မနက်ဖြန်အစီအစဉ် - ၁၆ @ မင်းခိုက်စိုးစန်


“ဘာ. . . လေးထောင့်ပုံဆယ်ပြားစေ့ ဟုတ်လား” 

ထူးကျော်က တအံ့တဩဖြင့် ဖုန်းထဲသို့ ပြန်မေးလိုက်သည်။

တစ်ဖက်မှ မိုးနှောင်းကတော့ ရယ်၍သာ နေ၏။ ထူးကျော်က …

“နေစမ်းပါဦးကွ၊ မင်းက ဆယ်ပြားစေ့ကို ဘာလုပ်မလို့လဲ၊ ဟူး. . . ငါ့အမေ ဇာတိရွာမှာဆိုရင်လည်း အကောင်းသားကွာ၊ ရွာမှာဆို ငါ့ဘကြီးက အိမ်အတက်အဆင်း လှေကားထစ်တွေမှာ ဆယ်ပြားစေ့လေးတွေကို သံမှိုရိုက်ပြီး ကပ်ထားတာကွ”

တစ်ဖက်မှ မိုးနှောင်းကတော့ .

“ဘာဖြစ်လို့ ငါရှာခိုင်းသလဲဆိုတာ နောက်မှ ငါ အေးအေးဆေးဆေး ရှင်းပြပါ့မယ်ကွာ၊ ခုတော့ မသိချင်စမ်းပါနဲ့ဦး” 

ထူးကျော်က …

“မင်းကလည်းကွာ. . . အချင်းချင်းတောင် လျှို့ဝှက်နေပြန်ပြီ၊ ကဲ. . . ထားပါတော့၊ ထားပါတော့. . . မင်းလိုချင်တဲ့ဟာကို မရ ရအောင်ရှာပြီး မနက်ဖြန် Flight နဲ့ အမှီ ထည့်ပေးလိုက်မယ်၊ ဟုတ်ပြီလား”

“ကျေးဇူးပဲသူငယ်ချင်း၊ သေသေချာချာလေး လုပ်ပေးစမ်းပါဦး”

ထူးကျော်က ရယ်ရင်း ...

“စိတ်ချနေစမ်းပါကွာ၊ ငါ အာမခံပါတယ်၊ ဟုတ်ပြီလား၊ ဒါပဲနော်. . . သူငယ်ချင်း"

ဟုပြောကာ ဖုန်းပြန်ချလိုက်စဉ်မှာပင် မိခင်ဖြစ်သူ ဒေါ် သန်းသန်း အခန်းထဲဝင်လာရင်း .. .

“ဟဲ့. . . ဘယ်သူ့ကိုများ အာမတွေ ခံနေရတာလဲ. . . သားရဲ့” 

ထူးကျော်က လှည့်ကြည့်လိုက်ရင်း .

"ဪ...မေမေ.  . . မိုးနှောင်းနဲ့ ပြောနေတာပါ မေမေရဲ့။ ဒီကောင်က စင်္ကာပူကနေ ဆယ်ပြားစေ့လိုချင်လို့တဲ့ လှမ်းမှာနေတာလေ”

ဒေါ်သန်းသန်းက စဉ်းစားရခက်ဟန်ဖြင့် …

“ဆယ်ပြားစေ့. . . ဆယ်ပြားစေ့ကို သူက ဘာလုပ်ဖို့တဲ့လဲ"

“အဲဒါတော့ သားလည်းမသိဘူး၊ ဆယ်ပြားစေ့ကတော့ ရမှကိုဖြစ်မှာ. . . တဲ့"

ဒေါ်သန်းသန်းက မျက်မှောင်ကုပ်ကာ ခေါင်းတညိတ်ညိတ်လုပ်ရင်း …

“အေးလေ. . .သူ့မှာလည်း အကြောင်းရှိလို့ ဖြစ်မှာပေါ့၊ ဒါနဲ့ သူ့ကျန်းမာရေး အခြေအနေကကော ဘယ်လိုနေလဲ၊ ကောင်းတယ် မဟုတ်လား”

“အဲ. . . ဟို. . . ဒီလိုပါပဲ မေမေရယ်"

ထူးကျော်က ပြီးစလွယ်ပြောလိုက်သော်လည်း သူ့မိခင်ကတော့ စားပွဲပေါ်ရှိ ထူးကျော်နှင့် မိုးနှောင်းတို့ နှစ်ယောက် တွဲရိုက်ထားသည့် ဓါတ်ပုံကို ငေးကြည့်ရင်း . .

“အင်း. . အင်း. . သားသူငယ်ချင်း လိုချင်တာတွေကို အဆင်ပြေအောင် လုပ်ပေးလိုက်ပါ သားရယ်၊ သူ့ခမျာ သနားဖို့ကောင်းပါတယ်ကွယ်”


**********


မြန်မာတွေက ‘ဒူးရင်းသီး' ဟု ခေါ်ကြသော Esplanade အဆောက်အဦးကို လှမ်းမြင်နေရသည့်နေရာတွင် မိုးနှောင်းက ဆယ်ပြားစေ့ကလေးကိုကိုင်ကာ ဟိုငေးဒီငေး တွေးနေမိသည်။

ထူးကျော် လှမ်းပို့လိုက်သော ဆယ်ပြားစေ့ကလေးကို စောစောကလေးတင်မှ လူကြုံက လာပေးသွားခြင်းဖြစ်၏။

မိုးနှောင်းက ဆယ်ပြားစေ့ကလေးကို လေထဲသို့ ပစ်မြှောက်လိုက် ပြန်ဖမ်းလိုက် လုပ်နေ၏။ သူတွေးနေမိသည်က အခုတလော သိသိသာသာ ပြောင်းလဲလာသည့် ကသစ်ဖြူ၏ အပြုအမူတွေအကြောင်းပင်၊ ဘာကြောင့်မှန်းမသိ။ အခုတလော ကသစ်ဖြူတစ်ယောက် အတော်ကလေး သတိမေ့လျော့တတ်လာသည်။ သူမ အမြဲလိုလိုလုပ်နေကိုင်နေကျ ကိစ္စတွေကိုပင် မေ့တတ်လာသည်။

ပြီးတော့ မျက်စေ့လည်း မှုန်လာဟန်တူ၏။ ဒါပေမဲ့ သူမက မမြင်ရလျှင် မမြင်ရသည့်အကြောင်း ဝန်မခံချင်။ အရင်လို တီဗီကြည့်လျှင်လည်း ‘အရုပ်တွေက ဝါးနေတယ်၊ ကြည့်ရတာ ခေါင်းမူးတယ်' ဟု ဆိုကာ မကြည့်ဘဲ ထထသွား၏။

တကယ်ကော့ ကီဗီထဲမှ အရုပ်တွေက ကြည်လင်ပြတ်သားလျက်ပင် ရှိသည်။ သူမ၏အမြင်အာရုံက ချွတ်ယွင်းတာသာ ဖြစ်ရမည်။

နောက်ပိုင်း အပြင်မှာတောင် သိပ်မနေတော့ဘဲ အိပ်ယာထဲမှာပဲ ခွေနေသည့်အချိန်က ပိုများနေသည်ကို မိုးနှောင်း သတိထားမိလာ၏။ သူမကို ချော့မော့ပြီး မျက်စိအထူးကု ဆရာဝန်နှင့်ဖြစ်ဖြစ် ပြခိုင်းလျှင် ကောင်းမည်ဟု မိုးနှောင်း တွေးနေမိသည်။ 

တွေးရင်းနှင့်ပင် ဆယ်ပြားစေ့ကလေးကို မြှောက်ပြီး အကျတွင် ပြန်ဖမ်းလိုက်ရာ …

“ဟာ … “

ဆယ်ပြားစေ့က ပြန်အကျ အလောတကြီး လှမ်းဖမ်းလိုက်သော သူ့လက်ခုံနှင့်တိုက်ပြီး လွင့်စင်ကာ. . . 

“ချွင်”

“ဟာ. . . သွားပြီ”

ပင်လယ်ဘက်သို့ ကာထားသော ပလက်ဖေါင်း သံလက်ရန်း စည်းရိုးတိုင်နှင့် တိုက်ပြီး ချွင်ခနဲ ရေထဲ လွင့်ကျသွားတော့သည်။ 

“ဒုက္ခပဲ. . . တောက်၊ ငါကိုက လက်ဆော့ချင်တာကိုး၊ သေလိုက်ပါတော့ကွာ"

မိုးနှောင်း မချင့်မရဲဖြင့် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်မဆုံး ဖြစ်နေ၏။ ပင်လယ်ထဲသို့ ကျသွားသော ဆယ်ပြားစေ့ကိုတော့ ဘယ်လိုမှ ပြန်ဆယ်ယူ၍ ရနိုင်စရာအကြောင်း မရှိတော့။


*****


မိုးနှောင်း ယောက်ယက်ခတ်နေသည်။

ဟိုနားလျှောက်လိုက်၊ ဒီနားလျှောက်လိုက်။ ညောင်းလာလျှင် စိတ်ပျက်လက်ပျက် ထိုင်နေလိုက်. . . နှင့်။

ဘာလုပ်လို့ လုပ်ရမည်မှန်းလည်း မသိ။ ဦးနှောက်ထဲမှာ လမ်းစလည်းမပေါ်။ ခြေဦးတည့်ရာသာ လျှောက်နေမိသည်။

သူသွားနေသည့် နေရာတစ်ဝိုက်က Esplanade အဆောက်အဦးကို နောက်ခံထားပြီး တိုးရစ်တွေ အတော်များများ ဓါတ်ပုံရိုက်တတ်ကြသည့် နေရာဖြစ်၏။ စင်္ကာပူကို ဈေးဝယ်ထွက်သော မြန်မာတွေလည်း ဒီနေရာသို့ လာတတ်ကြသည်။

အင်း. . . ဒီနားကို လာတဲ့ မြန်မာတစ်ယောက်ယောက်နဲ့ မိတ်ဆွေဖွဲ့ပြီးတော့ ဆယ်ပြားစေ့လေးများပါရင် ကျွန်တော့်ကိုပေးပါ. . . လို့ တောင်းရင် ကောင်းမလား။

ဟာ … ငါ့အတွေးကလည်း မဟုတ်သေးပါဘူး။ ဘယ်သူက အရူးထပြီး ဆယ်ပြားစေ့ကို တကူးတက ယူလာမှာလဲ၊ ဒီလောက်ကြီး တိုက်ဆိုင်ဘို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ။

လူသည် မျှော်လင့်ချက် ကုန်ဆုံးသည့်အခါ အဓိပ္ပါယ်မရှိသော အတွေးများကိုပင် (အဓိပ္ပါယ်မဲ့မှန်းသိသိနှင့်) စိတ်ကူးယဉ်တတ်ကြသည် မဟုတ်လား။

မဖြစ်နိုင်တာတွေကို ကြံဖန်စိတ်ကူးယဉ်နေမိမှန်း သူ့ဖာသာသူ ပြန်သတိထားမိပြီး မိုးနှောင်း စိတ်ဓါတ်ကျသွားသည်။ မျှော်လင့်ချက်တွေအားလုံးကို စွန့်လွှတ်လိုက်တော့၏။

မျှော်လင့်ချက်တွေအားလုံးကို စွန့်လွှတ်လိုက်တော့၏။


*****


မျှော်လင့်ချက်အားလုံး ကုန်ဆုံးသွားလျှင်ပင် “ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ်' ဟူသော စိတ်ဓါတ်သတ္တိတစ်ခုတော့ ကျန်နေရစ်ခဲ့ဘို့ လိုပါသည်။


*****


လှိုင်းတွန့်တွေလို ဝေ့ကာဝဲကာ လွင့်နေသော Henderson's Wave မိုးပျံတံတားကြီးပေါ်သို့ သူတက်ခဲ့၏။ သစ်သားကို အဓိကအသုံးပြုထားသော ဗိသုကာလက်ရာမြောက် တံတားကြီးပေါ်တွင် ရှု့ခင်းကြည့်နေသော တိုးရစ်များ၊ ဟိုနေရာဒီနေရာရှိ ခုံတန်းတွေမှာ စိတ်အေးလက်အေး ထိုင်ကာ ငေးမောနေကြသူများကို တွေ့ရသည်။ 

တံတားတစ်လျှောက် တရွေ့ရွေ့လာရင်း တစ်နေရာတွင် တံတားလက်ရန်းကိုကိုင်ကာ အဝေးဆီသို့ ငေးနေသော အသက်ငါးဆယ်အရွယ်ခန့် အမျိုးသမီးကြီးတစ်ယောက်ကို မိုးနှောင်း သတိထားလိုက်မိသည်။ ထိုအမျိုးသမီးကြီး၏ ရုပ်ရည်က မြန်မာရုပ်ရည်မျိုး။ ပြီးတော့ ညာဖက်မျက်ခုံး အပေါ်အစပ်တွင် မှဲ့နက်တစ်လုံးက ထင်ရှားပေါ်လွင်နေ၏။

တကယ်တော့ လူကို သတိထားမိတာ မဟုတ်ဘဲ ထိုအမျိုးသမီးကြီး၏လက်ထဲတွင် ကိုင်ထားသောလွယ်အိတ်ကို သတိထားမိခြင်းဖြစ်သည်ဟု ပြောလျှင် ပို၍ မှန်ပေလိမ့်မည်။

ထိုအမျိုးသမီးကြီး၏ လက်ထဲတွင် အနီရောင် တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်လွယ်အိတ်ကလေးတစ်လုံး။

(ကချင်ရိုးရာ လွယ်အိတ်တွေမှာဆိုလျှင် ငွေခွက်ကလေးတွေ ကပ်ပြီး အလှဆင် ထားတတ်သလိုမျိုး) ထိုဂျပ်ခုတ် လွယ်အိတ်ကလေး၏ မျက်နှာပြင်ပေါ်မှာ အစီအရီ အလှကပ်ထားသည်ကတော့ အဖြူရောင် လေးထောင့် ဆယ်ပြားစေ့ကလေးများဖြစ်ကြ၏။

မိုးနှောင်းက လွယ်အိတ်မှာ တွဲလောင်းဆွဲထားသော ဆယ်ပြားစေ့ကလေးတွေဆီကိုသာ အာရုံရောက်နေသဖြင့် ထိုအမျိုးသမီးကြီးက တစ်စုံတစ်ခုကို တစိမ့်စိမ့်ကြည့်နေရာမှ ကြေကွဲလေးတွဲ့စွာဖြင့် လွယ်အိတ်ထဲသို့ ပြန်ထည့်လိုက်သည်ကို သတိမထားမိလိုက်။

“အဒေါ်. . . အဒေါ် အဒေါ်က မြန်မာလားဟင်”

မိုးနှောင်းက စိတ်လှုပ်ရှားစွာဖြင့် အနီးသို့ တိုးကပ်သွားရင်း အလောတကြီး မေးလိုက်သည်။

ထိုအမျိုးသမီးကြီးက ကပျာကယာပင် နောက်သို့ပြန်လှည့်ကြည့်ရင်း

“အေး. . . ဟုတ်တယ်. . . ငါ့တူက ဘာကိစ္စရှိလို့လဲကွဲ့” 

မိုးနှောင်းက မျက်နှာပူပူနှင့်ပင် ဇွတ်ပြောရတော့သည်။ 

“ကျွန်တော့်ကို ဘယ်လိုမှတော့ မအောက်မေ့ပါနဲ့ အဒေါ်ရယ်၊ ဟို. . . ဟိုလေ. . . ဒီ. . . ဒီလွယ်အိတ်လေး ကျွန်တော့်ကိုရောင်းပါလားဟင်”

ဘယ်လိုမှ မျှော်လင့်မထားသောစကားကြောင့် အမျိုးသမီးကြီး အံ့ဩသွားပုံရသည်။ ပြီးတော့ သူမ၏ လက်ထဲမှ လွယ်အိတ်ကလေးကို ပြန်ပြီး ငေးငေးငိုင်ငိုင် ကြည့်နေ၏။

အမျိုသမီးကြီး တွေဝေနေသည်ကို မိုးနှောင်းက အားမလိုအား မရဖြစ်စွာဖြင့် …

“ရောင်းမယ်မဟုတ်လားဟင် အဒေါ်၊ ကူညီတယ်လို့ သဘောထားပါဗျာ၊ ရောင်းပါနော်”

သူဖြစ်စေချင်သည်ကိုသာ ဇွတ်ပြောနေ၏။ အမျိုးသမီးကြီးကတော့ တစ်ခုခုကို လွမ်းဆွတ် အောက်မေ့သွားဟန်ဖြင့် အဝေးဆီသို့ ရီဝေစွာ ငေးကြည့်ရင်း ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။ ပြီးတော့….

“မဖြစ်ပါဘူး ငါ့တူရယ်၊ ဒီလွယ်အိတ်ကလေးကိုတော့ အဒေါ် မရောင်းပါရစေနဲ့"

“ဟာ. . . ဘာဖြစ်လို့လဲ အဒေါ်ရယ်”

စိတ်ပျက်လက်ပျက် ညည်းတွားလိုက်သံနှင့်အတူ မိုးနှောင်း၏ မျှော်လင့်ချက်တွေ တစ်စစီ လွင့်စင်ကြေမွကုန်၏။ လွယ်အိတ်ကို လိုချင်ဇောဖြင့် အရူးတစ်ပိုင်း အသည်းအသန်ဖြစ်နေသော မိုးနှောင်းက သူ့အင်္ကျီအိတ်ထဲမှ ပိုက်ဆံများကို ပျာယီးပျာယာ ထုတ်ယူပြီး. . .

“အရေးကြီးလို့ပါ အဒေါ်ရယ်၊ တောင်းပန်ပါတယ်၊ ရောင်းပါဗျာ၊ ကျွန်တော်. . . ကျွန်တော် ငါးဆယ်ပေးပါ့မယ်”

မိုးနှောင်းက လွယ်အိတ်တစ်လုံးကို မြန်မာငွေသုံးသောင်းကျော် ပေးဝယ်လျှင်တော့ ရလောက်သည်ဟု ဘာဘာညာညာ မတွေးဘဲ ဇွတ်ပင် ပိုက်ဆံကို ထုတ်ပေးသည်။ ထိုအဒေါ်ကြီးကတော့ ခေါင်းကို ခါမြဲခါလျက်. . .

“အဒေါ် တကယ်ကို မရောင်းချင်လို့ပါ ငါ့တူရယ်” 

ဇောကပ်နေပြီဖြစ်သော မိုးနှောင်းကတော့ တစ်ဖက်လူ၏ အရိပ်အခြေကိုလည်း အကဲမခတ်တတ်တော့။ ဘီလူးသရဲ စီးသကဲ့သို့ ဖြစ်နေပြီး ပိုက်ဆံတွေကိုသာ တစ်ရွက်ပြီးတစ်ရွက် ထုတ်ကာ. . . 

“လုပ်ပါ အဒေါ်ရယ်၊ ကျွန်တော့်အတွက် သေရေးရှင်ရေးမို့လို့ပါ၊ နည်းသေးရင် ခုနှစ်ဆယ်ယူပါဗျာ၊ ဟာ. . .  ရှုပ်ပါတယ်၊ ရှစ်ဆယ်ယူဗျာ... ရော့”

တဖြည်းဖြည်း ကြမ်းတမ်းလာသော မိုးနှောင်း၏ အပြုအမူကြောင့် အဒေါ်ကြီးက မသင်္ကာသလို ကြောက်ရွံ့လာပြီး လေသံမာမာဖြင့် မောင်းထုတ်၏။

“ဟဲ့. . . မရောင်းပါဘူးလို့ဆိုနေ၊ ဘယ်လိုဖြစ်နေတာလဲ၊ သွား နင် ဝေးဝေးကို သွားစမ်း”

အော်ငေါက် မောင်းထုတ်ခံလိုက်ရသံကြောင့် မိုးနှောင်း တုံ့ခနဲ ဖြစ်သွား၏။ တရကြမ်းစီးနှင်လာသော စစ်မြင်းကြီးတစ်ကောင်ကို တုန့်ခနဲ ဇက်ကြိုးဆောင့်ဆွဲလိုက်သလို သူ့ရင်ဘတ်ထဲမှာ ခွါအစုံ မြောက်တက်သွားသည်။

ပြီးဆုံးသွားပြီ။ သူ့မျှော်လင့်ချက်တွေကတော့ ပြန်လည်နိုးထ ရှင်သန်လာစရာအကြောင်း မရှိတော့။ လက်နက်ချပြီး လှည့်ပြန် ထွက်ခဲ့ရတော့မှာလား။ ဒါမှမဟုတ်. . . ဒါမှမဟုတ်. . . ဒါမှမဟုတ်. . . ဘာလဲ။ 

သူလိုချင်နေသည့် အရာကလည်း လက်တစ်ကမ်းအကွာမှာပင် ရှိနေသည်။

ဆိုးဆိုးရွားရွား ရှုံးနိမ့်နေသော ကံကြမ္မာနှင့်အတူ သူ့အတွက် သေသေချာချာ စဉ်းစားဆုံးဖြတ်နေဖို့ အချိန်က မလုံလောက်တော့ပါ။ သူ့ဖက်က တစ်ခု အလေးသာနေသည်က ဟောဒီ Henderson's Wave တံတားပေါ်တွင် ပတ္တရောင်လှည့်နေသော ရဲများမရှိ။

သူ့မှာ ဦးနှောက်က ဆုံးဖြတ်နေဖို့ အချိန်မရတော့။ 

ဇောကပ်နေသော သူ့လက်တွေက သိစိတ်မဲ့ အလိုအလျောက် လှုပ်ရှားသွားကြ၏။

မိုးနှောင်းက စင်္ကာပူ တစ်ရာတန်တစ်ရွက်ကို အမျိုးသမီးကြီး၏ လက်ချောင်းတွေကြားထဲ ထိုးထည့်လိုက်ပြီး ... 

“ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာ” 

စကားမဆုံးခင်မှာပင် လွယ်အိတ်ကို ဆတ်ခနဲဆွဲယူကာ ချာခနဲလှည့်ပြီး ပြေးတော့သည်။

“ဟဲ့. . . ဟဲ့. . . အမယ်လေး. . . လုပ်ကြပါဦး"

ရုတ်တရက်မို့ အဒေါ်ကြီးက ယောင်ပြီး မြန်မာလို အော်ဟစ်၏။ ဘေးကလူတစ်ချို့က ဘာအဓိပ္ပါယ်မှန်း နားမလည်လိုက်ကြ။ သို့သော် မိုးနှောင်း ဆယ့်လေးငါးလှမ်းခန့်အရောက်မှာပင်...

“ဖုန်း” 

“အား”

မျက်နှာကို ပြင်းပြင်းထန်ထန် ထိလိုက်သော လက်သီးချက်ကြောင့် မိုးနှောင်း ဖင်ထိုင်လျက် လဲကျသွား၏။ ဘာမှ မလုပ်နိုင်ခင်မှာပင် နံကြားကို ခြေထောက်ဖြင့် အကန်ခံလိုက်ရပြန်သည်။

“အ…”

မိုးနှောင်း မျက်စိတွေ ပြာဝေသွား၏။

“ဟေ့ကောင်တွေ. . . ဝိုင်းထိုးကြလေကွာ” 

လူငယ်တစ်ယောက်၏ မြန်မာလို ပြောလိုက်သံကို ကြားရ၏။ လေးယောက်ခန့် ဝိုင်းအုံလာ၏။ ခြေထောက်ဖြင့် ဝိုင်းကန်ကြ၏။ မိုးနှောင်း လူးလှိမ့်နေသည်။ ကြိုးစားပြီး ကုန်းအထမှာ မေးစေ့ကို ခွပ်ခနဲ လက်သီး တစ်ချက်ထိ၏။ ခေါင်းကို နှစ်ချက်အကန်ခံရ၏။

မြန်မာလူငယ်တွေမှန်း သိလိုက်ရသောကြောင့် မိုးနှောင်းက မြန်မာဘာသာဖြင့် အားတင်းပြီး အော်ပြောလိုက်သည်။

“ကျွန်တော် သူခိုးမဟုတ်ဘူး၊ ကျွန်တော် သူခိုးမဟုတ်ဘူး”

သူ့ စကားကြောင့် ဝိုင်းထိုးကြသော လူတွေ ကြောင်ပြီး ရပ်သွားသည်။ မြန်မာအချင်းချင်းမှန်း သိလိုက်ရသောကြောင့် ရုတ်တရက် ဘာဆက်လုပ်မည်မှန်းမသိ။

ခုနက အော်ပြီး အကူအညီတောင်းသော အဒေါ်ကြီးဆီကို အားလုံးက အကြည့်ရောက်သွားသည်။

အဒေါ်ကြီးက သူ့လက်ထဲမှ တစ်ရာတန် ငွေစက္ကူကိုတစ်လှည့်၊ သွေးသံရဲရဲဖြစ်နေသော မိုးနှောင်းကိုတစ်လှည့် ကြည့်ရင်း ပါးစပ် အဟောင်းသားဖြင့် ကြောင်နေသည်။

မိုးနှောင်းကို ဝိုင်းထိုးကြသော လူငယ်တွေကလည်း ထိုအမျိုးသမီးကြီး၏ အမူအယာကြောင့် ‘ဘယ်လိုပါလိမ့်' ဟု ဝေခွဲမရဖြစ်ကုန်ကြသည်။

မိုးနှောင်း ဘာကိုမှ ရှင်းမပြတော့။ လိုအပ်လျှင် အဖြစ်အပျက်ကို ကာယံရှင်အဒေါ်ကြီးက ရှင်းပြလိမ့်မည်။

လောလောဆယ်မှာ သူ့ ဦးနှောက်ထဲတွင် အတွေးတစ်ခုသာရှိ၏။

က... သစ်. . . ဖြူ. . .

သူ ကသစ်ဖြူဆီ ရောက်အောင် သွားမှဖြစ်မည်။ သူ လူးလဲထပြီး အမြန်ဆုံး ပြေးထွက်ခဲ့၏။


**********


“ဟင်. . . ရှင်. . . ရှင်. . . သွေးတွေသံတွေနဲ့ ဘယ်လိုဖြစ်လာတာလဲ”

ကသစ်ဖြူက သူ့ကိုတွေ့လိုက်သည်နှင့် ထိတ်လန့်တကြား ဆီး၍မေးလိုက်၏။

မိုးနှောင်းက ဒဏ်ရာတွေကြားမှ ပြုံးပြလိုက်သည်။ ပြီးတော့ သူ့လက်ထဲမှာ ပါလာသည့် လွယ်အိတ်မှ တွဲလောင်းကလေးတွေသီထားသည့် ဆယ်ပြားစေ့များကို ပြရင်း .

“မတော်တဆ ထိမိခိုက်မိတာပါကွာ၊ ဒဏ်ရာတွေက အရေးမကြီးပါဘူး၊ ရော့. . . ဒီမှာ. . . မင်းလိုချင်တဲ့ ဆယ်ပြားစေ့၊ တစ်စေ့တည်းတောင်မကဘူး၊ အများကြီးပဲ"

ကသစ်ဖြူ၏ အကြည့်က ဆယ်ပြားစေ့များမှတစ်ဆင့် လွယ်အိတ်ကို သတိထားမိသွားပြီး

“ဟင်. . . ရှင်. . . ရှင်. . . ဒါကို ဘယ်ကရလာတာလဲ"

“ဘယ်ကရလာတယ်ဆိုတာ အရေးကြီးလို့လား၊ မင်းလိုချင်တာကို ရအောင်လုပ်ပေးမယ်ဆိုတဲ့ ကိုယ့်ကတိအတိုင်း ဖြစ်ဘို့က အရေကြီးတာ မဟုတ်လား”

“မဟုတ်ဘူး. . . မဟုတ်ဘူး. . . ကျွန်မကို အမှန်အတိုင်းပြော ပြစမ်းပါ၊ ရှင်. . . ဒီလွယ်အိတ်ကို ဘယ်နည်းနဲ့မှ သွေးရိုးသားရိုး ရလာတာ မဖြစ်နိုင်ဘူး၊ ရှင့်မျက်နှာပေါ်က ဒဏ်ရာတွေကကော ဘယ်လိုရလာတာလဲ၊ ပြောပြစမ်းပါ၊ ကျွန်မကို စိတ်ပူအောင် မလုပ်ပါနဲ့”

ကသစ်ဖြူက နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်ယင်နေသည်။ မိုးနှောင်းက သက်ပြင်းကို တစ်ချက်မှုတ်ထုတ်လိုက်ပြီး ဆယ်ပြားစေ့ ကျပျောက်သွားသည်မှစ၍ မျက်ခုံးတွင် မှဲ့ပါသည့် အဒေါ်ကြီးတစ်ယောက်ဆီမှာတွေ့သော လွယ်အိတ်ကို အတင်းဇွတ်ဝယ်ပြီး ထွက်ပြေးလာသောကြောင့် အထိုးအကြိတ် ခံခဲ့ရပုံများကို ပြောပြလိုက်သည်။

ကသစ်ဖြူ၏ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူလျော် ဖြစ်သွားပြီး . . . 

“ဘုရားရေ . . ရှင် ဒုက္ခရောက်သွားနိုင်တယ်၊ သိရဲ့လား၊ အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ၊ ကျိုးသွားကန်းသွားရင် ဘယ်လိုလုပ်မလဲ၊ ရှင် မစဉ်းစားဘူးလား"

“လူဆိုတာ တစ်ခါတစ်လေ စဉ်းစားခြင်းရဲ့ အပြင်ဘက်ထွက်ပြီး လုပ်ရတာတွေရှိတယ် ကသစ်ဖြူ၊ ဥပမာ ဘယ်လိုကိစ္စမျိုးလဲဆိုတော့..

“နေဦး. . . နေဦး၊ ရှင့်ဒဏ်ရာတွေကို ဆေးအရင်ထည့်ဦးမှ ဖြစ်မယ်၊ ခဏလေး. . . ခဏလေး. . .”

ကသစ်ဖြူက မမယု၏ အခန်းထဲမှ အရက်ပျံ၊ ဂွမ်းနှင့် ပလာစတာများ သွားဝင်ယူပြီး ပြန်ထွက်လာ၏။

ပြီးတော့ သူမက ကြင်နာယုယစွာဖြင့် မိုးနှောင်း၏ မျက်နှာပေါ်မှ သွေးစများကို ရေနွေးဖြင့် ဆေးကြောသည်။ နောက်. . . ဒဏ်ရာကို ဂွမ်းစဖြင့် အရက်ပျံတို့ကာ ဆွတ်ပေး၏။

“အား. . . ကျွတ်. . . ကျွတ်. . . စပ်လိုက်တာ” 

အရက်ပျံက အရေပြားပေါ်တွင် အေးကနဲ စိမ့်ခနဲတစ်ချက် ဖြစ်သွားသည်။ ပြီးမှ စပ်ဖျန်းဖျန်း ဖြစ်လာ၏။ ကသစ်ဖြူက . . . 

“နည်းနည်းတော့ အောင့်ခံလေ၊ ရှင် အဲဒီလိုအော်တော့ ကျွန်မ ရင်ကို တုန်သွားတာပဲ”

“အောင့်ခံရမယ်ဆိုတဲ့စိတ်ကို မွေးတာက စဉ်းစားတတ်တဲ့အသိ စိတ်နဲ့လုပ်တာ၊ ရုတ်တရက် နာသွားတာက စဉ်းစားခြင်းမပါဘဲ သူ့ အလိုအလျောက် ဖြစ်တာလေ၊ ဘယ်လိုလုပ်ပြီး ထိန်းလို့ရပါ့မလဲ” 

သူ့စကားကြောင့် ကသစ်ဖြူက လက်ထဲမှ ဂွမ်းစလေးကို ဒဏ်ရာပေါ်သို့ အသာဖွဖွအုပ်ရင်း …

“တကယ်ဆို. . . ရှင် အခုလိုဖြစ်ရတာ ကျွန်မကြောင့်၊ ရှင် အခုလို အန္တရာယ်ရှိမှန်း သိရက်နဲ့ မစဉ်းစားဘဲ ဇွတ်တိုးမယ်မှန်းသိခဲ့ရင် ကျွန်မ . ကျွန်မ ဘာမှ တောင်းဆိုခဲ့မှာ မဟုတ်ပါဘူး၊ ရှင် သေသေချာချာ စဉ်းစားမယ်ဆိုရင် ကျွန်မကို. . . ကျွန်မကို စိတ်ဆိုးသင့်ပါတယ်”

“စိတ်ဆိုးတို့အတွက် သေသေချာချာ စဉ်းစားနေရဦးမယ်ဆိုရင် မစဉ်းစားပါရစေနဲ့တော့ ကသစ်ဖြူ၊ ကိုယ်က 'စဉ်းစားခြင်း' မပါဘဲ သူ့အလိုလို ဖြစ်လာတဲ့ ခံစားချက်အတိုင်းလေးပဲ နေချင်ပါတယ်၊ ခုနက ကိုယ်ပြောခဲ့တယ် မဟုတ်လား၊ လူဟာ တစ်ခါတစ်လေ 'စဉ်းစားခြင်း’ ရဲ့ အပြင်ဘက်ထွက်ပြီးလုပ်ရတဲ့ ကိစ္စတွေရှိတယ်ဆိုတာလေ”

ဒဏ်ရာကြောင့် နာကျင်နေသည့်ကြားမှ မိုးနှောင်း၏ လေသံက နွေးထွေး နူးညံ့နေသည့်အတွက် ကသစ်ဖြူက စူးစမ်းစွာကြည့်၏။ 

မိုးနှောင်းက သူမကို စိုက်ကြည့်နေသည်နှင့် မျက်လုံးချင်းဆုံသည်။

ကသစ်ဖြူက …

“စဉ်းစားခြင်းရဲ့ အပြင်ဘက်ကိုထွက်ပြီး လုပ်ရတဲ့ကိစ္စဆိုတာ ဘယ်လိုဟာမျိုးလဲ”

အဖြေကို ကြိုသိနေသလိုလို ဖြစ်နေလျက်နှင့် သူမ မေးသည်။

မိုးနှောင်းက . . .

“အချစ်ပေါ့ ကသစ်ဖြူရယ်၊ မင်းကို ကိုယ်ချစ်နေမိတာမျိုးပေါ့”

ကသစ်ဖြူက အကြည့်ကိုမလွှဲ။ မျက်လွှာကိုမချ။ မျက်ဝန်းချင်း ဆုံနေလက်စရှိသည့်အတိုင်း တည့်တည့် စိုက်ကြည့်နေမြဲ။ 

စူးစိုက်ကြည့်ရလွန်းသောကြောင့်လား၊ ဘာကြောင့်လည်းတော့မသိ။ ခဏနေတော့ မျက်ဝန်းထဲမှာ မျက်ရည်ဝဲလာသည်။


*****


မိုးနှောင်းက ကသစ်ဖြူ၏ ပုခုံးကို ညင်သာနွေးထွေးစွာ ပွေ့ဖက်လိုက်ရင်း

“မစဉ်းစားပါနဲ့တော့. . . ကသစ်ဖြူရယ်” 

အခန်း - ၁၇ ဖတ်ရန်

Comments