မနက်ဖြန်အစီအစဉ် - ၂ @ မင်းခိုက်စိုးစန်


“ကျွန်မ . . ကျွန်မ. . . ဘယ်ကို ရောက်နေတာလဲဟင်”

သူမ သတိပြန်လည်လာပုံက ရုပ်ရှင်ဆန်နေသည်ဟု တွေးပြီး မိုးနှောင်း ပြုံးလိုက်မိသေး၏။

ရေစိုနေသော သူမ၏ အဝတ်အစားတွေကို မမယုက သူ့အဝတ်တွေနှင့် လဲလှယ်ပေးထားသောကြောင့် ကပိုကယို ဖြစ်နေပုံမှာ အနှီးပိတ်စတွေကြား လူးလွန့်ချင်နေသည့် ကလေးတစ်ယောက်လိုဖြစ်နေ၏။

မမယုက . . .

“နေဦး. . . နေဦး. . . ညီမလေး မထနဲ့ဦးလေ"

ကုတင်ပေါ်မှ အတင်း လူးလဲထဘို့ အားယူနေသည့် သူမကို တားလိုက်၏။ မိုးနှောင်းကတော့ လက်ကို ပိုက်ကာ နံရံမှာ မတ်တပ်ရပ် မှီရင်း

“မင်း. . . ရေထဲပြုတ်ကျပြီး သတိလစ်သွားလို့ ကိုယ် ဆယ်လာတာလေ၊ အခု Dover မှာရှိတဲ့ ကိုယ့်တိုက်ခန်းကို ရောက်နေတာ”

“အား.... . ကျွတ်. . . ကျွတ်. . . "

သူမက နဖူးဆံစပ်မှ ဒဏ်ရာကို လက်ဖြင့် အသာအုပ်ကိုင်ရင်း နာနာကျင်ကျင် ညည်းတွားလိုက်၏။ မိုးနှောင်းက . . . 

“မင်း ခြေချော်ပြီးအကျမှာ ကျောက်ဆောင်နဲ့ ခေါင်းကို ရိုက်မိပြီး နည်းနည်း ထိသွားတယ်၊ ခုတော့ စိုးရိမ်စရာ မရှိတော့ပါဘူး၊ ဒီမှာ ကိုယ့်အစ်မ ဆရာဝန်လည်း ရှိနေတာပဲဥစ္စာ"

မမယုက ဝင်ပြီး . .

“ဟုတ်တယ် ညီမလေးရဲ့၊ ခေါင်းနည်းနည်းပေါက်သွားလို့ မမ ဆေးထည့် ပေးထားတယ်၊ ဦးခေါင်းခွံရိုးတွေ ဘာတွေကိုတော့ မထိပါဘူး၊ အပေါ်ယံဒဏ်ရာပါ"

သူမ၏ မျက်လုံးအကြည့်တွေက မိုးနှောင်းဆီကို တစ်လှည့်၊ မမယုဆီကို တစ်လှည့် ရွေ့လျားနေကြသောကြောင့် မိုးနှောင်းကပင် ဝင်၍ မိတ်ဆက်ပေးလိုက်၏။

“ကိုယ့်အစ်မနာမည်က မမယုလို့ ခေါ်တယ်၊ ကိုယ့်နာမည်က မိုးနှောင်း၊ မင်းကို ရေထဲက ဆယ်ပြီးပြီးချင်း ကြည့်လိုက်တော့ ပတ်စပို့တွေ ဘာတွေလည်း ပါလာတာမတွေ့လို့ Overstay ဖြစ်နေရင် ပြဿနာ တက်နိုင်တာနဲ့ ဆေးရုံမပို့ဘဲ ကိုယ့်အိမ်ကိုပဲ ခေါ်လာခဲ့တာ”

မိုးနှောင်း ရှင်းပြလိုက်တော့ ကောင်မလေး၏ မျက်ဝန်းတွေက မြွေတစ်ကောင်၏ အကြည့်မျိုး ဆန်သွားသည်။ ပြီးတော့ သူမ၏နှုတ်က တိုးဖွဖြည်းညှင်းစွာဖြင့်

“မိုး. . . နှောင်း၊ မိုး. . . နှောင်း”

သူ့နာမည်ကို ရေရွတ်နေပုံက ကျေးဇူးတင် လှိုက်လှဲသည့်အသံ မဟုတ်။ ရန်သူတစ်ယောက်ကို မမေ့လျော့သွားရအောင် ဒဏ်ရာအမာရွတ်ကို ပွတ်သပ် ကြိမ်းဝါးနေပုံမျိုးဟု ခံစားရသည်။ ပြီးမှ သူမက. . . 

“ဩ. . . ကျွန်မကို ရေထဲက ဆယ်ခဲ့တာရှင်ပေါ့. . . ဟုတ်လား"

“ဟုတ်တယ်. . . ကိုယ်ပဲ၊ အင်း. . . မင်းကွာ မသေကောင်းမပျောက်ကောင်း"

လူကြီးသံပါပါ ပြောလိုက်သော မိုးနှောင်း၏ စကားကြောင့် သူမ၏ ပန်းရောင်ဖျော့ဖျော့ နှုတ်ခမ်းတွေက သရော်သလို ပြုံးလိုက်ပြီး. . .

 “မသေကောင်း မပျောက်ကောင်း. . . ဟုတ်လား၊ မသေတာ ကောင်းတယ်လို့ ရှင့်ကို ဘယ်သူက ပြောသလဲ၊ သေတဲ့တန်ဖိုးနဲ့ ရှင်တဲ့ တန်ဖိုး ဘယ်ဟာက ပိုပြီး ကောင်းသလဲဆိုတာကို နှစ်ခုယှဉ်ပြီး တိုင်းတာနိုင်တဲ့ ချိန်ခွင်မှ မရှိသေးတာ"

မျှော်လင့်မထားသော တုံ့ပြန်မှုကြောင့် မိုးနှောင်း အံ့ဩသွား၏။ တော်တော် အကြောတင်းမယ့် ကောင်းမလေးပဲဟုလည်း စိတ်ထဲက ကျိတ်ပြီး အကဲဖြတ်လိုက်မိသည်။

မိုးနှောင်းက . . .

“အဲဒီကို ကပ်သီးကပ်သပ် ပြောရင်တော့ ဟုတ်တာပေါ့ကွာ၊ ဒါပေမဲ့ လူဆိုတာ အခု ပစ္စုပ္ပန်မှာ ရထားတဲ့ ကိုယ့်ဘဝကိုကိုယ် တန်ဖိုးထားကြတာချည်းပဲ မဟုတ်လား”

သူမ၏ နှုတ်ခမ်းဖျားမှ တိုးညှင်းသော လှောင်ရယ်သံကို သဲ့သဲ့ ကြားလိုက်ရသလိုလိုရှိ၏။ သူမက . . .

“ကိုယ့်ပစ္စုပ္ပန်ကို တန်ဖိုးမထားတဲ့လူတွေ၊ ကိုယ့်ဘဝကိုကိုယ် မကျေနပ်ကြတဲ့လူတွေ အများကြီးပါရှင်. . .

ကိုယ့်ရဲ့ဘဝကို ကိုယ်မကျေနပ်ဘဲ နောင် ဘာဖြစ်လာမယ်မှန်းမသိတဲ့ အနာဂတ်ကို စိတ်ကူးနဲ့ ရူးနေကြတဲ့ လူတွေကျတော့ကော ရှင် ဘာပြောမလဲ”

မိုးနှောင်းကပဲ ပြန်ပြီး ဦးညွှတ်ရတော့မလိုလိုတောင် ဖြစ်သွားသည်။ ဒီငနဲမလေးသည် နည်းနည်းပါးပါး ‘ကြောင်’ ချင်တော့ကြောင်မည်။ သို့သော် ဘဝ၏ “ရှိနေမှု” နှင့် ပတ်သက်လာလျှင်တော့ အတိုင်းအတာတစ်ခုအထိ သေသေချာချာ ကျကျနန စဉ်းစား တွေးတောထားပုံရ၏။

မိုးနှောင်းက တစ်စုံတစ်ရာ ချေပပြောဆိုဘို့ ပါးစပ်ပြင်လိုက်စဉ်မှာပင် မမယုက ကြားဝင်ပြီး . . .

“တော်ပါတော့ကွယ်၊ လူနာကို အနားယူပါစေဦး၊ သူ့ခမျာ ခေါင်းကိုလည်း ခိုက်မိထားတဲ့ဥစ္စာ၊ ပြီးတော့မှ သူသွားချင်တဲ့ဆီကို လိုက်ပို့ပေးလိုက်တာပေါ့ကွယ်"

မိုးနှောင်းက . . .

“ဟုတ်တယ်. . . လောလောဆယ်တော့ မင်း နေကောင်းလာဖို့ပဲ အရေးကြီးတယ်၊ အေးအေးဆေးဆေး နားလိုက်ပါဦး၊ ပြီးရင် မင်းကို ကိုယ်လိုက်ပို့ပေးမယ်၊ ဘယ်သွားချင်လဲ. . . ပြော" 

ကသစ်ဖြူက ဘယ်သူ့ကိုမှ မကြည့်ပဲ သေနေသော မျက်ဝန်းများဖြင့် အဝေးသို့ငေးရင်း

“ကျွန်မ တကယ်သွားချင်တဲ့ နေရာကတော့ အဆုံးလည်းမရှိ၊ အစလည်းမရှိတဲ့ တစ်နေရာရာကိုပဲ"

ထိုစကားကြောင့် မိုးနှောင်း ပုခုံးကို တွန့်လိုက်မိ၏။ ရင့်လှချည်လား။ မိုးနှောင်း စိတ်ထဲကတော့ “ဒီကောင်မလေးကို ဆပ်ကပ်ထဲ ပို့ပေးလိုက်ရင် ကောင်းမယ်ထင်တယ်၊ ကမ္ဘာလုံးထဲမှာ ဆိုင်ကယ်စီးနေပေါ့၊ အဲဒါ အဆုံးလည်းမရှိ အစလည်းမရှိတဲ့နေရာပဲ" ဟု ပြောင်ချော်ချော် တွေးလိုက်၏။

မမယုကတော့ ခပ်ရိုးရိုးသာ တွေးတတ်သူမို့ စိတ်ပူပြီး. . .

“အို. . . ညီမလေးကလဲ၊ အဲဒီလို ဦးတည်ရာမဲ့ လျှောက်သွားနေလို့ ဘယ်ဖြစ်ပါ့မလဲ၊ ပြီးတော့ ခေါင်းကို ထိခိုက်ထားတဲ့ လူနာဆိုတာ သက်သာသည်ဖြစ်စေ၊ မသက်သာသည်ဖြစ်စေ၊ ဆရာဝန်ရဲ့မျက်စိအောက်မှာ (၂၄) နာရီကြာအောင်တော့ စောင့်ကြည့်ရမှာပဲ၊ အဲဒီတော့ လောလောဆယ် ဒီတစ်ရက်နှစ်ရက်မှာ မမတို့အိမ်မှာပဲနေ၊ ဟုတ်ပြီလား၊ ပြီးတော့မှ ကျန်တာ ဆက်စီစဉ်ကြတာပေါ့"

ဆရာဝန်စကားဆိုတော့ ငြင်းရခက်သွားပုံ ရသည်။ ကောင်မလေး၏ အကြည့်ထဲမှာ အပူရောင်တွေ ငြိမ်းသွား၏။ ပြီးတော့ မိုးနှောင်းဆီသို့ မျက်လုံးကို ရွှေ့သည်။

မိုးနှောင်းက သူမ၏စိတ်ကို ဖြေလျော့ပေးဘို့ စောစောက စကားကို ပြန်ဆက်လိုက်၏။

“အဆုံးအစမရှိတဲ့ ခရီးဆိုတာ သပ်သပ် တကူးတကန့် သွားနေစရာ မလိုပါဘူးကွာ၊ လူ့ဘဝကိုယ်တိုင်ကိုက အဆုံးအစမရှိတဲ့ ခရီးပဲဆိုတာ မင်း တဖြည်းဖြည်းနဲ့ သဘောပေါက်လာမှာပါ"

လူကြီးဆန်သော မိုးနှောင်း၏ ပြောဟန်ဆိုပေါက်ကို ကောင်မလေး သိပ်ကြည်လင်ပုံမရ။ ရန်လိုသံ ဆန်ဆန်ဖြင့် တုံ့ပြန်၏။

“ရှင်က ကျွန်မဦးနှောက်ထဲက အတွေးကို ပြောင်းပစ်ဘို့ ကြိုးစားနေတာလား”

“မဟုတ်ပါဘူး၊ နှလုံးသားကို ပြောင်းလဲဘို့ ကြိုးစားကြည့်တာပါ၊ တကယ်လို့ မင်းမှာ နှလုံးသားရှိတယ်ဆိုရင်ပေါ့လေ”

သူမက နှုတ်ခမ်းကို မသိမသာ ကိုက်ပြီး ခေါင်းကို တစ်ဖက်သို့ ဆတ်ကနဲလှည့်ရင်း ....

“ကျွန်မမှာ နှလုံးသားလည်း မရှိဘူးလို့ ထင်တာပဲ"

“နှလုံးသားမရှိတဲ့လူကို ဘယ်လိုခေါ်သလဲ”

ဟု မိုးနှောင်းက ဖျတ်ခနဲ မေးလိုက်သည်။ မရဏဖွားမလေးက သူမ၏ နာမည်ကို တစ်လုံးချင်းရေရွတ်၏။ 

“က...သစ်...ဖြူ"

 

Comments