မနက်ဖြန်အစီအစဉ် - ၁၇ @ မင်းခိုက်စိုးစန်


ချစ်ခြင်း၏ ထိုးမြဲလက်မှတ်သည် သူမ၏ နှုတ်ခမ်းထက်၌ ကမ္ဘာတည်သရွေ့ စွဲမြဲ ထင်ကျန်ရစ်နေပေဦးမည်။

အကြင်နာတရား၏ နေရောင်ခြည်အောက်မှာ လမ်းအတူတူ လျှောက်ကြမည်။ ကျပျောက် ဆုံးရှုံးသွားရစ်သော ခြေရာတစ်ချို့ကို မနက်ဖြန်ကျမှ သပိတ်လွယ်ငှက်တစ်ကောင်နှင့်အတူ ထည့်ပေးလိုက်ပါတော့မည်။ ရယ်သံများ၏ ပုံတူကို ကျောက်ဖြူသားဖြင့် ထုဆစ်၍ ပင်လယ်ကမ်းစပ်မှာ စိုက်ထူဘို့ မမေ့ပါနှင့်။

ပြီးလျှင် စင်္ကာပူနိုင်ငံကို “အချစ်ကျွန်း’ ဟု အမည်ပြောင်းလိုက်မည်။ ထိုအမည်ကို တစ်ကမ္ဘာလုံးက အသိအမှတ် ပြုကြစေသတည်း။ အချစ်ကျွန်းပေါ်မှာ သူတို့နှစ်ယောက် ခြေရာချင်းထပ်အောင် လျှောက်လည်ကြသည်။ ပင်လယ်ကို ကြည့်ကြသည်။ နေဝင်ဆည်းဆာချိန် ကိုကြည့်ကြသည်။ အရာရာတိုင်းကို အတူတကွ ခံစားကြသည်။ တစ်ခုတည်းသောလေကို ရှူရှိုက်၍ အသက်ရှင်ကြသည်။

နှစ်ယောက်အတူတူ အသက်ရှူရသည့် တန်ဖိုးသည် ရှင်သန်နေကြဆဲ အချိန်ကာလမှာ အဓိပ္ပါယ်အရှိဆုံး ဖြစ်လေသည်။

PULAU - UBIN မှာ နှစ်ယောက်အတူတူ ရှေ့နောက်စီးနင်းရသော စက်ဘီးကို စီးကြတော့ သူမက ...

“ဘယ်သူ့ကြောင့် ဘယ်သူက ရွေ့နေရတာလဲ” ဟု မေး၏။

မိုးနှောင်း ပြန်မဖြေနိုင်သေးဘဲ အကြာကြီး စဉ်းစားနေလိုက်ရသေးသည်။ ပြီးတော့မှ …

“ချိန်းကြိုးကြောင့် ဘီးနှစ်ဘီးစလုံး ရွေ့နေတာပါ” ဟု ပြန်ဖြေလိုက်၏။

သူနှင့်သူမသည် ဘီးတစ်ဘီးစီ ဖြစ်ကြသည်ဆိုပါစို့။ ဟန်ချက်ညီညီ အတူရွေ့လျားကြဘို့ဆိုလျှင် သူတို့ကို ဆက်နွယ်ရစ်နှောင်ထားသော ချိန်းကြိုးတစ်ချောင်းတော့ ရှိဖို့လိုအပ်သည် မဟုတ်ပါလား။


*****


အဲဒီကောင်မလေး သည်လိုပဲ ကတ်သီးကတ်သပ် မေးခွန်းတွေ မေးတတ်သည်။ ဟိုတစ်နေ့ကလည်း Suntec Tower ကို ရောက်တော့ မိုးနှောင်းက ထုံးစံအတိုင်း သူ့ အိတ်ထဲက Handycam ဗီဒီယိုကင်မရာ လေးထုတ်ပြီး ကသစ်ဖြူ၏ လှုပ်ရှားမှုအားလုံးကို အစအဆုံး လိုက်ရိုက်နေ၏။

ရင်ညွန့်လောက်အမြင့်ရှိပြီး SUNTEC TOWER FIVE ဟု ငွေရောင်စာလုံး ထွင်းကပ်ထားသည့် အနက်ရောင် ကျောက်သားပြင်ကို သူမက ကိုယ်တစ်ပိုင်းမှီကာ လက်ဝဲဖက်က ခုံတန်းရှည်ကလေးတွေနှင့် သစ်ပင်များဆီလှမ်းကြည့်ရင်း ....

“မောင်. . . ကြယ်ကြွေတာ မြင်ဖူးလားဟင်” 

“မြင်ဖူးတာပေါ့ ဖြူရဲ့၊ ဘာဖြစ်လို့လဲ”

“ပန်းပွင့်တွေကြွေရင် မြေကြီးပေါ်ကျတယ် မဟုတ်လား မောင်၊ ကြယ်တွေကြွေရင် ဘယ်ပေါ်ကျသလဲဟင်၊ သိချင်လိုက်တာ”

မိုးနှောင်းက ဖြေစရာစကား မရှိသောကြောင့် ပြုံးရုံသာ ပြုံးနေလိုက်သည်။ သူကြည့်နေသော ဗီဒီယိုကင်မရာ၏ LCD ဖန်သားပြင်ပေါ်မှာတော့ အမေးအမြန်းထူသော မရဏဖွားမလေး၏ ပုံရိပ်သည် မြက်ပင် စိမ်းစိမ်းကလေးလို နူးညံ့ကာ ချစ်စရာ ကောင်းနေလေသည်။

မြက်ခင်းတွေ အမြဲစိမ်းနေတာမြင်ရအောင်... 

ဘဝကို...

ဘောလုံးကွင်းပဲ ဖြစ်လိုက်စေချင်ပါတော့တယ်…


*****


CLARKE QUAY ကိုရောက်တော့ Riverside မှာ နှစ်ဦးသား မြစ်ပြင်ဆီ မျက်နှာမူရင်း ခေါက်တုံ့သယ်ပြန်နေကြသည့် ကုတို့မော်တော်တွေကို ငေးကြည့်နေမိကြသည်။

လူတွေက မြစ်တစ်ဖက်ကမ်းကို ကူးသန်းနေကြသည်။ ရေတွေက စီးဆင်းနေမြဲ။ မြစ်ဆိုတာ ဖြတ်ကူးဘို့လား. . . မျောပါဘို့လား။ 

စင်္ကာပူနိုင်ငံဆိုသည်က လူတွေက အသိအမှတ် ပြုထားသောကြောင့် ရှိနေသောအရာ။ မြစ်ဆိုသည်ကတော့ လူတွေက အသိအမှတ် ပြုပြု မပြုပြု သူ့ဖါသာသူ ရှိနေမည့်အရာ။

အချစ်ဆိုတာ နိုင်ငံတစ်ခုလား (ဒါမှမဟုတ်) မြစ်တစ်စင်းလား။

ဟော... ကူးတို့လှေတွေကတော့ မြစ်ကို ကူးဖြတ်နေကြပြန်ပြီ။

လေတစ်ချက်ကံ ဝေ့ကနဲ တိုက်ခတ်လိုက်၏။ ရင်ထဲမှာ နူးညံ့သလိုလို ချိုမြမြသလိုလို ခံစားလိုက်ရသည်။

မိုးနှောင်းက သူ့ အတွေးကို ပြောပြဘို့ ရိုက်လက်စ ဗီဒီယိုကင်မရာကို ကသစ်ဖြူဘက်သို့ လှည့်လိုက်သည်။

“ဟင်”

မူးခနဲမိုက်ခနဲ ယိမ်းယိုင်တော့မလို ဖြစ်သွားသည့် ကသစ်ဖြူ၏ ပုံရိပ်ကို ကင်မရာထဲတွင် မြင်လိုက်ရ၏။

“ဘာဖြစ်တာလဲ. . . ဘာဖြစ်တာလဲဟင်. . . ဖြူ” 

ကသစ်ဖြူက သူ့ကိုယ်ဟန်ချက်ကို သူ့ဖါသာသူထိန်းရင်း မိုးနှောင်းကို 

“ရပါတယ်’ ဟူသည့်အဓိပ္ပါယ်ဖြင့် လက်ကာပြပြီး . . 

“နည်းနည်းမူးသွားလို့ပါ၊ ဘာမှမဖြစ်ပါဘူး"

သူမက အနည်းငယ် သံပတ်လျော့နေသည့် နှုတ်ခမ်းများဖြင့် ကြိုးစားအားတင်းပြီး ပြုံးပြလိုက်တော့မှ မိုးနှောင်းရင်ထဲမှ စိုးရိမ်စိတ်က လျော့ကျသွား၏။

မိုးနှောင်းက ဗီဒီယိုကင်မရာ Rec ခလုတ်ကို မပိတ်ဖြစ်သေးဘဲ...

“တော်သေးတာပေါ့၊ ဘာဖြစ်ဖြစ်တာလဲလို့၊ ရင်ထဲကို ထိတ်သွားတာပဲ၊ အင်း ချစ်ပြီဆိုတာနဲ့ စိတ်ပူရတာ ထုံးစံပဲနော်”

ကသစ်ဖြူက ချက်ချင်းပြန်မဖြေ၊ စဉ်းစားနေပြီးမှ …

“အချစ်ကြောင့် စိတ်က ပူလောင်ရတာ မဟုတ်ပါဘူး၊ ချစ်ခြင်းဟာ သူ့ဖါသာသူ သီးသီးသန့်သန့်လေး အပြစ်ကင်းစင်တဲ့အရာပါ။ ဒါပေမဲ့ လူတွေက ချစ်ခြင်းကို သူ့အရှိအတိုင်းတိုင်း လက်မခံကြဘဲ ကိုယ့်ဖါသာကိုယ် ဆင့်ပွားထားတဲ့ အဓိပ္ပါယ်တွေနဲ့ပဲ လက်ခံကြတာများတယ်”

သူမက ပြောရင်းနှင့် မြစ်ရေပြင်ဆီသို့ ငေးကြည့်နေသေး၏။ နောက်မှဆက်၍ ...

“ဥပမာပြောရရင် သွေးသားတော်စပ်ချင်တာ၊ ပိုင်ဆိုင်ချင်တာ၊ ပြန်ပြီး အချစ်ခံချင်တာ၊ အဲဒါတွေနဲ့ ချစ်ခြင်းကို ရောထွေးပြီး နားလည်ထားကြတယ်၊ တကယ်တော့ အချစ်က ပူလည်းမပူဘူး၊ အေးလည်း မအေးဘူး၊ အချစ်ကို နားလည်လက်ခံနေကြတဲ့လူတွေရဲ့ အသိစိတ်ကသာ ပူလိုက်အေးလိုက် ဖြစ်နေတာပါ”

ကင်မရာ ရိုက်ကူးခလုတ် မီးနီကလေးက လင်းနေသည်။ ရိုက်နေသော ဗီဒီယိုခွေတိပ်သားက ညင်သာစွာ လည်ပတ်နေလေသည်။ 

မိုးနှောင်းက သူမ၏ ပုံရိပ်စွဲထင်နေသော ဗီဒီယိုတိပ်သည် သူ့ နှလုံးသား အပြားအလွှာ ဖြစ်သည်ဟု ထင်နေ၏။ 

အခန်း - ၁၈ ဖတ်ရန်

Comments