မနက်ဖြန်အစီအစဉ် - ၁၂ @ မင်းခိုက်စိုးစန်


ခွဲခွါချိန်ရောက်လာတာကိုက စောလွန်း

မင်း ... သွားမယ်ဆိုလည်း

စကားတစ်ခွန်းတော့ နှုတ်ဆက်ခဲ့ဘို့ကောင်းတယ်


မိုးနှောင်း တမ်းတစွာဖြင့် ရေရွတ်လိုက်မိ၏။

သူ ကသစ်ဖြူကို နေရာအနှံ့ လိုက်ရှာကြည့်ခဲ့ပြီးပြီ။ ဘယ်မှာမှ ရှာမတွေ့။ သူမ အကြောင်းတစ်ခုခုကြောင့် သူ့ကို စွန့်ခွာထွက်သွားပြီဟု နားလည်လိုက်ရတော့သည်။

သူမဟာ ဘယ်လို ပဟေဠိမျိုးလဲ။ မိုးနှောင်း နားမလည်နိုင်ခဲ့ပါ။ ပဟေဠိကို မဖြေနိုင်လို့ ပန်းပေးရမည်ဆိုလျှင်လည်း သူ့ရင်ထဲမှာ ပန်းပွင့်တွေ အပြည့်ပါ။

ကောင်မလေးရေ. . . မင်းအတွက် ဥယျာဉ်တစ်ခုစာ ပျိုးထားပါတယ်။ အခုတော့ ရနံ့တွေကို သိမ်းတာ စောလွန်းတယ်။ တကယ်ဆို ငါ အသသက်ရှူသာစရာ နှုတ်ဆက် အလွမ်းနံ့ တစ်ခုတစ်လေလောက်တော့ ချန်ထားခဲ့ဖို့ ကောင်းပါရဲ့။


*****


သူမနှင့် ပထမဦးဆုံး စတင်ဆုံဆည်းခဲ့သော East Coast ဆီသို့ မိုးနှောင်း ထွက်ခဲ့၏။

နေညိုချိန်သို့ရောက်နေပြီ။

သစ်ပင်၏အရိပ်တွေ ရှည်လျားစွာ အေးစက် လဲလျောင်းနေကြ၏။ စကိတ်စီးနေသူတွေ၊ ကျောက်သားခုံတန်းနှင့် စားပွဲတွေမှာထိုင်ကာ ဘီယာသောက်ရင်း စကားပြောနေကြသူတွေ၊ သီချင်းနားထောင်ဘို့ ipod နားကျပ်ကလေးတွေတပ်ကာ အပန်းဖြေနေကြသူတွေ ခပ်တိုးတိုး ရယ်မောနေကြသူတွေနှင့် ဝေးရာကမ်းစပ်ဆီသို့ သူ လျှောက်လာခဲ့၏။ 

ဆည်းဆာနှင့်ပင်လယ်သည် စကားလုံးမဲ့သော အသံများဖြင့် သူ့ကို ဆီးကြိုနေကြ၏။

တိမ်တွေ မျောလွင့်နေသည်ကို သူ ခေါင်းမော့ ငေးကြည့်နေဖြစ်သည်။ အရာရာအားလုံးဟာ တိမ်တွေလိုပဲလား။

လေစီးကြောင်းထဲ ဆုံစည်းမိတဲ့အခါ ရေငွေ့တွေဟာ ပုံသဏ္ဍာန်တစ်ခုခု ပေါ်လာလိုက်၊ ပြီးတော့ လေစီးကြောင်းနှင်ရာ အဝေးဆီကို ပြန်ကွဲပြို လွင့်ပျယ်သွားလိုက်နဲ့ပေါ့။

အခု ငါတို့ ဘဝတွေကို တိုက်ခတ်နေတာ ဘာလေစီးကြောင်းလဲ။

နာမည်မရှိသေးရင်တော့ ‘အပူသည်လေ” လို့ပဲ ခေါ်လိုက်ကြရအောင်။

သူ ဘယ်လောက်ကြာကြာ ငေးပြီး တွေးတော စဉ်းစားနေမိသည်မသိ။ မှောင်စပင် ပျိုးတော့မည်။

ရုတ်တရက် သူ့ကို နောက်ကျောဖက်ဆီမှ တစ်စုံတစ်ယောက်က စိုက်ကြည့်နေသည်ဟု ခံစားလိုက်ရ၏။ မသိစိတ်က လှုံ့ဆော်နေ ခြင်းဖြစ်သည်။

ပင်လယ်ကို ငေးကြည့်နေရာမှ အကြည့်ကို ပြန်ရုပ်သိမ်းကာ နောက်ဖက်ဆီသို့ လှည့်လိုက်၏။

သူ့အားစိုက်ကြည့်နေသူကို သူမြင်ရပြီ။ 

“ဟင်. . . ကသစ်ဖြူ”

မိုးနှောင်း ဝမ်းသာအားရဖြင့် ကသစ်ဖြူဆီသို့ ပြေးသွားလိုက်၏။ ပြီးတော့ ကသစ်ဖြူ၏ လက်မောင်းနှစ်ဖက်ကို အားမလိုအားမရ ကိုင်လှုပ်ရင်း . . .

“စိတ်ပူလိုက်ရတာကွာ၊ ကိုယ်လိုက်ရှာတာ နှံ့နေပြီ၊ ဘယ်လိုဖြစ်ပြီး ပျောက်သွားရတာလဲ”

“ကျွန်မလည်း ရှင့်အနားမှာ နေနေတာပဲ၊ ဘယ်လိုဖြစ်ပြီး လူချင်းကွဲသွားတာလဲ မသိဘူး”

ကသစ်ဖြူ ပြန်ဖြေသံက အားမပါလှ။ တိုးတိုးညှင်းညှင်းသာ၊ မိုးနှောင်းကတော့ ကသစ်ဖြူ၏ မျက်နှာကို ကြည့်လို့မဝသလို စိုက်ငေး ရင်း . . .

“ဒီနေရာလေးကို ဘာဖြစ်လို့ ရောက်လာတာလဲဟင်" 

ကသစ်ဖြူက ချက်ချင်း မဖြေသေး။ မိုးနှောင်းဆုပ်ကိုင်ထားသော လက်တွေထဲမှနေ၍ သူမ၏ လက်မောင်းနှစ်ဘက်ကို နူးညံ့ညင် သာစွာ မသိမသာ ရုန်းဖယ်သည်။

ပြီးတော့မှ …

“ကျွန်မ ရှင့်ကို လိုက်ရှာကြည့်သေးတယ်၊ မတွေ့တော့တဲ့အဆုံးကျတော့ ရှင်နဲ့ကျွန်မ စတွေ့ ခဲ့တဲ့ ဒီနေရာကို လာကြည့်ချင်စိတ်က အလိုလို ပေါ်လာတယ်”

သူမ၏လေသံအရ စကားက မဆုံးသေး။

သို့သော် စကားသံက ပိုတိုးညှင်းသွားသည်။ ရှက်ရွံ့သလိုမျိုး မျက်လွှာကိုလည်း ဖြည်းဖြည်းချင်း ချသည်။ ထို့နောက် …

“ပြီးတော့. . . ဒီနေရာလေးမှာ ရှင်ရှိနေလိမ့်မယ်လို့လည်း ကျွန်မစိတ်ထဲမှာ ထင်နေမိတယ်"

သူမ၏ စကားသံက ပန်းနုရောင်။

စကားအဆုံးတွင် သူမက တုန်ယင်စွာဖြင့် မိုးနှောင်းကို မော့ကြည့်သည်။ သူမ၏ မျက်ဝန်းကို ကြိုစောင့်နေသော မိုးနှောင်း၏ အကြည့်နှင့် ဆုံဖြစ်ကြ၏။

ညနေခင်းသည် စိမ်းလန်းသွားလေသည်။

အပိုင်း ၁၃ ဖတ်ရန်

Comments