မီ - ၃ @ ကြည်အေး




မီ့ကို မုန်းသည်ဟု ကျွန်တော် ပြောခဲ့ဖူးပေသည် ။ သို့သော် ကျွန်တော်၏ အမုန်းသည် မီ ကျွန်တော် တစ်ယောက် အနားသာ ကပ်နေစေလိုသည့် အမုန်း ။ မီ ဘယ်သူ့ကိုမှ တစ်ချက် ပြန်လှည့်မကြည့်စေလိုသည့် အမုန်းမှန်း ခု သိပါပြီ ။

မီသည် ကျွန်တော်က ဟန်လုပ်မနေ ရှက်မနေတော့ဘဲ ‘ မင်းနဲ့ငါ ယူကြစို့ကွယ် ’ ဟု သဘောသက်ရောက်သည့် စကားများကို ပြောလိုက်သည့်အခါ သူ ပြုံးနေကျ မထီတရီ အပြုံးကလေးကို ပြုံးလိုက်၏ ။

‘ အင်း ’ လို့လည်း ခေါင်းမညိတ် ။ ‘ ဟင့်အင်း ’ လို့လည်း မငြင်း ။

ကျွန်တော်သည် မီ့ကို နှောင့်ယှက်၏ ။ မီ ဘယ်သူနှင့် တွဲနေနေ အတင်းဝင်ပြီး ဆွဲခေါ်လာ၏ ။

ပထမတော့ မီက ငြင်းဆန်၏ ။ ထေ့ပြုံးပြုံး၏ ။ ‘ ရှင်က ဘာဆိုင်လို့လဲ ’ ဟု မေး၏ ။

သည်အခါများတွင် ကျွန်တော်က ‘ ဘာဖြစ်လို့ မဆိုင်ရမှာလဲ ။ ကိုယ်က မီ့ကို ယူမယ့်လူ ၊ သူတို့က မီ့ကို အပေါစားလို စိတ်ထဲကထားတာ ’

‘ ရှင် တိတ်လိုက် ’

မီက တွေ့ရာလူကိုဆွဲကာ နေ့ညမရှောင် သွားချင်ရာသွား၏ ။

ကျွန်တော်က မလျှော့ဘဲ မီ့အန္တရာယ်တွေကို ဖယ်ပစ်၏ ။ လက်သီးကို မကြာခဏ အသုံးချရ၏ ။

ကျွန်တော့်မျက်နှာ ၊ မေးရိုး စသည်တို့သည်လည်း မကြာခဏ ဖူးရောင်ရ၏ ။

မီသည် ကျွန်တော့်ဘက်ကနေနေ ၊ သူတို့ဘက်ကနေနေ မီ့ကို ကျွန်တော် အစွမ်းကုန် ကာကွယ်ပါ၏ ။

တစ်ခါတစ်ခါမူ မီသည် မျက်နှာကလေး မသာမယာနှင့် ကျွန်တော့်နောက်သို့ ပါလာ၏ ။

‘ မီတော့ ဖြစ်ချင်ရာတွေ ဖြစ်ကုန်တော့မယ် ။ မီ အရင်တုန်းက မီ ထင်ရာလုပ်ခဲ့ပေမယ့် ခု မလုပ်ပါနဲ့တော့ . . . မီ့အတွက် ကိုဆွေ ရှိပါပြီ ။ ကိုဆွေ့ကို လက်ထပ်ပါ ဆိုတော့လည်း မဟုတ်ပြန်ဘူးတဲ့ ။ မီဟာ ဒီလိုနေရတာ သိပ်ပျော်သလား ။ ဒီလိုလုပ်ပုံတွေနဲ့ မောင်ကိုလေးကိုလည်း သတ်ခဲ့ပြီနော် ။ ကိုဆွေတို့လို တကယ် ချစ်တတ်တဲ့ လူများဟာ ဟို . . . ဦးဘချစ်တို့ ၊ ဦးတင်မောင်တို့လို လူတွေနဲ့ ပြိုင်နေရတာ မသင့်ပါဘူး ။ သူတို့မှာ ယုတ်မာချင်တဲ့ စိတ်သာ ရှိတာပဲ ။ မီနဲ့ ဝေးရလို့များ ကိုဆွေတို့လို ရူးကျန်ခဲ့မယ် ထင်သလား ။ ဝေးလိုက်လေ . . . မီရယ် . . . ’

ကျွန်တော်သည် ညည်းညူရာက ဒေါသထွက် ရွံရှာလာကာ

‘ မင်းဟာ လှည့်စားနေတာပဲ ။ ကိုလေးနဲ့ကျတော့ တစ်မျိုး ၊ ငါ့ကျတော့ တစ်မျိုး ၊ ဟိုလူတွေကို တစ်မျိုး လုပ်နေတာပဲ ။ မင်းဟာ ဂျင်ပဲ ’ ဟု ပြောပစ်မိလေ၏ ။

မီက ဘာလုပ်ရမှန်း မသိသော အမူအရာဖြင့် တွေစိုက်ကာ နေရာမှ ကျွန်တော့်ခြေရင်းမှာ ထိုင်ချကာ

‘ အို . . . မီ ဘာဖြစ်နေတယ် မသိဘူး ။ ထင်ရာရမ်းချင်တဲ့ရောဂါ မီ့မှာ ရှိတယ် ။ ကိုဆွေ မီ သေခါနီးမို့ ကယောင်ကတမ်း ဖြစ်နေတာလား မသိဘူး ’

ဟု ငိုလိုကျ၏ ။

‘ ငါတော့ ချီးမွမ်းပါတယ် မီ . . . မင်းဟာ ငါနဲ့ကျရင် ငိုတယ် ၊ ကိုလေးနဲ့ကျတော့ သူ ငိုတာကို မင်း ပြုံးတယ် ။ မီ . . . မီဟာ ယောင်္ကျားတစ်ယောက်ကို အကြောကြံဖို့တော့ ထိပ်တန်းကပဲ ’

မီက နာသွားသည် ။ ထို့ကြောင့် ထလိုက်ကာ ကျွန်တော်နှင့်ယှဉ်ပြီး ရပ်သည် ။

ကျွန်တော့်မျက်နှာကို မီက ရိုက်လိုက်တော့မည်ဟုပင် ထင်လေသည် ။

‘ အကြောကြံဖို့ ဟုတ်လား . . . နေပါဦး . . . ခု ဘယ်သူက ဘယ်သူ့ကို ချစ်တယ် ချစ်တယ် ပြောနေတာပါလိမ့် ။ ဦးသော်ဆွေ . . . မီက အကြောကြံမယ် စိတ်ကူးပြီး ကိုဆွေ့ကိုများ ချစ်တယ် တစ်ခွန်းပြောဖူးသလား ။ မီ ဘယ်သူ့ကိုမှ မပြောဘူး ။ မချစ်ဘူး . . . လူတိုင်းကို မုန်းတယ် ’

သည်တစ်ခါ နာသူကတော့ မီ မဟုတ်ချေ ။

ကျွန်တော်သည် ဂရုမထားသလို ဟန်ဆောင်လိုက်၏ ။ ပြီးတော့ မီ့ကို ရယ်ပစ်ချင်စွာ သေသေချာချာ ကြည့်၏ ။

‘ အို . . . ကိုဆွေ ဒီလိုမကြည့်ပါနဲ့ ၊ မကြည့်ပါနဲ့ ။ ကိုဆွေ သတ္တိကောင်းမှန်း သိပါတယ် ။ မီ ဘာဖြစ်ဖြစ် ကြည့်နေနိုင်မှန်း သိပါတယ် ’

မီက ကျွန်တော့်လက်ပေါ် ယိမ်းယိုင်ကျကာ ငိုယိုရင်း မူးဝေနေသူပမာ တစ်လုံးချင်း ပြောသေး၏ ။

‘ မီက အကြောမကြံရပါဘူး ကိုဆွေရယ် . . . သူများကြံတာ မီ ခံရတာပါ ။ အို . . . မီ ဘယ်လို ပြောရမှာလဲ ။ မီ ယောင်္ကျားတစ်ယောက် ဘယ်လို ယုတ်မာတယ် ဆိုတာ သိခဲ့ပြီးပါပြီ ။ မီ ကျောင်းထွက်စ အသက်ငယ်ငယ်လေးတုန်းက တွေ့ရဖူးပါတယ် ။ ’

‘ မီ အဲဒီကတည်းက ရမ်းကားခဲ့တယ် ။ အရက်ဆို မမူးတမ်း သောက်တယ် ။ ကစားဝိုင်းတကာ ရောက်ဖူးတယ် ။ ယောင်္ကျားတကာနဲ့ တွဲတယ် ။ ဒါပေမဲ့ တစ်ခါက နှစ်ခါ အနှပ်မခံဘူး ။ သူတို့ ဒုက္ခရောက်ရုံ မီ လုပ်တယ် ။ ’

‘ မီဟာ ကျားနာပဲ ။ မီ မြင်ရာလူကို ဒုက္ခပေးချင်တယ် ။ သူတို့ကို သနားစရာလား ။ မီ့ကို မကောင်းကြံ နေတာတွေ သူတို့ ချောက်ထဲကျရင် မီကတော့ ဝမ်းသာလိုက်တာ ။ ဒါပေမဲ့ လေးလို လူကိုတော့ မီ မရယ်နိုင်ပါဘူး ။ လေးကို မီ တကယ် သနားပါတယ် ။ အို . . . မီ့မှာ အသည်းနှလုံး မရှိတော့ဘူးလို့ ထင်သလား ’

ကျွန်တော်က မတုန်လှုပ်ဘဲ အေးဆေးစွာ ။

‘ ခက်တာက မီ . . . သော်ဆွေဟာ ကိုလေး မဟုတ်ဘူး ။ မီ စကားတစ်လုံးပြောရင် ‘ ပြောင်နေတာလား ’ လို့ ကိုလေးက တွေးတယ် ။ အဲဒါ ကိုလေးနဲ့ ငါ ကွာတာပဲ ။ မင်းဟာ သိပ်မွှတ်တယ် ။ ကိုလေးအပေါ် ငါ ဘယ်လို စိတ်မျိုးထားတယ် ဆိုတာ သိတော့ ကိုလေးအပေါ် သနားပြတယ် ။ သူတော်ကောင်းကြီးပဲ ’

မီသည် ကြက်သေ သေသွားပြီးမှ မျက်ရည်ကြားက ပြုံးကာ မျှော်လင့်ချက် ပျက်ပြားသွားသလို ခေါင်းခါလေသည် ။

မီသည် နောက်တစ်နေ့တွင် ချောင်းဆိုးပြီး အိပ်ရာထဲ လဲပြန်၏ ။

ကျွန်တော်က မီ့ကို ဦးတင်မောင် အိမ်မှာ မနေစေဘဲ ဆေးရုံသို့ပို့၏ ။

မီသည် ညက ကျွန်တော် ပြန်သွားပြီးသည့် အချိန်ကစ၍ အအေးထဲ မိုးလင်းအထိ ထိုင်နေသည်ဟု ဦးတင်မောင်က ပြောပြ၏ ။

မီသည် ဝရန်တာမှာ ကုလားထိုင် တစ်လုံးနှင့် ထိုင်၏ ။ အိမ်ထဲဝင်ဖို့ ပြော၍မရ ။

ပက်လက်ကုလားထိုင်ပေးသည် ရွှေ့မထိုင် ။ စောင်ပေးလည်း မခြုံဘဲနေသည် ။

မိုးလင်းသော် မီ့တစ်ကိုယ်လုံးသည် ရေခဲလို အေးစက်ကာ သွေးချောင်းသာ ဆိုးကာနေလေသည် ။

သည်အထဲမှာ သောက်လိုက်တဲ့ စီးကရက် ။ ဒါကိုမဖြတ်နိုင်လျှင် အသက်တိုမည်ဟု ဆရာဝန်က ပြောသည်ကို မီက အားကြီးကို သဘောကျနေပေသည် ။

မီသည် ကျားနာမှ တကယ့်ကျားနာ ။ သူ့အမြီး သူ ပြန်ခဲနေပြီး လောကမှာ မီသည် ဂြိုဟ်ကောင်သက်သက် ဘယ်သူ့ကိုမဆို မွှေသည် ။ သူ့ကိုယ်သူ ကောင်းကျိုးမပေး ။

ကျွန်တော်က မီ သောက်နေသော စီးကရက်ကို ယူလွှင့်ပစ်သည့်အခါ မီသည် တစ်မျိုးကလေး ပြုံးရှာ၏ ။

ကျွန်တော်လည်း သူ့အပြုံးမှာ မူးနောက်သလိုလို ဖြစ်သွားကာ ကိုလေးနဲ့ဖြင့် တူတူလာပါပြီဟု ကိုယ့်ကိုယ်ကိုယ် ထင်မြင်လိုက်ပေသည် ။

ကျွန်တော်သည် မီ သေရင် ငါ မနေတော့ဘူးဟု တွေးလိုက်မိသောကြောင့် ဖြစ်၏ ။

မီ ဆေးရုံက ဆင်းလာသည့်အခါ ကျွန်တော်သည် တယုတယထဲသာ ယုယနေမိသည် ။

မယုယဘဲ နေနိုင်ပါ့မလား ။ မီ ဆေးရုံတက်ရတာဟာ ကျွန်တော့်ကြောင့်ပဲ ။ မီ့မှာ အသည်းနှလုံးရှိသည် ဆိုတာကို ကျွန်တော် ယုံပြီး မီ၏ အသည်းနှလုံးသည် ကျွန်တော်တို့လုံးလုံး ဖြစ်ချင်ဖြစ်မည်ဟုပင် အထင်ကြီး၏ ။

ရက်စက်သည် ဆိုချင်ဆိုပါ ၊ မီ ဆေးရုံတက်ရခြင်းကို ကျွန်တော် ကျေနပ်၏ ။ မီ့လုပ်ပုံကို သဘောကျလျက် ရှိ၏ ။

မီ စကားတစ်ခွန်း ပြောလျှင်လည်း အရင်လို သံသယ မပွားတော့ ။ မယုံချင်စရာ မကောင်းတောင် မီ့လက်ကလေး ဖြူဖြူဖျော့ဖျော့ကို ဆုပ်ကိုင်ကာ ထိုအထိအတွေ့ဖြင့် တုန်လှုပ်လာသော စိတ်ဖြင့် မယုံနိုင်ခြင်းကို မေ့ပစ်လိုက်သည် ။

မီကမူ အတိုင်းထက်အလွန် မတုန်မလှုပ် ပမာမခန့် နိုင်လာ၏ ။

ကျွန်တော်က ‘ မီ . . . မီ . . . မီ ’ ဟု ဒရောသောပါး ဖြစ်သမျှကို ခါးထောက်မပျက် အေးစက်စက် ပြုံးပြီးကြည့်၏ ။

တစ်ခါတစ်ခါ အောင့်သက်သက် ဖြစ်စရာ တရားကျသည့် ပညာရှိဟန်နှင့် ခေါင်းတညိတ်ညိတ် လုပ်သေး၏ ။

ကျွန်တော့်ကို ရှိသည်ပင် မအောက်မေ့ဘဲ မီ ဖြစ်ချင်သလို ဖြစ်၏ ။

စီးကရက်ကို အနားမရှိသောက်၏ ။

ထို့နောက် ယောင်္ကျားတစ်ယောက်ယောက်ကို ဆွဲခေါ်ကာ ဘားသို့သွား၏ ။

ထို့နောက် ဘရန်ဒီ ဖြစ်ဖြစ် ၊ ဘီယာ ဖြစ်ဖြစ် မှာကာသောက်၏ ။ မူး၏ ။ ထို့နောက် ဘာဖြစ်သလဲ မသိပေ ။ သိလည်းမသိချင် ။

ကျွန်တော် စိတ်ညစ်လျှင် ‘ ကိုဆွေရယ် . . . မီ့ကို မုန်းလိုက်ပါ ။ မီဟာ ဘယ်လောက် မကောင်းတဲ့ မိန်းမစားလဲ ဆိုတာ သိပြီမဟုတ်လား ။ မုန်းလိုက်ပါ ’ ဟု မီက တိုက်တွန်းမည် ။

ကျွန်တော်က မီ့ကို ထင်တိုင်းဖြစ်ပါစေဟု ပစ်ထားကာ စားပွဲမှာ ထိုင်ငိုင်လျှင် ပထမ အီဗနင်အင် ပဲရစ်နံ့ကလေး ရမည် ။

ပေါ့တော့တော့ အေးစက်စက် လက်ကလေး ပခုံးပေါ် ကျလာမည် ။

မီ့မျက်နှာကလေးတစ်ဝက် ပါးပြင်နားသို့ ကပ်လာမည် ။

ကျွန်တော်သည် သည်အခါများတွင် ဗြုန်းခနဲထကာ

‘ မီ . . . မီ . . . ကိုဆွေကို တစ်နေရာရာ နှင်ပြီးတော့ လှေကားအရှည်ကြီးပါတဲ့ အိပ်မက်အကြောင်း စာရေးပေးပြီး သေတော့မခိုင်းပါနဲ့ကွယ် ’

ဟု ပြောမိသည် ။

မီသည် မျက်နှာပျက်သွားတတ်၏ ။

‘ သြော် . . . ကိုဆွေကအစ မီ့ဘက်မှာ မရှိဘူးနော် ။ ကိုဆွေဟာ လေးဘက်က သိပ်နာနေတာကိုး ’ ဟု ပြောကာ ကမန်းကတန်း ထွက်သွား၏ ။

မီဟာ ကျွန်တော့်ကွယ်ရာမှာ ငိုရအောင် ထွက်သွားတာပဲ ။

Comments