မနက်ဖြန်အစီအစဉ် - ၂၃ (ဇာတ်သိမ်းပိုင်း) @ မင်းခိုက်စိုးစန်

ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ်တွင် ခေါင်းလောင်းထိုးသံ သဲ့သဲ့က လွင့်ပျံ့နေသည်။ ဘုရားဝတ်ပြု ဆုတောင်းသူများ၏ တီးတိုး ရွတ်ဖတ်သံကိုလည်း ကြားရ၏။ ဘုရားကို ကပ်လှူပူဇော်ထားကြသော ဖယောင်းတိုင်၊ ဆီမီးနှင့် အမွှေးနံ့သာတိုင်တို့မှ တလူလူ ဝေ့ဝဲနေသည့် ရနံ့ကိုလည်း ရှူရှိုက်ရ၏။

ဘုရားထီးတော်မှ ဆည်းလည်းညောင်ရွက်တို့ ပွတ်တိုက်ခတ်သံက အသေအချာ နားစိုက်ထောင်မှသာ ကြားရသည်ဆိုရုံမျှ တီးတိုးရှိုက်သံပေးလျက် ရှိနေ၏။

ကသစ်ဖြူက အဒေါ်ဖြစ်သူ၏ လက်မောင်းကို အားပြု မှီတွယ်ထားလျက်က ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ်သို့ တရွေ့ရွေ့ စမ်းကာ လျှောက်လာခဲ့၏။

ကသစ်ဖြူ၏ အဒေါ်က . . .

“သမီးလေး . . .ရောက်ပြီလေ။ အခု သမီးရဲ့ ရှေ့တည့်တည့်မှာ ရွှေတိဂုံစေတီတော်ကြီးပဲ. . . ကွဲ့"

ကသစ်ဖြူက စေတီတော်မြတ်ကြီး ရှိနေလောက်မည့် အရပ်ဆီသို့ မှန်းဆကာ စိတ်ထဲက ရည်စူးပြီး လက်အုပ်ချီ လိုက်သည်။

အဒေါ်ဖြစ်သူက ကသစ်ဖြူကို အသာတွဲပြီး တနင်္လာထောင့်ရှိ လူရှင်းသော ရင်ပြင်တော် တစ်နေရာမှာ ထိုင်ဘို့ နေရာချပေးသည်။ ကသစ်ဖြူက ပုဆစ်ဒူးတုပ်ကာ လက်အုပ်ချီထားသော လက်အစုံကို ရင်ဘတ်မှာ ထိကပ်ရင်း ငြိမ်သက်စွာ အာရုံပြုနေ၏။

မိုးသားတိမ်လိပ်တွေထဲ ရွှေအဆင်းရောင်ခြည်တွေ တိုးဝင်ကာ သပ္ပါယ် တင့်တယ်လှသော ရွှေတိဂုံစေတီတော်ကြီး၏ ပကတိသဏ္ဍန်ကိုတော့ သူမ၏ မျက်လုံးများက မြင်ခွင့် မရနိုင်ရှာတော့။ မမြင်ရခြင်းသည် ဆင်းရဲ၏။

သူမ၏ မျက်ဝန်းထောင့်မှ မျက်ရည်တစ်စက် စီးကျလာသည်။

“မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးဘုရား. . . တပည့်တော်မကို ဖူးတွေ့ခွင့် ပေးပါဘုရား...

မဖြစ်နိုင်မှန်း သိလျက်နှင့် သူမ ဆုတောင်းမိသည်။ ဆုတောင်းမပြည့်ခြင်းသည်ပင်လျှင် ဘဝအဓိပ္ပါယ်ဖြစ်လေသည်။


*****


မမြင်ရခြင်းသည်လည်း ဆင်းရဲဖြစ်၏။ မြင်ရခြင်းသည်လည်း ဆင်းရဲဖြစ်၏။

လိုချင်ခြင်းသည်လည်း ဆင်းရဲဖြစ်၏။ မလိုချင်ခြင်းသည်လည်း ဆင်းရဲဖြစ်၏။

သံသရာကမ်း၏ တစ်ဖက်ဆီသို့ ယိမ်းနွဲ့ ရီဝေစွာဖြင့် လေပြည်ကို ခိုစီးရင်း လိုက်ပါခွင့် မရနိုင်ဘူးလား။ နွေ၏နေရောင်၊ မိုး၏တိမ်လိပ်၊ ဆောင်း၏ရနံ့တို့ကို ရှာဖွေရန် မျှော်စင်တစ်ခု ဆောက်လုပ်ထားချင်ပါသည်။ ကလေးဘဝကို အဲသည်မျှော်စင်ပေါ်၌ ချိတ်ဆွဲထားခွင့် ပြုပါ။ အလင်းနှင့်အတူ နိုးထပါရစေတော့။

ချစ်ခြင်းသည်ဆင်းရဲ၊ မချစ်ခြင်းသည်လည်း ဆင်းရဲ၊ ပေါင်းဖေါ်ရခြင်းသည်လည်း ဆင်းရဲ၊ ကွေကွင်းရခြင်းသည်လည်း ဆင်းရဲ။


*****


သေချာပါသည်။

တစ်စုံတစ်ယောက်ကတော့ လူ့ဘဝကို ကြွေအ့တစ်စလို ပစ်ချခဲ့ပြီ။


** ** ** ** **


မိုးနှောင်းက သူ၏ ဝင်သက်ထွက်သက် တစ်ချက်ချင်းစီကို တန်ဘိုးထားပြီး ဖြည်းဖြည်းချင်း ရှူသွင်းနေမိသည်။ သူ၏ နောက်ဆုံးအချိန်သည် အချိန်မရွေး ရောက်လာတော့မည်မှန်း သူသိသည်။ ပက်လက် လဲလျောင်းနေရာမှပင် ထနိုင်ထိုင်နိုင် လုပ်ဘို့ရာ မတတ်စွမ်းသာတော့သည်ပဲ။

သူ့ရင်ဘတ်ပေါ်မှာ ကသစ်ဖြူ၏ ဂျပ်ခုတ်လွယ်အိတ် အနီရောင်လေးကို တင်ထားသည်။ ပြီးတော့ ကသစ်ဖြူ၏ ဓါတ်ပုံကလေး။ သေခြင်းတရားက အရာအားလုံးကို စုပ်ယူ ဝါးမြိုသွားသည့်တိုင် ဤကမ္ဘာမြေပြင်ပေါ်တွင် အမှတ်တရ ဖြစ်စရာတွေကတော့ ကျန်ရစ်နေဦးမည် မဟုတ်ပါလား။

မိုးနှောင်းက သူ့ကုတင်ဘေး လက်တစ်ကမ်းစာ အကွာတွင် ရှိနေသော ဗီဒီယိုပြစက် အဝေးထိန်းခလုတ် (Remote) ကို လှမ်းပြီး နှိပ်လိုက်သည်။

ကုတင်ခြေရင်း နံရံတွင် ကပ်ထားသော ဖန်သားပြင် ပါးပါးလေးပေါ်၌ ကသစ်ဖြူ၏ လှုပ်ရှားနေသော အရုပ်များ ပေါ်လာသည်။ 

SUNTEC TOWER FIVE ဟု စာလုံးတွေ ထွင်းကပ်ထားသည့် အနက်ရောင် ကျောက်သားပြင်ကိုမှီကာ ကသစ်ဖြူက သစ်ပင်တွေ ခုံတန်းရှည်တွေရှိရာဘက်ဆီ ငေးကြည့်နေသည့်ပုံကို ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ သူထပ်ပြီး မြင်နေရပြန်သည်။

ကသစ်ဖြူ ပြန်သွားပြီးကတည်းက သူမ၏ လှုပ်ရှားမှုများ စကားပြောသံများကို ရိုက်ကူးထားသည့် ဟောဒီ DVD အချပ်ကိုသာ ဖွင့်ပြီး နေ့ကောညပါ ထိုင်ကြည့်နေဖြစ်ခဲ့သည်။

ကြည့်တိုင်းလည်း အမြဲရင်မောတသ လွမ်းဆွတ်နေရစမြဲ။ ဟော. . . အခွေထဲမှာ ကြိမ်ဖန်တလဲလဲ ကြားဖူးနေကျစကားကိုပင် သူမ မေးနေပြန်လေသည်။

“မောင်. . . ကြယ်ကြွေတာ မြင်ဖူးလားဟင်”

“မြင်ဖူးတာပေါ့. . . ဖြူရဲ့၊ ဘာဖြစ်လို့လဲ”

“ပန်းပွင့်တွေကြွေရင် မြေကြီးပေါ်ကျတယ် မဟုတ်လား မောင်၊ ကြယ်တွေကြွေရင် ဘယ်ပေါ်ကျသလဲဟင်၊ သိချင်လိုက်တာ”

ပူနွေးစွတ်စိုသော မျက်ရည်စတွေက မျက်ဝန်းအိမ်ထဲတွင် စုဖွဲ့ အိုင်ထွန်း လာသောကြောင့် မိုးနှောင်းက ကြည့်လက်စ မျက်လုံးအစုံကို ခဏ ပိတ်လိုက်ရ၏။

မျက်ရည်စက်တွေက လိမ့်ဆင်းလာသည်။ ပက်လက် လှန်လျက်သား အနေအထားဖြစ်သောကြောင့် ပါးပြင်ပေါ်သို့ ကျမလာဘဲ နားသယ်ဆံစဘေးမှ တလိမ့်လိမ့် စီးကျသွား၏။


*****


ပန်းတွေကြွေရင် မြေပေါ်ကျပေမယ့်

ကြယ်တွေကြွေတဲ့အခါ ဘယ်သူ့ရင်ခွင်ပေါ်ကျသလဲ. . .


လူ့ဘဝဆိုတာကလည်း ကြယ်ကြွေသလိုမျိုးပါပဲ. . . အချစ်ရယ် လက်ခနဲ မြင်လိုက်ရပြီး ပျောက်ကွယ်သွားတဲ့အခါ ဘယ်ဆီကို ရောက်သွားမှန်းတောင် သိခွင့်မရသလိုမျိုးပေါ့။


** ** ** ** **


နိဂုံး


ဖုတ်လှိုက်ဖုတ်လှိုက်နှင့် နိမ့်ချည်မြင့်ချည်ဖြစ်နေသော ကသစ်ဖြူ၏ ရင်အုံသည် တစ်စထက်တစ်စ အားလျော့လာနေ၏။ လူနာခန်း အပြင်ဘက်တွင် ဆရာဝန်ကြီးက ကသစ်ဖြူ၏ အဒေါ်ကို တီးတိုး မှာကြားနေသည်။

“စိတ်မကောင်းပါဘူးဗျာ၊ လူနာကတော့ သူ့ရဲ့ နောက်ဆုံးအချိန်ကို ရောက်နေပြီ၊ သူဖြစ်ချင်တဲ့ ဆန္ဒတစ်ခုခုရှိရင် ဖြည့်ဆည်းပေးလိုက်ကြပါ"

အဒေါ်ဖြစ်သူက ငိုလက်စ မျက်ရည်တွေကို သုတ်သည်။ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်ဘို့ အခန်းအပြင်ဘက်မှာ အချိန် တော်တော်ကြာအောင် ရပ်နေရသေး၏။

ပြီးတော့မှ အခန်းထဲသို့ဝ င်သွားပြီး ကသစ်ဖြူ၏ ကုတင်ဘေးတွင် ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။ နောက်. . . ကသစ်ဖြူ၏ ပိန်လှီ အားမဲ့နေသော လက်ကလေးတစ်ဖက်ကို တယုတယ ဆုပ်ကိုင်ရင်း. . . 

“သမီး. . . သမီးဘေးမှာ ဒေါ်လေးရှိတယ်နော်၊ သမီး ဘာလိုချင်လဲ၊ ဒေါ်လေး ဘာလုပ်ပေးရမလဲ”

ကသစ်ဖြူက အမြင်အာရုံ ကင်းမဲ့နေပြီဖြစ်သော သူမ၏ မျက်ဝန်းသေတစ်စုံကို တဖြည်းဖြည်းချင်း အားယူကာ ဖွင့်၏။ ထို့နောက်. . . 

“မောင့်ကို. . . သမီး. . . က. . . တိ. . . ပေး. . . ထား. . ခဲ့... တာ... တစ်. . . ခု. . . ရှိ. . . တယ်. . . ခွဲ . . . ခွာ. . .ခါ . . . နီး . . . ကျ... ရင်... သူ့ . . ကို. . . နှုတ်. . . ဆက် . . ပါ့. . . မယ် .လို့…”

မောဟိုက်လွန်းနေသောကြောင့် စကားကို ဆက်မပြောနိုင်သေးဘဲ ရပ်ထားရသည်။ ပြီးတော့မှ . . .

“အခု. . . သမီး. . . ဟိုး. . . အဝေးကြီးကို. . . ခရီးသွား . . ရ. . . တော့. . . မယ်. . . သမီး. . . မောင့်. . . ကို. . . နှုတ်. . . ဆက် . သွား. . . ချင်. . . တယ်”

ကသစ်ဖြူ၏အဒေါ်က အသံမထွက်အောင် ကြိတ်၍ ငိုရှိုက်ရင်း Mobile ဖုန်းကိုကိုင်ကာ မိုးနှောင်း၏ ဖုန်းနံပါတ်များကို တစ်လုံးချင်း နှိပ်လိုက်သည်။ ခဏအကြာ...

လိုင်းဝင်သွားသောအခါ တယ်လီဖုန်းမြည်သံရှည် “တီ. . . တီ' ကို ကြားရ၏။ ဒီတော့မှ ကသစ်ဖြူ၏ လက်ထဲသို့ ဖုန်းကို ထည့်ပေးလိုက်သည်။

ကသစ်ဖြူက သူမ၏ နောက်ဆုံးခွန်အားဖြင့် ဖုန်းကို နားရွက်နားဆီသို့ ပင့်ကိုင်လိုက်သည်။


** ** ** ** **


မိုးနှောင်းက နှလုံးကြွက်သားတွေကို ညှစ်လိုက်ရသလိုမျိုး အားစိုက်ကာ အသက်ကို ရှူသွင်းလိုက်သည်။ 

ရှူသွင်း၍မရ။

ရင်ခေါင်းထဲမှာ တစ်ခုခု ပိတ်ဆို့သလိုမျိုး ဖြစ်နေ၏။ ပြီးတော့ နာကျင်လာသည်။ အသက်ရှူ ကျပ်လာ၏။

မျက်လုံးအကြည့်ထဲမှာ အရာရာသည်ဝိုးတဝါး။

သူသိလိုက်ပြီ။

ရထားထွက်ရန် ငါးမိနစ်အလို. . . ဟု စာတန်းထိုးသလိုမျိုး၊ ကွယ်လွန်ရန် စက္ကန့်အနည်းငယ်သာ လိုတော့သည်. . . ဟု သူ့ကို သတိပေး နေလေပြီ။

သေအံ့ဆဲဆဲအချိန်မှာ လက်ဖျောက်တစ်ချက်တီးစာ ကာလတိုကလေးကပင်လျှင် သူ့အတွက် ခက်ခဲပင်ပန်းလွန်း ကြာမြင့် လေးလံနေလွန်းသည်။

သို့သော် . . .

အဲသည် ပင်ပန်းလေးလံမှုကို မနိုင်တနိုင် ထမ်းပိုး ထားလျက်ကပင် တစ်စုံတစ်ရာကို သူ စောင့်ဆိုင်း နေချင်သေးသည်။ ကသစ်ဖြူ၏ နှုတ်ဆက်သံကို သူ ကြားသွားချင်ပါသေးသည်။


*****


နွေရာသီရောက်လာတာကိုက စောလွန်းတယ်…

အဲသည်လောက် မွန်းကျပ်မယ်မှန်းသိခဲ့ရင်

အစကတည်းက...

အသက်ရှူတတ်အောင် ငါ မသင်ခဲ့ပါဘူး...။

သစ်ပင်တွေသွေ့ခြောက်

အသံတစ်သံကို ကြောက်နေရသလိုလို... ။

အချစ်ရေ...တို့စိတ်နဲ့တို့ကိုယ်ပဲ

သစ်ရွက်တွေလိုပဲ အတူကြွေပစ်လိုက်ကြမယ်

ဘာဖြစ်လို့ ခွဲ .....ရ . . . မှာ ...လဲ ...ကွယ် …

မြက်ခင်းတွေ အမြဲစိမ်းနေတာ မြင်ရအောင်

ဘဝကို ဘောလုံးကွင်းပဲ ဖြစ်လိုက်စေချင်တော့တယ်...

အခုတော့ . . .

နွေရာသီရောက်လာတာကိုက စောလွန်း

မင်း...သွားမယ်ဆိုလည်း

စကားတစ်ခွန်းတော့ နှုတ်ဆက်ခဲ့ဖို့ကောင်းတယ်...။


စကားတစ်ခွန်းတော့ နှုတ်ဆက်ခဲ့ဘို့ ကောင်းတာပေါ့ဟု မိုးနှောင်း သိစိတ်တစ်ဝက် မသိစိတ်တစ်ဝက်ဖြင့် တွေးလိုက်သည်။ သူ့နှာသီးဖျားဝက လေထုထဲတွင် အောက်စီဂျင် မရှိတော့မှန်း သူနားလည်နေ၏။ အမြင်အာရုံကလည်း တဖြည်းဖြည်း ပြာရီမှုန်ဝေလာသည်။

အကြား အာရုံထဲမှာကတော့ ဗီဒီယိုပြစက် လည်နေသံလိုလို ဝိုးတဝါးကြားနေရသည်။ သူ့ခြေရင်းဘက် နံရံပေါ်က ဖန်သားပြင်ပေါ်မှာ ကသစ်ဖြူ၏ ပုံရိပ်နှင့် အသံတွေ ထင်ဟပ် ရွေ့လျားနေဆဲပဲ ဖြစ်မည်ဟု သူထင်၏။

ဗီဒီယိုခွေထဲမှ ကသစ်ဖြူ၏အသံကို သူ ကြားတစ်ချက် မကြားတစ်ချက်။

“ချစ်ခြင်းဟာ သူ့ဖာသာသူ သီးသီးသန့်သန့်ကလေး အပြစ်ကင်းစင်တဲ့ အရာပါ။ ဒါပေမဲ့ လူတွေက ချစ်ခြင်းကို သူ့အရှိအတိုင်း လက်မခံကြဘဲ ကိုယ့်ဖါသာကိုယ် ဆင့်ပွားထားတဲ့ အဓိပ္ပါယ်တွေနဲ့ပဲ လက်ခံကြတာများတယ်”

ဗီဒီယိုခွေထဲမှ အသံက ခေတ္တတိုးတိတ်ကာ လေတိုးသံသဲ့သဲ့ကိုသာ ကြားနေရသည်။ ပြီးတော့မှ . . .

“ဥပမာပြောရရင်. . . သွေးသားတော်စပ်ချင်တာ၊ ပိုင်ဆိုင်ချင်တာ . . . ပြန်ပြီး အချစ်ခံချင်တာ၊ အဲဒါတွေနဲ့ ချစ်ခြင်းကို ရောထွေးပြီး နားလည်ထားကြတယ်၊ တကယ်တော့ အချစ်က ပူလည်းမပူဘူး၊ အေးလည်း မအေးဘူး၊ အချစ်ကို နားလည် လက်ခံနေကြတဲ့လူတွေရဲ့ အသိစိတ်ကသာ ပူလိုက်အေးလိုက် ဖြစ်နေတာပါ”

မိုးနှောင်းက ပြုံးဖို့ ကြိုးစားသည်။ ပြုံး၍ မရတော့။ သွေးစီးဆင်း လည်ပတ်မှု မရှိတော့သည့် သူ့နှုတ်ခမ်းတွေက ခြောက်ကပ်နေလေပြီ။ သူ့ပတ်ပတ်လည်ရှိ လေထုထဲတွင် အပြာရောင် ရေခိုးရေမှုန်တွေ ပြည့်သိပ် ဝေ့ဝဲနေသည်ဟု ခံစားရ၏။

ထိုစဉ် . . .

“တီ... ........"

ဖုန်းမြည်သံကို သူကြားလိုက်ရသည်ဟု ထင်မိသည်။ အရာရာတိုင်းသည် အိပ်မက်လိုလိုပင်. . . ။ ဝိုးတဝါး။

အသံသည် တစ်စထက်တစ်စ နီးကပ်လာလိုက်၊ တဖြည်းဖြည်း ပြန်ဝေးသွားလိုက်။

“တီ...တီ...တီ...”

ဟုတ်ပါတယ်. . . ဖုန်းမြည်နေတာပါ။ ငါ့ဆီ ဖုန်းဆက်နေတာ ဘယ်သူလဲ။ တစ်စုံတစ်ယောက်ကတော့ ငါ့ကို ခေါ် နေရှာပေါ့။ 

ကုတင်ဘေး လက်တစ်ကမ်း အကွာတွင်ရှိသော ဖုန်းဆီသို့ သူ့လက်ကို ရွှေ့ဘို့ ကြိုးစားကြည့်သည်။ မရ။

ဟင့်အင်း. . . သူ ကြိုးစား ကြည့်ချင်သေးသည်။

ဒီဖုန်းဟာ ငါ့ဆီကို ကသစ်ဖြူ လှမ်းဆက်တဲ့ဖုန်း ဖြစ်ချင်ဖြစ်နေမှာ. . . ဟု သူတွေးသည်။

သူ. . . သူ. . . ငါ့ကို ဘာများပြောချင်လို့ပါလိမ့်။ 

မိုးနှောင်း၏ ရင်ဘတ်တစ်ခုလုံး တံတားကြီးတစ်စင်း ပြိုကျသကဲ့သို့ ဖြစ်လာသည်။ သူက ကြိုးစားပြီး လက်ကို ဆန့်ထုတ်လိုက်၏။ သူ့လက်ချောင်းကလေးများထဲမှ တစ်ချောင်းက Mobile ဖုန်း ခလုတ်ကို ဖိမိလိုက်သည်။ 'တီ' ခနဲ မြည်သံနှင့်အတူ ဖုန်းဝင်သွား၏။ မိုးနှောင်း၏လက်က ဘုတ်ခနဲ ပြုတ်ကျသွားသည်။ ကသစ်ဖြူလားဟင်။ ထိုအသိကို နောက်ဆုံးအနေဖြင့်သာ သိလိုက်ရပြီးနောက်. . 

သူ့မှာ နောက်ထပ် သိစိတ်အသစ်တစ်ခု ထပ်ဖြစ်ပေါ်လာခြင်း မရှိတော့။

တိတ်ဆိတ်စွာဖြင့်ပင် သူ ကွယ်လွန်သွားသည်။

ရေပွက်တစ်ခုတော့ ငြိမ်းခဲ့လေပြီ။


** ** ** ** **


“တီ’’ ခနဲ မြည်သံနှင့်အတူ ဖုန်းဝင်သွားမှန်း ကသစ်ဖြူ သိလိုက်သည်။ သို့သော်. . . အချိန် အတော်ကြာသည်အထိ ပြန်ထူးသံ မကြားရသေး။

ကသစ်ဖြူက အသက်ကို ခဲယဉ်းပင်ပန်းစွာ ရှိုက်သွင်းနေရ၏။ 

မောင်ရေ. . . ကျွန်မ. . ဟိုး. . . အဝေးကြီးကို သွားတော့မှာ။ ကျွန်မ ဖုန်းကို ပြန်ထူးပါတော့. . . မောင်ရယ်။

ဖုန်းထဲတွင် ဗီဒီယိုပြစက်က မြည်သံလိုလို စကားပြောသံလိုလို မသဲမကွဲ တီးတိုး ကြားနေရသည်။

မောင်. . . ဘာဖြစ်လို့ ဖုန်းမကိုင်သေးတာပါလိမ့်. . . ။

ကသစ်ဖြူက သူမ၏ နောက်ဆုံးလက်ကျန် ထွက်သက်ကို လေးလံစွာ ရှုရှိုက်ရင်း မိုးနှောင်း၏ ‘ဟဲလို’ ဟု ပြန်ထူးမည့် စကားသံကို စောင့်ဆိုင်းနေသည်။


မင်းခိုက်စိုးစန်

၁၈-၅-၂ဝ၁ဝ


Comments