မနက်ဖြန်အစီအစဉ် - ၂၂ @ မင်းခိုက်စိုးစန်


မိုးနှောင်းက သူ့လက်ဖျံမှ သွေးပြန်ကြောအတွင်းသို့ တစက်စက်စီးဝင်နေသော Drip Pipe ထဲမှ အရည်များကို ငေးကြည့်နေသည်။ 

မမယုက သွေးကြောထဲရှိ အပ်ကို အပေါ်မှ ပလာစတာဖြင့် အုပ်ပေးပြီးနောက် ဆေးရည်စက် အနှေးအမြန်ထိန်းသော ဘီးလုံးကလေးကို ရွှေ့ကာ ချိန်ညှိလိုက်၏။

မိုးနှောင်းက . . .

“မမယုကို ကျွန်တော် အားနာလိုက်တာ၊ ကျွန်တော့်ကြောင့် ပင်ပန်းနေပြီ၊ ဘွဲ့လွန်ဖြေဘို့ စာကျက်တွေလည်း ပျက်ကုန်ပြီနဲ့ တူတယ်"

“ဒါတွေ ဦးနှောက်ထဲ ထည့်မထားပါနဲ့ မောင်လေးရယ်၊ ကိုယ့်ကိုယ်ကိုယ်သာ နေကောင်းအောင် ဂရုစိုက်ပါ၊ လူ့ဘဝဆိုတာ အသက်ရှင်နေသရွေ့ အမြတ်ပဲ မဟုတ်လား၊ ဒီကြားထဲမှာ မင်းရဲ့ သွေးကင်ဆာကို ပျောက်အောင်ကုနိုင်တဲ့ ဆေးဝါးအသစ်တွေလည်း ပေါ်ချင်ပေါ်လာမှာပေါ့"

ဆရာဝန်တွေ ပြောတတ်ကြစမြဲ စကားမျိုးကို ကြားရတော့ မိုးနှောင်း အားလျော့ ဖျော့တော့စွာ ပြုံးလိုက်မိသေးသည်။

“ကျွန်တော့်ကို မျှော်လင့်ချက်တွေ ပေးမနေပါနဲ့ မမယုရယ်၊ ကျွန်တော် ရင်ဆိုင်ရဲပါတယ်၊ ဪ. . . ဒါပေမယ့် ကျွန်တော့်မှာ ဒီရောဂါရှိတယ်ဆိုတာ ကသစ်ဖြူကိုတော့ သွား မပြောလိုက်ပါနဲ့နော်” 

မိုးနှောင်း၏ စကားကြောင့် သွေးပေါင်ချိန်တိုင်းကိရိယာကို ခေါက်သိမ်းနေသည့် မမယု၏ လက်တွေ တုန်ယင် ရပ်တန့်သွား၏။ နှလုံးသားထဲ ဆို့တက်လာသည့် ဝမ်းနည်းမှုကို မျိုချရင်း မမယု ခေါင်းညိတ်သည်။ မိုးနှောင်းက . . .

“သူ့အတွက် ကျန်နေတဲ့ အချိန်တိုတိုလေးအတွင်းမှာ ကျွန်တော့်ကြောင့် စိတ်မချမ်းမြေ့စရာတွေကို မခံစားစေချင်ဘူး၊ ကျွန်တော်နဲ့ ပတ်သက်လာရင် သူ အမြဲ ပျော်ရွှင်နေရတယ် ဆိုတာမျိုးပဲ ဖြစ်စေချင်တယ် မမယုရယ်”

“အေးပါကွယ်. . . အေးပါ"

ကြာကြာနေလျှင် ငိုမိမှာ စိုးသောကြောင့် မမယုက နားကျပ်နှင့် သွေးပေါင်ချိန်တိုင်း ကိရိယာများကိုယူကာ မိုးနှောင်းအခန်းထဲမှ ခပ်သုတ်သုတ် ထွက်လာခဲ့သည်။ သူမ၏ အခန်းဝနားဆီ ရောက်တော့ နံရံနားမှ ကြိုးတန်းကို မမြင်မစမ်းနှင့် ကိုင်ကာလာနေသော ကသစ်ဖြူကို တွေ့လိုက်ရ၏။ 

“ဟင်. . . ညီမလေး. . . ကသစ်ဖြူ . . . ဘာလိုချင်လို့ လဲဟင်” 

“မမယု ... ... မမယုလားဟင်"

“ပြောလေ ညီမလေး၊ မမယု ဘာလုပ်ပေးရမလဲ” 

ကသစ်ဖြူက သူမ၏ လက်ချောင်းကလေးများဖြင့် ဟိုဟိုဒီဒီ ရွှေ့စမ်းရင်း မမယု၏ လက်မောင်းကို အားကိုးတကြီး ဖက်တွယ်လာ၏။ ပြီးတော့ . . .

“အကူအညီတစ်ခုလောက် တောင်းပါရစေ. . . မမရယ်၊ ဟို ဖြူ. . . ဖြူ အိပ်ခန်းထဲက နံရံမှာ ဖြူ့အဒေါ်ရဲ့ ဖုန်းနံပါတ်ရှိတယ်၊ အဲဒီ ဖုန်းကို ခေါ်ပေးပါ မမယုရယ်"

“ဟင်. . . ဘာဖြစ်လို့လဲ ညီမလေးရဲ့”

“ဖြူ. . . ဖြူ. . . အဒေါ်ကိုခေါ်ပြီး ရန်ကုန်ကို ပြန်တော့မယ်”

ကသစ်ဖြူ၏စကားကြောင့် မမယု တအံ့တဩ ဖြစ်သွား၏။

ကသစ်ဖြူက . . .

“ဖြူ. . . အခုလို ဆုံးဖြတ်လိုက်တဲ့အကြောင်း မောင်. . . မောင် မသိပါစေနဲ့နော်”

“ဘယ်လိုတွေ ဖြစ်ကုန်ရတာလဲ ညီမလေးရယ်”

“ဖြူ့အခြေအနေကို ဖြူသိပါတယ်၊ ဖြူ အကြာကြီး မနေရတော့ပါဘူး၊ ဖြူ့ရဲ့ နောက်ဆုံးအချိန်မှာ မောင့်ရဲ့ရှေ့မှာတော့ ဖြူ မသေချင်ဘူး မမရယ်၊ သူ. . . သူ. . . အဲဒါကို မြင်လိုက်ရင် အရမ်းဝမ်းနည်းသွားလိမ့်မယ်”

“ဖြူကြောင့် သူ့ကို အဲဒီလို မခံစားစေချင်ဘူး မမယုရယ်၊ ဒါကြောင့် ဖြူ ရန်ကုန်ကို ပြန်ဖို့ ဆုံးဖြတ်လိုက်တာပါ၊ ကူညီပါ မမယုရယ်. . . နော်”

“ဪ မင်းတို့နှစ်ယောက်ရဲ့ အဖြစ်ကလည်းကွယ်"

ရင်ထဲမှာ ဘယ်လိုမှ သိုဝှက်ထားနိုင်စွမ်း မရှိတော့သည့် ဒဏ်ကြောင့် မမယု လွှတ်ခနဲ ညည်းတွား ရှိုက်မိသည်။ ဒါကိုကြားလိုက်ရသည့် ကသစ်ဖြူက . . .

“ဟင်. . . မမယုရဲ့စကားကလည်း တစ်မျိုးကြီးပါလား၊ မောင် . . .မောင်. . . ဘာဖြစ်လို့လဲဟင်”

“ဘာ. . . ဘာမှ မဖြစ်ပါဘူးကွယ်၊ လာ . . . လာ . . .ညီမလေးရဲ့ အခန်းကို သွားကြရအောင်"

မမယုက ကသစ်ဖြူကို တွဲကာ ခေါ်ခဲ့သည်။ အခန်းထဲရောက်တော့ နံရံမှာ ရေးကပ်ထားသည့် နံပါတ်ကို ရှာဖွေပြီး ဖုန်းခလုတ်များကို နှိပ်လိုက်၏။

ဖုန်းသံရှည် မြည်လာတော့မှ မမယုက ဖုန်းကို ကသစ်ဖြူ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

ကသစ်ဖြူက ယဇ်ပူဇော်ခံရတော့မည့် သားကောင်၏ စိတ်ပိုင်းပြတ်မှုမျိုးဖြင့် အသံကို မတုန်ယင်အောင်ထိန်းရင်း . . .

“ဟဲလို . . ဒေါ်လေးလား၊ သမီး ကသစ်ဖြူပါ၊ သမီး အခုပြောမယ့် လိပ်စာမှာ သမီးကို လာခေါ်ပါနော်၊ သမီးတို့. . . သမီးတို့. . . ရန်. . . ကုန်. . . ကို. . . ပြန်. . . ကြ . . . .ရ . . . အောင်”


**********


ဝေးကွာပြီဆိုမှတော့

ငါ့ တနင်္ဂနွေကို ငါဖန်ဆင်း

တစ်နေ့ခင်းလုံးပဲ အိပ်ပစ်လိုက်တော့မယ် ..


*****


ချန်ဂီလေဆိပ်ထဲတွင် ခွဲခွာခြင်းတွေက အတောင်ပံတပ်ပြီး ပျံသန်းထွက်ခွာဘို့ အသင့်စောင့်နေကြသည်။ ဝေးကြရပုံများကတော့ သူလိုငါလိုပါပဲ။

မိုးနှောင်းက အနာကျင်ဆုံးဆုကို ဂုဏ်ပြု ချီးမြှင့်ခံရသူ တစ်ယောက်၏ တည်ငြိမ်းသော လေသံဖြင့် . . .

“ဖြူ. . . မောင့်ကို တကယ် နှုတ်ဆက်သွားတော့မှာပေါ့နော်” 

“ဟင့်အင်း. . . ကျွန်မ မောင့်ကို နှုတ်မဆက်ပါဘူး၊ ကျွန်မ အထဲကို မဝင်ခင် မောင် ဒီနေရာကပဲ အရင် လှည့်ပြန်သွားပါ။ မောင်ပြန်သွားပြီဆိုတာသိရရင် ကျွန်မ မမြင်ရပေမယ့် မောင့်နောက်ကျောဘက်ဆီကို ငေးကြည့်နေပါ့မယ်. . . မောင်" 

မလှမ်းမကမ်းတစ်နေရာဆီမှ ‘အင့်' ခနဲ ကြိတ်ခါရှိုက်ငိုလိုက်သော မမယု၏အသံကို ကြားလိုက်ရသလိုလို ထင်မိသည်။ ကသစ်ဖြူ၏ အဒေါ်ကတော့ ဘာမှန်းမသိဘဲ သူတို့နှစ်ယောက်ကို ငေးကြည့်နေ၏။ 

မိုးနှောင်းက ဝေ့ဝဲလာသော မျက်ရည်များကို မျက်တောင်ခတ် ဖယ်ရှားရင်း

“အရင်ဆုံးစပြီး ကျောခိုင်းနိုင်လောက်အောင် မောင့်စိတ်တွေ မမာကျောသေးဘူး ဖြူရယ်၊ မောင် မသွားပါရစေနဲ့”

“သွားလိုက်ပါ. . . မောင်ရယ်၊ နောက်တစ်နေ့ မနက် မောင်နိုးလာလို့ “ဖြူ့အခန်းတံခါးကို ဖွင့်ကြည့်လိုက်တဲ့အခါ ဖြူကို တွေ့နေရဦးမှာပဲ' ဆိုတဲ့ ယုံကြည်မှုမျိုးနဲ့ ပေါ့ပေါ့ပါးပါး အိမ်ပြန်သွားလိုက်စမ်းပါ မောင်ရယ်”

သူမက ခါတိုင်းလိုပင် ချစ်စရာကောင်းလောက်အောင် ခေါင်းမာနေဆဲ ရှိသေးသည်။

မိုးနှောင်းက တိုးတိတ် နွမ်းနယ်သော မျှော်လင့်ချက်ဖြင့်. . . 

“တို့နှစ်ယောက် စပြီး ဆုံစည်းကာစက ကစားပွဲမှာ သဘောတူထားတဲ့အတိုင်းဆိုရင် မောင်ဟာ ဖြူရဲ့ “နှုတ်ဆက်ဖေါ်” ဆိုတာ မေ့မသွားနဲ့ဦးလေ"

“နှုတ်ဆက်ရလောက်အောင် တကယ် ခွဲကြရသေးတာမှ မဟုတ်ဘဲ မောင်ရယ်၊ မောင်နဲ့ ဖြူကြားမှာ ဂဏန်းလေး (၁၂) လုံးပဲ ခြားပါတယ်၊ တယ်လီဖုန်းပေါ်က ဂဏန်းလေး (၁၂) လုံးကို နှိပ်လိုက်တာနဲ့ မောင့်အသံ ဖြူ့နှလုံးသားထဲ ရောက်လာမယ်၊ ဖြူ့အသံကလည်း မောင့်နှလုံးသား ထဲရောက်လာမှာပဲ မဟုတ်လား”

“တို့. . . တို့နှစ်ယောက် တကယ် မခွဲရသေးဘူးပေါ့နော်” 

မဟုတ်မှန်းသိလျက်နှင့် ကိုယ့်စိတ်ကိုယ် လှည့်စားထားရသော ပျော်ရွှင်မှု အတုအယောင်ဖြင့်ပင် တုန်ရီဝမ်းသာစွာ သူမေးလိုက်သည်။ 

ပျော်ရွှင်သည်ဟု လှည့်စားနေရသော်လည်း သူ့ပါးပြင်ပေါ်မှာတော့ မျက်ရည်တွေ စီးကျနေ၏။

ကသစ်ဖြူက . . .

“မခွဲရသေးပါဘူး မောင်ရယ်၊ ဒါကြောင့် မောင့်ကို ဖြူ နှုတ်မဆက်တာပေါ့ ကဲပါ. . . မောင်ရယ်၊ သွားတော့နော်။ ဖြူ အရင်ထွက်သွားရင် မောင်က မြင်နေရတဲ့သူဆိုတော့ ပိုပြီး ခံစားရမှာ၊ ဖြူကတော့ မျက်စိမမြင်ရတဲ့သူဆိုတော့ မောင် ထွက်သွားပေမယ့်လည်း အနားမှာရှိ နေသေးတယ်လို့ ကိုယ့်စိတ်ကို လိမ်ညာလို့ရသေးတယ်၊ သွား. . . ပါ . . . တော့. . . မောင်. . . ရယ်”

အခန်း - ၂၃ ဇာတ်သိမ်း ဖတ်ရန်

Comments