အခန်း [ ၃၄ ]
ထိုညနေပိုင်းမှ စ၍ မစ္စတာဟိကလစ်သည် ကျွန်မတို့နှင့် လက်ဆုံ မစားသောက်တော့ပါချေ။ သူကိုယ်တိုင်ကမူ လက်ဆုံစားသောက်ပွဲတွင် ဟယ်ယာတန်နှင့် ကက်သရင်း မလာရဟု မဆိုပါ။ သူသည် လက်ဆုံ စားသောက်ပွဲ၌ မဝင်ရောက်လိုဟန်ဖြင့် ရှောင်နေပုံရပါသည်။ သူကလည်း တနေ့လုံးနေမှ တကြိမ်သာ အစားအသောက် သုံးဆောင်ပါလေသည်။
တညတွင် တအိမ်လုံး အိပ်ရာသို့ ဝင်သောအချိန်၌ သူ အိမ်ပေါ်က ဆင်းပြီး အိမ်ထဲက ထွက်သွားသည်ကို ကျွန်မ ကြားလိုက်ရပါ၏။ သူပြန်ဝင်လာသံကို ထိုညက တညလုံး မကြားရပါ။ မနက် မိုးသောက်သည်အထိလည်း သူ ပြန်မလာပါ။
ထိုအချိန်ကား ဧပြီလ နွေဦးပေါက် ရာသီဖြစ်ပါသည်။ ရာသီဥတုသည် နွေးထွေး သာယာလှပါသည်။ မြက်ခင်းသည် နေရောင်တွင် လက်နေပါသည်။ အိမ်တောင်ဘက်နားက ပန်းသီးပင်ကလေး နှစ်ပင်မှာလည်း အပွင့်တွေ ဝေနေပါလေပြီ။
နံနက်စောစာ စားသောက်ပြီးချိန်တွင် ကက်သရင်းက ကျွန်မအား ထင်းရှူးပင်တွေအောက်မှာ ကုလားထိုင်ယူပြီး ထိုင်နေဖို့ ပြောသဖြင့် ကျွန်မလည်း သူပြောသည့်အတိုင်း ထိုင်နေလိုက်ပါ၏။ သူကိုယ်တိုင်ကမူ ဂျိုးဆက်ကြောင့် ပြောင်းရွှေ့ စိုက်ပျိုးလိုက်ရသော သူ့ဥယျာဉ် မြေကွက်ကလေး၌ အလုပ်များနေသော ဟယ်ယာတန်အပါးတွင် တရစ်ဝဲဝဲ လုပ်နေပါသည်။ ကျွန်မသည် နွေဦးပန်းရနံ့တို့ကို ရှူရှိုက်ယင်း ကြည်ကြည်နူးနူး ဖြစ်နေစဉ် သူ့ဥယျာဉ် မြေကွက်ကလေးကို စည်းရိုးခတ်ရန် ခြံဝသို့ သွား၍ ပန်းပင်ရိုင်း အမြစ်များကို ယူပြီး ပြန်လာသော ကက်သရင်းသည် ခပ်သွက်သွက်ကလေး ပြန်လာကာ မစ္စတာ ဟိကလစ် ပြန်လာကြောင်း ပြောပြပါသည်။
“သူက ကျွန်မကိုတောင် စကားပြောတယ် ရှင့်" ကက်သရင်းသည် သူကြုံခဲ့ရသော အဖြစ်ကို နားမလည်အောင် ဖြစ်နေပါသည်။
“သူက ဘာပြောသလဲ” ဟယ်ယာတန်က ဆီးမေးပါသည်။
“သူက ကျွန်မကို မြန်မြန်သွားစမ်းလို့ ပြောတယ်ရှင့်၊ သူ့ကြည့်ရတာ ခါတိုင်းနဲ့ မတူလို့ ကျွန်မလဲ သူ့ကို စိုက်ကြည့်လိုက်မိသေးတယ်”
“သူက ဘယ်လိုဖြစ်လာလို့လဲ”
“ဘယ်လို ဖြစ်လာသလဲ မသိပါဘူး၊ လူပုံကတော့ ပြုံးပြုံးရွှင်ရွှင် ဖြစ်လာပုံပဲ၊ ဝမ်းသာပြီး စိတ်လှုပ်ရှားနေပုံလဲ ရတယ်ရှင့်"
“ညက လမ်းလျှောက်လိုက်ရလို့ စိတ်လက် ပေါ့ပါးလာပုံရပါတယ်’ ဟု ကျွန်မက ခပ်ပေါ့ပေါ့ မှတ်ချက်ချလိုက်ရသော်လည်း သူ့ကို မြင်လိုက်ရသောအခါ ကျွန်မကိုယ်တိုင်လည်း ကက်သရင်းလိုပင် အံ့အားသင့်ရပါလေ၏။ အမှန်ပင် သခင် ဟိကလစ်သည် ခါတိုင်း တွေ့မြင်နေကျပုံမျိုး မဟုတ်ပဲ အထူးပင် ဝမ်းသာရွှင်လန်း လာပုံရပါသည်။ ကျွန်မသည် တံခါးဝသို့ ရောက်သွားပါ၏။ သူသည် တံခါးဝတွင် ရပ်နေပါသည်။ သူ့မျက်နှာမှာ အားအင်ချည့်နဲ့ နေပုံရပါသည်။ ကတုန်ကယင်လည်း ဖြစ်နေပါသည်။ သူ့မျက်လုံးအစုံကား ပျော်ရွှင် ဝမ်းသာခြင်း အတိဖြင့် အရောင်လက်နေပါ၏။
“ရှင် တခုခုစားပါလား မစ္စတာဟိကလစ်၊ ရှင် တညလုံး အပြင်ထွက် လမ်းလျှောက်နေတာ ဆာရောပေါ့' ကျွန်မက သူ ညက ဘယ်သွားနေသည်ကို သိချင်သော်လည်း ကျွန်မ သူ့ကို တိုက်ရိုက် မမေးချင်ပါ။
“မဆာပါဘူး၊ ကျုပ် မဆာပါဘူး" သူက မျက်နှာကိုလွှဲပြီး ဖြေပါသည်။ သူ ဘယ်သွားသည်ကိုကား သူ ဖြေချင်ပုံ မရပါ။
ကျွန်မသည် စိတ်အနည်းငယ် ရှုပ်သွားပါ၏။ သူ့ကို ဟိုဟိုသည်သည် အချိန်မတော် အချိန်တော်မသွားဖို့ ပြောသင့်မပြောသင့် ကျွန်မ မသိပါ။ “
ရှင် ညကြီး မင်းကြီး အပြင်ထွက်တာတော့ မသင့်ဘူး ထင်တယ်၊ ညဆိုတော့ ရာသီဥတုကလဲ စိုထိုင်းထိုင်းနဲ့ဆိုတော့ အိပ်ရာထဲမှာပဲ နေဖို့ ကောင်းပါတယ်၊ အအေးမိပြီး ဖျားမှာ စိုးရတယ်၊ ရှင် အခု တခုခုများ ဖြစ်သလား' ကျွန်မ အကဲစမ်းမိပြီး ပြောလိုက်ပါသည်။
“ကျုပ် ခံနိုင်ရည်ရှိပါတယ်၊ ဘာမှ မဖြစ်ပါဘူး၊ ကျုပ်တယောက်တည်း နေပါရစေဗျာ၊ ခင်ဗျား အထဲဝင်တော့"
ကျွန်မလည်း သူ့ အမိန့်အတိုင်း အိမ်ထဲသို့ ဝင်ခဲ့ပါ၏။ သူ့ကို ဖြတ်လာယင်း သူ၏ အသက်ရှူသံ မမှန်ပုံကို သတိပြုလိုက်မိပြီး သူတော့ ဖျားတော့မှာပဲဟု စိတ်ထဲက ထင်လိုက်မိပါသည်။
ထိုနေ့ညနေပိုင်းတွင် သူသည် ကျွန်မတို့နှင့် အတူ ညနေစာ စားပွဲ၌ ဝင်ထိုင်ပါသည်။ ကျွန်မက သူ့ကို ပန်းကန်ကို လှမ်းပေးလိုက်သောအခါ သူကလည်း စားသောက်မည့်ဟန်ဖြင့် ပန်းကန်ကို လှမ်းယူယင်း မနက်က ကျွန်မ ပြောခဲ့သော စကားကို ပြန်ကောက်ပါလေ၏။
"ကျုပ် အအေးလဲ မမိဘူး၊ ဖျားလဲ မဖျားဘူး နယ်လီ၊ ခင်ဗျား လှမ်းပေးတဲ့ အစားအသောက်ကို ကျုပ် စားမယ်လေ”
ပြောပြောဆိုဆိုပင် သူသည် စားသောက်မည့်ဟန်ဖြင့် ခက်ရင်းနှင့် ဓားကို ပြင်ပါလေ၏။ ထိုစဉ်မှာပင် ရုတ်ကနဲ စိတ်ပြောင်းသွားပုံရသည်။ သူသည် ကိုင်လက်စ ခက်ရင်းနှင့် ဓားကို စားပွဲပေါ် ပြန်ချလိုက်ပြီး ပြတင်းပေါက်ဆီသို့ စိုက်ကြည့်နေပြန်ပါ၏။ ထို့နောက် ထိုင်ရာမှ ထပြီး အပြင်သို့ ထွက်သွားပါလေ၏။ ကျွန်မတို့ စားသောက် ပြီးခါနီးသည်အထိ သူသည် ခြံထဲမှာ လမ်းလျှောက် နေပါလေသည်။ ထိုအခါ ဟယ်ယာတန်က သူ အဘယ်ကြောင့် မစားသောက်ရသနည်းဟု သွားမေးမည်ဆိုကာ နေရာမှ ထသွားပါလေ၏။ ဟယ်ယာတန် စိတ်ထဲတွင် မစ္စတာဟိကလစ်သည် ကျွန်မတို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားသည်ဟု ထင်နေပါသည်။
ဟယ်ယာတန် ပြန်ဝင်လာသောအခါ ကက်သရင်းက ဆီးပြီး..
“သူ လာပြီလား” ဟု အော် မေးလိုက်ပါသည်။
“မလာဘူး၊ ဒါပေမယ့် သူ တို့ကို စိတ်ဆိုးတာတော့ မဟုတ်ဘူး၊ သူ ထူးထူးခြားခြား ကျေနပ်နေတာတော့ အမှန်ပဲ၊ ကိုယ်က နောက်တကြိမ် ထပ်မေးတာတောင် မခံဘူး၊ ကိုယ့်ကို မင်းအနားက ထလာရမလားလို့တောင် အပြစ်ပြောပြီး မင်းဆီကို ပြန်သွားဖို့ ပြောတယ်’
ကျွန်မလည်း သူ့အစားအသောက် ပန်းကန်ကို အနွေးဓာတ် မပြယ်စေရန် မီးဖိုပေါ် ပြန်တင်ထားလိုက်ပါသည်။ တနာရီ နှစ်နာရီလောက် အကြာတွင် သူ အခန်းထဲသို့ ပြန်ဝင်လာပါသည်။ အခန်းသည် ရှင်းလင်း ငြိမ်သက်နေပါ၏။ သူ့သွင်ပြင်ကား ထူးထူးခြားခြားပင် မြူးသွက်နေပါသည်။ ပြုံးမယောင် သူ့နှုတ်ဖျားက သွားများကိုလည်းအထင်းသား မြင်နေရပါ၏။ ခန္ဓာကိုယ်မှာ ကတုန်ကယင် ဖြစ်နေပါသည်။ ထိုသို့ ကတုန်ကယင် ဖြစ်နေရသည်မှာ ချမ်း၍လည်း ဟုတ်ပုံမရ၊ အဖြားနည်း၍လည်း ဟုတ်ပုံမရပါ။ တုန်လှုပ်နေသည်ထက် စိတ်ထဲက မြူးပြီး တုန်လှုပ်နေသည့်ပုံမျိုး ဖြစ်ပါသည်။
အကြောင်းရင်းကို မေးမှပဲဟု စိတ်ကူးရလာပါသည်။ ထို့ကြောင့် ...
“မစ္စတာဟိကလစ်၊ ရှင့်ကြည့်ရတာ ထူးထူးခြားခြား မြူးနေပါကလားရှင့်၊ ဘာသတင်းကောင်းများ ကြားရလို့ပါလိမ့်'' ဟု မေးလိုက်ပါသည်။
“ကျုပ်လိုလူဆီကို ဘယ်က သတင်းကောင်း ရောက်လာမှာလဲဗျ၊ ဆာလို့ မြူးမြူးကြွကြွ ဖြစ်နေတာထင်ပါရဲ့၊ ကျုပ် ဘာမှ မစားရသေးဘူးလေ"
“ရှင့်ပန်းကန် အသင့်ပါရှင့်၊ ရှင် ဘာလို့မစားသလဲ”
“အခုတော့လဲ မစားချင်သေးဘူးဗျာ၊ ညမှပဲ စားတော့မယ်၊ ခု လောလောဆယ်တော့ ဟယ်ယာတန်နဲ့ ကောင်မကလေး ကျုပ်နား မလာဖို့ ပြောထားစမ်းပါ၊ ကျုပ် ဘယ်သူ့ကြောင့်မှ အနှောင့်အယှက် မဖြစ်ချင်ဘူး၊ ဒီအခန်းထဲမှာ ကျုပ်တယောက်တည်း နေပါရစေဗျာ"
“ဒါကကော နောက်ထပ် အကြောင်းထူးရှိလို့လား၊ ရှင် အတော် ထူးခြားနေပါတယ် မစ္စတာ ဟိကလစ်ရယ်၊ ကျွန်မကို ပြောစမ်းပါ၊ ရှင် ညက ဘယ်ကို သွားနေသလဲ၊ ကျွန်မ စပ်စုတာ မဟုတ်ဘူးနော်'
“ခင်ဗျား စပ်စုတာပဲပေါ့ဗျာ” ဟုဆိုကာ သူ ရယ်ပြန်ပါသည်။
“ဒါပေမယ့် ကျုပ် ပြောပါမယ်ဗျာ၊ ညကလေ ကျုပ် ငရဲတွင်းဝကို ရောက်ခဲ့တယ်ဗျ၊ အဲ ကနေ့ကျတော့လဲ ကျုပ် ကောင်းကင်ဘုံကို မြင်ရပြီ၊ ကောင်းကင်ဘုံဟာ ကျုပ်အဖို့ လက်တကမ်းပဲ ကွာတော့တယ်၊ ကဲ- ခင်ဗျားသွားတော့ဗျာ"
ကျွန်မသည် မီးဖိုကို ရှင်း၊ စားပွဲကို သုတ်ပြီး ထိုအခန်းထဲမှ ထွက်လာခဲ့ပါသည်။ ကျွန်မခေါင်းထဲမှာ စဉ်းစားမရနိုင်အောင် ရှုပ်နေပါလေပြီ။
ထိုနေ့ညနေပိုင်းက သူ ဘယ်မှ မသွားတော့ပါ။ မည်သူကမျှလည်း သူ့အခန်းထဲသို့ မဝင်ကြပါ။ ည ရှစ်နာရီထိုးသောအခါ သူက မခိုင်းသော်လည်း လုပ်သင့် လုပ်အပ်သည် အထင် ရှိသဖြင့် ကျွန်မသည် ဖယောင်းတိုင် တချောင်းကို ကိုင်၍ သူ့ထံသို့ ညစာပွဲ သွားပို့လိုက်ပါသည်။ ထိုအချိန်က သူသည် ပြတင်းဘောင်ကို မှီနေပါသည်။ သို့သော် အပြင်ဘက်ကိုကား မကြည့်ပါ။ မှုန်မှိုင်းမှိုင်း ဖြစ်နေသော အခန်းတွင်းသို့သာ မျက်နှာမူထားပါ၏။ မီးဖိုထဲတွင် မီးသွေးများ ကျွမ်းနေကြပါပြီ။ အပြင်ဘက်၌ တိမ်ဆိုင်းနေသဖြင့် အခန်းတွင်းမှာ ထိုင်းထိုင်း မှိုင်းမှိုင် ဖြစ်နေပါ၏။ ကျွန်မသည် ငြိမ်းနေပြီဖြစ်သော မီးဖို အခြေအနေကို မကျေမနပ် မြည်တွန်တောက်တီးယင်း အခန်း ပြတင်းတံခါးများကို လိုက်ပိတ်လိုက်ပါသည်။
ကျွန်မသည် သူ့နားသို့ ကပ်သွားပြီး သူ၏ ခပ်မဆိတ်နေခြင်းကို လှုပ်ရှားသွားစေရန် သဘောဖြင့် …
"ဒီတံခါးကိုရော ပိတ်ရမလား" ဟု မေးလိုက်ပါသည်။
ထိုအချိန်တွင် မီးရောင်သည် သူ့မျက်နှာပေါ်သို့ ကျသွားပါ၏။ သူ့မျက်နှာကို ပြင်လိုက်ရသောအခါ ကျွန်မ ချောက်ချားသွားပါသည်။ မျက်လုံးနက်ကြီးများနှင့် ဖြူရော်ရော် မျက်နှာပြင်မှ ပြုံးဟဟ အနေအထားတို့မှာ သူ့ကို မကောင်းဆိုးဝါး တကောင်လို မြင်လာပါသည်။ ကျွန်မလည်း ထိတ်လန့်သွားပြီး လက်ထဲက ဖယောင်းတိုင်သည် နံရံဘက်သို့ ယိမ်းကျသွားကာ မီးငြိမ်းသွားပါလေတော့သည်။
“အင်း ... ပိတ်လိုက်လေ၊ ခင်ဗျားကလဲ တယ်ခွကျတာကိုး၊ ဖယောင်းတိုင်ကို ကန့်လန့်ကြီး ကိုင်လာရတယ်လို့၊ ကဲ...နောက်တတိုင် မြန်မြန် ယူခဲ့စမ်းဗျာ”
ကျွန်မလည်း အထိတ်ထိတ်အလန့်လန့်နှင့် ပြန်ထွက်လာပြီး ဂျိုးဆက်အား …
“သခင်က ဖယောင်းတိုင်တတိုင် မီးထွန်းယူလာဖို့နဲ့ မီးဖိုကို ပြန်မွှေးပေးပါတဲ့” ဟု ပြောလိုက်ပါသည်။
ဂျိုးဆက်သည် မီးဖိုထဲမှ မီးသွေးရဲရဲများကို ဂေါ်ပြားတခုဖြင့် ကော်ယူလိုက်ပြီး ထွက်သွားပါလေသည်။ သို့သော် မကြာမီပင် သူသည် မစ္စတာဟိကလစ်အတွက် ညစာပန်းကန် လင်ဗန်းကို ကိုင်ဆောင်လျက် ပြန်ထွက်လာပြီး မစ္စတာဟိကလစ်က အိပ်ရာဝင်တော့မည်ဖြစ်၍ ညစာ မစားလိုတော့ဟု ပြောလိုက်ကြောင်း ပြန်ပြောပါသည်။
ထို့နောက် မစ္စတာဟိကလစ် အိမ်ပေါ်သို့ တန်းတက်သွားသည်ကို ကြားလိုက်ရပါ၏။ သို့သော် သူသည် သူ့အခန်းသို့ မသွားပဲ ကျွန်မ ရှေ့ပိုင်းတွင် ပြောခဲ့သည့် ပြတင်းပေါက်ပါ ခုတင်ကြီးရှိသော အခန်းထဲသို့ ဝပ်သွားပါလေသည်။ ထိုခုတင်ကြီးနားက ပြတင်းပေါက်မှာ လူတယောက် ဝင်နိုင် ထွက်နိုင်သည် ဖြစ်ရာ ညတွင်လည်း သူသည် ထိုပြတင်းပေါက်မှ ထွက်၍ အောက်သို့ဆင်းပြီး ထွက်သွားလိမ့်မည်ဟု ကျွန်မ ထင်နေပါသည်။
ကျွန်မသည် တစ္ဆေ ပုံပြင်များကို ဖတ်ထားဖူးသည့်အလျောက် ယခုအခါတွင် မစ္စတာ ဟိကလစ်ကို ကျတ်ကောင်ပဲလား၊ ဖုတ်ကောင်ပဲလားဟု တွေးထင်လာမိသည်။ ထိုအခါ သူ ငယ်စဉ်ဘဝမှသည် လူလားမြောက်လာသည်အထိ သူ့ဘဝကို ပြန်လည် စဉ်းစားမိပါသည်။ ထိုအခါ ကျွန်မသည် အဓိပ္ပာယ်မဲ့ တွေးတောနေမိခြင်းဟု မြင်လာပြန်ပါသည်။ ကောင်မည်းကလေးတကောင်ကို မစ္စတာအန်းရော ယူလာသော အဖြစ်သည် အတွေးသို့ ရောက်လာပြန်ပါသည်။ ဤကောင်ကလေးသည် မည်သည့်အရပ်မှနည်း၊ မိဘမျိုးရိုးက မည်သည့် မျိုးရိုး ဖြစ်သနည်း၊ ကျွန်မသည် ထိုကောင်ကလေး အကြောင်းကို စဉ်းစားမိပြန်ပါလေသည်။ သူ့ခမျာ မိဘမျိုးရိုး အမည်ပင်လျှင် မရှိပါလေတကား။ သူ မည်သည့်နေ့ရက်က မွေးဖွားခဲ့သနည်း ဟူသော အချက်ကိုလည်း ကျွန်မတို့ မသိကြရပါပေ။ ထို့ကြောင့် သူသေသောအခါ သင်္ချိုင်းကမ္ပည်းတွင် “ဟိကလစ်” ဟူသော အမည်တလုံးနှင့် ကွယ်လွန်သော နေ့ရက်သာလျှင် ဖော်ပြနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
အရုဏ်တက်ချိန်လောက်မှာ ကျွန်မလည်း အတွေးစပြတ်ကာ နေရာမှထပြီး ခြံထဲသို့ ဆင်းခဲ့ပါ၏။ မစ္စတာဟိကလစ်သည် ညက ခြံထဲများ ဆင်းသေးသလား ဟူသော အတွေးဖြင့် သူ့ခြေရာကို ရှာကြည့်ပါသေး၏။ သို့သော် သူ ညကအိပ်သော အခန်းပြတင်းပေါက်အောက်တွင် သူ့ခြေရာကို မတွေ့ရပေ။ ထို့ကြောင့် သူ ညက အိမ်မှာပဲရှိသည်ဖြစ်ရာ ယနေ့အဖို့ သူသည် ပုံမှန်အနေအထားအတိုင်းပဲ ရှိလိမ့်မည်ဟု ကျွန်မ တွေးမိပါ၏။
ထို့နောက် ကျွန်မသည် ထုံးစံအတိုင်း နံနက်စောစာကို ပြင်ဆင်ပါလေသည်။ သို့သော် ဟယ်ယာတန်နှင့် ကက်သရင်းကိုကား မစ္စတာဟိကလစ်သည် အိပ်ရာဝင် နောက်ကျခဲ့သည်ဖြစ်ရာ မစ္စတာဟိကလစ် မလာမီ နံနက်စောစာ စားပွဲသို့ လာကြရန် မှာထားရပါ၏။ သူတို့သည် နံနက်စောစာ စားပြီးသည်နှင့် အပြင်ဘက် သစ်ပင်အောက်မှာ သွားနေ ကြပါလေ၏။ ကျွန်မလည်း သူတို့အတွက် စားပွဲကလေးတလုံး ခင်းပေးလိုက်ပါသည်။
ကျွန်မ အိပ်ထဲသို့ ပြန်ဝင်လာသောအခါ မစ္စတာ ဟိကလစ်သည် အိမ်အောက်ထပ်သို့ ရောက်နေပါပြီ။ သူသည် ဂျိုးဆက်နှင့်အတူ လုပ်ငန်းကိစ္စများကို ပြောနေပါသည်။ သူသည် ဂျိုးဆက်အား ညွှန်ကြားစရာ ရှိသည်များကို တိတိကျကျပင် ညွှန်ကြားနေပါ၏။ သို့သော် သူစကား ပြောပုံမှာ မြန်လှပါသည်။ သူ့စိတ်သည် ယခုတိုင် ဂနာမငြိမ်နိုင်သေးပဲ ရှိပါသည်။
ဂျိုးဆက် အခန်းထဲမှ ထွက်သွားသောအခါ သူသည် သူထိုင်နေကျ နေရာမှာ ထိုင်လိုက်ပါသည်။ ကျွန်မလည်း သူ့ရှေ့တွင် ကော်ဖီ တပန်းကန် ချလိုက်ပါ၏။ သူသည် ကော်ဖီပန်းကန်ကို သူ့အနားသို့ ဆွဲယူလိုက်ပြီး လက်ကို စားပွဲပေါ်တင်၍ နံရံကို စိုက်ကြည့်နေပြန်ပါသည်။ သူ့မျက်လုံးများသည် အရောင်တဖိတ်ဖိတ် တောက်လျက် မတည်မငြိမ် ဖြစ်နေပါသည်။
ကျွန်မသည် သူ့လက်နှင့် မလှမ်းမကမ်းနေရာတွင် ပေါင်မုန့်များ ချေပေးယင်း...
“ကဲ၊ ပူတုန်းကလေး စားလိုက် သောက်လိုက်ဦးမှပေါ့၊ ပြင်ဆင်ထားထာတောင် တနာရီလောက် ကြာသွားပြီ" ဟု ပြောလိုက်ပါသည်။
သူပြုံးနေသော်လည်း ကျွန်မကို ဂရုထားပုံ မရပါ။ ကျွန်မအဖို့ သူ့ကို ပြုံးနေသည်ထက် သွားကို ဖြဲပြနေသည်ဟု ထင်ပါသည်။
“မစ္စတာဟိကလစ်ရဲ့၊ ရှင် စိုက်ကြည့်နေပုံကလဲ တစ္ဆေသရဲကို မြင်လို့ စိုက်ကြည့်နေတဲ့ အတိုင်းပဲ"
“သိပ်ပြီး အော်မပြောစမ်းပါနဲ့ဗျာ။ အခန်းထဲကို ကြည့်စမ်း၊ ကျုပ်တို့ နှစ်ယောက်တည်း မဟုတ်လားဗျ”
“ဟုတ်ပါတယ်၊ ကျွန်မတို့နှစ်ယောက်တည်းပါ”
ကျွန်မလည်း ပြောသာပြောလိုက်ရပါသည်။ စိတ်ထဲကတော့ သိပ်မသေချာလှပါ။
သူသည် သူ့ရှေ့စားပွဲပေါ်တွင် နေရာရှင်းလိုက်ပြီး ရှေ့သို့ ကုန်း၍ စူးစိုက်ကြည့်နေပြန်ပါလေ၏။
ကျွန်မ သူ့ကို အကဲခတ် ကြည့်မိပါသည်။ စင်စစ် သူသည် နံရံကို စိုက်ကြည့်နေခြင်း မဟုတ်ပဲ သူ့ရှေ့နား နှစ်ဂိုက်လောက်အကွာမှာ တစုံတရာကို မြင်တွေ့ရဟုန်ဖြင့် စိုက်ကြည့်နေခြင်း ဖြစ်ပါသည်။ သူသည် တစုံတရာကို မြင်တွေ့နေပုံ ရပါသည်။ သူ့မျက်နှာတွင် ပျော်ရွှင်ခြင်းနှင့် ဝေဒနာကို ပြင်းစွာ ခံစားရခြင်းတို့သည် ရောထွေးနေပါသည်။ သူ မြင်နေရသောအရာသည် တနေရာတည်းတွင် တည်နေပုံ မရပါ။ သူ့မျက်လုံး အစုံသည် ထိုအရာ ရွှေ့လျားရာအတိုင်း မမောနိုင် မပန်းနိုင် လိုက်ပြီး ရွေ့လျားနေပါ၏။ ကျွန်မက သူ့အား ကော်ဖီသောက်ရန် သတိပေးသော်လည်း အချည်းနှီးပင်။ သူ့အာရုံသည် စားသောက်ဖွယ်များဆီသို့ မရောက်။
ကျွန်မလည်း အနားမှာပင် ထိုင်ပြီး သူ့အခြေအနေကို စောင့်ကြည့်နေလိုက်သည်။ သူသည် စိတ်တိုလာပုံရပါသည်။ ထိုင်ရာမှ ထလိုက်ပြီး ကျွန်မက စားသောက်ဖွယ်ရာများ ယူလာသည်ကို အပြစ်ဆိုပါသည်။ နောင်အခါ ကျွန်မ ယခုလို စောင့်ကြည့်မနေဖို့လည်း ပြောပါသည်။ ကျွန်မသည် အပြင်သို့ ထွက်လာခဲ့ပါ။ သူလည်း ပါးစပ်မှ ဗျစ်တီးဗျစ်တောက် ပြောလျက် ခြံထဲသို့ ထွက်သွားပါလေ၏။ ထို့နောက် ခြံပြင်သို့ ထွက်သွားပါလေတော့သည်။
စိတ်တထင့်ထင့်ဖြင့် အချိန်တို့သည် တရွေ့ရွေ့ ကုန်ဆုံးသွားကြပါသည်။ ညနေပိုင်းသို့ ရောက်လာပြန်ပါသည်။ ကျွန်မမှာ မိုးချုပ်လာသည်အထိ ဆောက်တည်ရာ မရနိုင်ပဲ ရှိခဲ့ပါသည်။ ညအိပ်ရာသို့ ဝင်ခဲ့သော်လည်း အိပ်၍ မရနိုင်ပါ။ မစ္စတာဟိကလစ်သည် သန်းခေါင်ကျော်တွင် အိမ်ထဲသို့ ပြန်ဝင်လာပါ၏။ သို့သော် သူ့အိပ်ခန်းသို့ မလာပဲ အောက်ထပ် သူ့အခန်းထဲတွင်သာ တံခါးပိတ်၍ နေပါလေ၏။ ကျွန်မသည် သူ့အသံကို နားစွင့်နေလိုက်ပြီး နောက်ဆုံးတွင် အဝတ်လဲပြီး အောက်ထပ်သို့ ဆင်းလာခဲ့ပါ၏။ ကျွန်မစိတ်ထဲမှာ တထင့်ထင့်နှင့် ရှုပ်ထွေး နောက်ကျုနေပါလေသည်။
ကျွန်မသည် အခန်းထဲမှ မစ္စတာဟိကလစ်၏ ခြေသံကို ကောင်းကောင်း မှတ်မိပါသည်။ သူသည်လည်း အခန်းထဲတွင် ရပ်တည်ရာမရ ဖြစ်နေပုံ ရပါသည်။ သူ၏ အသက်ပြင်းပြင်း ရှူသံကို ကြားနေရပါ၏။ သူ့ အသက်ရှူသံမှာ ညည်းတွားနေသလို ထင်ရပါသည်။ ပါးစပ်မှလည်း တတွတ်တွတ် ရေရွတ် ပြောဆိုနေပါသည်။ သူပြောနေသော စကားတွေထဲမှာ ကက်သရင်းဟူသော အမည်ကိုသာ ကျွန်မ သဲသဲကွဲကွဲ ကြားရပါသည်။ သူသည် အခန်းထဲတွင် တယောက်ယောက်နှင့် စကားပြောနေသလို ထင်ရပါသည်။ ဝေဒနာကိုလည်း အပြင်းအထန် ခံစားနေရကြောင်း ပေါ်လွင်နေပါသည်။
ကျွန်မ သူ့အခန်းထဲသို့ ဝင်မသွားရဲပါ။ သို့သော် သူ စိတ်ဆင်းရဲ ပင်ပန်းကြီးစွာ ခံစားနေရသော အဖြစ်ကို ပြောင်းလဲပစ်လိုက်ချင်ပါသည်။ ထို့ကြောင့် ကျွန်မသည် မီးဖိုထဲသို့ဝင်၍ မီးဖိုယင်း အသံဗလံ ပြုလိုက်ပါသည်။ ကျွန်မ မီးဖိုထဲမှ အသံဗလံများသည် မျှော်လင့်ထားသည်ထက်ပင် လျင်မြန်စွာ သူ့ဆီသို့ ရောက်သွားကြပုံ ရပါသည်။ သူသည် တံခါးဖွင့်လိုက်ပြီး..
“နယ်လီရေ လာပါဦးဗျ၊ မိုးလင်းနေပြီ မဟုတ်လားဗျ၊ ဖယောင်းတိုင်ကလေး ဘာကလေး ယူခဲ့စမ်းပါ”
“အခု လေးနာရီ ထိုးပြီရှင့်၊ ဖယောင်းတိုင်ကတော့ အပေါ်တက်ယူမှ ဖြစ်မယ်၊ မီးမွေးပြီးတော့ ဖယောင်းတိုင် ထွန်းလိုက်တာပေါ့ရှင်”
“ကျုပ် အပေါ် မတက်ချင်ဘူး၊ ခင်ဗျား အထဲ လာခဲ့ပါဦး၊ မီးကလေး ဘာကလေး ပေးပေးစမ်းပါဗျာ'
“ကျွန်မ မီးပေးပေးမယ်လေ” ဟု ဆိုကာ ကုလားထိုင်တလုံး ယူ၍ သူ့အခန်းထဲသို့ ဝင်ခဲ့ပါသည်။
ကျွန်မ မီးမွေးနေစဉ်တွင် သူသည် ဂနာမငြိမ်နိုင်ပဲ အခန်းထဲတွင် ခေါက်တုံ့ ခေါက်ပြန် လျှောက်နေပါလေ၏။ သက်ပြင်းကိုလည်း အထပ်ထပ် မှုတ်နေပါလေသည်။
“မနက်လင်းယင်တော့ ရှေ့နေဂရင်းကို အခေါ်လွှတ်မှပဲဗျ၊ ကျုပ် အေးအေးဆေးဆေး လုပ်နိုင်ကိုင်နိုင်တုန်း သူနဲ့ ဥပဒေကိစ္စကလေး ဘာကလေး ဆွေးနွေးချင်တယ်ဗျာ၊ ကျုပ်မှာက ခုအထိ သေတမ်းစာ မရေးရသေးဘူးဗျ၊ ကျုပ်ပစ္စည်းတွေ ဘယ်လို ထားခဲ့ရမယ်ဆိုတာ ကျုပ် မဆုံးဖြတ်ရသေးဘူး၊ ကျုပ်ကတော့ အားလုံး ကိစ္စတုံး လုပ်ပစ်ခဲ့ချင်တာပဲ”
“ဒီလို မပြောနဲ့ဦးလေ မစ္စတာဟိကလစ်ရဲ့၊ သေတမ်းစာကိစ္စက ထားစမ်းပါဦး၊ ရှင် မတရား လုပ်ခဲ့ကိုင်ခဲ့ဘာတွေကို ပြန်ပြီး နောင်တရစမ်းပါ၊ ရှင် ပင်ပန်းနေပေမယ့် ရှင့်အာရုံကြောတွေ ပျက်စီးမသွားနိုင်သေးပါဘူး၊ ရှင် ဒီသုံးရက်လုံးလုံး အတော်ကြီး ပင်ပန်းနေပုံပဲ၊ ဒီတော့ စားစားနားနား နေဦးမှပေါ့ရှင်၊ ရှင့်ရုပ်ကိုလဲ ရှင် မှန်ထဲ ပြန်ကြည့်စမ်းပါဦး၊ ရှင် အစာစားဖို့နဲ့ အနားယူဖို့ လိုအပ်တယ်ဆိုတာ ရှင် သဘောပေါက်မှာပါ၊ ရှင့်မေးရိုးတွေ ချိုင့်ဝင်နေပြီး မျက်လုံးတွေကလဲ ရဲနေတာပဲ၊ ရှင့်မှာ အစာမရှိတာရော၊ အိပ်ပျက်တာရော ပေါ်လွင်နေတယ်"
“ဒါဟာလဲ ကျုပ်အပြစ် မဟုတ်ဘူးဗျ၊ အစစအရာရာ ပြီးပြေအောင် ဆောင်ရွက်နေရတာဗျ၊ ကျုပ်ကိစ္စတွေပြီးယင် ကျုပ် စားလဲစားပါမယ်၊ နားလဲ နားပါမယ်၊ ခုနေခါမှာက ကျုပ်ဟာ ကမ်းကိုရောက်အောင် ကူးနေရတဲ့ ရေကူးသမားလို ဖြစ်နေတာဗျ၊ ကမ်းရောက်ဖို့ကလဲ လက်တကမ်းပဲ လိုတော့တယ်၊ ဒီတော့ ကျုပ်အဖို့ ကမ်းကိုရောက်ဖို့က ပထမပဲ၊ အဲ ကမ်းကိုရောက်ယင် ကျုပ် နားပါမယ်၊ မစ္စတာဂရင်း ကိစ္စက ထားဆို ထားပါဦးလေ၊ ဒါပေမယ့် ကျုပ် မတရားမှုတွေအတွက် နောင်တရဖို့ ဆိုတာကျတော့ ကျုပ်ဟာ ဘာမတရားမှုမှလဲ မရှိဘူး၊ ကျုပ် အားရပါးရ မပျော်ရသေးပေမယ့် ခုတော့ အတော်ကြီး ပျော်နေပြီ၊ ကျုပ် ဝိညာဉ်က ကျုပ်ခန္ဓာကိုယ်ကို သတ်နေပေမယ့် အားမရသေးဘူး"
"ပျော်ဖို့၊ ဟုတ်လား မစ္စတာဟိကလစ်ရဲ့၊ ထူးထူးခြားခြားကြီးကို ပျော်ရပါစေမယ်၊ ရှင် ကျွန်မ ပြောတာကို စိတ်မဆိုးပဲ နားထောင်မယ် ဆိုယင် ရှင် ပိုပျော်ရအောင် ကျွန်မ အကြံပေးချင်တယ်”
“ဆိုစမ်းပါဦး”
“ရှင် စဉ်းစားပါ မစ္စတာ ဟိလစ်၊ ရှင်ဟာ ဆယ့်သုံးနှစ်သား လောက်ကစပြီး တကိုယ်ကောင်းဆန်ခဲ့တယ်၊ ဘာသာတရားကိုလဲ ရှင် အလေးမထားခဲ့ဘူး၊ ဘုရားစာအုပ်ဆိုယင် ရှင် ကိုင်တောင် မကြည့်ခဲ့ဘူး၊ ဘုရားစာထဲမှာ ဘာပါတယ်ဆိုတာတောင် ရှင်မသိဘူး၊ အဲ့ဒီလိုမျိုးကို ဆုံးမပဲ့ပြင်ဖို့ဆိုတာ မလွယ်ဘူး၊ ရှင် ကိုယ်တိုင် ဖွင့်ဟဝန်ခံချက် မလုပ်ပဲ အမှားပြင်ဖို့ ဆိုတာကလဲ ဝေးပါသေးတယ်၊ ဒီတော့ ရှင် မသေခင် မပြုပြင် မပြောင်းလဲယင် ရှင့်အဖို့ ကောင်းကင်ဘုံကို ရောက်မှာမဟုတ်ဘူး"
"ဒီစကားအတွက် ကျုပ် ဒေါသ မဖြစ်တဲ့ အပြင် ကျေးဇူးတောင် တင်ပါသေးတယ် နယ်လီ၊ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျား စကားမှာ သေစကား ပါလာတဲ့အတွက် ကျုပ် သေယင် မြေမြှုပ်ရမယ့် ကိစ္စကို သတိရလို့ပဲ။ ကျုပ်မသာကျယင် ခင်ဗျားတို့ လိုက်ချင်သပဆို ခင်ဗျားနဲ့ ဟယ်ယာတန်ပဲ လိုက်ပို့ပါ၊ အထူးသဖြင့် အဲဒီ သင်္ချိုင်းက စဏ္ဍာလတွေဟာ ကျုပ်ပြောထားခဲ့သလို ကက်သရင်း သင်္ချိုင်းဘေးမှာ မြှုပ် မမြှုပ်သာ ကြည့်ပြောပေးဗျာ၊ ကျုပ် မသာမှာ ဘုန်းကြီးတွေ ဘာတွေလဲ ပင့်စရာ မလိုပါဘူး၊ ကျုပ်ပြောပြီးပဲ၊ ကျုပ် ကောင်းကင်ဘုံကို ရောက်မှာပဲဆိုတာ၊ အေးပေါ့ဗျာ၊ တခြား ဘယ်လူတွေ ကောင်းကင်ဘုံ ရောက်ထိုက်တယ် မရောက်ထိုက်ဘူးဆိုတာ ကျုပ် စိတ်မဝင်စားပါဘူး”
“ဒီအတိုင်းဆို ရှင့်ကို သင်္ချိုင်းထဲမှာတောင် အမြှုပ်ခံရမှာ မဟုတ်ဘူး'
ထိုစကားကြောင့် သူ တုန်လှုပ်သွားပါသည်။
“သူတို့ မမြှုပ်ယင် ခင်ဗျားပဲ ကျုပ်အလောင်းကို သူတို့ မြှုပ်ထားတဲ့ နေရာကနေ တိတ်တိတ် ရွှေ့ပြောင်း မြှုပ်ပေးပါဗျ၊ ကျုပ်ပြောတဲ့အတိုင်း မလုပ်ယင် ကျုပ်တစ္ဆေက နေမှာ မဟုတ်ဘူး”
ထိုစဉ်မှာပင် အိမ်သားများ နိုးလာသံကို ကြားရသဖြင့် သူလည်း သူ့အခန်းထဲသို့ ဝင်သွားပါလေတော့သည်။ သည်တော့မှလည်း ကျွန်မမှာ အသက်ရှူ ချောင်သွားပါသည်။ ထိုနေ့ မွန်းလွဲပိုင်းတွင် ဟယ်ယာတန်နှင့် ဂျိုးဆက်တို့ ယာထဲသွားနေကြစဉ် သူသည် မီးဖိုထဲသို့ ရောက်လာပြန်ပါသည်။ သူသည် ကျွန်မအား ကြောက်စရာ မျက်လုံးကြီးများနှင့် ကြည့်ပြီး အိမ်မကြီးထဲသို့ လာထိုင်ရန် ပြောပါသည်။ သူသည် အဖော်ရှိချင်ပုံ ရပါသည်။ ကျွန်မက သူ ပြောပုံဆိုပုံနှင့် သူ့အမူအရာကို ကြောက်သဖြင့် အိမ်ထဲသို့ မဝင်ဝံ့ကြောင်း ပြောလိုက်ပါသည်။
"ဩ၊ ခင်ဗျားက ကျုပ်ကို မကောင်းဆိုးဝါးကောင်လို့ ထင်နေသပေါ့လေ" စိတ်ပျက်သံကြီးဖြင့် ရယ်လိုက်ပြီး ထိုအချိန်က ကျွန်မ နောက်နားသို့ ရောက်လာသော ကက်သရင်းဘက်သို့ လှည့်၍ “ဟဲ ့ကောင်မလေး၊ နင် လာမလား၊ ငါ နင့်ကို ဘာမှ မလုပ်ပါဘူးဟ၊ ဩ၊ နင်ကလဲ ငါ့ကို လူဆိုးသူဆိုးကြီး ထင်နေဘာပေါ့လေ၊ ကောင်းပြီ၊ ငါနဲ့ အတူနေရမှာ မကြောက်တဲ့ လူတယောက်တော့ ရှိပါတယ်ဟ၊ အေး၊ ဒါပေမယ့် သင်းကလဲ အကြင်နာတရား ခေါင်းပါးလိုက်ပါဘို့၊ သင်းရက်စက်ပုံမျိုးကို တော်ရုံ သွေးနဲ့ကိုယ် သားနဲ့ကိုယ် မပြောနဲ့ ငါလို လူတောင် မခံနိုင်ဘူးဟေ့"
သူ့တွင် အပေါင်းအဖော် မရှိတော့ပါ။ မိုးချုပ်သောအခါ သူ့အိပ်ခန်းထဲသို့ သူ ဝင်သွားပါလေ၏။ သူသည် အခန်းထဲတွင် တကိုယ်တည်း တညည်းညည်း တညူညူ လုပ်နေပါလေ၏။ ဟယ်ယာတန်သည် သူ့အတွက် စိတ်ပူလာပြီး အခန်းထဲ ဝင်မည် လုပ်ပါသေးသည်။ ကျွန်မက သူ့အား ဆရာဝန် ကင်းနက်ကို အခေါ် လွှတ်လိုက်ပါသည်။ သူတို့ ရောက်လာသောအခါ ကျွန်မက မစ္စတာ ဟိကလစ် အခန်းဝသို့ သွား၍ ဝင်ခွင့်တောင်းပါသည်။ အခန်းမှာ အတွင်းက သော့ခတ်ထားပါ၏။ ကျွန်မတို့ကို အဝင်မခံပါ။ သူတယောက်တည်းနေလျှင် နေကောင်းသွားမည်ဟု ထင်သဖြင့် ဆရာဝန်လည်း ပြန်သွားပါလေ၏။
ထိုညက တညလုံး မိုးရွာပါသည်။ မနက်လင်းခါနီးမှပင် တိတ်သွား ပါသွားလေသည်။ မနက်လင်းသောအခါ ကျွန်မသည် အိမ်ကို ပတ်ပြီး လမ်းလျှောက်ယင်း မစ္စတာ ဟိကလစ်၏ အခန်းပြတင်းပေါက် တံခါးသည် ချိတ်မရှိပဲ ပွင့်နေသည်ကို သတိပြုလိုက်မိပါသည်။ မိုးပေါက်တွေ ပြတင်းပေါက်မှ ဝင်နေကြမည်ဖြစ်ရာ မစ္စတာဟိကလပ်မှာ အိပ်၍ရနိုင်စရာ အကြောင်းမရှိဟု ကျွန်မ တွေးမိပါသည်။ မိုးရေဖြင့် သူ တကိုယ်လုံးလည်း ရွှဲရွှဲနစ်နေပေလိမ့်မည်။ ဤသို့ဆိုလျှင် သူ အပြင်ထွက်နေမည်လား မပြောတတ်ပေ။ ဤအခြေအနေကြောင့် ကျွန်မသည် ဘာမျှ ပျာယာခတ်မနေတော့ပဲ သူ့အခန်းထဲ ဝင်ကြည့်ရန် ဆုံးဖြတ်လိုက်ပါသည်။
ကျွန်မသည် သူ့အခန်းသို့ ဝင်ရန် သော့အပို တချောင်းကို ယူပြီး အခန်းတံခါးကို ဖွင့်၍ ဝင်လိုက်ပါသည်။ မစ္စတာဟိကလစ်သည် အိပ်ရာပေါ်တွင် ပက်လက်လှဲနေပါသည်။ သူ မျက်လုံးပြူးပြူးကြီးကို မြင်လိုက်ရသဖြင့် ကျွန်မ လန့်သွားပါသည်။ သူ့ပါးစပ်ကလည်း ပြုံးနေပုံရပါသည်။ ကျွန်မ သူ့ကို သေနေသည်ဟု မထင်ပါ။ မျက်နှာနှင့် လည်ပင်းမှာ ချွေးတွေ ရွှဲရွှဲစိုနေပါသည်။ အိပ်ရာခင်းမှာလည်း ရွှဲရွှဲစိုနေပါ၏။ သူကား မလှုပ်မယှက်။ ပြတင်းဘောင်ပေါ်မှာ လက်တဘက် တင်ထားပါသည်။ ပြတင်းတံခါးရှုက်သည် တဖျပ်ဖျပ် ရိုက်ခတ်ကာ လက်ကို တံခါးရွက်က ညပ်နေပါသည်။ လက်တွင် ဒဏ်ရာ ရနေသော်လည်း သွေးစသွေးနကို မတွေ့ရပါ။ ကျွန်မ သူ့လက်ကို စမ်းကြည့်လိုက်သောအခါ သူ သေနေပြီကို သတိပြုမိပါလေတော့သည်။
ကျွန်မသည် ပြတင်းတံခါးရွက် ချိတ်ကို ချိတ်လိုက်ပါသည်။ သူ့နဖူး ပေါ် ဝဲကျနေသောဆံစကို သိမ်းပြီး မျက်လုံးများကို မှိတ်ပေးရန် ကြိုးစားကြည့်ပါ၏။ သို့သော် ပိတ်၍ မရပါ။ ကျွန်မကိုပင် လှောင်ပြောင်နေသယောင် ရှိပါသည်။ ခပ်ဟဟ ဖြစ်နေသော ပါးစပ်နှင့် သွားတွေကလည်း ကျွန်မကို မခိုးမခန့် ပြုနေသယောင် ရှိပါလေသည်။ ကျွန်မလည်း ကြောက်လာသဖြင့် ဂျိုးဆက်ကို လှမ်းခေါ်လိုက်ပါ၏။ ဂျိုးဆက်သည် ရောက်လာသော်လည်း သူနှင့် မပတ်သက်လိုသယောင် လုပ်နေပါသည်။
“ဩ၊ သူသေသွားပြီကိုး' ဟု လောက်သာ ပြောပြီး လှောင်သလို ပြောင်သလို ပြုံးဖြဲဖြဲ လုပ်နေပါသည်။ ထို့နောက် မစ္စတာ ဟိကလစ်ရဲ့ အလောင်းဘေးတွင် ဒူးတုပ် ထိုင်ချလျက် ဘုရားကို တပြီး ပြန်ထွက်သွားပါလေ၏။
ကျွန်မကား ထိတ်သန့်ဖွယ် အဖြစ်ကြောင့် သတိလက်လွတ်သလို ဖြစ်နေပါ၏။ ဟယ်ယာတန်ကား အတော်ပင် ပူဆွေးဝမ်းနည်းသွားပုံ ရပါသည်။ သူသည် အလောင်းဘေးမှာ တညလုံး ထိုင်ပြီး အားရပါးရ ငိုပါလေတော့သည်။ သူသည် မစ္စတာ ဟိကလစ်ကို တင်းတင်းဆုပ်ပြီး ရှုံ့မဲ့မဲ့ မစ္စတာဟိကလစ် မျက်နှာကြီးကို နမ်းရှုပ်ပါလေသည်။ တကယ်ပဲ ဝမ်းပန်းတနည်း ငိုကြွေးပါလေ၏။
မစ္စတာ ကင်းနက်သည် မစ္စတာ ဟိကလစ် သေဆုံးကြောင်း ကြားရသောအခါ အံ့အားသင့်သွားပုံ ရပါသည်။ အကြောင်းရင်းကို ရှာမရနိုင်ပဲ ရှိပါလေသည်။ ကျွန်မကပင် သူ လေးရက်လုံးလုံး မစားမသောက် မအိပ်မနေကြောင်း ပြောပြသောအခါ ဤသည်မှာ အဓိကအကြောင်းရင်း မဟုတ်ပဲ မစ္စတာ ဟိကလစ်၏ ထူးဆန်းသော ဝေဒနာ၏ အကျိုးဆက်မျှသာ ဖြစ်ကြောင်း ရှင်းပြပါ၏။
ကျွန်မတို့သည် မစ္စတာဟိကလစ်၏ ရုပ်အလောင်းကို သူ့အလိုဆန္ဒအတိုင်း မြေမြှုပ်သင်္ဂြိုဟ်ကြပါသည်။ အသုဘပို့ရာတွင် ကျွန်မ၊ ဟယ်ယာတန်။ သင်္ချိုင်း စဏ္ဍာလနှင့် ခေါင်းထမ်းသူ ခြောက်ဦးသာ ပါပါသည်။ ခေါင်းထမ်းသူ ခြောက်ဦးသည် သူ့ရုပ်လောင်းကို သင်္ချိုင်းမြေသို့ ချပေးပြီးနောက် ပြန်ထွက်သွားကြပါ၏။ ကျွန်မတို့ နှစ်ယောက်သာ မြေမြှုပ် သင်္ဂြိုဟ်ပြီးသည် အထိ စောင့်နေခဲ့ကြပါသည်။ ဟယ်ယာတန်သည် မျက်ရည်လည်ရွှဲဖြင့် မစ္စတာ ဟိကလစ်၏ သင်္ချိုင်းမြေ မို့မို့တွင် မြက်ပင် စိမ်းကလေးများကို စိုက်ပေးနေပါသည်။
ထို့နောက်ပိုင်းတွင်ကား ရွာထဲကလူများသည် မစ္စတာဟိကလစ်သည် ဘဝမကျွတ်ပဲ အစိမ်းသရဲ ဖြစ်နေကြောင်း ပြောတတ်ကြပါသည်။ တချို့က သူ၏ တစ္ဆေသရဲအဖြစ်ကို ဘုရားရှိခိုးကျောင်းနားတွင် တွေ့ရတတ်ကြောင်း၊ အချို့က ကွင်းထဲတွင် တွေ့ရတတ်ကြောင်း၊ အချို့က လေထန်ကုန်း အိမ်ဝင်းထဲတွင် တွေ့ရတတ်ကြောင်း ပြောတတ်ကြပါ၏။ ဂျိုးဆက်ကိုယ်တိုင်ကပင် မစ္စတာဟိကလစ် သေပြီးသည့် အချိန်မှစ၍ မစ္စတာ ဟိကလစ် ဟိကလစ် အခန်း ပြတင်းပေါက်၌ မစ္စတာဟိကလပ်နှင့် ကက်သရင်းတို့ကို တွေ့ရကြောင်း ပြောပါသည်။
လွန်ခဲ့သော တလကပင် ကျွန်မသည် သရတ်ကရော့ အိမ်ကြီးသို့ လာခဲ့ရာ အလားတူ အဖြစ်မျိုးကို ကြုံခဲ့ရပါ၏။ ထိုအချိန်က နေဝင် မိုးချုပ်အချိန် ဖြစ်ပါသည်။ မိုးခြိမ်းသံများကိုလည်း ကြားနေရပါ၏။ ကျွန်မသည် လေထန်ကုန်းဘက်သို့ ပြန်လာရာလမ်းတွင် သိုးကျောင်းသားကလေးတဦးနှင့် သိုးနှစ်ကောင်ကို တွေ့ရပါသည်။ သိုးကျောင်းသားကလေးမှာ အထိတ်ထိတ် အလန့်လန့်နှင့် ငိုနေပါ၏။ ကျွန်မ စိတ်က သိုးတွေ ပျောက်နေ၍ဟု ထင်လိုက်ပါသည်။ ထို့ကြောင့် ကျွန်မ ...
“ဘာဖြစ်နေသလဲ ကလေးရယ်” ဟု မေးလိုက်မိပါသည်။ ထိုအခါ သူက အော်ကြီးဟစ်ကျယ် ငိုလျက်......
“ဟောဟိုဘက်နားမှာ ဟိကလစ်နဲ့ မိန်းမတယောက်ဗျ၊ ကျုပ်မသွားရဲဘူး’ ဟု ဆိုပါသည်။
ကျွန်မတို့ကား ဘာမျှ မမြင်ရပါ။ သို့သော် သူငယ်ကလေးသည် အမှန်ပင် မသွားရဲသဖြင့် ကျွန်မကပင် ရှေ့နားရောက်အောင် လိုက်ပို့လိုက်ရပါသည်။ ထိုကလေးသည် စိတ်က ချောက်ချား၍ ဖြစ်ဟုန်တူပါသည်။ သို့မဟုတ် လူကြီးတွေဆီက ထပ်တလဲလဲ ကြားနေရသော အကြောင်းအရာကို စွဲလမ်းပြီး ကြောက်နေဟန် တူပါ၏။ သို့သော် ထိုအချိန်မှစ၍ ကျွန်မသည် အမှောင်ထဲမှာ မနေရဲတော့ပါ။ ဤအိမ်ကြီးမှာလည်း ဆက်မနေချင်ပါ။ သူတို့သည် မကြာမီ သရတ်ကရော့အိမ်ကြီးသို့ ပြောင်းကြတော့မည်ဖြစ်၍ ကျွန်မ ဝမ်းသာလှပါသည်။
“ဒါဖြင့် သူတို့က ဟိုအိမ်ကြီး ပြောင်းကြတော့မယ်ပေါ့' ဟု ကျွန်ုပ်က မေးလိုက်ပါသည်။
“ဟုတ်ပါတယ်ရှင်၊ နှစ်သစ်ကူးနေ့ သူတို့ လက်ထပ်ပြီးယင် ပြောင်းကြမှာပါ"
မစ္စက်ဒင်းက ကျွန်ုပ်အမေးကို ဖြေပါသည်။
"အဲဒီကျယင် ဒီအိမ်မှာ ဘယ်သူနေမှာလဲဗျ"
“ဂျိုးဆက်က ဒီအိမ်မှာ အိမ်စောင့်အဖြစ် နေလိမ့်မယ်၊ သူ့အဖော်ရအောင် ကောင်ကလေးတယောက်ကို ခေါ်ထားကောင်း ခေါ်ထားပါလိမ့်မယ်၊ သူတို့က မီးဖိုထဲနေပြီး တအိမ်လုံးကိုတော့ ပိတ်ထားပါလိမ့်မယ်”
“အဲဒီလိုဆို ဟိကလစ်တို့ ချစ်သူတစ္ဆေနှစ်ဦး နေရတာပေါ့ဗျာ"
ကျွန်ုပ်က အကဲစမ်း မေးလိုက်မိပါသည်။
“မဟုတ်သေးပါဘူး မစ္စတာလော့ဝုရယ်၊ ကျွန်မတော့ သေတဲ့လူတွေဟာ အေးအေးချမ်းချမ်း ရှိသွားကြပြီလို့ပဲ ယုံကြည်တယ်၊ ပြီးတော့လဲ သူတို့အကြောင်း ကပျက်ကချော် မပြောသင့်ပါဘူးရှင်”
ထိုစဉ်မှာပင် ဝင်းတံခါး ပွင့်သွားပြီး လမ်းလျှောက်ထွက်သွားသော ဟယ်ယာတန်နှင့် ကက်သရင်းတို့ ပြန်ဝင်လာကြပါသည်။ ကျွန်ုပ်လည်း ပြတင်းပေါက်မှ နေ၍ သူတို့အလာကို စောင့်ကြည့်ယင်း…
“သူတို့ကတော့ ဘာမှ မကြောက်ကြဘူးနော်၊ အင်းပေါ့လေ၊ နှစ်ယောက် လက်တွဲမိပြီဆိုတော့လဲ ဘာမဆို သူတို့ရင်ဆိုင်ရဲပြီပေါ့'
သူတို့သည် အိမ်ဆင်ဝင်အဝတွင် ရပ်လျက် လမင်းကို မော်ကြည့်ပြီး လရောင်တွင် တဦးမျက်နှာကို တဦး စိုက်ကြည့်ကြပြန်ပါသည်။ ကျွန်ုပ်ကလည်း သူဘို့နှစ်ဦးနှင့် ထပ်မတွေ့လိုသဖြင့် မစ္စက်ဒင်းလက်ထဲသို့ အမှတ်တရ လက်ဆောင်ပစ္စည်း ထည့်ပေးခဲ့ပြီး မီးဖိုထဲမှတဆင့် အပြင်သို့ ထွက်ခဲ့ပါလေတော့သည်။ မီးဖိုထဲက ဂျိုးဆက်သည် ကျွန်ုပ်ကို မှတ်မိပုံ မပေါ်ပါချေ။
ကျွန်ုပ်လည်း လေထန်ကုန်းမှ ထွက်လာပြီး သရတ်ကရော့အိပ်ကြီးဘက်သို့ မပြန်သေးပဲ ဘုရားရှိခိုးကျောင်းဝင်းနားက သင်္ချိုင်းဘက်သို့ လျောက်လာခဲ့ပါလေသည်။ ဘုရားရှိခိုးကျောင်း တံတိုင်းများသည် ခုနစ်လအတွင်းမှာပင် ယိုယွင်းပျက်စီးလာကြလေပြီ။
ကျွန်ုပ်သည် သင်္ချိုင်းမြေနေရာသို့ လာခဲ့၏။ ကွင်းအတက် ဆင်ခြေလျှော၌ သင်္ချိုင်းမှတ်တိုင် သုံးတိုင်ကို တွေ့ရလေသည်။ အလယ်က သင်္ချိုင်းနေရာသည် မြေကျွံစ ပြုနေလေပြီ။ အက်ဂါလင်တန်၏ သင်္ချိုင်းနေရာတွင်ကား မြက်များနှင့် ရေညှိများ ပေါက်နေလေပြီ။ ဟိကလစ်၏ သင်္ချိုင်းရာတွင်ကား အပင်များ မရှိသေးပေ။
ကျွန်ုပ်သည် လရောင်အောက်တွင် ရပ်လျက် ဘေးပတ်လည်ကို လှည့်ကြည့်လိုက်မိပါသည်။ ပိုးဖလံများသည် ကွင်းပြင်နှင့် ခေါင်းလောင်းပြာပင်များကြားတွင် ဝဲပျံနေကြကုန်၏။ မြက်ခင်းများကြားတွင် ဖြတ်တိုက်လာသော လေသံကိုလည်း ကျွန်ုပ် အာရုံစိုက်မိပါသည်။
တိတ်ဆိတ်သော ပြေပြင်တွင်း၌ လဲလျောင်းကြရရှာကုန်သူ အပေါင်းကား ဤသို့သော လှုပ်ရှားမှုများကို အမှုပြုကြတော့မည် မဟုတ်ပါတကား။
ကျော်လှိုင်ဦး
၈၃၊ ၁ဝ၊ ၉
Comments
Post a Comment