လေထန်ကုန်း_အခန်း (၃၁)_ကျော်လှိုင်ဦး

 

အခန်း [ ၃၁ ]

မန်နေ့က ဆီးနှင်းကျပြီး လေငြိမ်နေပါသည်။ ကျွန်ုပ်သည် စိတ်ကူးထားသည့်အတိုင်း လေထန်ကုန်းသို့ လာခဲ့ပါ၏။ ထိုအခါ ကျွန်ုပ်၏ အိမ်စေ မစ္စက်ဒင်းက ကက်သရင်းအတွက် စာတစောင် လူကြုံပါးလိုက်ပါသည်။ ဤကိစ္စမှာ မငြင်းသင့်သော ကိစ္စဖြစ်သဖြင့် ကျွန်ုပ်လည်း ယူခဲ့ပါ၏။ လေထန်ကုန်းအိမ်ကြီးသို့ ရောက်သောအခါ အိမ်ရှေ့တံခါး ပွင့်နေသော်လည်း ဝင်းတံခါးမှာ ကျွန်ုပ် ယခင်တကြိမ် ရောက်လာစဉ်ကလိုပင် ပိတ်ထားပါသည်။ ကျွန်ုပ်က တံခါးကို ပုတ်ပြီး အချက်ပေးလိုက်သဖြင့် ဥယျာဉ်ထဲတွင် အလုပ်များနေသော ဟယ်ယာတန်က ဝင်းတံခါးကို လာဖွင့်ပေးပါသည်။ ကျွန်ုပ်လည်း အိမ်ဝင်းထဲသို့ ဝင်ခဲ့ပါ၏။ ယခုတကြိမ်၌ ကျွန်ုပ်သည် ဟယ်ယာတန်ကို အထူး ဂရုစိုက်ကြည့်လိုက်မိပါ၏။ သူသည် ကြမ်းတမ်းဟန် ပေါ်သလောက် လူချောတယောက်လည်း ဖြစ်ပါသည်။

ကျွန်ုပ်က မစ္စတာ ဟိကလစ် ရှိမရှိ မေးရာ သူက မရှိကြောင်းနှင့် ညစာစားချိန်တွင် ပြန်ရောက်စရာရှိကြောင်း ပြောပါသည်။ ထိုအချိန်က နံနက် ဆယ့်ထနာရီသာ ရှိပါသေးသည်။ ကျွန်ုပ်က အိမ်ထဲဝင်ပြီး စောင့်နေမည့်အကြောင်း ပြောလိုက်ရာ ဟယ်ယာတန်သည် ဥယျာဉ်တွင်း သူ့လုပ်ငန်း ကိရိယာများကို ချပစ်ခဲ့ပြီး ကျွန်ုပ်အား အိမ်ထဲသို့ လိုက်ပို့ပါ၏။

ကျွန်ုပ်တို့သည် အိမ်ထဲသို့ ဝင်လာခဲ့ကြပါသည်။ ကက်သရင်းသည် ဟင်းလျာအတွက် ဟင်းသီးဟင်းရွက်များကို ပြင်ဆင်နေပါ၏။ သူသည် ယခင်တကြိမ်ထက် စိတ်တိုနေဟန် ပေါ်သော်လည်း ယခင် တကြိမ်ကလောက် စိတ်ဆတ်ပုံ မရပါ။ သူသည် ကျွန်ုပ်ကို တချက်ကြည့်လိုက်သော်လည်း ကျွန်ုပ်၏ နှုတ်ဆက်စကားကိုရော နှုတ်ဆက်ဟန်ကိုပါ တုံ့ပြန်ခြင်း မရှိပါ။

"ဤသူငယ်မကား မစ္စက်ဒင်း ပြောသလို ချစ်စရာ မကောင်းပါကလား၊ လှတော့လည်း လှပေသား” ဟု ကျန်ုပ် တွေးလိုက်မိပါသည်။ ဟယ်ယာတန်က ကက်သရင်းအား ဟင်းချက်စရာများကို မီးဖိုထဲ ယူသွားရန် တိုတိုတောင်းတောင်း ပြောလိုက်ပါသည်။

“ရှင့်ဘာသာ ရှင် ယူသွားပါလား” ကက်သရင်းသည် သူ လှီးပြီးသား မုန်လာဥများကို ဟယ်ယာတန်ဘက်သို့ တွန်းပေးလိုက်ပြီး သူကိုယ်တိုင်မူ ပြတင်းပေါက်နားတွင် ခွေးခြေတခုပေါ်၌ ထိုင်လျက် မုန်လာဥခွံများကို အရုပ်များ လုပ်နေပါလေသည်။ ကျွန်ုပ်သည် ဥယျာဉ်ကို ကြည့်ဟန်ဖြင့် သူ့အနားသို့ ကပ်သွားပြီး မစ္စက်ဒင်း ပါးလိုက်သော စာကို ဟယ်ယာတန် မမြင်စေပဲ ကက်သရင်း ဒူးပေါ်သို့ ဖြတ်ကနဲ ချလိုက်ပါသည်။ ထိုအခါ သူက...

'ဒါက ဘာလဲ' ဟု အော်ပြောပြီး လွှင့်ပစ်လိုက်ပါလေ၏။

“မင်း မိတ်ဆွေဟောင်းကြီး ဖြစ်တဲ့ ဟိုအိမ်က အိမ်ဖော်မကြီးဆီက မင်းအတွက် ပေးလိုက်တဲ့ စာပါ"

သည်တော့မှလည်း သူသည် ကျွန်ုပ်အပေါ် အထင်လွဲမှုအတွက် ကသိကအောက် ဖြစ်သွားပြီး စာကို ဝမ်းပန်းတသာ ကောက်ယူလိုက်ပါသည်။ သို့သော် ထိုစာကို သူကောက်မယူမီပင် ဟယ်ယာတန်က ကောက်ယူပြီး အင်္ကျီအိတ်ထဲ ထည့်၍ ဤစာကို မစ္စတာဟိကလစ်ကို အလျင်ပြရမည်ဟု ဆိုပါလေသည်။ ထိုအခါ ကက်သရင်းသည် မျက်နှာကို တဘက်သို့ လွှဲလိုက်ပြီး ငိုတော့မည့်ဟန်ဖြင့် အသနားခံလေရာ ဟယ်ယာတန်လည်း သူယူထားသော စာကို ကက်သရင်းဘေး ကြမ်းပြင်ပေါ်သို့ ချပေးလိုက်ပါ၏။ ကက်သရင်းလည်း စာကို လျင်စွာ ကောက်ယူပြီး စိတ်အားထက်သန်စွာ ဖတ်ရှုပါလေတော့သည်။ ထို့နောက် သူနေထိုင်ခဲ့သော အိမ်ကြီးအကြောင်း၊ မစ္စက်ဒင်းအကြောင်းကို စုံစမ်းမေးမြန်းပါသည်။ ပြီးလျှင် ကက်သရင်းသည် တောင်ကုန်းများဆီသို့ ငေးစိုက်ကြည့်ယင်း သူ့ဘာသာသူ ပြောသလို ခပ်ညည်းညည်း ပြောနေပြန်ပါလေ၏။

“အင်း၊ ကိုယ် မြင်းနီကလေးကို စီးပြီး ဟိုတောင်ကုန်းတွေဘက် သွားချင်လိုက်တာ၊ ခုတော့ ထောင်ကျနေသလိုပါလား” ပြောယင်း ပြတင်းဘောင်ကို မှီလျက် သက်ပြင်းချလိုက်ပါလေသည်။ သူသည် အတော်ပင် ဝမ်းနည်းသွားပုံ ရပါသည်။ ကျွန်ုပ်တို့က သူ့အား အကဲခတ်နေသည်ကိုပင် သူ သတိထားမိပုံ မရပါပေ။

ကျွန်ုပ်သည် အတန်ကြာ တိတ်ဆိတ်နေပြီး နောက်မှ..

“မစ္စက် ဟိကလစ်ခင်ဗျာ၊ ကိုယ့်ကို မင်း မမှတ်မိဘူးလား၊ ဟိုတလောက ကိုယ် ဒီကို ရောက်သေးတယ်လေ၊ ဒါနဲ့တောင် မင်း ကိုယ့်ကို စကားမပြောချင်ဘူးလား၊ မစ္စက်ဒင်းကဆို မင်းအကြောင်းများ ပြောရယင် မောတယ်လို့ကို မရှိဘူး၊ မင်းကိုလဲ သိပ် ချီးကျူးတာပဲ၊ ဒီတော့ ကိုယ်ဒီက ပြန်သွားလို့ မင်းဆီက စာဖြစ်ဖြစ် စကားဖြစ်ဖြစ် မပါးလိုက်ယင် သူ့ခမျာ ဘယ်လောက်  စိတ်ပျက်ရှာမလဲကွယ်' ဟု ပြောလိုက် ပါသည်။

ထိုအခါ ကက်သရင်းသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး...

“အယ်လင်က ရှင့်ကို သဘောကျရဲ့လား" ဟု မေးလိုက်ပါသည်။

“သိပ်သဘောကျတာပေါ့ကွာ”

“ဒီလိုဆို သူ့ကို ပြောလိုက်ပါရှင်၊ ကျွန်မ သူ့ဆီကို စာရေးပေးလိုက်ချင်ပေမယ့် စာရေးစရာ စာရွက်ဆိုလို့ တရွက်ကလေးတောင် မရှိဘူးလို့၊ စာအုပ်တအုပ်အုပ်က ဆုတ်ပြီး ရေးရအောင်လဲ စာအုပ် မရှိဘူးလို့"

“စာအုပ် မရှိဘူး၊ ဟုတ်လား၊ စာမဖတ်ပဲ မင်း ဘယ်လိုလုပ် နေနေသလဲ၊ ကိုယ် အခုနေတဲ့ အိမ်ကြီးမှာဆို စာကြည့်တိုက်ကြီးတခု ရှိနေတာတောင် ကိုယ်ဖြင့် တခါတလေ အတော်ပျင်းသား၊ စာအုပ်တွေသာ မရှိယင် ကိုယ်ဖြင့် ဘယ်လိုနေရမှန်းတောင် သိမှာမဟုတ်ဘူး"

 “ကျွန်မလဲ ဟိုတုန်းကတော့ အမြဲလိုလိုပဲ စာဖတ်ပါတယ်ရှင်၊ ဒါပေမယ့် မစ္စတာ ဟိကလစ်က ဘယ်တော့မှ စာမဖတ်ဘူးရှင့်၊ ဒီတော့ ကျွန်မကိုလဲ စာမဖတ်စေချင်ဘူး ထင်ပါတယ်၊ ကျွန်မ စာအုပ်တွေ အားလုံးကို ဖျက်ဆီးပစ်လိုက်တယ်၊ အဲဒီကတည်းက ကျွန်မ စာအုပ်မဖတ်ရတာပဲ၊ တခါတခါတော့ ကျွန်မ ဂျိုးဆက်အခန်းထဲမှာ စာအုပ်ရှာပါသေးတယ်၊ သူက စိတ်ဆိုးတယ်လေ။ ဒါနဲ့ တခါမှာတော့ “ဒီမယ် ဟယ်ယာတန်ရဲ့၊ ရှင်ဝှက်ထားတဲ့ စာအုပ်တွေကို ရှင့်အခန်းထဲမှာ တွေ့တယ်၊ ကဗျာစာအုပ်တွေရော၊ ပုံပြင်စာအုပ်တွေရော၊ အားလုံး ကျွန်မ စာအုပ်တွေချည်းပဲ၊ ရှင်ကလဲ ကိုယ်နဲ့မဆိုင်ပဲ ယူထားတာဟာ သက်သက်ခိုးတာပဲ၊ ရှင်ဖတ်တတ်တာလဲ မဟုတ်ပဲနဲ့၊ သူများလဲ မဖတ်ရအောင် ယူထားတာဟာ အလကားပဲပေါ့ရှင့်၊ ကျွန်မ စာဖတ်တာကို မနာလိုတာနဲ့ ကျွန်မ စာအုပ်တွေကို ခိုးထားတာပေါ့” လို့ ပြောပစ်လိုက်တယ်”

ဟယ်ယာတန်သည် သူ့ညီမ၏ သူခိုးစွပ်စွဲလိုက်သော စကားကြောင့် မျက်နှာတခုလုံး ရှက်သွေး ဖြာသွားပါလေတော့သည်။ ဒေါသလည်း ဖြစ်သွားပုံရပါသည်။ စကား အထစ်ထစ် အငေါ့ငေါ့ဖြင့် ဖြေရှင်းချက် ပေးပါသေး၏။ ကျွန်ုပ်မှာ မနေသာတော့သဖြင့်...

“မစ္စတာ ဟယ်ယာတန်က ဗဟုသုတ ရှာချင်တာပဲပေါ့၊ တကယ်တော့ မင်းကို မနာလိုတာ မဟုတ်ပါဘူး၊ မင်းကို အားကျပြီး သူလဲ စာအုပ် စုထားတာ နေမှာပေါ့ကွဲ့၊ မကြာခင်ပဲ သူလဲ ပညာတတ်ကြီးတယောက် ဖြစ်လာမှာပါကွယ်’ ဟု ဝင်ပြောလိုက်ပါလေသည်။

“ခုတော့ သူက ကျွန်မကို ဉာဏ်တုံးနေအောင် လုပ်ချင်တာပေါ့လေ၊ အမယ်လေး၊ သူ စာလုံးပေါင်းပြီး ဖတ်တာကို ကြားပါတယ်၊ အမှားမှား အယွင်းယွင်းချည့်ပဲ၊ ကဲပါ၊ ရှင် မနေ့က ဖတ်နေတဲ့ စာလုံးပေါင်းကိုပဲ ဖတ်ပြစမ်းပါဦး၊ ဘယ်လောက်များ ရယ်စရာကောင်းသလဲဆိုတာ၊ ကျွန်မ ကြားပါတယ်၊ ပြီးတော့ စာလုံးအဓိပ္ပာယ် မသိလို့ အဘိဓာန်လှန်လိုက်၊ အဘိဓာန်က ရှင်းတာ နားမလည်လို့ ကျိန်ဆဲနေတာကိုလဲ ကျွန်မ ကြားပါတယ်”

ကက်သရင်းစကားကြောင့် ဟယ်ယာတန်မှာ အတော် စိတ်မကောင် ဖြစ်လာပါသည်။ သူ မတတ်သည်ကို လှောင်ပြောင်နေခြင်းအတွက်လည်း မသင့်ဟု သူ သဘောရပုံရပါသည်။ ကျွန်ုပ်လည်း ဟယ်ယာတန် နည်းတူပင် သဘောရပါ၏။

“ဒါပေမယ့် မစ္စက် ဟိကလစ်ရယ်၊ ကိုယ်တို့တတွေလဲ ဒီလိုပဲ စာသင်စမှာတော့ အထစ်ထစ် အငေါ့ငေါ့ အမှားမှား အယွင်းယွင်း ဖြစ်ခဲ့ကြရတာပဲ မဟုတ်လား၊ ဒါပေမယ့် ကိုယ်တို့ဆရာတွေ ဆရာမတွေကသာ အဲဒီတုန်းက ကိုယ်တို့ကို သင်ပြပေးမယ့်အစား လှောင်လား၊ ပြောင်လား ရှုတ်ချယင် ကိုယ်တို့လဲ ခုအထိ အမှားမှား အယွင်းယွင်း ဖြစ်နေကြရမှာပဲ မဟုတ်လားကွယ်”

“အိုရှင်၊ ကျွန်မတော့ ကျွန်မစာအုပ်တွေ သူယူထားတာကို မကြိုက်ဘူး၊ အမှားမှား အယွင်းယွင်း အသံထွက်ပြီး ဖတ်တာကလဲ ရှယ်စရာကြီး၊ ကျွန်မ စာအုပ်တွေထဲမှာ ကဗျာတွေလဲ ပါတယ်။ စကားပြေတွေလဲ ပါတယ်၊ ဒါတွေကိုလဲ ဖတ်သင့် ဖတ်တတ် ဖတ်နိုင်တဲ့လူမှ ဖတ်ဖို့ထားတဲ့ စာအုပ်တွေပဲ ရှင့်။ အဲဒီစာတွေကို သူ့လို ပါးစပ်က ထွက်တာလဲ ဘယ်လောက် ကျက်သရေယုတ်သလဲရှင့်၊ အဲဒီအပြင် သူ ကျွန်မ အခါခါဖတ်ဖို့ တမြတ်တနိုးထားတဲ့ စာအုပ်တွေကိုမှ သူ ရွေးယူတာကိုကလဲ သူ တမင် စိတ်ထားယုတ်တာပဲ”

ဟယ်ယာတန်သည် ဆိတ်ဆိတ်နေသော်လည်း ရင်ခုန်ဖိုလှိုက်နေပါ၏။ သူ့အဖို့ အတော်ကြီးပင် အခံရခက်နေပုံ ရပါလေသည်။ ကျွန်ုပ်လည်း သူတို့နားမှာ မနေသင့်ဟု သဘောရသဖြင့် တံခါးဘက်သို့ ထလာခဲ့ပါ၏။ ဟယ်ယာတန်သည်လည်း နေရာမူ ထလာပြီး အခန်းထဲမှ ထွက် သွားပါလေ၏။ ထိုနောက် စာအုပ်တချို့ကို ယူလာပြီး ကက်သရင်း ပေါင်ပေါ်ကို ပစ်တင်ပေးလိုက်ယင်း..

“ကဲ၊ ပြန်ယူ၊ ငါ ဒီစာအုပ်တွေအကြောင်းလဲ မကြားချင်ဘူး၊ ဒီစာအုပ်တွေကိုလဲ မဖတ်ချင်ဘူး၊ အဲဒီအကြောင်းလဲ မတွေးချင်ဘူး' ဟု အော်ဟစ်လိုက်ပါသည်။

“ခုမှတော့ ကျုပ်ကလဲ မယူချင်ဘူး၊ ရှင်နဲ့ပတ်သက်ပြီးမှတော့ ကျုပ်လဲ မဖတ်ချင်တော့ပါဘူး'

ကက်သရင်းသည် ပြောရာမှ စာအုပ်တအုပ်ကို ဆွဲဖွင့်လိုက်ပြီး စာဖတ်တတ်စ လူတယောက်ဖတ်သလို အထစ် အထစ်နှင့် ဖတ်၍ ရယ်ပြန်ပါလေ၏။ ထို့နောက် စာအုပ်ကို လွှင့်ပစ်လိုက်ပါသည်။

ဟယ်ယာတန်သည် အတော်ပင် ခံပြင်းလာပုံ ရပါသည်။ ကျွန်ုပ်လည်း ကက်သရင်း ပြောနေသည်ကို သဘောrတွေ့လှပါ။ ကက်သရင်းကလည်း သူ့အစ်ကို ကြီးပြင်းလာရသော အခြေအနေကိုပင် မဆင်ခြင်ပဲ ရက်ရက်စက်စက် ချိုးချိုးနှိမ်နှိမ် လုပ်နေသည်ဖြစ်ရာ ဟယ်ယာတန်cမျာ ဆတ်ကနဲ ဖြစ်လာပြီး စာအုပ်တွေအားလုံးကို စုကောက်၍ မီးဖိုထဲသို့ ပစ်ထည့်လိုက်ပါလေတော့သည်။ ထိုအချိန်က သူမည်မျှ စိတ်ပျက်သွားရှာသည်ကို ကျွန်ုပ် သူ့မျက်နှာအား အကဲခတ်မိရုံနှင့် သိလိုက်ပါ၏။ သူ့ခမျာ သည်စာအုပ်တွေကို ကြိုးစား ဖတ်ရှုပြီး ကြည်နူးခဲ့ရသော အဖြစ်နှင့် ဤသို့ဖြင့် သူ တိတ်တဆိတ် စာပေ ဖတ်ရှုလေ့လာခဲ့သည့် အဖြစ်ကို ကျွန်ုပ် စိတ်ကူးကြည့်မိပါသည်။ သူ့ခမျာ တနေ့တနေ့ တိရစ္ဆာန်တကောင်လို လုပ်ကိုင်လာခဲ့ရသည့် ဘဝတွင် ကက်သရင်း ရောက်လာပြီးနောက် ကက်သရင်းက သူ့အား အထင်အမြင် သေးသည်ကို သူ ရှက်လာခြင်း ဖြစ်ပါသည်။ သူ့ကို ကက်သရင်းက အထင်သေးခြင်းကို မခံလိုသဖြင့် သူ့ကို ကက်သရင်းက တန်ဖိုးထားလာအောင် ကြိုးစားလာခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ကက်သရင်းသည် သူ့ကို ကူညီသင်ပြပေးရမည့်အစား သူ့ကိုပင် ပို၍ အထင်သေးကြောင်း ပြလာခြင်းကို သူ ရင်ဆိုင်လိုက်ရခြင်း ဖြစ်လေသည်။

“အေး၊ ကောင်းပါတယ်၊ ဒီစာအုပ်တွေ ရှင့်လိုလူလက်ထဲ ရှိမယ့်အစား ခုလို မီးထဲရောက်သွားတာ ကောင်းပါတယ်” ကက်သရင်းက နှုတ်ခမ်းကို ရွဲ့ပြီး ပြောလိုက်ပါလေ၏။ ထိုအခါ ဟယ်ယာတန်ကလည်း ဒေါသဟုန်းဟုန်းထကာ...

“ဟေ ၊ တိတ်စမ်း၊ နင် ဘာမှ မပြောနဲ့တော့' ဟု အော်လိုက်ပါလေ၏။

သူ့စကားကြောင့် ကက်သရင်းလည်း နှုတ်ပိတ်သွားပါလေ၏။ ထိုစဉ်မှာပင် သူသည် အိမ်ရှေ့ဘက်သို့ ထွက်အံ့ ပြုသဖြင့် ကျွန်ုပ်သည် သူ့ကို လမ်းဖယ်ပေးလိုက်ပါ၏။ သူ အိမ်တံခါးဝသို့ မရောက်မီမှာပင် မစ္စတာ ဟိကလစ်သည် ဝင်လာရာ သူ့ကို တွေ့သည်နှင့် ပခုံးကို လက်တင်၍ …

“ဘာဖြစ်လာတာလဲ ချာတိတ်ရ' ဟု မေးလိုက်ပါ၏။ ဟယ်ယာတန်သည် ဤနေရာတွင် ဆက်မနေလိုတော့ဟန်ဖြင့်..

“အလကား ကောင်မလေး” ဟု ဆိုကာ စွတ်ထွက်သွားပါလေတော့သည်။

ဟိကလစ်သည် ဟယ်ယာတန်ကို စိုက်ကြည့် ကျန်ခဲ့ယင်း သက်ပြင်း ချလိုက်ပါသည်။ ထို့နောက် …

“အင်း၊ ငါဟာ ငါ့ကိုယ်ငါ မထိန်းနိုင်ခဲ့ပါကလား၊ ကြည့်စမ်း၊ သင်းအဖေမျက်နှာကို မြင်ရတိုင်း ငါဟာ ကေသီကို မြင်ယောင်နေခဲ့တာပဲ၊ အင်း၊ သင်းကလဲ သူ့အဖေနဲ့ တူလိုက်တာ၊ ငါသူ့ကိုတောင် မကြည့်ရဲတော့ပါကလား” ကျွန်ုပ် သူ့နောက်တွင် ရှိနေသည်ကိုပင် သတိမမူပဲ ညည်းတွားနေပြန်ပါလေသည်။

သူသည် ခေါင်းငိုက်စိုက်ကျသွားပြီး ဂနာမငြိမ်ပဲ အခန်းထဲသို့ ဝင်လာခဲ့ပါသည်။ သူ့မျက်နှာပြင်မှာ သူ အဘယ်မျှ ရပ်တည်ရာမရ ဖြစ်နေပုံ၊ ပူပန်စိုးရိမ်နေပုံတို့ကို ဖော်ပြနေပါ၏။ ကက်သရင်းသည် ဟိကလစ်ဝင်လာသည်ကို မြင်လိုက်သည်နှင့် မီးဖိုဘက်သို့ ထွက်သွားပါလေ၏။ အခန်းထဲတွင် ကျွန်ုပ်တယောက်တည်း ကျန်ခဲ့ပါလေသည်။ ဟိကလစ် ဝင်လာသောအခါ ကျွန်ုပ် ဆီးကြိုနှုတ်ဆက်လေရာ ...

“ဩ၊ ခင်ဗျား နေကောင်းလာပြီကိုး၊ တွေ့ရတာဝမ်းသာပါတယ် ၊ မစ္စတာ လော့ဝု၊ ကျုပ်လဲ ခင်ဗျားဆီ မရောက်ဖြစ်ဘူး၊ တခြားကိစ္စများ ရှိသလားဗျ"

“ကျွန်တော်လဲ ဒီမှာနေရတာ ပျင်းတော့ လာပြီဗျ၊ အဲဒါကြောင့် နောက်တပတ်ထဲမှာ လန်ဒန် သွားမလားလို့ပဲ၊ ဒီတော့ သရုတ်ကရော့ အိမ်ကြီးကို ကျွန်တော် တနှစ်အတွက် ငှားထားပေမယ့် ကျွန်တော် ဆက်မနေမယ့်အတူ ခင်ဗျား တခြားလူကို ငှားချင် ငှားရအောင် လာပြောတာပါပဲ”

“အင်း၊ ခင်ဗျား ကမ္ဘာ့ပြင်ဘက် နေရာကလေးမှာ နေရတာ ပျင်းသွားပြီ ထင်တယ်၊ ဘာလဲ၊ ခုဟာက အိမ်ငှားခ ရှင်းဖို့ လာတာလား၊ ဒီလိုဆို ခင်ဗျား ဒီလာနေရတာ အလကားဖြစ်တာပေါ့ဗျာ”

“ဒီလိုတော့လဲ မဟုတ်ပါဘူး၊ ခင်ဗျားက ရှင်းစေချင်ယင်လဲ ရှင်းတာပေါ့လေ' ဟု ဆိုကာ ကျွန်ုပ်သည် မှတ်စုစာအုပ်ကို ထုတ်လိုက်ပါ၏။

သူကမူ အေးစက်စက်အမူအရာဖြင့်..

“မဟုတ်ပါဘူး၊ ကျုပ်ကလဲ အလောသုံးဆယ် ရှင်းဖို့ပြောတာ မဟုတ်ပါဘူး၊ ဖြည်းဖြည်း နောက်များမှ ရှင်းလဲ ရပါတယ်ဗျ၊ ကဲ၊ ကျုပ်တို့နဲ့ အတူ ညစာ သုံးဆောင်သွားပါဦးလေ၊ ကက်သရင်းရေ၊ စားစရာလေး ဘာလေး ချကွာ၊ ဟဲ့၊ ဘယ်ရောက်နေသလဲ" ဟု ပြောပါသည်။

ကက်သရင်းသည် ဇွန်းခက်ရင်းများကို ယူ၍ ပြန်ဝင်လာပါသည်။

“နင်တော့ ဂျိုးဆက်နဲ့အတူမှပဲ စားတော့၊ သူမပြန်ခင် အထိတော့ နင် မီးဖိုထဲမှာပဲ နေဦးဂ

ကက်သရင်းသည် ဟိကလစ် ညွှန်ကြားသည့်အတိုင်း လိုက်နာ ဆောင်ရွက်ပါလေတော့သည်။ ယခုကား သူသည် ဟိကလစ် အမိန့်များကို ငြင်းဆန်လိုစိတ် ရှိဟန် မတူပါ။ လူဟူသမျှကို မုန်းစရာအဖြစ် မြင်သော လူတွေကြားမှာ နေနေရ၍လည်း လူနှင့်သူနှင့် ဆက်ဆံရခြင်းကို နားမလည်နိုင်ပဲ ဖြစ်နေရရှာဟန် တူပါသည်။

ကျွန်ုပ်လည်း မျက်နှာ သုန်မှုန်နေသော ဟိကလစ်နှင့် စကား လုံးဝ မဆိုသော ဟယ်ယာတန်တို့ ကြားတွင် ညစာ သုံးဆောင်နေရသဖြင့် စိတ်ပါလက်ပါကား မရှိလှပါ။ ထို့ကြောင့် စားသောက်ပြီးသည်နှင့် နှုတ်ဆက်စကား ဆိုလိုက်ပါလေ၏။ ကျွန်ုပ်က အပြန်တွင် ကက်သရင်းကို တွေ့ချင်သေးသဖြင့် နောက်ဖေးပေါက်မှ ထွက်မည် စိတ်ကူးသော်လည်း ဟိကလစ်က ဟယ်ယာတန်အား ကျွန်ုပ် မြင်းကို အိမ်ရှေ့သို့ ယူလာရန် အမိန့်ပေးသဖြင့် ကျွန်ုပ်သည် ဟိုကလစ်နှင့် အတူ အိမ်ရှေ့တံခါးသို့ ထွက်ခဲ့ရလေသည်။ ကက်သရင်းကို တွေ့လိုသော ဆန္ဒကား မပြည့်ပါလေ။

ကျွန်ုပ်လည်း မြင်းစီးပြီး ပြန်လာယင်း...

“အင်း၊ ဒီအိမ်ကလူတွေရဲ့ ဘဝကလဲ စိတ်ပျက်စရာကြီးပါလား၊ ကက်သရင်းကလေးနဲ့ ငါသာ အကြောင်းပါပြီး ကက်သရင်းကလေးကို မြို့ပေါ် ခေါ်ထားလိုက်ရယင် ခဗျာကလေးအဖို့ ပုံပြင်ထဲက အဖြစ်ထက်တောင် ပိုပြီး သာယာကြည်နူးရရှာပေမှာပဲ” ဟု တွေးလာခဲ့ပါ လေသတည်း။

Comments