မနက်ဖြန်အစီအစဉ် - ၁၈ @ မင်းခိုက်စိုးစန်


“ဒေါက်. .. ဒေါက်... ဒေါက်” 

မိုးနှောင်းက ကသစ်ဖြူ၏ အခန်းတံခါးကို ခေါက်လိုက်ပြီး. . . 

“ဖြူရေ. . . အိပ်ယာကမ နိုးသေးဘူးလား၊ ထတော့လေကွာ" 

မနက်ခင်း ထုံးစံအတိုင်း တံခါးခေါက်ပြီး နှိုးလိုက်သော်လည်း အထဲမှ ပြန်ဖြေသံ မကြားရသဖြင့် မိုးနှောင်းက တံခါး Lock လက်ကိုင်ဖုကိုလှည့်ကာ တွန်းဖွင့်လိုက်သည်။

ကသစ်ဖြူက အိပ်ယာပေါ်တွင်ထိုင်ကာ ငိုင်နေ၏။ သူမ၏ လက်ထဲမှာတော့ ရေချိုးခန်းထဲမှ သွားပွတ်တံသုံးချောင်းကို ကိုင်ထားရင်း စိတ်ရှုပ်ထွေး ထွေပြားစွာဖြင့် ဟိုတစ်ချောင်းကိုကြည့်လိုက် ဒီတစ်ချောင်းကိုကြည့်လိုက် လုပ်နေသည်။

မိုးနှောင်းက သူမအနီးသို့ သွားရပ်လိုက်ပြီး . . 

“ဘာလုပ်နေတာလဲ ဖြူရဲ့၊ သွားတိုက်မယ်ဆိုရင်လည်း တိုက်တော့လေ၊ မောင်က ဘာများဖြစ်နေတာလဲလို့"

“ဟို...ဟို...”

ကသစ်ဖြူ၏ အမူအယာက ပုံမှန်မဟုတ်ဘဲ အာရုံတွေလွင့်ပါးနေသလိုလို၊ တစ်စုံတရာကို တွန့်ဆုတ်ကြောက်ရွံ့သလိုလို ဖြစ်နေသည်။

မိုးနှောင်းက …

“ဟင်. . . ဖြူ. . . ဘာဖြစ်နေတာလဲ၊ မောင့်ကို ပွင့်ပွင့်လင်း လင်းပြောပြစမ်းပါ”

ကသစ်ဖြူက တဆတ်ဆတ် တုန်ယင်နေသည့် သူမ၏ လက်ထဲမှ သွားပွတ်တံ(၃)ခုကို မိုးနှောင်း၏ ရှေ့သို့ထိုးပြရင်း . ....

“မောင်. . . ဒီဟာတွေထဲက ဖြူသုံးနေကျ သွားပွတ်တံက ဘယ် … ဘယ်ဟာလဲဟင်”

“ဟောဒီ. . . ပန်းရောင်လေးလေ ဖြူရဲ့၊ ဘာလဲ. . . ဖြူ မောင့်ကို နောက်နေတာလား"

မိုးနှောင်းက သူမ ဘာရည်ရွယ်ချက်နှင့် ပြောနေမှန်းကို နားမလည်နိုင်စွာဖြင့် ပြန်မေးလိုက်၏။

ကသစ်ဖြူ၏အသံက အားငယ်ဝမ်းနည်းစွာ ဖျော့တော့တိုးလျသွားပြီး …

“ဖြူ. . . ဖြူ. . . မေ့သွားလို့ပါ. . . မောင်ရယ်"

“မဟုတ်သေးဘူး. . . ဖြူ၊ မဟုတ်သေးဘူး၊ ဖြူ ဒီလောက်ထိ သတိ ချွတ်ယွင်းလာတယ်ဆိုတာ အကြောင်းမဲ့တော့ မဖြစ်နိုင်ဘူး၊ ဖြူ၊ ဘာဖြစ်နေတာလဲ၊ မောင့်ကို အမှန်အတိုင်း ပြောပြစမ်းပါ”

ရုတ်တရက် ကသစ်ဖြူ၏ ညာဖက်မျက်ဝန်းထောင့်တွင် မျက်ရည်စက်တစ်စက် ဥလာ၏။ ချက်ချင်းပင် မျက်ရည်စက်က ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာသည်။

ကသစ်ဖြူ၏ လက်ထဲမှ သွားပွတ်တံများကို ဗြုန်းခနဲ လွှတ်ချလိုက်ပြီး သူမမျက်နှာကို လက်ဝါးနှစ်ဖက်ဖြင့်အုပ်ကာ ရှိုက်၍ ရှိုက်၍ ငိုတော့သည်။

“ဖြူ. . . ဖြူ”

မိုးနှောင်းက အထိတ်တလန့်ဖြင့် ကသစ်ဖြူ၏ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး လှုပ်ခါသည်။ ကသစ်ဖြူကတော့ ခေါင်းမဖေါ်ဘဲ ရှိုက်ကြီးတငင် ငိုကြွေးဆဲ။

မိုးနှောင်း ဘာမှ နားမလည်နိုင်တော့။ 

“ဘယ်လိုဖြစ်ရတာလဲ. . . ဖြူရယ်"

ခဏကြာတော့မှ ကသစ်ဖြူ အငိုတိတ်သည်။ မျက်ရည်စတွေကို သိမ်းဆည်းကာ ဦးခေါင်းကို ခပ်ဝံ့ဝံ့ မော့သည်။ ခါတိုင်းလို ဘာကိုမှ ဂရုမစိုက်သည့် ခပ်တေတေ ကောင်မလေးတစ်ယောက်၏ ဟန်မျိုး ပြန်ဖြစ်လာ၏။

ပြီးတော့မှ သူမက ကုတင်ဘေးရှိ စားပွဲအံဆွဲထဲမှ တစ်စုံတစ်ရာကို ဆွဲထုတ်လိုက်သည်။ ဆယ်ပြားစေ့တွေ သီထားသောကြောင့် မိုးနှောင်း မရမက အတင်းဇွတ်ဝယ်ခဲ့သည့် ဂျပ်ခုတ်လွယ်အိတ်အနီရောင်လေး .. ။

မိုးနှောင်းက လွယ်အိတ်ကလေးကိုတစ်လှည့်၊ ကသစ်ဖြူကိုတစ်လှည့်၊ နားမလည်နိုင်စွာ ကြည့်လိုက်သည်။ ကသစ်ဖြူက လွယ်အိတ်ကလေး၏အတွင်းမှ ဇစ်ကိုဆွဲဖွင့်သည်။

အဲဒီ လွယ်အိတ်ကလေးထဲမှာ အတွင်းအိတ်တစ်အိတ် ကပ်ချုပ်ထားတာ ရှိသေးမှန်း မိုးနှောင်းပင် အမှတ်တမဲ့မို့ မသိခဲ့။

ကသစ်ဖြူက အတွင်းအိတ်ကလေးထဲမှ ဓါတ်ပုံတစ်ပုံကို ထုတ်ယူလိုက်သည်။ မိုးနှောင်း လွယ်အိတ်ကို ယူပြေးစဉ်တုန်းက အထဲမှာ ဓါတ်ပုံပါမှန်းမသိဘဲ လုံးထွေးပြီး ကိုင်ခဲ့မိသောကြောင့် ဓါတ်ပုံက ခေါက်ရိုးရာတွေ ကျိုးကြေနေပြီဖြစ်၏။

ကသစ်ဖြူက ဓါတ်ပုံကို လှမ်းပေးသောကြောင့် မိုးနှောင်း ယူပြီးကြည့်လိုက်ရာ …

“ဟင်”

ဓါတ်ပုံထဲတွင် ကသစ်ဖြူက အဲသည် ရိုးရာဆင်ဂျပ်ခုတ်လွယ် အိတ်အနီရောင်လေးကို လွယ်ထားလျက်သား။ 

မိုးနှောင်းက တအံ့တဩဖြင့် . . .

“ဒါ. . . ဒါဆို ဒီလွယ်အိတ်ကလေးက အစကတည်းက ဖြူရဲ့ လွယ်အိတ်လေးပေါ့၊ ဟုတ်လား”

ကသစ်ဖြူက ဖြည်းညှင်းစွာ ခေါင်းညိတ်ပြ၏။ မိုးနှောင်းက. . .

“အဲ. . . အဲဒါဆို ဟိုအဒေါ်ကြီးဆီကို ဒီလွယ်အိတ်က ဘယ်လို ဖြစ်ပြီး ရောက်နေတာလဲ"

ကသစ်ဖြူက အေးစက်ကာ နာကျင်နေသော အသံဖြင့် . . . 

“အဲဒါ ဖြူအဒေါ်ပါမောင်၊ ဟိုတစ်ခါ Centerpoint မှာ ဖြူနဲ့မောင် လူချင်းကွဲသွားရတာကလည်း အဒေါ်ကို မတွေ့ချင်လို့ ဖြူ တမင်ရှောင်ပြေးရင် လူချင်းကွဲသွားတာပါ”

“ဪ . . ဖြူက စင်္ကာပူကိုလာတာ တစ်ယောက်တည်း မဟုတ်ဘူးပေါ့”

“ဟုတ်တယ်. . . မောင်၊ ဖြူ ဒီမှာ ဆေးရုံတက်ရမှာမို့လို့ အဒေါ်က အဖေါ်အနေနဲ့ လိုက်လာပေးတာ”

‘ဆေးရုံ’ ဆိုသောစကားလုံးကြောင့် မိုးနှောင်း တစ္ဆေအခြောက် ခံလိုက်ရသလို ဖြစ်သွားပြီး. . .

“ဖြူက ဒီ. . . ဒီမှာ ဆေးရုံလာတက်တာဟုတ်လား၊ ဘာ. . .ဘာဖြစ်လို့လဲ”

အိပ်မက်တွေအားလုံး မှောင်မိုက်သွားစေမည့် စကားကို သူမ တီးတိုးညင်သာစွာ ပြောသည်။

“ဖြူမှာ Brain Tumour လို့ခေါ်တဲ့ ဦးနှောက်ကင်ဆာရှိနေတယ် မောင်. . . ၊ ဖြူဟာ. . . ဖြူဟာ. . . မကြာခင်သေရမယ့်လူပါ မောင်ရယ်"


*****


ကြေကွဲခြင်းများစွာ အတောင်ပံတွေ ပေါက်လာကြသည်။ ကောင်းကင်ကိုဖြတ်၍ သူတို့ ပျံသန်းကြသောအခါ အလင်းရောင်တွေ ဆိတ်သုန်းသွားကြ၏။

ကြယ်များပင်လျှင် တိုးတိတ်စွာ လင်းကြသည်။ ပန်းပွင့်တွေ ဆိုသောသီချင်းသည် ငိုရှိုက်သံများ ဖြစ်နေကြ၏။ အနက်ရောင်မြက်ခင်းပေါ် နှင်းစက်တွေကျနေသည်ကို မြင်ရဲ့လား။ ဟင်. . . နှင်းစက်မဟုတ် ပါဘူး၊ မျက်ရည်တွေပါ. . .

ငါ အိပ်မက်မက်နေတာဆိုရင်လည်း တစ်ယောက်ယောက်က ငါ့ကို မြန်မြန်နှိုး ကြပါတော့။ (အိပ်မက်မဟုတ်သည့် အကြောင်းကိုလည်း ကိုယ်ကိုယ်တိုင် သိနေပြန်တော့ ကိုယ့်စိတ်ကိုယ် လှည့်စားပုန်းသိုစရာနေရာ ခြောက်ခန်းနေလေသည်)

ကသစ်ဖြူက . . .

“ဒီက ဆရာဝန်ကြီးတွေကလည်း ဖြူ့ရောဂါအခြေအနေကို လက်လျော့လိုက်ကြပြီ၊ ဖြူ့အဒေါ်ကတော့ ဩစတေးလျအထိ သွားမယ်လို့ ပြောပါသေးတယ်၊ ဒါပေမဲ့ ဖြူ၊ မသွားချင်တော့ပါဘူး မောင်ရယ်။ ပိုက်ဆံတွေလည်း ကုန်လှပြီ။ ပြီးတော့ ကိုယ့်ရောဂါ အခြေအနေကိုလည်း ကိုယ်သိနေပြီပဲဥစ္စာ၊ ရှောင်လွှဲလို့မရတဲ့ သေခြင်းတရားကို ဘာလို့များ အချိန်ဆွဲနေရဦးမှာလဲ. . . မောင်ရယ်”

ဪ. . . ဖြူရယ်. . . ဟု သူ့ ရင်ထဲမှ တိုးတိတ်စွာ ညည်းမိသည်။ ဒီလိုအချိန်မျိုးတွင် နှစ်သိမ့်စကားတွေ အားပေးစကားတွေလည်း အရာထင်တော့မည် မဟုတ်ပါ။

တစ်စုံတစ်ရာပြင်ဆင်ခွင့်မရသော ပြစ်ဒဏ်ကို ဘယ်သူက ချမှတ်ခဲ့တာလဲ။ ကံကြမ္မာဆိုတာလား။ ဘုရားသခင်ဆိုတာလား။ သူမ၏စကားသံကိုပင် မိုးနှောင်း ကြားတစ်ချက် မကြားတစ်ချက်။

“ဖြူလည်း ပတ်စပို့ကော၊ ပိုက်ဆံတွေကိုကော ထားပစ်ခဲ့ပြီး အဒေါ်အလစ်မှာ တိတ်တိတ်လေး ထွက်ပြေးလာခဲ့တယ်။ ဖြူနဲ့မောင် စတွေ့ကြတဲ့အချိန်မှာ ရေထဲကို မတော်တဆ ခြေချော်ကျတာ မဟုတ်ဘူး. . . မောင်၊ ဖြူ၊ တမင်ခုန်ချလိုက်တာ"

နူးညံ့ခြင်းနှင့် ခက်ထန်ကြမ်းကြုတ်မှုတွေ ရောနှောဝေ့ဝဲလာသည့် ပင်လယ်လေ၏ အထိအတွေ့ကို သူ ပြန်အမှတ်ရလာ၏။ လှိုင်းတွေကို သူ ပြန်မြင်ယောင်လာ၏။

ပင်လယ်ရေစပ်တွင် ရပ်နေသော ပန်းနုရောင်အင်္ကျီနှင့် ကောင်မလေး သေးသေးတစ်ယောက်၏ ပုံရိပ်လွှာကိုပါ သူ ပြန်လည်မြင်ယောင်မိလေသည်။

ကသစ်ဖြူက . . .

“ဟောဒီအိမ်ကို မောင်ခေါ်လာတဲ့အချိန်ထိ ဖြူရင်ထဲမှာ သေခြင်းတရားဆီ အမြန်ဆုံး အရောက်သွားချင်နေတုန်းပဲ၊ ဒါပေမဲ့ ‘လူဟာ ရှင်သန်နေဆဲ ကာလလေးအတွင်းမှာပဲ အကြင်နာတရားကို ခံစားခွင့်ရှိတယ်' ဆိုတာ မောင့်ကြောင့် ဖြူ နားလည်လာခဲ့ရတာပါ၊ မောင့်ကြောင့်ပဲ ဘ၀ကို တွယ်တာတတ် လာခဲ့တာပါ”

ပြောရင်းနှင့် မိုးနှောင်း၏ ရင်ခွင်ကိုမှီပြီး သူမ ငိုရှိုက်သည်။ မျက်ရည်စတို့သည် အင်္ကျီကိုစိမ့်ဝင်ကာ မိုးနှောင်း၏ ရင်ဘတ်ကို ပူနွေး စွတ်စိုစေ၏။ 

ကသစ်ဖြူက စိတ်ကို တင်းကာရှိုက်ရင်း . . .

“မောင်က ဖြူအတွက် အနွေးထွေးဆုံး အကြင်နာတွေ ပေးခဲ့သလောက် ဖြူဘက်ကတော့ ဘာတစ်ခုမှ ကောင်းတာ ပြန်မပေးနိုင်ခဲ့ဘူး၊  ပူဆွေးသောကတွေ ပေးဘို့သက်သက် မောင့်ဆီကို ရောက်လာခဲ့တဲ့ ရေမျောကမ်းတင် လှေတစ်စင်းပါပဲ. . . မောင်ရယ်"

အခု လှိုင်းတွေလည်း ဖြူကို ခေါ်နေပြီး မုန်တိုင်းကလည်း ဖြူကို စောင့်နေပြီ၊ ဖြူ့ကို. . . ဖြူ့ကို. . . ခွင့်လွှတ်. . . ပါ. . . တော့. . . မောင်. . . ရယ်. . .”


Comments