မီ - ၇ @ ကြည်အေး



သုံးလ . . . သုံးလတဲ့ . . . သုံးလ ဆိုတာ ကြာတဲ့အချိန်မှ မဟုတ်ဘဲ ။ တစ်နှစ် တစ်နှစ် ဆိုသည့် အချိန်တောင် ခဏလေးနှင့် တစ်ပတ်လည် လည်လာသည် မဟုတ်ပါလား ။

ပိတောက်ပန်းတွေ သင်္ကြန်ရေတွေကို မနေ့တစ်နေ့ကလို မြင်လိုက်ရပြီး ခုပြန်ပြီး မြင်ရတတ်သည် ။ ခုတော့ သုံးလတဲ့ ၊ သုံးလကို နှစ်တွေ ရှည်ခဲ့ပြီ ထင်၏ ။

ကျွန်တော်သည် နာတာရှည် လူမမာပမာ တစ်နေ့ တစ်နေ့ကို အရှည်ကြီး ထင်မြင်နေပါတကား ။ ကျွန်တော်၏ မှန်ကုန်သော အမြင်များသည် တကယ်ပင် ပျောက်ကုန်ပြီ ။

မီသည် အသစ်မွေးဖွားလာသည် ။

ယောင်္ကျားကို အဝတ်အစား လဲသလို အလဲလဲတွဲကာ စီးကရက် တစ်ရှိုက် ၊ ဘရန်ဒီ တစ်ကျိုက်နှင့် မတုန်မလှုပ် ပြုံးသည် ။ မီ့ကို ဘားမှာ ၊ ကစားဝိုင်းမှာ ၊ ဟိုတယ်မှာ မတွေ့ရတော့သည်ကို ကျွန်တော် သိ၏ ။

လူတွေက မီသည် သူ၏ တိတ်တိတ်ပုန်း ယောင်္ကျား ဦးတင်မောင် သေဆုံးသဖြင့် နောင်တရပြီး ပြောင်းလဲသွားပြီဟု ပြောကြသည် ။

တော်လောက်ပါပြီဟု ထင်သည့် တစ်နေ့မှာ မီ့ထံကို ကျွန်တော် သွား၏ ။

ထိုအခါမှာ ကျွန်တော့်တွင် မီ့ကို ရွံစိတ် ၊ မုန်းစိတ် ၊ ကြောက်စိတ်တွေပျောက်ပြီး သနားစိတ် ၊ ချစ်စိတ်သာ သက်သက်ရှိတော့၏

မီသည် ကျွန်တော် လာသည်ကိုမြင်လျှင် တွေကျသွား၏ ။

ဟိုဟာလုပ်ရမလို သည်ဟာလုပ်ရမလို ယောင်ကန်းကန်း ဖြစ်သွား၏ ။

ပြီးတော့ ဘာအမူအရာမှ မရှိသော လဟာပြင်လို မျက်နှာထားဖြင့် ငေးပြီးကြည့်၏ ။

မီသည် ဖွေးနေလေသည် ။ တော်တော်လည်း ကျသွား၏ ။

နဂိုက ညိုဖျော့ဖျော့ ဆံပင်သည် ခပ်လဲ့လဲ့နေကာ အလင်းရောင် အရိုက်မှာ ဖြူနေ၏ ။

မျက်နှာမှာ ပါးသွယ်လေးများကျပြီး စံပယ်ပမာ ဖြူနေရာ အသွေးအရောင်ဟူ၍ ပန်းနုနှုတ်ခမ်းလေးသာ ။ ကျွန်တော့်မျက်လုံးများမှာ ပြာမှိုင်းကာ ဘာကိုမှ မမှုသည့် မခံချိ မခံသာ ဖြစ်စရာ အကြည့်လည်း မရှိတော့ပြီ ။

မီ့မှာ လူစားချင်သည့်သွေး မရှိတော့သဖြင့် သိမ်မွေ့နေ၏ ၊ အပြစ်ကင်းနေ၏ ။

အရင်တုန်းက မီ့အလှသည် ဖျော့တော့သော အလှဆိုရင် ယခု မီ့အလှသည် ဖြူလဲ့သောအလှ ၊ ဖျော့တော့သော အလှသည် မူရာမာယာများ၏ ။ ဖြူလဲ့သော အလှက သန့်ရှင်းနူးညံ့သည် ။

မီ၏ အဓိပ္ပာယ် ကင်းမဲ့သော မျက်နှာကိုမြင်၍ ကျွန်တော် အားငယ်သွားကာ

‘ မီ . . . ကိုဆွေ လာတာ မကြိုက်ဘူးလားဟင် ’ ဟု မေး၏ ။

‘ မီ ပျော်လည်းသွားတယ် ၊ ဝမ်းလည်းနည်းသွားတယ် ။ တစ်မျိုးပဲ ။ မတွေ့ရတာ ကြာလို့ထင်တယ် ။ ခုန ကိုဆွေ့ဆီ မီ ပြေးလာမလို့ပဲ ။ ဒါပေမဲ့ . . . ’

ကျွန်တော်က စောင့်နေရာ

‘ ဒါပေမဲ့ မီ . . . ဟန် . . . ဟန်ဆောင်တယ် . . . ထင်ဦးမလားလို့ ’ ဟု ဝမ်းနည်းစွာ ဖြေ၏ ။

ကျွန်တော့်မှာ သနားစိတ်နဲ့ပဲ အရည်ပျော်ရမလိုဖြစ်ကာ ‘ မီရယ် . . . မီရယ် ’ ဟုသာ ရွတ်ဆိုနေမိ၏ ။

မီသည် ကျွန်တော် တလွဲထင်မှာကို ကြောက်နေကာ စကားလည်း သိပ်မပြော ပြုမိသည့် အမူအရာကိုလည်း တစ်ဝက်တစ်ပျက်နှင့် ထိန်းချုပ်ကာ စိမ်းတိမ်းတိမ်း ဖြစ်နေ၏ ။

‘ မီ . . . ကိုဆွေ ပြန်လာတာ အံ့သြနေတာလား ’

‘ မအံ့သွပါဘူး ’

‘ ကိုဆွေ မီ့ဆီ တစ်နေ့ပြန်လာမှာပဲ ဆိုတာ သိတယ်မဟုတ်လား မီ ’

‘ မီ သိပါတယ် . . . မီ စောင့်နေတာပဲ ’

သည်နေရာမှာ စကားရပ်သွားပြန်၏ ။

‘ မီ ဘာဖြစ်လို့ ငြိမ်နေတာလဲ ’

‘ ဘာပြောရမှာလဲ ’

‘ မီနဲ့ကိုဆွေ လက်ထပ်ပြီး လျှောက်လည်မယ့် အကြောင်းတွေပေါ့ မီရဲ့ ’

ကျွန်တော်လည်း စိတ်မကောင်းသလိုလိုဖြစ်ကာ နောက်ထပ် စကားပြောရအောင် မကြိုးစားတော့ချေ ။

သို့သော် မီသည် တဖြည်းဖြည်းနှင့် မျက်နှာအသွေးအရောင်ကလေး ရလာကာ စပြီးပြော၏ ။

‘ မီတို့ မေ့ပစ်စရာ ကောင်းတာတွေ မှန်သမျှ မေ့ပစ်လိုက်ရအောင် ဟင် . . . နော် . . . ကိုဆွေ ဘာမှစိတ်မကောင်း မဖြစ်နဲ့တော့ ’

ကျွန်တော်က နှစ်သိမ့်ချိုအေးစွာ . . .

‘ ဒါဟာ ကိုဆွေက တောင်းပန်ရမယ့် စကားပါ မီရယ် ’


****



မီနှင့်ကျွန်တော် လက်ထပ်လိုက်ကာ မြစ်ဝကျွန်းပေါ် လယ်ခင်းများသို့ အလည်သွားကြပါသည် ။

ကျွန်တော်တို့သည် လူကို အရှောင်ကြီး ရှောင်လျက် ရှိ၏ ။ တောသူတောင်သားများကိုပင် ရှောင်၏ ။

လောက၏ တကယ့်အဖြစ်ကို လှစ်မကြည့်ဝံ့ဘဲ သစ်ပင်ပန်းမန် ၊ ကောင်းကင် ၊ တိမ် ၊ ဥသြ ၊ ချိုး စသည့် အပေါ်ယံဟန်ပြ လောကကြီး၏ အလှကိုသာ စိတ်ဝင်စား၏ ။

သို့သော် . . . တွေ့ခဲ့ရသော အဖြစ်များသည် အနာရွတ်လိုပင် တစ်ခါတစ်ရံ အခွင့်ကြုံလျှင် ယားယံပြီး ပြန်ထသေးသည် ။

တစ်ညမှာ ကျွန်တော်တို့သည် ဗိုလ်တဲရှေ့ မြက်ခင်းပေါ် အတူရပ်လျက်ရှိ၏ ။

လမိုက်သော်လည်း ကြယ်များ စုံလှ၍ လင်း၏ ။

ကြယ်များသည် ကောင်းကင်မှာ ပျစ်ခဲနေကာ သက်ရှိသတ္တဝါများလို လှုပ်ရွနေသည် ။

ကြယ်တိုင်းသည် အလွန်ဖျတ်လတ် လျင်မြန်စွာ မျက်တောင်ခတ်နေကြ၏ ။

ထို့ကြောင့် ကောင်းကင်ကြီးသည် တုန်လှုပ်နေသလို ထင်ရလေသည် ။

မီသည် တစ်ကိုယ်လုံး တုန်လာရာ ပထမ ချမ်း၍ထင်မိသည် ။

နောက်တော့ နေကောင်းချင်လို့လားဟု ပူကာ ဗိုလ်တဲပေါ်သို့ တက်ရအောင်ခေါ်သည် ။

မီသည် ရပ်မြဲရပ်နေလေ၏ ။

‘ မိုးကို ကြည့်ပါဦး . . . သိပ်လှတာပဲ ’

‘ မလှဘူး ၊ ကြောက်စရာကြီး ။ ကောင်းကင်ကြီးက အနက်ကြီး နက်လို့ ။ မျက်နှာကြီးနဲ့ တူလိုက်တာ ။ ကြယ်တွေကတော့ မျက်လုံးတွေ မီ့ကို ကြည့်နေတာ ။ ပြီးတော့ မျက်စိမှိတ်ပြတယ် ။ ဒီမျက်နှာကြီးတွေ ၊ မျက်လုံးတွေ သိပ်များလွန်းလို့ မီ ကြောက်တယ် ’

ကျွန်တော်သည် ရယ်ရမလို တည်ရမလိုနှင့် မီ့ကို နားမလည်နိုင်ဘဲကြည့်ရာ တကယ်ပြောပြီး တကယ် ကြောက်နေမှန်း သိရ၏ ။

‘ ရူးတာလားတော့ မသိဘူး ။ မီ ကြောက်တယ် . . . လသာရင်လည်း ကြောက်တာပဲ ။ မီ လသာရင် မအိပ်နိုင်ဘူး ။ လကိုပဲ သေသေချာချာကြည့်တယ် ။ ကြည့်လေ . . . ကြည့်လေ ကြောက်စရာကြီး ။ လဟာ ပြိတ္တာကြီးနဲ့တူတယ် ။ ခြေလည်းမရှိ ၊ လက်လည်းမရှိ လုံးလုံးဝိုင်းဝိုင်းကြီး ။ ပြီးတော့ သရဲလိုပဲ ပုံအမျိုးမျိုး ပြောင်းတယ် ’

‘ မဟုတ်က ဟုတ်ကတွေ မီရယ် ’ ဟု ကျွန်တော်က ရယ်ပစ်ကာ ဗိုလ်တဲပေါ်သို့ ဆွဲခေါ်လာ၏ ။

မီသည် အတော်ပင်ကြောက်ကာ နှုတ်ခမ်းများပင် ဖြူနေလေ၏ ။

ကျွန်တော့်မှာ သနားလည်း သနား ၊ စိတ်လည်းမကောင်း ဖြစ်ရ၏ ။

‘ မီ နေမကောင်းဘူး ထင်တယ် ။ ကယောင်ချောက်ချား ဒါကြောင့်ဖြစ်တာ ’

‘ နေကောင်းပါတယ် မီ ကြောက်တာ ခုမှမဟုတ်ဘူး ။ ငယ်ငယ်ထဲကပဲ ။ မီ့မှာ အကြောက်နဲ့အရဲ တွဲနေတယ် ။ အဆန့်ကျင်ဆုံးနှစ်ခု တွဲနေတယ် ။ ဒါကြောင့် ထင်ရာတွေ ဖြစ်ခဲ့တာလား . . . မသိဘူး ။ မီ ကျောင်းမှာနေတုန်းက သူငယ်ချင်းတွေက ကြောက်တတ်လိုက်တာလို့ လှောင်ကြတယ် ။ ’

‘ တစ်နေ့တော့ မီတို့ကျောင်းရှေ့ ကားတိုက်ပါရော ။ ကျောင်းကားက လူကို ဝင်ကြိတ်တာ ကောင်မလေးတွေ ခုန်ပေါက်ပြီး ငိုပြေးတာပဲ ။ လူက ရုပ်ပျက်ဆင်းပျက် သေတာကိုး ။ လူကို နင်းလိုက်လို့ အသံကလည်း ဖောင်ဆိုမြည်တာပဲ ။ မီကတော့ အဲဒီ လူသေကြီးကို ရပ်ကြည့်နေလိုက်တာ မီ့ဖိနပ်တောင် သွေးတွေစီးလာပြီး ပေကုန်တယ် ။ မီ မကြောက်ဘူး ။ သနားလည်း မသနားဘူး ။ မီဟာ ဘာဖြစ်သလဲ ဆိုတာ သိချင်ပတယ် ’

မီ့မျက်နှာကလေးက မသာယာလှပေ ။ ကျွန်တော်လည်း

‘ ကဲ . . . ပါကွယ် . . . မီရယ် အလကားဟာတွေ တွေးမနေစမ်းပါနဲ့ အပင်ပန်းခံလို့ ’ ဟု ပြောပြီး တခြားစကား လှည့်ပြောင်းရ၏ ။

‘ မီ . . . အာဋာနာဋိယသုတ် ရပြီလား ဆိုစမ်းပါဦး ’

မီသည် ဗုဒ္ဓဘာသာလိုလို ၊ ခရစ်ယာန်လိုလိုနှင့် ဘာကိုမှ မကြည်ညိုဘဲ သူကိုယ်တိုင်သာ သူ၏ဘုရား ဖြစ်ခဲ့ရာ ယခုမှာမူ ကျွန်တော့်အလိုလိုက်ကာ ဘုရားတရား ရှိခိုးသည် ။ သုတ်များ ၊ ပရိတ်များ ကျက်သည် ။

သို့သော် မီသည် အများအားဖြင့် ဝတ္ထုများ ၊ မဂ္ဂဇင်းများ ၊ ကဗျာများကို ဖတ်ပြ၏ ။

ကဗျာဆိုလျှင် အနုအယဉ်အတွေး လွန်သွားတာမျိုးကို ကြိုက်၏ ။

ဝတ္ထုဆောင်းပါး ဆိုလျှင်တော့ စုံထောက်ခန်းများ ညှဉ်းဆဲသတ်ဖြတ်မှုများ စသည်များကို သဘောကျသည် ။

ကျွန်တော်တို့ နှစ်ယောက်သည် လယ်ကန်သင်းရိုးပေါ်မှာထိုင်ကာ ရောက်တတ်ရာရာ ပြောတတ်သေး၏ ။

‘ မီတို့ မိဘမဲ့ ကျောင်းသူတွေကို ကျွေးမွေးထားရတဲ့ စရိတ်ကျေအောင်လေ သိုးမွေးထိုးတာတို့ ၊ အင်္ကျီချုပ်တာတို့ အဲဒီအလုပ် ကျောင်းမှာ ပေးထားတယ် ။ မီက အချုပ်အလုပ်ဆို နည်းနည်းမှ ဝါသနာ မပါဘူး ။ သိပ်စိတ်ညစ်တာပဲ ။ ’

‘ ကောင်းတယ် ’ ဟု ကျွန်တော် ဖြတ်ပြောပြီး ရယ်လိုက်၏ ။

‘ တစ်နေ့တော့ ‘ စစ္စတာ ’ တစ်ယောက်က ပြောတယ် ။ အတန်းထဲ အတော်ဆုံးလူကို စက်ချုပ်တဲ့ အလုပ်က လွတ်မယ်တဲ့ ။ မီက အတန်းထဲမှာ အင်္ဂလိပ်စာ တစ်ခုပဲ ပထမရတယ် ။ ဒီပြင်ဘာသာတွေကတော့ ဘိတ်ဆုံးက ပထမပေါ့ ။ ဖတ်မှ မဖတ်ပဲ ၊ ပစ်ပစ်ထားလွန်းလို့ စာမေးပွဲနီးပြီဆိုရင် ကျက်စရာ စာအုပ် မရှိတော့ဘူး ။ ပျောက်ကုန်တာကိုး ’

‘ ဒါနဲ့ ကြိုးစားလိုက်တာ ထိပ်ဆုံးကျကျ ပါရောလား ’ ဟု ကျွန်တော်က နောက်လိုက်သည် ။

‘ ဒါနဲ့ မီလည်း စိန်လိုက်ဆိုပြီး ၅ ရက်ဆက်ပြီး မအိပ်ဘဲ စာကြည့်တာ ဘာသာတိုင်း ပထမ ထွက်တာပေ ။ ဒါပေမဲ့ ဒုတိယပဲ ပေးတယ် ။ ခါတိုင်းရနေကျ ကောင်မလေးက ပိုက်ဆံရှိတဲ့သူ သမီးမို့ ပထမ ပေးလိုက်တယ် ။ မီ စက်တော့မချုပ်ရတော့ပါဘူး ’

‘ မီ ဆယ်တန်းအောင်တာ ဘယ်နှနှစ်ရှိပြီလဲ ’ ဟု မေးရာ

‘ ၁၅ နှစ် ’ ဟု ဖြေသည် ။

‘ ၁၅ နှစ် ကတည်းက မီ သံသရာ ကျင်လည်ခဲ့တာပေါ့ ’

မီက သည်လိုထပ်ပြောရာက ငေးစိုက်သွားလေ၏ ။

ကျွန်တော်က စကားပြောင်းကာ

‘ ကဲ . . . မီရယ် ဘာဂျာကို အလကား ကိုင်ထားမယ့်အစား တီးတာက ကောင်းသေးတယ် ။ ကိုဆွေ ဆိုမယ် ၊ မီက တီး ။ ကိုင်းဘာသီချင်းလဲ ’ ဟု ပြောရ၏ ။

မီသည် ‘ ကွန်ဆတ်တီနာ ’ ခေါ် လက်ဆွဲဘာဂျာကို ကောင်းကောင်း တီးမှုတ်တတ်သည် ။

မီက မတီးဘဲ

‘ လက်တောင် ပျက်နေပါပြီ ။ နားထောင်လို့ မကောင်းပါဘူး ’ ဟု ဖြေသည် ။

‘ ကောင်းပါတယ် ၊ ဘာဖြစ်လို့ မကောင်းရမှာလဲ ။ မီက ဂီတဘက် တော်တော်သန်တယ် ။ သီချင်းဆိုလည်း သိပ်ကောင်းတာ ၊ ပီယာနိုလည်း တတ်တယ်ဆို ’

‘ နည်းနည်းပါးပါး ’

‘ တီးပါ မီရဲ့ . . . ကိုဆွေ ကောင်းကောင်း နားမထောင်ဖူးသေးဘူး ။ မီ တီးတတ်မှန်းတောင် အစက မသိဘူး ။ ဘာဖြစ်လို့ မပြောတာလဲ ’

‘ မီ ဘာဂျာလည်း မတီးတော့ဘူး ။ သီချင်းလည်း မဆိုတော့ဘူးလို့ နေခဲ့တာ ၇ နှစ် ရှိသွားပြီ ။ ကျောင်းထွက်စ ကတည်းကပဲ ’

မီက ကျွန်တော် မသိသော သူ့အကြောင်း သူ တွေးနေဟန်ဖြင့် မျက်လုံး မှုန်မှိုင်းလာပြန်၏ ။

ကျွန်တော်လည်း ထိုစကားကိုဖြတ်ကာ

‘ ကိုဆွေ . . . အပါကလေး လိုချင်တယ် ’ ဟု အလွယ်ဆုံး တွေ့သော စကားကို ကောက်ကာ မီ့ကို စလိုက်၏ ။

မီကမူ မျက်ရည်တွေ လည်လာလေ၏ ။

‘ ကိုဆွေ မီ့အကြောင်း မသိဘူး ၊ မီ ကိုဆွေ့ကို အပါလေးလည်း မပေးနိုင်ဘူး ။ အမာလေးလည်း မပေးနိုင်ဘူး ။ ဒါဟာ မီ့အပြစ် မဟုတ်ပါဘူး ။ ဘယ်သူ့အပြစ်လဲ ဆိုတာ အို . . . မီ ဘယ်လိုပြော ’

‘ တော်တော့ မီ ’ ဟု ကျွန်တော်က မီ့နှုတ်ခမ်းကို ပိတ်လိုက်၏ ။

‘ ဟိုမှာကြည့်စမ်း မီ . . . ဘယ်လောက် လှသလဲ ။ လောကကြီးမှာ သာသာယာယာတွေ ၊ ပျော်စရာတွေ ရှိသေးတယ် ။ စိတ်ညစ်တယ် ၊ ပျော်တယ်ဆိုတာ ကိုယ်က ဖြစ်တာပါ ။ မီ . . . ကြည့်လိုက်စမ်း မြင်လား ။ ကမ္ဘာအသစ်ကြီး မီနဲ့ကိုဆွေ နှစ်ယောက်တည်း အဲဒီ ကမ္ဘာမှာ မွေးထားတယ် ။ အဲဒီမှာ ‘ အရင်က ’ ဆိုတဲ့ စကားလုံး မရှိဘူး ’

မီသည် မျက်ရည်မကျဘဲ ငိုကာ

‘ ကိုဆွေ မီ့ဘက်မှာနော် ’ ဟု မေး၏ ။

‘ ကိုဆွေ . . . မီ့ဘက်မှာ ’

ဤသို့လျှင် စကားများကို ဘယ်လိုပြောင်းပြောင်း နောက်ဆုံး စိတ်မချမ်းမသာ ဖြစ်ရသည်နှင့်သာ ကြုံရသည် ။

ကျွန်တော်တို့သည် အတိတ်ကို လွယ်ကူစွာ မမေ့နိုင်တတ်ပေ ။

မိုးဦးကလေးကျသော် ကျွန်တော်တို့ ဟန်းနီးမွန်းမှ ပြန်လာ၏ ။ မိဘများ ဝယ်ပေးသည့် အိမ်မှာနေ၏ ။

ကျွန်တော်သည် အလုပ်လုပ်ဖို့သင့်ပြီ စိတ်ကူးသော်လည်း မီက မလုပ်စေချင်ပေ ။ ‘ မီတို့ဟာ ခု ပျော်နေတယ် မဟုတ်လား ။ ဒီအချိန်ဟာ မီ့ဘဝမှာ အထွတ်အထိပ်ပဲ ။ အထွတ်အထိပ်မှာ ဘယ်သူမှ အကြာကြီး မနေနိုင်ပါဘူး ။ အထွတ်အထိပ် ဆိုတာ ရောက်တာသာ လိုရင်းစွဲပဲ မဟုတ်လား ။ ခု ရောက်တုန်းမှာ အေးအေးနေရအောင် ။ ကိုဆွေ မီ့မှာ အချိန်များများ မရှိတော့ဘူး ’ ဟု ပြောတတ်ပေ၏ ။

မီသည် သူ အသက်အစိတ် မပြည့်ခင် သေရမည်ဟု တထစ်ချ အယူသည်း၏ ။

ကျွန်တော်တို့သည် အလကားပင် အား၍နေသဖြင့် မိုးရွာသည်ကိုပင် အဆန်းလုပ်ပြီး ကြည့်ကြသည် ။

မိုးဖွဲကလေးများ ကျစဆိုလျှင် ကြည့်၍ကောင်းသည် ၊ လှပသည် ။ မီသည် မိုးတွင်းကို အဓိပ္ပာယ် မရှိပင် ချစ်၏ ။ မိုးရွာလျှင် မီ စိတ်တစ်မျိုး ဖြစ်၏ ။

သို့ပေမည့် တိတိကျကျ မရှိ လွမ်းတယ်လည်း မခေါ်နိုင် ၊ ပျော်တယ်လည်း မခေါ်နိုင် ။

မီသည် မိုးပေါက်ကလေးများကို ပြတင်းဝက ငေးကြည့်ရင်း တွေးချင်ရာ တွေးရာက

‘ နောင်တ ဆိုတာဟာ လူမိုက်များရဲ့ နောက်ဆုံး ခိုလှုံရာပဲ ’ ဟု စကားအဆက်အစပ်မရှိ ပြော၏ ။

ကျွန်တော်က ဘာပြောရမှန်း မသိသဖြင့် ဘာမှမပြောဘဲ နေလိုက်၏ ။

မီလည်း မိုးရွာသည်ကို ငေးနေပြန်၏ ။

မိုးပေါက်များသည် ကြီးကြီးလာကာ ကြမ်းတမ်းသည်းထန်လာ၏ ။

လေသံများလည်း ညံလာ၏ ။ သစ်ပင်ကိုင်းခက်များ၏ ညည်းသံများကို ကြားရလာ၏ ။

ကျွန်တော်သည် ပြတင်းကိုပိတ်ကာ မီ့ကို အိမ်တွင်းသို့ ခေါ်လည်း မရပေ ။

မီသည် ပြတင်းမှန်သားကို ထိုးဖောက်၍ ပိန်းနေသော မိုးရေများကို ကြည့်နေ၏ ။

‘ သိပ်သည်းတာပဲနော် ကိုဆွေ . . . လမ်းလျှောက်ရရင် ကောင်းမယ် ’

မီသည် ထူးဆန်း၏ ။ ကျွန်တော်က နားမလည်နိုင်ဘဲ ထပ်မေးရာ

‘ သြော် . . . မိုးရေထဲ လျှောက်ရရင် ကောင်းမယ် ပြောတာပါ ’

‘ ရွဲကုန်မှာပေါ့ မီရဲ့ ။ ပြီးတော့ မိုးတွင်းဟာ ဖျားချင်စရာ ကောင်းတဲ့ရာသီ မဟုတ်ပါဘူး ’

‘ မီလေ . . . အရင်တုန်းကဆိုရင် မိုးသည်းထဲထွက်ပြီး လမ်းလျှောက်တာပဲ ။ မိုးပေါက်တွေ ကျလာတာ သိပ်စပ်တယ် ။ နည်းနည်းကြာသွားပြီ ဆိုရင် အေးလာ စိမ့်လာရော ။ နောက်တော့ ကိုယ်ပူလာရော ။ သိပ်အရသာ ရှိတာပဲ ကိုဆွေရယ် ။ စမ်းကြည့်ပါလား ။ ကိုယ်ထဲက ပူပူရှိန်ရှိန်နဲ့ ကိုယ်ပြင်က အေးလို့စိုလို့ ။ ပြီးတော့ အိပ်ရာထဲဝင် . . . စောင်ခြုံပြီး ဖျားပစ် ၊ ချောင်းဆိုးပစ်လိုက်ရော ’

မီက သူ့စကား ကလေးဆန်ပုံ မိုက်မဲပုံကို သတိမထားမိဘဲ စိတ်ထဲရှိရာသာ လျှောက်ပြော၏ ။

မီသည် စိတ်ထဲမရှိဘဲ ပါးစပ်ကသာပြောလျှင် စကားလို လည်ပတ်စွာ ပြောနိုင်၏ ။

ကျွန်တော်နှင့်မူ သူ့စိတ်ရင်းက ကြောင်လည်လည် အယူများဖြင့် ဘာမှနားမလည်သည့် ကလေးငယ် တစ်ယောက်လို ပြော၏ ။

‘ လောကကြီးမှာ လူဖြစ်လာရတာ မီရယ် . . . လိမ္မာဖို့ သက်သက်လည်း ဘယ်ဟုတ်မလဲ ။ မိုက်ဖို့လည်း ပါသေးတာပဲ ။ လူဟာ အစုံပဲ တွေ့ခဲ့ရ ၊ ဖြစ်ခဲ့ရတာပဲ ။ လူတိုင်းဟာ အပြစ်နဲ့ချည်းပေါ့ ။ ကိုဆွေဖြင့် ဘယ်သူ ဘာဖြစ်ဖြစ် သူ့စိတ်က ပါလို့ပဲဆိုဆို ခွင့်လွှတ်ဖို့ပဲ ပထမ စဉ်းစားတယ် ။ ကိုဆွေလည်း အဲဒီလောက် သဘောထားတွေ ဘာတွေ ကြီးနေပြီ မီရဲ့ ’

ကျွန်တော်က တစ်ခါတစ်ခါ ဤသို့ပြောလျှင် မီက သက်သာသွားသလို သက်ပြင်းကလေးရှူ၏ ။

‘ လောကကြီးဟာ ရူးနေတာပဲနော် ’

‘ ဒါပေါ့ . . . မီ ။ ဒီတော့ လူတစ်ယောက်ဟာ ဘာပဲလုပ်ခဲ့လုပ်ခဲ့ တစ်နေ့မှာ ပြန်တောင် မတွေးတော့ဘူး ဆိုရင် ပြီးတာပဲ ။ မီ အရင်ကဟာတွေကို မေ့ပစ်လိုက်ပါတော့ ။ ကိုဆွေဖြင့် တကယ့်ကို သတိတောင် မရတော့ဘူး ’

မီက ခေါင်းညိတ်၏ ။

မီသည် အတိတ်ကို မေ့ပစ်လိုက်ပါမည်ဟု ပြောပြီးသည်ကစ၍ သူ့ဘဝမှာ အသာအယာတွေချည်းပဲ ရှိခဲ့ဖူးသလို ပျော်စရာ ၊ ရယ်စရာတွေချည်းသာ ပြော၏ ။

သူ့စိတ်တွင်းကိုတော့ ဝင်မကြည့်နိုင်ပါ ။

မီသည် သူ့ကိုယ် သူ လိမ်နေတာ ဖြစ်ချင်လည်း ဖြစ်မည် ။

ကျွန်တော့်ကို လိမ်တာ ဖြစ်ချင်လည်း ဖြစ်မည် ။

သို့ပေမယ့် မီ မေ့မေ့ပျောက်ပျောက် ဖြစ်လာတာကတော့ မှန်၏ ။

မီသည် သူ့စိတ်တွင်းမှာ ကျွန်တော် တစ်ဦးတည်းကိုသာ ထားတော့သည် ။

ကျွန်တော်ကမူ

‘ လေးကို သတိရတယ် . . . မီ ’ ဟု ယောင်ပြီး ပြောမိရသေး၏ ။

မီက မျက်နှာထားကြီးကြီးဖြင့်

‘ ဘာလေးလဲ . . . ဘာပြောတာလဲ ’ ဟု မျက်မှောင်တွန့်ပြီး မေးတတ်၏ ။

သည်လိုနှင့် နေသားကျလာလျှင် ကျွန်တော်တို့သည် လူထဲတိုးစပြုလာ၏ ။

ခက်သည် လူတွေ ဖြစ်ပေ၏ ။

လူတွေသည် တဆိတ်တော့ လွန်လွန်းပြီနှင့်တူသည် ။

ကာယကံရှသင်တွေကိုယ်တိုင် မေ့လိုက်နိုင်သည့် အရာတစ်ခုကို ဘာကြောင့် သူတို့ မပြီးနိုင်အောင် ပြောနိုင် ၊ သတိရနိုင်ပါသေးသလဲ ။

ပြီးတော့ . . . ကျွန်တော်တို့ မကြိုက်မှန်း သိလေလေ သူတို့ အရသာ ရှိရှိနှင့် အဆင်းတွန်း လေလေပင် ။

နောက်ဆုံးမှာ သည်လူ့လောကကြီးတွင် ဖြစ်ခဲ့တာ တစ်ခုခုကို ဘယ်လောက် မေ့ပစ်နိုင်တယ်ဆိုဆို ပျောက်တော့ ပျောက်မသွားနိုင်ဟူသော ပညာတစ်ရပ် ရလာပေသည် ။

ကမ္ဘာကြီးမှာ လူတွေ များလွန်းသည် ။

ဒါထက် သိဟောင်းကျွမ်းဟောင်းတွေ များလွန်းသည် ။

ကျွန်တော်တို့သည် ရုပ်ရှင်ရုံ တစ်ရုံမှာ လူတစ်ယောက်နှင့် တွေ့၏ ။

‘ ဟဲလို မီ ’ ဟု ကလက်သည့် မိန်းမမျက်နှာပေးနှင့် နှုတ်ဆက်ကာ ကျွန်တော့်ကို ပြောင်ပျက်ပျက် စွေစောင်းပြီး ကြည့်၏ ။

အဓိပ္ပာယ်ပါသည့် အကြည့် . . .

မီက သူ့ကို လုပြေးတော့မှာကို ကြောက်သလို ကျွန်တော့်နားကပ်ကာ ငေးမောရှက်ရွံ့ပြီး နေသည် ။

‘ ပျောက်နေတာ အတော်ကြာပါပကော ။ ဘယ်သွားနေသလဲ ။ ကိုင်း . . . လာပါ တွေ့တုန်း စကားလေး ပြောရအောင် သွားနေကျ ဘား သွားရမကောင်းဘူးလား ’

မီသည် သံသေးသံကြောင်နှင့် အော်ဟစ်ခုန်ပေါက်လိုက်တော့မလို ရူးလုလု မျက်နှာထားဖြင့် ယိမ်းယိုင်လာသည် ။

ကျွန်တော်က မီ့ကို ပွေ့ထိန်းရင်း စေ့စေ့ပါအောင်သာ ကြည့်၏ ။

ထိုလူက ဒါနဲ့တောင် နုံပနေသေးတာ ။

‘ မီ . . . သဘောထားကြီးပါတယ် ။ ကျုပ်တို့နှစ်ယောက် ရန်သူ မဟုတ်နိုင်ပါဘူးနော် ’ ဟု ပြုံးစေ့စေ့နှင့် မိတ်ဖြစ်ဆွေဖြစ် ပြော၏ ။

‘ ဒီမှာ . . . လူတွေသာ မရှိရင် ခင်ဗျား နားရင်းကို ဘယ်လောက်နာနာ ကျုပ် ရိုက်နိုင်တယ် ဆိုတာ ခင်ဗျား သိမယ် ’

ကျွန်တော်က ထိုလူ့စကားကို သည်လိုပြန်၍ နှုတ်ဆက်လိုက်ရာ မီက ကြားမှဝင်ပြီး

‘ ဒါ . . . မီ့ယောင်္ကျား ’ ဟုသာ ပြောနိုင်၏ ။

မီသည် ငိုချလိုက်၏ ။

လူတွေ ဝိုင်းလာ၏ ။ ထိုလူလည်း ပျောက်သွား၏ ။

ကျွန်တော်သည် မီ့ကို ဖေးကိုင်ကာ အမေး ၊ အဖြေ ၊ အဆူအညံ လုပ်နေသည့် ကြားထဲက ထွက်ကာ အိမ်ပြန်လာ၏ ။

ထိုနေ့တွင် မီသည် မလှုပ်မယှက် တစ်နေရာထဲမှာ ထိုင်ကာနေ၏ ။

ကျွန်တော်ကမူ ထိုလူကို တစ်နှစ်လောက် မေ့မြောသွားအောင် လည်ပင်းမညှစ်ခဲ့သည်ကို နောင်တရ၏ ။

သည်အထဲ အကြင်နာ ပိုသူများက လာကြသေး၏ ။

‘ သြော် . . . မောင်သော်ဆွေတို့ ၊ မီတို့ လာပြီကိုး ။ တွေ့ရတာ ဝမ်းသာပါတယ်ကွယ် ။ ဒေါ်ဒေါ်ဖြင့် အဟုတ်ပါပဲ ။ မီတစ်ယောက် ခုလို လင်နဲ့သားနဲ့ တည်တည်တံ့တံ့ မိန်းမမြတ်ကလေး ဖြစ်နေတာ တွေ့ရပါစေလို့ ဆုချည်းတောင်းခဲ့ပါတယ် ။ မင့်ဦးကဖြင့် ‘ မောင်သော်ဆွေဟာ အင်မတန် တော်တယ် ’ နဲ့ ပြောနေတာပဲ ’

တကယ့်စေတနာပဲ ဆိုလျှင်တော့ ကျေးဇူးတင်ပါသည် ။

သို့သော် . . . ဘာပဲဖြစ်ဖြစ် မသိလိုက် မသိပါ တိတ်တိတ်နေကြရင် မကောင်းပေဘူးလား ။ ဘာကြောင့် သူများလင်မယား အေးအေးနေတာကို အစဖော် ဆွရပါသလဲ ။

ကျွန်တော်သည် ဘာလုပ်ရ ကောင်းမလဲ တွေး၏ ။ လူတစ်ယောက်ကို ကျွန်တော် ပြိုင်နိုင်၏ ။ လူအများကို မပြိုင်နိုင်ချေ ။ နိုင်နိုင် ၊ မနိုင်နိုင် ပြိုင်မည် ထားပါဦး ။ မီ့ကို ငဲ့စရာ ရှိသေးသည် ။ ထို့ကြောင့် အရှုံးပေးပြီး တောပြန်ရ ကောင်းမလား စဉ်းစား၏ ။

တောသည် အေး၏ ။ မိုးကလည်း အေးလှပါသည် ။ မီ့ရောဂါနှင့် အအေးနှင့် နည်းနည်းမှမတည့် ။ ယခုတစ်လော မိုးအေးရသည်အထဲ မီသည် စိတ်မကောင်းစရာတွေ တွေ့ရ၍ အိပ်ရာထဲမှာသာ ခွေခွေနေ၏ ။ ထို့ကြောင့် အိမ်အပြင်ကို မထွက်ဘဲ ရက်စက်ကြမ်းကြုတ်သည့် လူတွေထံမှ ပုန်းနေရန်သာ စိတ်ကူး၍ ရလေသည် ။

မီ့ကိုသာ စောင့်၍ကြည့်နေမိရာ ညတိုင်ကျရင်း မီ ကောင်းကောင်း မအိပ်သည်ကို တွေ့ရ၏ ။ တစ်ညမှာ မီသည် စာထဖတ်၏ ။ သန်းခေါင်ကျော်ခဲ့ပြီ ။ ကျွန်တော်က ထိတ်လန့်သွားကာ ‘ မီ ’ ဟု ခေါ်လိုက်သည်ကို ‘ မီ အိပ်မပျော်ဘူး ’ ဟု ပြောပြ၏ ။

‘ မီ ဘာတွေတွေးနေပြန်ပြီလဲ ’

‘ ဒါကြောင့်မဟုတ်ပါဘူး ။ ညအိပ်မပျော်တာ မီ့အကျင့်ပဲ ။ မီ တစ်ခါ တစ်ခါ တစ်ညလုံး ထိုင်နေတာပဲ ။ ရောဂါပြန်ထချင်ပြန်ပြီနဲ့တူတယ် ။ မျက်လုံးဟာ ကြောင်ကြောင်နေတယ် ။ ’

‘ အတင်းကြိတ်ပြီး အိပ်လည်းမပျော်ဘူး ။ စိတ်သာညစ်ရတော့တယ် ။ ဒီတော့ အိပ်ရာထဲ လူးလှိမ့်နေမယ့်အစား စာထဖတ်တာက ကောင်းသေးတယ် ’

မီသည် အစားအသောက်ကလည်း နည်းလှ၏ ။ ထမင်းတစ်နေ့နှစ်နပ် မှန်မှန်စားသည့်နေ့ အင်မတန်ရှားသည် ။ ကျွန်တော့်ကို အားနာပြီး ကြိတ်မှိတ်စားသော်လည်း မဖြစ်ပေ ။ ကျွန်တော်သည် မီ့ဖို့ နွားနို့များ ၊ အဖျော်များ လုပ်ပေးရသည် ။

မောကလည်း အမြဲတမ်း မောနေ၏ ။ ဆွယ်တာကိုလည်း မချွတ်ရ ။ ချောင်းဆိုး၍ သွေးပါ၍လာ၏ ။

ထို့ကြောင့် ဆေးအမြဲထိုးရတော့သည် ။

မီ့ရောဂါ အတွက် ဆရာဝန် ပြောစကားများသည် အားရစဖွယ် မကောင်းလှချေ ။

မီ့ကို ကြည့်ရသည်မှာ မသက်သာလှ၍ အရူးထကာ . . .

‘ မီ . . . စီးကရက်တို့ ၊ ဘရန်ဒီတို့ ပြန်သောက်နေလိုက်ရင် ကောင်းမလား ’ ဟု ကျွန်တော်က ကြောင်လိုက်မိရာ

‘ ကိုဆွေကလည်း ’ ဟု မီက ရယ်သည် ။

‘ သေရမှာတော့ မကြောက်ပါဘူး ။ ဒါပေမဲ့ . . . ’ ဟု မီက စကားစပြီး

‘ အို . . . တူတူပေါ့လေ ။ မသေချင်တာဟာ သေရမှာ ကြောက်လို့ပေါ့ ’ ဟု သူ့စကားကို လျှောချလိုက်၏ ။

‘ သေရမှာတော့ မကြောက်ဘူး ။ ဒါပေမဲ့ ကိုဆွေနဲ့ ခုလို နေရတဲ့ ဘဝကို နှမြောတယ် မဟုတ်လား ’

‘ နှမြောမယ် ဆိုရင်တော့ နှမြောစရာပေါ့ ကိုဆွေနော် ။ ခု မီဟာ ပျော်နေတုန်း အချိန်ကိုး ။ ဒါပေမဲ့ ပျော်တုန်းပဲ သေချင်ပါတယ် ။ ပျော်တုန်း သေရတာဟာ အနိုင်နဲ့ ပိုင်းလိုက်တာပေါ့နော် ’

‘ မီဟာ ငယ်ငယ်လေးပဲ ရှိသေးတယ် ။ ဘာလို့ သေရမှာလဲ ။ ခု ပျော်နေတယ် မဟုတ်လား ။ နောင်လည်း ပျော်ရမယ် ။ ကိုဆွေတို့ဟာ ခု အလင်းဘက် ရောက်လာပြီး ပျော်စရာတွေ အများကြီး တွေ့ရဦးမှာပဲ ’

‘ ဟုတ်ချင်ဟုတ်မှာပဲ ။ ဒါပေမဲ့ တော်လောက်ပါပြီ ။ မီ ငယ်ပေမဲ့ စုံအောင်တွေ့ခဲ့ပါပြီ ။ လူ့ဘဝမှာ တွေ့စရာ ၊ ကြုံစရာတွေ အစုံတွေ့ပြီးရင် သေရမှာဟာ ဝတ္တရားပဲ မဟုတ်လား ’

မီသည် ခုလိုတော့ သေမင်းကို သွေးအေးအေးနှင့် တွေ့ရဲပုံ မရပေ ။

မီသည် သူ့ကိုယ်သူ တစ်မျိုးစီ လှည့်ပြီးပြောကာ အားပေးနေ၏ ။

ကျွန်တော်က သနားကြင်နာစွာ

‘ မီ . . . ခုလိုပဲ ခဏခဏ ဖြစ်တာပဲ မဟုတ်လား ။ ဒါပေမဲ့ ပြန်နေကောင်းတာပဲ ။ ဟိုအရင် ဆေးမသောက်ဘဲနဲ့တောင် နေကောင်းသွားတာပဲ ။ ခု ဆေးတွေထိုး ၊ ဆရာဝန်နဲ့ ကုနေတာ ဘာဖြစ်လို့ မပျောက်ရမှာလဲ ’

‘ ဟုတ်ပါတယ် . . . မီ ခဏခဏ ဖြစ်တာပဲ ။ ဖြစ်တိုင်း သေမယ်ချည်း မီ ထင်တယ် ။ ဒါပေမဲ့ ပြန်နေကောင်းတာပဲ ။ ခုတော့ မီ တော်တော် ထင်နေတယ် ။ သေဖြစ်ပါပြီလို့ ။ အင်း . . . မီလည်း တော်တော် သတ္တိကြောင်လာပြီး သေမယ်ချည်းပဲ အရမ်းထင်နေတာပဲ ’

‘ မဟုတ်တာကွယ် ’

မီက အနည်းငယ် ရှက်ကိုးရှက်ကန်းနှင့် ပျော့နွဲ့စွာ ပြုံးလိုက်၏ ။ မီ ကျွန်တော့်စကားကို ယုံလာပြီ ၊ နေကောင်းမည့် အချိန်များကို မီ မျှော်ကာနေသည် ။

မီသည် အားနည်း ၊ နည်းလာသော်လည်း လန်းလန်းဆန်းဆန်းပင် နေသည် ။ စကားတော့ သိပ်မပြောနိုင်ချေ ။ မီသည် အလကားနေရင်း မောကာ ချွေးများပြန်နေ၏ ။ သို့သော် သွေးအပါ လျော့သွား၍ စိတ်ကျေနပ်စရာကောင်း၏ ။

သည်လိုနေရင်းက မိုးတိတ်သော ညတစ်ညမှာ မီသည် ဗြုန်းခနဲ အမောဖောက်ကာ မမျှော်လင့်ဘဲ မေ့မြောသွား၏ ။

သေတော့မည့် ခဏမှာ မီသည် သတိလစ်၏ ။ မီ့လက်သည်းများမှာ ပြာမည်းလာပြီး နှုတ်ခမ်းသည် အထက်သို့ လန်တက်နေပြီ ၊ အသားအရောင်ကလည်း ကြည်လောင်လောင် နိုင်လာ၏ ။ ပခုံးတစ်ဖက်သည် စောင်းရွဲ့ကာ မကြာခဏ ပင့်လိုက် ပင့်လိုက် ဖြစ်နေ၏ ။ သေမင်း၏လက်ရာ . . .

မီးသည် ထိတ်စရာ လန့်စရာတွေကို တွေ့ခဲ့တာ များပါပြီ ။ သက်သက်သာသာမှ သေရပါ့မလားဟု ကျွန်တော် ပူပင်ကာ ဘဝကူးကောင်းအောင် မီ့နားရွက်ကို နှုတ်ခမ်းနှင့်ထိကာ ဘုရားဂုဏ်တော်ကို ညင်သာတီးတိုးစွာ ရွတ်ပေး၏ ။

မီက သေငယ်ဇောမှာ တစ်ယောက်တည်း ရုန်းကန်ငြင်းဆန်နေ၏ ။

‘ ဟင့်အင်း . . . ဟင့်အင်း . . . ’

နောက်တစ်ခါ . . .

‘ မီးကလည်း လင်းလိုက်တာ ’

နောက်တစ်ခါ . . .

‘ လိမ်ပြောရင်တော့ ယုံပြီ . . . ’

ထို့နောက် အခါပေါင်း များစွာကိုမူကား နားမလည်တော့ချေ ။ မီသည် တဖြည်းဖြည်း ပျော့လာ၏ ။ အနည်းငယ် မျက်နှာချိုလာ၏ ။ မျက်လုံးပွင့်လာကာ ဟိုဟိုသည်သည် ကြည့်၏ ။ ကျွန်တော့်ကိုမှ မြင်သေးရဲ့လား ။ သို့ပေမည့် သတိကောင်းကောင်း ရနေသည် ။ မီက အပြုံးမဟုတ်သော အပြုံးကို ပြုံးကာ ‘ ဘုရားစာတွေတောင် ရွတ်ပေးနေပြီလား . . . ’ ဟု မေးရာက ကြောက်ရွံ့တုန်လှုပ်သွား၏ ။

မီသည် မေးတစ်ဖက်ရွဲ့ကာ ဖျတ်ခနဲ ငြိမ်ကျသွား၏ ။ စိတ်လျှော့လိုက်တာလား ၊ အသက်လွှတ်လိုက်တာလား . . . ကျွန်တော်သည် အလန့်တကြား စမ်းကြည့်လိုက်ရာ ဝိညာဉ်လွင့်စ ပြုနေပြီကို သိရလေသည် ။

‘ ဘလှဝင်း . . . ’

ကျွန်တော် တစ်ခါမှ မကြားဖူးသော ထိုနာမည်သည် မီ၏ အနည်းငယ် ရှုံ့မဲ့နေသော နှုတ်ခမ်းမှ အသက်နဲ့အတူ ပွင့်ပြီးထွက်လာ၏ ။

မီ့ဆီမှာ ကျွန်တော် သိတာတွေ အများကြီး ရှိပါသည် ။

မီ မရှိတော့ အလောင်းသာ ကျန်ခဲ့ပြီ ။ ကျွန်တော်သည် မီ မဟုတ်တော့သော မီ့ခန္ဓာကိုယ်နားက ထလာကာ ပြတင်းပေါက်မှာရပ်သည် ။ မီ ဒီက ထွက်သွားလေသလား မသိ ။ မီ ဝေးဝေးတော့ မရောက်သေးဘူး ထင်သည် ။ အိမ်ပြင်သို့ ပြတင်းမှ ကိုယ်တစ်ဝက်ထုတ်ကာ ဇနီးသည် မီ့ကို လှမ်း၍ နောက်ဆုံး နှုတ်ဆက်လိုက်မိ၏ ။

‘ သွားပေဦးတော့ မီလေးရယ် ၊ သွားပေဦးတော့ ။ နောင်ဘဝ ၊ ဘဝမှာ မီ ထပ်မဖြစ်ရအောင်သာ မောင် ဆုတောင်းလိုက်ပါရဲ့ ။ ’


ကြည်အေး

Comments