စနေတစ်ညမှာ မီ့ထံမှ ‘ ဦးတင်မောင် ဆုံးပြီ အမြန်လာပါ ’ ဟု အဓိပ္ပာယ်ရသော စာတစ်စောင်ရ၏ ။
အချိန်မှာ ၁ နာရီ ကျော်ပြီ ။ စာမှာ အရေးတကြီး လွှတ်လိုက်သဖြင့် ချက်ချင်းထပြီး သွားရသည် ။
ရောက်သော် အိပ်ခန်းတွင်းဝယ် ခုတင်ကို ကန့်လန့်ဖြတ်ကာ လဲလျက်သေဆုံးနေသော ဦးတင်မောင်ကို တွေ့ရ၏ ။
ညအဝတ်အစားကို ဝတ်ထားသည် ။ လက်တွင် သက္ကလတ် လက်အိပ်စွပ်ထားသည် ။
ဘယ်လက်မှာ သေနတ်ကို ခပ်လျော့လျော့ ကိုင်ထား၏ ။
ညာဘက်ရင်ဘတ်မှာ သွေးများခဲနေသော သေနတ်ဒဏ်ရာ ရှိသည် ။
ကျွန်တော်၏ ဘေးတွင် မီသည် ရင်ကလေးပင့်ကာ ဦးတင်မောင် အလောင်းကို တစ်လှည့် ၊ ပုလိပ်မင်းကြီးကို တစ်လှည့် ၊ ကျွန်တော့်ကို တစ်လှည့် လှည့်ပတ်ကာ ကြည့်နေလေ၏ ။
လူယုံ ကုလားကပြားမှာ အိမ်ထဲဝင်လိုက် ၊ အိမ်ပြင်ထွက်လိုက်ဖြင့် ပျာယာခတ်နေ၏ ။
အစေခံများမှာ အိမ်ရှေ့တွင် ကြောက်ရွံ့တုန်လှုပ် နေကြသည် ။
ဦးတင်မောင်က ဘာကြောင့် သတ်သေပါလိမ့် ။ သည်လိုလူစား သတ်သေသည်ကို ကျွန်တော် မယုံနိုင် ဖြစ်မိ၏ ။
ဦးတင်မောင်သည် ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာ နေသူပီပီ အင်မတန် သတ္တိကြောင်ပေသည် ။
ကျွန်တော်သည် ဦးတင်မောင် သေနေပုံကို စေ့စေ့စပ်စပ် ကြည့်ရင်းက ခုတင်၏ အနောက်ဘက် ခြေထောက်အနီး မှောင်ရိပ်ကျကျမှာ ပုလဲရင်ထိုးကလေး တစ်ခုကို ရေးရေးမြင်ရ၏ ။
စုံထောက် မလာခင် အခြေလည်း မပျက်အောင် ထိုရင်ထိုးကလေးကို ကောက်ရသည်မှာ မလွယ်ချေ ။
သည်အမှုကို မိမိကိုယ်ကို သတ်သေမှုဟု မီက တိုင်၏ ။
ပုလိပ်မင်းကြီးက စစ်စရာ မေးစရာများကို စစ်မေး၏ ။
သည်အတွင်း ‘ ကျွန်တော့်ကားက အရေးရှိရင်ပျက်ပြီ ’ ဟူသော အညည်းနှင့် အစိုးရစုံထောက် ရောက်လာ၏ ။
စုံထောက်တို့ ထုံးစံအတိုင်း ကြည့်သည် ။ သူသည် မီ့တိုင်ချက်ကို ဂရုမစိုက်ပေ ။
မီ၏ ပြိုးပြိုးပြောင်ပြောင် အဖိုးတန် အဝတ်အစားများသည် အခြေအနေနှင့် မလိုက်ပေ ။
မီသည် ယခုမှ ဟိုတယ်ကပွဲက ပြန်လာသည် ။
သူသည် အိမ်က အခေါ်လွှတ်မှ ပြန်လာကာ အားလုံး သိရသည် ။
မီသည် ဤသို့ ကျွန်တော့်အား ပြောပြနေစဉ် ကျွန်တော်သည် မီ့မျက်နှာကိုသာ စိန်းစိန်းကြည့်နေမိ၏ ။
ထို့နောက် မီသည် အဝတ်သွားလဲ၏ ။
စုံထောက်က စစ်ဆေးကြည့်ရှုပြီးသော် ကျွန်တော်နှင့် ပုလိပ်မင်းကြီးကြားတွင် လာရပ်ကာ
‘ ဒါဟာ လူသတ်မှုပဲ ’
ဟု တထစ်ချ လေးနက်စွာ ပြောလေသည် ။
ကျွန်တော်သည် ရှပ်နာရီအိတ်တွင်းမှ ရင်ထိုးကလေးကို ယောင်ယမ်းပြီး စမ်းသပ်လိုက်မိ၏ ။
စုံထောက်ကိုလည်း ဆွဲထိုးချင်လာ၏ ။
မီ ခုနေရှိရင် ဘယ်လို နေမလဲဟု တွေး၏ ။
သို့သော် မီ ဆင်းလာသည့်အခါ ကျွန်တော်က လူသတ်မှု ဖြစ်ကြောင်းပြောလျှင် မီက ‘ အို ’ ဟု အံ့သြသွားရုံထက် ဘာမှပိုမဖြစ်ချေ ။
နောက်တစ်နေ့တွင် ဦးဘချစ်ကို ဖမ်းလိုက်၏ ။
ကျွန်တော့်ကိုလည်း စောင့်ကြည့်နေ၏ ။ မီလည်း မအားရ ။
ဦးတင်မောင်၏ အမှုသည် ကျေနပ်စရာမရှိ ၊ ရှုပ်ပွေ၏ ။
သေသည့်ညက သေနတ်သံပင် မကြားကြ ။ သေပြီးအတော်ကြာမှ သိရသည် ။
အမှုသည် အနည်းငယ် ပတ်ချာလည်နေစဉ် ကျွန်တော်သည် တက္ကစီ တစ်စီးကို တစ်နေ့တွက်ငးကာ မီ့ကို ခေါ်လာ၏ ။
ပြည်လမ်းတစ်လျှောက် ဖြည်းနှေးစွာ မောင်းလာ၏ ။
မီသည် ကျွန်တော့်ဘေးမှာငြိမ်ပြီး ထိုင်လိုက်၏ ။
ဘယ်သူမှ စကားပြောဖို့ စိတ်မကူး ။
မီ့့စိတ်ထဲ ဘာဖြစ်နေမည်ကို တွေးမိ၏ ။
ကျွန်တော်ကမူ တုန်လှုပ်၍ နေ၏ ။
သတ္တိကြောင်၍ ကြောင်၍ လာသည် ။
သည်ကားနှင့်ပင် လွတ်ရာကျွတ်ရာ မောင်းပြေးချင်လာ၏ ။
မီက တိတ်ဆိတ်ခြင်းကို ထိတ်လန့်လာသည့်သဖွယ်
‘ ပျင်းစရာကြီး ’ ဟု ကျွန်တော့်အာ စကားပြောရန် ခိုင်းလိုက်၏ ။
ကျွန်တော်မှာ ဘာဖြစ်သွားမှန်း မသိဘဲ မီ့ကိုသာ စိုက်ကြည့်မိရာ မီက ဟန်မပျက်အောင် သူ့ကိုယ်ကို သူ ထိန်း၍နေ၏ ။
မျက်နှာ တစ်ချက် တစ်ချက် ပျက်သွား၏ ။
နောက်ဆုံးတွင်ကား သူ ပြုံးနေကျ အေးစက်စက် အပြုံးကလေး ပေါ်လာသည် ။
ကျွန်တော် ဒေါသထွက်ကာ
‘ ရယ်လိုက်ပါ . . . မီ ။ ပစ်ပြီးရယ်လိုက်စမ်း ’ ဟု အော်မိရာ
‘ ကိုဆွေ ဘာဖြစ်သလဲ ’ ဟု ဝမ်းနည်းသွားသလို မေး၏ ။
‘ မီ . . . ဦးတင်မောင် သေတဲ့ညက အင်္ကျီတစ်ထည် မစုတ်ဘူးလား ။ မီ့ပုလဲရင်ထိုးလေးကော မပျောက်ဘူးလား ’
မီသည် ဘာဖြစ်သွားသည်ကို ဖော်နိုင်ဖို့ရာ စကားလုံး အတော်များများ သုံးရပေမည် ။
မီသည် ကြောက်သွား၏ ။
ပြီးတော့ ကျွန်တော့်အား ရွံမုန်းသွားပြီး အရှုံးပေးလိုက်၏ ။
သို့သော် သတ္တိဆောင်လိုက်၏ ။
မီသည် ဝိုင်းလည်နေသော မျက်လုံးများဖြင့် ကြည့်ရာက အားယူပြီး ပြုံးလိုက်ရာ အပြုံးသည် အမဲ့ဖြစ်၍ နေလေသည် ။
‘ မီဟာ ကိုလေးကိုတော့ သေခိုင်းလို့ ရတယ် ။ ဦးတင်မောင်ကတော့ ဒီလိုလူစား မဟုတ်ဘူး ။ ဒီတော့ မင်း ကိုယ်တိုင် ကိုယ်ထိလက်ရောက် သတ်လိုက်တယ် ။ မီ ငြင်းချင်ငြင်းဦး ’
ကျွန်တော်က ပုလဲရင်ထိုးလေးကို ပြလိုက်၏ ။
ရင်ထိုး၏အပ်တွင် ပဒုမ္မာ အင်္ကျီအစုတ် စကလေးသည် ညပ်မြဲ ညပ်နေသေးသည် ။
ရင်ထိုးမှ ပုလဲပွင့်ခိုင်ကလေးမှာ ကျိုးလုကျိုးချင် ဖြစ်နေသည် ။
‘ ဦးတင်မောင်နဲ့မင်း သူ့အခန်းထဲမှာ ဟိုညက ရှိတယ် ။ မင်းတို့ ဘာဖြစ်သလဲတော့ ငါ မသိဘူး ။ နပန်းလုံးချင်လည်း လုံးမယ် ဟား . . . ဟား ။ ’
‘ ပြီးတော့ မင်းဟာ တစ်ခုခုဖြစ်ပြီး ဦးတင်မောင်ကို ပစ်သတ်တယ် ။ ပြီးတော့ သူ့ကိုယ် သူ သတ်သေပါတယ်ဖြစ်အောင် မင်း သွေးအေးအေးနဲ့ လုပ်တယ် ’
‘ ငါ မြင်မိသေးတယ် မီရယ် ။ မိန်းမလှလှ နွဲ့နွဲ့ကလေးတစ်ယောက်ဟာ ယောင်္ကျားကြီး တစ်ယောက်ကို ပစ်သတ် ၊ သေနတ်က လက်ရာတွေသုတ်ပစ် ။ သေသူ့လက်ကို လက်အိတ်စွပ်ပေးပြီး သေနတ်ထည့်ပေး ။ ဒါမှ သေနတ်လက်ရာ မရှိတာ ယုတ္တိတန်မှာကိုး ။ သိပ်ဉာဏ်သွားတာပဲနော် ။ ’
‘ အဲဒီ မိန်းကလေးမျိုး မီ မဖြစ်ချင်ဘူးလား ဘယ်လောက် သတ္တိကောင်းသလဲ ။ အလောင်းကောင်ကြီးနားမှာ ညကြီးမင်းကြီး တကုပ်ကုပ် လုပ်နေတာလေ ’
မီသည် မျက်စိများမှိတ်၍ လက်ကလေး နှစ်ဖက်ကို သူ့ပါးမှာ အပ်ကာ ‘ ဘုရား . . . ဘုရား ’ ဟု မပီမသ တနေ၏ ။
မျက်နှာမှာလည်း အိုစာသွားကာ နဂိုက ဖျော့ရာတွင် ခု ဘာရောင်မှ မရှိတော့ဘဲနေ၏ ။
‘ မီ ကြောက်ဟန်ဆောင်ပြန်ပြီ ။ မီ တလိုက်တာက ဘာဘုရားတုန်း ။ အရက်ပုလင်းစောင့်တဲ့ ဘုရားလား ၊ စီးကရက်ဘူးစောင့်တဲ့ ဘုရားလား ။ ကိုင်း ဒါတွေတော်ပါတော့ကွယ် ။ မင်း ဦးတင်မောင်ကို သတ်ပုံကလေး ပြောပြပါဦး . . . နားထောင်ရအောင် ’
မီက ကျွန်တော့်လက်ဝါးပေါ်က ပုလဲရင်ထိုးကလေးကို လုယူတော့မလို ကြည့်ရင်းက မူးဝေသွားသလို ခေါင်းနောက်လန်သွားကာ
‘ ကိုဆွေ . . . မီ့ကို ပုလိပ်လက် အပ်တော့မလား ’ ဟု အားနည်းစွာ မေး၏ ။
‘ တစ်ယောက် အသတ်ခံရရင် တစ်ယောက် ကြိုးစင်တက်ရတာပဲ မီ ’
‘ အို . . . ကိုဆွေကို ချစ်တယ်လို့ တစ်ခါမှ မပြောဘူးတာ ခုပြောတော့မယ် ထင်ပါရဲ့ဟင် . . . မီ မင်းဟာ တစ်ဆိတ် လည်လွန်းတယ်နဲ့တူတယ် ။ လည်ပေမဲ့ ငါ့အကြောင်းတော့ မင်း ကောင်းကောင်း မသိသေးပါဘူး မီ . . . မင်းဟာ သိပ်ရယ်စရာ ကောင်းတယ် ။ ရယ်စရာမှ တကယ့်ရယ်စရာ ’
ကျွန်တော်က တဟားဟား ရယ်ပစ်ရာက မီ့အကဲကို ကြည့်လိုက်၏ ။
ကျွန်တော့်စကားသံနှင့် ရယ်သံသည် မီ့ကို ထိသွား၏ ။ မီ့မာနကို ထိသွား၏ ။
ထို့ကြောင့် မတည်ငြိမ်လှသော အသံဖြင့် ကျွန်တော် ရယ်တာကိုလိုက်ပြီး ပဲ့တင်ထပ်ရန် ကြိုးစား၏ ။
သို့သော် ကြိုးစားမှုသည် အလကား ။ မီ့ရယ်သံသည် အအစကားပြောသလို မဆုံးခင် ရပ်တန်းမှာ ရပ်သွား၏ ။
မီ စကားပြောနိုင်သေး၏ ။
‘ ကိုဆွေဟာ ဘယ်လောက်များ မုန်းစရာကောင်းတယ် ဆိုတာ မီ သိပါတယ် ။ ဘယ်လောက်များ ကိုဆွေ့ကို မီ မုန်းဖို့သင့်လိုက်ပါလိမ့် ။ အို . . . သေလုအောင်ကို မုန်းပစ်လိုက်ဖို့ သင့်ပါတယ် ’ ဟု ခါးသီးစွာညည်းကာ
‘ ဒါပေမဲ့ ဒါဟာ မီ မလုပ်နိုင်ဆုံး အလုပ်ပဲ ။ သူ့ကို မုန်းဖို့ရာ မီ မလုပ်နိုင်ပါဘူး ’
ဟု တီးတိုးစွာ ကျွန်တော် မကြားအောင် သူ့ကိုယ် သူ ပြော၏ ။
‘ ဘာ ’ ဟု ကျွန်တော် မေးလိုက်သည်ကို ပြန်မပြောတော့ချေ ။
ထို့နောက် ကြောက်လည်းမကြောက် ၊ မှုလည်းမမှုဟန်ဖြင့် ဦးတင်မောင်ကို သတ်ပုံပြောပြ၏ ။
‘ သူ့ကို မုန်းတယ် ၊ သတ်ပစ်ချင်အောင်ကို မုန်းတယ် ။ မီ့ကို သူ မကောင်းကြံနေတယ် ။ မီ လူဖြစ်ရှုံးအောင် ၊ သူ့ကို ကြောက်အောင် လုပ်ချင်တယ် ။ ’
‘ အဲဒီညက ‘ ဝီစကီ သောက်ပါဦးလား ’ တဲ့ . . . မီ့ကို ခေါ်တယ် ။ ကောင်းသားပဲလို့ မီက လိုက်သွားတယ် ။ ထမင်းစားခန်းကို သွားတာပဲ ။ သူ့အိပ်ခန်းကို ဖြတ်သွားရတယ် ။ သူ့အခန်းဝရောက်တော့ အတင်းဆွဲခေါ်ပြီး တံခါးပိတ်တယ် ။ သူ့ဗလကြီးကိုလည်း ကိုဆွေ သိသားနဲ့ ။ သူက ပြောသေးတယ် ။ ‘ မီ ကျုပ်ကို ကြိုက်တယ် မဟုတ်လား . . . ဟန်လုပ်မနေပါနဲ့ ’ တဲ့ ထွီ . . . ရွံစရာ ကောင်းလိုက်တဲ့ပါးစပ် ’
‘ မီက အကြံယူပြီး သူ့အိပ်ရာပေါ် လှဲလိုက်တယ် ။ သူကတော့ တကယ် အောက်မေ့တာပေါ့ ။ ဒီလိုနဲ့ မီက ခေါင်းအုံးနဲ့ သူ့ခေါင်းကို လှမ်းအပေါက်မှာ ခေါင်းအုံးအောက်က သေနတ်ကလေး ထွက်လာပါလေရော ။ ပစ္စတိုလေး သိပ်လှတာပဲ ။ သူ့လက်ထဲမှာ ကိုဆွေ မြင်တယ် မဟုတ်လား ။ ’
‘ မီက ပစ်မယ် ချိန်လိုက်တော့ အမယ်လေး . . . သူ့မှာ ကြောက်လိုက်တာ ယောင်္ကျားမဟုတ်သလိုပဲ ။ ကြောက်လိုက်တာ မီ့ကို ရှိခိုးမလို ဘာလိုနဲ့ တောင်းပန်လိုက်တာလည်း စကားတောင် မပီတော့ဘူး ။ မီကဖြင့် သဘောကျ ကျလာတာနဲ့ ခုတင်ပေါ်ကဆင်းပြီး သူ့အနားကပ်တယ် ။ သူက လှည့်ပတ်ပြီး ပြေးတာပဲ ။ နောက်ဆုံး မီက ပိတ်ထားတဲ့ တံခါးဝကို ကျောမှီရပ်ပြီး သူ့ကို သေသေချာချာချိန်တယ် ။ ’
‘ သူက တုန်ချိပြီး ခုတင်ကို မှီရပ်ရင်း ‘ မလုပ်လိုက်ပါနဲ့ မီရယ် . . . မလုပ်လိုက်ပါနဲ့ ’ တဲ့ ။ ဟင် . . . ကိုဆွေ မီသာ ဒီသေနတ် မတွေ့ရင် မီက တောင်းပန်ရမယ့်စကား မဟုတ်လား ။ ဟာဟ . . . မီကတော့ လက်ယားလာတာပဲ ။ သူ့ဖြစ်ပုံကို ကြည့်ကြည့်ပြီး အရသာ ရှိလိုက်တာ ကိုဆွေရယ် ။ သူလည်း အသံမထွက်နိုင်တော့ဘူး ။ နောက်ဆုံး ပြုးပြဲပြီး အကြည့်မှာ မီက ပစ်လိုက်တာပါပဲ ’
မီသည် ယခုပင် ပစ်လိုက်ရသလို စိတ်အားထက်သန်ကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်လာ၏ ။
ကျွန်တော်လည်း ကားမောင်းရင်း ထင်ရာမြင်ရာ ဝင်မဆောင့်မိအောင် ကိုယ့်ကိုယ်ကိုယ် ချော့ရပါ၏ ။
ကျွန်တော်တို့သည် အင်းလျားကန်စောင်းသို့ရောက်ကာ မီ့ကိုခေါ်ပြီး ရေစပ်သို့ ဆင်းလာ၏ ။
မီက မတိုက်တွန်းရဘဲ စကားဆက်ပြန်၏ ။
‘ သေနတ်ဟာ အတော်မြည်သားနော် ကိုဆွေ ။ မီဖြင့် တန်းလျားက အစေခံတွေ ပြေးလာမယ်လို့ အောက်မေ့တာ ။ ဒါပေမဲ့ သူ့အိပ်ခန်းက သူ ချမ်းသာသမျှ လုပ်ထားတဲ့ အခန်းဆိုတော့ သိပ်လုံတယ် ။ အုတ်က မီးခံကျောက်ပြားတွေ ၊ တိုက်ကြီးကလည်း ဟိန်းသာနေတာပဲ ။ တော်ရုံအသံ အပြင်မထွက်ဘူး ။ တန်းလျားကလည်း ဟိုခြံစွန်းမှာ ။ ’
‘ မီလည်း သူ့ကိုယ် သူ သတ်သေတယ် ထင်ရအောင် ကိုဆွေ ပြောသလို ပဲလုပ်ပြီး အဝတ်အစားလဲပြီး ဟိုတယ် ထွက်လာတာပေါ့ ။ မီ သူ့ကိုသတ်တော့ ၁၀ နာရီလောက် ရှိပြီ ။ မီ ၉ နာရီခွဲအထိ ဟိုတယ်မှာ ရှိတယ် ။ ဒါကြောင့် သူ သေတော့ ချက်ချင်း ဟိုတယ်ပြန်ပြီး လူတွေနဲ့ ရောနေလိုက်တာပေါ့ ။ ဘယ်သူမှ မီ အိမ်ခဏ ပြန်သွားမှန်း ၊ သူ့ကို သတ်ခဲ့မှန်း မသိဘူး ။ ပုလိပ်စစ်တော့ လူတိုင်းက မီဟာ အိမ်ကလာခေါ်တဲ့အထိ တစ်ညလုံး ဟိုတယ်မှာ ရှိတယ်လို့ ထွက်တာ ကြားတယ် မဟုတ်လား ’
မီသည် ကန်ရေပြင်ကို ငေးနေ၏ ။
ကျွန်တော့်စိတ်သည်လည်း ဟိုသည်ခုန်ပေါက်ကာ ရှိပြီး ကန်ရေသည် ဆောင်းလေအသုတ်မှာ လှိုင်းနုကလေးများ ဘောင်ဘင်ဖွဲ့နေ၏ ။
ကမ်းစပ်သို့ လာ၍ရိုက်သော ရေလုံးကလေးများသည် ခြေဆင်းထိုင်နေသော မီ့ခြေဖျားနှင့် ထဘီစကလေးကို စိုစွတ်စေသည် ။
ကျွန်တော်သည် ဒါကို စိုက်ကြည့်ရင်း စိတ်အနည်းငယ် တည်ရာရလာ၏ ။
ဤသို့ ကြာမြင့်စွာပင် စိတ်မကောင်းဖွယ်ရာ ငြိမ်နေကြစဉ် မီက ‘ အတော်တော့ မွန်းမှာပဲ ’ ဟု ရေကိုကြည့်၍ သူ့စိတ်ကူးနှင့် သူ ပြော၏ ။
ကျွန်တော်က တည်ကြည်စွာ
‘ ကြိုးဆိုတော့လည်း လည်ပင်းတယ်အစ်တာပဲ ’
‘ မီတော့ဖြင့် ဘာပြောပြော သေနတ်ပဲ ကြိုက်တယ် ။ မီလေ သေရရင် သေနတ်ပစ် ခံရပြီးပဲ သေပါစေ ဆုတောင်းလာတယ် ။ ဗြုန်းခနဲ လွယ်လွယ်ကလေး သေသွားတာပေါ့ ။ ချောင်းလည်းမဆိုးဘူး ၊ သွေးလည်းမအန်ရဘူး ။ မီ သိပ်အသက် မပြင်းပါဘူး ။ သေနတ်တစ်ချက်နဲ့ သေပါတယ် ။ အင်း . . . ကိုဆွေကတော့ သိပ်ကျေနပ်နေပြီပေါ့လေ ။ သူငယ်ချင်း အတွက် ကောင်းကောင်း လက်စားချေလိုက် ရပြီပဲ ။ ကိုဆွေဟာ လေးကို သိပ်ချစ်တယ်နော် ။ မီထက် ဆယ်ဆ ချစ်တယ် ။ ဆယ်ဆ . . . ဆယ်ဆ . . . ’
မီသည် မျက်ရည်ဝေ့လာကာ ကျွန်တော့်ကား စိုက်ပြီးကြည့်ရှာ၏ ။
ကျွန်တော်ကမူ သန္နိဠာန် ချပြီးသော မျက်နှာဖြင့် ထလိုက်၏ ။
မီကလည်း လိုက်ထ၏ ။
‘ အပိုတွေ ပြောမနေပါစို့နဲ့ ။ မီ . . . အလုပ်ဟာ အလုပ်နဲ့တူအောင် လုပ်ရမှာပဲ ။ မင်း ဘယ်လိုဆက်ပြီး ချော့ချော့မြှူမြှူ ငါ မကျတော့ဘူး မီရေ့ . . . ’
‘ ကိုဆွေ ခု မီ့ကို ဘယ်လိုမုန်းမုန်း တစ်ခါတုန်းကတော့ ချစ်ခဲ့ဖူးပါတယ် မဟုတ်လား ’
‘ တိုတိုပြောစမ်း မီ . . . ’
‘ မီ့ကို ပုလိပ်လက်ထဲ မအပ်ပါနဲ့ ။ ဌာနကို သွားတိုင်နှင့်ပါ ။ မီ အိမ်က စောင့်ပါမယ် ။ မီ့ကို သေနတ်တစ်လက် ရှာပေးပါ ။ ကိုဆွေ လိုချင်တာက ဒါပဲမဟုတ်လား ။ မီလည်း မလွမ်းပါဘူး ။ မီ ဒါနဲ့မသေရလို့ နေရရင်လည်း နေရလှ သုံးလပေါ့ ။ ခု မီ့အဆုတ်ဟာ တစ်ခြမ်းပဲ ကျန်တော့တယ် ပြောတယ် ’
‘ အေး . . . ငါ စဉ်းစားမယ် ’
မီသည် သည်တစ်ခါတော့ ဟန်ဆောင်နေခြင်း ၊ ကျွန်တော့်ကို လှိမ့်နေခြင်း မဟုတ်တော့ဟု စွမ်းအားရှိသမျှ တွေးရပါသည် ။
မီ သည်လောက် ပဲ့ကိုင်နိုင်လျှင် ကိုင်ပါစေတော့ ။ သည်လောက် မီ တတ်နိုင်လျှင် အရှုံးပေး အညံ့ခံပါတော့မည် ။
ကျွန်တော်သည် ပုလဲရင်ထိုးလေးကို မီ့လက်ထဲ ထည့်လိုက်၏ ။ မီက ဒါကို နားမလည်သေးဘဲ တွေနေ၏ ။
ပြီးမှ ဝေခွဲမရသလို ၊ ပြီးတော့ ဝမ်းသာသွားသလို မျက်နှာကလေး ကြည်လာ၏ ။
တစ်ခုခု ပြောချင်ပြီး မပြောနိုင် ၊ နှုတ်ခမ်းကလေးများ တုန်နေ၏ ။
ကျွန်တော်သည် သူ့ရင်ထိုးကလေးကိုယူကာ အင်းလျားကန် ရေလယ်သို့ လွှင့်ပစ်လိုက်၏ ။
ပြီတော့ ချစ်သူ မီ့ကို မထိရက် မကိုင်ရက် သနားယုယစွာ ပွေ့ဖက်၍
‘ မီ . . . မီ . . . ’ ဟု တသလိုက်မိပါသည် ။
‘ မီ . . . မီ . . . မီဟာ မီ မဟုတ်ဘူး ။ မီးပဲ . . . မီးပဲ ။ ငါ့ကို ရှို့နေတဲ့ မီးပဲ ။ မီလေးရယ် ’
မီလည်း သည်တွင်မှ အကြီးအကျယ် ထိခိုက်သွားဟန်ဖြင့် ကလေးတစ်ယောက် ငိုသလို လွတ်လွတ်ကျွတ်ကျွတ်ပင် ရှိုက်ကြီးတငင် ငိုလေ၏ ။
ညနေသည် လှပ၏ ၊ နှင်းမလွှမ်းသေးပေ ။


Comments
Post a Comment