မိုးနှောင်း စုံစမ်းကြည့်လိုက်တော့ လေလံအောင်သွားသော သူထံမှ အင်္ကျီကို ပြန်ဝယ်ဖို့တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်မှန်း သိလိုက်ရသည်။ သို့သော် စီရော်နယ်ဒို လက်မှတ်ထိုးထားသော အင်္ကျီအစစ်တစ်ထည်က စင်္ကာပူရှိ Souvenir ဆိုင်ပိုင်ရှင်တစ်ယောက်ဆီမှာ ရှိနေကြောင်း သတင်းလက်ဆောင် ပေးသွား၏။
ကံကောင်းချင်တော့ အဲဒီ Souvenir Shop ပိုင်ရှင်ကလည်း မြန်မာနိုင်ငံသား ဖြစ်သည်ဟု ဆိုသည်။ ဆိုင်ရှင်နာမည်က ဖါဟစ် နူရီကာဇင်(မ်)။ သူ့ဆိုင်က Kranji မှာ။ မလေးရှားဘက်သို့ ကားဖြင့်သွားသည့် လမ်းကြောင်းပေါ်မှာပင်။ လိပ်စာရသည်နှင့် ချက်ချင်း မိုးနှောင်း ကျောပိုးအိတ်တစ်လုံးကို ကောက်လွယ်ပြီး ခရန်ဂျိသို့ ထွက်ခဲ့တော့သည်။
ခရန်ဂျိကိုရောက်တော့ လိပ်စာထဲက ဆိုင်ကို သိပ်မရှာလိုက်ရ။ နာမည်လှလှလေး ပေးထားသောကြောင့် ချက်ချင်းလိုပင် တန်းခနဲတွေ့သည်။
DREAM HARP
MYANMAR SOUVENIR SHIP
(မြန်မာ့လက်မှု အနုပညာပစ္စည်း အမှတ်တရ အရောင်းဆိုင်)
မိုးနှောင်းက ဆိုင်ထဲသို့ဝ င်သွားပြီး ဆိုင်ပိုင်ရှင် ဖြစ်မည် ထင်ရသူကို ရှာသည်။ ကောင်တာနောက်မှာ ထိုင်နေသော မုတ်ဆိတ်မွှေးဖါးဖါး ခန္ဓာကိုယ် ခပ်ဖိုင့်ဖိုင့်နှင့် အသက်(၄၀)ကျော်အရွယ် လူတစ်ယောက်ကို တွေ့သောအခါ မိုးနှောင်းက သူ့ ကျောပိုးအိတ်ကို ဖုတ်ခနဲပစ်ချလိုက်ပြီး …
“ကျွန်တော် မစ္စတာ ဖါဟစ်နူရီကာဇင်(မ်)နဲ့ တွေ့ချင်လို့ပါ" ဟု မြန်မာလို ပြောလိုက်၏။
ထိုသူက . . .
“ကန်ကလေး. . . နင်က မြန်မာလား"
“ဟုတ်ကဲ့”
“ငါလည်း မြန်မာပြည်ကပဲ၊ ငါ့မှာ မြန်မာနာမည် ရှိတယ်၊
မိုးနှောင်းက မုတ်ဆိတ်မွှေးကြီး၏ မြန်မာနာမည်ကို ကြားလိုက်တော့
“ဟာ. . . နာမည်က ပျံလန်နေတာပဲဗျာ"
“ဟမ်း. . . ကာဇင်(မ်)နော်၊ မြန်မာလူမျိုးကို ချစ်တယ်၊ မြန်မာနာမည် လှလှလေးတွေကိုလည်း ချစ်တယ်၊ ကာဇင့်ဆိုင်နာမည်နော် ရေရေလည်လည် အပျံစားပေးထားတယ်၊ ကန်ကလေး. . . ကြည့်ပါလား၊ DREAM HARP အိပ်မက်စောင်း. . . တဲ့"
မိုးနှောင်းက . . .
“ဟာ. . အိပ်မက်ကြီးက စောင်းနေမှတော့ ဘယ်ကြည့်ကောင်းမှာလဲ၊ အိပ်နေရင်း ဇက်ကြီးလိမ်သွားမှာပေါ့”
“အာရိုရို ကန်ကလေး၊ စောင်း. . . စောင်း. . . တူနယ်တဲ့နယ် မြည်အောင်တီးတဲ့စောင်း၊ ဟရေး. . . ဟိုဟာလေ ကြိုးတွေတပ်ထားတဲ့ ကောက်ကောက်ကြီးကိုပြောတာ၊ ဖယား. . . ဖယား. . . ဒွတ်ခ. . .ဒွတ်ခ..”
“ဪ. . . သဘောပေါက်ပြီ. . . သဘောပေါက်ပြီ၊ မသိလို့ပါ ကိုခင်မောင်မျိုးမြင့်သူရယ်၊ ခွင့်လွှတ်ပါဗျာ”
မိုးနှောင်းက ကာဇင်(ခေါ်) ကိုခင်မောင်မျိုးမြင့်သူ စိတ်ဆိုးသွားမှာစိုးသဖြင့် ကမန်းကတန်း တောင်းပန်ရ၏။
ကာဇင် (ခေါ်) ကိုခင်မောင်မျိုးမြင့်သူက …
“ကဲ. . . ဆိုစမ်းပါဦး ကန်ကလေး၊ ငါ့ဆိုင်ကနော် နင် ဘယ်လိုပစ္စည်းမျိုး ဝယ်ချင်သလဲ၊ ဈေးများတယ် ထင်တယ်နော်၊ ငါ့ကို တစ်ခါတည်းရိုက်သွားလိုက်၊ ငါ စိတ်မဆိုးဘူး၊ ကာဇင်နော် မှန်တာလုပ်တယ်၊ ဟုတ်တာပြောတယ်၊ ဘုရားမကြိုက်တာ ဘာတစ်ခုမှ မလုပ်ဘူး”
“ဒီလိုပါ ကိုခင်မောင်မျိုးမြင့်သူရယ်၊ ကိုခင်မောင်မျိုးမြင့်သူ ဆီမှာ စီရော်နယ်ဒို လက်မှတ်ထိုးထားတဲ့ အားကစားအင်္ကျီရှိတယ်လို့ သတင်းကြားတာနဲ့. . . အဲဒါ .. "
မိုးနှောင်းက အင်္ကျီကိုပြန်ဝယ်ဖို့ကိစ္စ ဘယ်လိုစကားစရမှန်းမသိ ဖြစ်နေစဉ်မှာပင် ကာဇင် (ခေါ်) ကိုခင်မောင်မျိုးမြင့်သူ၏ မျက်နှာက ကွဲကွာနေသော ဆွေမျိုးအချင်းချင်း ရုတ်တရက်ပြန်တွေ့လိုက်ရသလိုမျိုး ဝင်းခနဲလက်သွားပြီး
“အာရိုရို. . . ကန်ကလေး၊ နင်လည်း ဒိုလေးပရိသတ်ပဲလား၊ ကာဇင်နော် ဒိုလေးကို တအားချစ်တယ်၊ ဒိုလေးလက်မှတ်ပါတယ်နော်၊ ကာဇင် အားလုံးရအောင် စုထားတယ်၊ ဒိုလေးဝတ်တဲ့ အောက်ခံဘောင်းဘီနော်၊ ကာဇင့်မှာရှိတယ်၊ ကြည့်မလား. . . ကန်ကလေး”
မိုးနှောင်း မျက်နှာတစ်ချက် ရှုံ့မဲ့သွား၏။ သို့သော် . .
“ကျွန်တော်လည်း ဒိုလေးပရိသတ်ပါပဲ၊ ဒါပေမဲ့ အောက်ခံဘောင်းဘီတော့ မကြည့်ပါရစေနဲ့ ကိုခင်မောင်မျိုးမြင့်သူရယ်၊ နေပါစေ . . . ဟို. . . သူ့လက်မှတ်ပါတဲ့ အားကစားအင်္ကျီလေးပဲ၊ အဲ. . . အဲဒါ . . . ဖြစ်နိုင်ရန် ပြန်ရောင်းပါလား၊ ကျွန်တော် ပြန်ဝယ်ချင်လို့ပါ”
ကာဇင် (ခေါ်) ကိုခင်မောင်မျိုးမြင့်သူ၏မျက်နှာက ချက်ချင်း တည်သွားပြီး …
“ဟရေး. . . ကာဇင်နော် ဘိုးဘွားလက်ထက်ကတည်းက
ပစ္စည်းအဟောင်း စုလာတာ၊ ဟောဒီဆိုင်နဲ့ တစ်လုံးရှိတယ်၊ ကာဇင် ဘာတစ်ခုမှ အစွဲလမ်းမ ထားဘူး၊ ဒါပေမဲ့ ဒိုလေးပစ္စည်းနော်၊ ကာဇင် အားကြီးမြတ်နိုးတယ်၊ လုံးဝမရောင်းနိုင်ဘူး ကန်ကလေး"
ကာဇင့်စကားကြောင့် မိုးနှောင်း ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး . . .
“ဟာ. . . လုပ်ပါအနဲရယ်၊ ကျွန်တော်ကလည်း တခြား ဘာဆို ဘာမှ မလိုချင်ပါဘူး၊ အဲဒီအင်္ကျီရရင် ကျေနပ်ပါပြီ၊ ဘယ်လောက်ပဲ ပေးရပေးရ ဝယ်ပါ့မယ်"
မိုးနှောင်းက လေသံကော အခေါ်အဝေါ်တွေပါ ပြောင်းကုန်၏။
‘လုပ်ပါ. . . အနဲရယ်’ ဘာ... ညာ ဖြစ်လာသည်။ ကာဇင် (ခေါ်) ကိုခင်မောင်မျိုးမြင့်သူက မိုးနှောင်း ပတ်ချွဲနပ်ချွဲလုပ်နေပုံကို မသင်္ကာစွာကြည့်ရင်း
“ကန်ကလေးနော်. . . နင် ဒိုလေးပရိသတ်လည်း ပြောတယ်၊ တခြားဟာတော့ စိတ်မဝင်စားဘူး၊ အဲဒီအင်္ကျီကိုပဲ ဇွတ်ဝယ်နေတယ်၊ ဘယ်လိုသဘောလဲ၊ ကာဇင့်ကိုရှင်းအောင်ပြော ကန်ကလေး၊ နင် ညာတယ်နော်၊ ဘုရားသိတယ်. . . ကန်ကလေး”
“ဟို. . . ဟို. . . ဒီလိုဗျာ၊ ကျွန်တော့်ကောင်မလေးက ဒိုလေးကို အရမ်းကြိုက်တာဗျ၊ သူက ဒိုလေးလက်မှတ်ပါတဲ့အင်္ကျီကို အသေအလဲ လိုချင်နေတယ်၊ အဲဒါ ကျွန်တော့်ကို ရအောင်ရှာပြီး ဝယ်ပေးရမယ်လို့ အတင်းခိုင်းနေတယ်၊ အင်း. . . ဘယ်လိုခေါ်ရပါ့မလဲ၊ စိတ္တဇပေါ့ဗျာ၊ အဲဒီအင်္ကျီမရမချင်း တငိုငို တရယ်ရယ်နဲ့၊ ကျွန်တော့်ကိုလည်း အဲဒီအင်္ကျီ ရအောင်ဝယ်မလာရင် အဆက်ဖြတ်မယ်လို့ ပြောနေတယ်ဗျာ”
“အာရိုရို. . . ကျွတ်. . . ကျွတ်. . . ကျွတ်”
ကာဇင် (ခေါ်) ကိုခင်မောင်မျိုးမြင့်သူ တစ်ယောက် ကြေကွဲသွားပုံရ၏။ တကျွတ်ကျွတ်နှင့် စုပ်သပ်နေသည်။ မိုးနှောင်းက အခြေအနေကို အကဲခတ်လိုက်ပြီး. . .
“အနဲရယ်. . . ကျွန်တော်တို့ချစ်ခြင်းကို မခွဲပါနဲ့လားဗျာ၊ အဲဒီ အင်္ကျီလေးကို ရောင်းလိုက်ပါဗျာ. . . နော်”
ကာဇင် (ခေါ်) ကိုခင်မောင်မျိုးမြင့်သူက သူ့ပါးပြင်ပေါ်စီးကျလာသော မျက်ရည်ကိုသုတ်လိုက်ပြီး. . .
“အဟင့် . . ကန်ကလေး နင် တရားသလား၊ နင်လည်း နင့် ကန်မလေးနဲ့ မခွဲနိုင်သလို. . . ရွှတ်. . . အဟင့်. . . ကာဇင်လည်း ဒိုလေးနဲ့ မခွဲနိုင်ဘူး၊ ငါ့ရင်တွေ မီးလိုပူတယ် ကန်ကလေး၊ မရောင်းပါရစေနဲ့”
“ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလား အနဲရယ်”
“ကာဇင်နော်. . . ထမင်းကို နှစ်ခါပြန်စားချင်စားမယ်၊ စကားကို နှစ်ခါပြင်မပြောဘူး ကန်ကလေး”
မိုးနှောင်းက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းကို ရှူးခနဲ မှုတ်ထုတ်၏။ ပြီးတော့မှ …
“ဒါဆိုလည်း အနဲရယ်၊ အဲဒီအင်္ကျီက ကျွန်တော့်အသည်းကိုခွဲမယ့်အင်္ကျီဆိုတော့ ဟိုလေ အမှတ်တရ မြင်ဖူးတယ်ရှိအောင် ခဏပြပါလားဟင်"
ကာဇင်က ခေါင်းကို လေးလေးတွဲ့တွဲ့ ညိတ်ရင်း . . .
“ကြည့်ချင်တယ်ဆိုရင်တော့ ရတယ် ကန်ကလေး၊ ကြိုက်သလောက်သာကြည့် ကာဇင် စိတ်မဆိုးဘူး”
ကာဇင်က ပြောပြောဆိုဆိုဖြင့် အင်္ကျီကိုယူရန် အတွင်းခန်းထဲသို့ ဝင်သွားသည်။
မိုးနှောင်းက သူ စောစောက ပစ်ချထားသော ကျောပိုးအိတ်ကို ခြေမြန်လက် မြန်ကောက်ယူပြီး ဇစ်ကို ရွှံ့ခနဲ ဆွဲဖွင့်လိုက်၏။ သူ့ ကျောပိုးအိတ်ထဲမှာ အားကစားပစ္စည်း အရောင်းဆိုင်မှ (၅၆) ပေါင်ပေးပြီး ဝယ်လာရသော ကျောနံပါတ်ကိုး ရီးယဲအင်္ကျီ အလွတ်တစ်ထည် ရှိနေသည်။
Comments
Post a Comment