မီ - ၄ @ ကြည်အေး




တစ်ညနေမှာ မီ့ကို တွေ့ချင်၍ သူ သွားနေကျ ဟိုတယ်သို့ လိုက်သွား၏ ။

စားပွဲတစ်ခုမှာ မီ့ကို အလယ်ကထား၍ ဦးဘချစ်နှင့် ဦးတင်မောင်တို့ ထိုင်သည်ကို တွေ့ရသည် ။ ဦးဘချစ်နှင့် ဦးတင်မောင်တို့သည် လူကြားကောင်းသော ရန်စကားများကို ပြောနေဟန်တူ၏ ။

ဘာပဲဖြစ်ဖြစ် မျက်နှာက အတွင်းသဏ္ဏာန်ကို မဖုံးနိုင်ပေ ။

မီက ကလေးငယ်ပမာ အပြစ်ကင်းစင်သည့် မျက်နှာဖြင့် ပြုံး၍နေ၏ ။

ကျွန်တော်ကမူ အပြုံး၏ နောက်ကွယ်က ရက်စက်သည့် အရိပ်ကို လှမ်းမြင်သည် ။

ခဏကြာသော် ဟိုတယ်တို့ ထုံးစံအတိုင်း တစ်ထောင့်က ဒုန်းဒိုင်းနှင့် ဆူညံသတ်ပုတ်ကြ၏ ။

အရက်ပုလင်းချင်းရိုက်သံ ၊ ဖန်ခွက်ကွဲသံ ၊ ကုလားထိုင်ဖြင့်ပေါက်သံ စသည်ဖြင့် ရုပ်ရှင်စတန့်ကား ဆန်လှ၏ ။

ဦးတင်မောင် မွေးထားသည့် လူမိုက်များနှင့် ဦးဘချစ်၏ တပည့်ပုလိပ်များ ရန်ဖြစ်ကြသည် ။ အကြောင်းရင်းကတော့ ထင်ပေါ်လွန်း လှပါသည် ။

ဦးဘချစ်က ရန်ဖြစ်သူများထံ သွားကာဖျင်၏ ။

ဦးတင်မောင်က သတိမပြုချင် ဟန်ဆောင်သော်လည်း သူ့လူများကို ‘ မကြောက်နဲ့ ’ ဟူသော အဓိပ္ပာယ်ဖြင့် လှမ်းပြီးခေါင်းငဲ့ပြ၏ ။

မီကမူ ဘာကိုမှ မမှုဘဲ အေးအေးဆေးဆေးပင် စားသောက်မြဲ စားသောက်နေသည် ။

မီ မတုန်လှုပ်သည်ကိုကြည့်ကာ ကျွန်တော့်ရင်တွင် ကြပ်လာ၏ ။

ကျွန်တော့်ဘေးက အင်္ဂလိပ် အိမ်က ဒရိုင်ဘာလိုလို ၊ ဘိလပ်ပြန်လိုလို တစ်ယောက်က ပေါင်မုန့်ကို တစ်ချပ်ပြီးတစ်ချပ် စားရာက . . .

‘ ဦးဘချစ်နဲ့ သူဌေး ဦးတင်မောင် ဖြစ်ကြပြန်ပြီ ။ ခင်ဗျား နားသာထောင်နေ ။ ဒါနဲ့ မဆုံးသေးဘူးမှတ် ။ အရင်းခံ တရားခံ ကြည့်မလား ။ ဟောဟိုမှာ မီတဲ့ မလှလား ’

ဟု မီ့ကို မေးငေါ့ပြကာ ကျွန်တော့်ကို မျက်စိတစ်ဖက် မှိတ်ပြ၏ ။

‘ အဲ့ဒီမိန်းမဟာလေ ’

မီ့အကြောင်းကို သူများပြောသံ ကြားရတာ များလှပြီ ။ ကြားရတိုင်း ကျွန်တော် စိတ်မသက်မသာ ဖြစ်ရ၏ ။

ထိုသူ ဘာမှထပ်ပြောဖို့ မလိုပါ ။ လုံလောက်ပါပြီ ။ ကျွန်တော်သည် ‘ တော်ဗျာ ’ ဟု ငေါက်ပစ်လိုက်၏ ။

ဦးဘချစ် ပြန်လာသော် မီနှင့် ဦးတင်မောင်တို့ မရှိတော့ပေ ။ ထသွားသည်ကို ကျွန်တော်လည်း မမြင်လိုက် ။

ဦးဘချစ်က အံတချက်ကြိတ်ပြီး အခန်းပြင်သို့ ထွက်သွား၏ ။

ကျွန်တော်လည်း မယောင်မလည် လိုက်၏ ။

ဦးတင်မောင်ရော ၊ မီရော ၊ ဦးဘချစ်ရော ရပ်နေကြသည်ကိုတွေ့ကာ တံခါးဝမှ သူတို့ကို ကျောပေး၍ ရပ်လိုက်၏ ။

‘ ခင်ဗျားတို့ လစ်ပြေးတာကိုးဗျ ’

ဦးဘချစ်၏ ရယ်ရယ်မောမောအသံ

‘ မီက ကြောက်လို့တဲ့ဗျ ’

ဦးတင်မောင်၏ ဆင်ခြေ . . .

‘ မီ ကြောက်တယ် မပြောပါဘူး ’

ဟု မီ ပြောသံကိုကြား၍ သူတို့ ဘယ်လို ဖြစ်နေမည်ကို လှည့်ကြည့်ချင်လာ၏ ။

ဦးဘချစ်က

‘ ကျုပ်တို့သုံးယောက် ဂလုပ်သွားမယ် ပြောတာနော် ။ နှစ်ယောက်ထဲတော့ မသွားပါနဲ့ ။ ကျုပ်လည်း ကြည့်ချင်ပါသေးတယ် ’

ဟု ခပ်ရွှင်ရွှင် ပြောသံကိုကြား၏ ။

‘ ခင်ဗျား ကြည့်ချင်ရင် လက်မှတ်ဝယ်ပေးပါ့မယ်ဗျာ ။ တစ်ညလုံး ရုံထဲက မထွက်ပါနဲ့ ။ တစ်ရုံပြီးတစ်ရုံ ဆက်ကြည့်ပါ ။ ကျွန်တော်တို့ကတော့ မကြည့်ပါဘူး ။ မီက ကားလျှောက်စီးမယ် ပြောတယ် ’

ဦးဘချစ်ကတော့ မျက်မှောင်ကုတ်သွားမှာပဲ ။ ဦးတင်မောင်က မဲ့ရွဲ့ပြီး နေမလား ။

ဤသို့ တွေးမိခိုက် မီသည် ကျွန်တော့်ဘေးနားသို့ ဖြုတ်ခနဲ ပေါက်လာ၏ ။

‘ လာ . . . ပြေးရအောင် ’

မီနှင့်ကျွန်တော်သည် အခန်းတွင်းသို့ ပြန်ဝင်ကာ ဟိုတယ်ဘေးပေါက်မှ ခပ်သုတ်သုတ်ဆင်း၏ ။

မြင်းရထား တစ်စီးပေါ်တက်ကာ အမြန်မောင်းခိုင်းရင်း ဘေးက တရုတ်ကပ်ကလေးများကို ကျွန်တော် ပိတ်၏ ။

မီက . . . ‘ မပိတ်ပါနဲ့ ဂရုစိုက်လို့ ’ ဟု ပြော၏ ။

မြင်းရထားလည်း အတော်ပြေးသည် ။ ဟိုတယ်သည် နောက်မှာ ကျန်ခဲ့၏ ။

ဦးဘချစ်တို့ နှစ်ယောက်လည်း ကျန်ခဲ့ပြီ ။ ထိုးသတ်များ နေလေမလား ။

သို့သော် နှစ်ယောက်လုံးသည် ဗြောင်ရန်ဖြစ်လောက်အောင် မိုက်ကန်းမည် မဟုတ်ပေ ။

နှစ်ယောက်လုံး ကျော်ကြားသည့် လူကြီးလူကောင်းများ ဖြစ်ပေသည် ။

‘ နွားကြီးနှစ်ကောင် ’

မီသည် ဤသို့ ရေရွတ်ကာ ဝမ်းသာအားရ ရယ်၏ ။

ကျွန်တော်လည်း ယောင်ယမ်းခေါင်းညိတ်ကာ မီ့ကို ငေးမောပြီး ကြည့်၏ ။

‘ မီရယ် . . . ကိုဆွေ့ကို လက်ထပ်ပါတော့ ။ ကိုဆွေတို့နှစ်ယောက် ရန်ကုန်ကထွက်ပြီး တောထဲ ၊ တောင်ထဲ သွားလည်ရအောင် ’

ဟု ကျွန်တော်က ပျော့ပျောင်းစွာ အောက်ကျခံ၍ တောင်းပန်လိုက်သည် ။

မီက ဘာလုပ်သလဲ ။ မီက ပြောင်ချော်ချော်ရယ်ကာ

‘ တောထဲ တောင်ထဲ ဆိုတော့ အတော်ပျော်စရာ ကောင်းမှာပေါ့နော် ကိုဆွေ ’

သည်လိုပြောပြီး စီးကရက် မီးခိုးနှင့် ကျွန်တော့်မျက်နှာကို မှုတ်ပက်လိုက်၏ ။

ကျွန်တော်က မသိလိုက် မသိဘာသာ ။

‘ ပျော်ရအောင်ပေါ့ မီ . . . လက်ထက်ပါလို့ ဆိုတာ ’

မီက ‘ ဟင့်အင်း ’ ဟု ရှင်းရှင်းပင် ငြင်း၏ ။

ကျွန်တော်က

‘ မီရယ် . . . ကိုဆွေ့ကို ဒီလောက်ပဲ မုန်းသလား ’

ဟု မချိမဆံ့မေးလျှင် မီက ကျွန်တော် တစ်ဆင့်ကြားခဲ့ဖူးသော အဖြေကို ဖြေ၏ ။

‘ မမုန်းပါဘူး . . . မချစ်ပါဘူး ’

ကျွန်တော်၏ ခေါင်းတွင်းသို့ အကြောက်တစ်မျိုး ဝင်လာပြီး မီ့ကို ငေးကြည့်မိသည် ။

မီက ဒါကို ကျေနပ်ဟန်ဖြင့် ချိုမြစွာ ပြုံးလိုက်၏ ။


Comments