မနက်ဖြန်အစီအစဉ် - ၂၁ @ မင်းခိုက်စိုးစန်


“အိမ်ထဲမှာပဲ နေနေရတာ ငြီးငွေ့နေပြီလား. . . ဖြူ”

မိုးနှောင်းက သူ့ကိုယ်သူ ဘာမှမဖြစ်သည့် လူကောင်းပကတိ တစ်ယောက်လို ကသစ်ဖြူရှေ့မှာ ဟန်ဆောင်ရတာကိုတော့ ပိပိရိရိရှိဘို့ သတိထားသည်။

ကသစ်ဖြူကလည်း မျက်စိမမြင်ရသူမို့ မိုးနှောင်း အခြေအနေ ဘာဖြစ်နေပြီကို လုံးဝမရိပ်မိ။

ကသစ်ဖြူက သူမ၏ခံ စားမှုကို ရိုးရိုးလေးပင် ဖွင့်ပြောသည်။ 

“အိမ်ထဲမှာပဲ နေရနေရ အိမ်ပြင်မှာပဲ နေရနေရ မျက်စိမမြင်တဲ့... လူတစ်ယောက်အတွက်ကတော့ နေရာတိုင်းဟာ အတူတူပါပဲ...မောင်"

“နောက်ပြီးတော့ လူဆိုတာ မွေးကတည်းက သေဖို့ စောင့်ဆိုင်းနေရတာ မဟုတ်လား၊ သေခြင်းတရားနဲ့ နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ စောင့်စားရခြင်းတွေဟာ အတူတူပါပဲ. . မောင်ရယ်”

ကသစ်ဖြူ၏ စကားကြောင့် မိုးနှောင်းရင်ထဲမှာ စစ်ခနဲ နာကျင်၏။ မင်းနဲ့ကိုယ်နဲ့ ရထားတစ်စင်းတည်းကို အတူတူ စောင့်နေရတယ်ဆိုတာကိုတော့ မင်း မရိပ်မိသေးဘဲကိုး ချစ်သူရယ်။

ခွဲခွာခြင်းရထား မဆိုက်ခင် အချိန်တိုတိုလေးအတွင်းမှာ ငါ ကြင်နာနိုင်သမျှဟာ မင်းအတွက် လုံလောက်ပါ့မလားဆိုတာ တစ်ခုတော့ စိတ်ပူမိပါရဲ့။

ငါ့ဘက်က တာဝန်မကျေတာများရှိရင် ခွင့်လွှတ်ပါ ချစ်သူရယ်။

မိုးနှောင်း၏ နှလုံးအိမ်ထဲမှ မှောင်မိုက်တိတ်ဆိတ်မှုကို ကသစ်ဖြု၏ ခေါ်သံတိုးတိုးက အလင်းခတ်လိုက်၏။

“မောင်”

“ပြောလေ. . . ဖြူ၊ မောင် ဘာလုပ်ပေးရမလဲ"

“ဟိုအရင်တုန်းက ဖြူနဲ့မောင် အတူတူ သွားခဲ့ကြဘူးတဲ့ နေရာတွေကို ဖြူမသေခင် တစ်ခေါက်လောက် ပြန်သွားကြည့်ချင်သေးတယ် .. မောင်ရယ်"

“ဪ. . . ဖြူရယ်”

စကားလုံးတွေနောက်ကွယ်မှ သူမ၏ အတိတ်လွမ်းသော အဖြူရောင် ပိုးအိမ်မျှင်တွေကို မြင်နေရသည်။

သူမက . . .

“အခု. . . အဲဒီနေရာတွေကို ပြန်ရောက်ရင်တောင် ဖြူကတော့ ဘာမှ မြင်ရတော့မှာ မဟုတ်ဘူးပေါ့. . . မောင်ရယ်၊ ဒါပေမဲ့ ဖြူက မောင့်ကို့ ဖြူရဲ့မျက်လုံးတွေရဲ့ အစား ရထားတာပဲ။ ဖြူနဲ့ အတူတူသွားရင်း မောင်မြင်ရသမျှတွေအားလုံး ဖြူကို ပြန်ပြောပြပါနော်. . . မောင်၊ ဖြူ မမြင်ရပေမယ့် မောင့်လက်ကို ကိုင်ထားရင်း စိတ်ကူးနဲ့ မြင်ယောင်ကြည့်ပါ့မယ်"

နှစ်ဦးစလုံး၏ ရင်ထဲမှာ ဒဏ်ရာတွေကတော့ ပင့်ကူလို ရစ်ပတ် နှောင်စရာတွေနဲ့ အိမ်ဖွဲ့နေခဲ့ပြီလေ။


***********


သူတို့နှစ်ဦးသား အတူတူ လျှောက်လည်ခဲ့ကြဖူးသော PULAU UBIN ကို နောက်တစ်ခေါက် ရောက်ခဲ့ရပြန်ပြီ။

ပြာလဲ့သော ကောင်းကင်အကြောင်း၊ ရွေ့လျားနေသော တိမ်ဖြူဖြူတွေအကြောင်း၊ ဝဲပျံနေသော ငှက်ငယ်တွေအကြောင်း၊ စိမ်းလဲ့ခက်ရွက်နှင့် ပန်းပွင့်တွေအကြောင်း ကသစ်ဖြူကို သူ တတွတ်တွတ်ပြောပြနေဖြစ်၏။

ကသစ်ဖြူ ကြည်နူးစေရန် အမှန်တကယ် မြင်ကွင်းထက် ပိုပြီး သာသာယာယာ ဖြစ်အောင် ဖွဲ့နွဲ့ ပြောဖြစ်လေသည်။

နှစ်ယောက်အတူတူ ရှေ့နောက်စီးနင်းရသော စက်ဘီးလေးတွေကို တွေ့ရတော့ မိုးနှောင်းရင်ထဲမှာ ခါးသက်သက် ဖြစ်လာသည်။ ဟိုအရင်တုန်းကတော့ အဲသည်လို စက်ဘီးမျိုးကို မိုးနှောင်းကရှေ့က၊ ကသစ်ဖြူက နောက်ကနေပြီး နှစ်ယောက်အတူတူ နင်းခဲ့ကြဖူးသည်ပဲလေ။ “ဘယ်သူ့ကြောင့် ဘယ်သူက ရွေ့လျားနေရတာလဲ” ဟုပင် သူမက မေးခဲ့ဖူးသည်။ အခုတော့. . .

အခုတော့ …

လူမမာတင်သည့် ဘီးတပ်ကုလားထိုင် Wheelchair လေးပေါ်မှာ ဘာကိုမှ မမြင်ရဘဲ တိုးတိတ်စွာ လိုက်ပါလာသည့် ကသစ်ဖြူကို သူက တွန်းရွှေ့လို့. . . ။

အခုလည်း တို့နှစ်ယောက်စလုံး ရွေ့လျားနေရတာပါပဲ အချစ်ရယ်။ တို့နှစ်ယောက်ရဲ့ ရင်ဘတ်တွေကို သံယောဇဉ် ချိန်းကြိုးတစ်ခုနဲ့ ဆက်သွယ်ထားတယ် မဟုတ်လားဟင်။

“မောင်”

ကသစ်ဖြူ၏ တီးတိုးခေါ်သံကို သူကြားရသည်။ 

“ဘာလဲ. . . ဖြူ၊ ဘာပြောချင်လို့လဲ”

“ဟို. . . စက်ဘီးကလေးတွေ စီးနေကြတဲ့လူတွေကို တွေ့နေရသေးလားဟင်”

သူမက သတိတရဖြင့် မေးလာသောကြောင့် မိုးနှောင်း စိတ်မကောင်းဖြစ်သွားသည်။ သူက အရာရာ အားလုံးဟာ ပုံမှန်ပါပဲဆိုသည့် ခံစားချက်မျိုးဖြင့် ကသစ်ဖြူကို စိတ်ဖြေစရာ ရစေချင်သည်။ ထို့ကြောင့် မိုးနှောင်းက ရယ်သံလိုလို ဘာလိုလိုနှင့်. . .

“ဒါပေါ့ . . ဖြူရဲ့၊ အရင်တုန်းက မောင်တို့နှစ်ယောက် စီးခဲ့ကြသလိုပဲလေ၊ သူတို့တွေလည်း ရှေ့ကတစ်ယောက်နင်း နောက်ကတစ်ယောက်နင်းနဲ့ပေါ့၊ ဖြူလည်း အရင်လို စီးချင်သေးရင် စီးလို့ရတာပါပဲ ဖြူရယ်၊ ဘာမှ မပြောင်းလဲသွားပါဘူး. . . ကဲ . . ..လာ"

မင်းကိုယ်မင်း လောကကြီးရဲ့ အပြင်ဘက်မှာ စွန့်ပယ်ခံ ထားရသလိုမျိုးတော့ မအောက်မေ့လိုက်ပါနဲ့ အချစ်ရယ်၊ ကိုယ်ရှိပါသေးတယ်၊ မင်းနဲ့အတူ လောကကြီးတစ်ခုလုံး ရှိနေတယ်လို့ပဲ ယုံကြည်ထားလိုက်စမ်းပါ။

မျက်စိမမြင်ရသော ကသစ်ဖြူကို စက်ဘီး နောက်ထိုင်ခုံပေါ် ပွေ့တက်လိုက်၏။ ထို့နောက် သူ့ထိုင်ခုံနောက်မှ လက်ကိုင်နှစ်ဖက်ကို ကိုင်ထားစေပြီး သူက စက်ဘီးကို ခြေတစ်ဖက်ဖြင့် မှေးထောက်ထားရာမှ ခဲရာခဲဆစ် အရှိန်ယူ၍ နင်းထွက်လိုက်သည်။

“ဖြူ. . . မြဲမြဲတော့ ကိုင်ထားနော်”

သူက စိုးရိမ်နေသော်လည်း ဘာမှမမြင့်ရသည့် ကသစ်ဖြူကတော့ ပျော်ရွှင်နေပုံရသည်။

မကြာခင် သေဆုံးရတော့မည့် ချစ်သူတစ်ယောက်ကို (သူမ မသိဘဲ တိုးတိတ် လျှို့ဝှက်စွာ သေဆုံးမည့်) ချစ်သူတစ်ယောက်က စက်ဘီးဖြင့် နင်းပြီး ခေါ်ဆောင်သွားနေရတာဟာ ဘယ်လိုခရီးမျိုးလဲ။ မည်သူမှလည်း သိကြလိမ့်မည် မဟုတ်ပါ။

 “မောင်. . . ပျော်ရဲ့လားဟင်”

တကယ်တမ်းတွင် သူကစပြီး မေးသင့်သော စကားကို ကသစ်ဖြူက အရင်မေး၏။ မိုးနှောင်းက . . .

“ပျော်တာပေါ့ဖြူရယ်၊ တို့နှစ်ယောက်စလုံး အခု အရမ်းပျော်နေကြတယ်လေ”

ပြန်ဖြေလိုက်သော စကားသံတွင် မောဟိုက်သံ မပါအောင် မိုးနှောင်း မနည်းကြိုးစားပြီး ထိန်းချုပ်ထားရ၏။ တကယ်တော့ သူ အရမ်း မောဟိုက်နေပြီ။

ဖြူဖတ်ဖြူလျော်နှင့် တစ်ကိုယ်လုံးတွင် သွေးရောင်မရှိတော့သော သူ့အဖို့ လူတစ်ယောက်ကို စက်ဘီးဖြင့် တင်နင်းနေရခြင်းသည် ဝန်နှင့်အား မမျှသလို ဖြစ်နေ၏။

သူ့ခြေထောက်တွေကလည်း ရုန်းအားမရှိတော့။ အသက်ရှူသံကလည်း မမှန်တော့။ အောက်စီဂျင်မဝသဖြင့် သူ့နှုတ်ခမ်းသားတွေ ပြာလာသည်။

သို့သော်. . .

သူ ဝေဒနာခံစားနေရသည်ကို ကသစ်ဖြူ မသိစေချင်။ သူ ဇွတ်ကျိတ်မှိတ်ပြီး အားတင်းထားသည်။

တို့နှစ်ယောက်စလုံး ပျော်နေကြပါတယ်အချစ်ရယ်။

(ဒါကိုပဲ မင်း ယုံကြည်ထားလိုက်ပါ။ ကိုယ့်မှာက မင်းကိုပေးနိုင်တာ ဒါပဲ ရှိတော့တယ် မဟုတ်လားကွယ်. . . )


*****


နောက်တစ်နေ့ Clarke Quay သို့ ကသစ်ဖြူကို ခေါ်ပြီး မိုးနှောင်း လိုက်ပို့သည်။

ဒီတစ်ခေါက်မှာတော့ Wheelchair တွန်းရသည်ကိုပင် မိုးနှောင်း မနည်း အားစိုက်နေရသည်။ ခြေလှမ်းလေးငါးဆယ်လှမ်း လှမ်းပြီးသည်နှင့် ရင်ထဲမှာ လှိုက်လှိုက်ပြီး မောလာသဖြင့် ခဏရပ်ကာ အသက် အားရအောင် ရှိုက်သွင်းရ၏။

ကသစ်ဖြူကတော့ ဘာမှမသိရှာ။

Riverside တွင် သူတို့နှစ်ဦးသား ရပ်မိကြတော့ ကသစ်ဖြူက မြစ်ဘက်ဆီမှ အသံတွေကို ကြားလိုကြားငြား ခေါင်းကလေးငဲ့ကာ နားစွင့်နေ၏။

မိုးနှောင်းက . . .

“အခု. . . မောင်တို့ မြစ်နားကို ရောက်နေကြတာလေ၊ ဟိုးက မြစ်ထဲမှာ လှေကလေးတွေ သွားနေတာ မြင်ရတယ်၊ ဖြူ၊ မှတ်မိတယ် မဟုတ်လား၊ မောင်တို့ အရင်တစ်ခေါက်တုန်းက ဒီနားမှာပဲ ဖြူ မူးလဲတော့မလို ဖြစ်တာလေ”

“အင်း. . . အင်း. . . သိတယ်၊ တံတားကြီးက ဘယ်ဘက်မှာလဲဟင်"

စကားတတ်ခါစ ကလေးငယ်တစ်ယောက်၏ စူးစမ်းလိုစိတ် အပြည့်နှင့် အသံမျိုးဖြင့် သူမ မေး၏။ မိုးနှောင်းက ကသစ်ဖြူ၏ ဝဲဘက်လက်ကို တယုတယ ကိုင်ကာ ဆန့်တန်းခိုင်းပြီး. . .

“ဟောဒီဘက် တည့်တည့်မှာ ဖြူရဲ့”

ကသစ်ဖြူက သူမ၏ ဦးခေါင်းကို ဟိုဘက်ဒီဘက် ငဲ့လိုက်ပြီး. . .

“ဖြူနားထဲမှာ အသံတွေအများကြီး ကြားနေရတယ်၊ လူတွေ ရှုပ်ထွေးနေတာပဲလားဟင်"

“ဒီနားတစ်ဝိုက်မှာတော့ သိပ်မရှိပါဘူး ဖြူရယ်၊ ဟိုအပေါ်ဘက်မှာတော့ လူတွေအများကြီး သွားလာနေကြတာပေါ့၊ တစ်ချို့က ကလေးလေးတွေကို ချီထားတယ်၊ တစ်ချို့တွေကျတော့လည်း သုတ်သုတ် သုတ်သုတ်နဲ့၊ အဖိုးကြီးက အဖွားကြီးကို တွဲပြီး လျှောက်လာတာလည်း တွေ့ရတယ်သိလား၊ တစ်ချို့ကကျတော့လည်း ငယ်ငယ်ရွယ်ရွယ် စုံတွဲတွေပဲ၊ လက်ချင်းတွဲပြီး စကားတပြောပြောနဲ့”

“ဪ. . . အင်း. . . အင်း"

မိုးနှောင်းပြောသမျှကို ကသစ်ဖြူက ခေါင်းလေး အသာ စောင်းငဲ့ကာ နားထောင်ရင်း အာရုံထဲတွင် ပုံဖေါ်ကြည့်နေ၏။ မိုးနှောင်းက. . .

“ဟိုး. . . မြစ်ပြင်မှာကျတော့ လှိုင်းလေးတွေက တအိအိနဲ့ သာယာလိုက်တာလေ”

ထုံးစံအတိုင်း ကူးတို့မော်တော်လေးတွေက မြစ်ကို ဖြတ်ကူးနေကြတယ်၊ လူတွေကလည်း ဟိုဖက်ကမ်းကို သွားဖို့ ကူးတို့ဆိပ်မှာ စောင့်လို့ပေါ့"

“အင်း. . . အင်း. . ."

ကသစ်ဖြူက ခေါင်းညိတ်နေရင်းက အားငယ် ဝမ်းနည်းသည့်အသံဖြင့် . . .

“သူတို့တွေကတော့ ပျော်နေကြမှာပဲနော်”

“အားလုံး ပျော်နေကြတာလည်း ဟုတ်ချင်မှဟုတ်မှာပေါ့ ဖြူရယ်၊ ဒါပေမဲ့ သူတို့မှာက သွားလာလှုပ်ရှားနေဖို့ အကြောင်းတွေ ဘဝကို ရုန်းကန်နေဖို့အကြောင်းတွေ ရှိနေသေးတာကိုး”

မိုးနှောင်းက ဖြေဖြေသိမ့်သိမ့် ပြော၏။ သူပြောရင်း မောမောနေသောကြောင့် စကားခဏဖြတ်ကာ နားနေရသေးသည်။ ကသစ်ဖြူက အချိန်ယူကာ တွေးတောနေပြီးမှ ...

“ဟုတ်တယ်. . . မောင်၊ သူတို့နဲ့ ဖြူရဲ့ကြားမှာ ကွာခြားသွားတာ အဲဒီတစ်ချက်ပဲ ရှိတယ်။ သူတို့မှာကော မောင့်မှာပါ ရုန်းကန်နေဖို့အတွက် အနာဂတ် ရှိနေသေးတယ်၊ ဖြူမှာက အနာဂတ်မရှိတော့ဘူး၊ ပြီးသွားပြီ”

“မောင့်မှာပါ အနာဂတ်ရှိနေသေးတယ်' ဟူသောစကားကြောင့် မိုးနှောင်း နာကျင်ဝမ်းနည်းစွာ ခံစားလိုက်ရသည်။

မျက်တွင်းတွေ ညိုမည်းချိုင့်ဝင်ကာ ပါးရိုးမေးရိုး ငေါထွက်နေသည့် သူ့မျက်နှာကိုသူ ယောင်ယမ်းကာ လက်ဖြင့် စမ်းမိသည်။ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်တော့ သွေးခြောက်ကာ အဖပ်အဖပ် လန်နေ၏။ ထွက်သက်ဝင်သက်တွေကလည်း သူ့ရင်ဘတ်ကို နိမ့်ချည်မြင့်ချည်ဖြစ်အောင် တွန်းကန်နေကြသည်။ ဘယ်အချိန်မှာ နောက်ဆုံးထွက်သက်လေးက ဟောဒီ ရင်ဘတ်ကို စုံကန်သွားမလဲ မသိချေ။ မိုးနှောင်းက သူ့အခြေအနေကို မရိပ်မိအောင် လေသံ ပေါ့ပေါ့ပါးပါးဖြင့် . . .

“မဟုတ်သေးပါဘူး ဖြူရယ်၊ ဖြူက သေခြင်းတရားနဲ့ အမြဲထိတွေ့ ပွတ်သပ် ကိုင်တွယ်နေရတယ်၊ တခြားသူတွေကကျတော့ သေရမယ့်ကိစ္စကို ခဏမေ့ထားပြီး မနက်ဖြန် အစီအစဉ်တွေနဲ့ လုံးထွေးရုန်း ကန်နေရတာပါ"

ပြောရင်း မောဟိုက်လာသဖြင့် မိုးနှောင်းက စကားကို ခဏ ဆိုင်းငံ့လိုက်ရ၏။ တုန်ယင်နေသော ရင်ဘတ် ငြိမ်သက်သွားမှ အသက်ကို အားရအောင် ဝဝရှူရင်း ဆက်ပြောရသည်။

“တကယ်ဆိုရင် ဖြူလို သေရမယ့်ရက်ကို သတ်မှတ်ထားတာ မံရပေမယ့် လူတွေအားလုံးဟာ အနှေးနဲ့အမြန် ဆိုသလို သေတော့ သေကြရမှာ မဟုတ်လား၊ ဥပမာပြောရရင်..”

ထိုသို့ပြောနေသည့်အချိန်မှာပင် မိုးနှောင်း၏ နှာခေါင်းမှ သွေးတွေ စီးကျလာ၏။ မိုးနှောင်းက သွေးတွေကို (ကသစ်ဖြူ မရိပ်မိအောင်) ဟန်မပျက် သုတ်ပစ်လိုက်ပြီး စကား အရှိန်မပျက်အောင် ဆက်ပြောလိုက်သည်။

“ဥပမာပြောရရင် မနက်ဖြန်မှာ မောင်က ဖြူထက် အရင်စောပြီး ဗြုန်းခနဲ သေသွားရင် သေသွားနိုင်တာပဲ”

မိုးနှောင်းက ဥပမာလိုလို ဘာလိုလိုဖြင့် ဖြစ်နိုင်ချေကို ကြိုတင်ပြီး အရိပ်အမြွက် စကားဆို၏။ သို့သော် ကသစ်ဖြူက ကြေကြေကွဲကွဲ မချိပြုံးပြုံးလိုက်ရင်း ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းသည်။ ပြီးတော့ . . .

“မောင်က ဘယ်လိုလုပ်ပြီး ဖြူ့အရင် သေနိုင်မှာတဲ့လဲ၊ မဖြစ်နိုင်တာ မောင်ရယ်၊ ဖြူ့ကို မောင် နှစ်သိမ့်ဘို့ ကြိုးစားနေမှန်း ဖြူ သိပါတယ်။ ကျေးဇူးတင်ပါတယ် မောင်ရယ်၊ မောင့်ကို ဖြူ တစ်ခု တောင်းဆိုချင်တယ်၊ ဖြူသေသွားပြီးတဲ့အခါကျရင် ဖြူ့ကို မောင် သတိရနေပေးပါနော်” 

မိုးနှောင်း မျက်ရည်တွေ ဝေ့ဝဲလာ၏။ နှာခေါင်းမှ စီးကျလာသော သွေးများကို လက်တစ်ဖက်ဖြင့် သုတ်ပစ်ပြီး ကျန်လက်တစ်ဖက်ဖြင့် ကသစ်ဖြူကို ပွေ့ဖက်လိုက်သည်။ ဘာမှ မမြင်မသိရှာသော ကသစ်ဖြူက . . .

“မောင်. . . ဖြူကို သတိရနေမယ် မဟုတ်လားဟင်”

ယောက်ျားဆန်စွာဖြင့် ငိုချင်စိတ်ကို ထိန်းချုပ်ရင်း မိုးနှောင်းက တုန်ရီစွာ ပြောလိုက်သည်။

“သတိရနေမှာပါ ဖြူရယ်၊ မောင် တစ်သက်လုံး သတိရနေမှာပါ"

ကသစ်ဖြူက ဝမ်းနည်းဝမ်းသာဖြင့် ပြုံးလိုက်သောအခါ သူမ၏ ပါးပြင်ပေါ်သို့ မျက်ရည်တွေ စီးကျလာကြသည်။ ကြိုးစားထိန်းချုပ်ထားသည့် ကြားမှ မိုးနှောင်း၏ မျက်ဝန်းအိမ်ထောင့်က မျက်ရည်စက်တစ်ချို့ကလည်း လိမ့်ဆင်းလာ၏။

မျက်ရည်တစ်စက်က ကသစ်ဖြူ၏ လက်ဖမိုးပေါ်သို့ ပေါက်ခနဲ ကျသွားသည်။ ပူနွေးစွတ်စိုသော အထိအတွေ့ကြောင့် သူငိုနေမှန်း ကသစ်ဖြူ သိသွားပုံရသည်။ သူမက မိုးနှောင်း၏ လက်တစ်ဖက်ကို ဖျစ်ညှစ် ဆုပ်ကိုင်လိုက်လေသည်။

မိုးနှောင်းက အသံမထွက်ဘဲ ရင်ထဲမှ တီးတိုးပြောမိ၏။ 

“တစ်သက်လုံးဆိုတာ ‘အကြာကြီး' လို့ ထင်ရပေမယ့် တကယ်လို့များ မနက်ဖြန်မှာ မောင်သေသွားခဲ့ရင်. . .

‘တစ်သက်လုံး’ ဆိုတာ ၂၄ နာရီပဲ ကြာလိမ့်မယ် ဖြူရယ်။ 

မနက်ဖြန်မှာ. . . ဘာဖြစ်မယ်ဆိုတာကို ဘယ်သူက ကြိုပြောနိုင်မှာမို့လို့လဲ"

အခန်း - ၂၂ ဖတ်ရန်

Comments