လေထန်ကုန်း_အခန်း (၂၉)_ကျော်လှိုင်ဦး

အခန်း [ ၂၉ ]

သုဘကိစ္စ ပြီးစီးသွားသော ညချမ်းပိုင်း၌ ကျွန်မနှင့် ကက်သရင်းတို့သည် စာကြည့်ခန်းထဲတွင် ထိုင်လျက် မရေရာလှသော ရှေ့ရေးကိစ္စများကို တွေးတောနေကြပါသည်။ ကျွန်မတို့သည် ဤအိပ်ကြီးတွင် ဆက်လက် နေထိုင်နိုင်ရေးအတွက် စဉ်းစားကြပါသည်။ ကက်သရင်းသည် လင်တန် အသက်ရှင်နေသမျှ ဤအိမ်မှာပင် ဆက်လက်နေထိုင်ယင်း လင်တန် ဤအိမ်သို့ ပြောင်းရွှေ့ နေထိုင်ခွင့်ရသည်အထိ စောင့်နေရန်နှင့် ကျွန်မသည်လည်း ဤအိမ်မှာပင် ဆက်လက် အမှုထမ်းရန် ကျွန်မတို့နှစ်ဦး ညှိနှိုင်းမိကြပါသည်။ ဤအစီအစဉ်မှာ ကျွန်မတို့ နှစ်ဦးစလုံးအဖို့ ဖြစ်နိုင်သော မျှော်လင့်စရာဟုလည်း မှတ်ယူထားကြပါ၏။ ထိုစဉ်မှာပင် အလုပ်မှ ဖယ်ရှားပြီးဖြစ်သော်လည်း ဤအိမ်ကြီးမှ ထွက်ခွာမသွားသေးသော အစေခံတယောက်သည် ကျွန်မတို့အခန်းထဲသို့ ပြေးရောက်လာပြီး အယုတ်တမာ ဟိကလစ် ခြံထဲသို့ ဝင်လာနေကြောင်း အကြောင်းကြားပါ၏။

ကျွန်မတို့မှာ ဘာလုပ်၍ ဘာကိုင်ရမှန်း မသိအောင် ဖြစ်သွားကြရပါသည်။ ဟိကလစ်သည် သူပိုင် အိမ်ပဲ သဘောထားကာ တံခါးကိုမျှပင် မခေါက်ပဲ အိမ်ထဲသို့ ပိုင်စိုးပိုင်နင်း ဝင်ရောက်လာပြီး စကားတခွန်းမျှ မပြောပဲ စကားသံများကြားရာ ကျွန်မတို့ အခန်းထဲသို့ တိုက်ရိုက် ဝင်လာပါလေသည်။

ဤအခန်းကား လွန်ခဲ့သော ဆယ့်ရှစ်နှစ်ခန့်က သူ ပထမဆုံးအကြိမ် ရောက်လာဖူးသော အခန်းပင် ဖြစ်ပါသည်။ အပြင်ဘက်တွင် ရွှန်းရွှန်းပပ သာနေသော လရောင်သည်လည်း လွန်ခဲ့သော ဆယ့်ရှစ်နှစ်က အတိုင်းပင် ဖြစ်ပါ၏။ ယခုအချိန်အထိ ကျွန်မတို့သည် ဖယောင်းတိုင်မီး မထွန်းကြရသေးသော်လည်း အပြင်ဘက် လရောင်ကြောင့် အခန်းတွင်းမှာ လင်းချင်းနေပါသည်။ ထို့ကြောင့် အခန်းနံရံမှ သခင်အက်ဂါနှင့် သခင်မ ကက်သရင်းတို့၏ ပုံကြီးများကို အထင်းသား မြင်သာနေပါ၏။ ဟိကလစ်သည် မီးလင်းဖိုနားသို့ တိုးလာပါ၏။ အခန်းထဲသို့ ဝင်လာသူမှာလည်း လွန်ခဲ့သော ဆယ့်ရှစ်နှစ်က ပုဂ္ဂိုလ်ပင် ဖြစ်ပါ၏။ သို့သော် ဆယ်ရှစ်နှစ် ကာလအတွင်း သူ့ရုပ်သွင်ကား ပြောင်းလဲခဲ့ပေပြီ။ မျက်နှာသည် ဖြူဖပ် ဖြူရော် ဖြစ်နေပြီး မျက်နှာထားမှာ ပိုမို တည်ငြိမ်နေပါ၏။ ကိုယ်လုံး ကိုယ်ထည်ကား တောင့်တောင့်ခိုင်ခိုင်ကြီး ဖြစ်ပါသည်။

ကက်သရင်းသည် သူ ဝင်လာသည်ကို မြင်သည်နှင့် နေရာမှ ထွက်သွားရန် ဆတ်ကနဲ ထလိုက်ပါသည်။ ဟိကလစ်သည် အပြင်သို့ ထွက်ဟန်ပြင်လိုက်သော ကက်သရင်း၏ လက်မောင်းကို ဖမ်းကိုင်လိုက်ပြီး...

“နေဦး၊ နင် ဘယ်မှ ထွက်ပြေးစရာ မလိုဘူး၊ ခုဟာက ဘယ်ကို သွားမလို့လဲ၊ ငါ နင့်ကို အိမ်ပြန်ခေါ်ရအောင် လာတာပဲ၊ နင် ငါ့အိမ်လိုက်ပြီး ငါ့သမီးတယောက်လို အိမ်တာဝန်ကို ထမ်းဆောင်ရမယ်၊ ငါ့သားကိုလဲ ငါ့စကား နားမထောင်အောင် မြောက်ပင့် မပေးရဘူး၊ နင် ထွက်ပြေးတာ ဒီကောင် အသုံးမကျလို့ပဲ၊ ဒါကြောင့် ဒီကောင်ကိုငါ ဆုံးမလိုက်ရတယ်။ ခု ဒီကောင် ဘာဖြစ်နေတယ်ဆိုတာ နင် ဒီကောင့်ကို တွေ့ယင် သိပါလိမ့်မယ်၊ တမြန်နေ့ညကပဲ ဒီကောင့်ကို အိမ်အောက် ခေါ်ပြီး ကုလားထိုင်ပေါ်မှာ အထိုင်ခိုင်းလိုက်တယ်၊ ငါ သူ့ကိုဘာမှ မလုပ်သေးဘူး၊ ပထမ ဟယ်ယာတန်ကို အပြင် ထွက်ခိုင်းလိုက်တယ်၊ အတော်ကြာတော့ ဂျိုးဆက်ကို ခေါ်ပြီး ဟယ်ယာတန်ကို ပြန်ခေါ်ခိုင်းလိုက်တယ်၊ အဲဒီမှာပဲ ဒီကောင် ချောက်ချောက်ချားချား ဖြစ်လာပြီ၊ ငါ သူ့အနားမှာ မရှိပေမယ် ငါ့ကို လှမ်းလှမ်း ကြည့်နေတယ်၊ ဟယ်ယာတန် ဝင်လာတော့ ဒီကောင်ဟာ ညတိုင်းညတိုင်း ငါ့ကို ကြောက်လို့ နင့်ကို တတနေသတဲ့၊ အဲဒီတော့ နင် ဒီကောင့်ကို ကြိုက်ကြိုက် မကြိုက်ကြိုက် နင် လိုက်ခဲ့ရမယ်၊ ခုအချိန်မှာ နင်တို့ဟာ လင်မယားပဲ၊ နင့်လင်ကို ငါ ပြုစုစရာ မလိုတော့ဘူး၊ နင်ပဲ ပြုစုရမယ်” ဟု ပြောချလိုက်ပါလေသည်။

 “ကက်သရင်းကို ဒီမှာပဲ ဆက်နေပါစေလား ရှင်၊ သခင်ကလေး လင်တန်ကို ဒီပို့ပေးလိုက်ပေါ့၊ ရှင် သူတို့နှစ်ယောက်စလုံးကို မုန်းနေတဲ့ဟာ ရှင်နဲ့ အတူနေယင် ရှင်လဲ နေ့တိုင်း စိတ်ညစ်နေရမှာပေါ့" ကျွန်မက ဝင်ပြောလိုက်ပါသည်။

“ဒီအိမ်ကို ကျုပ် အိမ်ငှားထားမလို့ဗျ၊ ကျုပ် သားသမီးတွေဟာ ကျုပ်နဲ့အတူ နေရမှာပေါ့ဗျ။ နောက်ပြီး ဒီကောင်မလေးလဲ သူ့ဝမ်းစာအတွက် သူ အလုပ်လုပ်ဖို့ လိုတယ် မဟုတ်လား၊ ကျုပ် သူ့ကို လင်တန် မရှိတဲ့နောက်ပိုင်း အလုပ်မလုပ်ပဲ အလကား တင်ကျွေးမထားနိုင်ဘူး၊ ကဲ၊ မြန်မြန်လုပ်ဟေ၊ အေးအေးသက်သာ မလိုက်ယင် ငါအကြမ်းဖက် မိလိမ့်မယ်'

 “လိုက်မှာပါ၊ ရှင်က လင်တန့်ကို ကျွန်မကို မုန်းအောင် လုပ်ပြီး ကျွန်မကလဲ လင်တန့်ကို မုန်းအောင်၊ ကျွန်မတို့နှစ်ယောက် တယောက်ကို တယောက် မုန်းအောင် ဘယ်လိုပဲလုပ်လုပ် ဒီကမ္ဘာမှာ ကျွန်မ ချစ်ရမယ့် လူဆိုလို့ လင်တန်တယောက်ပဲ ရှိတာပါ၊ ဒီတော့ ကျွန်မ လင်တန်အနားမှာနေပြီး ရှင် သူ့ကို မနှိပ်စက်နိုင်အောင် တားဆီးရမှာပဲ၊ ကျွန်မကိုလဲ ရှင် ကြိမ်းလား မောင်းလား မလုပ်နိုင်အောင် တားဆီးရမှာပဲ"

 “အပြောကတော့ ကျသဟေ့၊ ငါကတော့ ငါ့သားကို နင့်ကြောင့် စိတ်မဆင်းရဲစေချင်ဘူး၊ ဒီတော့ နင့်အနေနဲ့ သူ့ကို ပြုစုရမှာပဲ၊ နင့်ကို သူမုန်းအောင်လဲ ငါလုပ်စရာ မလိုပါဘူးဟ၊ သူကိုယ်တိုင်က နင့်ကို မုန်းပြီးသားပါ၊ နင် ထွက်ပြေးကတည်းက ဒီကောင် နင့်ကို နာနေတာဟ၊ ဒီကောင်က ငါလို သန်သန်မာမာ မဟုတ်လို့ဟေ့၊ ဟုတ်များဟုတ်ယင် နင် မလွယ်ဘူး'

“သူ စိတ်သဘော မကောင်းမှန်း ကျွန်မ သိပါတယ်၊ ရှင့်သားပဲဟာကိုး၊ ဒါပေမယ့် ကျွန်မ သူ မကောင်းတာကို ခွင့်လွှတ်နိုင်လောက်အောင် ကျွန်မ သဘောထားကြီးတာကိုပဲ ကျေနပ်ရဦးမယ်၊ ဘာပြောပြော ကျွန်မ သူ့ကို ချစ်ဘယ်ဆိုဘာ သူ သိဘယ်၊ ဒီလိုပဲ သူကျွန်မကို ချစ်တာလဲ ကျွန်မ သိဘယ်၊ ဒီမယ် မစ္စတာ ဟိကလစ်၊ ရှင်ကတော့ ချစ်ရမယ့်လူမှ မရှိပဲ ဘယ်သိပါ့မလဲ၊ ရှင် ကျွန်မတို့ကို နှိပ်စက်ပါ၊ နှိပ်စက်ချင်သလောက် နှိပ်စက်ပေါ့၊ တနေ့ကျ ရှင်လဲ ခံရမှာပဲ၊ ရှင်ဟာ စိတ်ကောင်းမှ မရှိတာ၊ ရှင့်ကို ဘယ်သူကမှလဲ မချစ်ဘူး၊ ရှင်သေတောင် ဘယ်သူမှ ငိုမှာ မဟုတ်ဘူး"

ကက်သရင်းသည် အားရပါးရကြီး ပြောချလိုက်ပါသည်။ သူသည် ကြုံရအံ့သော ဒုက္ခဟူသမျှကို ရဲရဲရင့်ရင့် ရှင်ဆိုင်မည်ဟု ဆုံးဖြတ်ထားပြီး လုပ်ဟန်တူပါသည်။

“ကဲ၊ ရှည်မနေနဲ့၊ သွား၊ နင့်ပစ္စည်းတွေ ယူချည်'

ကက်သရင်းသည် ဘာကိုမျှ အလေးမထားသည့်ဟန်ဖြင့် အပြင်ဘက်သို့ ထွက်သွားပါလေ၏။

အခန်းထဲတွင် ကျွန်မနှင့် ဟိကလစ် နှစ်ယောက်တည်း ကျန်ခဲ့သောအခါ ကျွန်မက ဤအိမ်ကြီးတွင် ကျွန်မအစား ဇီလာကို ထားပြီး လေထန်ကုန်းအိမ်ကြီး၌ ကျွန်မအား ကက်သရင်းနှင့်အတူ နေခွင့်ပေးရန် ပြောသော်လည်း သူ လက်မခံပါ။ ကျွန်မအားသာ နောက်ထပ် ဘာမျှ မပြောရန် တားပါသည်။ ထို့နောက် သူသည် အခန်းတွင်း အခြေအနေကို အကဲခတ်လိုက်ပြီး နံရံပေါ်ရှိ ကွယ်လွန်သူ ကက်သရင်း၏ ဓာတ်ပုံကို ကြည့်ယင်း ..

“ကျုပ်ကတော့ ဟိုအိမ်မှာပဲ နေရမှာပဲ၊ ကျုပ် နေချင်လှတာ မဟုတ်ပေမယ့်လဲ...."

သူသည် မျက်နှာကို မီးလင်းဖိုဘက်သို့ ဖြတ်ကနဲ လွဲလိုက်ပါသည်။ သူ ဆက်ရမည့် စကားအတွက် စကားလုံး ရှာမရ ဖြစ်နေဟန် တူပါသည်။ ကျွန်မကတော့ သူ ပြုံးလိုက်သည် ထင်ပါသည်။

“မနေ့က ကျုပ် ဘာလုပ်ခဲ့တယ်ဆိုတာ ခင်ဗျားကို ပြောပြရဦးမယ်၊ လင်တန့် သင်္ချိုင်း တူးနေတဲ့ စဏ္ဍာလတယောက်ကို ကျုပ်က ကက်သရင်း သင်္ချိုင်းကို အဖော်ခိုင်းပြီး ခေါင်းကို လှန်ကြည့်ခဲ့တယ်ဗျ၊ ကက်သရင်းဟာ အလျင်က အတိုင်းပဲဗျ၊ ကျုပ်သူ့ကို ပြန်တွေ့ရတယ်၊ ဒါနဲ့ ကျုပ်က စဏ္ဍာလကို ကျုပ်သေယင် ကက်သရင်း သင်္ချိုင်းဘေးက လင်တန် အလောင်းကို ဖယ်ပြီး ကျုပ်အလောင်းကို ကက်သရင်း အလောင်းဘေးမှာ မြှုပ်ပေးဖို့ လာဘ်ထိုးလိုက်တယ်၊ လင်တန်ကတော့ ဘာတွေလုပ်လို့ ဘာတွေဖြစ်တယ်ဆိုတာ သိမှာ မဟုတ်တော့ပါဘူး၊ ကျုပ်သာ ကက်သရင်းနဲ့ အတူသေရမှာ”

“ရှင် ယုတ်ကန်းလှချည်လား မစ္စတာဟိကလစ်ရယ်၊ သေပြီးသား လူတွေကိုတောင် အနှောင့်အယှက်ပေးတာ ရှင် မရှက်ဘူးလား”

“ကျုပ် ဘယ်သူ့မှ မနှောင့်ယှက်ပါဘူး နယ်လီရာ၊ ကျုပ်ဘာသာ ကျုပ် သက်သာရာ သက်သာကြောင်း ရှာခဲ့တာပါဗျာ၊ ခုတော့ သေယင် ကက်သရင်းနဲ့အတူ သေရတော့မှာမို့ စိတ်ချမ်းသာသွားပြီ၊ ခင်ဗျားက ကျုပ် သူ့ကို နှောင့်ယှက်တယ်လို့ ဆိုတယ်၊ အဲဒါ မဟုတ်ဘူး နယ်လီရဲ့၊ သူကသာ ကျုပ်ကို ဆယ့်ရှစ်နှစ်လုံးလုံး မနေ့ကအထိ နေ့ရောညပါ ကျုပ်ကို အနှောင့်အယှက် ပေးခဲ့တာပါ၊ ကျုပ်ဟာ မနေ့ကအထိ စိတ်ထဲမှာ ကယောက်ကယက် ဖြစ်ခဲ့ရတာပါ၊ ကျုပ်ဟာ သူနဲ့ ပါးချင်းကပ်ပြီး အတူတူ သေရတယ်လို့ အမြဲ အိပ်မက် မက်ခဲ့ရတာပါ'

 ‘ကက်သရင်း အလောင်းက မြေစာဖြစ်သွားမှပဲဟာ၊ ရှင့် အိပ်မက်က အိပ်မက်တဲ့အတိုင်း ဖြစ်လာမှာမှ မဟုတ်တာပဲ”

“မြေစာဖြစ်သွားလဲ ပိုပြီးတောင် ပျော်ပျော်ရွှင်ရွှင် ဖြစ်ရတာပေါ့ဗျာ၊ ခင်ဗျားက အဲဒီလို ပြောင်းလဲသွားတဲ့အတွက် ကျုပ် ကြောက်မယ်လို့ ထင်သပေါ့လေ၊ ကျုပ်ဟာ သူ့အလောင်းကို ဖွင့်ကြည့်ကတည်းက ဒီလို အပြောင်းအလဲကို မျှော်လင့်ပြီးသားဗျ၊ ဘာပဲဖြစ်ဖြစ် မြေစာအဖြစ် ပြောင်းလဲသွားရတာလဲ ကျုပ်တို့နှစ်ယောက်အတူတူ ပြောင်းလဲရမှာပဲ၊ ဘာဖြစ်သေးလဲ၊ ဒီမယ် နယ်လီ၊ ကျုပ်ဟာ ကက်သရင်း သေသွားကတည်းက အရူးကြီးတယောက်လို ဖြစ်ကျန်ခဲ့ရတာဗျ၊ နေ့ရှိသရွေ့ တနေ့လုံး တညလုံးပဲ ကျုပ်ဟာ သူ့ကို ဝိညာဉ်အဖြစ်နဲ့ ကျုပ်ဆီ ပြန်လာဖို့ ဆုတောင်းခဲ့ရတာပါ၊ ကျုပ်က တစ္ဆေကို ယုံတယ်ဗျ၊ တစ္ဆေတွေဟာ ကျုပ်တို့ လူသားတွေကြားမှာ ရှိနေတယ်လို့ ကျုပ်က လက်ခံထားတာ၊ သူ့ကို မြေမြှုပ်သင်္ဂြိုဟ်တဲ့နေ့က နှင်းတွေကျနေတယ် မဟုတ်လား၊ အဲဒီနေ့ညနေ မှောင်တရီမှာ ကျုပ်သ င်္ချိုင်းကို ရောက်သွားတယ်၊ လေကလဲ အေးလိုက်တာ ဆောင်းတွင်းကြီး ကျနေတာပဲ သင်္ချိုင်းကလဲ တိတ်ဆိတ်နေသဗျ၊ ကျုပ် မကြောက်ပါဘူး၊ သူ့အလောင်းကို မြှုပ်ထားတဲ့ သင်္ချိုင်းနဲ့ နှစ်ဂိုက်အကွာရောက်တော့ ကျုပ်က “ငါ့ရင်ခွင်ထဲကို ပြန်လာခဲ့ပါကွယ်၊ မင်းခန္ဓာကိုယ် အေးစက်နေယင်လဲ ဆောင်းလေသွေးတာပဲ ထင်ပါရဲ့၊ မင်း မလှုပ်မယှက် ဖြစ်နေဦး၊ မင်း အိပ်နေတယ်လို့ ထင်ပါတယ်” လို့ ပြောလိုက်မီတယ်၊ အဲဒီအချိန်က ကျုပ် လက်ထဲမှာ တူရွင်းပြားတခု ပါလာတယ်၊ ကျုပ်လဲ သူ့အလောင်းရှိရာ သင်္ချိုင်း မြေပုံကို တူးလိုက်တယ်။ တူးရွင်းက ခေါင်းကို ထိတဲ့အသံ ကြားတော့ ကျုပ်လဲ တူးနေရာက ရုတ်ကနဲ ရပ်သွားတယ်၊ ခေါင်းကြီး ပွင့်လာသလိုလို အသံကိုလဲ ကြားမိတယ်၊ ကျုပ်က ခေါင်းကို စိုက်ကြည့်နေတုန်းမှာပဲ ကျုပ် အပေါ်ဘက်နားဆီက ကျုပ်ကို တစုံတယောက်က ငုံကြည့်နေယင်း သက်ပြင်းချလိုက်တဲ့ အသံကို ကြားလိုက်ရတယ်၊ ကျုပ် စိတ်ထဲမှာတော့ အတူများ မြေကြီးထဲမှာ နေရယင်လို့ အတွေးရောက်သေးတယ်၊ အဲဒီတုန်းမှာပဲ သက်ပြင်းသံနဲ့အတူ နွေးထွေးတဲ့ လေကို ထိလိုက်ရသလို ခံစားမိတယ်၊ အလောင်းကောင်ကြီးထဲမှာ အသက်မရှိတော့တာ ကျုပ် သိပါတယ်၊ ဒါပေမယ့် အမှောင်ထဲမှာ တစုံတယောက် ရှိနေတာတော့ အမှန်ပဲ၊ အဲဒါဟာကေသီ၊ ကေသီဟာ မြေကြီးထဲမှာ မဟုတ်ဘူးဗျ၊ မြေကြီးပေါ် ရောက်နေတာ၊ ကျုပ် အသည်းထဲ နှလုံးထဲမှာတော့ ကြည်နူးသွားတာပဲ၊ ဒါကြောင့် ကျုပ်လဲ သင်္ချိုင်းကို ပြန်ဖို့လိုက်တယ်၊ သူက ကျုပ်နဲ့အတူ ရှိနေတယ်လေ၊ ကျုပ် ကျေနပ်လိုက်တာ မပြောပါနဲ့တော့၊ ကျုပ် သင်္ချိုင်းကို ပြန်ဖို့တဲ့ အချိန်မှာလဲ သူ ကျုပ် အနားမှာ ရှိနေတယ်၊ ကျုပ် အိမ်ပြန်လာတော့လဲ ကျုပ်နဲ့ အတူ ပါလာတယ်။

“ဘာလဲ၊ ခင်ဗျားက ရယ်ချင်သလား၊ ရယ်ချင်ယင် ရယ်ပါ၊ ဒါပေမယ့် ကျုပ် ကေသီကို အသေအချာ မြင်ရတယ်ဗျ။ သူဟာ ကျုပ်နဲ့အတူ ပါလာတာပဲ၊ အဲဒီလိုနဲ့ ကျုပ် အိမ်ကို ပြန်ရောက်တော့ သူနဲ့အတူ အိမ်ထဲဝင်ဖို့ပဲ၊ ဒါပေမယ့် အိမ်တံခါးကို အတွင်းက ပိတ်ထားတယ်၊ ကျုပ် မှတ်မိသေးတယ်၊ အန်းရှောနဲ့ ကျုပ် မိန်းမ အစ္စဗယ်လာပေါ့၊ ကျုပ်ကို အိမ်ထဲ မဝင်ရအောင် အထဲကနေ ပိတ်ထားတာ၊ ဒါနဲ့ ကျုပ်လဲ အိမ်ထဲကို မရရအောင် ဝင်ပြီး အန်းရောကို လှိမ့်ကန်ပစ်လိုက်တယ်၊ ပြီးတော့ ကျုပ် အိမ်ပေါ်ကို အပြေးတက်လာတယ်၊ သူ့ အခန်းထဲမှာရော ကျုပ် အခန်းထဲမှာပါ ကျုပ် သူကိုရှာတယ်၊ ကျုပ်စိတ်က သူ ရှိတယ်လို့ပဲ တမ်းတမ်းစွဲတယ်၊ သူ့ကို မြင်ရတယ်လို့လဲ ထင်တယ်၊ ဒါပေမယ့် သူ မရှိဘူး၊ သူ့ကို မတွေ့ရပြန်ဘူး၊ ကျုပ် သူ့ကို တမ်းတလိုက်ရတာ၊ ရှာလိုက်ရတာ၊ သွေးတွေတောင် ချွေးအဖြစ် ယိုစီးလာသလိုပဲ၊ ကျုပ်သူ့ကို ပြန်လာဖို့ အသနားခံပါ တယ်ဗျား ဒါပေမယ့် ကျုပ် သူ့ကို မတွေ့ရပြန်ဘူး၊ ဒါပေမယ့် သူကတော့ ရှိနေသလိုပဲ။ တစ္ဆေတကောင်လို ကျုပ်ကို ကိုယ်ထင်ပြနေတယ်လေ၊ ကျုပ်ဆိုတာ သူ့ကို တကယ်ရနိုးနဲ့ ရှာလိုက်ရတာ ဆောက်တည်ရာကို မရဘူး၊ အဲဒီကတည်းက ကျုပ်ဟာ အိမ်ထဲမှာ ဟယ်ယာတန်နဲ့အတူ ထိုင်နေပြန်ယင်လဲ အပြင်ထွက်ယင်ပဲ သူ့ကိုတွေ့မယ်လို့ ထင်လာတယ်၊ အပြင်ဘက် ထွက်ပြန်တော့လဲ သူ အိမ်ထဲ ရောက်နေတယ်လို့ ထင်ပြန်တယ်၊ ကျုပ် အပြင်ရောက်နေယင် ချက်ချင်းပဲ အိမ်ကို ပြန်လာတယ်။ သူဟာ အိမ်ထဲမှာပဲ ရှိမယ်လို့ ထင်တယ်၊ ကျုပ် သူ့အခန်းထဲ ဝင်အိပ်တော့လဲ အိပ်လို့ မရဘူးဗျ၊ မျက်လုံး မှေးလိုက်ယင် သူ ပြတင်းပေါက်နားပဲ ရောက်နေသလို၊ အထဲဝင်ဖို့ ကြိုးစားနေသလို၊ မျက်လုံး ဖွင့်ကြည့်လိုက်တော့လဲ မတွေ့ရဘူး၊ တညတညများဆို၊ အကြိမ်တရာလောက် မျက်လုံး ဖွင့်ချည် ပိတ်ချည်နဲ့ စိတ်ဆင်းရဲလိုက်တာဗျာ၊ တခါတခါ အသံထွက်ပြီး ညည်းလိုက်မိတယ်၊ ဂျိုးဆက်တောင် သိတယ်၊ ကျုပ်စိတ်ဟာ အတွင်းထဲမှာတွင် ရုန်းရင်းဆန်ခတ် ဖြစ်နေတယ်ဆိုတာ သူ သိတယ်၊ ဟော ခုတော့ ကျုပ် သူ့ကို တွေ့ရပြီ။ ကျုပ် စိတ်သက်သာရာ ရပြီ၊ ကျုပ်အဖို့ ဆယ့်ရှစ်နှစ်လုံးလုံး မျှော်လင့်ချက်ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရတာပါ နယ်လီရယ်”

မစ္စတာ ဟိကလစ်သည် စကားကို ရပ်လိုက်ပြီး နဖူးမှ ချွေးများကို သုတ်လိုက်ပါသည်။ နဖူးပေါ်သို့ ကျနေသော ဆံစများသည် ချွေးများဖြင့် စိုရွှဲနေပါ၏။ မျက်လုံးအစုံတို့ကိုမူ မီးလျှံဆီသို့ စူးစိုက်ထား၏ စကားပြောယင်း ကျွန်မအမည်ကို တချက်တချက် ခေါ်လိုက်သော်လည်း ကျွန်မသည် ငြိမ်ပြီး နေခဲ့ပါ၏။ သူ့မျက်နှာသည် ဝေဒနာပြင်းစွာ ခံခဲ့ရပုံကို ဖော်ပြနေပါ၏။ သူသည် ကက်သရင်း၏ ရုပ်ပုံကို ကြည့်နေရာမှ ဆိုဖာပေါ် ထိုင်ချလိုက်ပြီး စကားကို ဆက်ပြောနေခဲ့ခြင်း ဖြစ်ပါ သည်။ သူ့စကား အဆုံးတွင် ကက်သရင်းသည် အခန်းထဲသို့ ပြန်ဝင်လာပြီး သူ အသင့်ဖြစ်နေကြောင်းနှင့် သူ မြင်းကို ကုန်းနှီးတင်ပြီးလျှင် သွားရုံသာရှိကြောင်း ပြောပါလေ၏။

"နောက်မှ ဆက်သေးတာပေါ့ဗျာ” ဟု ကျွန်မအား ပြောပြီး ကက်သရင်းဘက်သို့ လှည့်၍ “မြင်းစီးစရာ မလိုပါဘူး၊ ရာသီဥတုလဲ သာယာသားပဲ၊ နင် ဟိုမှာတော့ မြင်းထားစရာ မလိုဘူး၊ နင့်ခြေထောက် နင် အားကိုးပြီး သွားရလာရမှာပဲ၊ ကဲလာ” ဟု ပြောလိုက်ပါ၏။

ကက်သရင်းသည်..

“သွားမယ် အယ်လင်’ ဟု တီးတိုးဆိုပြီး ကျွန်မကို နမ်းရှုပ်ပါလေ၏။ သူ့နှုတ်ခမ်းများမှာ ရေခဲကဲ့သို့ အေးစက်နေပါသည်။ “ကျွန်မဆီကိုလဲ လာခဲ့ဦးနော်၊ မေ့မနေနဲ့' ဟု ဆက်ပြောလိုက်ပါသည်။

"ဒီမယ် မစ္စက်ဒင်း၊ ခင်ဗျား ကျုပ်အိမ်ကို လာစရာ မလိုဘူး၊ ကျုပ် ခင်ဗျားကို ပြောစရာရှိယင် ကျုပ် လာခဲ့မယ်၊ ခင်ဗျား အနေနဲ့ကတော့ ကျုပ် အိမ်နားတောင် လာစရာ မလိုဘူး”

ဟိကလစ်က ကက်သရင်းအား သူ့နောက်မှ လိုက်ခဲ့ရန် အရိပ်အကဲ ပြလိုက်သည်နှင့် ကက်သရင်းလည်း ဟိကလစ်နောက်မှ လိုက်သွားပါလေတော့သည်။ ကျွန်မကို တချက် လှည့်ကြည့်လိုက်သောအခါ ရင်ထဲမှာ နင့်ကနဲ ခံစားလိုက်ရပါ၏။ သူတို့ ထွက်သွားသည်ကို ကျွန်မသည် ပြတင်းပေါက်မှ လှမ်းကြည့်နေပါသေး၏။ ဟိကလစ်က ကက်သရင်းကို သူ့ လက်ကို ချိတ်တွဲလိုက်ပါရန် ခေါ်သည်ကို ကက်သရင်းက ငြင်းနေပါသေးသည်။ ထို့နောက် သူတို့နှစ်ယောက်စလုံးသည် သစ်ပင်အကွယ်တွင် ပျောက်သွားပါလေတော့သည်။

Comments