မနက်ဖြန်အစီအစဉ် - ၁၁ @ မင်းခိုက်စိုးစန်


“ဟင်. . . ဒါဆို. . . ကျောက်ပျဉ်နဲ့ ဖျာလေးတစ်ချပ်ငှားဘို့ ရှင် ပိုက်ဆံတော်တော် ကုန်သွားတာပေါ့. . . နှမြောစရာကြီး"

ကသစ်ဖြူက အားနာဟန်ဖြင့် မျက်လုံးကလေးများ ဝိုင်းသွားသည်။ မိုးနှောင်းက . . .

“ကိုယ်သုံးဘို့စွဲဘို့ ကိုယ့်အစ်ကိုက လုံလုံလောက်လောက် ပို့ပေးထားတာပါ၊ ကိစ္စမရှိပါဘူး၊ နောက်တစ်ခေါက် သူထပ်ပို့မှပဲ လက်စွပ်ကို ပြန်ရွေးလိုက်တော့မယ်။ ဘာပဲပြောပြော စိတ်ချမ်းသာမှုကို ပိုက်ဆံနဲ့ ဝယ်ယူလို့ရတယ်ဆိုတာ တစ်ချက်တည်းနဲ့တင် တော်တော် တန်နေပါပြီ၊ ဒီလိုမှမဟုတ်ရင် ပိုက်ဆံဆိုတာ ဘာအဓိပ္ပါယ် ရှိတော့မှာလဲ”

မိုးနှောင်း၏စကားကို ကသစ်ဖြူက လက်ခံချင်ပုံမပေါ်၊ သူမက ခေါင်းကိုခါယမ်းရင်း . . .

“ပိုက်ဆံဆိုတာ ‘သုံး’ ဖို့နေရာမှာပဲ အဓိပ္ပါယ်ရှိဘို့ လိုအပ်တာ မဟုတ်ဘူး၊ ပိုက်ဆံကို “ရှာ’ တဲ့နေရာမှာလည်း အဓိပ္ပါယ်ရှိဖို့လိုတာပဲ၊ ကဲ. . . ရှင် ပိုက်ဆံကို ဘယ်လိုနည်းနဲ့ ရှာဖူးသလဲ"

သူမ၏ အမေးကြောင့် မိုးနှောင်းက ပုခုံးတွန့်ပြီး လက်နှစ်ဖက်စလုံး ခါပြလိုက်ရသည်။

ကသစ်ဖြူက အဓိပ္ပါယ်ရှိစွာ ပြုံးလိုက်ရင်း …

“ဒါဆို. . . ရှင့် ပင်ကိုယ် လုပ်အားစိုက်ထုတ်ပြီး အလုပ်လုပ်လို့ ရလာတဲ့ ပိုက်ဆံနဲ့ ကျွန်မကို တစ်ခုခု ဝယ်ကျွေးရမယ်၊ ကဲ. . . ဘယ်လိုလဲ၊ ဒီတောင်းဆိုချက်ကိုတော့ ရှင် လုပ်နိုင်ပါ့မလား”

သေပြီ. . . ဒီတစ်ခါတော့ တကယ်ပင်ပန်းပြီဟု မိုးနှောင်း စိတ်ထဲက ညည်းညူလိုက်၏။


*****


မိုးနှောင်း သတင်းစာတွေကို တစ်စောင်ပြီးတစ်စောင် ဖွသည်။ ကြော်ငြာကဏ္ဍတွေကို လျှောက်ကြည့်ပြီး သူတွေ့ချင်သော ကြော်ငြာ အမျိုးအစားကို ရှာ၏။

တွေ့တော့တွေ့သည်။ သူလိုချင်သလို စိတ်ကြိုက်မဟုတ်သည်က များ၏။ သူရှာနေသည်က အချိန်ပိုင်းအလုပ်အတွက် အလုပ်သမားခေါ်စာ။

ရက်ရှည်လုပ်ရမည့်အ လုပ်အမျိုးအစားကလည်း သူနှင့်မကိုက်။ သူလုပ်နိုင်မည် မဟုတ်။ အချိန်ပိုင်းသာ လုပ်ရပြီး အလုပ်ချိန်နာရီနှင့် တွက်ကာ ပိုက်ဆံရှင်းပေးမည့် အလုပ်မျိုးမှသာ အဆင်ပြေမည်။ 

ဟော... တွေ့ပြီ။

ထိုစဉ် သူ့အနီးသို့ ကသစ်ဖြူ ရောက်လာပြီး . . . 

“ရှင်. . . ဘာတွေ ရှာနေတာလဲ"

“မင်းပဲ ကိုယ့်လုပ်အားခရတဲ့ ပိုက်ဆံနဲ့ စားချင်တယ်ဆို၊ သတင်းစာထဲမှာ အလုပ်ခေါ်တဲ့ ကြော်ငြာရှာနေတာ၊ ဒီမှာတွေ့ နေပြီ၊ ဆံပင်ညှပ်ဆိုင်တစ်ခုက ခေါ်ထားတာ၊ သူ့ဆိုင်ကြော်ငြာ လက်ကမ်းစာစောင်တွေကို ဝေပေးရမယ့်အလုပ်တဲ့။ တစ်နာရီကို ငါးကျပ်ရမှာ”

ကသစ်ဖြူက မိုးနှောင်း၏ မျက်နှာကို ရောဂါပိုးမွှားတစ်ခု မှန်ဘီလူးအောက်မှာ တွေ့မြင်နေရသလိုမျိုး ကြည့်လိုက်ပြီး …

“ရှင်. . . ရှင်. . . တကယ်လုပ်မလို့လား”

“လုပ်မှာပေါ့ကွ၊ တစ်နာရီငါးကျပ်၊ လေးနာရီလုပ်ရင် နှစ်ဆယ်ရမယ်၊ ကဲ. . . မင်း ဘာစားချင်သလဲဆိုတာသာ စဉ်းစားထားလိုက်တော့"

ကသစ်ဖြူ၏ ရင်ထဲတွင် ရထားတွဲနှစ်တွဲ ချိတ်ဆက်လိုက်သည်ကို ခံစားသိ သိလိုက်ရသလိုမျိုး ဂျိမ်းခနဲ တစ်ချက် လှုပ်ခါသွား၏။


**********


City Hall ရှိ MRT ဘူတာရုံထဲတွင် လူတွေ ဥဒဟို သွားလာနေကြသည်။ မိုးနှောင်းက ဖြတ်သန်း သွားလာနေသမျှ လူတွေကို သူ့လက်ထဲရှိ ဆံပင်ညှပ်ဆိုင် ကြော်ငြာ လက်ကမ်းစာစောင်လေးတွေ လိုက်ဝေနေသည်။

ဒီနေရာတစ်ဝိုက်က မြန်မာတွေ အတော်များများ သွားလာလေ့ ရှိသော နေရာဖြစ်သောကြောင့် မိုးနှောင်း ကိုတွေ့သူတွေထဲမှ တစ်ချို့က …

“ဒီကောင် ခွက်စုတ်ခွက်ပဲ့ဆန်လှချည်လား" ဟူသည့်အကြည့်မျိုးဖြင့် ကြည့်သွားကြ၏။

သနားကရုဏာသက်သလို မျက်ဝန်းဖြင့် ကြည့်သူတွေ၊ မြန်မာအချင်းချင်းမို့ အတင်း အကူအညီတောင်း ပိုက်ဆံအချေးခံရမှာစိုးလို့ မမြင်ချင်ယောင်ဆောင်သွားသူတွေလည်း ရှိသည်။

ကသစ်ဖြူကတော့ မိုးနှောင်းနှင့် မလှမ်းမကမ်းမှာ ထိုင်ပြီး အဲသည်မြင်ကွင်းကို ကြည့်ကာ နှလုံးသားထဲမှ လေးလံ ဆို့ကျပ်လာ၏။ သူမ ဘာကို ယုံကြည်ရမည်မှန်း မသိတော့။ ဘာနိုင်ငံ၊ ဘာလူမျိုးဟု နာမည်တပ်ထားသော စည်းဝိုင်း၏ အပြင်ဘက်မှာတော့ လူသည် တစ်ယောက်ချင်းစီ ဆုံးဖြတ်ခွင့်ရှိသော လူသတ္တဝါသာလျှင်ဖြစ်၏။

လွတ်လပ်စွာ တစ်ကိုယ်ကောင်း ဆန်နိုင်သည်။ လွတ်လပ်စွာ အဆက်အဆံ လုပ်ခွင့်ရှိသည်၊ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည်။ မိမိ၏ ပုံသဏ္ဍာန်ကိုလည်း မိမိဖါသာ လွတ်လပ်စွာ ပုံဖေါ်နိုင်ပါသည်။

လူကို လူမျိုးအစွဲ နယ်မြေဒေသအစွဲနှင့် ချည်နှောင်ထားခြင်းသည် တရားသလား မတရားဘူးလား။ မြန်မာအချင်းချင်း ဖြစ်ရုံနှင့် ကူညီကြ စတမ်းလား။ မဖြစ်မနေ ကူကိုကူညီရမည်ဟု ဘယ်သူက ပြဌာန်းထားသလဲ၊ မကူညီဘဲ နေရင်ကော လိပ်ပြာ သန့်နိုင်သလား။ (သင်နှစ်သက်ရာကို ရွေးချယ်ဖြေဆိုနိုင်ပါသည်။ ၁၅ မှတ်)

လူတစ်ယောက်ဟာ သူနဲ့ ဆက်ဆံနေရတဲ့လူအပေါ်မှာ သူ့ကိုယ်ပိုင်စံ သူ့ကိုယ်ပိုင်ခံစားမှုနဲ့ပဲ ဘယ်လိုဆက်ဆံမယ်ဆိုတဲ့ ပြဌာန်းချက်ကို ဆုံးဖြတ်ရတာ မဟုတ်ဘူးလား။

တစ်ချို့ကတော့ မမျှော်လင့်ဘဲ ထိုးနှက်ခံလိုက်ရသည့် ကံကြမ္မာကြောင့် စစ်ပြင်ချိန်မရခင် ကျဆုံးသွားရသည့်အခါ ရတတ်ရာရာ အကူအညီကို တောင်းခံကြသည်။

တစ်ချို့ကျပြန်တော့ မိမိကိုယ်ကို တည်ဆောက်ဘို့ အလုပ်မလုပ်ချင်ဘဲ သူတစ်ပါး၏ အကူအညီကို လွယ်လွယ် ယူချင်ကြသည်။ 

သင်ကကော ဘယ်လိုလူစားထဲမှာ ပါသလဲ။

မျက်စိလည်စရာကောင်းသော လူမှုရေးတောအုပ်ထဲမှာ တစ်ကိုယ်ကောင်းဆန်သည့် သစ်ပင်တွေကို အတွေ့ရများသည်မှာ အံ့ဩစရာမဟုတ်ပါ။


*****


တစ်ဖက်ကကြည့်ပြန်တော့လည်း …

လူဆိုသည်မှာ မွေးဖွားစဉ်တုန်းက ခြေတစ်စုံ၊ လက်တစ်စုံ၊ ဦးခေါင်းတစ်လုံးပါရုံမျှနှင့် အင်္ဂါစုံပြီဟု ပြောလို့မရ။ မွေးကတည်းက ဘာလူမျိုးဆိုသော ခေါင်းစဉ်၊ ဘာနိုင်ငံသားဆိုသော တံဆိပ်တွေက ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းလို တပ်ဆင်ပြီးသား မွေးလာခဲ့ရခြင်း ဖြစ်၏။ ကိုယ်တစ်သက်လုံး ပြောရဆိုရမည့် ဘာသာစကားတစ်ခု၏ ရေကန်ထဲသို့ (ကိုယ်စိတ်ကြိုက် ရွေးချယ်ခွင့်မရဘဲ) ပစ်ချခံလိုက်ရခြင်းဖြစ်၏။

ကိုယ့်ခြေထောက်တွေ လက်တွေကို ဖြတ်တောက် ထုတ်ပစ်လို့ မရသလို ကိုယ် ဘာလူမျိုးလဲဆိုတဲ့ ဖြစ်တည်မှုကိုလည်း လှီးဖဲ့ ဖျောက်ဖျက်ပစ်လို့မှ မရတာ။ မြန်မာဟာ ဘယ်နေရာရောက်ရောက် သူလည်း မြန်မာ၊ ကိုယ်လည်းမြန်မာပါပဲ။

လူသည် မွေးဖွားကတည်းက စည်းဝိုင်းတစ်ခု၏ အမည်မဲ့ အချုပ်အနှောင်ထဲတွင် လွတ်လပ်သည်ဟု အမည်တပ်ပြီး မွေးလာခဲ့ ခြင်းဖြစ်၏။

စည်းဝိုင်းထဲမှာ ဆက်နေမလား မနေဘူးလား ဆိုသည်ကတော့ ကိုယ့်ကိစ္စ ကိုယ့်ဆုံးဖြတ်ချက်သာ ဖြစ်ပါသည်။

မြန်မာအချင်းချင်းကပင် လက်ကမ်းစာစောင် ဝေနေသော မိုးနှောင်းကို မထီတရီ ကြည့်သွားကြသူတွေ၊ အထင်သေးသလို မဲ့ပြုံးပြုံး သွားကြသူတွေကို ကသစ်ဖြူကတော့ ရှင်းရှင်းကြီး မြင်နေရ၏။ မိုးနှောင်းကတော့ ခပ်အေးအေးပင် ဖြစ်သည်။

သူ ဝေငှသောကြော်ငြာတွေကို တစ်ချို့က ကြည့်ပင်မကြည့်ဘဲ ဆွဲယူပြီး အမှတ်မဲ့ ဆက်လျှောက်သွားကြသည်။ တစ်ချို့ကျတော့လည်း.. သူတို့အချင်းချင်း စကားတပြောပြောနှင့် လျှောက်ရင်း လက်ထဲမှစာရွက်ကို အမှတ်တမဲ့ စိတ်ဖြင့်လုံးခြေကာ အမှိုက်ပုံထဲ ထည့်သွားကြသည်။

သူတို့လက်ထဲရောက်လာသည့် စာရွက်ကို ဘာကြော်ငြာများလဲ ဟု တစ်ချက်ကလေးပင် ငုံကြည့်မသွား။

တစ်ချို့ကျပြန်တော့လည်း မိုးနှောင်းက ကြော်ငြာစာရွက် ကမ်းပေးသည်ကိုပင် မီးလိုပူစေတတ်သော အရာတစ်ခုခုဖြင့် လှမ်းတို့ခံရသလိုမျိုး သူတို့လက်ကို ဆတ်ခနဲရုတ်ကာ ဖယ်သွား၏။ တစ်ချို့ကတော့ အစကတည်း သူတို့၏ လက်နှစ်ဖက်စလုံးကို ဂျာကင်အင်္ကျီအိတ်ထဲ (ဒါမှမဟုတ်) ဘောင်းဘီအိတ်ထဲ ထည့်ထားကြသည်။

အဲဒါလည်း ပြီးတာပါပဲ။

လူငယ်ချာတိတ်တွေကတော့ ခေါင်းစွပ်အင်္ကျီအောက်မှာ ipod ကို နားကျပ်တပ် သီချင်းနားထောင်ရင်း ခေါင်းတခါခါ လည်တခါခါ။ ကြော်ငြာဝေနေသော မိုးနှောင်းကို ရှိနေသည်ဟုပင် သဘောထားပုံမရ။ သူတို့အာရုံနှင့်သူတို့ မိုးနှောင်းကိုပင် တိုးဝှေ့ ပွတ်တိုက်သွားသေး၏။ ရထားတွေကတော့ တစ်စင်းပြီးတစ်စင်း။ ဆိုက်ရောက်လာလိုက်၊ ထွက်ခွာသွားလိုက်နှင့်. . . ။


*****


မိုးနှောင်း မောဟိုက်နေပြီ။

အသက်ကို မှန်မှန်ရှူဘို့ ကြိုးစားနေရ၏။ အစကတည်းက သူ အပင်ပန်းခံလို့ မဖြစ်မှန်း သိလျက်သားနဲ့ ဒီအလုပ်ကို ဇွတ်လုပ်ခဲ့ခြင်းဖြစ်၏။

ပိုက်ဆံရှာတယ်ဆိုတာ ရွေးချယ်ခွင့်မရှိတဲ့ ဘဝပေး ဥပဒေသ တစ်ခုလားဟု သူ စဉ်းစားမိသည်။

ပိုက်ဆံရှာဖို့အတွက် သက်သက်နှင့် ကိုယ့်မိသားစု၊ ကိုယ့်ချစ်သူ၊ ကိုယ့်အသိုက်အမြုံကို ခွဲခွာပြီး ဒီနိုင်ငံကိုရောက်နေသော မြန်မာလူငယ်တွေ အများကြီးရှိကြသည်။

သူတို့သည် အနာဂတ်အတွက် လမ်းစတစ်ခု၊ ကမ္ဘာကြီး၏ အခွင့်အလမ်းတွေကို လှမ်းကြည့်ဖို့ အလင်းရောင်တစ်ခု၊ ရေရှည်ဘဝ လုံခြုံရေးအတွက် အာမခံချက်တစ်ခုကိုရဘို့ ပင်လယ်ကိုဖြတ်ပြီး ကျွန်းတစ်ကျွန်းပေါ်မှာ လာရှာနေကြခြင်း ဖြစ်၏။ သူတို့ဟာ ၂၁ရာစုရဲ့ ပညာတတ် ပင်လယ်ဓါးပြလေးတွေများလား။

သူတို့အတွက် သယံဇာတဟူ၍ သူတို့ကိုယ်တိုင်သာရှိသည်။ 

သူတို့ ကိုယ့်ကိုယ်ကို တူးဖော်နေကြသည်။ သူတို့ တစ်ယောက်ချင်းစီသည် (သူတို့ အခုရောက်နေသော စင်္ကာပူနိုင်ငံလိုပင်) ပင်လယ်ပြင်ထဲက ကျွန်းကလေးတွေ ဖြစ်နေကြ၏။

စင်္ကာပူမှာ အလုပ်လုပ်နေကြရသော လူငယ်တွေ၏ ဘဝများစွာသည် မျှော်လင့်ချက်ဖြင့် စိမ်းလန်းပြီး နာကျင်ခြင်းများဖြင့် ခြောက်သွေ့နေသော ရတနာသိုက် မြေပုံအညွှန်းတစ်ခု ဖြစ်လေသည်။

ပိုက်ဆံဆိုသည်မှာ ကိုယ့်ဘဝကိုယ် ပိုင်ဆိုင်ခွင့်ရဘို့ ခေါစာပစ်ရသော နတ်ဆိုးတစ်ပါး၏အမည်နာမဟု ခေါ်ကြပါစို့။


*****


အလုပ်ချိန်စေ့တော့ မိုးနှောင်း ခြေထောက်နှစ်ဖက်စလုံး ညောင်းညာလွန်းသဖြင့်  တဆတ်ဆတ်တုန်နေ၏။ အသက်ရှူရတာ မဝသလိုလည်း ဖြစ်နေသည်။ ခန္ဓာကိုယ်တစ်ခုလုံး၏ အတွင်းနံရံတွေအားလုံး တစိမ့်စိမ့် အရည်ပျော်ကျနေသည်ဟုပင် မှတ်ရထင်ရသည်။

ရောက်ရာနေရာမှာပင် သူ ပစ်လှဲ အိပ်ပစ်လိုက်ချင်လောက်အောင် နုံးခွေနေ၏။ ဆာလည်းမဆာ၊ ရေလည်းမငတ်။ ဘာကိုလိုအပ်နေမှန်း နာမည်ပင် တပ်၍မရ။ ပင်ပန်းလွန်းသဖြင့် စိတ်တွေ လွင့်မျောသလို ဖြစ်နေသည်။

ကသစ်ဖြူက အနီးသို့ တိုးကပ်လာပြီး …

“ရှင် အနားယူမှ ဖြစ်မယ်ထင်တယ်၊ ကျွန်မ. . . ကျွန်မ. . . ရှင့်အတွက် ဘာလုပ်ပေးရမလဲဟင်”

မိမိမှအပ တခြားလူအတွက် တစ်စုံတစ်ခု လုပ်ပေးသင့်မှန်း သူမ၏ဘဝမှာ ပထမဦးဆုံးအကြိမ်အဖြစ် စတင် စဉ်းစားဖူးခြင်း ဖြစ်ပေလိမ့်မည်။ 


**********


နောက်တစ်နေ့ကျတော့ City Hall မှာပင် မြန်မာအစားအစာတွေ လျှောက်စားကြဘို့ သူတို့နှစ်ယောက် ဆုံးဖြတ်လိုက်ကြသည်။ မုန့်ဟင်းခါးစားတော့ ကသစ်ဖြူက ငံပြာရည်ကို ထူးထူးဆန်းဆန်း နှစ်ခါတိတိ ထပ်ထည့်သည်ကို မိုးနှောင်း တွေ့လိုက်၏။ သို့သော်.. 

“ဪ . . သူက လေးလေးပင်ပင် စားရတာ ကြိုက်တတ်လို့ဖြစ်မှာပဲ” ဟုထင်ကာ ဘာမှ မပြောလိုက်။

ပြီးတော့မှ ကသစ်ဖြူက ငန်သည်ဟုဆိုကာ မုန့်ဟင်းခါးကို ဆက်စား၍ မရတော့။ မိုးနှောင်းက. . .

“ငန်မှာပေါ့ကွ၊ မင်းက မုန့်ဟင်းခါးထဲကို ငံပြာရည်တွေ ဒီလောက်တောင် ထည့်နေတာဥစ္စာ”

“အောင်မယ်. . . တစ်ခါလေးထည့်မိတာများ”

“ဘယ်ကလာ တစ်ခါကရမှာလဲ၊ နှစ်ခါတောင်ထည့်တာ ကိုယ့်မျက်စိနဲ့ သေသေချာချာ မြင်လိုက်တယ်၊ ဘာလဲ အငြင်းထူချင်သေးလို့လား"

မိုးနှောင်းက အတိအကျပြောတော့ ကသစ်ဖြူ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဇဝေဇဝါ ဖြစ်သွားသည်။ ပြီးတော့မှ .. 

“ဟင်. . . ကျွန်မ ငံပြာရည်နှစ်ခါထည့်လိုက်တာ သေချာလို့လား”

ကြောင်တောင်တောင်နှင့် ပြန်မေးနေ၏။ မိုးနှောင်းက

“ဪ. . . ဟုတ်ပါတယ်ဆိုနေ"

“ဒါ. . . ဒါဆို. . . ပထမတစ်ခေါက် ထည့်ပြီးတာကို ကျွန်မ … ကျွန်မ မေ့သွားတာ ဖြစ်မယ်”

“ကဲပါကွာ. . . နောက်ထပ်အသစ်တစ်ပွဲမှာလိုက်"

City Hall မှာ မြန်မာအစားအစာ အစုံရသော်လည်း မိုးနှောင်းကတော့ မြန်မာပြည်မှာ စားရတာလောက်တော့ ခံတွင်းမမြိန်ဘူးဟု ထင်သည်။ ဘာကြောင့်လဲတော့ မပြောတတ်။ မြန်မာရနံ့ကို လိုအပ်နေတာလား၊ မြန်မာ့လေပြည်လေငွေ့ကို လိုအပ်နေတာလား။ တစ်ခုခုတော့ လိုနေသည်ဟု ထင်ရ၏။

မိုးနှောင်းက မြန်မာပြည်မှာ နေတုန်းကတောင် မြို့ပေါ်က နာမည်ကြီး ထမင်းဆိုင်တွေက အစားအစာကို ကြိုက်လှသည် မဟုတ်။ ဆိုင်တွေပေါ်က ဟင်းအများစုမှာ ဆီတွေ နီရဲပျစ်ချွဲနေပြီး အရသာကလည်း အီဆိမ့်ဆိမ့်နှင့် ဟိုလိုလိုဒီလိုလိုချည်းပဲဖြစ်၏။

သူ တကယ်ကြိုက်သည်က တောရွာတွေမှာသာ ရတတ်သော ဆီကျဲကျဲ ရေကျဲကျဲ ဟင်းမျိုး။ ငပိရည်တောင်မှ ရွာမှာဖျော်သောငပိရည်ကို ပိုကြိုက်သည်။

လက်ကောက်ဝတ် အရွယ်အစားလောက်ရှိသော ငါးရံ့အကြီးကြီးတစ်ကောင်ကို ရွှံ့ဖြင့်အုပ်ပြီး မံကာ မီးထဲထည့် ဖုတ်ရသည်။ ရွှံ့က မီးကျက်ပြီး ခြောက်သွေ့မာ ကျောသွားတော့မှ ရွှံ့ကိုခွဲလိုက်လျှင် ငါးအကြေးခွံတွေက ရွှံ့မှာ ကပ်ပါသွားပြီး အထဲမှာ ဖြူဖွေးသော ငါးရံ့ အသားတွေသာ ကျန်တော့သည်။

အဲဒီငါးရံ့အသား ဖြူဖြူဖွေးဖွေးကိုမှ စိစိပါအောင် နယ်ချေ ငါးပိရည်ထဲထည့် ဖျော်တော့ မွှေးလည်းမွှေးသည်။ ငါးဖတ်တွေ ပေါလောမျောနေခြင်းမျိုး မဟုတ်ဘဲ ငါးအသားမှုန့်တွေ စေးစေးပိုင်ပိုင် ပျော်ဝင်နေခြင်း ဖြစ်လေရာ ငါးပိရည်က ပျစ်ပြီး အရသာ ချိုလေးနေ၏။ အဲဒီငါးပိရည်ထဲကိုမှ ခရမ်းချဉ်သီးကို ဖျော်ထည့်၊ ငရုပ်သီးစိမ်းကို မီးအုံးပြီးထည့်ကာ နံနံပင်ကလေး မွမွအုပ်ပြီး ထည့်လိုက်ရလျှင် ပထမတန်းစား ငါးပိရည်မွှေးမွှေးလေးကို ရလေသည်။

အဲဒီငါးပိရည်မျိုးကို လွမ်းရတာလည်း မြန်မာပြည်ကို လွမ်းတဲ့ ရတုဖွဲ့တစ်မျိုးပဲ မဟုတ်လား။

စာဆိုကြီးတွေ ရေးခဲ့ကြတဲ့ ဘုရားတိုင်ရတု၊ သိကြားတိုင်ရတုလိုမျိုး သူ့အတွက်တော့ ငါးပိတိုင် ရတုပဲပေါ့။ အိမ်အလွမ်းနဲ့ဖျော်တဲ့ ဟင်းတစ်ခွက်ပါပဲလေ။

ဟင်းကိုလည်း ထွေထွေထူးထူး သွားရှာနေစရာမလို။ အဲသည်လို အိုင်ပက်ပြီး နှိုက်၍ရလာသော ငါးရံ့ရွှံ့အုံမီးဖုတ်ကိုပင် အသားဖြူဖြူ ဖွေးဖွေးတွေချည်း ထုတ်ပြီး ဆီစိမ်းဆမ်း၊ ကြက်သွန်နီဥကြီးကို အကွင်း အကွင်းလှီး၊ ရှောက်ရွက် ငရုတ်သီးစိမ်းတို့ဖြင့် သုပ်စားလိုက်ရလျှင် ထမင်းမြိန်လိုက်သည့် ဖြစ်ခြင်း။

ဒီက ဈေးကြီးပေးပြီး ဝယ်စားရသော Sea Food တွေကမှ ပေါ့ရွှတ်ရွှတ်နှင့်။ မြန်မာပြည်မှာဆိုလျှင် …

“ဟင်…”

မြန်မာပြည်အကြောင်းကို ပြန်တွေးပြီးလွမ်းနေသော မိုးနှောင်း၏ အာရုံစိတ်ကူးသည် ဗြုန်းခနဲ ပြတ်တောက်သွား၏။

“ဟင်. . . ကသစ်ဖြူ. . . ဘာဖြစ်တာလဲ. . . ဘာဖြစ်တာလဲ” 

ထိုင်နေရာမှ ဗြုန်းခနဲ ထရပ်လိုက်ရာတွင် မူးဝေသလို ယိုင်ထိုးသွားသည့် ကသစ်ဖြူကို မိုးနှောင်းက အလျင်အမြန် ထိန်းပေးထားလိုက်ရ၏။

“ကိုယ့်ကိုမှီထား ကသစ်ဖြူ၊ ဖြည်းဖြည်း. . . ” 

ကသစ်ဖြူက မိုးနှောင်း၏ပုခုံးကို အားပြုကိုင်ရင်း ဖြည်းညင်းစွာ ပြန်ထိုင်လိုက်၏။ သူမ၏ဦးခေါင်းနားထင်ကို လက်တစ်ဖက်ဖြင့် ခပ်သာသာ ဖိထားသည်။ ခဏကြာမှ သူမက …

“ရပါတယ်၊ ခေါင်းနည်းနည်းမူး သွားတာပါ၊ ဘာမှမဖြစ်ပါဘူး”

“မမယု ပေးထားတဲ့ ဆေးရှိတယ်. . . မဟုတ်လား၊ သောက်လိုက်လေ”

မိုးနှောင်း၏ စကားကြောင့် သူမက လက်ပွေ့အိတ်ထဲမှ ဆေးဗူးကိုထုတ်ယူ၏။ ပြီးတော့ ဆေးဗူးပေါ်မှ အညွှန်းစာကို အတင်းကြိုးစားပြီး မျက်စိနားကပ်ကာ ဖတ်ကြည့်နေသည်။ အတော်ကြာသည်အထိ ဆေးဗူးကို မဖွင့်သေးဘဲ မျက်လုံးကိုသာ အတင်းမျက်မှောင်ကုပ်ကာ ဖတ်နေသောကြောင့် မိုးနှောင်းက

"ဘာ.... ကိုကြည့်နေတာလဲ၊ ဆေး... သောက်လိုက်လေ”

“ဒီ. . . ဒီဆေးဗူးပေါ်မှာ 50 ml လို့ ရေးထားတာလား၊ 100 ml လို့ ရေးထားတာလား၊ သဲသဲကွဲကွဲ မမြင်ရလို့”

မိုးနှောင်းက ရယ်ပြီး ဆေးဗူးကို ယူကြည့်ရင်း …

“အဖွားကြီးအိုလေးတောင် ဖြစ်နေမှပဲ၊ မျက်စိတွေတောင် မှုန်လို့၊ 100 ml လို့ ရေးထားတာလေကွာ၊ တစ်လုံးပဲ သောက်ရမှာ. . . ရော့ … ရော့...

မိုးနှောင်းက ပြောပြောဆိုဆိုနှင့် ဆေးတစ်လုံးကို ထုတ်ပြီး ကသစ်ဖြူ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ကသစ်ဖြူက ဆေးကို ရေနှင့် မျောချလိုက်ပြီးနောက်. . .

“မျက်စိမမှုန်ပါဘူး။ စောစောက မိုက်ခနဲခေါင်းမူးပြီး မျက်စိတွေ ပြာသွားလို့ပါ၊ ကဲ. . . သွားကြမယ်"

ကသစ်ဖြူ၏ စကားကြောင့် မိုးနှောင်းက ချင့်ချိန်နေဟန်ဖြင့်. . 

“မင်း. . . သိပ်နေမကောင်းဘူး ထင်တယ်၊ အိမ်ကိုပြန်ပြီး နားလိုက်ကြရင် ကောင်းမယ်"

“ဟာ. . . ဘာလို့ ပြန်ရမှာလဲ၊ အနားယူရအောင် ကျွန်မက လူမမာမှ မဟုတ်တာ၊ ဒီလောက် ပျော်စရာကောင်းနေတာကို မပြန်ချင်သေးပါဘူး”

သူမ၏ပုံစံက နွမ်းနယ်ဖျော့တော့နေသည့်ကြားက ခေါင်းမာပြီး ဇွတ်ပေနေပုံမျိုး။ ဒီကောင်မလေးကိုတော့ မိုးနှောင်းက ပြောမနိုင် ဆိုမနိုင်ဟုပင် သဘောထားရတော့မည်။

မိုးနှောင်းက …

“မင်း. . . တကယ်ပျော်တယ်. . . ဟုတ်လား"

“အင်း. . . ဟုတ်တယ်၊ ကျွန်မ ဘယ်တုန်းကမှ ဒီလောက် မပျော်ခဲ့ဖူးဘူး”

သူမ၏လေသံက ဖြေဆိုဘို့ နောက်ကျခဲ့သော စာမေးပွဲတစ်ခုအကြောင်း ပြန်ပြောနေသူလိုမျိုး တွေတွေငေးငေး။ တစ်ခါတလေမှာ အကောင်းဆုံးတွေဟာလည်း နောက်ကျပြီးမှ ရောက်လာတတ်တာ မဟုတ်လားကွယ်။


**********


Somerset ဘူတာရုံအထိ MRT စီးကြပြီး Orchard ဘက်သို့ ထွက်ခဲ့ကြသည်။ လူတွေရှုပ်ထွေး စည်ကားလွန်းသောကြောင့် မျက်စိတွေ နောက်ကျိကာ အကြားအာရုံတွေလည်း ထွေပြားလာ၏။

ဈေးဝယ်ဘို့ ဒါမှမဟုတ် တစ်ခုခုစားသောက်ဘို့ ဒါမှမဟုတ် အလားတူ ရည်ရွယ်ချက်တစ်ခုခုနှင့် ဆိုလျှင်တော့ ပတ်ဝန်းကျင်ကိုလည်း အာရုံထားဖြစ်မည်မဟုတ်။ ကိုယ်သွားစရာရှိတာ သွား၊ ဝယ်စရာရှိတာ ဝယ်ရုံပဲ ဖြစ်၏။

အခုတော့ သူတို့နှစ်ယောက်က ဘာရည်ရွယ်ချက်မှလည်း ရှိသည်မဟုတ်။ Shopping Centre တွေထဲပဲ ဝင်ရတော့မလိုလို၊ Food Court ထဲပဲ ဝင်တော့မလိုလိုနှင့် ဟိုနားရပ်လိုက် ဒီနားငေးလိုက် ယောင်လည်လည်လုပ်နေကြ၏။

မိုးနှောင်းက …

“သိပ်လည်း ငေးမနေနဲ့ဦး၊ ကိုယ်တို့ လူချင်း ကွဲသွားဦးမယ်” 

“အောင်မာ. . . လူချင်းကွဲသွားတော့ကော မပြန်တတ်တာ ကျနေတာပဲ၊ ဒီနေရာနဲ့ ဒီနေရာ အနီးလေးကို”

ကသစ်ဖြူက ချက်ချင်း မာရေကြောရေပြန်ပြော၏။ မိုးနှောင်းက …

“ဪ. . . မင်း သွားတတ်လာတတ်မှန်းတော့ သိတာပေါ့၊ ဒါပေမဲ့ မင်းမှာက ပတ်စပို့ မရှိဘူးလေ၊ လမ်းမှာ ရဲနဲ့တွေ့လို့ မေးလား မြန်းလားလုပ်နေရင် ပြောရဆိုရတာ ခက်နေမှာစိုးလို့” 

“အင်းပါ. . . အင်းပါ. . . ဆရာလာမလုပ်ပါနဲ့” 

ရိုက်ချင်စရာကောင်းသော ချစ်စရာလေသံဖြင့် ပြန်ဖြေ၏။ မိုးနှောင်းက Centerpoint ထဲသို့ဝင်ကာ ဟိုမော့မော့ ဒီမော့မော့ဖြင့် တစ်နေရာဝင် တစ်နေရာထွက် လိုက်ငေးသည်။

ထိုအချိန်တွင် ရွေ့လျားစက်လှေခါး (Escalator) ရှိရာဆီသို့ ခပ်သုတ်သုတ်သွားနေသော အသက်ငါးဆယ်အရွယ်ခန့် မြန်မာအမျိုး သမီးကြီးတစ်ယောက်ကို ကသစ်ဖြူက လှမ်းမြင်လိုက်သည်။

ထိုအမျိုးသမီးကြီးက မြန်မာစကားဖြင့် တစ်စုံတစ်ရာကို စိုးရိမ် ပူပန်စွာ ဖုန်းပြောရင်း ခပ်သွက်သွက် လျှောက်သွားသောကြောင့် ဘေးဘီဝဲယာကို သတိထားမိဟန် မတူ။

သို့သော်. . . ကသစ်ဖြူကတော့ သူမကို မမြင်အောင် ဖျတ်ခနဲ ပုန်းကွယ်လိုက်သည်။ ချက်ချင်းပင် လူတွေကြားထဲရောနှောကာ အကာအကွယ် ယူလိုက်သည်။

ပြီးတော့ ထိုအမျိုးသမီးကြီး ထွက်သွားရာဘက်နှင့် ဆန့်ကျင်ဘက်ဆီသို့ တရွေ့ရွေ့ ရောယောင်ကာ လျှောက်ခဲ့၏။

ထောင့်ချိုးတစ်နေရာဆီသို့ရောက်သည်နှင့် စက်လှေခါး (Escalatar) နှင့် ဝေးရာဆီသို့ သုတ်ခြေတင်တော့သည်။


*****


မိုးနှောင်းက Shopping Centre ၏ နောက်တစ်ထပ်သို့ ထပ်ပြီး တက်ကြည့်ဘို့ စိတ်ကူးလိုက်သည်။ ဘာရယ်တော့မဟုတ်။ အပျင်းပြေပေါ့လေ။

စက်လှေခါးပေါ် ခြေချမည်လုပ်တော့ နောက်မှပါလာမည့် ကသစ်ဖြူကို သတိထားပြီး တက်ဘို့ပြောရန် နောက်သို့ လှည့်ကြည့်လိုက်သည်။

ကသစ်ဖြူ ပါမလာ။

“ဟင်. . . ဘယ်မှာ ကျန်ရစ်ခဲ့ပါလိမ့်"

မိုးနှောင်းက လည်ကိုဆန့်ကာ ဟိုဟိုဒီဒီ လှမ်းမျှော်ပြီး ကြည့်သည်။ ကသစ်ဖြူကို လုံးဝမတွေ့ ရတော့။

သူ အရမ်းစိတ်ပူသွား၏။


 

Comments