အခန်း [ ၂၈ ]
ပဉ္စမမြောက်နေ့တွင် ခါတိုင်းကြားနေကျ အသံနှင့် မတူသော ခြေသံတသံ ရွေ့လျားလာသည်ကို ကြားလိုက်ရပါသည်။ ခြေသံမှာ ခပ်သွက်သွက် ခြေသံ ဖြစ်ပါသည်။ ယခုတကြိမ် အခန်းတွင်းသို့ ဝင်လာသူကား ဇီလာတည်း။ သူသည် ကြက်သွေးရောင် ရှောစောင်ကိုခြုံလျက် ဦးခေါင်းထက်တွင် အနက်ရောင် ပိုးထည် ဦးထုပ်ကို ဆောင်းပြီး လက်၌ မိုးမခသား ခြင်းထောင်းကို ဆွဲချိတ်လာပါသည်။
“ဟော၊ မစ္စက်ဒင်းပါလား၊ ရှင်တို့အကြောင်းကို ဂျင်မာတန် တရွာလုံးက ပြောနေကြတာရှင့်၊ သခင်နဲ့ မတွေ့ခင်အထိ ရှင်နဲ့ ရှင့် သခင်မ ကလေးတော့ ရွှံထဲနွံထဲ နစ်ပြီး သေကုန်ကြပြီ ထင်တာ၊ သခင်က ပြောတော့မှ ရှင်တို့ နှစ်ယောက်စလုံးကို သူ တွေ့လို့ အိမ်ခေါ်ထားရတယ်လို့ သိရတာ၊ ရှင်တို့ ကံကောင်းတာပေါ့၊ ရွှံ့ထဲမှာ ဘယ်လောက် ကြာကြာ နေလိုက်ရသေးသလဲ၊ ရှင်တို့ကို သခင်က ကယ်လိုက်တာပေါ့နော်၊ ရှင် ပိန်တော့ မသွားပါဘူး၊ တော်သေးတာပေါ့ရှင်"
“ရှင်တို့ သခင်ကတော့ တကယ်ကို ယုတ်ကန်းတာပဲ၊ သူ့အပြစ် သူခံရမှာပေါ့လေ၊ တကယ်တော့ သူ ဘာမှ လုပ်ကြံပြောစရာ မလိုပါဘူး၊ ခုဟာလဲ လုပ်ကြံပြောတာပဲ”
“ရှင် ဘာဆိုလိုချင်တာလဲ မစ္စက်ဒင်းရဲ့၊ ဒါဟာ သခင် လုပ်ကြံပြောတာ မဟုတ်ပါဘူး၊ ရွာထဲက လူတွေကိုက ရှင်တို့နှစ်ယောက် ရွှံ့ထဲမှာ နစ်ပြီး ပျောက်နေတယ်လို့ ပြောနေကြတာရှင့်၊ ကျွန်မ အိမ်ပြန်ရောက်တော့ ဟယ်ယာတန်နဲ့ တွေ့လို့တောင် ကျွန်မက ကျွန်မ ကြားလာတဲ့ ရှင်တို့အကြောင်း ပြောမိသေးတယ်၊ သူကတော့ ဘာမှ မကြားသလိုပဲ၊ ကျွန်မ ပြောပြတော့တောင် သခင်က နားထောင်နေပြီး “ခင်ဗျား ပြောသလို သူတို့ စိမ့်မြေထဲ နစ်နေတယ်ဆိုဦး၊ ခုတော့ ကျုပ် ကယ်လိုက်ပါပြီ၊ ခုဆို နယ်လီ ခင်ဗျားအခန်းထဲ ရောက်နေပြီ၊ ဒီတော့ ခင်ဗျား အပေါ်ထပ် သွားယင် ရော့၊ သော့ယူသွားပြီး သူအိမ်ပြန်ချင်ပြန်ဖို့ ပြောလိုက်ပါ၊ သူ့ ခေါင်းထဲကို စိမ့်ရေတွေ ဝင်နေတော့ ရုတ်တရက် သူ အိမ်မပြန်ရဘူးလေ၊ သူ ရောဂါသက်သာအောင် ကျုပ်ပဲ ဂရုစိုက်လိုက်ရတယ်၊ ဒီတော့ ခုလောက်ဆို သူ သက်သာရောပေါ့၊ သူ အိမ်ကို ပြန်ချင်ပြန်ပါစေဗျာ၊ သူ့သခင်မကလေးနဲ့ ပတ်သက်လို့လဲ သူ့အဖေ အသုဘအမီ ရောက်လာလိမ့်မယ်လို့ ပြောလိုက်ပါ” လို့ ပြောသေးတယ်'
“ရှင်၊ မစ္စတာအက်ဂါ ဆုံးရှာပလား ရှင့်၊ အို ဇီလာရယ်' ကျွန်မမှာ အံ့အားသင့်လှပါလေတော့သည်။
“မဟုတ်ဘူးရှင့် မဟုတ်ဘူး၊ ကဲ ထိုင်စမ်းပါဦး ရှင်၊ ရှင့်ကြည့်ရတာ ခုထိ ကောင်းကောင်း ကျန်းမာပုံ မရသေးဘူး၊ ရှင်တို့သခင် မသေသေးပါဘူး၊ ဆရာဝန် ကင်းနက်က တရက်လောက်တော့ ခံဦးမယ် ပြောတာပဲ၊ ကျွန်မ လမ်းမှာ တွေ့လို့ မေးကြည့်တာနဲ့ သိရတာ”
ကျွန်မသည် ထိုင်မနေတော့ပဲ အပြင်သို့ ထွက်လာပြီး အောက်ထပ်သို့ ဆင်းလာခဲ့ပါသည်။ အိမ်မကြီးအတွင်းသို့ ဝင်လာပြီး ကက်သရင်း အကြောင်း စုံစမ်းရန် တယောက်ယောက်ကို ရှာကြည့်ပါသည်။ ခန်းမကြီးသည် နေရောင်ဖြင့် လင်းလက်နေပါ၏။ အဝင် တံခါးမကြီးသည်လည်း ပွင့်နေပါသည်။ သို့သော် ရုတ်တရက် မည်သူ့ကိုမျှ မတွေ့ရပါ။ ကျွန်မသည် ဘယ်သွားရမှန်းမသိပဲ တုံ့ဆိုင်းနေပြီးမှ ကက်သရင်းကို တွေ့လိုတွေ့ငြား ရှာမည်ဟု ပြန်အလှည့်တွင် မီးဖိုဘက်မှ ချောင်းဆိုးသံ တသံကို သတိပြုလိုက်မိပါသည်။ ထိုင်ခုံအရှည်ပေါ်တွင် လင်တန်သည် ကျွန်မကို အမှုမထားဟန်ဖြင့် သကြားလုံးကို စုပ်နေပါလေ၏။
“မစ္စကက်သရင်းကောကွဲ့” ကျွန်မက သူ့ကို ခြောက်လှန့်လိုက်သလို ခပ်ပြတ်ပြတ် မေးလိုက်ပါသည်။ သူကား ဘာမျှ မသိသလို သကြားလုံးကိုသာ စုပ်နေပါလေ၏။
“သူ သွားပလားဟဲ့”
'မသွားဘူး၊ အပေါ်ထပ်မှာ၊ သူ သွားလဲ မသွားရဘူး၊ ကျွန်တော်တို့ကလဲ မလွတ်ဘူး'
“ဘာ၊ မင်းတို့က မလွှတ်ဘူး၊ ဟုတ်လား ကောင်စုတ်ကလေးရဲ့၊ ခု သူ ဘယ်မလဲ၊ ငါ့ကို ချက်ချင်း ပြောစမ်း၊ မပြယင် နင့်ကို ငါအဆော်ပဲ
'ခင်ဗျား သူ့ဆီကို သွားယင် ဖေဖေက ခင်ဗျားကို အလျင် ဆော်မှာပေါ့၊ ဖေဖေက ကျွန်တော့်ကို ကက်သရင်းကို မညာရဘူးလို့ ပြောထားထာဗျ၊ ခု သူ ကျွန်တော့်မယား ဖြစ်နေပြီလေ၊ သူ ကျွန်တော်ကို ထားခဲ့ပြီး ထွက်သွားယင် သူပဲ အရှက်ကွဲမှာပေါ့၊ ဖေဖေက ပြောတယ်ဗျ၊ ကက်သရင်းဟာ ကျွန်တော့်ပစ္စည်းတွေကို လိုချင်လို့ ကျွန်တော့်ကို သေစေချင်နေတာတဲ့၊ ကျွန်တော်ကိုလဲ ကက်သရင်းက မုန်းလဲ မုန်းနေတာတဲ့၊ ဒါပေမယ့် ကျွန်တော့် ပစ္စည်းတွေကို သူ မရပါဘူး၊ သူ အိမ် မပြန်ရပါဘူး၊ သူ့ဘာသာ သူ ငိုချင်သလောက် ငိုပေါ့ဗျာ'
လင်တန်သည် ထိုစကားကို ပြောပြီးနောက် သူ အိပ်ချင်သည့်အလား မျက်ခွံကို ပိတ်လိုက်ပါသည်။
“ဒီမယ် ကိုယ်တော်ချောတဲ့၊ ပြီးခဲ့တဲ့ ဆောင်းတွင်းတုန်းက မင်း သူ့ကို ချစ်တယ် ပြောပြီးတဲ့နောက် သူ့ခမျာ နှင်းကြားလေကြား ဖြတ်ပြီး မင်းအတွက် စာအုပ်တွေ လာပို့၊ မင်းဆီလာပြီး သီချင်းတွေ ဆိုပြနဲ့ မင်းအပေါ် ထားခဲ့တဲ့ သူ့အကြင်နာတရားတွေကို မင်း မေ့လိုက်ပြီပေါ့လေ၊ တညနေကများဆို သူ့ခမျာ မင်းဆီကို မလာဖြစ်လို့ မင်း မျှော်နေမှာပဲ ဆိုပြီး သူ့ခမျာ ငိုလိုက်တာကွယ်၊ မင်းအပေါ် သူ စေတနာ ထားခဲ့တာတွေ မင်းသိဖို့ကောင်းပါတယ်၊ ခုတော့ မင်းအဖေ လိမ်ပြောသမျှကို မင်းက ယုံနေတာပေါ့လေ၊ တကယ်တော့ မင်းအဖေက မင်းတို့ နှစ်ယောက်စလုံးကို မုန်းနေတယ်ဆိုတာ မင်းလဲ အသိပါ၊ ဒါနဲ့များတောင် မင်းကပါ မင့်အဖေနဲ့ပေါင်းပြီး ကက်သရင်းကို ဆန့်ကျင်နေရတယ်လို့ များကွယ်၊ ကျေးဇူးရှင်ကို ကျေးစွပ်တာ ပေါ့လေ'
လင်တန်သည် ပါးစပ်မဲ့သွားပြီး စုပ်နေသော သကြားလုံးကို ထုတ်လိုက်ပြန်ပါသည်။ ကျွန်မက ဆက်ပြောပြန်ပါသည်။
“ကက်သရင်းခမျာ မင်းတို့အိမ်ကို လာခဲ့တာဟာ မင်းကို မုန်းလို့လား၊ စဉ်းစားပါဦးကွယ်၊ မင်းပိုက်ဆံကိစ္စနဲ့ပတ်သက်လို့ သူ့ခမျာ ဘာမျှ သိတာ မဟုတ်ဘူး၊ မင်းက သူ နေမကောင်းဘူး ပြောတယ်၊ ကောင်းပြီ ဒါနဲ့များတောင် သူ့ကို သူများအိမ်မှာ တယောက်တည်း ပစ်ထားရက်တယ်ကွယ်၊ မင်း စိမ်းကားရာ ကျလွန်းမနေဘူးလား လင်တန်၊ မင်း ခံစားနေရတုန်းက ခမျာဟာ မင်းအပေါ် သနားလွန်းလို့လေ၊ ဟော...ခု သူခံရဘော့ မင်း နေစိမ့်တယ်ကွယ်၊ ဒီမယ်လင်တန် ငါဟာ ကြီးလှပါပြီ၊ ပြီးတော့ အစေခံတယောက်ပါ၊ ဒါတောင် ငါ မျက်ရည်ကျမိတယ်။ မင်းကကျတော့ သူ့ကို ချစ်ချင်ယောင် ဆောင်ခဲ့တယ်၊ သူနဲ့ပတ်သက်ပြီး မင်း ညာနေတာပဲ၊ တကယ်တော့ မင်းဟာ အသည်းမရှိတဲ့ အကောင်ကလေးပဲ၊ တကိုယ်ကောင်းဆန်တဲ့ ကောင်လေးပဲ”
“ကျွန်တော် သူ့နားမှာ မနေနိုင်ဘူးဗျ၊ သူက သိပ်ငိုတာပဲ၊ ကျွန်တော် သည်းမခံနိုင်ဘူး၊ ကျွန်တော်က အဖေ့ကိုအော်ပြောမယ် ဆိုတာတောင် သူက အငိုမရပ်ဘူး၊ ကျွန်တော်က အဖေ့ကို ခေါ်လိုက်တော့ အဖေ ရောက်လာပြီး အငိုမတိတ်ယင် လည်ပင်း ညှစ်သတ်ပယ် ဆိုတော့မှ အငိုတိတ်တယ်၊ ဒါပေမယ့် အဖေလဲ ပြန်ထွက်သွားရော ငိုပြန်တာပဲ၊ ကျွန်တော်ဖြင့် စိတ်ရှုပ်လှုန်းလို့ အိပ်လို့တောင် မရဘူး ́
ကျွန်မသည် ဤသူငယ်ကလေးသည် သူ့ အစ်မဝမ်းကွဲ စိတ်ဒုက္ခခံစားနေရသည်ကို ကယ်တင်နိုင်စွမ်း မရှိမှန်း သိသဖြင့် …
“ဒါထက် မစ္စတာဟိကလစ်ကောကွဲ့” ဟု မေးလိုက်ပါသည်။
“အဖေ ခြံထဲမှာ ဆရာဝန် ကင်းနက်နဲ့ စကား ပြောနေတယ်ဗျ။ ဆရာဝန်ကတော့ ဦးကြီးဟာ အမှန်ပဲ သေတော့မယ်လို့ ပြောတယ်ဗျ၊ ဦးကြီးသေယင် ဦးကြီးတို့အိမ်မှာ ကျွန်တော်ပဲ လူကြီးဖြစ်လာမှာ ဆိုတော့ ကျန်တော် ဝမ်းသာသဗျာ၊ ကက်သရင်းကတော့ အဲဒီအိမ်ဟာ သူ့အိမ်လို့ပဲ ပြောပြောနေသဗျ၊ သူ့အိမ် မဟုတ်ပါဘူးနော်၊ ကျွန်တော့်အိမ်ပါ၊ ဖေဖေကတော့ ကက်သရင်း ပိုင်သမျှ ပစ္စည်းအားလုံးဟာ ကျွန်တော့်ပစ္စည်းတွေချည်းပဲလို့ ပြောတယ်ဗျ၊ သူ့ စာအုပ်တွေ အားလုံးလဲ ကျွန်တော် ပိုင်တာချည်းပဲဗျ၊ ဒါတောင် သူက သူ့ကို အခန်းထဲက ထွက်သွားရအောင် သော့ယူပေးယင် သူ့ငှက်ကလေးတွေရော၊ မြင်းမကလေးကိုပါ ကျွန်တော့်ကို ပေးမယ်လို့ ပြောသေးတယ်၊ ဒီတော့ ကျွန်တော်က သူ့မှာ သူပိုင်ဆိုလို့ ဘာမှ မရှိကြောင်း၊ အားလုံးကို ကျွန်တော်သာ ပိုင်ကြောင်း ပြောပစ်လိုက်တာပေါ့၊ ဒီတော့ သူက သူလည်ပင်းမှာ ဆွဲထားတဲ့ ဆွဲကြိုးက လော့ကက်သီးကလေးကို ယူပြီး ကျွန်တော်ကို သူ အဲဒါကလေး ပေးပါ့မယ်လို့ ပြောပြန်တယ် အဲဒီ ရွှေလော့ကက်သီးထဲမှာ သူ့အမေနဲ့ သူ့အဖေငယ်ငယ်က ဓာတ်ပုံ ကလေးနှစ်ပုံ ပါတယ်လေ၊ အဲဒီ အဖြစ်အပျက်ဟာ မနေ့က ဖြစ်တာပဲ၊ သူက အဲဒီလိုပြောတော့ ကျွန်တော်က ဒါလဲ ကျွန်တော်ပိုင်တာပဲဆိုပြီး သူ့ဆီက လုယူတာပေါ့၊ အဲဒီတော့ သူ ကျွန်တော့်ကို တွန်းပစ်လိုက်တယ်ဗျာ၊ နာလိုက်တာ မပြောပါနဲ့၊ ဒါနဲ့ ကျွန်တော်လဲ နာလွန်းလို့ အော်လိုက်တာနဲ့ ဖေဖေ ရောက်လာတယ်ဗျ၊ အဲဒီတော့ သူက လော့ကက်သီးကို ခွဲပစ်လိုက်ပြီး သူ့ အမေပုံကို ကျွန်တော်ကို ပေးတယ်၊ အဖေပုံကိုတော့ ဝှက်ထားလိုက်တယ်၊ ဖေဖေက အကျိုးအကြောင်း မေးတော့ ကျွန်တော်လဲ ပြောပစ်လိုက်တာပေါ့၊ အဲဒီမှာတွင် ဖေဖေက ကျွန်တော့်လက်ထဲက ပုံကို ဆွဲယူလိုက်တယ်။ သူ့ဆီက ပုံကိုလဲ တောင်းတာပေါ့၊ ဒီတော့ သူက မပေးဘူးလေ၊ ဒါနဲ့ ဖေဖေလဲ ဒေါသထွက်ပြီး သူ့ကိုရိုက်၊ သူ့ဆွဲကြိုးကို ဆွဲလုပြီး ကြမ်းပြင်ပေါ် ပစ်ချပြီး ခြေထောက်နဲ့ နင်းပစ်လိုက်တယ်'
“သူ အရိုက်ခံရတော့ မင်းက သဘောကျတာပေါ့လေ" ကျွန်မက အကဲစမ်းသောအားဖြင့် မေးလိုက်ပါသည်။
'ကျွန်တော် မမြင်ချင်ယောင် ဆောင်နေလိုက်တာပေါ့၊ ဖေဖေက ခွေးတွေ မြင်းတွေကို ရိုက်ယင်လဲ သိပ်ရက်စက်တာဗျ၊ အဲဒီအခါမှာလဲ ကျွန်တော် မမြင်ချင်ယောင် ဆောင်နေလိုက်တာပဲ၊ ပထမတော့ သူခံရတာ သူ ကျွန်တော့်ကို လုပ်လို့ ခံရတာပဲလို့ သဘောထားပြီး ဝမ်းတောင်သာသေးတယ်၊ ဒါပေမယ့် ဖေဖေထွက်သွားတော့ သူက ကျွန်တော့်ကို ပြတင်းပေါက်နား ခေါ်ပြီး သူဒဏ်ရာ ရသွားတာကို ပြတယ်၊ ပါးစပ်ထဲမှာ သွားနဲ့ ပါးစောင် ကိုက်မိပြီး သွေးတွေ ထွက်နေတယ်ဗျာ၊ သူက ဒဏ်ရာကို ပြပြီး ဓာတ်ပုံကလေးတွေကို လိုက်ကောက်ပြန်တယ်၊ ပြီးတော့ နံရံမှာ မျက်နှာကပ်ပြီး ထိုင်နေတယ်၊ အဲဒီကတည်းက သူ ကျွန်တော့်ကို စကားမပြောတော့ဘူး၊ သူ့အနာက နာလို့ မပြောတာပဲ ထင်သေးတယ်၊ ဒါပေမယ်. သူက အဆက်မပြတ် ငိုနေတော့ ကျွန်တော် စိတ်ရှုပ်လာတယ်”
“ဒါ့ဖြင့် မင်း သော့တော့ ယူပေးနိုင်မှာပေါ့'
“သော့က အပေါ်ထပ်မှာဗျ။ ကျွန်တော် အပေါ်ထပ်ကို မတက်နိုင်ဘူး'
‘ဒါဖြင့် ဘယ်အခန်းမှာလဲ”
“ဘယ်ပြောလို့ ဖြစ်မလဲဗျ၊ ဒါက လျှို့ဝှက်ချက်ပဲ၊ ဟယ်ယာတန်တို့၊ ဇီလာတို့တောင် အသိပေးတာ မဟုတ်ဘူး၊ သွားဗျာ၊ ကျွန်တော် စိတ်ရှုပ်လာပြီ” ဟု ဆိုကာ မျက်နှာကိုလွှဲ၍ မျက်လုံးကို စုံပိတ်ထားပြန် ပါလေသည်။
ကျွန်မလည်း မစ္စတာဟိကလပ် မတွေ့မီ ထွက်သွားပြီး အိမ်ကအစေခံတွေကို လွှတ်၍ ကက်သရင်းကို အကယ်ဆယ် ခိုင်းမည်ဟု စိတ်ကူးပြီး သူတို့အိမ်မှ ထွက်လာခဲ့ပါသည်။ အိမ်သို့ရောက်လျှင် အိမ်က လုပ်ဖော် ကိုင်ဖက်များမှာ ကျွန်မကို တွေ့ရသဖြင့် ဝမ်းသာသွားကြပါသည်။ ကက်သရင်းကလေး ကျန်းကျန်းမာမာ ရှိကြောင်း သိကြရ၍လည်း ဝမ်းသာကြပါ၏။ နှစ်ယောက်သုံးယောက်ကမူ မစ္စတာအက်ဂါ အခန်းဝသို့ သွား၍ ကျွန်မ ပြန်ရောက်လာကြောင်း အော်ပြောကြပါသေး၏။ သို့သော် ဤကိစ္စမှာ ကျွန်မကိုယ်တိုင် သွားတွေ့ပြီး ပြောမှ သင့်မည်ဟု ယူဆကာ ကျွန်မသည် သခင့် အခန်းထဲသို့ ဝင်ခဲ့ပါလေ၏။ ဤရက်များအတွင်း သခင်၏ ရုပ်သွင်သည် အပြောင်းလဲကြီး ပြောင်းလဲသွားလေပြီတကား။ သူသည် ဝမ်းပန်းတနည်းဖြင့် သေမင်းကို စောင့်လင့်နေရဟန် ရှိလေသည်။ သခင်သည် နုပျိုလှပါ၏။ သူ့အသက်မှာ စင်စစ် သုံးဆယ် ကိုးနှစ် ရှိပြီ ဖြစ်သော်လည်း ဆယ်နှစ်လောက် ပိုငယ်သည်ဟု ထင်ရပါသည်။ သူသည် နှုတ်ဖျားမှ သူ့သမီးအမည်ကို တနေ ပါလေသည်။ ကျွန်မသည် သူ့လက်ကို ကိုင်ပြီး
“ကက်သရင်း လာတော့မှာပါ သခင်၊ သူ ကျန်းကျန်းမာမာ ပါပဲ ဒီညပဲ သူ ရောက်လာပါလိမ့်မယ်' ဟု တီးတိုး ပြောလိုက်ပါ၏။ ကျွန်မစကားကို ကြားလိုက်သဖြင့် သခင်အက်ဂါသည် လှဲနေရာမှ ထထိုင်ပြီး အခန်းတွင်း လှည့်ကြည့်လိုက်ပါ၏။ ထို့နောက် သူသည် စိတ်ပျက်လက်ပျက်ဖြင့် ပြန်လဲကျသွားပြီး မြောသွားပါလေတော့သည်။ ကျွန်မလည်း သခင့်အဖြစ်ကို ကြည့်ယင်း တုန်လှုပ်သွားပါလေသည်။ သခင်ပြန်ပြီး သတိလည်လာသည်နှင့် ကျွန်မတို့သည် လင်တန်နှင့်တွေ့ရန် သွားခဲ့ပုံနှင့် လေထန်ကုန်းအိမ်ကြီး၌ ပိတ်လှောင်ခံရပုံကို ပြောပြလိုက်ပါ၏။ ထိုသို့ပြောရာတွင် ကျွန်မတို့သည် လေထန်ကုန်း အိမ်ထဲသို့ အလိုတူ အလိုပါ မဟုတ်ပဲ ဟိကလစ်က အဓမ္မ ခေါ်ယူခြင်းဖြစ်ကြောင်း မုသားသုံး၍ ပြောလိုက်ပါ၏။ လင်တန့်အကြောင်းကိုမူ ကျွန်မက အတတ်နိုင်ဆုံး လင်တန်ကို ပြောပြလိုက်ပါ၏။ သို့သော် ဟိကလစ်၏ အကြမ်းဖက်မှုကိုကား သခင်အက်ဂါသည် စိတ်ထိခိုက်ရှာမည် စိုးသဖြင့် ချန်ထားလိုက်ပါသည်။
သခင်အက်ဂါသည် ကျွန်မ ပြောပြသမျှကို ကြားရပြီးနောက် မိမိပိုင် ခြံမြေအိုးအိမ်နှင့်တကွ ပစ္စည်းအလုံးစုံကို ဟိုကလစ်က သူသားလက်ဝယ် ရောက်ရှိအောင် သို့မဟုတ် သူပိုင်ဖြစ်အောင် ကြံစည်ခြင်း ဖြစ်သည်ဟု အကဲခတ်မိပါလေ၏။ သို့သော် မိမိ မသေသေးပဲ မိမိပိုင် ပစ္စည်းများ လက်ဝါးကြီးအုပ်ရေး ကြံစည်မှုကို သခင်အက်ဂါသည် ရုတ်တရက် နားမလည်နိုင်ရှာပါပေ။ စင်စစ်တွင် မစ္စတာတက်ဂါသည် သူ သေရအံ့လုသော အခြေအနေနှင့် သူ့ တူသည်လည်း သူနှင့် မရှေးမနှောင်း သေရမည့် အခြေအနေကို မသိရှာပါပေ။ မည်သို့ဖြစ်စေ၊ သူ၏ သေတမ်းစာကို ပြင်ရေးရန် သူ သဘောရလာပါသည်။ သူပိုင် ပစ္စည်းများကို သူ့သမီးလက်တွင် ထားခဲ့ရမည့်အစား ဘဏ္ဍာထိန်းတယောက် ထားပြီး ဘဏ္ဍာထိန်း၏ အစောင့် အရှောက်ဖြင့် သူ့ သမီး ဘဝတလျှောက် ပိုင်ဆိုင်သုံးစွဲခွင့် ရနိုင်မည်ဟုလည်း သဘောရလာပါသည်။ သို့မှလည်း လင်တန်ကလေး သေသွားစေဦး၊ သူပိုင်ပစ္စည်းများ ဟိကလစ် လက်သို့ မကျရောက်နိုင်ဟု သူ သဘောရလာပါသည်။
သို့ဖြင့် ကျွန်မသည် သခင်၏ အမိန့်ကို နာခံလျက် ရှေ့နေကို သွားခေါ်ရန် တယောက်ကို စေခိုင်းလိုက်ပြီး အခြားအစေခံ လေးယောက်ကို လက်နက်များ ကိုင်စွဲစေလျက် ကက်သရင်းကို သွားရောက် ခေါ်ယူစေပါ၏။ သို့သော် သူတို့အားလုံးပင် အတော်နှင့် မပြန်လာကြပါ။ ရှေ့နေအခေါ် လွှတ်လိုက်သော သူကား အလျင်ဆုံး ပြန်ရောက်လာပါ၏။ သူက သူ့ရှေ့နေ မစ္စတာ ဂရင်းအိမ်သို့ ရောက်သွားချိန်တွင် မစ္စတာဂရင်း မရှိသဖြင့် နှစ်နာရီကြာမျှ စောင့်နေရပုံနှင့် မစ္စတာဂရင်း ရောက်ရှိလာသော အချိန်မှာလည်း မစ္စတာဂရင်းက သူ့မှာ လောလောဆယ် ဆောင်ရွက်ဖွယ် အခြားကိစ္စ ရှိနေသဖြင့် မိုးမလင်းမီ အရောက်လာမည်ဖြစ်ကြောင်း မှာကြားလိုက်ပုံကို ပြောပြပါ၏။
ထို့နောက် မကြာမီပင် လေထန်ကုန်းသို့ လွှတ်လိုက်သော လူလေးယောက်လည်း ရောက်လာပါ၏။ သို့သော် ကက်သရင်းကား မပါလာပါချေ။ သူတို့က ကက်သရင်းမှာ အတော်ကြီး မကျန်းမာ နေသဖြင့် သူတို့အား ဟိကလစ်က ကက်သရင်းနှင့် တွေ့ခွင့်မပေးသဖြင့် ပြန်လာခဲ့ရကြောင်း ပြောပြပါ၏။ ကျွန်မလည်း သူတို့၏ အသုံးမကျမှုကို ဆူပူ ကြမ်းမောင်းပစ်လိုက်ပြီး သခင်ကိုကား သည်အကြောင်းကို မပြောပြပဲ မနက်လင်းလျှင် လေထန်ကုန်းကို လူအလုံးအရင်းနှင့် ဝိုင်းပြီး ကက်သရင်းကို ကယ်ဆယ်စေရမည်ဟု ဆုံးဖြတ်ချက် ချလိုက်ပါ၏။ မစ္စတာအက်ဂါ မသေမီ သမီးဖြစ်သူကို တွေ့သွားရစေမည်ဟု ကျွန်မ ဆုံးဖြတ်လိုက်ပါ၏။
သို့သော် ကျွန်မ၏ အကြံအစည်အတိုင်း မဆောင်ရွက်မီမှာပင် စိတ်ချမ်းသာစရာ အဖြစ်သည် ဖြစ်ပေါ်လာပါ၏။
မနက်သုံးနာရီလောက်တွင် ကျွန်မသည် ရေချိုင့်ယူရန် အောက်ထပ်သို့ ဆင်းလာခဲ့ပါသည်။ ကျွန်မသည် ရေချိုင့်ကိုယူပြီး ခန်းမကို ဖြတ်လာစဉ်မှာပင် အိမ်ရှေ့ တံခါးခေါက်သံကို ရုတ်ကနဲ ကြားလိုက်ရပါ၏။ ကျွန်မစိတ်က မစ္စတာဂရင်း ဖြစ်မည်ဟု ထင်လိုက်ပါသည်။ ထို့ကြောင့် ကျွန်မသည် တယောက်ယောက်ကို တံခါး ဖွင့်ခိုင်းမည် စိတ်ကူးဖြင့် ဆက်လာခဲ့ပါ၏။ သို့သော် တံခါးခေါက်သံကား အဆက်မပြတ် ပေါ်ထွက်နေပါသည်။ အသံမှာ မကျယ်လှသော်လည်း အလောတကြီး ဖြစ်နေပုံ ရပါသည်။ ကျွန်မသည် ရေချိုင့်ကို လှေကားလက်ရန်းတွင် တင်ခဲ့ပြီး တံခါးကို ကျွန်မကိုယ်တိုင်ပင် ဖွင့်ရန် တံခါးဆီသို့ လာခဲ့ပါသည်။ တံခါးကို ဖွင့်လိုက်ပါ၏။ ကောက်သိမ်း ရာသီ လမင်းသည် အပြင်ဘက်တွင် ထိန်ထိန်သာနေပါ၏။ တံခါးဝတွင် တွေ့လိုက်ရသူကား ရှေ့နေ မစ္စတာဂရင်း မဟုတ်။ ကက်သရင်းသည် ကျွန်မလည်ပင်းကို အပြေးကလေး ခုန်ဖက်လိုက်ယင်း ငိုရှိုက်လျက်..
“အယ်လင်...အယ်လင်ရယ်၊ ဖေဖေ ရှိသေးတယ်နော်' ဟု မေးလိုက်ပါသည်။
“ရှိပါသေးတယ်ကွယ်၊ မင်းကလေး ဘေးမသိ ရန်မခ ပြန်ရောက်လာတာကိုပဲ တို့များ ဘုရားသခင်ကို ကျေးဇူးတင်ရမယ်ကွယ် ကက်သရင်းသည် သူ့အဖေအခန်းသို့ အမောတကော ပြေးသွားချင်နေပါသည်။ ကျွန်မက သူ့ကိုခဏမျှ ထိုင်နေစေပြီး မျက်နှာသစ်ခိုင်းရပါသည်။ ထို့နောက် ဖြူဖပ်ဖြူရော်ဖြစ်နေသောသူ မျက်နှာကို ကျွန်မ၏ အင်္ကျီ အောက်ပိုင်းဖြင့် ပွတ်သပ် ပေးလိုက်ရပါ၏။ ပြီးလျှင်ကျွန်မက သူ့အဖေအား သူ ရောက်လာကြောင်း သွားပြောမည့်အကြောင်းနှင့် သူ့အဖေနှင့်တွေ့လျှင် လင်တန်ကလေးနှင့် ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ကြောင်း ပြောဖို့ စကားထည့်ထားလိုက်ပါသည်။ ထိုအခါ ကက်သရင်းသည် လှုပ်လှုပ်ရှားရှား ဖြပ်သွားပြီး မမှန်သော အကြောင်းကို မပြောလိုကြောင်းနှင့် သူ ဒုက္ခရောက်ခဲ့ရသည့် အဖြစ်ကိုလည်း ပြောမည် မဟုတ်ကြောင်း ဆိုပါ၏။
ကျွန်မလည်း သူတို့ သားအဖေနှစ်ယောက် တွေ့ရေးကို မတားတော့ပါ။ သူတို့သားအဖ တွေ့စဉ်တွင် ကျွန်မသည် အခန်း အပြင်ဘက်မှာ ဆယ့်ငါးမိနစ်ခန့် ထွက်နေလိုက်ပါ၏။ ထို့နောက်မှ ကျွန်မသည် အခန်းထဲသို့ ပြန်ဝင်လာပါသည်။ ထိုအချိန်၌ သခင် အက်ဂါသည်လည်း ပျော်ရွှင်လျက် ကက်သရင်းမှာလည်း စိတ်ညစ်ခဲ့ရသမျှ ပျောက်သွားပုံ ရပါသည်။ ကက်သရင်းက သူ့အဖေကို အညင်အသာ ပွေ့ထားပါသည်။ သခင် အက်ဂါသည် သမီးကို စောင့်ကြည့်ယင်း မျက်လုံးများသည် ပိုပြူးလာပါ၏။
ဤသို့ဖြင့် သခင်အက်ဂါသည် အေးအေးချမ်းချမ်း ကွယ်လွန်သွားရ ရှာပါသည် မစ္စတာလော့ဝု။ သူက သမီးပါးကလေးကို နမ်းပြီး …
“ဖေဖေဟာ သမီးမေမေ့ဆီ သွားမယ် သမီး၊ သမီးလဲ လိုက်ခဲ့နော်' ဟု ပြောလိုက်ပါသည်။
ထို့နောက် ဘာမျှ မပြောတော့ပါ။ သို့သော် သမီးကို စိုက်ကြည့်နေယင်းပင် အသက်ထွက် သွားရှာပါလေသည်။ မည်သူမျှ သတိမပြုလိုက်မိပါ။ ဤသို့ဖြင့် သခင်အက်ဂါသည် မပင်ပန်းပဲ ကွယ်လှုန်သွားရှာပါလေတော့သည်။
ကက်သရင်းကား အားရပါးရ ငိုချလိုက်ပါလေတော့သည်။ မနက်လင်းသည်အထိ သူ့ အဖေ အပါးမှာပင် ထိုင်လျက် မျက်ရည်များ ခန်းခြောက်သွားသည်အထိ ငိုပါလေ၏။ မိုးသောက်လာသည့်တိုင်အောင် ကက်သရင်းမှာ တအုံနွေးနွေး ပူဆွေးလျက် မွန်းတည့်သည်အထိ သူ့ အဖေအပါးမှာပင် ထိုင်နေပါလေသည်။ ကျွန်မက သူ့ကို အနားယူဖို့ ပြောပါသေးသည်။ ညစာစားချိန်လောက်တွင် ရှေ့နေ မစ္စတာဂရင်း ရောက်လာမှပင် ခမျာမှာ အနားယူပါလေ၏။ ရှေ့နေက သူသည် လေထန်ကုန်း အိမ်သို့ သွားပြီး သူ ဆောင်ရွက်ရမည့် ကိစ္စများနှင့် ပတ်သက်၍ ညွှန်ကြားချက်ကို ခံယူနေရကြောင်း၊ ထိုကြောင့် ယခုကဲ့သို့ နောက်ကျမှ ရောက်လာရခြင်း ဖြစ်ကြောင်း ရှင်းပြပါလေသည်။ သွားလေသူ သခင်အက်ဂါမှာ သူ့အမွေများနှင့် ပတ်သက်၍ စိတ် အနှောင့်အယှက် ဖြစ်ဖွယ်တို့ကို မကြုံရသည်မှာ ကံကောင်းလှပေသည်ဟု ဆိုရပါမည်။
မစ္စတာဂရင်းသည် ပစ္စည်းပစ္စယများနှင့် ပတ်သက်၍လည်းကောင်း၊ လူပုဂ္ဂိုလ်များနှင့် ပတ်သက်၍ လည်းကောင်း၊ သူ ဆောင်ရွက်ဖွယ် ရှိသည်များကို ဆောင်ရွက်ပါလေတော့သည်။ သူသည် ကျွန်မမှအပ ဤအိမ်ကြီးတွင် ရှိသမျှ အလုပ်သမားများကို အလုပ်မှ ထုတ်ရန် ကြိုတင် အကြောင်းကြားပါ၏။ ထို့ပြင် သူကပင် တာဝန်ရှိသူ၏ ကိုယ်စားလှယ် အဖြစ် မစ္စတာ အက်ဂါလင်တန်၏ ရုပ်အလောင်းကို ဇနီးဖြစ်သူ၏ သင်္ချိုင်းဂူဘေးတွင် မမြှုပ်နှံပဲ ဘုရားရှိခိုး ကျောင်းတွင်းရှိ မိသားစု သင်္ချိုင်း၌သာ မြှုပ်နှံရန် ညွှန်ကြားပါလေသည်။ ဤသည်မှာ လင်တန်မျိုးရိုး၏ သေတမ်းစာအရ နောက်ဆုံးပိုင်ဆိုင်ခွင့်ရှိသူ၏ အလိုအတိုင်း လိုက်နာရမည် ဖြစ်သော်လည်း ကျွန်မက အကျောက်အကန် ပြောပါသေး၏။
ကျွန်မတို့သည် ဈာပနကိစ္စကို လျင်မြန်စွာ ဆောင်ရွက်ကြရပါလေတော့သည်။ ယခုအခါ မစ္စက်လင်တန် ဟိကလစ် ဘဝ ရောက်နေရှာပြီ ဖြစ်သော ကက်သရင်းကား သူ့အဖေ၏ အသုဘကိစ္စအဝဝ ပြီးဆုံးသည် အထိ အိမ်ကြီးမှာပင် ရှိနေပါလေသည်။
ကက်သရင်းသည် သူ၏ လွှတ်မြောက်ရေးအတွက် လင်တန်ကလေးအား အခါမလပ် နားပူနားဆာ လုပ်ခဲ့ပုံကို ကျွန်မအား ပြောပြပါ၏။ ကက်သရင်းသည် ကျွန်မလွှတ်လိုက်သော လူများနှင့် ဟိကလစ်တို့ တွေ့ဆုံပြီး ပြောကြ ဆိုကြပုံများကို ကြားရပါသည်။ ထိုအခါမှစ၍ သူသည် သူ့စိတ်ကို သူ ဆောက်တည်ရာမရ ဖြစ်လာပါလေသည်။ ထိုအတွင်း လင်တန်ကလေးသည် သော့ကို ရှာဖွေပါလေတော့သည်။ ထိုညက လင်တန်ကလေးသည် ကက်သရင်း၏ အခန်းသော့ကို ဖွင့်သော်လည်း ပြန်မပိတ်မိခဲ့ပါ။ သူကိုယ်တိုင်ကမူ ဟယ်ယာတန်၏ အခန်းတွင် သွားအိပ်ပါလေသည်။ ထိုစဉ်မှာပင် ကက်သရင်းသည် မိုးမသောက်မီ အိမ်ထဲမှ တိတ်တိတ်ကလေးထွက်လာခဲ့ပါ၏။ ကက်သရင်းသည် သူ့အခန်းမှ တိတ်တိတ်ကလေး ထွက်လာပြီး ထင်းရှူးပင်တပင်နှင့် နီးသော ပြတင်းပေါက်မှ ထွက်၍ ထင်းရှူးပင်မှတဆင့် အောက်သို့ ဆင်း၍ ထွက်ပြေးလာခဲ့ခြင်း ဖြစ်လေသည်။
.jpg)

Comments
Post a Comment