ESPN ရုပ်သံလိုင်းမှ လာနေသော ဘောလုံးပွဲ အစီအစဉ်က အရှိန်ကောင်းနေသည်။ ရီးယဲမက်ဒရစ်နှင့် ဗလင်စီယာပွဲ ဖြစ်၏။ မိုးနှောင်းက ဘောလုံးပွဲထဲမှာ စိတ်ဝင်စားနေသလောက် ကသစ်ဖြူကတော့ ရောင်စုံကွက် ပဟေဠိ ကုဗတုံးကလေးကိုသာ သဲသဲမဲမဲ တချောက်ချောက်နှင့် ကိုင်တွယ် လှည့်ကစားနေ၏။
သူမ၏ မျက်နှာကလည်း စိတ်ရှုပ်ထွေး အလိုမကျသလို မျက်မှောင်နှစ်ဖက်ကို တင်းတင်းစု ကျုံ့ထားသည်။
မိုးနှောင်းက လှမ်းမေးလိုက်၏။
“မင်း. . . ဘာဖြစ်နေတာလဲ"
ကသစ်ဖြူက သူမ၏ လက်ထဲမှ ပဟေဠိကုဗတုံးကလေးကို စူးစူးစိုက်စိုက်ကြည့်ရင်း...
“ကျွန်မ ဦးနှောက်တွေ မကောင်းတော့ဘူး၊ အရင်ကဆို ဒီအဖြေကို လွယ်လွယ်လေးနဲ့ လုပ်လို့ရတယ်၊ ဒါပေမဲ့ အခု. . . အခု. . . နာရီဝက်လောက်ရှိသွားပြီ၊ လုံးဝမရသေးဘူး”
မိုးနှောင်းက ရယ်သံစွက်ကာ
“ရမှာပါကွာ. . . မင်း စိတ်တွေပျံ့လွင့်နေလို့ ဖြစ်ပါလိမ့်မယ်၊ လာ.. လာ... စိတ်အပြောင်းအလဲလေးဖြစ်သွားအောင် ဘောလုံးပွဲ လာကြည့်ပါလား"
“ကိုယ်နဲ့မဆိုင်တဲ့လူတွေ အချင်းချင်း ယှဉ်ပြိုင်နေတာကို ကျွန်မ စိတ်မဝင်စားဘူး၊ လောလောဆယ် ကျွန်မလက်ထဲက ပဟေဠိကိုပဲ စိတ်ဝင်စားတယ်၊ ဒါကို ကျွန်မ မရရအောင် လုပ်ချင်နေတာ”
ကသစ်ဖြူက နှုတ်ခမ်းလေးကို စူရင်းပြော၏။ မိုးနှောင်းက သူမ၏ အကြောခပ်တင်းတင်း စိတ်ကို သိပြီးသားဖြစ်သောကြောင့် ထပ် မတိုက်တွန်းတော့ဘဲ ဘောလုံးပွဲကိုသာ ဆက်ကြည့်နေဖြစ်၏။
အမှတ်ပေးဇယားထိပ်ဆုံးက ဘာစီလိုနာက ရီးယဲမက်ဒရစ်ထက် တစ်မှတ်အကွာနှင့်သာ ဦးဆောင်နေသောကြောင့် ဒီပွဲကို နိုင်လိုက်လျှင် ရီးယဲက ဇယားကို ပြန်ပြီး ဦးဆောင်နိုင်မည် ဖြစ်သည်။ ဒါကြောင့်လည်း ရီးယဲကစားသမားတွေအားလုံး ခြေကုန်ထုတ်ပြီး ဖိဖိစီးစီး တွန်းတွန်းတိုက်တိုက်နှင့် အသားကုန် ကစားနေကြခြင်း ဖြစ်၏။
မိုးနှောင်း ကြည့်နေစဉ်မှာပင် ရီးယဲကွင်းလယ်လူ ဂူတီက ဖြတ်တင်ပေးလိုက်သော ဘောလုံးကို စီရော်နယ်ဒိုက မြေမကျဘော ဝိုက်ကန် သွင်းယူလိုက်ရာ …
“ဂိုး”
မိုးနှောင်းက အားရပါးရထခုန်ပြီး အော်လိုက်သောကြောင့် ကသစ်ဖြူ၊ ရုတ်တရက် လန့်ဖျပ်ပြီး လက်ထဲမှ ကုဗတုံးကလေး လွတ်ကျသွား၏။ သူမက စိတ်တိုတိုဖြင့် . .
“ရှင်ကလည်း ဘာဖြစ်ရတာလဲ၊ အလန့်တကြားနဲ့. .."
“ဟ. . . ဂိုးသွင်းလိုက်လို့ အားပေးတာလေကွာ၊ သွင်းသွားတဲ့ ပုံစံက အရမ်းမိုက်တယ်၊ လာကြည့်. . . လာ စီရော်နယ်ဒို သွင်းသွားတာကွ”
ကသစ်ဖြူက ဘုကြည့်ကြည့်ပြီး မိုးနှောင်းအနီးသို့ လျှောက်လာရင်း တီဗီကို တစ်ချက်လှမ်းကြည့်ကာ . .
“ဘယ်သူလဲ. . . စီရော်နယ်ဒိုဆိုတာ..."
“ဟိုမှာလေ. . . ဟိုမှာ. . . ပြေးသွားတာတွေ့လား၊ အင်္ကျီ နံပါတ်(၉)နဲ့ဟာ စီရော်နယ်ဒိုပေါ့”
မိုးနှောင်းကတော့ ရိုးရိုးပင်တွေးပြီး ကွင်းအတွင်း ပြေးလွှား အောင်ပွဲခံနေသော စီရော်နယ်ဒို၏ပုံကို လက်ညှိုးထိုး ပြလိုက်၏။ ထိုအချိန်တွင် တီဗီကလည်း စီရော်နယ်ဒို၏ အနီးကပ်ပုံကို ရိုက်ကူးပြနေလေရာ အင်္ကျီကျောဖက်ရှိ Ronaldo ဟူသော စာတမ်းနှင့် နံပါတ်(၅)တို့ကို ထင်ထင်ရှားရှား မြင်နေရသည်။
ကသစ်ဖြူက တီဗီကိုတစ်လှည့် မိုးနှောင်းကိုတစ်လှည့် ကြည့်ရင်း တစ်စုံတစ်ခုကို အပြင်းအထန်စ ဉ်းစားနေရပုံမျိုး နှုတ်ခမ်းကို ဖွဖွ ကိုက်ထား၏။
ပြီးတော့မှ. . .
“ကျွန်မ အဲဒီဘောလုံးသမားရဲ့ အင်္ကျီကို လိုချင်တယ်၊ သူကိုယ်တိုင် လက်မှတ်ထိုးထားတဲ့အင်္ကျီကို ပြောတာနော်”
မိုးနှောင်းက အလန့်တကြားဖြစ်သွားပြီး. . .
“ဟာ …. ဒါတော့ မလွယ်ဘူးထင်တယ်”
ကသစ်ဖြူက မျက်ဝန်းနက်ဆံကလေးကို မျက်လုံးအိမ်ထောင့်သို့ လှပစွာ ကပ်လိုက်ရင်း … .
“အင်း”
“အဲဒီအင်္ကျီက ဟောဒီ ကမ္ဘာမြေပေါ်မှာရှိတဲ့ ပစ္စည်းပဲ မဟုတ်လား”
“အင်း”
မိုးနှောင်းက မဖြေချင်ဖြေချင်နှင့် ဖြေ၏။ ကသစ်ဖြူက. . .
“အဲဒီလို ဘောလုံးသမားကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ အင်္ကျီတွေကို ဝယ်စုတတ်ကြတဲ့ ဘောလုံး Crazy တွေကလည်း ရိုးရိုးသာမန် လူတွေပဲ မဟုတ်လား”
မိုးနှောင်းက ဒုတိယအကြိမ် ဝန်ခံရမည့်စကားဖြစ်သော ‘အင်း’ ကို ချက်ချင်း မပြောသေးဘဲ အချိန်ဆွဲထားသေး၏။ သူဖြေခဲ့သော စကားလုံးတွေနှင့် သူ့ကို ပြန်ချည်နှောင်နေသော ကသစ်ဖြူ၏ ထောင်ချောက်ကို သူ ရှောင်ထွက်၍ မရနိုင်တော့။
နောက်ဆုံး မိုးနှောင်းက လေးလံစွာဖြင့် …
“အင်း”
သည်တော့မှ ကသစ်ဖြူ ပြုံးသည်။ ရက်စက်ခါနီး ဆဲဆဲမှာ ကွမ်းတစ်ယာ ရေတစ်မှုတ် ကျွေးသည့် အပြုံးမျိုး။ ပြီးတော့ …
“ဒါဆို. . . ရှင်ပြောထားတဲ့အတိုင်း ရအောင်ရှာနိုင်ရမှာပေါ့နော်”
**********
မိုးနှောင်းက ထုံးစံအတိုင်း ထူးကျော်ဆီ ဖုန်းလှမ်းဆက်ပြီး အကြံဉာဏ် တောင်းကြည့်လိုက်သည်။ နောက် ထူးကျော် အကြံပေးသည့်အတိုင်း Internet ထဲတွင် အားကစားသမားများ၏ အမှတ်တရပစ္စည်းတို့ကို လေလံပစ်သော WebSite ကို ရှာကြည့်လိုက်၏။
ကံအားလျော်စွာပင် သူလိုချင်သော စီရော်နယ်ဒို၏ အင်္ကျီကို တွေ့သည်။ မိုးနှောင်းကဝင်ပြီး လေလံဆွဲဘို့ ကြိုးစားတော့သည်။
*****
ကသစ်ဖြူက မီးဖိုချောင်ထဲတွင် ကော်ဖီ ဖျော်နေသည်။ အရင်တုန်းကတော့ မမယုက ဒိုင်ခံ လုပ်ပေးနေသော်လည်း တဖြည်းဖြည်းနှင့် မမယုကို အားနာလာသောကြောင့် တတ်နိုင်သလောက် ကိုယ့်ဖါသာကိုယ် လုပ်ကြည့်ခြင်း ဖြစ်၏။
သူမက စတီးမတ်ခွက် အကြီးစားထဲသို့ ကော်ဖီမှုန့်၊ သကြားနှင့် နို့ဆီတို့ ခပ်ထည့်လိုက်သည်။ ရေနွေးက မဆူသေးသောကြောင့် ခဏစောင့်နေရ၏။ အတန်ငယ်ကြာတော့ ရေနွေးဆူသည်ကိုပြသော အမှတ်အသားမှာ မီးစိမ်းကလေး လင်းလာသည်။
ကသစ်ဖြူက Pressure Valve အဆို့ရှင် နှုတ်သီးခေါင်းဝတွင် မတ်ခွက်ကို ခံထားပြီး ခလုပ်နှိပ်လိုက်သောအခါ ပွက်ပွက်ဆူနေသော ရေနွေးတွေ ကျလာ၏။
သူမက ဇွန်းတစ်ချောင်းဖြင့် ခေါက်ပြီး မွှေလိုက်သည်။ မွှေပြီးတော့ တစ်ဇွန်း မြည်းကြည့်လိုက်၏။
ကသစ်ဖြူ အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ စောစောက သကြားထည့်ပြီးခဲ့ပြီလား။ မထည့်ရသေးဘူးလား။
သူမ မမှတ်မိတော့။
သေချာအောင် နောက်ထပ် သကြားနှစ်ဇွန်းခန့် ထပ်ထည့်ကာ မွှေလိုက်သည်။ ပြီးတော့ ပန်းကန်လုံးတွေထဲထည့်ဘို့ ပန်းကန်လုံးလိုက်ရှာသည်။ ပြီးတော့ အောက်ခံပန်းကန်ပြား။ နောက် လက်သုတ်ပုဝါ။
ဘယ်ပစ္စည်းကို ဘယ်နားထားမှန်း မသိသောကြောင့် ရှာရဖွေရသည်မှာ အနည်းငယ်ကြာသွား၏။
နောက်ဆုံး ပန်းကန်ပြားပေါ်မှာ ပန်းကန်လုံးကိုတင်၊ ဘေးမှာ လက်သုတ်ပုဝါကို ကျကျနန ခေါက်ထည့်ပြီးချိန်တွင် သူမ၏ စိတ်ထဲ၌ ထင့်ခနဲ ဖြစ်သွားပြန်လေသည်။
သကြားထည့်ပြီးပြီလား. . . ။ မထည့်ရသေးဘူးလား.. ။
သူမ လုံးလုံး မေ့သွားပြန်ပြီ။
ကော်ဖီကို တစ်ဇွန်းနှစ်ဇွန်း ခပ်သောက်ကြည့်တော့လည်း စောစောတုန်းက သောက်ထားခဲ့သော အရသာက လျှာပေါ်မှာ စွဲနေတာက တစ်ကြောင်း၊ ကော်ဖီက ပူလွန်းနေသည်က တစ်ကြောင်းတို့ကြောင့် သိပ် ကွဲကွဲပြားပြားမခံစားရ။
သေချာအောင် နောက်ထပ် သကြားနှစ်ဇွန်း ထည့်ဖျော်လိုက်သည်။
ထို့နောက်. . . မိုးနှောင်းသောက်ဖို့ ကော်ဖီခွက်ကို ဗန်းဖြင့် သယ်ကာ ဧည့်ခန်းဆီသို့ ထွက်ခဲ့၏။
ကွန်ပျူတာကို ပိတ်ခါ ငူငူကြီး ထိုင်နေသော မိုးနှောင်းကို တွေ့ရတော့ ကသစ်ဖြူက ကော်ဖီဗန်းကို ဘေးမှာချလိုက်ပြီး .
“ရှင် ဘာဖြစ်နေတာလဲ”
မိုးနှောင်းက မဖြေချင်ဖြေချင်ဖြင့် . . .
“မင်းလိုချင်တယ်ဆိုတဲ့ စီရော်နယ်ဒိုရဲ့ အင်္ကျီလေ၊ အင်တာနက်ထဲမှာ လေလံတင်ထားတာ တွေ့လို့ ဝင်ပြီး လေလံဆွဲတာ။ အရေးထဲကျမှ ကိုယ့်ကွန်ပျူတာက ဘယ်လိုဖြစ်ပြီး ဖေါက်သွားသလဲ မသိဘူး၊ Connection ပြတ်သွားတယ်. . . ဟူး"
ကသစ်ဖြူက ဘေးမှာဝင်ထိုင်ရင်း ခပ်အုပ်အုပ်ရယ်မောလိုက်သည်။
“ဒီတစ်ခါတော့ ရှင် အရှုံးပေးရပြီ ဆိုပါတော့လေ၊ ဟင်း... ဟင်း. . . ဝန်ခံလိုက်စမ်းပါ၊ လူတစ်ယောက်ရဲ့ အလိုကို လိုက်ရတယ်ဆိုတာ လွယ်တာမှတ်လို့။ အဲဒါကြောင့် ချစ်လှပါချည်ရဲ့ဆိုပြီး လက်ထပ်ထားတဲ့ လင်မယားတွေတောင် တစ်ယောက်အလိုဆန္ဒကို တစ်ယောက်က ဘဝပေးပြီး မဖြည့်ဆည်းနိုင်တဲ့အခါ ကွဲကြကွာကြ ဖြစ်ရသေးတာပဲ။ မိုးနှောင်းဆိုတဲ့ လူတစ်ယောက်က ကသစ်ဖြူဆိုတဲ့ ဘာမဟုတ်တဲ့ မိန်းမတစ်ယောက်ရဲ့ဆန္ဒကို မဖြည့်ဆည်းပေးနိုင်တာ မဆန်းပါဘူး”
မိုးနှောင်း သူမကို မခံချင်စိတ်ဖြင့် တစ်ချက်လှမ်းကြည့်ရင်း. .
“မင်း စကားကို အကုန်မပြောနဲ့ဦးလေ၊င ါ အရှုံးပေးပြီလို့ မင်းကို ဘယ်သူပြောလို့လဲ”
“ရှင်က ဘယ်လိုများ ထပ်ပြီး ကြိုးစားချင်သေးလို့လဲ”
“ဟ. . . လေလံရသွားတဲ့သူရဲ့ လိပ်စာကို စုံစမ်းပြီး သူ့ဆီက ပြန်ဝယ်မယ်ကွာ၊ အဲဒီလူက ဒီစင်္ကာပူကမဟုတ်လို့ မရနိုင်ရင်လည်း ဘာဖြစ်သေးလဲ၊ အဲဒီအင်္ကျီမျိုးက ကမ္ဘာပေါ်မှာ တစ်ထည်တည်းရှိတာ မှမဟုတ်တာ။ တစ်ထည်မဟုတ် တစ်ထည်တော့ ရှိဦးမှာပေါ့”
ကသစ်ဖြူ၏ မျက်နှာပေါ်မှအပြုံးက ခပ်လှောင်လှောင်။ သူမက …
“အင်းပါ. . . အင်းပါ. . . ကြိုးစားဦးပေါ့၊ ကဲ. . . ကြိုးစားဘို့ အကြံလေး ဉာဏ်လေးထွက်အောင် ကော်ဖီသောက်လိုက်ဦး. . . ရော့”
မိုးနှောင်းက ကော်ဖီခွက်ကိုယူ၍ တစ်ငုံငုံကြည့်လိုက်ပြီး
မျက်နှာရှုံ့မဲ့သွားကာ. . .
“ဟာ. . . မင်းကော်ဖီကလည်း ချိုလှချည်လား၊ သကြားတွေ ဘယ်လောက်တောင် ထည့်လာတာလဲ”
မိုးနှောင်း၏ စကားကြောင့် ကသစ်ဖြူ၏ မျက်နှာပေါ်မှ အပြုံးက ဖြုတ်ခနဲ ပျောက်ကွယ်ပြီး မျက်နှာပျက်သွား၏။ သူမက မရေရာသော လေသံဖြင့် …
“ရှင်...ဟို...အဲ... ကျွန်မ. . . ကျွန်မ. . . မေ့ပြီး သကြားကို နှစ်ခါထည့်မိတယ် ထင်တယ်”
“နှစ်ခါတောင် ကရဲ့လားကွာ၊ သကြားတစ်ပုလင်းလုံး မှောက်ကျလာတာနဲ့ တူပါတယ်၊ ကိုယ့်ဖါသာကိုယ်လည်း သောက်ကြည့်ပါဦး”
ကသစ်ဖြူက ကော်ဖီခွက်ကိုယူကာ တစ်ငုံငုံကြည့်လိုက်၏။ ဟုတ်သည် အေးစက်စပြုနေသောကြောင့်လားမသိ။ ကော်ဖီသည် ချိုချိုရဲရဲ အရသာဆိုးကြီး ထွက်နေ၏။
ကသစ်ဖြူ တွေဝေသွားသည်။
အရသာပျက်စီးသွားသော ကော်ဖီတစ်ခွက်သည် သူမကိုယ်တိုင်ပင် ဖြစ်နေသလို ခံစားလိုက်ရလေ၏။
Comments
Post a Comment