မီ . . . တဲ့ ။
မီ . . . မီ . . . မီ့ကို မမြင်ဘူးခင် ကတည်းက သည်နာမည်ကလေးကို ဘယ်လောက် ဘယ်လောက်များ တ ရပါလိမ့် ။
ပထမတော့ နာမည်ကလေး ဆန်းဆန်းမို့ ခေါ်ကောင်းကောင်းနှင့် ခေါ်မိသည် ။
နောက်တော့ ယောင်္ကျားတစ်ယောက်ကို ပေါ့ပေါ့ကလေး သေစေနိုင်သူမို့ ၊ နောက်တော့ ဘယ်သူကိုမှ မခဲရလျှင် သူ့အမြီးသူ ပြန်ခဲသည့် ကျားနာလို ရက်စက်သူမို့ . . .
ခုမှာမူ ကျွန်တော်သည် ပပ်ကြားအက်ကွဲနေသော အသည်းနှလုံးနှင့် မှုန်ရီဝေးကွာခဲ့သည့် မီ၏ အတိတ်က အရိပ်တွေကို လိုက်လံဖမ်းယူကာ မီ . . . မီ . . . မီ ဟု မောဟိုက်တမ်းရှိုက်မိပါသည် ။
*****
“ လေး” . . .
ညက လေးကို အိပ်မက် မက်တယ် ။
လှေကားထစ်တွေက . . . အို . . . အရှည်ကြီးပဲတဲ့ လေးရယ် . . . ကွေ့ကွေ့ကောက်ကောက်နဲ့ မဆုံးနိုင်ဘူး . . . နေ့လား ညလားတော့ မသိဘူး။ မှောင်တော့ ခပ်မှောင်မှောင်မှာ လေးနဲ့မီ လှေကား တစ်ထစ်ပြီး တစ်ထစ် ၊ တစ်ထစ်ပြီးတစ်ထစ် ဆင်းကြပါရောတဲ့ ။
အိပ်မက်ထဲမှာ လေးက ကြောက်လို့တဲ့လေ။ တစမ်းစမ်းနဲ့ တွန့်ဆုတ်တွန့်ဆုတ် လုပ်နေတာမို့ မီက ‘ လာပါ လေးရဲ့ . . . လာပါ ’ လို့ ခေါ်ပြီး အတင်းဆွဲရသတဲ့။ လေးက မီ့လက်မောင်းကို မှေးကိုင်ပြီး လိုက်လာလို့ မီက လမ်းပြလိုလို ဖြစ်နေတာပေါ့ ။
အောက်ဆုံး သုံးလေးထစ်ထဲကျန်လို့ မီတို့နှစ်ယောက် ငုံ့အကြည့်လိုက် မှောင်ကြီးမှ တကယ့် အမှောင်ကြီးပဲ၊ နက်လိုက်တာကလည်း လွန်ရော။ အဲဒီထဲ ကျသွားရင် ဘယ်မှ မရောက်နိုင်တော့ဘဲ မှောင်ထဲမှာပဲ ပတ်ချာလည် နေရမယ်တဲ့ . . . အိပ်မက်ဆိုတာ ဒီလိုပဲနော် ။ အိပ်မက်ထဲမှာ ပြောပြမယ့်လူ မရှိပေမဲ့ အလိုလို သိနေတာပဲ ။
နောက်တော့ ဘာဖြစ်လို့ရယ် မသိပါဘူး ။ မီတို့နှစ်ယောက် မှောင်ကြီးကို မေ့ပြီး လှေကားရင်း ညာဘက်ထောင့်မှာကပ်လို့ တစ်ယောက်နှင့် တစ်ယောက် မှီထိုင်နေကြတယ်တဲ့။ စိုစိုစွတ်စွတ်နဲ့ မိုးဖွားလေးတွေက တဖြောက်ဖြောက် ကျလို့ပေါ့။ မီတို့နှစ်ယောက် မျက်နှာမှာလည်း မိုးရေလား၊ မျက်ရည်လား တစ်ခုခုပဲ ရွှဲလို့တဲ့ လေးရယ်။ အို . . . မျက်ရည်ပဲ ဖြစ်ရမှာပေါ့နော် ။
မီတို့နှစ်ယောက် ငြိမ်ထိုင်ပြီး စကားမပြော ဘာမပြော နေလိုက်ကြတာ တစ်ညလုံးပဲ ထင်ပါရဲ့။ မီ လန့်နိုးလာတော့ အဲဒီထိုင်တုန်း တစ်ဝက်တစ်ပျက်ပဲ ရှိသေးတယ် ။
ကဲ . . . ဒါဟာ အိပ်မက်တဲ။ မီကတော့ နိမိတ်ပဲ ထင်တာပဲ မောင်။ အိပ်မက်က မဆုံးသေးခင် နိုးလာလို့ပေါ့။ ဆုံးအောင်သာ မက်ရမယ့် ဟာဆိုရင် မှောင်ကြီးထဲ နှစ်ယောက်သား လိမ့်ကျကြလိမ့်မယ်နဲ့တူတာ လေးရဲ့ ။
သိပ်စင်းတဲ့ အိပ်မက်ပဲနော် . . .
လေးရယ် . . . မီကတော့ သွားရမယ့်လူပါ။ မကောင်းတာ၊ မသင့်တာ၊ မတော်တာတွေ မှန်သမျှ လုပ်ပြီးခဲ့လို့ သက်တမ်းမစေ့ခင် စောစောစီးစီး သေရမှာဟာ မီ့လမ်းပဲ။ အမှန်တော့ မီဟာ လေးကို အိပ်မက်ထဲက အတိုင်းပဲ အတင်းဆွဲခေါ်ပြီး ဒုက္ခတွေ တွေ့စေတာပဲ။ လေးနဲ့မီ စတွေ့ကတည်းက မီဟာ တစ်ခါမှ ကောင်းကျိုး မပေးခဲ့သေးဘူးနော်။
လေးဟာ မီ့အပြစ်တွေအတွက် မီ့ကို သေသေချာချာ မုန်းလိုက်ဖို့ ကောင်းတယ်။ လေး ခုလို မီ့ဆီက ထွက်ပြေးလို့တော့ မီ့ဒဏ်က လွတ်မယ်ထင်သလား။
လေးဟာ မီ့ကို မုန်းပြီး မေ့လိုက်မှ အေးမှာ။ လေးဟာ ခုလို မီ့အတွက် စိတ်ညစ်ပြီး ထင်ရာတွေ လုပ်နေဖို့ မကောင်းပါဘူး ။
မီ့ကို လှေကားရင်း မှောင်စပ်မှာ ပစ်ထားပြီး အပေါ်သာ ပြန်တက်ပြေးပါတော့ကွယ်။ အပေါ်မှာ ပျော်စရာတွေ ရှိတယ်တဲ့ ။ မီ့ဒုက္ခတွေ ၊ မီ့အပြစ်တွေကို မဆိုင်ဘဲနဲ့ ဝေမခံချင်ပါနဲ့တော့ ။
မီလည်း နီးပါပြီ ၊ ပြန်မြင်နေသေးတော့တယ် လေးရယ်။ ရှေ့ကလည်း မှောင်ကြီး လှေကားထစ်ကလည်း သုံးလေးထစ်ပဲ ကျန်တော့တယ် ။
မှောင်ကြောက်ပြီးတော့ လွဲဖယ်သွားစရာလည်း မရှိဘူး။ မီကတော့ အပေါ်မှာ ဘာတွေရှိရှိ ပြန်တက်မပြေးချင်တော့ပါဘူး ။ ဒီမှောင်ဆီကိုပဲ ကျရအောင် တမင်ဆင်းခဲ့ရတာ မဟုတ်လား ။
မီးကတော့ နီးပါပြီဆို။ ညက ချောင်းဆိုးတယ်လေ။ သွေးတော်တော်ပါတယ်။ ဘေးက လူတွေတောင် လန့်ကုန်တယ်လေ။ မီ မကြားဘူးမှတ်လို့ တိုးတိုးပြောကြသေးတယ်။ သွေးတွေကလည်း များလိုက်တာ ချင်းချင်းနီနေတာပဲတဲ့။
မနီပါဘူး၊ အဟုတ်မနီပါဘူး။ မည်းနေတာပဲ။ မည်းလွန်းလို့ မှောင်နေတာ မီ မြင်သားနဲ့။ ခုတော့ မီ့ရှေ့မှာ မှောင်ကြီးပဲ လေးရေ့ ။ ဘာကိုကြည့်ကြည့် အမည်းချည်း မြင်တာပဲ။
လေး . . . ဒီစာကိုဖတ်ပြီး မငိုနဲ့ဦးနော်။ လေးဟာ ခဏလေးပဲ ရှိသေးတယ်။ ငိုစရှိ ငိုတုန်းပဲ။ စင်စစ်တော့ ငိုစရာ မဟုတ်ပါဘူး ။ ဒါဟာ ရယ်စရာကြီးပါ ။ မောင် . . . ရယ်စရာကြီးပါ ။ မီတော့ ရယ်တာပဲ ’
“လေးရဲ့မီ”
သည်ကစပြီး မီ့ကို ကျွန်တော် သိပေသည် ။
မီသည် ယောင်္ကျားတစ်ယောက်ကို ဘယ်လို သိမ်းဆည်းရမည် ဆိုတာကို သိပေသည် ။
ခုကြည့်ပါ ။ မောင်ကိုလေးသည် မီ မှာသလိုတောင် မငိုနိုင်အောင်ကို စိတ်ထိခိုက် နေပေသည် ။
ကျွန်တော့်လက်တွင်းက သူ့ မီ၏ စာကလေးကို ငေးမောတွေစိုက်ပြီးနေ၏ ။
ကျွန်တော့်ကို မကြည့်ဘဲ
‘ မီ သေရင် ကျွန်တော် မနေဘူး ’ ဟု မိုက်မဲစွာ ပြော၏ ။
မောင်ကိုလေးသည် သည်လောက် မိုက်မဲရအောင်ပဲ ငယ်သေးသည် ။
သူ့မှာ လူငယ်တို့၏ အရည်အချင်းဖြစ်သည့် ယုံလွယ်သောစိတ် မိုက်ရူးရဲစိတ် မြန်လွန်းသောစိတ် ရှိသည် ။
သို့သော် စစ်ထဲဝင်နိုင်လောက်အောင် စွန့်စားခြင်းမှာလည်း ဝါသနာမပါ ။
နိုင်ငံကိုလည်း မချစ်လှသောကြောင့် သူ စစ်သား ဖြစ်နေသည်ကို ကျွန်တော် နားမလည်ပေ ။
နောက်ဆုံး၌ လူငယ်ပီပီ အချစ်ကိစ္စဖြင့် စိတ်အခန့်မသင့်ဖြစ်ကာ ကျွန်တော်တို့ တပ်ထဲ ရောက်လာမှန်း သိရလေ၏ ။
မောင်ကိုလေးသည် မီ့ကို အသက်ငယ်ငယ် ကောင်ကလေးများ ချစ်တတ်သည့် ကမူးရှူးထိုးစိတ်ဖြင့် ပြင်းထန်စွာ ချစ်မိပါသည် ။ မီကတော့
‘ မီကတော့ . . . အင်း . . . မီ့သဘောကို ကျွန်တော် နားမလည်ပါဘူး ။ တစ်ခါ တစ်ခါ မီဟာ ကျွန်တော့်ကို သိပ်ချစ်တယ်လို့ ထင်တယ် ။ တစ်ခါ တစ်ခါတော့ သိပ်မုန်းတယ် ထင်တယ် ’
မောင်ကိုလေး၏ စကား ။
‘ မီဟာ လှတယ် ၊ ဒါပေမဲ့ ဒါထက်ပိုတာ တစ်ခုရှိတယ် ။ ဘာလဲတော့ မသိဘူး ။ ရှင်းရှင်းပြောရင် မီ့မှာ ကျွန်တော့်ကို ရူးစေတဲ့ အရာတစ်ခု ရှိတယ် ’
‘ မီ့ဆံပင် အညိုရောင်ကလေး ။ မျက်လုံးက မီးခိုးရောင်လိုလိုပဲ ။ အသားက ဖြူပြီးဖျော့တယ် ။ ကိုယ်နေကလည်း ခပ်လျလျ ပါးပါးမို့ သိပ်နဲ့တယ် ။ ’
‘ မီဟာ ဗမာနဲ့လည်း သိပ်မတူဘူး ။ သူ လှပုံက တစ်မျိုးပဲ ။ နာမည်ပေးရမည် ဆိုရင် မီ့အလှဟာ ဖျော့တော့တဲ့အလှ ၊ ဖျော့တော့တဲ့အလှ ’
မောင်ကိုလေးသည် မီ့ကို တွေးသည့် အတွေးများမှာ မူးမေ့ရင်း ကျွန်တော့်အား မီနှင့် မတွေ့ဖူးခင် ကတည်းက မိတ်ဆက်ပေး၏ ။
‘ မီဟာ ကျွန်တော် မကြိုက်တဲ့ အလုပ်တွေကို သိပ်လုပ်တယ် ။ ဘယ်သူ့ကိုမှလည်း မမှုဘူး ။ ပြီးတော့ ကျွန်တော့်ကို သူ့ချစ်စရာ အပြုအမူလေးတွေနဲ့ စိတ်ပြေအောင်လုပ်တယ် ’
‘ မီဟာ ကျွန်တော့်ကို ရူးခိုင်းတဲ့ အခါတွေ အများကြီး ရှိတာပဲ ၊ အမြဲလိုလိုပါပဲလေ ။ ဒါပေမဲ့ ကျွန်တော့်နားကို တိတ်တိတ်ကလေး ရောက်တဲ့အခါမှာဆိုရင် . . . အို . . . ’
‘ ကျွန်တော်က စားပွဲတစ်ခုမှာ လက်ထောက်ရင်း ထိုင်တယ် ဆိုပါစို့ ။ ပထမဆုံး အီဗနင်းအင်ပဲရစ် အနံ့ကလေး ရမယ် ။ ’
‘ ပြီးတော့ ပခုံးပေါ်ကို အေးစက်စက် ပျော့တော့တော့ လက်ကလေးများ ကျလာမယ် ။ ’
‘ ပြီးတော့ မျက်နှာကလေး တစ်ခြမ်းဟာ ကျွန်တော့်ပါးပြင်နားကို ကပ်လာမယ် ။ ’
‘ ကျွန်တော့်ရင်ထဲမှာ တဒိတ်ဒိတ်ပဲ ။ ခပ်တွန့်တွန့်နဲ့ပဲ သူ့လက်ကလေးတွေကို ဆုပ်လိုက်တယ် ။ ’
‘ လက်ကလေးတွေဟာဗျာ . . . သိပ်ပျော့ပြီး သိပ်သွယ်တာပဲ ။ ဆင်စွယ်လိုပဲ ချောပြီး ဖြူတယ် ။ ’
‘ အဲဒါဟာ ကျွန်တော် အရူးဆုံး အချိန်ပဲ ။ မီ့မှာ ကျွန်တော် မသိအောင် နောက်ကလာပြီး ချော့တတ်တဲ့ အကျင့်လေး ရှိတယ် ’
ကျွန်တော်လည်း စိတ်ဝင်စားကာ ‘ ဒါနဲ့ မင်းက ဘာပြုလို့ စစ်ထဲဝင်ရတာလဲ ’ ဟု မေးလျှင် သူက မသာယာသော အပြုံးကို အရင်ပြုံး၏ ။
‘ ကျွန်တော် ဒီအကြောင်းကို မတွေးချင်ဘူး ။ ဒါပေမဲ့ အမြဲတွေးတယ် ။ ပြီးတော့ ငိုတယ် ။ မရှက်ပါဘူး . . . ကျွန်တော် မီ့အတွက် ခဏခဏပဲ ငိုတယ် ။ ’
‘ ကျွန်တော်နဲ့မီကို တွေ့တဲ့လူဟာ သိပ်ချစ်တဲ့သူ နှစ်ယောက်လို့ ထင်လိမ့်မယ် ။ ကျွန်တော့်ဘက်ကတော့ ဟုတ်တာပေါ့ ။ မီကတော့ . . . ’
‘ ကျွန်တော် ပြောခဲ့ပြီ မဟုတ်လား ။ မီဟာ ကျွန်တော့်ကို သိပ်ချစ်တယ်လို့ တစ်ခါ တစ်ခါ ထင်တယ် ။ တစ်ခါ တစ်ခါတော့လည်း သိပ်မုန်းတယ်လို့ ထင်တယ် ဆိုတာ . . . ’
‘ မီဟာ . . . ကျွန်တော်နဲ့ သွားချင်ရာ သွားနေတာပဲ ။ ကျွန်တော့်ကို ခေါ်ပုံကလည်း လေးတဲ့ဗျာ ။ ကျွန်တော်က ချစ်တယ် ချစ်တယ် ပြောချင်သလောက်ပြော မီ ပြုံးနေတယ် ။ ’
‘ ဒါပေမယ့် ခေါင်းခါတယ် ။ ‘ မီ မချစ်နိုင်ပါဘူး ၊ မမုန်းနိုင်ပါဘူး ’ လို့ အပြီးပိတ်ပြီး ပြောတယ် ။ ’
‘ ဘာဖြစ်လို့ မချစ်တာလဲ မေးဦးမလား . . . မီက ‘ မချစ်လို့ပေါ့ ’ လို့ ဖြေမယ် ။ ’
‘ ကျွန်တော့်ကို ဂရုမစိုက် လုပ်ပစ်တယ် ။ ဒါပေမဲ့ ကျွန်တော့်အပေါ်တော့ သိပ်ရင်းရင်းနှီးနှီး နေတယ် ။ ’
‘ အို . . . တကယ့်သမီးရည်းစားလိုပါပဲ ။ ’
‘ ကိုင်း . . . ကျွန်တော်မှ မရူးရင် ဘယ်သူ ရူးဦးမလဲ ။ ကျွန်တော်လည်း မနေနိုင်တော့ဘူး ။ ’
‘ ဒေါသလည်းထွက် ၊ ရှက်လည်းရှက် ၊ ဝမ်းလည်းနည်းပြီး ‘ မီဟာ မောင့်ကို ချစ်ရက်သားနဲ့ မုန်းဟန်ဆောင် နေတာလား ။ မုန်းရက်သားနဲ့ ချစ်ဟန်ဆောင်နေတာလား ’ လို့ မေးတော့တာပေါ့ . . . ။ ’
‘ မီက အေးဆေးပဲ ‘ နှစ်ခုစလုံး မဟုတ်တော့ဘူး ’ တဲ့ ။ ’
‘ ကျွန်တော်က ဒါနဲ့ ‘ မောင် သေသွားရင် မီ ဘယ့်နှယ့်နေမလဲ ’ လို့ ဆိုတော့ ‘ သုံးလေးရက် ဝမ်းနည်းမှာပေါ့ ’ တဲ့ဗျာ ။ ’
‘ ကျွန်တော် ဘာဖြစ်သွားမယ် ဆိုတာ ခင်ဗျား သိချင်သလား ။ သိအောင်လည်း ကျွန်တော် ပြောပြနိုင်မှာ မဟုတ်ပါဘူး ။ ခင်ဗျား ကိုယ်တိုင် ဒီလိုခံရမှ သိမယ် ။ ’
‘ ကျွန်တော် မခံချင်လို့ ထပ်ထပ်မေးတယ် ။ ဒီအဖြေပဲ ။ ရက်စက်လိုက်တဲ့ မီ . . . သုံးလေးရက်ပဲ ဝမ်းနည်းမှာပေါ့တဲ့ ။ ကျွန်တော်ကတော့ မီ သေရင် မနေဘူးလို့ တွက်ထားတယ် ။ ’
‘ မီဟာ တည်ပေမဲ့ ကျွန်တော်နဲ့ကျရင် အမြဲပြုံးပြီး စကားပြောတတ်တယ် ။ ’
‘ ဒီတော့ သူ စကားပြောရင် နောက်နေတာလား ၊ အတည်လားလို့ လက်ဦးတွေးရတယ် ။ ’
‘ ကျွန်တော်ကတော့ ဒီနှစ်ခုကို မခွဲခြားနိုင်ခဲ့ပါဘူး ။ ’
‘ ဒါနဲ့ ကျွန်တော်လည်း သိပ်ရှက်ပြီး သိပ်နာသွားတယ် ။ ’
‘ ဒါကြောင့် မီ့အပေါ် ကြောက်စရာကောင်းအောင် ချစ်တဲ့လူကို ကြောက်စရာ ကောင်းအောင်ပဲ မုန်းမိတဲ့ မီ့အမုန်းအတွက် မီ့ကို သုံးလေးရက် ဝမ်းနည်းရအောင်တော့ ဒဏ်ပေးဦးမယ် . . . ဆိုပြီး စစ်ထဲဝင်လိုက်တယ် ။ ’
‘ သေဖို့ ဝင်ခဲ့တယ် ၊ တိုက်ခိုက်ဖို့ မဟုတ်ဘူး ။ ခုတော့ မီက စာတွေ ရေးပြန်ပြီ ။ ရေးပုံက လွမ်းလောက်စရာပါပဲ ။ ဖတ်ပြီးတော့ ခင်ဗျား ဘယ့်နှယ်ထင်သလဲ ကျွန်တော့်ကို မီ ချစ်တယ် ထင်သလား ။ ’
‘ ကျွန်တော်ကတော့ တွေးတုန်းပဲ ။ မီ ခုလိုလုပ်နေတာဟာ နောက်နေတာလား ၊ အတည်လားလို့ ’
မောင်ကိုလေးသည် ဤသို့ မီ့အတွက် ရူး၏ ။ အရမ်းကာရောပင် ရူး၏ ။
မီ ကိုယ်တိုင်ကတော့ ဘယ်လောက် စွမ်းလိမ့်မည် မသိ ။ မီ့စာများကတော့ သူ့ကို ငိုသည့်အခါ ငိုစေ၍ ရယ်သည့်အခါ ရယ်စေ၏ ။
ကျွန်တော်သည် မောင်ကိုလေး အတွက် မခံချိ မခံသာ ဖြစ်ကာ . . . မီဟာ ဘယ်လို မိန်းမကလေးမျိုးပါလိမ့်ဟု တွေးလေ၏ ။
ထိုခဏမှာ အေးစက်စက် မထီတရီ မီ့ကို တွေ့၏ ။ မီသည် မောင်ကိုလေး ပခုံးကိုကိုင်ကာ သူ ငိုသည်ကို ပြုံးပြီးကြည့်၏ ။
အပြုံးနှင့် မျက်ရည်သည် နှစ်ခုပြောင်းပြန် ဖြစ်နေပုံကို ကြည့်ပါဦး ။ မိန်းကလေးက ပြုံးလို့ ယောင်္ကျားလေးက ငိုရသတဲ့ ။
မမြင်ဖူးသေးတဲ့ မီ့ကို ကျွန်တော် မုန်း၏ ။ မုန်းလျက်က စွဲလမ်း၏ ။ တွေးချိန်ရတိုင်း မီ့ကိုတွေးကာ မီ . . . မီ . . . မီ ဟု တသမိပါသည် ။
မီ့ထံမှ စာတွေလာသမျှ ကျွန်တော့်အား ပြသည် ။ ကျွန်တော်က မဖတ်တော့ချေ ။ မီ့သဘောကို ဟိုတစ်စောင်ဖတ်ပြီး ကတည်းက ရိပ်ဖမ်းမိပါပြီ ။
မီဟာ မောင်ကိုလေးကို လှည့်စားနေတယ် ဆိုတာ တစ်ဖက်က လွှတ်ပြီး တစ်ဖက်က ပြန်ဖမ်းနေတယ် ဆိုတာ . . .
ခုတစ်လောလာသည့် မီ့စာများသည် ဒုက္ခအတော်ပေးဟန်တူသည် ။
မောင်ကိုလေးသည် ငိုတစ်ခါ ရယ်တစ်လှည့် မဟုတ်တော့ဘဲ ငြိမ်ငြိမ်ထိုင်ကာ တွေမှိုင်လာ၏ ။ ‘ သေချင်တယ် . . . သေချင်တယ် ’ နှင့် ညည်းလာ၏ ။
ကျွန်တော်ကမူ ‘ မင်းဟာ ယောင်္ကျားစိတ် မရှိဘူး ’ ဟုလည်း မဆူပွက်တော့ ။ လက်ပိုက်ပြီး ကြည့်နေလိုက်သည် ။
သူ ဖြစ်ချင်သလို ဖြစ်နေ ၊ ကျွန်တော် ကြည့်ကာသာနေ၏ ။ ဒါ့ကြောင့် မချိမဆံ့ ပိုဖြစ်လေသလားတော့ မသိပေ ။
တစ်ညမှာ ၂ နာရီကျော်လောက် ထင်သည် ။ ကျွန်တော့်အား အတင်းလှုပ်နိုး၏ ။
အိပ်မောကျနေသူပီပီ အလန့်တကြား တွတ်ပစ်ရင်း ထလိုက်သည် ။
စိတ်တွင် ရှောင်တခင် စစ်ပွဲတော့ လာပြီဟု ထင်သည် ။ မောင်ကိုလေးက လုံးလုံးလျားလျား နှိုးမိသည် အထိပင် စောင့်၏ ။ ပြီးတော့ မီ့အကြောင်းကို ပြောသည် ။
‘ မီဟာ ကျွန်တော့်ကို ဘယ်လောက် မုန်းတယ် ဆိုတာ ခုမှသိတယ် မီက သေပါစေ . . . ဆုတောင်းနေတာဗျ ။ ’
‘ ကျွန်တော် စစ်ထဲဝင်တုန်းက ပျော်နေတာပဲ ။ မီ ပျော်နေတာပဲ ။ ကျွန်တော် မရှိမှ သူ တွဲချင်တဲ့လူနဲ့ တွဲရမှာပေါ့ ။ ပြီးတော့ ‘ သူရဲကောင်းကြီး ’ တဲ့ ။ လှောင်လိုက်သေးတယ် ။ ’
‘ မီဟာ အမြဲကို လှောင်နေတာပဲ ။ ကျွန်တော်ကသာ အကောင်းမှတ်နေတာ ။ ’
‘ ခု မီ အိမ်ပြောင်းသွားပြီ ။ ကျွန်တော့်ကို လိပ်စာမပေးဘူး ။ အလိမ္မာလေးနဲ့ ဖြတ်လိုက်တာပေါ့ ။ သိပ်တောတဲ့ မီ ၊ အစက ဒီလောက်တော်မှန်း မသိဘူး ။ ’
‘ ပြီးတော့ ရေးလိုက်တဲ့ စာကလည်း သူ့ကောင်တွေ အကြောင်းချည်းပဲ ။ သူ့မှာပေါကြောင်း သိပါတယ်ဗျာ ။ ’
‘ ဒါပေမယ့် ကျွန်တော် ဘာဖြစ်နေတယ် ဆိုတာ စဉ်းစားမိဖို့ ကောင်းပါတယ် ။ ဒါလောက် ရက်စက်ဖို့ မကောင်းပါဘူး ’
ဤသို့ မောင်ကိုလေး လာနှိုးသည့် အကြောင်းရင်းကို သိရပါသည် ။
သည်လို ကလေးသာသာ လူငယ်ကလေးက သည်လောက်ကြီးတဲ့ ဒုက္ခနဲ့ တန်ပါလေသလား ။
ဘာပဲဖြစ်ဖြစ် မောင်ကိုလေး၏ လူငယ်ဘဝဟာဖြင့် ပျက်စီးခဲ့ပါပြီ ။
မီသည် မောင်ကိုလေး၏ ပျော်ရွှင်မှုကို ချေပစ်လိုက်ပြီ ။
ချေတာမှ ခြေနဲ့ကို နင်းချေလိုက်တာပဲ ။
သန်းခေါင်ကျော် လေသည် အေးလှ၏ ၊ ရက်စက်၏ ။
ဖျော့တော့သည့် အလှကလေးသည်လည်း သည်လိုပင် အေး၍ ရက်စက်ပေလိမ့်မည် ။
မီသည် မောင်ကိုလေးအား ညှဉ်းဆဲနေရသည်ကို အရသာ ပေါ်နေဟန်တူ၏ ။
မီသာမဟုတ် ၊ ဘယ်မိန်းမဆို သူတို့အတွက် လူတစ်ယောက် ဒုက္ခရောက်နေသည်ဆိုလျှင် ပျော်၏ ၊ အားရ၏ ။
ပြီးတော့ သူတို့ ရက်စက်မှု အတွက် ဂုဏ်ယူလိုက်ချေသေးသည် ။ သို့ပေမည့် မီကတော့ ပို၏ ၊ မီကတော့ ပို၏ ။
အေးလှသည့် လေနှင့် မီ့အတွေးများကြောင့် ကျွန်တော်သည် အိပ်ချင်စိတ် ပျောက်သွားသည် ။
မောင်ကိုလေးက မျက်နှာခပ်လွှဲလွှဲနှင့် နေ၏ ။ သူ့စိတ်ထဲ ဘယ်လိုများ နေလိမ့်မလဲ ။
အသက်နှစ်ဆယ် မကျော်သေးသည့် သူ၏ နုနယ်ပျိုရွယ်သော စိတ်ဓာတ်ကလေးသည် မိဘထံမှလည်း ထွက်ပြေးခဲ့ပြီ ။
ကြမ်းတမ်းသည့် စစ်သားဘဝကိုလည်း တွယ်ကပ်ခဲ့ပြီ ။ နောက်ဘာဖြစ်ရဦးမည်လဲ ။
ကျွန်တော်သည် မောင်ကိုလေးကို နှစ်သိမ့်စေချင်၏ ။ သို့သော် ဘာပြောရ ဘာလုပ်ရမှန်း မသိပေ ။
‘ အေးလိုက်တာ ’ ဟုသော စကားမရှိ စကားရှာပြီး ပြောကာ တစ်ကိုယ်လုံး တွန့်လိုက်မိပါသည် ။
မောင်ကိုလေးက ကျွန်တော့်အား မမြင်သော မျက်လုံးများဖြင့် စိုက်ကြည့်သည် ။ နောက်မှ အဓိပ္ပာယ် နားလည်လာသလို ‘ သိပ်အေးတာပဲဗျာ ’ ဟု စိတ်မပါဘဲ လိုက်ပြောလေ၏ ။
‘ အေးတယ်ဆိုလို့ တစ်ညကို သတိရတယ် ။ ပြာသိုတစ်ညပေါ့ ။ ခုနှစ်နာရီလောက် ရှိသေးပေမဲ့ သိပ်ဉာဉ့်နက်နေပြီ ထင်ရတယ် ။ ’
‘ လမ်းပေါ်မှာ လူ မရှိတော့ဘူး ။ အိမ်တံခါးတွေလည်း ပိတ်ထားကြတယ် ။ ’
‘ မီက သွားချင်တယ်ဆိုလို့ ကဖေးတစ်ခုကို လိုက်ပို့ရတယ် ။ ’
‘ ပထမတော့ သူ ဆာလို့ အောက်မေ့တယ် ။ ဒါပေမဲ့ ဘာမှမစားဘူး ။ ဘရန်ဒီပဲ သောက်တယ် ။ ’
‘ မီဟာ ဒီလိုမိန်းကလေး ၊ ချမ်းလို့ လို့တော့ ပြောတာပေါ့ ။ ကျွန်တော်ကတော့ မကြိုက်ဘူး ။ ’
‘ မီ ဘာဖြစ်လို့ သောက်ရတာလဲ ’ လို့ ကျွန်တော်က မမေးရက် မေးရက်နဲ့ပဲ မေးတော့ ‘ လေးကော မသောက်ဘူးလား ’ တဲ့ ။ ပြီးတော့ စီးကရက်ခဲပြီး ကျွန်တော် ပြောသမျှတွေကို မကြားသလို နေတာပဲ ။
‘ အဲဒီညဟာ ကျွန်တော် အသည်းကွဲတဲ့ညပဲ ။ ဘားမှာ သူ့မိတ်ဆွေတွေ တွေ့လိုက်တာဟာလည်း မနည်းပါဘူး ။ ဒီလူတွေ သူ့ကို ခေါ်ပုံ ၊ စကားပြောပုံဟာ တစ်မျိုးပဲ . . . တစ်မျိုးပဲ . . . ကျွန်တော် မကြိုက်ဘူး ။ ’
‘ မနက်ကျတော့ မီ လဲတာပဲ ။ သွေးတွေ သိပ်အန်တာကိုး ။ ကျွန်တော် မကြည့်ဝံ့ဘူး ။ သူကတော့ ပြုံးနေလိုက်သေးတယ် ။ ပြီးတော့ သေစကားချည်းပဲ ပြောနေတယ် ။ ’
‘ ကျွန်တော်ကတော့ သေနတ်ချည်း စမ်းစမ်းနေတာပဲ ။ ဆရာဝန်ကသာ ပြောလိုက် မီဟာ သေတော့မယ် . . . လို့ ။ ’
‘ ကျွန်တော် သူ့ကို ဝေဒနာ မခံရအောင် ပစ်သတ်မယ် ။ ပြီးတော့ . . . ကျွန်တော်လည်း လိုက်သွားမယ် ။ ’
‘ မီ့မှာ တီဘီရှိတယ် ။ ကျွန်တော်ကတော့ မကြောက်ပါဘူး ။ ကျွန်တော့်ကို ကူးကူး သေသေ ၊ မီ့ကို ပိုသနားတယ် ။ မီဟာ ကျွန်တော့်ကို ချစ်ပါတယ်ဗျ ။ သူ့ရောဂါကြီးကြောင့် ငြင်းတာပဲ ။ ငြင်းမရလို့ ကျွန်တော် စိတ်ပျက်အောင် မီ တမင်ထင်ရာတွေ လုပ်နေတာပဲ ။ ’
‘ မီဟာ ကျွန်တော် မခံနိုင်ဆုံး စကားလုံးကို သိပ်ပြောတယ် ။ ‘ မုန်းလိုက် . . . မုန်းလိုက် ’ တဲ့ ။ ရောဂါကြီးနဲ့ မိန်းကလေး တစ်ယောက်တည်း နေရတဲ့ မီ့ကို ဘယ်သူ မုန်းနိုင်ပါ့မလဲ ။ မီဟာ သနားစရာ သက်သက်ပါ ။ ’
‘ မီ ကျွန်တော့်ကို ချစ်ပါတယ် ။ ‘ လေးဟာ မီ့အတွက် ဘဝအဆုံးမခံပါနဲ့ ’ တဲ့ ။ ‘ လေးဟာ ကလေးလေးပဲ တကယ့်ကို ကလေးလေးပဲ ’ လို့ မီ ညည်းရှာတယ် ။ မီက ကျွန်တော့်ထက် သုံးနှစ်ကြီးတယ် ။ ’
မောင်ကိုလေးသည် မီ၏ အချစ်နှင့် အမုန်းကြားဝယ် ပတ်ချာလည်ကာ ဓားနှင့် အစိုက်ခံရသူ၏ ညည်းသံမျိုးဖြင့် ရှည်လျားစွာ ကြောက်မက်ဖွယ်ရာ ညည်း၏ ။
ကျွန်တော်တို့ တပ်၏ အခြေအနေသည် ဆိုးလာ၏ ။ တပ်သားများသည် အိမ်အကြောင်းပြောဖို့ သတိမရတော့ဘဲ တိုက်ပွဲကိုသာ မျှော်ရ၏ ။
လက်နက်များကို ပြင်ဆင်ရ၏ ။
အကူတပ်များကိုလည်း ဝမ်းတွင်းမှ တိတ်တဆိတ် မျှော်ကြ၏ ။
သည်အတွင်းမှာ မောင်ကိုလေးသည် စစ်သွေးလုံးလုံး မဝင်ဘဲ မီ . . . မီ . . . မီ နှင့် မီကာနေရာမှ ဆိတ်ငြိမ်သွား၏ ။
မည်သည့်လက္ခဏာလည်းတော့ မသိချေ ။
ကျွန်တော့်ကိုပင် စကားမပြောတော့ ၊ တစ်ယောက်တည်းသာ နေပါများတော့သည် ။
တိုက်ပွဲတစ်ခု ဖြစ်ပွား၏ ။
အင်္ဂလိပ် အစိုးရ၏ ဂေါ်ရခါး စစ်သားများသည် သစ်လွင်လှပါသည် ။
မည်းမည်းညစ်ညစ် ဗမာစစ်သားများသည် ကျ ကျသွား၏ ။
သေစရာရှိလျှင် အဆွေတော် နီပွန်တို့သည် နောက်ဆွယ်မှ ရှောင်နေသည် ။
ကျွန်တော်တို့သည် မခံချင်စိတ် ၊ ရှက်စိတ်ဖြင့် ဇွတ်သာတိုက်၏ ။
ထို့ကြောင့် တပ်လုံးပြုတ်တော့မလို ဖြစ်နေသည် ။
ဂေါ်ရခါး စစ်သားတစ်စုသည် အမြစ်မှကျွတ်ပြီး လဲနေသော ကျွန်းပင်ကြီး နောက်မှာရှိ၏ ။
ထိုတစ်စုကြောင့် တပ်သားအများဆုံး သေ၏ ။
ကျွန်းပင်ကြီး၏ ပင်စည်မှာ လဲနေလျက်က လူ့တစ်ရပ်ခန့် ရှိပေသည် ။
ထိုအပင်ပေါ်ကို တပ်သားတစ်ယောက် ခုန်ပြေးပြီး တက်လိုက်၏ ။
လက်ထဲမှာ လက်ပစ်ဗုံး ကားခနဲ ဖြစ်သွားသည့် ခြေထောက်သည် ပြန်အစု အရပ်မားခနဲ မြင့်အလာမှာ ထပြီးပေါက်ကွဲ၏ ။
မောင်ကိုလေး ။
ထိုတပ်သားကို မောင်ကိုလေးဟု ပေါက်ကွဲပြီးမှ နောက်ကျစွာ သိရလေ၏ ။
တိုက်ပွဲပြီးသွား၍ အခိုးအငွေ့များ သေသည့်အခါ ကျွန်တော်တို့ တပ်သားများ အလောင်းကောက်ကြသည် ။
ကျွန်းပင်၏ အမြစ်အတက်များအကြား ဂေါ်ရခါး စစ်သားများအောက်မှ မောင်ကိုလေးသည် မှောက်လျက်ကားရားကြီးနေ၏ ။
သူ့မှာ နောက်စေ့မရှိတော့ချေ ။
အားလုံးကို ဖယ်ပစ်၍ မောင်ကိုလေး၏ အလောင်းကို ပက်လက်လှန်လိုက်သော် သူ့အင်္ကျီ ရင်ဘတ်အောက်မှ ရည်းစား စာတွေ တစ်ထပ်ကြီး ထွက်ကျလာလေသည် ။


Comments
Post a Comment