မနက်ဖြန်အစီအစဉ် - ၁၉ @ မင်းခိုက်စိုးစန်


ကသစ်ဖြူ၏ ကျန်းမာရေးအခြေအနေက တစ်နေ့ထက်တစ်နေ့ ပို၍ သိသိသာသာ ဆိုးရွားလာသည်။

အမြင်အာရုံကလည်း တစ်စတစ်စ မှုန်ရီသီဝါးလာ၏။ အလင်းပျပျကိုသာ မြင်ရတော့သည်။ မိုးနှောင်းက အိမ်ထဲတွင် ကသစ်ဖြူ လမ်းလျှောက်ရ လွယ်ကူစေရန် ကြိုးတွေ တန်းထားပေးသည်။

သူမ၏ အိပ်ခန်းမှ ရေချိုးခန်းဆီသို့ ကြိုးတစ်ချောင်း၊ ဧည့်ခန်းကြီးနှင့် မီးဖိုချောင်ဆီသို့လည်း ကြိုးတစ်ချောင်းစီ၊ မယု၏ အခန်းဝနှင့် သူ့ အခန်းဝဆီသို့လည်း ကြိုးတစ်ချောင်းစီ သွယ်တန်းထားသည်။

မျက်စိကွယ်စပြုနေပြီဖြစ်သော ကသစ်ဖြူကို မိုးနှောင်းကတွဲကာ ထိုကြိုးတန်းများကို လက်ဖြင့်စမ်း၍ အားပြု မှေးကိုင်ကာ အိမ်ထဲတွင် နေရာအနှံ့ သွားတတ်အောင် လေ့ကျင့်ပေးသည်။ 

မိုးနှောင်းက . . .

“ဒီဖက်လက်က မောင့်ကို တွဲထားလေ ဖြူရဲ့၊ အဲ. . . ဟုတ်ပြီ၊ ဟိုဖက်လက်နဲ့ ကြိုးတန်းကို စမ်းကြည့်စမ်း၊ ဟုတ်တယ်. . . ဟုတ်တယ်၊ အဲဒီကြိုးအတိုင်း လိုက်သွားရင် ဧည့်ခန်းကို ရောက်မှာနော်၊ ကဲ. . . ကဲ . . . စမ်းလျှောက်ကြည့်ရအောင်"

ကသစ်ဖြူက မိုးနှောင်း၏ ပုခုံးကိုမှီရင်း လက်တစ်ဖက်က ကြိုးတန်းကို စမ်းစမ်း. . . စမ်းစမ်းနှင့် လျှောက်၏။ မျက်စိ မမြင်ရသောကြောင့် တရွေ့ရွေ့နှင့် ဖြည်းဖြည်းချင်းသာ လျှောက်နိုင်သည်။ ဧည့်ခန်းဆီရောက်တော့ ကသစ်ဖြူ၊ မောဟိုက်နေရှာ၏။ မိုးနှောင်းက . . .

“မောနေပြီလားဟင်. . . အားမငယ်ပါနဲ့ ဖြူရယ်" 

ကသစ်ဖြူက မောဟိုက်တုန်ရီစွာဖြင့် ခေါင်းညိတ်၏။ ပြီးတော့ . . .

“အားမငယ်ပါဘူး. . . မောင်ရယ်၊ တစ်နေ့ကျရင် ဒီလိုဇာတ်သိမ်းမျိုး ကြုံတွေ့ရမယ်ဆိုတာ ဖြူ ကြိုသိနေပြီးသားပဲ"

အားမငယ်ပါဘူးဟု ပြောသော်လည်း မျက်ရည်တွေက ကသစ်ဖြူ၏ ပါးပြင်ပေါ်သို့ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့စွာ လိမ့်ဆင်း ကျလာကြသည်။ မိုးနှောင်းက သူမ၏ မျက်ရည်စက်တွေကို တယုတယ သုတ်ပေးလိုက်၏။ ကသစ်ဖြူက . . .

“အခုဆိုရင် တဖြည်းဖြည်းနဲ့ ဖြူမှာ မှတ်ဉာဏ်တွေလည်း ချွတ်ယွင်းလာပြီ။ မျက်စိကလည်း မမြင်ရတော့ဘူး။ နောက်ဆုံးကျရင် လောကကြီးကို မြင်လည်းမမြင်၊ သိလည်းမသိရတော့တဲ့ နိဂုံးမျိုးနဲ့ အားလုံးကို ကျောခိုင်းထားရတော့မှာပါ.. မောင်"

မိုးနှောင်းရင်ထဲမှာ ဆို့နင့်လာသည်။ သူက ..

“ဖြူဘေးမှာ မောင်တစ်ယောက်လုံး ရှိနေသေးတာပဲ ဖြူရယ်၊ ဖြူလိုချင်တာ မှန်သမျှ မောင် အားလုံး ဖြည့်ဆည်းပေးမယ်။

လောကမှာ တို့နှစ်ယောက် တကယ် ပိုင်ဆိုင်နိုင်တာက ခုလို ရှင်သန်နေတုန်း စက္ကန့်ပိုင်းလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ပစ္စုပ္ပန်ပဲ။ 

အခု. . . ဖြူရဲ့ နှလုံးသားထဲမှာ အဲဒီပစ္စုပ္ပန်ကလေး ရှိနေတယ်၊ ပြီးတော့ အဲဒီပစ္စုပ္ပန်ထဲမှာ မောင်လည်း အတူတူရှိနေတယ်လေ”

မိုးနှောင်းက နာကျင်လှိုက်လှဲစွာပြောရင်း ကသစ်ဖြူကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်မိ၏။ ကသစ်ဖြူ၏ မျက်ရည်စက်တွေက သူ့ပုခုံးစွန်းပေါ်ကို ကြေကွဲမိုးစက်တွေလို တပေါက်ပေါက် ရွာချလာကြသည်။

ငါ့ကို ဒီလိုမျိုးကြီးတော့ နှုတ်ဆက်မသွားပါနဲ့. . . 

မရဏဖွား ကောင်မလေးရယ်. . .


*****


အဲဒါ...

မနေ့ကတင် ဖြစ်ခဲ့တာပါ …


*****


ကြေကွဲခြင်းဆိုတဲ့ နတ်သမီးတစ်ပါးက

ငါနဲ့ လက်ထပ်မလား...လို့ ကမ်းလှမ်းလာတယ်

ငါ့ကို လာကြိုတဲ့ ဖယ်ရီကားကလည်း

ငါမပါဘဲ ထွက်ခွာသွားခဲ့ပြီ...

ကျေးဇူးပြုပြီး ငါ့ကို ခပ်တိုးတိုး ရယ်(ရီ) ခွင့်ပြုပါ။


*****


ရေကန်က အသင့်ဖြစ်နေပြီလေ . . .

ကြာတွေက မပွင့်သေးတာပါ... 

မေးခွန်းကိုသာ ရွေးချယ်ခွင့်ရမယ်ဆိုရင်

ငါလည်း စာမေးပွဲဝင်ဖြေချင်တယ် …


*****


တစ်ချို့လူတွေက ရှာဖွေတွေ့ရှိကြ

တစ်ချို့လူတွေက ကောက်ရကြ . . .

တစ်ချို့လူတွေက စုဆောင်းကြ

တစ်ချို့လူတွေက ရှေ့ဆက်လျှောက်ကြ . . .

အားလုံးမှာ တံခါးနှစ်ပေါက်စီရှိတယ်၊ လှေခါးနှစ်စင်းစီရှိတယ်၊

(ထပ်ပြောလိုက်ဦးမယ်)

အားလုံးရဲ့ နာရေးခရီးကိုလည်း

နှစ်မျိုးနှစ်စား စီစဉ်ထားပြီးသားရှိတယ်။


*****


ကလေးဘဝ ...

လက်ရေးလှစာအုပ်ထဲက ဝလုံးရွဲ့စောင်းစောင်းလေးကို

နုဂါးခေါင်းလှည့်တဲ့ နေရာတည့်တည့်မှာမှ

ငါ..ချရေးခဲ့မိသလား မပြောတတ်ပါဘူး ....


*****


အရှုံးတွေကို

တံဆိပ်ခေါင်းလို တယုတယ

စုနေခဲ့တုန်းကတော့

ရာသီဥတုက ကိုယ့်ဖက်ပါခဲ့တယ် …


*****


မိုးခေါင်သလိုမျိုး

ဆောင်းကကော မခေါင်နိုင်တော့ဘူးတဲ့လား... 

မိုးခေါင်သလိုမျိုး

ဆောင်းကကော မခေါင်နိုင်တော့ဘူးတဲ့လား... 

မိုးခေါင်သလိုမျိုး

ဆောင်းကကော မခေါင်နိုင်တော့ဘူးတဲ့လား…


*********


ကသစ်ဖြူ၏ သိမှတ်စိတ်တွေ သိပ်ဆိုးဆိုးရွားရွားကြီး ချွတ်ယွင်း မေ့လျော့မသွားခင်မှာ အရေးကြီးသော အချက်အလက်တွေ အားလုံးကို ပြောပြထားခိုင်းရသည်။

သူမ၏ မွေးနေ့သက္ကရာဇ်နှင့် မိဘအမည်၊ ရန်ကုန်အိမ်လိပ်စာ၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ် စသော ကိုယ်ရေးအချက်အလက်တွေ၊ ပတ်စ်စပို့နံပါတ်ကဲ့သို့သော အရေးကြီးသည့်အချက်တွေ၊ ဆက်သွယ်ရမည့်သူတွေ၊ ဖုန်းနံပါတ်တွေကို ကသစ်ဖြူ ပြောသမျှ မိုးနှောင်းက စာရွက်ကြီးကြီးတစ်ရွက်စီမှာ တစ်ခုစီတစ်ခုစီခွဲကာ ဆော့ပင်ဖြင့် ရေးသည်။

ပြီးတော့ အဲသည့်စာရွက်တွေကို ကသစ်ဖြူ အိပ်ခန်းနံရံမှာ တန်းစီပြီး ကော်ဖြင့် ကပ်ထား၏။ လိုအပ်လျှင် ကြည့်လို့ရအောင် ကသစ်ဖြူ မေ့လျော့နေလျှင် သတိပေးပြီး အစဖေါ်ပေးလို့ရအောင် ဖြစ်သည်။ 

ကသစ်ဖြူ၏ အိပ်ခန်းနံရံမှာ စာရွက်ဖြူဖြူတွေ ပြည့်သွား၏။ 

မိုးနှောင်းက ကသစ်ဖြူအဒေါ်၏ ဖုန်းနံပါတ်ကိုမေးတော့ သူမက အနည်းငယ် တုံ့ဆိုင်းစွာဖြင့် ပြောပြ၏။ အဒေါ်ဆီကို ဖုန်းဆက် အကြောင်းကြားပေးရမလားဟု မိုးနှောင်းက မေးသောအခါ .. . 

“ဒေါ်လေးဆီ ဖုန်းဆက်ရမယ့် အချိန်တစ်ချိန် ရောက်လာမှာပါ. . . မောင်ရယ်၊ လောလောဆယ်တော့ မောင့်ဘေးမှာ ကသစ်ဖြူ အမြဲ ရှိနေလိမ့်မယ်လို့ တကယ် မဟုတ်ပေမယ့်လည်း ကိုယ့်စိတ်ကိုကိုယ် လှည့်စားပြီး နေကြည့်ကြရအောင်. . . မောင်ရယ်”

ကြေကွဲခြင်းတွေကို ခဏ ဆိုင်းငံ့ထားကြရအောင်၊ ရင်ခုန်ကြည်နူးရတဲ့ ကာလက တိုတောင်းလွန်းလို့ ဘောလုံးပွဲတွေမှာလို အချိန်ပိုပေး လို့မရနိုင်ဘူးလား. .။

ကံကြမ္မာဒိုင်လူကြီးက ခရာမှုတ်တာ စောလွန်းသည်။

လူတွေအားလုံးဟာ သေရသည့်အခါ ခွဲကြရမည်ကိုသိလျက်နှင့် ဘာလို့များ ချစ်သူတွေ ဖြစ်လိုက်ချင်ကြသေးသလဲ။ ဘာလို့များ ထိမ်းမြားလက်ထပ်လိုက်ချင်ကြသေးသလဲ။

ကသစ်ဖြူရေ. . . သိလား။

ကျန်တဲ့လူတွေအားလုံးလည်း ကိုယ်တို့လို ကိုယ့်စိတ်ကိုကိုယ် လှည့်စားနေကြတာပါပဲကွဲ့. . . သိရဲ့လား။ သူတို့နဲ့တို့ဟာ အတူတူပါပဲ။ သေခြင်းတရားနဲ့ နီးတာဝေးတာပဲ ကွာပါတယ်. . . အချစ်ရယ်။

အခန်း - ၂၀ ဖတ်ရန်

Comments