East Coast ရှိ မြက်ခင်းစိမ်းစိမ်းလေးတွေ ဟိုတစ်ကွက် ဒီတစ်ကွက်နှင့် ကျောက်သားစားပွဲ ခုံတန်းလျားလေးတွေကြားမှ သူ ဖြတ်လျှောက်လာခဲ့သည်။
ကွန်ကရစ်အုတ်သားခင်း စီထားသော လမ်းသွယ်ကလေးတွေပေါ်မှာ စက်ဘီးနင်းနေကြသူတွေ၊ စကိတ်စီးနေကြသူတွေကိုလည်း မိုးနှောင်း တွေ့နေရ၏။ လူငယ်အတော်များများကတော့ ကျောပိုးအိတ်ကလေးတွေလွယ်ကာ သွားလာနေကြသည်။ တစ်ချို့ကျတော့လည်း အင်္ဂတေစားပွဲနှင့် ခုံတန်းလျားလေးတွေပေါ်မှာ ဘီယာဗူးတွေတင်ကာ အုပ်စုဖွဲ့ ထိုင်စကားပြောနေကြ၏။
မိုးနှောင်းက လူရှင်းမည်ဟု ထင်ရသော ကမ်းစပ်ဘက်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ (သူ့အတွက် ဘာကိုမှ အလောတကြီး ပြုလုပ်ဘို့ မလိုအပ်ပါ)။
ကျောက်တုံးတွေကို အင်္ဂတေဖြင့်မံကာ ဆင်ခြေလျောဆန်ဆန် ကမ်းခြေအနားသတ် ဘောင်ခတ်ထားသော ကျောက်ဆောင်အနားသို့ ရောက်တော့ မိုးနှောင်း ပင်လယ်ကြီးကို စိတ်လိုလက်ရ ကြည့်ရင်း ထိုင်ချလိုက်၏။
ပင်လယ်ပြင်ကို ဖြတ်သန်း တိုက်ခတ်လာသော လေငွေ့ထဲမှာ နူးညံ့ခြင်းတွေကော ခက်ထန်ကြမ်းကြုတ်မှုတွေပါ ရောထွေးပြီးပါလာသည်ဟု ထင်ရ၏။
သူ့နဖူးစပ်က ဆံပင်စတွေ လေပြေထဲမှာ တဖျပ်ဖျပ် လှုပ်ခတ်သွားသည်။
ပင်လယ်လေက ခေါ်သံတွေကိုများ ယူဆောင်လာလေမလား။
မည်သူ့ဆီကမှန်းမသိသည့် ခေါ်သံကို နားစွင့်မိသည်။
♦ ♦
ဟိုး. . . မှာ စကိတ်စီးနေကြသော လူငယ်နှစ်ယောက်။ တစ်ယောက်ကိုတစ်ယောက် လက်မြှောက်ပြပြီး အော်ဟစ် နှုတ်ဆက်နေကြသည်ကို မြင်ရ၏။
‘နှုတ်ဆက်တယ်’ ဆိုတာ ဘာလဲ။
လူတွေအချင်းချင်း နှုတ်ဆက်နေကြသည်မှာ တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုဘို့နှင့် ကိုယ့်ကို အသိအမှတ်ပြုခံရဘို့ အတွက် ဖြစ်သည်။
ဟုတ်တယ်. . . ။
ငါရှိနေသေးကြောင်း ပြောပြဘို့ လောကကြီးမှာ တစ်ယောက်ယောက်ကိုတော့ နှုတ်ဆက်ရတာပဲ မဟုတ်လား။
ဒါပေမဲ့. . . တစ်ခါတစ်ခါ ကျပြန်တော့လည်း လူတွေက နားလည်ရခက်သည်။ သေခါနီးဆဲဆဲ ဖြစ်နေသော လူမမာတစ်ယောက်ကို အသိမိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေက လာပြီးတွေ့ကြသည်ကို မိုးနှောင်း မကြာခဏ မြင်ဖူး၏။
အဲဒါ. . . ဘာလုပ်ကြတာလဲ။
သေတော့မယ့်လူတစ်ယောက်ကို ‘နှုတ်ဆက်ဘို့' လိုအပ်သေးလို့လား။
ခရီးသွားမည့်လူဆိုလျှင်လည်း ခရီးလမ်း သာယာစေဘို့ရန် ဆုတောင်းကာ အားပေးရယ်မော၍ ကောင်းသေးသည်။
သို့သော် ‘သေတယ်’ ဆိုသော ကိစ္စက အားပေးရမည့် ခရီးတစ်ခုလည်း မဟုတ်။
နှစ်သိမ့်ဖျောင့်ဖျပေးဘို့ သွားနှုတ်ဆက်တယ်ဟု ဆိုရအောင်ကလည်း ‘သေ’ သည်ဆိုသောအရာက နှစ်သိမ့်ဖျောင့်ဖျလို့ရသော ‘ရှုံးနိမ့်မှု' တစ်ခုလည်း မဟုတ်ပြန်ချေ။
♦
‘နှုတ်ဆက်တယ်’ ဆိုတာက အသက်ရှင်နေတဲ့ လူအချင်းချင်း ကြားမှာပဲ အသုံးတည့်တဲ့အရာပါ. . . ။
♦
အမှန်ကတော့ သေမယ့်လူကို နှုတ်ဆက်ဘို့သွားကြတာ မဟုတ်လောက်ဘူးဟု မိုးနှောင်းကတော့ ယူဆမိသည်။
(အသက်ရှင်နေဆဲ) ဆွေမျိုးအပေါင်းအသင်းများနှင့် (အသက်ရှင်ပြီး ကျန်နေရစ်ခဲ့မည့်) ကျန်ရစ်သူမိသားစုတွေ အချင်းချင်းကြားမှာ အသိအမှတ်ပြုမှုတစ်ခုခု တည်ဆောက်ဘို့အတွက် ‘နှုတ်ဆက်ခြင်း’ ကို လူမှုရေး အလျော်အစား လုပ်ကြတာပဲဟု ထင်သည်။
ငါကကော ဘယ်သူ့ကို အလျော်အစား လုပ်ရမလဲ။
ဘယ်သူ့ကို နှုတ်ဆက်ရမှာလဲ။
မိုးနှောင်း၏ အကြည့်က ပင်လယ်ပြင်ဆီ ငေးနေရာမှ ဆင်ခြေလျော ကျောက်သား အနားစပ်ဆီ ဖြည်းဖြည်းချင်း ရွေ့သွားသည်။ ပန်းနုရောင်ဖျော့ဖျော့ တီရှပ်နှင့် ဂျင်းဘောင်းဘီ အနက်ရောင် ဝတ်ထားသော ဖြူဖြူပိန်ပိန် ကောင်မလေးတစ်ယောက် ရပ်နေသည်ကို မြင်ရ၏။ မြန်မာမိန်းကလေး ဖြစ်မယ်ထင်ပါရဲ့။
ပင်လယ်လေကြောင့် ကောင်မလေး၏ ဆံနွယ်စတွေ တဖျတ်ဖျတ် လွင့်ပျံ လွန့်လူးနေကြသည်။
အင်း. . . အဲဒီကောင်မလေးကိုပဲ အတင်း မိတ်ဆွေဖွဲ့ပြီး နှုတ်ဆက်လိုက်ရင် ကောင်းမလား။ ကောင်မလေးရေ. . . မင်္ဂလာပါ။
သူ ကြည့်နေစဉ်မှာပင် ကောင်မလေးက ဆင်ခြေလျော ကျောက်သားမျက်နှာပြင်အတိုင်း တရွေ့ရွေ့ဖြင့် ရေစပ်ဆီသို့ ဆင်းနေသည်ကို မြင်ရ၏။
ပန်းနုရောင် ခရုသေးသေးလေးတစ်ကောင်နှင့် တူနေလေသည်။
ထိုစဉ် . .
“ဝုန်း”
ကောင်မလေးက ရေထဲသို့ ဝုန်းခနဲ ပြုတ်အကျ သူမ၏ ဦးခေါင်း နားသယ်စပ်က ကျောက်ဆောင်နှင့် ရိုက်မိသွားပြီး ….
“ဟာ. . . သွားပြီ”
မိုးနှောင်း အထိတ်တလန့် အော်ဟစ်လိုက်မိသည်။ ကောင်မလေး ရေထဲသို့ နစ်သွားသည်ကို မြင်လိုက်ရ၏။ မိုးနှောင်း ရင်ဘတ်ထဲမှာ ဝါယာကြိုးချင်း ပူးသွားသလို မီးပွင့်တွေ လက်သွားသည်။ တွန်းကန်အား တစ်စုံတစ်ရာကြောင့် ဝုန်းခနဲ ခုန်ကာ ထလိုက်၏။
ဒုက္ခပဲ. . . ။ သေသွားပြီလား မသိဘူး။
တွေဝေနေဘို့ အချိန်မရ။ သူ ရေထဲသို့ ခုန်ချလိုက်၏။ ပင်လယ် ဆားငံရေတွေက သူ့မျက်လုံးတွေကို ကျိန်းစပ်သွားစေသည်။ ဘာမှမမြင်ရ။ လေးလံနေသော ရေထုထဲမှာ သူ့လက်တွေကို ဆန့်ကားကာ ဟိုရမ်း ဒီရမ်း လှုပ်ရှားလိုက်၏။
သူ အသက်ရှူ ကျပ်လာသည်။ လက်တွေေ ခြေထောက်တွေကိုတော့ အစွမ်းကုန် ဝှေ့ယမ်းကာ တစ်စုံတစ်ခုကို စမ်းမိထိတွေ့နိုးနိုး ရှာဖွေဆဲ။ လှိုင်းတွေကလည်း အင်အားကြီးမားစွာဖြင့် ပင်လယ်ဘက်ဆီ ဆွဲခေါ်နေ၏။
ဟော...တွေ့ပြီ။
ကောင်မလေး၏ ချိုင်းကြားဟု ထင်ရသော နေရာကို သူ့လက်မောင်းဖြင့် ချိတ်ဆွဲကာ ရေမျက်နှာပြင်ပေါ်သို့ ကန်တက်လိုက်၏။
“ဟူး. . .”
အသက်ဓါတ်ပါသောလေကို အားပါးတရ ရိုက်သွင်းလိုက်သည်။ ကောင်မလေး၏ တစ်ကိုယ်လုံးကို ပွေ့ကာ ကျောက်ဆောင်ပေါ် တွန်းတင်လိုက်သည်။
ကောင်မလေးကတော့ သတိလစ်နေဆဲ. . . ၊
နဖူးနှင့် နားသယ်စပ်ကြားတွင် သွေးတွေ စိမ့်ထွက်နေသော ကွဲကြောင်းရာ သေးသေးတစ်ခု. . .
“ဟေ့. . . ဟေ့. . .”
မိုးနှောင်းက ပုခုံးကို ဆွဲလှုပ်သည်။ ပါးစပ်ကလည်း တဟေ့ဟေ့နှင့် အသံပြုသည်။ ကောင်မလေးကတော့ လုံးဝ သတိပြန်လည်မလာ။
ဒုက္ခပါပဲ။
မိုးနှောင်း ဘာလုပ်ရမည်မှန်းမသိ။ အကောင်းဆုံးကတော့ ဆေးရုံကို ပို့လိုက်ဖို့ပင်။ သို့သော်. . . ကောင်မလေးများ သေသွားခဲ့လျှင် နောက်ဆက်တွဲ ပြဿနာတွေက ဘာတွေဖြစ်လာမည်မှန်းမသိ။
ကောင်မလေး၏ ဘောင်းဘီ နောက်အိတ်ထဲမှာ ပတ်စပို့ဖြစ်ဖြစ်၊ ဆယ်သွယ်စရာလိပ်စာ၊ ဖုန်းနံပါတ်တစ်ခုခုများ ပါမလားဟု တွေးကာ ရှာကြည့်မိသေးသည်။
ပတ်စပို့တော့မတွေ့၊ ရေစိုကာ နူးအိနေပြီဖြစ်သော စာရွက် အပိုင်းအစလေးတစ်ခုကိုသာ တွေ့ရသဖြင့် ခဲရာခဲဆစ် ဖြန့်ကြည့်လိုက်သည်။
မြန်မာလိုရေးထားသော ကဗျာအပိုင်းအစလေး.....
နှစ်ကြောင်း။
“ခြေစုံပစ်ပြီး ရင်ခုန်ပစ်လိုက်တယ်. . .
ကိုယ့်ကိုယ်ကိုယ် မရဏဖွါးဖြစ်မှန်း မယုံကြည်လို့. . . ”
ပန်းနုရောင် ခရုကလေးသည် မြန်မာမကလေး ဆိုတာတော့ သေချာသွားသည်။ အင်း. . . ခရုတော့ ခရုလေးပါပဲ။
ခရုဆိုသည်မှာ သွားလေရာရာတွင် အရေးအကြောင်းတွေ အရာထင်ကျန်ရစ်စေတတ်သည် မဟုတ်လား။
မိုးနှောင်းက သတိလစ်နေသော သူမကို စိတ်ထဲမှနှုတ်ဆက်လိုက်သည်။
“မရဏဖွါးမကလေးရေ. . . မင်္ဂလာပါ”


Comments
Post a Comment