မီ - ၂ @ ကြည်အေး




စစ်ပြီးသွားသည့်အခါ ကျွန်တော်လည်း တပ်တွင်းမှ ထွက်လိုက်၏ ။

စစ်သားလူထွက်ပီပီ ဘယ်နေရာ ဘယ်အလုပ်မှာမှ အတည်တကျ မနေနိုင်ဘဲ လျှောက်ပြီးလေလွင့်နေ၏။

ကျွန်တော့်မိဘများမှာ အလုပ်အကိုင်မပျက် ပြန်၍လုပ်နေသဖြင့် ကျွန်တော်သည် ထင်သလိုပင် လေလွင့်နိုင်၏ ။

ကျွန်တော်သည် မီ့ကိုသာ ရှာ၍နေမိပါသည် ။ မီ့ကို ဘိန်းစွဲသလို စွဲနေ၏ ။

ကိုယ့်ကို ဖျက်ဆီးမည်မှန်းလည်း သိ၏ ၊ တပ်မက်နှစ်သက်ပြီးလည်း နေသည် ။

ပြီးတော့ မောင်ကိုလေးကို သတ်သည့် လက်သည်၏ မျက်နှာကို စေ့စေ့လည်း ကြည့်လိုပေသည် ။

မီ့ကိုတွေ့အောင် ခဲခဲယဉ်းယဉ်း မရှာရပါ ။ မီသည် ကျော်စော၏ ။ ပွဲလမ်းသဘင်မှာ ထင်ရှား၏ ။

ညစ်ညမ်းသော အဓိပ္ပာယ်နှင့် မျက်စပစ်တတ်သူ ယောင်္ကျားများ၏ ပါးစပ်မှာ မီ့ကိုရှာပါ ။

အင်္ဂလိပ် ကပွဲများပေးသည့် ဟိုတယ်တစ်ခုက ပရိတ်သတ်ထဲမှာ မီ့ကို တွေ့ရလေသည် ။

မီ၏ဘေးမှာ စိန်လက်စွပ် ခပ်ကြီးကြီးကို နှစ်ဆင့်ကွင်း ဝတ်ထားသည့် ယောင်္ကျားခန့်ခန့်တစ်ယောက် ထိုင်၏ ။

သူတို့စားပွဲပေါ်မှာ ဘရန်ဒီ ပုလင်းနှင့် ဖန်ခွက်များ ရှိပေသည် ။

မီ့ကို တွေ့တွေ့ချင်း ဖြစ်ပေါ်သည့် စိတ်မှာ ဘယ်လိုမုန်းမှန်း မသိအောင် မုန်းသည့် အမုန်းပင် ဖြစ်၏ ။

ကျွန်တော်သည် မီ့စားပွဲသို့သွားကာ ‘ မီ ဆိုတာ မဟုတ်လား ’ ဟု မေးလိုက်ပါသည် ။

မီကို မီမှန်း သိခဲ့ပါပြီ ။ ကျွန်တော်၏ မိတ်ဆွေတစ်ယောက်က ကျွန်တော် ရောက်စကပင် လက်ညှိုးထိုး၍ ပြခဲ့ပေပြီ ။

ပြီးတော့ မီ၏ ထူးခြားဖျော့တော့သည့် အလှနှင့် ဘေးဘီကို မမှုသည့်ဟန်က ထင်ပေါ်လှသည် ။

မီက နှုတ်ခမ်းမှ စီးကရက်ပင် မချွတ်ဘဲ မျက်လွှာကို မှေးကြည့်ပြီး ‘ မီမှန်း ဘယ်လိုသိပါသလဲ ’ ဟု ခပ်ပြတ်ပြတ် မေး၏ ။

သူ့ဘေးက လူက မျက်မှောင်ကုတ်ပြီး စောင့်ကြည့်၏ .

‘ ကျွန်တော်ဟာ မောင်ကိုလေးကို သိခဲ့ရင် မီ့ကိုလည်း သိရမှာပေါ့ ’

ကျွန်တော်၏ မျက်နှာမှာ မီ့ကို ရှုံ့ချသရော်ဟန် ပေါ်လိမ့်မည် ထင်သည် ။

မီက ကျွန်တော့်စကားကို နားလည်ကာ တစ်ချက်ရယ်လိုက်၏ ။

စကားမပြောသေး ၊ စီးကရက်ကို သိပ်ရှိုက်၍ဖွာကာ မီးခိုးများကို မှုတ်ထုတ်ပြီး မထီလေးစား ပြုံးသည် ။

ထို့နောက် ‘ သြော် . . . စစ်ထဲ ဝင်သွားတဲ့ ကောင်လေးဟာ ထင်ပါတယ် ’ ဟု ကျွန်တော့်အရှိုက်ကို ဆောင့်သည့် အေးစက်စက် အမူအရာဖြင့် ပြောလေ၏ ။

‘ ဟုတ်တာပေါ့ မိန်းမတစ်ယောက်က ခိုင်းလို့ စစ်ထဲဝင်ပြီး သေပေးရတဲ့ မောင်ကိုလေးဟာပေါ့ ’

မီက ဂရုမစိုက်ဘဲ ရွှေစီးကရက်ဘူးလေးကို ထိုးပေးကာ ‘ သောက်ပါဦး ဦးသော်ဆွေ ’ ဟု ကျွန်တော့်နာမည်ကို တမင်ပီပီသသ ခေါ်လိုက်ပေ၏ ။

ကျွန်တော့်နာမည် သိနှင့်ခြင်းကို အံ့သြစေလိုဟန် တူပါသည် ။

ဒါပေမဲ့ အံ့သြစရာလား မောင်ကိုလေးဆီက သိနိုင်သည် ။

ဘာပဲဆိုဆို ကျွန်တော်သည် အနည်းငယ် နေမထိ ထိုင်မသာတော့ ဖြစ်သွား၏ ။

ကျွန်တော်လည်း ကုလားထိုင် တစ်ခုမှာ ဝင်ထိုင်ရင်း စီးကရက် တည်သည်ကို တစ်လိပ်ယူလိုက်ပါသည် ။

မီးခြစ်ကိုခြစ်၍ ညှိမည်အပြုမှာ မီက စီးကရက်အသစ် တပ်ထားသည့် သူ့နှုတ်ခမ်းကလေးကို လက်နားတိုးပေးသဖြင့် သူ့စီးကရက်ကို ညှိပေးလိုက်ရ၏ ။

ပန်းငုံမဖောင်းတဖောင်းကလေးကို ပွင့်ဖူးနေသည့် ပန်းနုရောင် မီ့နှုတ်ခမ်းလေးများကို သတိထားမိရင်း ကျွန်တော့်မျက်လုံးများ အနည်းငယ် အခြေပျက် သွားပေသည် ။

မီ၏ ဖျော့တော့သော အလှသည် ယောင်္ကျားတစ်ယောက်ကို မချိတရိ ဖြစ်စေနိုင်၏ ။

မိန်းမအလှကို ကျွန်တော် ဂရုမပြုလှသော်လည်း မီကျတော့ နှစ်လိုမိသည် ။ မီ့ကိုကြည့်ရင်း ကဗျာတောင် ဆန်လာသည် ။

မီ့ဆံပင်ကလေးများဟာ ပိုးမျှင်လို နူးညံ့ပြီး အညိုဖျော့ဖျော့ လက်နေတာပဲ ။ အသားရောင်က အဖြူဖျော့ဖျော့ ၊ မျက်လုံးက မိုးတိမ်ဖျော့ဖျော့ ။ မီသည် လေမှာလွင့်သည့် ပုလဲရောင် လည်စီးနှင့်သာ တူတော့သည် ။

နွဲ့လျသည့် မီက ကျွန်တော့်လက်မောင်းကို ရင်းနှီးရဲတင်းစွာကိုင်၍ ထလိုက်၏ ။

ဘေးကလူကို ‘ မီ . . . သူနဲ့ လိုက်သွားဦးမယ် ကိုမောင် ။ ပြီးတော့ အိမ်ပြန်နှင့်မယ်လေ ’ ဟု မြှူချော့ပြီးပြောကာ ကျွန်တော့်အား မေးတစ်ချက် ဆတ်ပြသည် ။

သူ့လူက မျက်နှာမဲ့ကာ ‘ အင်း . . . အင်း . . . ’ ဟု ပါးစပ်ပိတ်ပြီး ပြော၏ ။

ကျွန်တော်လည်း သူ့ကို ရန်သူလို ထင်မိကာ မီ့နောက်ကို တမင်လိုက်မိ၏ ။

ကျွန်တော်သည် စပါးကြီးညှို့မှာ မိနေသူပမာ ကိုယ့်ကို စားမည် စောင့်သည့် စပါးကြီး ရှိရာလမ်းကို သိလျက်ပင် တတန်းတန်း လိုက်နေပြီ ။ ဒါကို မီက စင်းစင်းကြီး သိသည် ။

ကျွန်တော် မိုက်မဲရာတော့ ကျတာပေါ့ ။ ဒါပေမဲ့ မိုက်မဲတာသည် ဘေးလူအမြင်မှာ ဘာပဲဖြစ်နေဖြစ်နေ မိုက်မဲရသူ အဖို့တော့ ပျော်စရာ ၊ မီနှင့် တွေ့ရလျှင် မိုက်မဲရခြင်းသည် ပျော်စရာ ။

ဆူးလေဘုရားကို ပတ်၍လျှောက်ရင်း မီ့အစွမ်းသတ္တိကို တွေးနေမိရာက ‘ မီဟာ ဗမာလား ၊ မီ . . . ဗုဒ္ဓဘာသာ ဟုတ်ရဲ့လား ’ ဟု မေးလိုက်ရာ သဘောကျသွားသလို ဟက်ဟက်ပက်ပက်ကလေး ရယ်ပစ်လိုက်၏ ။ ဖြေကား မဖြေချေ ။

‘ မီဟာ ဗုဒ္ဓဘာသာ ဗမာမိန်းကလေး တစ်ယောက်နဲ့ မတူဘူး ။ မီဟာ အံ့သြစရာကေကာင်းတယ် ’

ကျွန်တော်က သည်လို ချီးမွမ်းဟန်နှင့် အပြစ်တင်လိုက်သည်ကို မီက ဘာမှပြန်မပြောချေ ။

အမှန်တော့ . . . သည်လို ပြောလိုက်ခြင်းဟာ ရင်းနှီးလွန်းရာ မကျဘူးလား ။ ကျွန်တော့်စိတ်ထဲမှာ မီကို ခုမှတွေ့ဖူး ၊ စကားပြောဖူးသော်လည်း ရင်းနှီးခဲ့သည်မှာ ကြာပြီ ။

ထို့ပြင် မီသည် ဗမာမိန်းကလေးတစ်ယောက် နေပုံထိုင်ပုံနှင့် အင်မတန်ကို ဖီလာဖြစ်နေသဖြင့်လည်း ပြောမိခြင်းဖြစ်သည် ထင်ပါ၏ ။

‘ မီ ဗမာပါပဲ ’

ဘာသာကိုတော့ မီက မဖြေပါ ။

စကားမဆက်ဖြစ်ဘဲ နှစ်ယောက်သား လျှောက်လာရင်း မီက ဖြုန်းခနဲ ကျွန်တော့်လက်ကိုဆွဲကာ ‘ လေး သေပုံ ပြောပြစမ်းပါ ဦးသော်ဆွေရယ် ’ ဟု လည်တံကြော့ကို မော့ပြီးပြော၏ ။

သူ့မျက်လုံးများ လက်နေသည်မှာ မျက်ရည်ကြောင့်ပေလား ၊ လက်ကလေးများကလည်း တုန်လို့ပါကော ။

မောင်ကိုလေး၏ အကြောင်းကို ပြောပြစဉ်မှာ မီသည် ငိုရှိုက်နေသလို ထင်ရသည် ။

သေသေချာချာ ကြည့်ပြန်တော့လည်း ငိုရှိုက်နေသည် မဟုတ်ချေ ။

မီ ငိုသည်ထင်၍ ငုံ့ကြည့်လိုက် ၊ မငိုတာမြင်၍ ပြန်လှည့်သွားလိုက် ၊ ကျွန်တော့်မှာ အတော်ကြောင်ရလေ၏ ။

‘ မီဟာ မောင်ကိုလေး သေလို့ လွမ်းလှပါတယ်ဆိုပြီး ငိုချင်ယောင်ဆောင်နေတယ် ။ တကယ် ငိုလို့တော့ မရဘူး ’ ဟု ကျွန်တော် တွေးကာ မုန်းစိတ်များ ထလာ၏ ။

သူ ကိုင်ထားသည့် ကျွန်တော့်လက်မောင်းကို ခပ်ကြမ်းကြမ်း ပြုတ်သွားအောင် ရုန်းလိုက်၏ ။

မီက လမ်းလျှောက်ရပ်လိုက်ပြီး အံ့အားသင့်သွားသလို ငေးပြီးကြည့်၏ ။

‘ ကျွန်တော့်စိတ်ထဲမှာ မောင်ကိုလေးကို မီ သတ်တာပဲလို့ထားတယ် ။ မောင်ကိုလေးဟာ ခု ပြာအိုးပဲ ကျန်တော့တယ် ။ ပြာတောင် ရှိပါသေးရဲ့လား မသိဘူး ။ မီကတော့ ဟိုတယ်မှာ ကပွဲကြည့်နေတယ် ။ မောင်ကိုလေး ပြောခဲ့တဲ့ မီ့အရည်အချင်းတွေကို ကျွန်တော် ခု တွေ့ပါပြီ ။ ကိုင်း . . . မီ့အိမ်ကို ကျွန်တော် လိုက်ပို့ပါရစေတော့ ’

မီက ငြိမ်နေ၏ ။

ပြီးတော့ ဟန်ဆောင်ရှက်လား ၊ တကယ်ရှက်လား မသိ ။ ရှက်ပြီး ဒေါသကလေးထွက်ကာ ကျွန်တော့်လက်ကို ပြန်ဆောင့်ဆွဲသည် ။

‘ မိန်းကလေး တစ်ယောက်ကို ကြိုက် ၊ တစ်ယောက်ထဲ ရူးပြီး စစ်ထဲဝင် သေတာ ဘယ်သူ့အပြစ်လဲ ’ ဟု အော်လိုက်ပြီး ကျွန်တော့်မျက်နှာကို စေ့စေ့ကြည့်၍ ရယ်ကာ ‘ ဦးသော်ဆွေ ရှင်ဟာ သိပ်ရယ်စရာကောင်းတဲ့ လူပဲ ’ ဟု အချက်ကို ခွပ်လိုက်၏ ။

ကျွန်တော်သည် ဘယ်တော့မှ ရယ်စရာကောင်းသူ မဟုတ်ပေ ။ ဒါသည် ကျွန်တော်၏ မာနပင် ဖြစ်ပေသည် ။

မိန်းမများ ရန်တွေ့ပါစေ ၊ ယောင်္ကျားများက စော်ကားပါစေ ကျွန်တော်သည် ကျောခိုင်းလိုက်ခြင်းဖြင့် လည်းကောင်း ၊ လက်သီးဖြင့် လည်းကောင်း တုံ့ပြန်နိုင်၏ ။ အရယ်ခံရခြင်းကိုမူ မတုံ့ပြန်တတ်တော့အောင်ကို အခံရ ခက်ပေသည် ။

ကျွန်တော်သည် ဘယ်သူ၏ ရယ်စရာ သတ္တဝါ အဖြစ်မှ မခံနိုင်ပေ ။

နှုတ်အကာသာ မီ့ကို စူးစိုက်ကြည့်လိုက်ရာ မီ၏ ညိုလက်လက် အေးစက်စက် မျက်လုံးများကို မြင်ရပါသည် ။

ကျွန်တော်ကပင်စပြီး မျက်လုံးလွှဲရ၏ ။

မီ၏ အနိုင်ကို တွေ့တွေ့ခြင်းပင် ခံရပေပြီ ။

မီက ကျွန်တော့်မျက်နှာထားကို ဂရုမစိုက်ဘဲ ဘာမှမဖြစ်သလို ပျော့ပျောင်းစွာ ‘ လေးဟာ သနားစရာပဲ ။ သူတို့ အရွယ်လေးတွေဟာ ခက်တယ် ။ လေးဟာ အချစ် ဆိုတာကို နားမလည်သေးပါဘူး ဦးသော်ဆွေရယ် ။

ဒါဟာ ဘာမှမဟုတ်ဘူး ။ စိတ်လှုပ်ရှားမှုပဲ ။ လေးဟာ မီနဲ့ ခင်ခင်မင်မင် နေရလို့ လူငယ်တို့ဘာဝ စိတ်လှုပ်ရှားတာပဲ ’ ဟု မှုန်မှိုင်းသော မျက်လုံးများကို တစ်ဝက်ပိတ်ကာ ပြောလေသည် ။

မီက ဤသို့ပြောလိုက်သည့်အခါ ကျွန်တော်၏ ဒေါသသည် ပျောက်သွား၏ ။

ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်၏ ။

ဘာ့ကြောင့် ကျွန်တော်သည် မီ့မှာ သာယာရပါသလဲ ။ မီ့စကားသံမှာ ငြိမ်ရပါသလဲ ။ မီ့လက်ကလေး အထိမှာ တုန်လှုပ်ရပါသလဲ ။ မီ ရပ်နေသည်မှာ ကျွန်တော်နှင့် နီးလွန်းသည် ။

မောင်ကိုလေးဟာ ရူးတာပဲ ထားပါဦး ။ မီက ဘာဖြစ်လို့ လိုက်လျောရသလဲ ။ မီ့သဘော သူ့စကားနှင့် တစ်ထပ်တည်းကျလျှင် မီသည် မောင်ကိုလေးနှင့် ခုလို အရောတဝင်နေ ၊ ချစ်သူလို ပေါင်းနေဖို့ မရှိပါကလား ။

မီသည် လိမ်၏ ။ မောင်ကိုလေး ခေါ်ရာ မီ လိုက်ခဲ့ပုံတွေ ၊ မောင်ကိုလေးကို မီ ချော့မော့ခဲ့ပုံတွေ ။ ဒါတွေကိုမြှုပ်ပြီး မောင်ကိုလေးက သူ့ဘာသာနေသည့် မီ့ကို လိုက်ကြိုက် ၊ ရူးပြီး သေသလိုဖြစ်အောင် မီ ပြော၏

တတ်နိုင်ပါပေ့ မီရယ် ။

ဒါပေမဲ့ မီက သည်လောက် ကြည်လဲ့သည့် လေသံကလေးဖြင့် သည်လို လွမ်းဆွတ်ဖွယ် ညည်းညူလိုက်ခြင်းမှာ ကျွန်တော့်ဒေါသကို အမှုန့်ချေပစ်ဖို့ အကောင်းဆုံးနည်း ဖြစ်သည် ။

မောင်ကိုလေးကို မေ့ကာ စစ်သားစိတ်ကို ကဗျာဆန်အောင် လုပ်နိုင်သည့် မီ၏ ပန်းနွဲ့နေဟန်ကလေးကို စိတ်ဝင်စားလာ၏ ။

မီသည် လှလွန်း၏ ၊ ဒါထက် လည်လွန်း၏ ။

ကျွန်တော်ကမူ မီ့အနှောင်အဖွဲ့ကို မြင်လျက်က ကန်းကာ တိုးလျက် ရှိသည် ။

မီသည် တခြားလူ အဖို့တော့ မသိ ။ ကျွန်တော့်အဖို့တော့ မောင်ကိုလေး မိတ်ဆက်ပေးခဲ့သည့် မီ မဟုတ်ချေ ။

လေးရဲ့ မီသည် ယောင်္ကျားကလေး ငိုသည်ကို သတ္တိကောင်းကောင်းနှင့် ပြုံးပြီးကြည့်သည့် မီ . . .

ကျွန်တော့်မီကမူ လောကကို ရွဲ့နေသည့် သနားစရာ မီ . . .

လူငယ်တစ်ယောက်ကို ကြိုးလျှော့ ကြိုးတင်းဖြင့် ကမ်း၍ ကျွန်တော့်လို အသက်သုံးဆယ် အရွယ်ကို ပျော့ခွေကျလာသည့် တွယ်ရာမဲ့သော မီ အဖြစ် ဖမ်းသည်မှာ မီ၏ အပါးအနပ်ပင် ဖြစ်ပေသည် ။

မီသည် မိန်းကလေးတန်မယ့် အရက်ကို အရမ်းပင် သောက်နိုင်၏ ။

ယောင်္ကျားတကာနှင့်တွဲပြီး ‘ ဘား ’ ကို သွား၏ ၊ ဟိုတယ်တက်၏ ။

မီသည် ကစားမျိုးစုံလည်း တတ်သည် ။

နောက်ပြီး ကြည့်လိုက် ၊ မီကို ဘယ်အချိန်မဆို ကြည့်လိုက် စီးကရက် အမြဲခဲကာနေသည် ။ တစ်လိပ်ကို နှစ်ရှိုက် သုံးရှိုက်နှင့် ကုန်အောင်သောက်သည် ။

မီ စကားပြောလျှင် စီးကရက်နံ့ သို့မဟုတ် ဘရန်ဒီနံ့ သင်း၍နေပေသည် ။

ကျွန်တော်သည် မီ့နောက်သို့ တကပ်ကပ်လိုက်ကာ မီ အရမ်းကျသမျှကို ရွံရှာစွာ ပြောဆိုတားမြစ် မိတော့သည် ။

မီနှင့်ကျွန်တော်သည် ဟိုတယ်သို့ ညတိုင်းလိုလို ရောက်၏ ။

မီကို တခြားလူနှင့် မသွားစေလို၍ ကျွန်တော် လိုက်ပို့ရ၏ ။

မီ့အသိတွေကတော့ ဘယ်သွားသွားမလွတ် ။ ပြီးတော့ ယောင်္ကျားချည်းပဲ ယောင်္ကျားချည့်ကဲ ။

‘ ဒီလူဟာ အလကားလူ . . . မီ မသွားနဲ့ . . . ’

မီနှင့်ကျွန်တော် လိမ္မော်ရည် သောက်နေစဉ် လူတစ်ယောက်က မလှမ်းမကမ်းမှာရပ်ပြီး ခေါင်းညိတ်ခေါ်၏ ။

ထိုလူကို နာမည်မသိသော်လည်း ဟိုတယ်တကာတွင် ရမ်းကားလှသဖြင့် ကျွန်တော် သိ၏ ။

‘ မြို့ပိုင် ဦးဘချစ်လေ . . . မီနဲ့ သိပ်ခင်တာ ’

‘ ဒီလိုလူမျိုးနဲ့ ခင်ရတာ မီ့အဖို့ ကြောက်စရာပဲ ။ မီ ဘာဖြစ်လို့ ဒီ ဦးဘချစ်နဲ့ တွဲချင်ရတာလဲ ’

‘ သူကလည်း မေးလိမ့်မယ် . . . ဘာဖြစ်လို့ ဦးသော်ဆွေနဲ့ တွဲသလဲလို့ ’

‘ ကိုယ်က မီ့ကို စောင့်ရှောက်နေတာ ’

‘ မီ့ကို စောင့်ရှောက်နေတဲ့လူကို ဦးသော်တာဆွေ တစ်ယောက်တည်း မဟုတ်ပါဘူး ။ အများကြီးပဲ ’

‘ သူတို့ စောင့်ရှောက်နေပုံက မပြောချင်ပါဘူး မီရယ် ။ မီဟာ မိန်းကလေး တစ်ယောက်ထဲက သူတို့က တဏှာရူး ၊ တစ်နေ့မှာ မီးပွင့်လိမ့်မယ် ’

ကျွန်တော်က ရိုင်းရိုင်းပင် ပြောလိုက်၏ ။

မီက ပခုံးတစ်ချက် တွန့်ကာ နှုတ်ခမ်းတစ်ဖက် ရွဲ့ကာ လက်ထဲက စီးကရက်တိုက ပြာကိုတောက်ကာ ချွေလိုက်၏ ။

ပြီးတော့ ရဲနေသည့် စီးကရက်မီးကို သူ့လက်ချောင်းကလေးများဖြင့် ဖျစ်ပြ၏ ။

ပြီးတော့ အငွေ့မသေတသေ စီးကရက်တိုကို ကျွန်တော့်ရင်ဘတ်သို့ ပေါက်လိုက်၏ ။

‘ မီးဟာ ကြောက်စရာလား ’

မီသည် ဦးဘချစ်ထံသို့ သွား၏ ။

ဦးဘချစ်က ပိုင်စိုးပိုင်နင်း ပခုံးကို ကြိုပွေ့ကာ နှစ်ယောက်သား သွားကြ၏ ။

ဟိုတယ်ပျော် လူငယ်တစ်စုက ကျွန်တော်တို့သုံးယောက် ဖြစ်ပုံကိုကြည့်ကာ ပွဲအကျကြီးကျပြီး ရယ်ကြ၏ ။

ကျွန်တော်သည် မိနစ်ပေါင်းများစွာ မေ့ငိုင်ကာ ကျန်ရစ်ခဲ့ရာမှ ဗြုန်းခနဲထကာ မီ့ကို လိုက်ရှာသည် ။ ဘယ်စားပွဲမှာမှ မတွေ့ပေ ။

စိတ်ရှုပ်ရှုပ်နှင့် ဆင်ဝင်လသာခန်းကို ထွက်လာကာ ရောက်ရာပေါက်ရာ တွေးနေမိ၏ ။

မီဟာ ဘာဖြစ်လို့ ဒီလိုလုပ်ရပါလိမ့် ။ ငါ့ကိုများ အရွဲ့တိုက် နေတာလား ။ မီ့ကို ရွံ့တယ် ၊ မုန်းတယ် ပြောခဲ့ဖူးလို့ ချစ်တယ် ပြောဖြစ်အောင် အစ်တာလေလား ။

ထိုစဉ်မှာ လူတစ်ယောက်သည် မေးခွန်းတစ်ခုနှင့်အတူ ရောက်လာ၏ ။

‘ မီ့ကို ရှာလို့တွေ့လား ’

ကျွန်တော်က ခေါင်းခါလိုက်သည် ။

‘ ဘယ်တွေ့မလဲ . . . မီက ဦးဘချစ်နောက် ကားတစ်စီးနှင့် ပါသွားပြီ ။ မီဟာ ဒီလိုပဲ ။ ခင်ဗျားလို ကျုပ်လို လူမျိုးဟာ မီ့ကို ဝေးဝေးကရှောင်မှ . . . ’

‘ ခင်ဗျား မီ့အကြောင်း မသိဘူး ။ ကျွန်တော် သိတယ် ။ မီဟာ တိတ်တဆိတ် ပျက်စီးနေတဲ့ မိန်းမလှလေးပဲ ။ မီဟာ ပညာသည်လိုပဲ ။ လူကို သူ့အလှ ၊ သူ့မာယာနဲ့ ပြုစားနိုင်တယ် ။ ပြီးတော့ မီနဲ့ ရင်းရင်းနှီးနှီး တွေ့မိတဲ့ လူတိုင်းဟာ ဒုက္ခရောက်ရတာချည်းပဲ . . . ’

‘ ခင်ဗျား မီ့ကို စိတ်ထဲမှာ မထားပါနဲ့တော့ ။ ကျွန်တော် ဒါ သတိပေးတာပဲ ။ ကျွန်တော်လည်း မီ့လူတွေထဲက တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ် ။ ဒါကြောင့် သိတာပေါ့ ။ ခုတော့ ကျွန်တော် မီ့ကို ကြောက်တယ် ’

ကျွန်တော်သည် စကားပြောသူကိုပဲ ဆွဲထိုးရမလား ၊ မီတို့နောက်ပဲ ပြေးလိုက်ရမလား . . . ဟု တွေး၏ ။

ထိုလူကိုသာ စိုက်ကြည့်မိသည် ။ ကျွန်တော့်မျက်နှာသာ မှောင်ရိပ်ထဲမှာ ရောက်မနေခဲ့လျှင် ၊ ဒါမှမဟုတ် ညသာမဟုတ်ဘဲ နေ့ခင်းလင်းလင်း ဖြစ်ခဲ့လျှင် သူသည် ကျွန်တော့်မျက်နှာ အမူအရာကိုမြင်ကာ စကားရှိန်သတ်၍ မြန်မြန်ထွက်ပြေးလိမ့်မည်ထင်၏ ။

‘ မီ့မှာ ပုံတွေအများကြီး ရှိတယ် ။ လူတစ်ယောက်ကို ပုံတစ်မျိုး ပြောတာပဲ ။ လူတိုင်းယုံတာပဲ ။ လူတိုင်းဟာ သူ့နောက်ကို တကောက်ကောက်လိုက်တယ် ။ ဒီထဲမှာ သူ ရွေးတာပဲ ။ ဦးဘချစ်လို လူမျိုးပေါ့ ။ သူ့ကို အစစ အရာရာမှာ ဖောဖော ပံ့ပိုးနိုင်မယ့်လူ ဆိုပါတော့ ။ အဆုံးတော့ဗျာ မီဟာ ဒီလိုလူမျိုးနဲ့တွဲပြီး မိန်းမတွေ ကြောက်တဲ့ဟာ ဟူသမျှကို လျှောက်လုပ်တယ် . . . ဒါပဲ ’

မီ့မှာ ပုံတွေအများကြီး ရှိတယ်ဆို၍ တစ်ခါ မီ ပြောပြဖူးတာ သတိရပါသည် ။

မီသည် မွေးပြီးပြီးချင်း မိဘများ သေကုန်သဖြင့် မြင်ပင် မမြင်ဖူးလိုက်ပေ ။

ဆွေမျိုးလည်း မရှိ ၊ ရှိလည်း မဆိုင် ။ မီသည် ခရစ်ယာန် ဘာသာထဲဝင်ကာ မယ်သီလရင်ကျောင်းမှာ နေရ၏ ။

ဆယ်တန်းအောင်၍ ကျောင်းထွက်သော် မီ့လက်ထဲတွင် ငွေအစိတ်သာ ရှိသည် ။

မီသည် အလုပ်တစ်မျိုးပြီးတစ်မျိုး လျှောက်လုပ်သည် ။

အုပ်ထိန်းသူ မရှိသဖြင့် စော်ကားလိုသူများ၏ ရန်ကို ရွံ့ကာ အလုပ်တစ်ခုမှတစ်ခု ပြောင်းပြေးရသည် ။

မီသည် စိတ်ညစ်လွန်းသဖြင့် ရှုပ်လှသော ရန်ကုန်မြို့ကြီးဝယ် တစ်ညလုံး ထင်ရာမြင်ရာ လျှောက်သွားနေသည့်အခါ ရှိခဲ့ဖူးသည် ။

မီသည် သူ့အကြောင်းကို ပြောပြစဉ်က အသံသည် ခါတိုင်းလို ချိုမြမနေဘဲ အနားဆတ်သည့် ပန်းကန်အသံလို အက်ကွဲနာကြည်းနေ၏ ။

ပြီးတော့ သူ့ခေါင်းကို ကျွန်တော့်ပခုံးပေါ်တင်ကာ ရှိုက်၍နေသေးသည် ။

မီ့ဆံပင်ကလေးများသည် ကျွန်တော့်ပါးပြင်ကို လာ၍ပွတ်သပ်စဉ် သတိလက်လွတ် မဖြစ်ရအောင် အထိန်းကြီး ထိန်းခဲ့ရပါသေးသည် ။ ‘ ခင်ဗျား သိတဲ့ မီ့ပုံက ဘယ်လိုလဲ ’ ဟု ကျွန်တော်က မေးလိုက်၏ ။

‘ မီ့ကို ငယ်ငယ်လေးတည်းက အင်္ဂလိပ် မယ်သီလရင်ကျောင်းမှာ အပိုင်အပ်ထားသတဲ့ ။ သူ ကျောင်းထွက်တော့ မအေနဲ့ နေရာမှာ ပထွေးရန် ကြောက်လို့ တစ်ယောက်တည်း နေရသတဲ့ ။ ကုလားသူဌေး တစ်ယောက်ဆီ အလုပ်လုပ်တာ ကုလားက ကြာသမားတဲ့ဗျာ ။ ဒီက သွားရပြန်ပြီး ဆရာမ လုပ်တယ်ဆိုလား . . . ကျွန်တော်နဲ့ မီ တွေ့ကြတဲ့ အချိန်တုန်းက မီက ဝတ်လုံတစ်ယောက်နဲ့ ယူတော့မလိုလိုပဲ ။ ခုတော့ ဦးတင်မောင်ဆီမှာ ခု လူတွေ ပြောနေကြတာတော့ မီဟာ ဦးတင်မောင်ရဲ့ ခြေတော်တင်တဲ့ဗျ ’

‘ ခင်ဗျား ထွက်သွားပါ ’ ဟု ကျွန်တော်က လူသတ်ချင်သည့်စိတ်ဖြင့် အော်လိုက်၏ ။

‘ ခင်ဗျား ဘာဖြစ်သွားတာလဲ ။ ကျွန်တော် တစ်ခုမှ လိမ်မပြောဖူးဘူး ။ ခင်ဗျား ကောင်းဖို့ စေတနာနဲ့ ပြောတာ ’

‘ ခင်ဗျား ထွက်သွား ’

ထိုသူက စောင်းကန်းစောင်းကန်း လုပ်နေရာ ကျွန်တော်သည် ကုပ်ပိုးမှ ဆောင့်ဆွဲပြီး လသာခန်းမှနေ၍ အတွင်းသို့ တွန်းသွင်းလိုက်၏ ။

ယခု မီ၏ လက်ရှိအလုပ်မှာ သူဌေး ဦးတင်မောင်၏ စက္ကရီတေရီ လုပ်ခြင်းဖြစ်၏ ။ မီသည် ဦးတင်မောင် အိမ်တွင်ပင် နေထိုင်၏ ။

ဦးတင်မောင်မှာ မိန်းမဘက်တွင် နာမည်ကျော် ဖြစ်လေရာ မီ့လို အလှကလေးကို တစ်လနှစ်ရာ့ငါးဆယ် အလကားပေးပြီး အိမ်ခေါ်ထားသည်မှာ ရူးသွပ်ခြင်း မဟုတ်ပေ ။

ကျွန်တော်သည် ဦးတင်မောင်ကို မုန်း၏ ။

သူ့စာရိတ္တကိုပြသည့် ထူအမ်းမဲ့ရွဲ့သော နှုတ်ခမ်းကို မုန်း၏ ။

သို့သော် သူသည် မျက်ခုံးမျက်လုံးကောင်းကောင်း ၊ နှာခေါင်းချွန်ချွန် သပ်သပ်ရပ်ရပ် ဝတ်စားတတ်၏ ။

သူ့ရုပ် ၊ သူ့ပစ္စည်းနှင့် သူ့ကိုယ်သူ အထင်ကြီးသူ ဖြစ်လေရာ ဘယ်တော့မှ လမ်းပေါ်က အပေါစား မိန်းမများနှင့် မဆက်ဆံပေ ။

ပြီးတော့ လူတစ်ယောက်ဟာ ပါးလည်းပါးမယ် ၊ ငွေလည်းရှိမယ် ၊ ခေတ်ပညာလည်း တတ်မယ်ဆိုရင် အထက်တန်းစား ဆိုသူများထဲက လင်ရှိအပျို ၊ တစ်ခုလပ်အပျို ၊ မုဆိုးမအပျို ၊ အပျိုသန့်သန့် စသည်များကို သူ လိုချင်တဲ့ နည်းမျိုးနဲ့ပဲ ရနိုင်တယ် မဟုတ်လား ။

ဦးတင်မောင်နှင့် မီသည် အများပြောလည်း ပြောစရာ ရင်းနှီးလွန်း၏ ။ သို့သော် ကျွန်တော် မီ့ကို ပထမဆုံး စတွေ့စဉ် ဦးတင်မောင်ကို မျက်နှာကြီး ပျက်နေအောင် ထားခဲ့ကာ ကျွန်တော်နှင့် ဆူးလေဘုရားဘက် ထွက်လာသည်ကို တွေးမိသော်

‘ မီဟာ ဦးတင်မောင်ကို မုန်းတယ် . . . မီ သိတယ် ဦးတင်မောင်ကို အလုပ်ရှင်မို့ အလိုက်အထိုက် နေရတာ ’ ဟု အကောင်းဘက်က လှည့်တွေးလိုက်၏ ။

ဟိုတယ်တွင် ၁၁ နာရီ ခွဲသည်အထိ မီ့ကို စောင့်ပါသေးသည် ။ မီ ပြန်မလာပါ ။

မီဟာ အိမ်ပြန်အိပ်နေပြီ ဆိုရင်တော့ ကောင်းပါရဲ့ ။ ဒါပေမဲ့ ဦးဘချစ် . . .

မီ့အသံကို ကြားလိုက်၏ ။

‘ မီးဟာ ကြောက်စရာလား ’

ကျွန်တော်သည် တစ်သက်နှင့်တစ်ကိုယ် ပထမဦးဆုံး မိန်းမအတွက် မောင်ကိုလေး ငိုသလို ငိုရကောင်းမလားဟု တွေးမိ၏ ။

နောက်တစ်နေ့ မိုးလင်းလင်းချင်း မီ့ထံ ( ဦးတင်မောင်အိမ် ) သို့ သွား၏ ။

မီရော ၊ ဦးတင်မောင်ရော မရှိဘဲ ဦးတင်မောင့်လူယုံ ကုလားကပြားကိုသာ တွေ့ရ၏ ။

‘ မီ . . . ညက ပြန်မလာဘူးလား ’

‘ လာတယ် ၊ တစ်ချက်ကျော်ကျော်မှာ လာတယ် ။ ဦးတင်မောင်နဲ့ ရန်ဖြစ်ကြတာပေါ့ ။ သူဌေးက မီ့ကို သိပ်သနားတယ် ၊ ဂရုစိုက်တယ် ။ မိန်းကလေး ဖြစ်ချင်ရာ ဖြစ်မှာကို သိပ်ကြောက်တယ် ’

ကုလားက သူ့အဓိပ္ပာယ်နှင့်သူ အားရပါးရ ရယ်လေ၏ ။ ထို့နောက် မျက်ခုံးတစ်ဖက်ပင့်ကာ

‘ သူဌေးက အတော် စိတ်ဆိုးတယ် ။ မီကတော့ ဂရုတောင် မစိုက်ဘူး ။ ‘ ရှင် သဘောမကျရင် အလုပ်ကထွက်မယ် ၊ ထုတ်ပစ်လိုက် ’ တဲ့ ။ သူဌေးကပဲ ပြန်ချော့ရသေး ချည်တော့တယ်ဗျို့ ။ ကျုပ်ဖြင့် အတော် သဘောကျတယ် ။ မီ့နေရာသာ ဖြစ်ချင်လာတော့တာပဲ ။ ကျုပ်သာ မီ ဆိုရင်လား . . . ’

ကုလားက ရွံစရာကောင်းစွာ ရယ်ပြန်၏ ။

ကျွန်တော်လည်း ဘယ်သူ့ကိုမှန်းမသိ ဒေါသထွက်ကာ

‘ ဟေ့ . . . ဒါတွေ မကြားချင်ဘူး ။ ခု သူတို့ ဘယ်မှာလဲ ၊ ဘယ်သွားလဲ နှစ်ယောက်အတူတူ သွားတာလား ’

ဟု ဟောက်လိုက်၏ ။

‘ အို . . . သူတို့ ဘယ်သွားတယ် ဆိုတာ ပြောလို့ဖြစ်မလား ။ နှစ်ယောက်တည်း သွားတာကို ခင်ဗျား လိုက်ပြီး သုံးယောက် မလုပ်ချင်ပါနဲ့ ’

‘ သူတို့ ဘယ်တော့ပြန်လာမလဲ ’

‘ မပြောတတ်ဘူး ’

ကျွန်တော်သည် ကိုင်သာ ရိုက်လိုက်ချင်သော စိတ်ကို ချိုးနှိမ်ကာ ဒေါသကို သက်ပြင်းအဖြစ်သို့ ပြောင်းလဲမှုတ်ထုတ်လိုက်ရင်း

‘ ကဲကွာ . . . ဒါဖြင့်ရင် သူ ဒီလိုသွားတဲ့အခါ ဘယ်လောက် ကြာတတ်သလဲ ခါတိုင်း ’

ဟု တစ်နည်းလှည့်ပြီး မေး၏ ။

‘ မီဟာ ဦးတင်မောင် စက္ကရီတေရီပဲ ။ သူ ဘယ်သွားသွား ၊ ဘယ်လောက်ကြာကြာ မီက အမြဲ သူနဲ့ ရှိရမှာပေါ့ ။ တစ်ရက်ထဲ ကြာတတ်တာလဲ ရှိတယ် ။ တစ်လ ကြာတတ်တာလည်း ရှိတယ် ။ ဒါပေမဲ့ တစ်ခါတော့ သိပ်မကြာပါဘူး ။ အလုပ်ကိစ္စနှင့် သွားတာမှ မဟုတ်ဘဲ ၊ အပျော်သွားတတ်တာပဲ ။ သန်ဘက်ခါလောက်တော့ ပြန်လာကောင်းမယ်နဲ့ တူပါရဲ့ ’

ကျွန်တော်သည် ဘာကိုမျှ မမြင်တော့ဘဲ ခေါင်းအောက်စိုက်ကာ ထွက်အလာ လူပါးဝသည့် ကုလား၏ အော်သံကို ခပ်သဲ့သဲ့ ကြားရပါသည် ။

သို့သော် ပြန်ပြီးသတ်ချင်စိတ်လည်း မရှိတော့။

Comments