မနက်ဖြန်အစီအစဉ် - ၂၀ @ မင်းခိုက်စိုးစန်


အိပ်ယာမှနိုးလာသည့် အချိန်မှာပင် ကသစ်ဖြူစိတ်ထဲ၌ ထင့်ခနဲ ဖြစ်သွား၏။ ရုတ်တရက်မို့ ဘာကြောင့်ပါလိမ့်ဟု တွေးတော၍မရ။ တစ်ခုခု ထူးခြားနေသည်ကိုသာ စိတ်က အလိုလို သိနေ၏။ အရင်ကဆို မနက်တိုင်း သူမ၏ အခန်းတံခါးကို တဒေါက်ဒေါက်ခေါက်သံနှင့်အတူ . . .

“ဖြူရေ. . . အိပ်ယာကထတော့လေ”

ဟူသော မိုးနှောင်း၏ အသံကို အမြဲကြားနေကျ။ အခုတော့ ထူးထူးခြားခြားပင် တစ်အိမ်လုံး တိတ်ဆိတ်နေ၏။

ဘာဖြစ်နေတာလဲ။ မောင် အိမ်မှာ မရှိဘူးလား။ စောစောစီးစီး ဘယ်သွားနေတာလဲ။ ဒါမှမဟုတ် ငါပဲ အစောကြီး ကြိုပြီးနိုးနေမိတာလား။

ဒါတော့ မဟုတ်ဘူးထင်သည်။ ခပ်ရေးရေး ဝါးတားတားသာ မြင်ရသော သူမ၏ မျက်လုံးက အဖြူရောင် အလင်းကိုတော့ အာရုံခံစား၍ သိနေသည်။ ဟုတ်ပါတယ်. . . မနက်မိုးလင်းနေပါပြီ။ 

“မောင်ရေ. . . မောင်”

ကသစ်ဖြူ အားကိုးတကြီး အော်ခေါ်မိသည်။ ပြန်ထူးသံကိုတော့ မကြားရ။ သူမက တရွေ့ရွေ့ လက်ဖြင့်စမ်းရင်း ကုတင်ပေါ်မှ ဆင်းလိုက်၏။ မိုးနှောင်း သင်ပေးထားသည့်အတိုင်း ခုတင်တိုင်ကို လက်ဖြင့် ပွတ်သပ်စမ်းကြည့်လိုက်တော့ သူမ လမ်းလျှောက်ဘို့ သွယ်တန်းပေးထားသည့်ကြိုးကို ကိုင်မိသည်။

“မောင်ရေ. . .”

ကသစ်ဖြူက ကြိုးတန်းကို အားပြုကိုင်ကာ တရွေ့ရွေ့ဖြင့် အခန်း အပြင်ဘက်ဆီသို့ လျှောက်လာခဲ့၏။

“မောင်. . . ဖြူခေါ်နေတာ ကြားလားဟင်. . . မောင် ဘယ်မှာလဲ”

ကသစ်ဖြူ စိတ်ပူလာ၏။ နံရံကို လက်ဖြင့် တရွေ့ရွေ့စမ်းသည်။ မိုးနှောင်း၏ အခန်းဆီသို့ သွယ်ထားသော ကြိုးကို ကိုင်မိ၏။ ကြိုးကို အားပြုကိုင်ကာ မိုးနှောင်း၏ အခန်းဆီသို့ စမ်းစမ်း စမ်းစမ်း လျှောက်သည်။

“မောင်ရေ. . . မောင်ဘယ်မှာလဲ"

ကသစ်ဖြူ၏အသံက ငိုသံပါလာ၏။ ထိုစဉ်မှာပင် သူမ၏ ခြေထောက်က ကြမ်းပြင်ပေါ်မှ တစ်စုံတစ်ရာကို တိုက်မိပြီး. . . 

“အို. . . အမေ့”

ကသစ်ဖြူ၊ ကြမ်းပြင်ပေါ်သို့ လဲပြိုကျသွား၏။ သူမက ကမန်းကတန်း လူးလဲထပြီး တိုက်မိသော အရာဝတ္ထုကို လက်ဖြင့် စမ်းကြည့်လိုက်သည်။

“ဟင်”

ကသစ်ဖြူ ခလုတ်တိုက်လိုက်မိသည်က ကြမ်းပြင်ပေါ် လဲကျနေသော လူတစ်ယောက်ကိုပင်။

သူမက တုန်လှုပ်ချောက်ချားစွာဖြင့်. . .

“ဘယ်သူလဲ၊ ကြမ်းပြင်ပေါ်လဲနေတာ ဘယ်သူလဲ၊ မောင်လား.. ဟင်၊ မောင်လား၊ ပြောစမ်းပါ”

တုန်တုန်ယင်ယင်ဖြင့် ထိုခန္ဓာကိုယ်ကို ဆွဲဆွဲလှုပ်ပြီး မေးလိုက်သည်။

ဒီတော့မှ အနည်းငယ် အားယူ လူးလွန့်သံနှင့်အတူ . . .

“ဖြူ . . . ဖြူ”

“ဟင်... မောင်လား၊ မောင် ဘာဖြစ်လို့ ဒီနေရာမှာ လဲကျနေတာလဲဟင်၊ ပြောစမ်းပါ. . . မောင်ရယ်၊ ဖြူ ရင်တွေတုန်လွန်းလို့ပါ” 

မိုးနှောင်းက တစ်စုံတစ်ရာပြောဘို့ အားယူနေသည်။ အသံကထွက်မလာ။ မိုးနှောင်း စိတ်ကိုတင်းကာ ကြိုးစားပြီး ကုန်းထသည်။ ဒူးထောက်လျက် ပြန်လဲကျသွားပြန်၏။

“ဒုန်း . .

“မောင်. . . မောင်. . . ဘာတွေဖြစ်နေတာလဲ"

စိုးရိမ်စိတ်ကြောင့် ကသစ်ဖြူ၏ ခေါ်သံမှာ မျက်ရည်ဝိုင်းလာသည်။ မိုးနှောင်းက အသက်ကို ပြင်းထန်စွာ ရှူရှိုက်နေရင်း သူ့နှာခေါင်းမှ လျှံကျနေသော သွေးများကို သုတ်ပစ်လိုက်သည်။ ပြီးတော့. . 

“မောင်...ဘာမှ. . . မ . . .ဖြစ်... ပါ. . .ဘူး... ဖြူ”

သူ့အသံက ပုံမှန်မဟုတ်မှန်း ကသစ်ဖြူ ချက်ချင်းရိပ်မိလိုက်သည်။ 

“ဟင့်အင်း. . . ဟင့်အင်း. . . မောင်. . . မညာနဲ့၊ မောင် တစ် ခုခုဖြစ်နေတာ ဖြူသိတယ်၊ ဘာမှမဖြစ်ဘဲနဲ့ ဘာလို့ ဒီနားမှာ လဲကျနေတာလဲ"

မိုးနှောင်းက ရယ်ဖို့ ကြိုးစားလိုက်၏။ အသက်ရှူမဝ ဖြစ်နေသောကြောင့် ရယ်သံက ထွက်မလာ။ သို့သော် ရသလောက် ကြိုးစားပြီး ပေါ့ပေါ့ပါးပါးဖြစ်အောင် ဖုံးကွယ်ရင်း . . .

“ဟိုဒင်း. . . လဲကျနေတာ မဟုတ်ပါဘူး ဖြူရဲ့၊ ညောင်းလို့ ဒီနားမှာ နံရံကိုမှီပြီး ထိုင်နေရင်း မနေ့ညကလည်း ဟို အိပ်ရေးပျက်ထားလို့ မှေးခနဲ အိပ်ပျော်သွားတာပါ"

“ဟုတ်လို့လား. . . မောင်ရယ်၊ မောင့်အသံကြီးက တစ်မျိုးကြီး ဖြစ်နေသလိုပဲ"

ကသစ်ဖြူက စိုးရိမ်ပူပန်စွာဖြင့် မိုးနှောင်း၏ မျက်နှာကို လက်ချောင်းကလေးများဖြင့် ဖွဖွတို့ထိ စမ်းသပ်သည်။ မိုးနှောင်းက သူ့နှာခေါင်းမှ စီးကျနေသော သွေးစများကို စမ်းမိမှာ စိုးသောကြောင့် ကသစ်ဖြူ၏ လက်ကို မသိမသာ အုပ်ကိုင်သလိုလိုဖြင့် ဖယ်ရှားပစ်ဘို့ ကြိုးစားနေ၏။ 

ထိုစဉ်...

မမယုရောက်လာပြီး ဖြူဖတ်ဖြူလျော်ဖြစ်နေသော မိုးနှောင်းကို မြင်လိုက်သည်နှင့် . . .

“ဟင်. . . မောင်လေး. . . နင်. . . နင်. . ."

စိုးရိမ်တကြီးဖြင့် လွှတ်ခနဲ တစ်ခုခု ပြောခါနီးမှာ မိုးနှောင်းက နှုတ်ခမ်းပေါ် လက်ညှိုးထောင်ပြပြီး အသံတိတ် အမူအယာဖြင့် ဘာမှမပြောဘို့ ကမန်းကတန်း သတိပေးလိုက်၏။

မျက်စိမမြင်ရှာသော ကသစ်ဖြူကတော့ မမယု ရောက်လာမှန်းကိုသာ အသံကြားပြီး သိလိုက်သည်။ မိုးနှောင်းက ဆက်မပြောဘို့ မမယုကို အမူအယာဖြင့် တားမြစ်လိုက်သည်ကိုတော့ မမြင်ရသောကြောင့် သူမ သိခွင့်မရလိုက်။

ကသစ်ဖြူက . . .

“မမ. . . ခုနက ဘာပြောလိုက်တာလဲဟင်” 

ထိုမေးခွန်းကြောင့် . . .

မမယုက မိုးနှောင်းကို မျက်လုံးပြူးပြီး မေးငေါ့ပြသည်။ မိုးနှောင်းက “ကသစ်ဖြူ မသိစေနှင့်' ဟူသော အဓိပ္ပါယ်ဖြင့် လက်ခါပြ၏၊ မမယုက မိုးနှောင်း ဖြစ်စေချင်သည်ကို သဘောပေါက်သွားပြီး ... 

“ဟို. . . အဲ. . . ဘာမှ မဟုတ်ပါဘူး ညီမလေးရယ်၊ ညီမလေး ဘာလိုချင်လို့လဲဟင်၊ ဘာလို့ ကိုယ်တိုင် ထွက်လာရတာလဲ၊ လိုချင်တာရှိရင် မမယုကို လှမ်းခေါ်လိုက်ရောပေါ့”...

“ဘာမှ မလိုချင်ပါဘူး မမရယ်၊ ခါတိုင်းဆို ဖြူ အိပ်ယာကထဘို့ မောင်လာခေါ်နေကျလေ၊ ဒီနေ့ မောင့်အသံ မကြားလို့ အပြင်ကိုထွက်လာတာ”

အတော်လေး ဟန်ဆောင်နိုင်လောက်အောင် အသက်ရှူ မှန်လာပြီဖြစ်သော မိုးနှောင်းက . .

“မောင်ရှိပါတယ် ဖြူရဲ့၊ မောင် ဘယ်မှ မသွားပါဘူး၊ အိပ်ပျော်နေလို့ ဖြူခေါ်တာ မကြားလိုက်တာပါ၊ ကဲ. . . ကဲ. . . ဖြူ မျက်နှာသွားသစ်လိုက်ဦးနော်”

မိုးနှောင်းက ချော့ချော့မော့မော့ နှစ်သိမ့်လိုက်သောကြောင့် ကသစ်ဖြူက တကယ် ယုံကြည်သွားပြီး နံရံမှ ကြိုးတန်းကို မမြင်မကန်းနှင့် စမ်းကိုင်ကာ အိပ်ခန်းထဲသို့ ပြန်ဝင်သွားလေသည်။

ကသစ်ဖြူ မကြားနိုင်လောက်တော့မှ မမယုက လဲကျနေသော မိုးနှောင်းကို တွဲထူပြီး အခန်းထဲသို့ မနိုင်မနင်းဖြင့် ပို့ပေး၏။ 

နောက်. . . မမယုက …

“မောင်လေးရယ် မမယု ဒီလောက် သတိပေးနေတဲ့ကြားထဲက မင်းက ကိုယ့်ကျန်းမာရေးကိုယ် ဂရုမစိုက်ဘူး၊ ကသစ်ဖြူအတွက်ကိုချည်းပဲ ခေါင်းထဲ ထည့်မထားနဲ့လေ၊ ကိုယ့်ကိုယ်ကိုယ်လည်း မှန်ထဲ ပြန်ကြည့်စမ်းပါဦး၊ မင်း ဘယ်လောက် အခြေအနေ ဆိုးနေပြီဆိုတာ မင်းသိရဲ့လား”

မမယုက ဂရုဏာဒေါသဖြင့် ပြောရင်းပြောရင်း ငိုရှိုက်သံပါလာကာ စကားသံက တိမ်ဝင် နစ်မြုပ်သွား၏။ သည်တော့မှ မိုးနှောင်းလည်း မှန်ထဲမှ သူ့ပုံရိပ်ကို သူလှမ်းကြည့်မိသည်။

သူ့မျက်ကွင်းတွေက ညိုမည်းကာ ချိုင့်ဝင်နေကြပြီ။ နှုတ်ခမ်းတွေကလည်း ဖြူဖတ်ဖြူလျော်. . . ။ တစ်ကိုယ်လုံးမှာ သွေးတွေမရှိတော့ဟု မှတ်ရထင်ရလောက်အောင် မြေဖြူခဲတစ်ခဲလို ခြောက်ခြောက်သွေ့သွေ့ ဖြူဆွတ်နေ၏။

သူ့လက်တွေကို သူ ပြန်ငုံ့ကြည့်လိုက်တော့ အရေပြားတွေက အရိုးမှာကပ်ကာ  ငေါထွက်နေကြပြီ။ လက်ချောင်းသွယ်သွယ်တွေကပင်လျှင် နဂိုနေထက် ပိုမိုရှည်လျားနေကြသည်ဟု အောက်မေ့ရ၏။ ရွက်ကြွေထားသော သစ်ကိုင်းခြောက် ခက်လက်တစ်ခုလို ဖြစ်နေလေသည်။

မမယုက သူမ၏ မျက်ရည်များကို လက်ဖမိုးဖြင့်သုတ်ရင်း . . . 

“မောင်လေးရယ်. . . ကိုယ်က အစကတည်းက ကျန်းမာတဲ့ လူတစ်ယောက်မှ မဟုတ်ဘဲကွယ်၊ အစစအရာရာ ဂရုစိုက်နိုင်မှ တော်ကာကျတော့မှာပေါ့”

မိုးနှောင်းက တစ်စုံတစ်ရာကို ယတိပြတ် စိတ်ပိုင်းဖြတ်ထားပြီးသား သေချာမှုတစ်ခုဖြင့် ခေါင်းကိုခါ၏။ ထို့နောက်. . .

“ဘာများ ဂရုစိုက်နေစရာ လိုသေးလို့လဲ မမရယ်၊ ကျွန်တော်က ဟောဒီလောကကြီးထဲမှာ နောက်ထပ် ဘယ်လောက်များ ကြာကြာ အသက်ရှင် နေရဦးမှာမို့လို့လဲ”

သူ့မှာ သွေးကင်ဆာရောဂါ ရှိနေသည့်အကြောင်းကို ရန်ကုန်မှာ ဆေးကုသခံနေရကတည်းက မိုးနှောင်း သိထားခဲ့ပြီးသား။

ဘဝဆိုသည့် အတိုင်းအတာ ကာလတရားတစ်ခုအတွင်းမှာ မျှော်လင့်ချက်ဟူသော မိုးပျံပူဖေါင်းလေးတစ်လုံး အရှိန်ကုန်ဆုံး၍ မြေပြင်ပေါ်ပြန်ကျလာသည့် နာကျင်ကြေကွဲမှုကို သူ ခါးခါးသီးသီး မျိုချခဲ့ပြီးသားဖြစ်သည်။

အလွမ်းသီချင်းတစ်ပုဒ် ဆိုပြသည့်တိုင်အောင် သူ့အတွက်တော့ လွမ်းစရာကောင်းတော့မည် မဟုတ်ပါ။

မိုးပျံပူဖေါင်းလေးကိုသာ ငါနဲ့အတူ မြုပ်နှံသင်္ဂြိုလ်ပစ်လိုက်ကြပါတော့။

“လူဆိုသည်မှာ သေမျိုးဖြစ်သည်' ခပ်လွယ်လွယ်ပြောပြီး ပေါချောင်ကောင်း တရားရနေကြသူများအတွက်တော့ လှောင်ရယ်သံတစ်ချို့ကို သူ ထားရစ်ခဲ့ချင်သေးသည်။

စင်္ကာပူက Mt. Elizabeth ဆေးရုံမှာ ကုသဘို့ အစ်ကိုဖြစ်သူနှင့် မမယုတို့ စီစဉ်ပေးသည်ကိုလည်း သူ ငြင်းဆိုခဲ့ပြီးပြီ။ Mt. Elizabeth ဆေးရုံခေါင်းစည်း တံဆိပ်ရိုက်နှိပ်ထားသော ဆေးမှတ်တမ်းများ၊ ဓါတ်ခွဲခန်း အဖြေလွှာစာရွက်များကိုလည်း တစ်စစီ ဆုတ်ဖြဲ၍ MRT ဘူတာရုံတစ်ခု၏ ပလက်ဖေါင်းပေါ်မှာ တစ်စစီ လေထဲ လွင့်မျောပစ်ခဲ့ပြီးပြီ။

ရှင်သန်ခြင်းကိုလည်းကောင်း၊ သေဆုံးခြင်းကိုလည်းကောင်း ကျကျနန ကျေနပ် လက်ခံနိုင်ခဲ့ပြီဖြစ်သော သူ့အတွက် မုန်တိုင်းနှင့် လေပြေလေညင်းတို့၏ အမည်နာမ ကွဲပြားနေပုံကို မေးခွန်းတစ်ခုအဖြစ် အသိအမှတ် မပြုတော့ပါ။

မိုးနှောင်းက . . .

“သွေးကင်ဆာဆိုတဲ့ အရိပ်မည်းကြီးအောက်မှာ ကျွန်တော် ဘယ်လောက် အေးစက် မှောင်မိုက်ခဲ့သလဲဆိုတာ မမယု သိပါတယ်။ 

အခု ကသစ်ဖြူနဲ့တွေ့မှပဲ ကျွန်တော့်ဘဝရဲ့ နောက်ဆုံး နေ့ရက်ကလေးတွေ လင်းလက် ခွင့်ရတာပါ။ 

ကျွန်တော်မသေခင် အချိန်လေးအတွင်းမှာ အဲဒီအလင်းရောင်လေးကို ဖက်တွယ်သွားပါရစေဗျာ”

အခန်း - ၂၁ ဖတ်ရန်

Comments