မနက်ဖြန်အစီအစဉ် - ၁၅ @ မင်းခိုက်စိုးစန်


မိုးနှောင်း၏အသံက အေးဆေးသည်၊ တည်ငြိမ်သည်။ ကသစ်ဖြူက လက်ထဲမှ စီရော်နယ်ဒို၏ လက်မှတ်ပါသော အင်္ကျီကိုတစ်လှည့် မိုးနှောင်းကိုတစ်လှည့် ကြည့်ရင်း …

“ရှင်. . . ရှင်. . . တကယ်ရလာတယ်. . . ဟုတ်လား”

မိုးနှောင်းက သိပ်အရေးမကြီးသည့် အမူအယာဖြင့် …

“တကယ်တော့. . . လောကကြီးမှာ ‘ခက်တယ်” လို့ ပြောပြောနေကြတဲ့ အရာတွေအားလုံးရဲ့ ၈၀%လောက်ဟာ တကယ် မလုပ်ကြည့်သေးဘဲနဲ့ ကြိုတင်ပြီး အားလျော့နေတာတွေပါကွာ၊ ကိုယ့်အတွက်တော့ …”

“ဟင်. . . ရှင်. . . ရှင့်နှာခေါင်းမှာ သွေးတွေ”

မိုးနှောင်း၏ နှာခေါင်းမှ စီးလျှံကျလာသော သွေးတွေကို မြင်ပြီး ကသစ်ဖြူက အထိတ်တလန့် အော်လိုက်သည်။

မိုးနှောင်းက တစ်ရှူးစက္ကူစယူ၍ စီးကျလာသော သွေးတွေကို သုတ်ပစ်ရင်း . . .

“ရတယ်. . . ရတယ်. . . ဘာမှမဖြစ်ဘူး၊ ကိုယ်က ဒီလိုပဲ တစ်ခါတစ်လေ နှာခေါင်းသွေး လျှံတတ်တယ်”

“အို. . . အဲလို ပြီးစလွယ် မပြောနဲ့လေ၊ သွေးတွေက အများကြီး ထွက်နေတဲ့ဥစ္စာ၊ လာ. . .လာ... . ဒီမှာထိုင်"

ကသစ်ဖြူက ပျာပျာသလဲဖြင့် ရေခဲသေတ္တာထဲမှ ရေခဲတုံး အသေးကလေးများကို ဇလုံဖြင့်ထည့်ကာ ယူလာပေးသည်။ ပြီးတော့ စနိုးတာဝါ အဝတ်ပါးစဖြင့် ရေခဲတုံးများကိုအုပ်ပြီး …

“ရှူလိုက်. . . ရှူလိုက်. . . ဒါကို ရှူလိုက်”

မိုးနှောင်းက …

“ရေခဲနဲ့ လုပ်ရတာလား၊ တစ်ချို့ကျတော့လည်း ရေနွေးငွေ့နဲ့ ပေါင်းထားတဲ့အဝတ်စကို ငယ်ထိပ်ပေါ်မှာ ငါးမိနစ်လောက် အုပ်ပေးရတယ်. . . လို့ ပြောကြတယ်"

“ဟာ. . . အဓိပ္ပါယ်မရှိတာ၊ အေးမှ သွေးကြောလေး ကျုံ့သွားပြီး သွေးထွက်တာ ရပ်မှာပေါ့”

မိုးနှောင်းက ဘာမှ ပြန်မပြောတော့ဘဲ ကသစ်ဖြူ လုပ်သမျှကိုသာ ပြုံးပြီ းကြည့်နေလိုက်တော့၏။

ကုသခြင်းဆိုသည်မှာ ကုထုံးကို ယုံကြည်သူအတွက် ဖြစ်ပါသည်။


*****


လူတွေ ဘဝကို ရင်ဆိုင်နေကြသည်မှာလည်း ကိုယ်ယုံကြည်ရာ ကုထုံးနှင့် ကိုယ်ကုသနေသလိုမျိုးပဲ မဟုတ်ဘူးလား။


**********


နောက်တစ်နေ့တွင် ကသစ်ဖြူက ပူဆာသဖြင့် Sentosa သို့ လိုက်ပို့ပေးရ၏။ အဲသည်တော့မှ အကုသိုလ်နှင့် တည့်တည့်တိုးတော့သည်။

SENTOSA စာလုံးကြီးတွေ ပုံဖေါ်ထားသော နေရာနားအရောက် ကာဇင် (ခေါ်) ကိုခင်မောင်မျိုးမြင့်သူနှင့် တည့်တည့် တိုးလေ၏။ ပိုပြီး ဆိုးဝါးချင်တော့ ကာဇင် (ခေါ်) ကိုခင်မောင်မျိုးမြင့်သူက စီရော်နယ်ဒို လက်မှတ်ပါသော ရီးယဲဂျာစီနံပါတ်(၉)ကို သူ့ခန္ဓာကိုယ် ဝဝဖိုင့်ဖိုင့်ကြီးပေါ်မှာ ဂုဏ်ယူဝံ့ကြွားစွာဖြင့် မဆန့်မပြဲစွ ပ်ထား၏။ 

“ဟိုက်. . . သေပြီ”

မိုးနှောင်းက စိတ်ထဲမှ ကျိတ်ကာ ရေရွတ်လိုက်ပြီး ကာဇင်မမြင်အောင် တစ်ဖက်သို့ ဖျတ်ခနဲ လှည့်လိုက်သည်။

အဲသည်တော့မှ ကာဇင်က မြင်ဖြစ်အောင်မြင် သွားပြီး အားရဝမ်းသာဖြင့် ပါးစပ်ကြီးဖြဲကာ အပြေးကလေး လျှောက်လာ၏။ မိုးနှောင်းက ကာဇင့်ခန္ဓာကိုယ်ပေါ်မှ အင်္ကျီကို ကသစ်ဖြူ မကြည့်မိအောင် လက်ညှိုးတယမ်းယမ်းဖြင့် လျှောက်ပြီး ထိုးပြနေသည်။

“ဟို. . . ဟို. . . ဟိုမှာ. . . ကြည့်”

“ဘာလဲ. . . ရှင့်လက်ညှိုးကြီးက တယမ်းယမ်းနဲ့ ဘာကိုပြနေတာလဲ"

“ဟိုမှာ. . . လူတွေ. . . အဲ. . . ဟုတ်ပေါင်”

ထိုစဉ်. . . ကာဇင်(မ်)က အနီးသို့ ရောက်လာပြီး မိုးနှောင်းနှင့် ကသစ်ဖြူကို တစ်လှည့်စီကြည့်ကာ ဝမ်းပမ်းတသာဖြင့် မိုးနှောင်းကို နှုတ်ဆက်လိုက်သည်။

“ကန်ကလေး. . . နင့် ကန်မကလေးနဲ့ အဆင်ပြေသွားပြီ မဟုတ်လား၊ ကာဇင် အရမ်းဝမ်းသာတယ်၊ ဒိုလေးလည်း သိရင် ဝမ်းသာမယ် ကန်ကလေး”

မိုးနှောင်းကတော့ ချက်ချင်းပင် မျက်စိကန်းပြီး ဆွံ့အသွားသူတစ်ယောက်လို ခေါင်းကိုမော့ကာ တိမ်တွေကို ဟိုကြည့်ဒီကြည့်နှင့် ချာလည်ချာလည် လိုက်ကြည့်ရင်း တုံဏှိဘာဝေ လုပ်နေ၏။

ကသစ်ဖြူက ....

“ဒီမှာ. . . ရှင့်ကိုနှုတ်ဆက်နေတယ်၊ ပြန်ပြောလိုက်ဦးလေ၊ ဟင် … ဒီ … ဒီအင်္ကျီက …”

ကသစ်ဖြူက ပြောရင်း ကာဇင့်ဘက်သို့ လှည့်လိုက်ရာ ကာဇင် ဝတ်ထားသောအင်္ကျီကို မြင်သွားပြီး …

“ဟင်. . . ဒါကလည်း စီရော်နယ်ဒိုလက်မှတ်ထိုးထားတဲ့ အင်္ကျီပဲနော်”

“ဟာကွာ. . . ဒီလိုအင်္ကျီတွေက ဟိုဒင်း. . . ဟို. . . အတု အဲ. . . ဟုတ်တယ်. . . အတုတွေလည်း ရှိတာပဲဥစ္စာ၊ လာပါ. . . သွားကြမယ်"

မိုးနှောင်းက ပါးစပ်ထဲ တွေ့ကရာတွေပြောပြီး ကသစ်ဖြူကို ကာဇင်နှင့် ဝေးရာဆီသို့ အတင်း လက်ဆွဲခေါ်သည်။

ကာဇင် (ခေါ်) ကိုခင်မောင်မျိုးမြင့်သူက ဆွေ့ဆွေ့ခုန် ဒေါကန်သွားသည်။ မုတ်ဆိတ်မွေးတွေပင် ထောင်ပြီးထလာသလားဟု အောက်မေ့ရ၏။

“ကန်ကလေး. . . နင် ကျေးဇူးကန်းတယ်နော်၊ နင့်ကို ဘုရားရိုက်လိမ့်မယ်၊ ကာဇင်ကတော့ သူ့ကို ကန်မကလေးနဲ့ အဆင်ပြေပါစေ ဆိုပြီး အကြံအဖန် လုပ်ပေးလိုက်တယ်၊ အခု နင်က ကာဇင့်အင်္ကျီကို အတုလို့ပြောတယ်၊ နင် ဘာကောင်းသလဲ။ ကာဇင်နော် ဒိုလေးကိုချစ်တယ်၊ ဒိုလေးပစ္စည်းကို အတု ဘယ်တော့မှ မသုံးဘူး၊ အားလုံး အော်ရဂျင်နယ်ချည်းပဲ၊ ကုလားနော် ဘုရားမှာ တစ်ခါတည်း သစ္စာဆိုရဲတယ်”

ကသစ်ဖြူ၏ မျက်စောင်းက မိုးနှောင်းဆီသို့ ဒိန်းခနဲ ရောက်လာ၏။ သူမက …

“ကဲ. . . ရှင်ဘာလုပ်ခဲ့သလဲဆိုတာ အမှန်အတိုင်း ဝန်ခံပေတော့”


**********


အဲဒီနေ့က …

ကာဇင်က သူစုဆောင်းထားသော စီရော်နယ်ဒို လက်မှတ်ပါသည့် ရီးယဲဂျာစီအင်္ကျီကို ယူထုတ်လာသည်။

မိုးနှောင်းက သူ့ကျောပိုးအိတ်ထဲမှာပါသော ရီးယဲအင်္ကျီဂျာစီ နံပါတ်(၉)ကို ထုတ်ပြီး ကာဇင့်အင်္ကျီနှင့် ယှဉ်ကြည့်ရင်း ငိုင်နေမိသည်။

သူ တွေဝေငေးငိုင်နေသည်ကိုမြင်ရတော့ ကာဇင်လည်း ရင်ထဲမှာ ဝမ်းနည်းသလိုလို ကြေကွဲဆို့နင့်သလိုလို ဖြစ်လာ၏။ ရုပ်ရှင်ထဲမှာဆိုလျှင်တော့ ကာဇင်တို့ သီချင်းဆိုပြီးကရမည့် အကွက်မျိုးဖြစ်သည်။ သို့ဖြင့် . . .

“ဒီမှာ. . . ကန်ကလေး၊ နင့်ကန်မလေးနဲ့ နင် ခွဲရမယ်နော်၊ ကာဇင်လည်း ဒိုလေးနဲ့ ခွဲရမှာလိုပဲ အားကြီး ခံစားရတယ် ကန်ကလေး၊ ကာဇင့်မှာနော် အကြံအကြီးကြီး ရှိတယ်၊ နင် ယူမလား ကန်ကလေး”

“ရှူး. . . ဘာအကြံလဲ၊ လုပ်စမ်းပါဦး အနဲရာ၊ ကျွန်တော်တော့ ညစ်နေပြီ”

“ကာဇင်နော်. . . ဒိုလေးကို တအား ချစ်တယ်၊ ဒိုလေးလက်မှတ်နော် ကာဇင် အများကြီး ကျင့်ထားတယ်၊ နင့်အင်္ကျီပေါ်မှာ ကာဇင် လက်မှတ်ထိုးပေးလိုက်မယ် ကန်ကလေး”

မိုးနှောင်းလည်း တခြားနည်းလမ်းကို စိတ်ကူး၍ မရတော့။ ခဏမျှ စဉ်းစားကြည့်ပြီးနောက် စိတ်ပိုင်းဖြတ်လိုက်ကာ …

“ကဲ. . . လုပ်ဗျာ”

အင်္ကျီကို ကာဇင့်လက်ထဲသို့ ထည့်ပေးလိုက်လေတော့သည်။


*****


“ဟင်...ဒါဆို. . . ရှင် . . . ရှင်. . . ကျွန်မကို လိမ်ခဲ့တာပေါ့”

မိုးနှောင်းက သူမ၏မျက်နှာကို မကြည့်ဘဲ လွှဲထားရင်း …

“လိမ်တယ်လို့တော့ မပြောပါနဲ့ ကသစ်ဖြူ၊ ကိုယ်က မင်းအတွက် ကိုယ့်ရဲ့ကြိုးစားမှုတိုင်းကို အကောင်အထည် ပေါ်စေချင်တဲ့သူပါ၊ ကိုယ့်ကြိုးစားမှုတွေထဲမှာ လှည့်စားရတာတွေ ပါချင်ပါမယ်၊ တိုက်ခိုက်ရတာတွေလည်း ပါချင်ပါမယ်၊ စွန့်လွှတ်ရတာတွေလည်း ပါချင်ပါမယ်။

ကိုယ် ဘာတွေလုပ်မိမလဲဆိုတာ ကိုယ်ကိုယ်တိုင်လည်း ကြိုမသိနိုင်ဘူး၊ ဒါပေမဲ့ အဲဒီလုပ်ရပ် တစ်ခုချင်းစီဟာ သက်တန့်မှာပါတဲ့ အရောင် တစ်မျိုးစီလိုပေါ့၊ မင်းကြိုက်တဲ့ အရောင်ပါသလို မကြိုက်တဲ့အရောင်လည်း ပါမှာပဲလေ။ ဒါပေမဲ့ အဲဒီအရောင်တွေအားလုံး စုပေါင်းနေတဲ့ ရည်ရွယ်ချက်ကိုက သက်တန့်ကြီး လှပနေဘို့ပဲ မဟုတ်လား၊ ကိုယ့်ရည်ရွယ် ချက်ကလည်း အဲဒီလိုပါပဲ ကသစ်ဖြူ”

“ရှင်က ဆင်ခြေဆင်လက်ပေးတဲ့ နေရာမှာတော့ တော်တော် အပြောကောင်းတယ်၊ ဒါပေမဲ့ ကျွန်မက သက်တန့်ကို အဖြူရောင်တစ်မျိုးတည်းပဲ လိုချင်တယ်ဆိုရင်ကော”

သွေးတိုးစမ်းလိုက်သည့် သူမ၏စကားက နောက်ထပ် ထောင်ချောက်တစ်မျိုးများ ဖြစ်နေမလားဟု မိုးနှောင်း တွေးမိသည်။ ဘာပဲဖြစ်ဖြစ် အင်္ကျီကိစ္စက အလိမ်ပေါ်သွားပြီ ဖြစ်သောကြောင့် အခု လာမည့်ဘေးကို ပြေးတွေ့မှ ရတော့မည်။ 

မိုးနှောင်းက ...

“အင်္ကျီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်ကို ခွင့်လွှတ်မယ်ဆိုရင် မင်း ဖြစ်စေချင်သလို သက်တန့်တစ်ခုလုံးကို အဖြူရောင်ဖြစ်အောင် ကြိုးစားပေးရမှာပေါ့"

သူ၏ မဝံ့မရဲ ရွံ့တွန့်တွန့် လေသံကြောင့် ကသစ်ဖြူက …

“တော်စမ်းပါ. . . ရှင့်လေသံက၊ ရှင့်ကိုလည်း ကျွန်မက သိပ် ခက်ခက်ခဲခဲကြီး ခိုင်းမှာ မဟုတ်ပါဘူး၊ ဖြစ်နိုင်တာကိုပဲ ခိုင်းမှာပါ" 

“ပြောပါ. . . ကသစ်ဖြူ၊ ကိုယ် ဘာလုပ်ပေးရမလဲ” 

ထောင်ချောက်ဆိုလျှင်လည်း ရဲရဲကြီးပဲ နင်းချလိုက်တော့မည် ဟူသည့် ဆုံးဖြတ်ချက်ဖြင့် မိုးနှောင်းက ပြောလိုက်သည်။ ကသစ်ဖြူက. . . 

“ဒီတစ်ခါပြီးရင် နောက်ထပ် တောင်းဆိုစရာ ဘာမှမရှိတော့ဘူး၊ ဒါ နောက်ဆုံးအကြိမ်ပဲ”

သူမ၏စ ကားကြောင့် မိုးနှောင်းရင်ထဲမှာ ဝမ်းသာရမလိုလို ဝမ်းနည်းရမလိုလို။

ကသစ်ဖြူက . . .

“ကျွန်မလိုချင်တာက လေးထောင့်ပုံ အဖြူရောင်ဆယ်ပြားစေ့ တစ်စေ့ …”

အခန်း - ၁၆ ဖတ်ရန်

Comments