သိသောသူမည်ကား ကြားပါစေ . . .( ၈ ) @ သိုးဆောင်း

 


အမ္မရာ ၊ ကိန္နရီ ၊ မဒီ ၊ သမ္ဘူလတဲ့ ကမ္ဘာတွေ အလီလီပြောင်းတာတောင် တော်လေးဝ ဝင်တဲ့ မိန်းကလေးက ဒီလေးယောက်ပဲ ရှိခဲ့တယ်တဲ့လား။ သူတို့လောက်မဟုတ်ပေမဲ့ သူတို့နီးနီး တော်တဲ့ မိန်းကလေးရော မရှိလောက်တော့ဘူးလား ။ ရှိနိုင်ပါတယ်။

အထူးသဖြင့် သုန္ဒရီလို မိန်းကလေးမျိုးပေါ့။ လက်ထပ်ပြီးချိန်မှစလို့ သုန္ဒရီဟာ မယားဝတ္တရား လွန်စွာ ကျေပွန်သူလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ကျောင်းတစ်ဖက်တက်ရသေးတဲ့အပြင် သူ့အပေါ်မှာလည်း ဝတ္တရား မပျက်ခဲ့ဘူး။

သူတို့နှစ်ဦးရဲ့ နေထိုင်ရာ ကမ္ဘာလေးကတော့ ရန်ကုန်နယ်နိမိတ်တွင်းက တောင်ဘက်ခြမ်းမြို့လေးတစ်ခုမှာပါ။ နှစ်ထပ်တိုက်လေးတစ်လုံးဖြစ်ပြီး ခြံစည်းရိုး ကျယ်ကျယ်ခတ်ထားပါတယ်။ ခေါင်းရင်းဘက်၌ တစ်အိမ်လုံးကို ဖြန့်ဝေရာ ရေစင်ကြီးတစ်ခု ရှိတယ်။

ရပ်ကွက်ဆန်ဆန်ကြီးတော့ မဟုတ်ဘူး။ ငမိုးရိပ်ချောင်းနဲ့ မနီးမဝေးမှာမို့ မနက်စောစော (သို့) ညနေဘက်တွေမှာ အညောင်းပြေ၊ အညာပြေ လမ်းလျှောက်နိုင်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ မိဘနှစ်ပါးကို ကျေးဇူးတင်ရတာပါပဲ။ ဒါက မိဘတွေ လက်ဖွဲ့ပေးထားတဲ့ အိမ်လေ။

ကြင်စဦးရက်တွေလွန်တဲ့ တစ်ရက် သုန္ဒရီအဘွားနဲ့ အဒေါ်ကို အိမ်မှာ ခေါ်ထားဖို့ အကြောင်းဖန်လာတယ်။

သင်္ဘောတက်ရတော့မှာ မလို့ပါ။ အမှန်တိုင်းပြောရရင် သုန္ဒရီနဲ့ မခွဲနိုင်ပါဘူး။ ဒါပေမဲ့လည်း ဘဝတစ်ခုဖြစ်တည်လာခဲ့ပြီဆိုတော့ အလုပ်က မလုပ်မဖြစ် လုပ်ရတော့မယ်လေ။

လေယာဉ်ကွင်းလိုက်ပို့တော့ များပြားလှသော လူတွေကြားမှာ သုန္ဒရီ သည်းသည်းထန်ထန် ငိုရှာတယ်။ သုန္ဒရီငိုတော့ သူလည်း မျက်ရည်ဝဲရပါတယ်။ သုန္ဒရီမျက်ဝန်းက မျက်ရည်စတွေကို သုတ်ပေးရင်း ကိန္နရီချောင်းခြားမယ့်အရေးကို တွေးလို့ မွန်းကြပ်ခံစားခဲ့ရတယ်။

ဒါပေမယ့် လေယာဉ်တက်ခါနီး သူမပြောလိုက်တဲ့ စကားတစ်ခွန်းက​တော့ . . .

"ကိုကို့ အရမ်းချစ်တယ်"

အပို မပြောပါဘူး။

အဲဒီ စကားတစ်ခွန်းနဲ့ပဲ မိုးဝေဆိုတဲ့ကောင် ပင်လယ်ကြီးကို စိန်ခေါ်ခဲ့တာပါ။ ရေခြား ၊ မြေခြား ၊ လူမျိုးခြားတွေကြားမှာ ရဲရင့်ခဲ့တာပါ။ 

မကြောက်ပါဘူး။

နားထဲမှာ အဲဒီစကားလေး သန္ဓေတည်နေသ၍ တစ်ကမ္ဘာလုံးကိုလည်း အနိုင်တိုက်ရဲပါတယ်။

ပင်လယ် . . .

မင်းနဲ့ငါ မကြာခင် တွေ့ကြမယ်။

မင်းကိုယ်ကိုပိုင်းပြီး မင်းလှိုင်းကို ငါမြိုမယ်။


. . .

အပိုင်း - ၉ သို့


Comments

Popular Posts

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခံပွင့် @ ခင်နှင်းယု

အရောင်စွန်းကျောပိုးအိတ် @ သိင်္ခဇော် (အညာမြေ)

မနက်ဖြန်အစီအစဉ် @ မင်းခိုက်စိုးစန်