အဖေ့သွေးချိုချို @ ကျိုက်စကော ခင်စိုး
ကျွန်တော်တို့ လင်မယား သားဦးလေးဖွားတော့ ပျော်လိုက်တဲ့ဖြစ်ခြင်း၊ မော်လိုက်တဲ့ချစ်ခြင်း။ နှစ်ယောက်လုံးက အသားတော် ညိုတုံးတုံးမို့ မွေးလာတဲ့ကလေးက မည်းတဲတဲလေးများ ဖြစ်နေလား ပူလိုက်ပန်လိုက်ရတာ အမော။ တကယ်လည်း မွေးရော ကံကြမ္မာက မျက်နှာသာ ပေးလိုက်ပါသည်။ သားလေးက နုစိုရွှန်းလင်း ရွှေရောင်ကို ဝင်းနေလေ၏။ သားလေးမျက်နှာ တစိမ့်စိမ့် တသိမ့်သိမ့် စိုက်ကြည့်နေရင်း တစ်လသား၊ နှစ်လသားမှသည် တစ်စတစ်စ ကြာလာသောအခါမှာတော့ လင်မယားနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး မျက်လုံးချင်း စကားပြောမိကြ၏။ ရင်ခုန်သံချင်း ပူးကြည့်ကြ၏။ ဇနီးသည်ကား အခြေအနေကို အောင့်အည်း သည်းမခံနိုင်သည့်အဆုံး ချုံးပွဲချငိုလေတော့သည်။ ကျွန်တော်က အားပေးနှစ်သိမ့်ရပါ၏။ “ကံပေးတဲ့အတိုင်းပေါ့ကွာ” *** ဇနီးသည်ကား သာမန် မိန်းမသားဘဝမှ ကလေးအမေဖြစ်လာ၊ အိမ်ထောင်ဝါရင့်လာသည်နှင့်အမျှ သင်္ချာပါမောက္ခ ဖြစ်လာခဲ့လေပြီ။ ကိန်းဂဏန်းများ ပေါင်းနုတ်ရာ၌ ဒက်ခနဲ ဒက်ခနဲ စက်သေနတ်ဆွဲသလို ဝက်ဝက်ကွဲမျှ မြန်ဆန် တိကျလှပါပေ၏။ “ဝတ်စုံနှစ်စုံက ရှစ်ထောင်၊ မိုးကာ နှစ်ထောင့်ငါးရာ၊ ဖိနပ် ထောင့်ငါးရာ၊ အားလုံး သောင်းနှစ်ထောင်။ ရှင့်အရည်အချင်းသိလို့ ဈေးဖိုးထဲက စုစုပြီး ဝယ်ထားပြီးပြီ။