အတက်နှင့် အဆင်း @ ခင်နှင်းယု

 

အကယ်၍သာ ကျမသည် မနှစ်က ရွှေမန်းသင်္ကြန်ပွဲတွင် အစွမ်းကုန် ပျော်နေသော အတွင်းဝန် ဦးအောင်မြင့်အား မတွေ့ခဲ့ပါမူ မမြသွေးကို သတိရလိမ့်မည် မဟုတ်ပေ။ သာမန်အားဖြင့် မမြသွေးသည် ကျမ၏ ကျောင်းနေဘက် သူငယ်ချင်း ဖြစ်ခဲ့လေသည်။

သို့သော် ယခု ဦးအောင်မြင့်ကို မြင်လေလေ မမြသွေးကိုဘဲ ပိုမို၍ သတိရ လာလေလေ ဖြစ်ရတော့သည်။

တောက်ပသော မီးရောင်အောက်တွင် ယဉ်နွဲ့စွာ ကနေသော ရွှေမန်းသူတို့၏ ခြေထောက်နားဝယ် ပါးစပ် အဖြဲသားနှင့် အစွမ်းကုန် ပီတိဖြစ်နေသော ဦးအောင်မြင့်ကို ကျမသည် ဝင်းလိုက် ရေသဘင်နားတွင် တွေ့ရလေသည်။ ရံဖန်ရံခါ ရတနာ နတ်မိမယ်၏ တွန့်ပျံ လှုပ်ရှားသော အနောက်တိုင်း အကကို မက်မောစွာ ကြည့်နေတတ်သည်၊ ပြီးတော့ သူသည် ဟက်ဟက် ပက်ပက် ပျော်ရွှင်စွာ လက်ခုပ်တီး၍ ရယ်ပြန်သည်။ သူသည် ဝင်းလိုက်မယ်တို့ ရပ်နားချိန်တွင် ရွှေမန်း လှပျိုဖြူ ရေသဘင်အဖွဲ့သို့ တာဦးလှည့် သွားပြန်သည်။

မထွက်သာဘဲ ပိတ်နေသော ကားများကြားတွင် ကျမကားသည် ဦးအောင်မြင့် ကားနောက်တွင် ကပ်လျက် ဖြစ်နေ၍ ကျမသည် ဦးအောင်မြင့် သွားရာကိုဘဲ လိုက်ရပြန်သည်။ ရံဖန်ရံခါ သူသည် တေးများကိုပင် အသံထွက်လာအောင် သီဆို၍ လက်နှင့် စည်းလိုက်ကာ ပျော်ရွှင်ခြင်း၏ အဆုံးသို့ ရောက်နေဟန် တူပါသည်။

ကျမသည် ကြည့်ရင်း ဝမ်းနည်းလာသည်။ ဦးအောင်မြင့်၏ ပျော်ရွှင်ခြင်း သရုပ်များသည် ကျမအား မမြသွေးကို သတိရရုံတွင်မက မမြသွေးနှင့် တွေ့ခဲ့သော အတိတ်ကိုပါ သတိရစေပါတော့သည်။

“အတက်နဲ့ အဆင်းဆိုတာ လမ်းခုလတ်မှာဘဲ တွေ့ကြမှာပေါ့ အနှင်းရယ်။ ကြာသွားလေ ဝေးလေဘဲပေါ့”

မမြသွေးသည် ဒီလိုဘဲ ကျမကို တည်ငြိမ်စွာ ပြောခဲ့ပါသည်။ သူနှင့် တွေ့ခဲ့သည်မှာ ယခု နှစ်ပတ်လည်ခဲ့ပြီ။ ယခုလိုဘဲ မိုးသက်ပါသော လေများထဲတွင် ပိတောက်နံ့ သင်းချိုချိုသည် ပျံ့လွင့်နေဆဲ မဟုတ်ပါလော။ ပြာလွင်သော ကောင်းကင်တွင် မိုးသားများ ဆိုင်းစပြု၍ မှိုင်းညိုညို နောက်ခံဝယ် ဝင်းဝါသော ပိတောက်ခက်သည် ထင်း၍ ပေါ်လွင်နေတော့သည်။

မမြသွေးသည် ပိတောက်မြစ် ပေါ်တွင် ထိုင်နေသည်။ ပွင့်ဖတ်ဝါများသည် မြေပြင်ဝယ် အနှံ့ ပြန့်ကြဲနေလေသည်။ သူသည် မှိုင်းညို့သော ကောင်းကင်ကို ငေး၍ နေသည်။ ကျမမှာ သူ့ကို ကြည့်ရသည်ကိုဘဲ ကြည်နူးမိသည်။ သူမနှင့် ပတ်ဝန်းကျင် တစ်ခုလုံးသည် မိုးဦး၏ ပန်ချီကားချပ်နှင့် တူလှသည်။

ကျမ သူနှင့်တွေ့ရသော အချိန်မှာ သူနှင့် ဦးအောင်မြင့်တို့၏ နောက်ဆုံးနေ့ ဖြစ်သည်။ ကျမက သူ့ကို စကားစပြောရန် သနားနေသည်။ သူကတော့ ... တည်ငြိမ်၍ အေးဆေးလှသည်။ သူကဘဲ စကားစ ပြောတော့သည်။

“အတက်နဲ့ အဆင်းဆိုတာ လမ်းခုလတ်မှာသာ ခဏ တွေ့ကြတာဘဲ။ ကြာတော့လေ ဝေးလေဘဲပေါ့ အနှင်းရယ်။ ခုလို အချိန်မှာ အနှင်းနဲ့ တွေ့ရတော့ အနှင်းက ဝမ်းနည်းနေမှာဘဲ။ တကယ်ဆိုတော့ အမှန်တရားက ခုမှတွေ့တာ”

သူသည် ကျမဘက်သို့ လှည့်ပြော နေရာမှ သူ့လက်ပေါ်ရှိ ပိတောက်ပွင့်တွေကို ချေပစ်နေသည်။

သူသည် ငယ်စဉ်က ကျမတို့ သူငယ်ချင်းများထဲတွင် အတော် လှပခဲ့သည်။ ယခု သူသည် အရွယ်ရင့်ခြင်းမှ လွဲ၍ ငယ်ငယ်က အလှ အတိုင်းပင် ကျန်ရစ်သေးသည်။ လူကတော့ ပို၍ ပိန်ပိန်ပါးပါး ဖြစ်နေတော့သည်။

“ကိုယ်လဲ ဘာမှ မသိဘူး။ လက်ထပ်တာဘဲ သိတယ်။ ဒါတောင် သူငယ်ချင်းတွေက ပြောလို့ သိတာ။ ခု တစ်နှစ်လောက် ရှိပြီပေါ့နော်။ လာပြန်တော့လဲ ဘာဖြစ်တာလဲ မမြသွေးရယ်”

ကျမ စကားကို သူ သေချာစွာ နားထောင်ရာမှ ပြုံး၍ နေတော့သည်။

“ခုတော့ ကိုယ်အတိတ်ကို ပြန်ဖွင့်ရလိမ့်မယ် အနှင်း။ မင်းတို့ ၁၀ တန်း အောင်ပြီး ခွဲလာကတည်းက ကိုယ် ရန်ကုန်ကို လွင့်လာခဲ့တယ်။ ၁၀-တန်းမှာ နေခဲ့ရတုန်းကလဲ အနှင်း အသိဘဲ။ ကိုယ့်ရဲ့ ကျောင်းသားဘဝဟာ အတော် ခက်ခက်ခဲခဲနဲ့ ဆင်းရဲခဲ့တယ်။ စာမေးပွဲ တစ်ခါအောင်ရင် ကြိုးသာ ကြိုးစားရတယ်။ ဒီပတ်ဝန်းကျင်ကြီးက ကြောက်စရာ။ ကိုယ်တို့ မိသားတစ်စုနဲ့ဆို ရန်ကုန်ဒဏ်နဲ့ မနည်းဘဲ လှိမ့်ခံရတယ်။ ဒီကြားက ကိုယ့်အမေက အိုလှပြီ။ သူက ဘယ်လောက်ဘဲ လောကကို ရင်ဆိုင်နိုင်အောင် စိတ်ဓာတ် သွင်းပေးပေမင့် ကိုယ်ကလူဘဲ။ ဘယ်ခံနိုင်မလဲ”

သူသည် သူ့စကားများကို ခေတ္တ ရပ်နားလိုက်၍ “ကိုယ်ဟာ ဘာနဲ့ တူနေသလဲ ဆိုတော့၊ ဟို မွေးကတည်းက သိပ်ဆင်းရဲပြီး ရက်စက်တဲ့ လူတွေလက်ထဲ ရောက်နေတဲ့ ကလေးလိုဘဲ။ ရယ်စရာ မြူပေမင့် မရယ်တော့ဘူး၊ ကိုယ်ကလဲ ပျော်စရာဆိုတာ ဘာမှ မတွေ့ရတော့။ လူက သေနေတယ် အနှင်း”

“ဘာ ... သေနေတယ်”

ကျမသည် သူ့စကားကို နားမလည်လိုက်ပါ။

“အေး- အေး၊ သေတယ် ဆိုပါတော့။ ဘာကြောင့်မှ စိတ်ကိုပျော်လို့ မရဘူး။ ပျော်စရာတွေဆီလဲ သီခွင့် မရဘူး။ တစ်ခါတစ်ခါ ကိုယ့်အနားမှာ စာရေးမ အဖော်လေးတွေ ရယ်မော သွားတာများ မြင်ရင် ကိုယ်ဖြင့် ကြောင်နေတယ်၊ သူတို့လိုလဲ ရယ်ချင်ပါတယ်။ လွတ်လပ်ချင်တယ်။ ဒါပေမင့် ကိုယ်ဟာ အိမ်ကို အမြန်ပြန်ပြီး ညဘက် စက်ပန်းထိုး အလုပ် လုပ်ရသေးတယ်။ မောင်လေးတွေ ကျောင်းစရိတ် ကိုယ့်အမေရဲ့ ဆေးဖိုးဝါးခနဲ့ဟာ ကိုယ့်အဖို့ မလည်နိုင်ဘူး။ လခက ၁၀ဝိ- ကျော်ကျော်ကိုး”

သူမသည် မျက်လုံးများကို မှေး၍ နေလိုက်ရင်း အဓိပ္ပါယ်မဲ့စွာ ရယ်လိုက်သည်၊ တကယ်တော့ သူ၏ ရယ်ပုံမှာ လုံးဝ အရသာ မပါလှပါ။ သူပြောသည့် “သေနေသည်” ဆိုသော စကားကို သူ့အမူအရာက သရုပ်ဖေါ် လိုက်သည်။

“နောက်ဆုံး တစ်ပြိုင်နက် ဆိုပါတော့၊ ကိုယ်တို့နေတဲ့ အိမ်ရဲ့ ကျန်းမာရေး မညီညွတ်မှုကြောင့် ကိုယ့်အမေနဲ့ မောင်လေး တစ်ယောက်ဟာ ရှေ့ဆင့် နောက်ဆင့် ဆုံးသွားကြတယ်။ ကျန်တဲ့ မောင်လေး ၂-ယောက်နဲ့ ကိုယ်ဘဲ လိမ့်နေတာပေါ့။ ကြွေးလဲတင် လူလဲဖား သွားတာဘဲ။ ကိုယ့်ကိုယ်ကို မလဲအောင် အတော် တင်းထားပေမင့် ကိုယ်လဲ မတ်တတ်နာ ဖြစ်နေတာပေါ့။ တစ်နေ့တော့ ကိုယ်ကြိုးစားပြီး ရုံးတက်ပေမင့် လမ်းမှာ အန်နေတာဟာ တစ်နာရီလုံးလုံး ရုံးတက် နောက်ကျ သွားတယ်။ ကိုယ်လဲ အားတင်းပြီး ရုံးခန်းဝလဲ ရောက်ရော ရုံးအုပ်နဲ့ တိုးတော့ အဆူခံ ရတာပေါ့။ သူကတော့ ထုံးစံအတိုင်း ဆူတာဘဲ။ ဒါပေမင့် ကိုယ်က သိပ်ဝမ်းနည်းနေတဲ့ လူဆိုတော့ အခန်းပြင် ခဏထွက်ပြီး ကျူကျူပါအောင် ငိုမိတာဘဲ။ ရုံးအုပ်လဲ ဘာမျှ မပြောတော့ဘူး။ တော်ကြာတော့ 'ဘာလို့ ငိုနေရတာလဲ မမြသွေးလို့' ဆိုတဲ့ အသံကြားတော့၊ ကိုယ်မော့ ကြည့်မိတယ်။ ဒီတော့ ဘယ်သူလဲ သိလား။ အတွင်းဝန် ဦးအောင်မြင့်ရယ်၊ ကိုယ့်ရှေ့မှာ ရပ်နေတယ်။ ကိုယ်ကလဲ ကြောင်နေတပေါ့။ သူ့အခန်းကို လိုက်ခဲ့ရမယ် ခေါ်တာနဲ့ ကိုယ်လဲ လိုက်သွားတယ်။ ဟိုကျ သူက ကိုယ့်အကြောင်းကို အကုန် မေးတာဘဲ”

မမြသွေးသည် အားတက်ဖွယ်များကို တွေ့ခဲ့ရသော အတိတ်ကွက်ကို ကြိုးစား၍ ဖော်နေသည်။

“ကိုယ်လဲ ကမ်ဘာ တစ်ခုလုံးမှာ ဒီတစ်ခါဘဲ ကိုယ့်ကိစ္စကို ဂရုတစိုက် မေးမဲ့သူ ရှိတော့၊ အကုန်လုံးဘဲ ပြောပြလိုက်တော့ သူနောက်ဆုံး ဘာပြောလဲ သိလား”

ကျမသည် ခေါင်းခါပြ လိုက်သည်။

“သူ့ကို လက်ထပ်ပါတဲ့”

“ဟင်”

“အေး ... သူ့ကို လက်ထပ်ပါတဲ့။ ကိုယ်လဲ စဉ်းစားပြီး ၆- လ ကြာတော့ သူ့ကို လက်ထပ်လိုက်တယ်”

ကျမသည် အတော်ဘဲ ဝမ်းသာလိုက်သည်။ သူကတော့ ထူးခြားသော မျက်နှာ အမူအရာနှင့်ပင် ကျမကို စေ့စေ့ကြည့်ရာမှ

“အနှင်း ဘယ်လိုထင်လဲ။ ကိုယ့်လောက် ဆင်းရဲတဲ့ မိန်းကလေး တစ်ယောက်ဟာ အတွင်းဝန် တစ်ယောက်နဲ့ လက်ထပ်လိုက်တော့၊ ဟင်-ဘယ်လိုထင်လဲ”

“ဦးအောင်မြင့်ဟာ အကျင့်စာရိတ္တလဲ ကောင်းတယ်။ မိန်းမ ရောဂါလဲ ကင်းတယ်။ ကိုယ့်လဲ သိပ်အလိုလိုက် တာဘဲ။ သူတက်သမျှ ပါတီပွဲတွေနဲ့ ပွဲလမ်းသဘင်တွေမှာ ကိုယ့်ကို အမြဲခေါ်တယ်။ သူက လူထူထူ များများနဲ့ ဆိုပါတော့၊ အလွန်ပျော်တတ်တယ်။ ကိုယ်က သေနေတာ အနှင်း။ အဲ့ဒီ လူတွေထဲ တိုးလို့ မရဘူး၊ ယုံလား။ ပွဲတွေထဲမှာဆို ကိုယ်သိပ်ပြီး ငြီးငွေ့တယ်။ ကိုယ်က ပြဇာတ်တွေ ပါတီတွေ တထောင်ထောင်ထက် ဟောဒီ ပိတောက်ပင် အောက်မှာ တစ်ယောက်ထဲ ထိုင်နေရတာလောက် အရသာ မရှိဘူး။ အို ... ကိုယ်ဟာ မပျော်တတ်တော့ဘူး ယုံလား”

“ဝထၳုတွေ ဖတ်တာတောင်မှ သူက တင့်တယ်တို့လို ခပ်ရွရွလေးတွေနဲ့ အချစ် သရုပ်ဖော်ရာမှာ ခပ်ရွှင်ရွင်လေး ခြယ်သွားတဲ့ စာပေမျိုးကိုမှ သဘောကျတယ်။ ကိုယ်ကတော့ ဟုတ်တာ မဟုတ်တာထက် စာလုံးလေးတွေ နုနုလှလှနဲ့ စိတ်ကူယဉ်လို့ ကောင်းတဲ့ ဒဂုန်တာရာတို့ ဗန်းမော်တင်အောင် တို့လို စာရေးဆရာ ရေးတဲ့ စာပေတွေသာ သဘောကျခဲ့တယ်။ ဘာဘဲပြောနေနေ၊ သူတို့ရေးတဲ့ စာတွေက သရုပ်ဖော်လိုက်ရင် ကောလိပ်က ပရော်ဖက်ဆာကြီးတွေနဲ့ ဂါဝန်ဝတ် ကျောင်းသူကလေးတွေကို သရုပ်ဖော်လေ့ ဖော်ထရှိတော့ ဘဝတစ်ခုကို ပြေးပုန်းပြီး စိတ်ကူးတော့ အတော်ယဉ်လို့ ကောင်းတယ်။ ဝတၳုဖတ်တာက အစတောင် သဘောကွဲနေတဲ့ တို့နှစ်ယောက်ရဲ့ မတူလိုက်တာဟာ၊ မတူသမှ လုံးဝ မတူတော့ဘူး။ သူက လောကကို ခုမှ ပျော်ချင်တုန်း ရွှင်ချင်တုန်း အတက်၊ ကိုယ်က လောကကို သိပ်စိတ်ပျက်တယ်။ စိတ်မဝင်စားဘူး။ ရယ်လို့ မရတော့ဘူး။ လောကမှာ အဆင်း ဖြစ်နေပြီ”

“ကိုယ့်အမှားတွေ ပါဘဲကွယ်။ ကိုယ်သူနဲ့ လိုက်ကြည့်ပါတယ်၊ ကပွဲတွေ ပြဇာတ်တွေ။ ဒါပေမင့် ကိုယ် အောင့်အည်းလို့ မရဘူး၊ သည်းမခံနိုင်ဘူး။ မြန်မြန် ပြန်ချင်တော့ ဒီပွဲတွေ သွားတိုင်း သူနဲ့ ကိုယ်နဲ့ ရန်ဖြစ်ရတယ်။ နောက်ဆုံးတော့ ကိုယ်လဲ သူ့ကို သနားလာတယ်။ ကိုယ့် သည်းမခံ နိုင်တာတွေကြောင့် သူ့ကို အနှောင့်အရှက် ပေးသလို ဖြစ်နေတာ ကိုယ် သိလာတယ်။ ကိုယ်ကလဲ ခုလို မိုးမှိုင်းထဲမှာ ပိတောက်ခက်ကြီး ဝင်းနေတာကို တွေ့ပေမင့်လဲ အတော် စိတ်ဝင်စားနေတဲ့ မိန်းကလေးဘဲ။ သူနဲ့ဖြင့် သူ့ပတ်ဝန်းကျင်ကို ကိုယ်တိုးလို့ မရတော့ဘူး ဆိုတာ ကိုယ် အမှန် သိလာတယ်။ ခုတော့ ကိုယ်လဲ ရဲရဲရင့်ရင့်ဘဲ ဆုံးဖြတ်လိုက်တယ်။ ကိုယ် သူ့ကို ခွဲတော့မယ် ဆိုတဲ့ အကြောင်း ကိုယ် ပြောလိုက်တယ်”

“ဘာ ... မမြသွေးက စ ပြောတယ်”

ကျမသည် အတော် အံ့ဩစွာ မေးလိုက်မိသည်။

“ဟုတ်တယ်၊ ကိုယ်ကဘဲ ပြောလိုက်တယ်။ ခုလဲ ဒီညနေ သူပြန်လာပြီးလို့ ကိစ္စတွေပြီးရင် ကိုယ်လဲ စစ်ကိုင်း တောင်ရိုးကို သွားတော့မယ်”

“ဟင် ... ဒီလိုဆို မမြသွေး မောင်လေး နှစ်ယောက်ကော”

“သူတို့ကိုလဲ ဘဝအမှန်ကို ကိုယ် ပြောပြတယ်။ သူတို့လဲ ကိုရင်ဝတ်ဖို့ သဘောတူကြလို့ စီစဉ်ပြီးပြီ”

“အို- သုံးယောက်စလုံး စစ်ကိုင်း တောင်ရိုးမှာ နေတော့မယ်ပေါ့”

မမြသွေးသည် ခေါင်းညိတ်ပြ လိုက်သည်။ သူ့အမူအရာမှာ လုံးဝ မထူးဆန်းသော ခွေးကလေး- ကြောင်ကလေး တစ်ကောင် အကြောင်းလောက် ပြောနေသလို အေးစက်စက် နိုင်လှသည်။ ကျမ အဖို့မှာမူ အလွန်ပင် အံ့ဩ၍ ထူးဆန်းနေသည်။

“အမှန်တော့ အနှင်း- ဘဝဆိုတာ ကိုယ်တစ်ခါက ဖတ်ခဲ့ဘူးတဲ့ စာပိုဒ်ကလေးလိုဘဲ။ ဘာသာရေးနဲ့ ပတ်သက်တဲ့ သီဟိုဠ်က မဂ္ဂဇင်း တစ်ခုထဲမှာ ကိုယ်တွေ့ခဲ့တယ်။ လူ့ဘဝမှာ သေခြင်းတရားက အစဉ်ကပ် နေသတဲ့။ တစ်ဖက်က ဆင်ရိုင်းကြီးဟာ သူ့ကို မြင်သွားယင် လူ့ဘဝဟာ ဆုံးရမယ် အမှန်ဘဲ။ အဲ့ဒီလူဟာလဲ လက်တစ်ဖက်က ဆူးတွေနဲ့ သစ်ပင်နွယ်ကို တွယ်ထားရတယ်။ တစ်ဖက်ကလဲ ပျားအုံကြီးကို ကိုင်ထားရတယ်။ ဒါက လွတ်ကျ သွားရင်လဲ အောက်က မြွေဆိုး မြွေဟောက် တွင်းထဲကျပြီး သူသေသွားမှာ အမှန်ဘဲ။ ဒါလောက် နီးစပ်နေတဲ့ သေခြင်းတရားတွေ ကြားထဲက ပျားအုံက တစက်စက် ကျနေတဲ့ ပျားရည်ရဲ့ ချိုမြိန်တဲ့ အရသာကို ခံစားရင်း ပျော်နေနိုင်တယ် အနှင်း။ ကိုယ်တော့ ဒီပျားရည်ရဲ့ အရသာလေးကို ခံစားပြီး မပျော်နိုင်ဘူး”

ကျမသည် သူ့စကားများကို နားမလည် တစ်ချက် နားလည် တစ်ချက်နှင့် နားထောင် နေမိသည်။

သူသည် တကယ်ဘဲ ဘဝကို ရွံ့မုန်း သွားပြီလား။ လောကီမှာ သူသေနေပြီ ဆိုသည်မှာ မှန်ဘဲ နေသလား။ ကျမ တွေးနေဆဲမှာပင် မိုးညိုများကြားမှ မိုးပေါက်များ ရွာကျလာ၍၊ သူနှင့်ကျမ ပိတောက်ပင်ခြေမှ ထွက်လာခဲ့ ကြတော့သည်။ ထိုနေ့သည် သူနှင့် ကိုအောင်မြင့် အတွက် နောက်ဆုံးနေ့ ဖြစ်ခဲ့သည်။

ကျမ အတွေးမှာ ရှေ့ကကား၏ အော်သံကြောင့် ရပ်သွားတော့သည်။ ကျမရှေ့မှာ ဦးအောင်မြင့် ရှိသေးသည်။ သူတို့သည် ပျော်နေတုန်းဘဲ ဖြစ်လေသည်။ ကျမ ရင်ထဲတွင် ဦးအောင်မြင့်၏ ပြုံးချို ရွှင်လန်းသော အမူအရာများ ကြားမှပင် စစ်ကိုင်း တောင်ရိုးဝယ် တရားအားထုတ် နေမည် ဖြစ်သော မမြသွေးကို မြင်ယောင်မိသည်။

“အတက်နဲ့ အဆင်းဆိုတာ လမ်းခုလတ်မှာသာ ခဏ တွေ့ကြမှာဘဲ။ ကြာသွားလေ ဝေးလေဘဲပေါ့ အနှင်းရယ်”

သူ ရေရွတ်ခဲ့သလိုပင် ယခုလဲ သူနှင့် ဦးအောင်မြင့်မှာ လုံးဝမနီးစပ် နိုင်တော့ပါ။

ကြာသွားလေ ဝေးလေ ဖြစ်ကြမည်မှာ အမှန်ဘဲ ဖြစ်သည်။

 

ခင်နှင်းယု

(၁၉၅၂)

Comments