစ်ခုတော့ ရှိတယ်၊ သူ့ဆေးက ဖျာပေါ်မှာ ကန်တော့ပွဲနဲ့ ထားပြီး သိဒ္ဓိတင်ရမှာတဲ့၊ ခက်တာက ကျွန်တော့်ဆီမှာ ဖျာလည်းမရှိဘူး၊ ဟူး. . . ဆင်ပြောင်ကြီး အမြီးကျမှတစ် ဆိုသလို ဖြစ်နေပြီဗျာ”
မိုးနှောင်းက အိုက်တင်အပြည့်ဖြင့် စိတ်ပူပန်သလို သက်ပြင်းကို မှုတ်ထုတ်လိုက်၏။ ပြီးမှ ဗြုန်းခနဲသတိရလာဟန်ဖြင့် . . .
“ဟာ. . . မေ့နေလိုက်တာ၊ ဟိုနေ့က. . . ဟိုနေ့က . . ဖျာလိပ်နတ် မေးတဲ့ဥစ္စာလေ၊ အဲဒီဖျာရှိသားပဲ၊ ခဏငှားပါလားဟင်”
ကောင်မလေးတွေ နှုတ်ခမ်းတွန့်သွားကြ၏။ ဌေးဌေးဝင်းက
“အမယ်လေး. . . အဲဒီဖျာတော့ ငှားလို့မဖြစ်ဘူး၊ အဲဒါ ဖိုးဖိုးကြီးဥစ္စာ. . .”
“ဟုတ်ပါ. . . ဖိုးဖိုးကြီးက သူ့ပစ္စည်းတွေ ကိုင်တာ မကြိုက်ဘူး၊ ဟိုနေ့ကတောင်မှ သူမရှိတုန်း ခိုးလုပ်ရတာ"
အခုမှ တကယ် ဆင်ပြောင်ကြီးအမြီးကျမှ တစ်ရတော့တာပဲဟု မိုးနှောင်း တွေးလိုက်၏။ သူက မျက်နှာလေးကို သနားစရာကောင်းအောင် တမင်ညှိုးကာ . . .
“လုပ်ပါဗျာ၊ နည်းနည်းလောက် ဖြစ်ဖြစ်တော့ ဝိုင်းစဉ်းစားပေးကြပါဦး၊ အဖိုးမသိအောင် တိတ်တိတ်လေး ငှားလိုက်ရင် ရမှာပါ၊ ပို့မယ့်ပို့ ကူးတို့ရောက်အောင် ပို့ကြပါဗျာ၊ ကူညီမယ် မဟုတ်လား. . . ဟင်. . . ဟင်. . . လို့
မိုးနှောင်း၏ သေတော့မလို ဖြစ်နေသော အိုက်တင်ကြောင့် ကောင်မလေးတွေ စိတ်ညစ်သွားကြ၏။
စောစောကလေးတင်မှ ကျွေးသမျှ နင်းကန် စားသောက်ထားသည်ကလည်း ပူပူနွေးနွေး။ မြန်မာပီပီ အားနာတတ်သော စိတ်အခံလေးကလည်း ရှိသေးသည်။
ဒါကိုသိသော မိုးနှောင်းကလည်း ပေကပ်ဇွတ်တွယ်နေ၏။
“ကူညီပါနော်၊ တစ်ညလောက် ငှားရတာလေးများဥစ္စာ၊ ခင်ဗျားတို့အဖိုးက အဲဒီဖျာနဲ့ အိပ်တာမို့လို့လား”
“ဪ. . . စင်္ကာပူရောက်နေမှ ဖျာနဲ့တော့ မအိပ်ဘူးပေါ့ရှင်၊ ဒါပေမယ့် သူက မြန်မာပြည်ကို သိပ်ချစ်တာ၊ ဒီကို မလွှဲသာလို့ လာရတော့ မြန်မာပြည်က သူ့ပစ္စည်းတွေမှန်သမျှ အကုန်သယ်လာပြီး လွမ်းလွမ်းရှိတိုင်း အဲဒါလေးတွေ ထုတ်ထုတ် ကြည့်တတ်လွန်းလို့ ကျွန်မတို့က မကိုင်ရဲတာ"
မိုးနှောင်းက လူမမာ ညည်းသလို ညည်းပြန်သည်။
“ဖြစ်နိုင်ရင်တော့ ကူညီကြပါဦးဗျာ”
“ကျွန်တော့ကို ပစ်မထားကြပါနဲ့. . . နော်”
နောက်ဆုံး စိတ်မရှည်တော့သော ဌေးဌေးဝင်းက
“ကဲ. . . ဒီလိုလုပ်၊ ညနေပိုင်း ဖိုးဖိုးကြီ းအပြင်ထွက်တုန်း ရှင့်ကို ဖျာငှားလိုက်မယ်၊ မနက်ဖြန် မနက်စောစော ဖိုးဖိုးကြီး လမ်းလျှောက်ထွက်တဲ့အချိန်မှ လာပြန်ထားပေါ့၊ အင်း. . . ပိပိရိရိတော့ ရှိပစေနော် ကိုပီယမောင်”
**********
ဒီလောက်အထိ စည်းရုံးလို့ရပြီဆိုမှတော့ ကျန်သည့်အပိုင်းကို ပိပိရိရိရှိဖို့က မိုးနှောင်းအတွက် အလွယ်ကလေးပင်။
ညနေဖက်မှာ ဖျာလိပ်ကို သွားသယ်လာသည်။ ကသစ်ဖြူရှေ့မှာ ‘ပိုင်ပါတယ်’ ဟူသော အိုက်တင်အပြည့်ဖြင့် ရင်ကော့ပြသည်။ နောက်တစ်နေ့ မနက်ကျတော့ အဖိုးကြီး လမ်းလျှောက်ထွက်ပြီဆိုသည့် အကြောင်း ထွေးထွေးဝင်းက ဖုန်းဖြင့် အချက်ပေးလိုက်သည့်အခါ မနီးမဝေးမှာ ဖျာလိပ်ပိုက်ပြီး ပုန်းအောင်း စောင့်နေသည့် မိုးနှောင်းက ကမန်းကတမ်း တိုက်ပေါ်တက်ပြေးပြီး ဖျာလိပ်ကို နေရာတကျ ပြန်ထားလိုက် သည်။
အားလုံး အိုကေ။
ဒါပေမဲ့ သူတို့ညီအစ်မတွေကို Riverside က Jumbo မှာ ဂဏန်း ငရုပ်ကောင်း လိုက်ကျွေးရသည်ကတော့ ပိုက်ဆံတော်တော် ထိသွား၏။ ပြန်ခါနီးကျတော့ အငယ်မလေး ထွေးထွေးဝင်းက . .
“ဟိုလူကြီး . . ရှင်. . . ပီယဆေးရလာရင် ပြမယ်ဆို"
“ပြမှာပါဗျာ. . . ပြမှာပါ. . . ဟောဒီမှာ ယူလာပါတယ်”
မိုးနှောင်းက အသင့်ယူလာသော သတ္တုကြုတ် သေးသေးလေးကို ထုတ်ပြ၏။ ကောင်မလေးတွေအားလုံး မျက်လုံးပြဲပြီး မိုးနှောင်း လက်ဖဝါးပေါ်မှ ရှည်ရှည်လုံးလုံး ကြုတ်ကလေးကို ဝိုင်းအုံ ကြည့်ကြသည်။ မိုးနှောင်းက အဲဒီကြုတ်ကလေးကို ထွေးထွေးဝင်း လက်ထဲသို့ ထည့်ပေးလိုက်ပြီး...
“ကဲ. . . ယူသွား၊ အိမ်ကိုရောက်တော့မှ ဖွင့်ကြည့်နော်”
ပြောပြောဆိုဆိုနှင့် လစ်တော့သည်။
*****
အေးအေးဝင်းတို့ ဌေးဌေးဝင်းတို့ ညီအစ်မတွေက အိမ်ပြန်ရောက်သည်အထိ မစောင့်နိုင် မအောင့်နိုင်ကြတော့ပါ။
MRT ပေါ်မှာတင် ကြုတ်ကလေး၏ အဖုံးကို လှည့်ဖွင့်ကြည့်ကြသည်။
အထဲမှ စာရွက်သေးသေးကလေး ထွက်လာ၏။ စာရွက်ပေါ်တွင် ရေးထားသည်က .
“ပီယဆေးဆိုတာ တကယ်တော့ ကိုယ်လိုချင်တာကို ပီပီသသပြောရင် ‘ရ’တယ်လို့ ဆိုတာပါပဲ၊ ကျွန်တော့်နာမည် “ပီယမောင်” ဆိုတာကတော့ “ပေါင်ရမည်” လို့ အဓိပ္ပါယ် ရပါတယ်။ ခင်ဗျားတို့ကို Quayside နဲ့ Jumbo မှ ကျွေးဖို့အတွက် ကျွန်တော့်လက်စွပ်လေးကို ပေါင်လိုက်ရလို့ပါ”
ကျေးဇူးတင်စွာဖြင့် . . .
မိုးနှောင်း. . . "
Comments
Post a Comment