မီ - ၆ @ ကြည်အေး



ကျွန်တော်သည် သန့်စင်လန်းဆန်းသော စိတ်ဖြင့် မီ့အိမ်သို့ ကုန်းကြောင်းလျှောက်လာ၏ ။

မီသည် ဦးတင်မောင် အိမ်မှာ မနေတော့ပေ ။ အဒေါ်ကြီး တစ်ယောက်နှင့် အခန်းတစ်ခုကို ငှားပြီးနေ၏ ။

တိမ်တောက်နေသဖြင့် အတော်လင်းသော်လည်း နေကျသည်နှင့် အမှောင်သည် ဖြုတ်ခနဲ ဝင်လာရာ လမ်းကို မြင်နိုင်အောင် စီးကရက်ကို ခပ်ကြမ်းကြမ်း ဖွာရပါ၏ ။

လူတစ်ယောက်သည် မြန်ဆန်စွာ ရှေ့သို့ရောက်လာ၏ ။

ရှေ့တူရှုက လာတာလား ၊ နောက်က လိုက်လာတာလားတောင် မသိပေ ။

‘ မီး ခဏညှိပါရစေ . . . ’ ဟု ပြော၏ ။

သူက ရဲခနဲ စီးကရက် ညှိလိုက်ရာ နှာခေါင်းတိုတို ၊ မေးရိုးကြီးကြီး ကြမ်းတမ်း၍ အောက်တန်းစား မျက်နှာပြားကို တွေ့ရပေသည် ။

ထိုလူကို အလိုလို မကြည့်ချင်ဖြစ်ကာ စီးကရက် ပြန်ရလျှင်ရချင်း ထွက်လာရာ ဘေးကကပ်ပြီး ပါလာသဖြင့် စိတ်တိုတိုနှင့်

‘ ဟေ့လူ . . . ဒါက ဘာဘောလဲ ’ ဟု ဟောက်လိုက်မိ၏ ။

‘ ခင်ဗျားနောက် လိုက်လာတဲ့ သဘောပေါ့ ’ ဟု ဖြေရင်း အသံမထွက်အောင် တိုးတိတ်စွာရှိုက်၍ ရယ်ရာက

‘ ခင်ဗျား . . . မီ့ကို သိပ်ချစ်သလား ’ ဟု ခပ်တည်တည် မေး၏ ။

‘ ခင်ဗျား ဘာပြောစရာ ရှိသလဲ ’

‘ ရွှေဓားမြှောင်ဆိုတာ ကျုပ်ပဲ ’

ရွှေဓားမြှောင်သည် နာမည်ကြီး လူမိုက်တစ်ယောက် ဖြစ်၏ ။

သို့သော် အလိမ္မာ ရှိသဖြင့် လူထဲသူထဲ ဝင်ဆန့်၏ ။ အစိုးရနှင့်တည့်၏ ။

ခေတ်ဟောင်းက အမျိုးမျိုး ဆိုးသွမ်းရမ်းကားခဲ့သော်လည်း အေးအေးဆေးဆေးပင်နေ၏ ။

ကျွန်တော်သည် စီးကရက်ကို ဒေါသတကြီး လွှင့်ပစ်ရာက

‘ ရွှေဓားမြှောင်ရယ် ၊ မီရယ် ၊ သော်ဆွေရယ် . . . ဒီသုံးယောက်ဟာ ဘယ်လို သက်ဆိုင်နေတယ် ဆိုတာ စဉ်းစားလို့ မရဘူး ’ ဟု အံကြိတ်ပြီး ပြောမိ၏ ။

‘ အင်း . . . ခင်ဗျား ရူးနေတယ်လို့ မီ ပြောသွားတာ မှန်တာပဲ ’ ဟု သူ့ကိုယ် သူ ပြောကာ

‘ သိပ်စိတ်မတိုပါနဲ့ ကျွန်တော် ပြောချင်တာက ခင်ဗျားရော ၊ ကျုပ်ရော မီ့စက်အလှည့်ကို ခံနေရတယ်လို့ ’ ဟု ပြော၏ ။

သူ့စကားကို ဂရုမစိုက်ဟန်ဆောင်လိုက်သော်လည်း

‘ ဆိုပါဦး ’ ဟု ပွဲတောင်းလိုက်မိပြီးသား ဖြစ်ရ၏ ။

‘ ဦးဘချစ်ကို နေ့လယ်က လွှတ်လိုက်တယ် ။ ခု ပုလိပ်တွေ ကျုပ်နောက်ကို လိုက်နေတယ် ။ တရားခံ ကျုပ်မှန်းသိသွားပြီ ။ ကျုပ် မရှိတုန်း အိမ်မှာဝင်ရှာသွားတယ် ။ ဦးတင်မောင် ပစ္စည်းတွေ တွေ့သွားတယ် ။ ဒါဟာ မီ့လက်ချက်ပဲ ’

ကျွန်တော် သိပြီးသား ထင်၍လား ၊ ဂရုမစိုက်၍လားမသိ ။ ရွှေဓားမြှောင်က ဤသို့ သူ့ကိုယ် သူ ဖော်၏ ။

ကျွန်တော်သည် မီ့စကားတွေကို ပြန်ကြားကာ ဘာလုပ်၍ လုပ်ရမှန်းကို မသိအောင် အံ့သြနေ၏ ။

သို့သော် အခြေမပျက်စေဘဲ သူ့ကိုသာ ကြည့်နေရ၏ ။

‘ ဦးတင်မောင် ဘယ်လောက် ချမ်းသာတယ် ဆိုတာ ခင်ဗျား သိသလား ။ ကျုပ် သိတယ် ။ မီ့ကို ဦးတင်မောင်က တစ်ခါတစ်ခါ ဆင်ပေးတယ် ။ ကျုပ်က ‘ ဟေ့ မီ တယ်ပွနေပါလား ’ လို့ မေးတော့ မီက ‘ ရှင်ရော မပွချင်ဘူးလား ’ တဲ့ ။ ခင်ဗျားကို အားနာပါရဲ့ ။ ဒါပေမဲ့ မီက ကျုပ်ရဲ့ လူမသိတဲ့ မယား ။ ဒါပေမဲ့ ကျုပ် တစ်ယောက်ထဲရဲ့ မယားတော့ မဟုတ်ဘူး ’

ရွှေဓားမြှောင်က အကဲခတ်ကြည့် ကြည့်၏ ။

ကျွန်တော်ကမူ မချိပြုံးသာ ပြုံးပြလိုက်မိတော့လေသည် ။

‘ မီ့ကို ကျုပ်လိုလူ ထောင်ကျတာ အံ့သြစရာ မကောင်းဘူးလား ။ ကျုပ် မီ့ကို သိပ်တော့မယုံပါဘူး ။ ဒါပေမဲ့ မီဟာ သဘောတွေ့စရာတော့ အတော်ကောင်းတယ် ။ မီက ဦးတင်မောင်ဆီမှာ အလုပ်လုပ်တော့ ကျုပ်က ဆူသေးတယ် ။ ကျုပ်တို့ ခဏ အဆက်ပြတ်သွားသေးတယ် ။ တစ်နေ့တော့ မီက ကျုပ်ကို ပြောပြတယ် ။ ဦးတင်မောင်ကို သူ နှပ်နေတဲ့အကြောင်း ၊ ဦးတင်မောင် ပစ္စည်း ဘယ်မှာရှိတဲ့ အကြောင်း ။ ’

‘ ကျုပ် အေးအေးနေနေတာကို လူတိုင်းသိတယ် ။ ဒါပေမဲ့ ဝါသနာဟာ စွန့်နိုင်ခဲသားပဲ ။ မီနဲ့တွေ့တော့ ကျုပ် စိတ်ပါလာတယ် ။ ဒါနဲ့ ကောင်းပြီ ဆိုပြီး ကျုပ်တို့ကြံတယ် ။ ကျုပ်တို့ကြံတယ် ဆိုပေမဲ့ မီက ကြံတာပါ ။ ကျုပ် နောက်ကလိုက်တဲ့ ‘ ငအ ’ ပေါ့ ။ ကျုပ်ဟာ မီနဲ့ကျတော့ ‘ ငအ ’ ဖြစ်သွားတာပဲ ။ ’

‘ အင်း . . . မီဟာ လှလွန်းတယ် ။ ပြီးတော့ ရဲတယ် ၊ ရက်ရောတယ် ။ ဒီတော့ ကျုပ်ဟာ အနိုင်ခံရတာပေါ့ ။ ယောင်္ကျား တစ်ယောက်ဟာ မိန်းကလေး တစ်ယောက်ကို ပိုင်လိုက်ရရင် နိုင်လိုက်ပြီ ထင်ကြတာပဲ ။ မီနဲ့ ဆိုရင်တော့ မီ့ကို ပိုင်လိုက်ရင် မီ့အနိုင်သာ ခံပေတော့ ။ ’

‘ မီက ပြောတယ် ‘ လွယ်လွယ်လေးပါ ’ တဲ့ ။ ဒါနဲ့ ကျုပ် ဟိုညမှာ ဦးတင်မောင် အိမ်ကို သွားတာပေါ့ ။ မီက အသင့်စောင့်နေတယ် ။ ပြီးတော့ ကျုပ် သူ့အခန်းထဲဖွက်ပြီး ဦးတင်မောင် ရှိရာ အိမ်ရှေ့ကို သွားတယ် ။ ကျုပ်ဆီ တစ်ခါပြန်လာပြီး ‘ ငနဲကြီးကို ဖြီးခဲ့ပြီ ။ မီနဲ့သူ သူ့အခန်းထဲ သွားမယ် ။ နောက်လိုက်ခဲ့ ။ ပြီးတော့ အခန်းပြင်ကစောင့် ။ မီ တံခါးဖွင့်ပေးမယ် ’ တဲ့ ပြောတယ် ။ ’

‘ ကျုပ် ဦးတင်မောင် အခန်းဝက စောင့်တယ် ။ မီနဲ့ဟိုလူက အခန်းထဲမှာပေါ့ ။ ကျုပ် လူဆိုးပေမဲ့ မနာလိုတတ်ပါဘူး ။ မယား အတွက်တော့ နာသေးတာပဲ ။ ကျုပ် အတင်းဝင်မယ် စိတ်ကူးတုန်း တံခါးပွင့်လာတယ် ။ ’

‘ ဦးတင်မောင်က ပြူးတူးပြဲတဲနဲ့ ခုတင်ပေါ်မှာ မီက သေနတ်ကို ကိုင်ထားပြီး ချိန်ထားတယ် ။ ကျုပ် ဝင်သွားတော့ မီက သေနတ်လှမ်းပေးပြီး သော့တောင်းခိုင်းတယ် ။ ဒီလိုနဲ့ စိန်နဲ့ပတ္တမြားချည်း ရှိတဲ့ဘူးကို ကျုပ်တို့ ရတယ် ။ ဦးတင်မောင်ဟာဗျာ သူ့ကို သတ်မယ်ကြံတော့ ကြောက်လွန်းလို့ တောင်းပန်လိုက်တာ ကျုပ်တောင် ပျော့သွားတယ် ။ မီက ပြုံးပြတယ် ။ ‘ သူ့ပါးစပ်ဟာ သေမှ ပိတ်လို့ရမှာ ’ တဲ့ ပြောလိုက်ချေသေး ။ ’

‘ ဟုတ်တာပဲ . . . ဒီလို ဓာတ်သိချင်း လူသိချင်း လုပ်ရတာဟာ မကောင်းဘူး ။ ဒါနဲ့ ကျုပ် ပစ်သတ်လိုက်တယ် ။ မီက သူ့ကို လက်အိတ်စွပ်တယ် ၊ သေနတ်သေသေချာချာသုတ်ပြီး သူ့လက်ထဲ ထည့်ရတယ် ။ သူက ဘယ်သန်မို့ ဘယ်လက်ထဲထည့်ဖို့ မီက ပြောသေးတယ် ။ ကြည့်ရတာတော့ သူ့ကိုယ်သူ သတ်သေပုံနဲ့ အတော်တူတာပဲ ။ ’

‘ မီက ဟိုတယ်ပြန်သွားတယ် ။ ကျုပ်လည်း အိမ်ပြန်ရတာပေါ့ ။ စိန်ဘူးက ကျုပ် ဆီမှာ ။ မီက သူ ကြည့်ပြီး လုပ်မယ်လို့ ပြောတယ် ။ ဦးတင်မောင် သေတာမြင်ပြီး ပုလိပ်က လူသတ်မှုမှန်းသိတောင် မီဟာ ဘာမှမပေါ်အောင် ဖုံးဖိနိုင်တယ် ။ ’

‘ ဦးဘချစ်ကို ပထမ ဖမ်းမှာပဲ ။ ဦးဘချစ်ကို လွှတ်ရရင်လည်း မီက တစ်မျိုးကြံမတဲ့ ။ မီ့အကြံက ခင်ဗျားကို ဆွယ်ဖို့တဲ့ဗျား ။ ခင်ဗျားကို သူ သတ်ပါတယ်ပြောပြီး အစားသွင်းမယ်တဲ့ ။ ‘ သော်ဆွေ ဆိုတဲ့ လူက မီ့အတွက် ရူးနေတာပါ ။ မီ မျက်ရည်ခံ ထိုးလိုက်ရင် ကျမှာပါ ။ မီ့အတွက် သူ စက်တိုင်တက်လိမ့်မယ် ’ တဲ့ ။ ဒီတော့ လုပ်ရတာ အဖြူးသားဗျ ။ ’

‘ ကျွန်တော်သည် အကယ်၍များ အမှုပေါ်သွားလျှင် ‘ ကျွန်တော် သတ်တာပါ ’ ဟု ဝင်ပြီး ဓားစာခံမည်ဟု စိတ်ကူးမိဖူးပေသည် ။ ’

ခုတော့ ပုလိပ်ကို မီက တိုင်လိုက်ပြီ ၊ ကောင်းသေးသလား ။ ဦးတင်မောင် သေပေမဲ့ စိန်ဘူး ပျောက်သွားမှန်း ဘယ်သူမှ မသိသေး ။

‘ ဒီစိန်ဘူး ဦးတင်မောင်ဆီမှာရှိမှန်း သိတောင်မသိကြဘူး ။ သူ့လူယုံ ကုလားတောင် မသိဘူး ။ မီသာ သိတာပဲ ။ ’

‘ ကျုပ် ခု စဉ်းစားနေတယ် ။ ကျုပ် အဖမ်းခံပြီး မီ့ကို ဖော်ရကောင်းမလား ။ ဒါမှမဟုတ် ကျုပ် လွတ်အောင် ပြေးရမလားလို့ ။ ’

‘ ကျုပ် စီစဉ်ထားတာရှိတယ် ။ ရခိုင်ကို ပထမပြေးမယ် ။ ရခိုင်ကျမှ အိန္ဒိယ သွားမယ်လို့ ။ ဒါပေမဲ့ ငွေ မရှိဘူး ’

‘ မီဟာ ကျုပ်ကို ဖော်လိုက်ပြီး အေးတော့နေမှာ မဟုတ်ဘူး ။ သူ့အန္တရာယ်လည်း သူ သိမှာပဲ ။ ကျုပ်ကို မဖော်နိုင်ခင် သတ်ဖို့များ စိတ်ကူးမလား မသိဘူး ။ ’

‘ ခု ထွန်းမောင် ဆိုတဲ့ကောင်နဲ့ ပျာယာခတ်နေတယ် ကြားတယ် ။ ထွန်းမောင် ဆိုတာက ကျုပ်နဲ့ ဗိုလ်လုဘက်ပဲ ။ ’

‘ ကျုပ်ဟာ အဖမ်းခံလိုက်ဖို့ ကောင်းတယ် ထင်ပါရဲ့နော် ။ မီ့ကို ဖော်လိုက် ၊ မီလည်း ထောင်ကျ ၊ ကျုပ်လည်း အို . . . လူသတ်မှုတိုင်း စက်တိုင်မတက်ရပါဘူး ။ ကျုပ် ကြံမယ် ထောင်ကျရုံ ၊ ကျွန်းကျရုံထက် မပိုအောင် ကြံမယ် ။ ကျုပ် မသေရင်တော့ မီနဲ့ တွေ့ဦးမှာပေါ့ ။ ’

‘ မီ့ . . . ကို . . . ဖော်လိုက် . . . မယ် ’

သည်နောက်ဆုံး စကားကို ရွှေဓားမြှောင်က ကျွန်တော့်အသည်းထဲ ဝင်သွားစေရန် ရည်သန်၍ ဆောင့်ဆောင့်ပြီး အော်လိုက်ပေသည် ။

ရွှေဓားမြှောင်သည် ဘာကြောင့် ကျွန်တော့်ကို သည်ဟာတွေ ပြောပြနေရပါသနည်း ။

သူသည် မီ့ကိုစွဲကာ မီ သစ္စာအဖောက်မှာ ရူးနေသူ မဟုတ် ။ သူသည် ပုလိပ်ထံ သွားချင်သွား ၊ အိန္ဒိယ ပြေးချင်ပြေး ။

သည်နှစ်ခုထဲက တစ်ခုခုကို အမြန်ဆုံး လုပ်ဖို့သာ မရှိပေဘူးလား ။

ရွှေဓားမြှောင်က ကျွန်တော့်အပြောကို စောင့်၏ ။ ကျွန်တော်က သူ့အပြောကို စောင့်၏ ။

နောက်ဆုံးတွင် အရင်လိုနေသော လူသတ်မှု တရားခံက

‘ ခင်ဗျား မီ့ကို ချစ်သလား ’ ဟု သွေးဆောင်သည့် အမူအရာနှင့် ဖြည်းညှင်းစွာ မေးလေရာ

ကျွန်တော်သည် စီးကရက် တစ်လိပ်ကို မီးညှိရင်း သူ့ကို မကြည့်ဘဲ

‘ ခင်ဗျား ဘယ်လောက် လိုချင်သလဲ ’ ဟု ပမာမခန့် မေးလိုက်၏ ။

ရွှေဓားမြှောင် . . . လိပ်ပြာမလုံ ဖြစ်သွားပြီ ။

‘ ဦး . . . ဦးသော်ဆွေ ’ ဟု စကားထစ်နေ၏ ။

ပြီးတော့

‘ ခင်ဗျားဟာ ပါးသားပဲ ။ မီ ပြောသလောက် မရူးပါဘူး ’ ဟု ချီးမွမ်းလိုက်သေးသည် ။

‘ ငွေတစ်သောင်း လိုချင်တယ် ။ ဒါပေမဲ့ စျေးတက်တယ် မထင်ပါနဲ့ ။ ကျုပ် လွတ်အောင်ပြေးဖို့ကို သိပ်ဂရုမစိုက်ပါဘူး ။ မီကို နှံချင်တယ် ။ မီဟာ ခု အရိုးတွန်နေပြီ ။ သူ့ဘေးကို သူ သိပ်မမြင်ဘူး ။ ကျုပ်မှာ လူတွေ အများကြီး ရှိတယ် ။ သူ့မှာ တစ်ယောက်ထဲ ’

‘ မီ့ဘက်မှာ ကျုပ် ရှိပါသေးတယ် ။ ခုနေ ကျုပ် ခင်ဗျား လည်ပင်းညှစ်သတ် ၊ မီ့ကို သွားသတ်ပြီးတော့ ကျုပ် ဘာသာ ကျုပ် ပစ်သတ် ၊ အဲဒီလိုဆိုရင် ဘယ်နဲ့နေမလဲ ’

ကျွန်တော်က ရွှေဓားမြှောင်လို လူစားနှင့်ပြိုင်၍ လူမိုက်စကား ပြောလိုက်ရာ သူက ရယ်မောလိုက်သော်လည်း ကြောက်ဟန်တော့ရှိသည် ။

နှစ်ယောက်စလုံး စကားမပြောဘဲ ဆယ်မိနစ်လောက်နေရာ ကျွန်တော်တို့ လမ်းလျှောက်နေမှန်း သိလာပါသည် ။

ဘယ်ရောက်နေပြီလဲတော့မသိ ၊ မြို့စွန်မြို့ဖျားနှင့်လည်းတူသည် ။

အိမ်ပုတ်ကလေးတွေ မီးမှိတ်တုတ်နှင့် မှောင်လှပါကလား ။

ခုလို လမ်းကြမ်းကြမ်းကလေးတွေကို မှောင်မှောင်မဲမဲနှင့် သူခိုးဂျပိုးပမာ လျှောက်ခဲ့သည်မှာ မီနှင့် တွေ့ကတည်းက ဖြစ်၏ ။

သို့ပေမည့် ဦးတင်မောင်တို့ ၊ ဦးဘချစ်တို့လို အထက်တန်းစား လူဂုဏ်ထံတွေနဲ့လည်း တွေ့ရပါသေးသည် ။

အင်း . . . မီ၏ကျေးဇူး အတော်ကြီးပေပြီ ။

‘ သြော် . . . မဆိုင်တဲ့ ခင်ဗျားကို ချောက်တွန်းရတာ သိပ်မကောင်းလှပါဘူး . . . လို့ ကျွန်တော်လည်း တွေးနေပါတယ် ။ ဦးသော်ဆွေ . . . တကယ်ပါ ။ ဒါပေမဲ့ ဒီတစ်နည်းပဲ ရှိတော့တယ် ။ ပြီးတော့ ခင်ဗျားကို သတိပေးချင်တယ် ။ ’

‘ မီ့ကို ရှောင်ပါတော့ ။ မီဟာ ခင်ဗျားလိုလူနဲ့ မတန်ပါဘူး ။ မီ လူကောင်းတွေ အတော်တွေ့သားပဲ ။ ဒါပေမဲ့ သူက ဒုက္ခချည်း ပေးလွှတ်လို့ ကြောက်လန့်ပြီး ပြေးကြရတယ် ။ ’

‘ ခင်ဗျားကိုတောင် ခုလောက်ပေါင်းနေတာ သိပ်အံ့သြစရာ ကောင်းတယ် ။ မီနဲ့ ပတ်သက်မိသမျှ လူဟာ ဘယ်တော့မှ ကြာကြာမခံဘူး ။ သေရင်သေ ၊ ဒုက္ခရောက်ရင်ရောက် . . . ’

‘ မီဟာ လူစားတယ် ပြောရမှာပဲ ။ မီဟာ လူစားနေတယ် ။ မီဟာ ယောင်္ကျားတစ်ယောက်မြင်ရင် အနားကပ်မြှူ လိုချင်တာပေး ၊ အဲဒီလို ရူးပြီဆိုရင် စားလိုက်တာပဲ . . . ’

‘ တစ်နှစ်တုန်းက ယစ်မျိုးဝန်ထောက်တစ်ယောက် ထောင်ကျသွားပါပကော မီ ညှဉ်းလို့ညှဉ်းမှန်းမသိ ။ မီ့အလိုကျအောင် လာဘ်စားပြီးတော့ မီက တစ်ဖက်လှည့်နဲ့ ဖော်လိုက်တယ် ။ ’

‘ သူဌေးတစ်ယောက်ဖြင့် ကြိုးဆွဲချပြီး သေသွားတယ်လို့တောင် ကြားဖူးတာပဲ ။ မီ့ကို ပစ္စည်းတွေ ခိုးပေးသတဲ့ ။ နောက် အိမ်က မယားကြီးနဲ့ စကားများ ၊ အရှက်ကွဲပြီး သေတယ် ပြောတာပဲ ။ ’

‘ အို . . . အများကြီးပါပဲ ပြောရင် ခင်ဗျား ယုံချင်မှ ယုံမယ် ။ ဒါပေမဲ့ မီဟာ ယောင်္ကျားတွေကို ဒုက္ခပေးရတဲ့ အရသာတော်တော် ပေါ်နေတယ် ။ မီဟာ ပစ္စည်းမက်လို့တော့ မဟုတ်ဘူးနဲ့ တူပါရဲ့ ။ ဒါပေမဲ့ သူ ဖောဖောနေနိုင်အောင်တော့ တကယ့်လူတွေနဲ့မှချည်းပဲ ပေါင်းတယ် ။ ပေါင်းနိုင်အောင် ရုပ်ကလည်း မက်စရာ ၊ အင်္ဂလိပ် ပညာကလည်း တတ်တယ် ။ ဒါထက်အလိမ္မာကြီးတယ် ။ ’

‘ ဘာကြောင့် သူ ဒီလိုလုပ်ရသလဲ ဆိုတာ ကျုပ် စုံစမ်းဖူးတယ် ။ ဘာမှမထင်ရှားပါဘူးဗျ ။ မီဟာ စင်စစ်တော့ သွေးဆာနေတာပါပဲ ။ တစ်ခုတော့ ရှိတယ် ။ သူဟာ ငယ်ငယ်တုန်းက ယောင်္ကျား တစ်ယောက်ယောက်ရဲ့ အလိမ်အညာ အဖျက်အဆီးကို ခံရတယ်လို့ ပြောဖူးတယ် ။ ဒီအကြောင်းကို သူ လူတိုင်းကို ပြောတယ် ။ ဒါပေမဲ့ တစ်ယောက်ကို တစ်မျိုးစီ ပြောတာပါဗျာ ။ ဟုတ်တယ် မထင်ပါဘူး ’

ကျွန်တော်သည် တစ်ချိန်လုံး ရွှေဓားမြှောင် ပြောနေသည်ကိုသာ နားထောင်နေရာမှ . . .

‘ ခင်ဗျား နောက်ကို ပုလိပ်တွေ လိုက်နေတယ် ဆိုတာ မေ့သွားပြီလား ။ ခင်ဗျား ခု အချိန်တွေ ဖြုန်းနေတာပဲ ’ ဟု သတိပေးလိုက်၏ ။

‘ မမေ့ပါဘူး ’ ဟု ရွှေဓားမြှောင်က ဗြောင်လိမ်၏ ။

ပြီးတော့ ‘ ဘယ်နဲ့လဲ ကျွန်တော်တို့ အရောင်းအဝယ် ’ ဟု မေးရာ ကျွန်တော်က အေးစက်စက်ပင်

‘ စဉ်းစားဦးမယ် ’ ဟု ပြောသည် ။

‘ သိပ်တော့မကြာစေနဲ့ဗျ . . . ’

‘ မနက်ဖြန် အကြာဆုံးပေါ့ ။ ကျုပ် ညနေတိုင်း မီ ခုနေတဲ့ အိမ်ဘက်ကို လမ်းလျှောက်တယ် ။ မနက်ဖြင့် ကျုပ် ငွေရင်လည်း ယူခဲ့မယ် ’

‘ ပုလိပ်ရင်လည်း ခေါ်ခဲ့မယ်ပေါ့ ’

‘ ပုလိပ်တော့ မခေါ်ပါဘူး ။ သေနတ် ပြောတာပေါ့ ’

‘ ကျုပ်ကတော့ အပစ်မခံချင်သေးဘူး ။ ကျုပ်ကိုမိတောင် လွတ်အောင်ရုန်းရဦးမှာပဲ ။ ခင်ဗျားဟာ မိဘလည်း ရှိတယ် ၊ ချမ်းချမ်းသာသာလည်း နေရတယ် ၊ အရွယ်လည်းကောင်းတယ် ။ ဘာကြောင့် သေချင်ရတာတုန်း ’

ကျွန်တော်က မချိသွားဖြဲ ရယ်လိုက်၏ ။

‘ ကျုပ် တကယ်ပြောတာ ။ မီ့လည်း ဂရုမစိုက်ဘူး ။ ငွေတစ်သောင်းနဲ့ မီ့ကို တန်းတူထားပြီး လိုချင်တယ် ။ နှစ်ခုစလုံး ယူမရလို့သာပေါ့ ။ ဒါပေမဲ့ ပုလိပ်နဲ့တော့ ကျုပ် မတွေ့ချင်သေးပါဘူး ဦးသော်ဆွေ ။ ’

‘ ခင်ဗျား ငွေတစ်သောင်း ပေးရပေမဲ့ မီ့ကို မရှောင်မချင်းတော့ အေးမှာ မဟုတ်ဘူး ဆိုတာ သိရဲ့လား ။ မီဟာ ခင်ဗျား ဒီလောက် သူ့အကြောင်း သိပြီဆိုရင် သတ်ဖြစ်အောင် သတ်လိမ့်မယ် ’

‘ ဖြစ်ချင်ရာဖြစ် ’ ဟု ကျွန်တော်က အော်လိုက်ပြီး

‘ ဒါပေမဲ့ဗျာ . . . ကျုပ်ဟာ မသေချင်သေးပါဘူး ။ မီ့ကိုလည်း မသေစေ့ချင်ပါဘူး ။ အားလုံး အေးအောင်များ လုပ်လို့ရရင် ကျုပ် မီ့ကို လက်ထပ်ပြီး လွတ်ရာကျွတ်ရာ ခေါ်သွားမယ် စိတ်ကူးတယ် ’

ဟု လှိုက်လှဲစွာ ပြောလိုက်မိသည် ။

ရွှေဓားမြှောင်လည်း ကျွန်တော့်ကို သနားသလို စုတ်သတ်ပြီး သက်ပြင်းချလေ၏ ။

ထို့နောက် ကျွန်တော့်လက်ကို ဖျစ်ညှစ်ကာ

‘ ခင်ဗျားဟာ လူကောင်းတစ်ယောက်ပဲ ။ ကျုပ်လည်း လူကောင်းတစ်ယောက် ဖြစ်ဖူးပါတယ် ’

ဟု သဒ္ဒါဝါကျ အနည်းငယ် မှားသော်လည်း ပီသသွက်လက်သော အင်္ဂလိပ် စကားကိုပြောပြီး ကြွားသေးသည် ။

ရွှေဓားမြှောင်သည် ဖြုတ်ခနဲ လျင်မြန်စွာ ပျောက်သွား၏ ။ ဘယ်လစ်သွားမှန်းပင် မသိပေ ။

ကျွန်တော့်နား သူ လာသလိုပင် လျင်မြန်ဖျတ်လတ်စွာ ကျွန်တော့်နားက ပျောက်သွား၏ ။

ကျွန်တော်သည် လမ်းမှား၍ နေသေး၏ ။ သည်ရပ်ကွက်ကို တစ်ခါမှလည်း မရောက်ဖူးပေ ။

သည်ကမ္ဘာပေါ်မှာ ရှိလိမ့်မည်ဟုပင် မထင် ။ လမ်းကွေ့လမ်းကောက်များသည် မီ့လိုပင် ပလီပလာနိုင်၏ ။ မူရာမာယာကြွယ်၏ ။

ကိုယ့်ကိုယ်ကိုယ် ဘယ်ရောက်၍ ရောက်မှန်း မသိပေ ။

နောက်ဆုံးတွင် ပေတရာလမ်းပေါ် ရောက်လာ၏ ။ ‘ မြို့ထဲကို မြို့ထဲကို ’ ဟု အော်သော ကားတစ်စီးကို တက်စီးလာ၏ ။

မြို့ထဲရောက်မှ မီ့အိမ်ကို တစ်ဆင့်သွားရ၏ ။

မီက ‘ မိုးချုပ်လှချည့်လား ။ ၁၀ နာရီ ခွဲပြီ ’ ဟူသော စကားဖြင့် ကြိုသည် ။

မီသည် မီးရောင်မှိန်မှိန်မှာပင် လှနေပြန်၏ ။

လှပဲ လှနိုင်လွန်းသည် ။ ပါးလွှာပျော့ရော့သော အဝတ်အစားကို ဝတ်ထားသည် ။ အခန်းမှာ မီ့အလှနှင့်ပဲ အရောင်ဖျော့ဖျော့တစ်မျိုး လင်းနေသလိုလို ။

ကျွန်တော်က မီးလျှံထွက်တော့မလို မျက်လုံးပြူးကာ သူ့ကို ကြည့်၏ ။

မီက မှုန်မှိုင်းအေးစက်စွာသာ ပြန်ကြည့်လေရာ သူ့ပခုံးကို ဖိနှိပ်ဖျစ်ညှစ်ပြီး ဆောင့်ဆွဲကာ ဝရန်တာသို့ ထွက်လာ၏ ။

မီက ရုန်းကန်တော့မလို တွန့်လိမ်ကာ ပါလာ၏ ။

မီ့ကို ကြိမ်ကုလားထိုင်ပေါ် တွန်းလှည့်ပစ်ကာ ကုလားထိုင် လက်ရန်းပေါ် ကျွန်တော် တက်ထိုင်ပြီး

‘ ရွှေဓားမြှောင်နဲ့ ငါ စကားပြောလာတယ် ’

ဟု မောပန်းလေးလံစွာ ပြောပြလိုက်၏ ။

‘ ရွှေဓားမြှောင် ’

အကြည့်စိန်းစိန်းကြီးနှင့် မီ၏ အော်သံ ။

‘ အေး . . . ရွှေဓားမြှောင် . . . မင်းရဲ့လင်တစ်ယောက် ’

ကျွန်တော်က ကြမ်းတမ်းစွာ သည်လိုပြောလိုက်ပြီး

‘ မင့်အကြောင်း ငါ အကုန်သိပြီ ။ ရွှေဓားမြှောင်ဟာ မင်း သစ္စာမရှိတာနဲ့ ငါ့လူ ဖြစ်သွားပြီ ။ မင့်လူ မဟုတ်တော့ဘူး ’

ဟု ကိုယ့်ဟာကိုယ် ပြန်ကြောက်မိသေးသည့် အသံနက်ကြီးဖြင့် ပြောလိုက်၏ ။

မီသည် ခုန်၍ထကာ ကျွန်တော့်ရှေ့တွင်ရပ်ပြီး အရူးမျက်လုံးဖြင့် ကြောင်တောင်ငေးကြည့်၏ ။

‘ ကြည့်လိုက်စမ်း မီ . . . ကြည့်လိုက်စမ်း ။ ပြီးတော့ အကြံတစ်ခုထုတ် ။ အေး . . . ငိုလိုက် ခုလိုငိုလိုက် ’

မီက ငိုတော့မလို ကျွန်တော်၏ပေါင်ပေါ် ခွေကျလာသည်ကို ကျွန်တော်က ဦးအောင်ပြောပြီး ရယ်ပစ်၏ ။

‘ ကိုဆွေ . . . ကိုဆွေ . . . ကိုဆွေ . . . ဆွေ . . . ’ ဟု မီသည်ရှိုက်ကာ

‘ မီ ဘာကြောင့်မသေသေးပါလိမ့် ။ မီ ဘာကြေင့် အသက် ဒီလောက် ပြင်းရတာပါလိမ့် ’ ဟု အထပ်ထပ် မြည်တမ်းနေလေသည် ။

မီ၏ လျှော့ပြေနေသည့် ဆံနွယ်ကွေ့ကွေ့ကောက်ကောက်မှ တချို့တစ်ဝက်သည် မီ့မျက်နှာကိုအုပ်ကာ မျက်ရည်များနှင့် ပါးပြင်မှာ ကပ်နေ၏ ။

သည်ဆံပင် ညိုဖျော့ဖျော့ မွှေးပျံ့ပျံ့ကို ဘေးသို့ဖယ်ကာ သူ့မျက်နှာကို လက်နှစ်ဖက်နှင့်ညှပ်၍ မော့စေပြီး

‘ မင်းဟာ ဘာကြောင့် ဒါလောက် ယုတ်မာရတာလဲ . . . ယုတ်မာရတာလဲ ’

ဟု သွားစေ့ကာ ပြောမိသည် ။

မီသည် ကျွန်တော့်အား မကြည့်ရဲဘဲ မျက်တောင်များစင်းကာ မျက်စိလွှဲ၍နေ၏ ။

ကျွန်တော်က မီ၏ ခါးနွဲ့လေးကို လက်နှစ်ဖက်ပြောင်း၍ ဖျစ်ညှစ်ဆုပ်ကိုင်ကာ အတင်းမပြီး ရပ်စေရာ မီက နာကျင်တွန့်လိမ်ကာ ကျွန်တော်၏ ပခုံးကို လက်တင်ကာ မှေးပြီးရပ်၏ ။

‘ ငါ မင်းကို ဟောဒီလို ညှစ်သတ်ချင်တယ် ’

ဟု သူ့ခါးမျှင်မျှင်ကလေးကို တအားဖျစ်လိုက်ရာ မီသည် မအော်ဘဲ အောင့်ခံပြီး မူးမိုက်သွား၏ ။

လွှတ်လိုက်လျှင် ဒူးထောက်လျက်ကျကာ ကျွန်တော့်ပေါင်ပေါ်ကို သူ လက်ပိုက်လျက် ခေါင်းကလေးကိုတင်၏ ။

‘ ငါဟာ သိပ်ချစ်တယ် မီ ။ ချစ်သူကို မရှိခင် ကတည်းကကြိုပြီး ချစ်နှင့်တယ် ။ မင်းကိုလည်း မမြင်ဘူးခင် ကတည်းကစွဲပြီး ရှာခဲ့တယ် ။ ငါ့စိတ်ကူးတွေကတော့ ပျော်စရာပဲ ။ ငါနဲ့ ငါ့ချစ်သူဟာ တစ်ယောက်နဲ့တစ်ယောက် အကြွင်းမဲ့ ယုံကြည်မယ် ။ ’

‘ လိမ်တာတွေ ၊ ဟန်ဆောင်တာတွေ ၊ မကောင်းကြံတာတွေ တို့ ကြားထဲမှာ မရှိရဘူး ။ တစ်ယောက်နဲ့ တစ်ယောက် အမြဲ ခွင့်လွှတ်မယ် ၊ နားလည်မယ် ။ ခုတော့ ကြည့်စမ်း . . . တို့နှစ်ယောက်ဟာ တိရစ္ဆာန်တွေလိုပဲ ။ အချင်းချင်း စိတ်ကောင်းထားလို့ မရဘူး ။ အလစ်ကြည့်နေရတယ် ။ သတ်ဖို့ကြံနေတယ် ။ ’

‘ မင်းကို အညံ့ဆုံး ဘဝမှာ ငါ တွေ့တယ် ။ ဒါပေမဲ့ စိတ်ပျက်သလား ၊ မပျက်ဘူး ။ မင်းရဲ့ ဖြစ်ချင်ရာ ဖြစ်နေတဲ့ ရောဂါကို ငါ့အချစ်ဆေးနဲ့ ကုမယ်လို့ တွက်ထားတယ် ။ မင်းကတော့ ငါ့ကို မကောင်းကြံတယ် ။ မင်းအပေါ် ငါ စေတနာ ဘယ်လောက်ထားသလဲ ။ ဒီစေတနာ အတွက် ငါ ဘာရသလဲ ။ ’

‘ ဦးတင်မောင်တို့ ၊ ကိုလေးတို့ သေသွားတာဟာ အမှန်တော့ ကံကောင်းလို့ပဲ ။ သူတို့ဟာ တစ်ခါပဲ မကောင်းကြံတာ ခံရပြီး တစ်ခါပဲ သေတယ် ။ ငါကတော့ အကြိမ်ကြိမ် မကောင်းကြံ ခံရတယ် ။ ခု ငါ့ဘဝဟာ သေပြီ မင်းကြောင့် ’

မီသည် အသက်ရှု မှားသွားသလို ချောင်းတဟွတ်ဟွတ် ဆိုးလာ၏ ။

ခေါင်းကို မထူနိုင်ဘဲ ပေါင်ပေါ်မှာ လှိမ့်နေသည် ။

ကျွန်တော်က ဒါကို ကျေနပ်သလိုဖြစ်ကာ ရက်စက်စွာပြုံးရင်း

‘ မင်းဟာ ကျိန်စာတွေ ထိနေတာပဲ ။ ကျိန်စာတွေထိပြီး သွေးချည်းပဲ အန်နေတာပဲ ’ ဟု မိန်းမစကား ပြောလိုက်မိ၏ ။

ထို့နောက် မီ့ခေါင်းကို ပါးနှင့်အပ်ရင်း

‘ ကိုဆွေ သေချင်ပြီ . . . မီ ကိုဆွေ ဘာတွေများ ပြောမိပါလိမ့် ။ မင်းကို ဘယ်လောက်မုန်းမုန်း ဒီလိုပြောမိပြန်တော့လည်း အသည်းကွဲရပါလား ’ ဟု ရှိုက်ငင်လိုက်မိ၏ ။

ကျွန်တော် မီ့ကိုယ်ကို ပက်လက်ကုလားထိုင်ပေါ် တင်လိုက်သော် ပျော့ခွေအေးစက်၍ နေသည်ကို သိရ၏ ။

ကျွန်တော်လည်း အတန်ကြာ စိုက်ကြည့်နေပြီး မျက်လုံးမပွင့်သည်ကိုတွေ့၍ သူ့အဖော် မိန်းမကြီးအား လှမ်းခေါ်ပေးကာ ထွက်လာ၏ ။

ကျွန်တော်သည် မီ့ထံက ပြေးထွက်ခဲ့၏ ။ ဆိုလိုသည်မှာ ရန်ကုန်က ထွက်ပြေးခဲ့၏ ။

နဂိုက ရန်ကုန်မြေကို မချစ်ရသည့် အထဲမှာ ယခုလို ဖြစ်ရပြန်တော့ တစ်တောဝင် တစ်တောင်တက်နှင့် အားလုံးကို ဖျောက်ပစ်ရသည် ။

သို့သော် ယခုထိ မမှတ်သေးသည့် ကျွန်တော်သည် ‘ မီများပါလာရင် ဘယ်လောက် ကောင်းမလဲ ’ ဟု တွေးသေးသည် ။

သည်လို ခဏခဏပင် တွေးသည်ဖြစ်ရာ ရန်ကုန်ကို ထင်သလို မပစ်နိုင်ကြောင်း သိရ၏ ။

ထို့ကြောင့် တစ်လမျှ မကြာခင် ပြန်လာခဲ့ပြန်၏ ။

သို့သော် . . . မီ့ထံသို့ မသွားတော့ချေ ။ အိမ်ပြင်ပင် မထွက်တော့ချေ ။

မီ့သတင်းများကိုတော့ ကြားရ၏ ။

မီသည် ဆေးရုံမှ မဆင်းရသေးချေ ။ အိပ်လည်း မအိပ် ၊ စားလည်း မစား ။ ဆေးလည်း လက်မခံဘဲ စီးကရက်ချည်းသာ သောက်နေသည်တဲ့ ။

ဆရာဝန်ကိုလည်း နှင်လွှတ်သည်တဲ့ ။ ထို့ကြောင့် သူ ထင်သလို နေနိုင်ရန် အိမ်ပြန်ခေါ်လာရသည် ။

ကျွန်တော်ကမူ မီ့ကို သနားသည်ထက် ကိုယ့်ကိုယ်ကိုယ် ပိုသနားကာ ဖျားချင်နေ၏ ။

အားလုံးကို ပြီးလိုက်စေချင်သော်လည်း မပြီးသေးချေ ။

အမှုသည်လည်း စစ်နေဆဲ ၊ ရွှေဓားမြှောင်ကို ဖမ်းမိပြီ ။ သို့ပေမည့် ကံကောင်းလို့ပဲဆိုပါ ။

ရွှေဓားမြှောင်က မီ့အကြောင်းကို မဖော်ပေ ။ မီ သူ့ရာဂါနှင့် သေလုလု ဖြစ်နေသည်ကိုသိ၍ ဖြစ်ချင်ဖြစ်မည် ။ ဒါမှမဟုတ် . . .

ကျွန်တော်သည် အဆိပ်ပင် ရေလောင်းဆိုဆို ဘာပဲဆိုဆို မနေနိုင်သည့် အားလျော်စွာ မီ့အတွက် သေချာအောင် ရွှေဓားမြှောင်ကို ငွေတစ်သောင်း သွား၍ပေးလိုက်၏ ။

သည်ငွေကြောင့် ရွှေဓားမြှောင် လွတ်ချင်လည်း လွတ်ပစေ ။

ကျွန်တော်တို့ မိဘမျိုးရိုးမှာ ဂါတ်နှင့်ရုံးနှင့် ကင်းရှင်းစွာနေသည့် ကုန်သည်မျိုးရိုး ဖြစ်၏ ။

ဂုဏ်စစ်ဂုဏ်မှန်ကိုသာ မြတ်နိုးကာ အေးချမ်းသာယာစွာနေ၏ ။

မိန်းမဖြစ်ဖြစ် ယောင်္ကျားဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ရိုသေသည့် အကျင့်ကို လိုက်နာဂုဏ်ယူ၏ ။

ကျွန်တော့်ကျမှ မီနှင့်တွေ့ကာ ယခုလို ရှုပ်ရှုပ်ယှက်ယှက် ဖြစ်ရပေရာ မိဘများသည် ကျွန်တော် တောင်းသောငွေကို အဓိပ္ပာယ် နားလည်စွာ ပေးလိုက်၏ ။

‘ မီ ဒီတစ်ခါတော့ သွားရှာတော့မယ်ထင်တယ် ’ ဟု သူ့အဖော် မိန်းမကြီးက လာပြော၏ ။

‘ ညကျရင် စောင်မခြုံဘူး ၊ နှင်းထဲထွက်ထိုင်တယ် ။ ခိုက်ခိုက်တုန်နေတာပဲ ။ မနက်ကျတော့ လူမှန်းမသိတော့ဘူး ။ နည်းနည်းလည်း သွပ်တွတ်တွတ် ဖြစ်နေတယ် ထင်တယ် ။ ရယ်ရယ်နေတယ် ။ ဆေးပုလင်းတွေဆို ခွဲပစ်တာပဲ ။ ဆရာဝန်က ပြောတယ် ။ ဆေးသာ ခုလို အထိုးမခံဘဲနေရင် တစ်ပတ် နှစ်ပတ်ထက် ပိုမခံဘူးတဲ့ ’

ကျွန်တော်က

‘ ခု ကျွန်တော် သွားရင် သူ့အတွက်လည်း မကောင်းဘူး ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် မညှဉ်းပါနဲ့လို့ ကျွန်တော် မှာလိုက်တယ်လို့ ပြောပါ ။ နေကောင်းအောင် နေပါလို့ ’ ဟု ပြောလိုက်မိ၏ ။

မီသည် ကျွန်တော့်အမှာကို ရသည့်အခါကစ၍ ဆေးထိုးစရာရှိ ထိုး ၊ သောက်စရာရှိ သောက်ကာ ကျန်းမာအောင် နေသည်ဟု ကြား၏ ။

ကျွန်တော့်မှာ ဝမ်းသာရမလို ဝမ်းနည်းရမလို ရင်တလှပ်လှပ်ဖြစ်ကာ

‘ မီ . . . မီ . . . မီ ’ ဟု တမိပါသည် ။

မီ အနည်းငယ် ထူထူထောင်ထောင် ရှိလာသည်ကြားသော် ကျွန်တော်က စာတစ်စောင် ထည့်လိုက်၏ ။

မီ့ဆီကလည်း တစ်စောင်ပြန်လာ၏ ။

သူ နေထိုင်ကောင်းပါပြီ ဆိုသည်ကလွဲ၍ ဘာမှမပါချေ ။

မီ့စာများကို နောက်ထပ် မျှော်နေမိ၏ ။ တစ်စောင်မှ မလာချေ ။

ကျွန်တော်ကလည်း ထပ်မရေး၍ ကျွန်တော်တို့ နှစ်ယောက်သည် တစ်မြို့ထဲနေကာ ကွာဝေးခဲ့ကြ၏ ။

မီ့ကို အရိပ်အယောင်တောင် မမြင်ရသည်မှာ သုံးလရှိသွား၏ ။

သို့ပေမည့် နှစ်ပေါင်းများစွာလို ထင်မိသည် ။ မီ့ကိုတွေး၏ ၊ အိပ်မက်မက်၏ ။ တစ်ကိုယ်တည်း ယောင်ယမ်းအူချာလည်ကာနေ၏ ။

မီနှင့် ကွဲနေသည့် အချိန်ရှိသမျှမှာ ကိုယ့်ကိုယ်ကိုယ် လူစဉ်မမီတော့ဟု ထင်နေသည် ။

ဝေး . . . ဝေး . . . ဝေး . . . အဝေးကြီးကို ဝေးခဲ့ပါပြီ ထင်၏ ။

မီနှင့် နီးစပ်ဖို့လမ်း တစ်ခုတလေကလေးတောင် မရှိတော့ဟု ထင်၏ ။

ခု ထပြီးသွားလိုက်လျှင် မီ့ဆီရောက်မည်ကို သိပါသည် ။

သို့သော် . . . ဒါကို လုံးလုံးမတွေးဘဲ တငေးတမော ထိုင်ကာသာ ညည်းမိသည် ။ မီနဲ့ဖြင့် ဘဝခြားခဲ့ပါပြီ။


Comments