မနက်ဖြန်အစီအစဉ် - ၃ @ မင်းခိုက်စိုးစန်



မိုးနှောင်းက ဈေးဝယ် တွန်းလှည်းထဲသို့ ရေချိုးခန်းသုံး Milk Bath တစ်ဗူးနှင့် မျက်နှာသစ် ဆပ်ပြာတစ်ဗူး ထပ်ထည့်လိုက်သည်။

ဟိုကောင်မလေးကတော့ ဘယ်လိုပစ္စည်းမျိုး သုံးနေကျလဲ မသိ။ သူကတော့ သူ့အကြိုက် Bath & Body Works မှ ဖြန့်ချိသော Signature Collection အမျိုးအစားတွေကိုသာ ရွေးဝယ်နေခြင်း ဖြစ်သည်။ 

အဝတ်အစားတွေကိုတော့ မမယုက သူပဲ ရှာဝယ်လာမည်ဟု ပြော၏။ ဒါတွေကတော့ သူတို့မိန်းမချင်းသာ ရွေးတတ် ဝယ်တတ် ကြပေလိမ့်မည်။

လောလောဆယ်မှာ မိုးနှောင်းကတော့ ကသစ်ဖြူအတွက် ရေချိုးခန်းသုံး ပစ္စည်းများနှင့် သွားပွတ်တံ၊ သွားတိုက်ဆေး၊ မျက်နှာသုတ်ပုဝါ၊ ကိုယ်သုတ်တဘက် အကြီးတို့လောက် ဝယ်လျှင် အတော်အတန်ပြည့်စုံပြီဟု ယူဆလိုက်၏။

အလှပြင် ပစ္စည်းတွေကတော့ မမယုပဲ ကြည့်ဝယ်လိမ့်မည်သည်။

“အင်း. . . ဒါလေးလည်း ဝယ်သွားရင် ကောင်းမလားမသိဘူး” 

အသင့်ရေဖျော်ပြီး လိမ်းလို့ရသော သနပ်ခါးဗူးကို တွေ့သောကြောင့် မိုးနှောင်း ဝယ်ချင်စိတ်ပေါက်သွား၏။ စင်္ကာပူမှာ မြန်မာပြည်ကလာသော ပစ္စည်းတွေကလည်း ပိုက်ဆံရှိပြီး ရှာတတ်လျှင် အစုံရနိုင်သည်ပင်။

မိုးနှောင်းက သနပ်ခါးဗူးကို ဈေးဝယ်တွန်းလှည်းထဲသို့ ကောက်ထည့်လိုက်၏။

ပြီးတော့ အိမ်တွင်းစီးဘို့ အဝတ်ဖိနပ်တစ်ရံကိုလည်း ထည့်လိုက်သည်။ အင်း. . . တော်တော်တော့စုံသွားပြီ။

ကိုယ့်အတွက် ကိုယ်ဝယ်လျှင်တောင် အဲသည်လောက် ထောင့်စေ့အောင် ဖွယ်ဖွယ်ရာရာ မစဉ်းစားမိခဲ့။

ဝယ်ထားသော ပစ္စည်းတွေအားလုံးအတွက် ပိုက်ဆံရှင်းပြီး ထွက်လာခဲ့သည်။ အရောင်းပြခန်းတစ်ခု၏ ရှေ့သို့ ဖြတ်လျှောက်တော့ မှန်သားကာထားသော နမူနာပုံစံ အလှပြခန်းထဲမှာ မိန်းမစီးဖိနပ်လှလှ ကလေးများကို တွေ့လိုက်ရသည်။

ချက်ချင်းလိုလိုပင် ဖိနပ်ဝယ်သွားရင် ကောင်းမလားမသိဘူးဆိုသည့် အတွေးက မိုးနှောင်း၏ စိတ်ကူးထဲမှာ ဖျတ်ခနဲ ပေါ်လာ၏။ ကသစ်ဖြူတစ်ယောက် လောလောဆယ်မှာ မမယု၏ဖိနပ်ကို ယူစီးနေတာတော့ တွေ့သည်။ မမယု၏ ခြေထောက် Size နှင့် အရွယ်အစားချင်း အတူတူပင်ဖြစ်မည်။

မိန်းမစီးဖိနပ်တွေကို ဟိုလျှောက်ကိုင်ကြည့် ဒီလျှောက်ကိုင်ကြည့်နှင့် မိုးနှောင်းတစ်ယောက် ယောင်လည်လည်လုပ်နေစဉ်မှာပင်...

“ တီ . . . တီ . . . တီ “

လက်ကိုင်ဖုန်းမှ ဖုန်းခေါ်သံမြည်လာသောကြောင့် မိုးနှောင်းက . . .

“ဟဲလို”

“အေး...မိုးနှောင်း၊ ငါပါကွ. . . ထူးကျော်ပါ၊ မင်းကွာ. . . ဖုန်းမှန်မှန် ဆက်စမ်းပါလို့ မှာထားရဲ့သားနဲ့ကွာ၊ ဖုန်းဆက်ဖေါ်မရဘူး၊ အခုကော .. . . . ဘယ်ရောက်ပြီးတော့ ဘာတွေလုပ်နေတာလဲ”

အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သည့် ရန်ကုန်မှ ထူးကျော်၏အသံကြောင့် မိုးနှောင်းက . . .

“အေးပါကွာ၊ ငါလည်း ဆက်မလို့ပါပဲ၊ အခု. . . အင်း. . . လိုတာလေးတွေ နည်းနည်းရှိလို့ ဈေးဝယ်နေတာ”

“ဘာ. . . ဈေးဝယ်နေတာ. . . ဟုတ်လား၊ မင်းအတွက် လိုအပ်တာမှန်သမျှ မမယုက စီစဉ်ပေးနေကျပဲဥစ္စာ၊ ဘာဖြစ်လို့ မင်းကိုယ်တိုင် ထွက်လာရတာလဲကွာ”

မိုးနှောင်းက . . .

“ဘာမှမဖြစ်ပါဘူးကွ၊ ဟိုလေ. . . မယုက ကိုယ်နဲ့လည်း သွေးမတော်သားမစပ်ဘဲနဲ့ နေရာတကာ လိုက်လုပ်ပေးနေတာ၊ ကြာတော့ ငါလည်း အားနာလာလို့ပါ”

“ဟာကွာ. . . မင်းကလည်း သူစိမ်းတွေမှ မဟုတ်ဘဲ၊ မင်း အစ်ကိုနဲ့ လက်ထပ်မယ့် မရီးလောင်းပဲ ဥစ္စာ၊ ဒါနဲ့ မင်းအစ်ကိုကော ဘယ်တော့လောက်လာမတဲ့လဲ"

“လာဖို့မလွယ်တော့ဘူး ထင်တယ်ကွ၊ ပြီးခဲ့တဲ့ New Year တုန်းက သူ ငါ့ကိစ္စနဲ့ လာလိုက်တာ သုံးပတ်တောင် ကြာသွားတယ်၊ သူ့ခွင့်ရက် အကုန်လုံးကုန်တာပဲ၊ ဖုန်းတော့ ပြောဖြစ်ပါတယ်၊ ငါလည်း သူ့ကို စိတ်မပူစေချင်လို့ မလာနဲ့လို့ မှာထားတယ်၊ ငါ့အတွက်ဆို သူက လိုလေသေးမရှိ လုပ်ပေးထားတဲ့ ဥစ္စာပဲဟာ"

တစ်ဖက်မှ ထူးကျော်က . . .

“အင်း. . . အင်း. . . ဪ. . . ဒါနဲ့ မင်းက ကိုယ့်ဖာသာ ကိုယ်တောင် လာဝယ်ရလောက်အောင် ဘာပစ္စည်းများ အရေးတကြီး လိုနေလို့လဲ”

ရုတ်တရက်မို့ မိုးနှောင်း ဘာပြန်ဖြေရမည်မှန်းမသိ။ ရှက်ကိုးရှက်ကန်းနှင့် ထစ်အသွားပြီး ..

“ဟို. . . အဲ. . . ဘာရယ် မဟုတ်ပါဘူးကွာ၊ ဖိနပ်လေးဘာလေး စိတ်ကြိုက် လိုချင်လို့ပါ"

“​ေဩာ်. . . ဒါများကွာ. . . မင်းလိုချင်တဲ့ ဒီဇိုင်းကို Internet ကနေရှာပြီး မယုကို ပြလိုက်ပေါ့ကွ၊ အဲဒါဆို သူဝယ်တတ်မှာပါ"

“အေးပါကွာ. . . နောက်ဆိုရင် ငါလည်း အဲဒီလိုလုပ်ပါ့မယ်၊ အခုလည်း လိုချင်တာ တွေ့နေပါပြီ၊ ခဏနေရင် ပြန်တော့မှာပါ" 

"အေး... အေး... . ဒါဆိုလည်းပြီးရော၊ ငါက မင်းကို တစ်ယောက်တည်း လျှောက်မသွားစေချင်လို့ ပြောတာ၊ ဩော်. . ဒါနဲ့ တကယ်လို့ မယုကို မှာလို့မဖြစ်တဲ့ပစ္စည်းမျိုးရှိရင် ငါ့ကိုသာ လှမ်းပြောလိုက်၊ ငါ အဆင်ပြေအောင် စီစဉ်ပေးမယ်. . . သိလား”

သူ့ကို ကလေးတစ်ယောက်လို စိတ်ပူကာ စိုးရိမ်တကြီး မှာနေသော ထူးကျော်ကြောင့် သူ ပြုံးလိုက်မိပြီး

“အေးပါကွာ၊ ငါ လိုအပ်ရင် မင်းကိုပြောပါ့မယ်၊ ကျေးဇူးပဲ သူငယ်ချင်း”

“အေး...အေး... . ဒါပဲ သူငယ်ချင်း၊ ကျန်းမာရေးကို ဂရုစိုက်ပါကွာနော်”

ထူးကျော်က ထုံးစံအတိုင်းမှာပြီး ဖုန်းကို ချသွား၏။ မိုးနှောင်းက သူ့စိတ်ထဲမှာ လှသည်ဟု ထင်သော မိန်းမစီးဖိနပ် အနီရောင်တစ်ရံနှင့် အဖြူရောင်တစ်ရံကို ရွေးယူပြီး ပိုက်ဆံချေလိုက်သည်။

ကသစ်ဖြူအတွက် လိုအပ်သည်ထင်သည့် အရာများကို တစ်ခုချင်းစီ လျှောက်စဉ်းစားပြီး ဝယ်နေရသည်မှာ ပျော်စရာကောင်းသလိုလို ဘာလိုလို သူ့စိတ်ထဲမှာ ခံစားနေရသည်။

ဖိနပ်ဝယ်ပြီး ပြန်ထွက်လာတော့ အရုပ်နှင့် ကစားစရာပစ္စည်း ရောင်းသည့်ဆိုင်ထဲသို့ ဝင်မိပြန်သည်။

ဘာအရုပ်ကလေး လက်ဆောင်ဝယ်ပေးရင် ကောင်းမလဲ။ အရုပ်ဝယ်ပေးလျှင် ဟိုဟိုဒီဒီ အဓိပ္ပါယ်ကောက် မလွဲစေမည့် အရုပ်မျိုးကို ရွေးရဦးမည်။ ဝက်ဝံရုပ်ဝယ်ပေးလျှင် “ချစ်သည်၊ ခင်သည်” ဟု အဓိပ္ပါယ်ရသည်။ ခွေးရုပ်ဝယ်ပေးလိုက်လျှင် “မင်းနဲ့ထပ်တူ သဘော ထားချင်းအညီအမျှရှိသည်” ဟု အဓိပ္ပါယ်ပေါက်လိမ့်မည်။

ပြီးတော့ မြင်နေကျ မဟုတ်သည့် ခပ်ဆန်းဆန်း အရုပ်ဆိုလျှင်လည်း ‘မင်းကို ဂရုတစိုက်ရှိပါမယ်' ဟု အဓိပ္ပါယ် ရှိပြန်သေးသည်။ မိုးနှောင်း တွေးရင်းနှင့် ဦးနှောက်ခြောက်လာ၏။

ထိုစဉ် ရောင်စုံအကွက်ကလေးများ ဖေါ်ထားသော လေးထောင့်ပုံ ကုဗတုံးလေးတစ်ခုကို တွေ့လိုက်ရသောကြောင့် မိုးနှောင်း စင်ပေါ်မှ လှမ်းယူလိုက်သည်။

မျက်နှာစာ ခြောက်ဘက်ပါသော ကုဗတုံးလေး။ မျက်နှာစာ တစ်ခုတိုင်း ဘယ်ညာ အထက်အောက် လှည့်ကစား၍ ရနိုင်သောအကွက် ‘ကိုး’ ကွက်ဖြင့် ဖွဲ့စည်းထား၏။ မျက်နှာစာတစ်ခုတိုင်းတွင် အနီရောင်၊ အစိမ်းရောင်၊ အဝါရောင်၊ အဖြူရောင်၊ လိမ္မော်ရောင်၊ အပြာရောင် တို့ဖြင့် အရောင်ခြောက်မျိုး ခွဲခြားထား၏။

ရောင်စုံပဟေဠိ ကုဗတုံးကလေးပင် ဖြစ်သည်။

မိုးနှောင်း ငယ်ငယ်တုန်းကတော့ ဆော့ကစားဘူး၏။ အကွက်တွေကို ဘယ်ညာ အထက်အောက် ရွှေ့ချင်သလိုရွှေ့၊ လှည့်ချင်သလို လှည့်ပစ်လိုက်လျှင် ကုဗတုံး၏ မျက်နှာပြင်တစ်ဖက်တိုင်းတွင် အကွက်တွေက အရောင်စုံ ရောနှောသွားကြသည်။

အဲဒါကိုမှ ပဟေဠိဖြေမည့်သူက မျက်နှာပြင် တစ်ဖက်တိုင်းတွင် အဝါဆို အဝါချည်းသပ်သပ်၊ အနီဆို အနီချည်း သပ်သပ် တစ်မျက်နှာချင်းစီ ဖြစ်အောင် ပြန်ဖြည့် လှည့်ရွှေ့ရသော ပဟေဠိ ကုဗတုံးကလေး။ အခုလည်း ‘ဒါလေးကိုပဲ ဝယ်သွားလိုက်တော့မယ်' ဟု မိုးနှောင်းဆုံးဖြတ်လိုက်၏။

ကသစ်ဖြူအဖို့ အိပ်ယာထဲ အနားယူနေရမည့် အချိန်များတွင် အပျင်းပြေအောင် ဒီရောင်စုံ ကုဗတုံးကလေးကို လှည့်ပတ် ရွှေ့ကစားနေလို့ရမည်။

ပြီးတော့. . .

ပဟေဠိဆန်သော ကောင်မလေးအတွက် ပဟေဠိ ကစားစရာတစ်ခု လက်ဆောင် ဝယ်ပေးရခြင်းသည် လိုက်ဖက်သည်ဟု မိုးနှောင်းထင်၏။

အပိုင်း - ၄ ဖတ်ရန်



 

Comments