အခန်း [ ၃၂ ]
၁၈၀၂ ခုနှစ်။
သည်နှစ် စက်တင်ဘာလတွင် မြောက်ပိုင်းရှိ ကျွန်ုပ် မိတ်ဆွေတဦးက ဖိတ်ကြားထားသဖြင့် ကျွန်ုပ်သည် သူ့အိမ်သို့လာခဲ့ရာ ဂျင်မာတန်ရွာနှင့် ဆယ့်ငါးမိုင်ခရီးကို ရောက်လာခဲ့ပါ၏။ လမ်းဘေး တည်းခိုဆောင်တခုမှ မြင်းထိန်းတယောက် ရေပုံးတပုံးကို ဆွဲလျက် ကျွန်ုပ်မြင်းကို ဆေးကြောသန့်ရှင်းပေးရန် ရောက်လာစဉ်တွင် ရိတ်သိမ်ပြီးစ ကောက်လှိုင်းများကို တင်ထားသည့် လှည်းတစင်း ဖြတ်သွားသဖြင့် မြင်းထိန်းက …
“အဲဒါ ဂျင်မာတန်ကပေါ့ သူများတွေ ရိတ်ပြီးတာဖြင့် သုံးပတ်တောင် ရှိပြီ။ သူတို့က ခုမှ ရိတ်လာတာ” ဟု ပြောလိုက်ပါသည်။ “ဂျင်မာတန်” ထိုအမည်ကို ကျွန်ုပ် ရွတ်ဆိုလိုက်ပါသည်။ ကျွန်ုပ် နေထိုင်ခဲ့သော အိမ်ကြီးသည် အာရုံတွင် ထင်လာပြီး “ဂျင်မာတန်ကို ကျွန်တော် သိတာပေါ့၊ ဒီကနေ ဘယ်လောက် ဝေးသေးသလဲဗျ” ဟု မေးလိုက်မိပါသည်။
“ဒီကနေဆို ဟောဟိုတောင်ကုန်းတွေ ဟိုဘက် ဆယ့်လေးမိုင်လောက် ဝေးမပေါ့၊ လမ်းကတော့ ကြမ်းတယ်ခင်ဗျ” ဟု ဆိုပါ၏။ ကျွန်ုပ်သည် ကျွန်ုပ်နေခဲ့သော သရုတ်ကရော့အိမ်ကြီးသို့ သွားလည်လိုစိတ် ရုတ်တရက် ပေါ်လာပါ၏။ ယခုမှ မွန်းတည့်ချိန်သာ ရှိပါသေးသည်။ ကျွန်ုပ်သည် သရုတ်ကရော့အိမ်ကြီးတွင် သည်တည နားချင်ပါသည်။ ထို့ပြင်လည်း အိမ်ပိုင်ရှင် ဟိကလစ်နှင့် တွေ့ပြီး စာရင်း ရှင်းစရာများကို ရှင်းလိုက်ချင်ပါသည်။ သို့မှလည်း နောက်တခေါက် လာစရာ မလိုမည် ဖြစ်သည်။ ကျွန်ုပ်လည်း ဂျင်မာတန်ဘက်သို့ သွားရန် လမ်းကို ပြခိုင်းပြီး ထိုနေရာမှ ထွက်ခဲ့ပါလေသည်။
ဘုရားရှိခိုးကျောင်းကလေးကို မြင်ရပါလေပြီ။ ဘုရားရှိခိုးကျောင်း၏ အရောင်သည် ပိုပြီး မွဲလာဟန် ရှိပါသည်။ ဘုရားရှိခိုးကျောင်း ဘေးရှိ သင်္ချိုင်းမြေပုံပေါ်၌ သိုးများ မြက်စားနေလေ့ရှိသော မြင်ကွင်းကို ကျွန်ုပ် သတိပြုမိလိုက်ပါသေးသည်။ ရာသီဥတု ကား သာတောင့်သာယာ ရှိလှပါသည်။ ခရီးသွားကောင်းရုံ နွေးထွေးနေပါသည်။ ကျွန်ုပ်သည် တောင်ပေါ်တောင်အောက် ရှုခင်းများကို ငေးမောလာသဖြင့် နေပူရှိန်ကိုပင် အမှတ်မထားမိပါ။
ကျန်ုပ်သည် နေမဝင်မီကလေးမှာပင် အိမ်ကြီးသို့ ရောက်လာခဲ့ပါလေ၏။ အိမ်ခြံ ဝင်းတံခါးကို ခေါက်သော်လည်း မည်သည့် လှုပ်ရှားမှုမျှ မမြင်ရပါ။ မီးခိုးခေါင်းတိုင်မှ မီးခိုးလူနေသဖြင့် အိမ်ထဲက လူတွေ နောက်ဖေးဘက် ရောက်နေသည်ဟု ထင်လိုက်ပါသည်။ ထို့ကြောင့် ခြံထဲသို့ မြင်းစီး ဝင်ပါလေတော့သည်။ အိမ် ဆင်ဝင်အောက်၌ ကိုးနှစ် ဆယ်နှစ်ရွယ် မိန်းကလေးတယောက်သည် ဇာထိုးနေပါသည်။ မိန်းမကြီးတယောက်ကမူ ဆင်ဝင်တိုင်ကို မှီလျက် ဆေးတံကြီး တခုကို ဖွာနေပါလေ၏။
ကျွန်ုပ်သည် မိန်းမကြီးအနားသို့ လာပြီး...
“မစ္စက်ဒင်း ရှိသလားဗျ” ဟု မေးလိုက်ပါသည်။
"မစ္စက်ဒင်းလား၊ မရှိဘူးရှင့်၊ သူ ဒီမှာ မနေတော့ပါဘူး၊ လေထန်ကုန်းအိမ်ကို ရောက်သွားပါပြီ”
“ဒါဖြင့် ဒီအိမ်တာဝန်ကို ခင်ဗျားပဲ ယူနေတယ် ဆိုပါတော့”
“ဟုတ်ပါတယ်၊ ကျွန်မက စောင့်ရှောက်နေပါတယ်”
“ကျုပ်က ဒီအိမ်ငှားထားတဲ့ မစ္စတာလော့ဝုပါ၊ ကျုပ် ဒီမှာ တညလောက် တည်းချင်လို့”
“အို... ဆရာကိုး၊ ဆရာ လာမယ်ဆိုတာ ကျွန်မတို့လဲ မသိရပါဘူး၊ ကြိုပြီး အကြောင်းကြားရောပေါ့ရှင်၊ အိမ်ထဲမှာ ရှင်းလင်းထားရတာပေါ့’ မိန်းမကြီးက အံ့အားသင့်သွားပြီး ဆေးတံကိုချ၍ အိမ်ထဲသို့ သုတ်သီးသုတ်ပျာ ဝင်ရှုားပါလေ၏။ ကလေးမကလေးကလည်း နောက်မှ လိုက်သွားပါသည်။ ကျွန်ုပ်လည်း အိမ်ထဲသို့ ဝင်ခဲ့ပါ၏။ အိမ်ထဲမှာ သူပြောသည့်အတိုင်းပင် ရှင်းလင်းထားခြင်း မရှိပါ။ ထိုအခါ ကျွန်ုပ်က အိမ်ကို ရှင်းထားရန်နှင့် ကျွန်ုပ် အပြင်ဘက်ကို လမ်းလျှောက်သွားမည်ဖြစ်ကြောင်း ပြောလိုက်ပါသည်။ ထိုအတွင်းမှာပင် မိန်းမကြီးသည် ဧည့်ခန်းထောင့် တနေရာကို ကျွန်ုပ်အိပ်ရန် ပြင်ဆင်နေပါလေသည်။ ထိုနေရာမှာ တံမြက်လှည်းရန် မလိုပါ။ မီးလင်းဖို ကောင်းကောင်းနှင့် စောင်များ ခင်းပေးဖို့သာ လိုပါသည်။ မိန်းမကြီးသည် ချက်ချင်းပင် မီးလင်းဖိုကို ပြင်ဆင်ပါလေ၏။ ကျွန်ုပ်ကား လေထန်ကုန်းသို့ သွားရပေမည်။ ကျွန်ုပ်သည် အခန်းထဲမှ ထွက်ခါနီးတွင်....
“လေထန်ကုန်းမှာကော အားလုံး ဟန်ကျပန်ကျပဲလားဗျ”
“သိသမျှတော့ ဟန်ကျပန်ကျပါပဲရှင်”
ကျွန်ုပ်က မစ္စက်ဒင်း ဤအိမ်ကြီးမှာ မနေတော့သည့် အကြောင်းကို မေးမည်ပြုပြီးမှ ဤကိစ္စဖြင့် အချိန်ကုန် မခံချင်သဖြင့် အပြင်ဘက်သို့ ထွက်လာခဲ့ပါလေတော့သည်။ နေမင်းကား ကွယ်စ ပြုလေပြီ။ အရှေ့ဘက် ကောင်းကင်တွင် လပင် ထွက်လာလေပြီ။ ကျွန်ုပ်သည် ခြံထဲမှ ထွက်လာခဲ့ပြီး လေထန်ကုန်း အိမ်ဘက်သို့ ရှေးရှုသော လမ်းအတိုင်း လာခဲ့ပါ၏။ လရောင်တွင် လမ်းပေါ်က ကျောက်ခဲများ၊ မြက်ပင်များကို အထင်းသား မြင်နေရပါ၏။ အိမ်ဝင်းတံခါးမှာ ပွင့်လျက် ရှိပါသည်။ ကျွန်ုပ် တံခါးခေါက်စရာပင် မလိုတော့ပါ။ တိုးတက်လာသော အခြေအနေဟု ကျွန်ုပ် တွေးလိုက်မိပါသည်။ အိမ်နံရံ ပန်းပင်များမှ ပန်းရနံ့ကိုလည်း ကျွန်ုပ် သတိပြုမိပါလေသည်။
အိမ်တံခါးတွေရော ပြတင်းပေါက်များမှာလည်း ပွင့်နေပါ၏။ မီးလင်းဖိုသည် ထိန်ထိန် ညီးနေပါ၏။ လေထန်ကုန်းအိမ်ကြီးမှာ ကျယ်ဝန်းလှသည်ဖြစ်၍ အိမ်နေသူများ အားလုံးအတွက် အနွေးဓာတ် အလှမ်းမီမီ ရရေးမှာ မလွယ်ပါ။ သူတို့သည် ပြတင်းပေါက်နှင့် မလှမ်းမကမ်းမှာသာ နေလေ့ရှိကြပါသည်။ ကျွန်ုပ်သည် အိမ်ထဲသို့ ဝင်လာရာ လူနှစ်ယောက် စကားပြောနေသံကို ကြားလိုက်သည်နှင့် သူတို့နှစ်ယောက်ကိုပါ မြင်လိုက်ရပါလေ၏။ ကျွန်ုပ်လည်း နေရာမှာတွင် ရပ်ပြီး သူတို့ကို စိုက်ကြည့်နေလိုက်ပါသည်။
“ကွန်ထရေရီပါ ရှင်ရဲ့၊ ရှင်ကလဲနော်၊ တုံးလိုက်တာ၊ သုံးခါတောင် ရှိပြီ၊ နောက်တခါ ထပ်မပြောဘူးနော်၊ ဒီတခါဆို ဆံပင်ကို အဆွဲပဲ”
ငွေဆည်းလည်းသံကလေးသည် လွင့်ပျံ့နေပါ၏။
“ကဲ...ကွန်ထရေရှိပါတဲ့၊ ဟုတ်ပြီလား၊ ဒါဆို ကိုယ့်ကို မွှေးမွှေးပေးတော့"
ညင်သာပျော့ပျောင်းသော အသံဩကြီးကို ကြားရပါလေသည်။
“မရသေးဘူး၊ တလုံးမှ မမှားအောင် ဖတ်ဦး"
လုလင်ပျိုသည် စာကို စ၍ ဖတ်ပါလေတော့သည်။ ထိုလုလင်ပျိုကား ခန့်ခန့်ညားညား ဝတ်ဆင်လျက် စားပွဲတွင် ထိုင်နေပါ၏။ သူ့ရှေ့တွင် စာအုပ်တအုပ် ချထားပါသည်။ သူ့ရုပ်သွင်ပြင်သည် ပျော်ရွှင်မြူးထူးနေဟန် ပေါ်နေပါသည်။ စာအုပ်ပေါ်သို့ ကျရောက်နေသော လက်ဖြူဖြူကလေးဆီသို့သာ သူ့မျက်လုံးက ကျရောက်နေပါသည်။ လက်ကလေးပိုင်ရှင် မိန်းကလေးကား သူ၏ ကျောဘက်တွင် ရပ်နေပါသည်။ မိန်းကလေး ဆံယဉ်စကလေးများသည် လက်နေပါသည်။ သူသည် သူ့ရှေ့က လုလင်ကို လက်ညှိုးထောက်၍ စာပြနေခြင်းဖြစ်ပါသည်။ လုလင်အဖို့ မိန်းကလေး၏မျက်နှာကို မြင်ရသည်မှာကံကောင်းလှသည်ဟု ဆိုရပေမည်။ အကယ်၍ မိန်းကလေး၏မျက်နှာကို မြင်ရလျှင် သူ စာသင်ဖြောင့်ရှာမည် မဟုတ်ပေ။ ကျန်ုပ်သည် မိန်းကလေး၏ အလှကို ငေးယင်း နှုတ်ခမ်းကို ပိတ်ထားလိုက်မိပါသည်။
လုလင်ပျိုသည် အထစ်ထစ် အငေါ့ငေါ့ဖြင် စာဖတ် ပြီးသွားပါလေသည်။ ထိုအခါ အနမ်းဆုကို တောင်းပြန်သဖြင့် သူတို့နှစ်ယောက်သည် ငါးကြိမ် နမ်းလိုက်ကြပါလေသည်။ ထို့နောက် သူတို့သည် အပြင်ထွက်ရန် တံခါးတူရူသို့ ရောက်လာကြပါ၏။ ကျွန်ုပ်လည်း သူတို့ မမြင်သာအောင် ပုန်းနေလိုက်ပြီး မီးဖိုထဲသို့ ဝင်လာခဲ့ပါသည်။ မီးဖိုတံခါးဝတွင် ကျန်ုပ်၏ မိတ်ဆွေဟောင်းကြီး နယ်လီဒင်းသည် အဝတ်ချုပ်ယင်း သီချင်း ဆိုနေပါလေသည်။
သည်ကြားကပင် ဂျိုးဆက်၏ အသံကြီးကိုလည်း ကြားရပါသည်။ ဂျိုးဆက်စကားကို မစ္စက်ဝင်းက ဖြတ်ပြောလိုက်ချိန်မှာ ကျွန်ုပ်သည် မစ္စက်ဒင်းနားသို့ တိုးသွားရာ မစ္စက်ဒင်းသည် ကျွန်ုပ်ကို မြင်သည်နှင့် နေရာမှ ထခုန်လိုက်ပြီး..
“မစ္စတာလော့ဝုပါလား၊ ရှင် ဘယ်လိုလုပ်ပြီး ပြန်ရောက်လာတာပါလိမ့်၊ လာမယ်ဆို ကြိုပြီး အကြောင်းကြားရောပေါ့ ခုတော့ ဟိုအိမ်ကြီးမှာ ဘာမျှ ပြင်ပြီးဆင်ပြီး ရှိမှာမဟုတ်ဘူး' အော်ဟစ် ပြောလိုက်ပါလေ၏။
“ကျွန်တော် ဟိုအိမ်ကို ရောက်ခဲ့ပါပြီ၊ တညတည်းဖို့လဲ စီစဉ်ခဲ့ပါပြီ။ ကျွန်တော် နက်ဖြန် ခရီးဆက်မှာပါဗျာ၊ ဒါထက် ခင်ဗျားက ဒီကို ဘယ်လိုရောက်လာတာလဲ၊ ဆိုစမ်းပါဦးဗျ”
“ရှင် လန်ဒန်ပြန်သွားပြီးတဲ့နောက် ဒီအိမ်က ဇီလာ အလုပ်ထွက်သွားတာနဲ့ မစ္စတာဟိကလစ်က ကျွန်မကို ရှင်ပြန်လာတဲ့အထိ ဒီအိမ်မှာ လာနေဖို့ ခေါ်တာနဲ့ ရောက်လာတာပဲ၊ ကဲ၊ အိမ်ထဲ ဝင်ရှထောင်ပါရှင်၊ ဒါထက် ရှင် ဂျင်မာတန်ကနေပြီး ဒီအထိ ခြေကျင်လျှောက်လာတာလား”
“အိမ်ကြီးက လမ်းလျှောက်လာတာပါဗျ။ အိမ်ကြီးမှာ ကျွန်တော့်အတွက် အိပ်စရာ ပြင်နေတုန်း ဒီမှာ ခင်ဗျားသခင်နဲ့ အလုပ်ကိစ္စကလေးတွေ ပြောရအောင် လာခဲ့တာပဲ၊ နောက်တကြိမ်လာဖို့က မလွယ်ဘူး မဟုတ်လား”
နယ်လီသည် ကျွန်ုပ်အား အိမ်ခန်းမကြီးထဲသို့ ခေါ်လာယင်း...
“ဘယ်လို အလုပ်ကိစ္စမျိုးပါလိမ့်ရှင်၊ သခင်က ခုပဲ ထွက်သွားတယ်၊ အတော်နဲ့ ပြန်လာဦးမှာ မဟုတ်သေးဘူး’ ဟု ပြောပါ၏။
“ဟိုအိမ်ကြီးကို ကျွန်တော် ငှားထားတဲ့ကိစ္စပါ"
“ဪ၊ ဒါလား၊ ဒါဆိုယင်တော့ မစ္စက်ဟိကလစ်နဲ့ ရှင်းလိုက်ယင် ပြီးသွားမှာပါ၊ မဟုတ်လဲ ကျွန်မနဲ့ပဲ ဒီကိစ္စ ရှင်းယင် ရပါတယ်၊ ကက်သရင်းက အလုပ်ကိစ္စတွေ နားမလည်သေးတော့ သူ့ကိုယ်စား ကျွန်မပဲ ဆောင်ရွက်နေရတယ်၊ တခြား ဘယ်သူမှလဲ မရှိဘူးလေ"
သူ့စကားကြောင့် ကျွန်ုပ် အံ့အားသင့်သွားရပါလေသည်။
"ဩ၊ ဟိကလစ် ဆုံးသွားတာ ရှင် မကြားသေးပဲကိုး” ဟု သူကပင် ဆက်ပြောပါသည်။
ကျွန်ုပ်လည်း တအံ့တသြဖြစ်သွားကာ ...
“ဗျာ၊ ဟိကလစ် ဆုံးသွားပြီ၊ ဟုတ်လားဗျ၊ ဘယ်လောက်ကြာပြီလဲ' ဟု မေးလိုက်မိပါလေ၏။
“သုံးလလောက်ရှိပါပြီ၊ ကဲ၊ ထိုင်ပါဦးလေ၊ ဦးထုပ်ကို ကျွန်မ ပေးပါ၊ ကျွန်မ အကြောင်းစုံ ပြောပြပါ့မယ်၊ ရှင်လဲ ဘာမှ စားရဦးမှာ မဟုတ်ဘူး၊ တခုခု စားရအောင်”
“ကျွန်တော် မစားတော့ပါဘူးဗျာ၊ ဟိုအိမ်မှာလဲ ကျွန်တော့်အတွက် စားစရာလုပ်ထားဖို့ မှာခဲ့ပါတယ်။ ကဲ၊ ခင်ဗျားလဲ ထိုင်စမ်းပါဦး၊ ကျွန်တော်ဖြင့် သူ သေလိမ့်ဦးမယ်လို့ မထင်ဘူး၊ ဘယ်လိုဖြစ်တာလဲ ပြောစမ်းပါဦး၊ ခင်ဗျား ပြောသလိုဆို ဟိုနှစ်ယောက်လဲ လာမှာ မဟုတ်သေးပါဘူး"
“မဟုတ်သေးဘူးရှင့်၊ သူတို့နှစ်ယောက်လဲ မိုးချုပ်ချုပ် ကွင်းထဲထွက် လမ်းလျှောက်လွန်းလို့ ဆူတာပူတာပဲ၊ ဒါပေမယ့် ကျွန်မကို သူတို့က ဂရုမစိုက်ကြဘူး၊ ထားပါဦးလေ၊ ရှင်လဲ ပင်ပန်းလာပုံ ရပါတယ်။ ဗျစ်ရှည်ကလေးတော့ သောက်လိုက်ပါဦး” ဟု ဆိုကာ ဗျစ်ရည် သွားယူပြန်ပါသည်။ ထို့နောက် ငွေခွက်ဖြင့် ထည့်သော ဗျစ်ရည်ခွက်ကို ယူလာပေးသဖြင့် ကျွန်ုပ်လည်း ဗျစ်ရည်ကို အားရပါးရ သောက်ချလိုက်ပါသည်။ ထို့နောက် မစ္စက်ဒင်းက ဟိကလစ်၏ ထူးဆန်းသော ဇာတ်သိမ်းခန်းကို ပြောပြသဖြင့် ကျွန်ုပ်လည်း သူပြောသည့်အတိုင်း ဖော်ပြလိုက်ရပါ၏။
မစ္စတာလော့ဝုသည် သရုတ်ကရော့အိမ်ကြီးမှ ထွက်သွားပြီး ဆယ့်ငါးရက်အတွင်းမှာပင် ကျွန်မလည်း လေထန်ကုန်းအိမ်ကြီးသို့ ရောက်ခဲ့ရပါ၏။ ကျွန်မမှာ ကက်သရင်းကလေးနှင့်အတူ နေရမည့်အတွက် အပျော်ကြီး ပျော်ရပါလေသည်။ ကျွန်မသည် ကက်သရင်းကို တွေ့စက အတော်ပဲ စိတ်မကောင်းလည်း ဖြစ်မိပါ၏။ သူ့အတွက် တုန်တုန်လှုပ်လှုပ်လည်း ဖြစ်မိပါ၏။ သူကား ကျွန်မတို့နှင့် နေစဉ်ကလို မဟုတ်ပဲ အပြောင်းလဲကြီး ပြောင်းလဲ နေပါလေပြီ။ ပစ္စတာ ဟိကလစ် ကျွန်မကို ခေါ်ယူရန် အဘယ်ပုံ စိတ်ကူးပေါက်လာသည်ကို ကျွန်မအား ရှင်းမပြခဲ့ပါ။ သူက ကက်သရင်းကို မြင်ရတိုင်း စိတ်ဆင်းရဲရသဖြင့် ကျွန်မကို ခေါ်ခဲ့ခြင်း ဖြစ်ပါသည်ဟု ပြောပါသည်။ ထို့ပြင် ကျွန်မအား ကျွန်မနှင့် ကက်သရင်းတို့ နေ့လယ် နေ့ခင်းနေဖို့ အခန်းတခု စီစဉ်ခိုင်းပါသည်။ ဤသို့ဖြင့် သူ့အဖို့ ကက်သရင်းကို တနေ့လုံးနေမှ တကြိမ်နှစ်ကြိမ် တွေ့နိုင်ခွင့် ရပါတော့သည်။ ဤသို့ စီစဉ်လိုက်သည်ကို ကက်သရင်းက သဘောကျပုံ ရပါ၏။ ထိုအခါ ကျွန်မလည်း သရုတ်ကရော့အိမ်ကြီးမှ စာအုပ်များနှင့် တခြားပစ္စည်း အတိုအထွာကလေးများကို ယူလာပြီး ကက်သရင်းအား ပေးပါသည်။
ကက်သရင်းမှာ ပထမပိုင်းတွင် ကျေနပ် သဘောကျပုံရပါသော်လည်း မကြာမီ အတွင်းမှာပင် ကက်သရင်းသည် စိတ်တိုင်းမကျသလို အလိုမပြည့်သလို ဖြစ်လာပါလေ၏။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းတရပ်မှာ သူ့ကို ဥယျာဉ်ထဲသို့ပင် ထွက်ခွင့်မပြုခြင်း ဖြစ်ပါသည်။ ထိုအချိန်မှာ နွေပေါက်စ ပြုလာပြီဖြစ်ရာ သူ့အဖို့ အပြင်သို့ မထွက်ရပဲ အိမ်ထဲနေရသည့်အတွက် ဝမ်းနည်းပြီး မနေနိုင် မထိုင်နိုင် ဖြစ်လာပါ၏။ နောက်တကြောင်းမှာ ကျွန်မကလည်း သူ့အပါးတွင် အမြဲ မနေနိုင်အောင် အလုပ်ရှိသဖြင့် သူ့ခမျာလည်း အခန်းထဲတွင် တယောက်တည်းလိုလို ဖြစ်လာပါတော့သည်။ ထိုအခါ ကက်သရင်းသည် တယောက်တည်း မနေနိုင်တိုင်း မီးဖိုထဲဝင်ပြီး ဂျိုးဆက်နှင့် ရန်ဖြစ်ရသည်ကိုပင် ကောင်းသေးသည်ဟု သဘောရပုံတူပါသည်။ သို့သော် ကျွန်မသည် သူတို့ ရန်ဖြစ်သည်ကို အမှုမထားပါ။ သခင်ဟိကလစ် အိမ်တွင်ရှိသော အခါများ၌ ဟယ်ယာတန်ကိုလည်း မီးဖိုထဲမှာ တွေ့ရတတ်ပါသည်။ ပထမပိုင်းတွင် ဟယ်ယာတန် အနားကပ်လာတိုင်း ကက်သရင်းက ရှောင်ထွက်သွားတတ်ပါသည်။ တခါတလေတွင်ကား ကျွန်မ အလုပ်လုပ်နေသော နေရာသို့ ကက်သရင်း ရောက်လာတတ်ပါ၏။ အတန်ကြာလာသောအခါ ကက်သရင်းသည် ဟယ်ယာတန်ကို ရှောင်မနေတော့ပါ။ စကားလည်း ပြောလာပါသည်။ တခါတရံ ဟယ်ယာတန် ဖျင်းပုံ အပုံကို ပြောတတ်လာပါသည်။ ဟယ်ယာတန်သည် အခန်းထဲတွင် မီးလင်းဖိုကို စိုက်ကြည့်ပြီး နေနေတတ်သည်ကို ကက်သရင်း ဘဝင်မကျနိုင် ဖြစ်လာပါသည်။
“တကယ်တော့ သူဟာ ခွေးတကောင်နဲ့ မတူဘူးလား အယ်လင်၊ သူ အလုပ်လုပ်တယ်၊ စားတယ်၊ သောက်တယ်၊ အိပ်တယ်၊ ဒါပဲ၊ ဒီလို နေနေတာ ဘယ်လောက် စိတ်ပျက်စရာကောင်းသလဲ၊ ဟယ်ယာတန် ရှင် အမြဲဒီလို နေနေမှာလားဟင်၊ ရှင် အဓိပ္ပာယ်ရှိတာ လုပ်စမ်းပါ၊ ဒါပေမယ့် ရှင် ကျွန်မကိုလဲ စကားမပြောဘူး”
ကက်သရင်းသည် တခါတွင် ဟယ်ယာတန်နှင့် ပတ်သက်၍ ကျွန်မကို ပြောပြီး ဟယ်ယာတန်ဘက်သို့ စကားဦး လှည့်လိုက်ပါ၏။ ဟယ်ယာတန်ကား စကားလည်းမပြော၊ သူ့ကိုလည်း မကြည့်ပါ။ သို့သော် ကက်သရင်းက စကားဆက်ပြန်ပါသည်။
“ကြည့်စမ်းပါဦး၊ ခုအထိ လူက ငေးတိငေးကြောင်နဲ့၊ သူ့ကိုယ်သူ တွန့်လိမ်မဲ့ရွဲ့နေပုံကိုလည်း ကြည့်စမ်းပါဦး၊ မေးမြန်းကြည့်စမ်းပါဦ အယ်လင်ရယ်"
“ကက်သရင်း၊ ညည်း ကောင်းကောင်း မဆက်ဆံယင် မစ္စတာ ဟယ်ယာတန်က ညည်းကို အပေါ်ထပ်ပို့ဖို့ သွားတိုင်လိမ့်မယ်နော်' ကျွန်မ ပြောလိုက်သော အချိန်မှာ ဟယ်ယာတန်သည် လက်သီးကို ကျစ်ကျစ် ဆုပ်ထားပါလေပြီ။
သို့သော် ကက်သရင်းကား သူ့ စကားကို မရပ်ပါ။
“ကျွန်မ မီးဖိုထဲ ရှိတုန်း သူ ဘာကြောင့် စကားမပြောသလဲဆိုတာ ကျွန်မ သိပါတယ်၊ ကျွန်မက သူ့ကို လှောင်မှာ စိုးလို့ပေါ့၊ ဒီမယ် အယ်လင်၊ ရှင် ဘယ်လိုထင်သလဲဟင်၊ တခါကလဲ သူ့ဘာသာသူ စာသင်နေသတဲ့၊ အဲဒါဘာလို့လဲ သိလား၊ ကျွန်မက သူ့ကို လှောင်လို့ စာအုပ်တွေ မီးရှို့ပစ်ခဲ့တာ အယ်လင်ရဲ့၊ သူ အရူးထတာ မဟုတ်ဘူးလား ကျွန်မလည်း မနေသာသဖြင့်--
“ညည်း အတော်မကောင်းပါလား ကက်သရင်းရယ်” ဟု ပြောမိပါလေတော့သည်။
“ထားပါလေ။ ကျွန်မက မကောင်းဘူးလို့၊ ဒါပေမယ့် သူ ဒီလောက်အထိတော့ မိုက်မဲလိမ့်မယ် မထင်ဘူး၊ ကဲ ဟယ်ယာတန်၊ ကျွန်မ စာအုပ်တအုပ် ပေးမယ်၊ ရှင် ယူမလား' ဟု ဆိုပြန်ကာ စာအုပ်တအုပ်ကို ဟယ်ယာတန် လက်ထဲသို့ ထည့်ပေးနည်ကဲ့သို့ ပြုပါ၏။ ဟယ်ယာတန်က စာအုပ်ကို ပုတ်ထုတ်ပစ်လိုက်ပါသည်။ ရပ်တန်းက မရပ်လျှင် ကက်သရင်း လည်ပင်းကို ချိုးပစ်မည်ဟုလည်း ကြိမ်းလိုက်ပါသည်။
“ကောင်းပြီ၊ ကျွန်မ စာအုပ်ကို ဟောဒီ စားပွဲအံဆွဲထဲမှာ ထည့်ခဲ့တယ်၊ ကျွန်မ သွားအိပ်ချည်တော့မယ်' ဆိုလျက် ကျွန်မအား ဟယ်ယာတန် စာအုပ် ယူမယူ စောင့်ကြည့်ရန် မှာပြီး ထွက်သွားပါလေတော့သည်။
သို့သော် ဟယ်ယာတန်ကား စာအုပ်နားသို့ပင် မလာပါ။ အကြောင်းကို နောက်တနေ့ မနက်တွင် ကက်သရင်းအား ပြောပြလိုက်သောအခါ ကက်သရင်းမှာ အတော် စိတ်ပျက်သွားပုံရပါ၏။ ကက်သရင်းသည် ဟယ်ယာတန် ယခုကဲ့သို့ မှုန်တေတေ၊ ထုံထုံ ထိုင်းထိုင်း လုပ်နေသည့်အတွက် စိတ်မကောင်းပုံ လှပါသည်။ ဤသည်မှာလည်း တချိန်သောအခါက ဟယ်ယာတန် သူ့ဘာသာသူ စာတတ်အောင် ကြိုးစားသည်ကို လှောင်ခဲ့မိသည့်အတွက် နောင်တရပုံရပါသည်။ ထိုအပြစ်ကို ပပျောက်စေရန် သူသည် ဟယ်ယာတန်၏ ကြိုးစားမှုကို ပြန်လည် နှိုးဆွပေးနေခြင်း ဖြစ်ပါသည်။ တခါတရံ ကျွန်မ မီးပူတိုက်နေရာသို့ ကက်သရင်းသည် စာအုပ်တအုပ်နှင့် ရောက်လာတတ်ပါသည်။ ထို့နောက် စာအုပ်ကို အကျယ်ကြီး ဖတ်ပြပါလေတော့သည်။ ထိုအချိန်မျိုးတွင် အနား၌ ဟယ်ယာတန် ရှိ၍ စိတ်ဝင်စားစရာအခန်းသို့ ရောက်လာပါက ကက်သရင်းသည် ဖတ်နေသော စာကို ရပ်၍ စာအုပ်ကို ထားခဲ့ပြီး ထသွားတတ်ပါလေ၏။ ဤသည်မှာ တကြိမ်လည်း မဟုတ်၊ နှစ်ကြိမ်လည်း မဟုတ်ပါ။ ဤသို့ ကက်သရင်းက စာအုပ်ချသွားသော်လည်း ဟယ်ယာတန်ကလည်း ယူမဖတ်ပါ။ ရာသီဥတုအေးသော အခါများ၌ ဟယ်ယာတန်သည် ဂျိုးဆက်နှင့်အတူ သွားနေပြီး ဆေးတံ သောက်နေတတ်ပါသည်။ ထိုအချိန်မျိုး၌ သူတို့နှစ်ယောက်သည် မီးဖိုဘေးတွင် စက်ရုပ်တွေလို ထိုင်နေတတ်ကြပါ၏။ ရာသီဥတု သာယာပါက ဟယ်ယာတန်သည် တောပစ်ထွက်လေ့ရှိပါသည်။ ထိုအခါမျိုး၌ ကက်သရင်းသည် တသမ်းသမ်း တဝေဝေနှင့် ပျင်းနေတတ်ပြီး ကျွန်မကို စကားပြောအောင် လာစတတ်ပါသည်။ သူ့ဘဝကို သူ မပျင်းရအောင် နေနေရသည်။ သူနေရ ထိုင်ရသည်ကိုလည်း ပျင်းရိငြီးငွေ့လာသည်ဟုဆို ပါသည်။
မစ္စတာဟိကလစ်သည် လူနှင့်သူနှင့် နေရသည်ကို ပို၍ပို၍ စိတ်ကုန်လာပါသည်။ ဟယ်ယာတန်အန်းရှောကိုပင် သူ့အခန်းထဲသို့ ဝင်ခွင့် မပေးတော့ပါ။ ဟယ်ယာတန်မှာ တနေ့တွင် တောင်ကုန်းများပေါ်၌ သူ သေနတ်ကျည်ထွက်ပြီး လက်တွင် ဒဏ်ရာရပါလေတော့၏။ ထိုအခါ ကက်သရင်းသည် ဟယ်ယာတန်၏ အပါးသို့ သွားနေတတ်ပြန်ပါလေသည်။
အီစတာနေ့ တနေ့တွင် ဂျိုးဆက်သည် ဂျင်မာတန်ဘက် အီစတာပွဲသို့ သွားနေပါ၏။ ကျွန်မမှာလည်း မီးဖိုထဲတွင် အလုပ်များနေပါသည်။ ဟယ်ယာတန်သည် ထုံးစံအတိုင်း မီးခိုးခေါင်းတိုင်ထောင့်တွင် သုန်သုန်မှုန်မှုန်နှင့် ထိုင်နေပါ၏။ ကက်သရင်းကား ပြတင်းမှန်များပေါ်၌ အရုပ်များ ရေး၍ နေပါသည်။ ထိုစဉ်မှာပင် ကက်သရင်း ပြောလိုက်သော စကားကို ကျွန်မ သတိပြုလိုက်မိပါသည်။
'ဒီမယ် ဟယ်ယာတန်၊ ကျွန်မလေ ရှင်ကသာ ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံယင် ရှင့်ကို ကျွန်မ အစ်ကိုတယောက်လိုပဲ ခင်ချင်ပါတယ်'
ဟယ်ယာတန်ကား နှုတ်တုံ့မပြန်ပါ။
“ဟယ်ယာတန်၊ အို ဟယ်ယာတန်ရဲ့၊ ရှင် ကျွန်မ ပြောနေတာကြားရဲလား ရှင့်'
“သွားစမ်းပါဟယ်” ဟယ်ယာတန်က အော်လွှတ်လိုက်ပါသည်။
“အဲဒီ ဆေးတံကြီး ပေးစမ်းပါ”
ကက်သရင်းသည် ပြောပြောဆိုဆိုပင် ရှေ့ဘက်သို့ တိုးသွားပြီး ဟယ်ယာတန် ပါးစပ်မှ ဆေးတံကို ဆွဲချွတ်လိုက်ပါသည်။
ဟယ်ယာတန်က ကက်သရင်း ယူသွားသော ဆေးတံကို လိုက်လုသေးသော်လည်း သူ ပြန်မရခင်မှာပင် ဆေးတံသည် ကျိုးသွားပါလေ၏။ ဟယ်ယာတန်လည်း ကက်သရင်းကို ကျိန်ဆဲလိုက်ပြီး နောက်ထပ် ဆေးတံတချောင်းကို ယူလိုက်ပါသည်။
“တော်စမ်းပါ၊ ရှင် ကျွန်မပြောတာကို နားထောင်စမ်း၊ ရှင့် အဲဒီ ဆေးတံခိုးတွေနဲ့ ကျွန်မ စကားပြောလို့ မရဘူးရှင့်’
“ဘာလဲ၊ နင် ငါ့ကို ဒုက္ခပေးဦးမလို့လား၊ ငါ့ဘာသာငါ နေစမ်းပါရစေ”
“မဟုတ်ပါဘူး၊ ကျွန်မ ရှင့်ကို ဒုက္ခ မပေးချင်ပါဘူး၊ ရှင် စကားပြောအောင် ကျွန်မ ဘယ်လိုပြောရမလဲ၊ ရှင် နားမလည်ဘူးလား၊ ရှင့်ကို ကျွန်မ ထုံတယ် ထိုင်းတယ် ပြောတာဟာလဲ ကျွန်မ စိတ်ထဲက ပါလို့ပြောတာ မဟုတ်ဘူး၊ ရှင့်ကို ရှုတ်ချလိုတဲ့ သဘောနဲ့ ပြောတာလဲ မဟုတ်ပါဘူး၊ လာစမ်းပါ ဟယ်ယာတန်ရယ်၊ ကျွန်မကို ကြည့်စမ်းပါ၊ ရှင်ဟာ ကျွန်မ အစ်ကိုပါ၊ ရှင်နဲ့ ကျွန်မတို့ဟာ ဆွေမျိုးတွေပါရှင်”
“နင့်မာနက အလကား အစုတ်အပြတ် မာန၊ နင့်မာနကိုလဲ ငါ ဂရုစိုက်ဘူး၊ နင်နဲ့လဲ ငါ နေစရာ အကြောင်းမရှိဘူး၊ ငါ သေပြီး ငရဲကျချင် ကျပါစေ၊ နင်လိုဟာမျိုးနဲ့တော့ မခင်မင်ချင်ဘူး။ ကဲ ဖယ်စမ်းပါဟာ”
ကက်သရင်းသည် မျက်မှောင်ကုပ်၍ ပြတင်းပေါက်နားသို့ ခွာသွားပါလေ၏။ နှုတ်ခမ်းကိုလည်း ကိုက်ထားပါသည်။ ငိုတော့မယောင် ဖြစ်နေပါလေပြီ။
ကျွန်မ ကြားဝင်ရပါလေတော့သည်။
“မင့် ညီမလေးနဲ့ သင့်သင့်မြတ်မြတ် နေမှပေါ့ ဟယ်ယာတန်ရယ်၊ သူလဲ မချေမငံ ဆက်ဆံခဲ့တာတွေအတွက် နောင်တရနေပါပြီကွယ်၊ မင်းတို့ သင့်မြတ်ယင် မင်းအဖို့လဲ အကျိုးရှိမှာပါကွယ်”
“သူနဲ့ သင့်မြတ်ရမယ် ဟုတ်လားဗျ၊ သူ ကျွန်တော့်ကို မုန်းနေတဲ့ဟာ ကျွန်တော်က သူ့ကို ဘာလို့ ပေါင်းသင်းရမှာလဲ၊ ကျွန်တော် ရှင်ဘုရင် ဖြစ်မယ်ဆိုတောင် သူ့လိုလူမျိုးနဲ့ အပေါင်းအသင်း မလုပ်သေးဘူး'
“ရှင့်ကိုမုန်းတာ ကျွန်မ မဟုတ်ဘူးရှင့်၊ ရှင်ကသာ ကျွန်မကို မုန်းတာ၊ ရှင်ကလေ ကျွန်မကို မစ္စတာဟိကလစ်က မုန်းသလို မုန်းတာ၊ ရှင်ကတောင် ပိုချင်သေးတယ်' ကက်သရင်းသည် ပြောယင်း ငိုပါလေတော့သည်။
“ဒါ နင်ညာတာ၊ နင့်ကြောင့် ငါ့ကို သူက ဘယ်လောက် စိတ်ဆိုးခဲ့သလဲ၊ အခါတရာလောက်တောင် ရှိမယ်၊ နင်က ငါ့ကို နှိမ်ပြီး လှောင်နေတဲ့ အချိန်မှာ ငါဟာ နင့်ကြောင့် စိတ်ဆိုးခံခဲ့ရတာဟ၊ တော်ပါ၊ ငါသွားမယ်'
“ရှင် ကျွန်မကြောင့် စိတ်ဆိုးခံရတာ ကျွန်မ မသိပါဘူးရှင်၊ ကျွန်မဟာ လူတိုင်းနဲ့ ပတ်သက်ပြီး စိတ်ညစ်ခဲ့ရတာပါ၊ လူတိုင်းကို နာကျည်းခဲ့ရတာပါ၊ ဒါပေမယ့် ခုလိုမှန်းသိရတော့ ကျွန်မ ရှင့်ကို ကျေးဇူးတင်ပါတယ်၊ ကျွန်မကို ခွင့်လွှတ်ပါလို့လဲ တောင်းပန်ပါတယ်၊ ဒိပြင် ကျွန်မ ဘာလုပ်စေချင်သေးသလဲရှင်”
ကက်သရင်းသည် မီးလင်းဖိုနားသို့ ပြန်လည် ချဉ်းကပ်လာပါသည်။ ဟယ်ယာတန်၏ မျက်နှာကား သုန်မှုန်နေဆဲ ဖြစ်သည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ခေါင်းကိုလည်း ငုံ့ထားပါသည်။ ထိုစဉ်မှာပင် ကက်သရင်း၏ လုပ်ချင်ရာကို ဇွတ်လုပ်တတ်သော ဉာဉ်ကလေးသည် နိုးထလာဟန် ရှိပါသည်။ ဘာကိုမျှပင် စဉ်းစားမနေတော့ပဲ ဟယ်ယာတန်၏ ပါးကို ဖြတ်ကနဲ အညင်အသာ နမ်းလိုက်ပါသည်။ ကောင်မလေးသည် ကျွန်မ မြင်လိုက်သည်ဟု ထင်ပုံ မရပါ။ ပြတင်းပေါက်ဘက် ပြန်သွားပြီး တွေတွေငိုင်ငိုင် လုပ်နေပြန်ပါ၏။ ကျွန်မက ခေါင်းကို ခါလိုက်မိသောအခါ သူသည် ရှက်သွားပြီး ကျွန်မအား ...
“ကျွန်မ ဘာလုပ်မိလိုက်သလဲ အယ်လင်၊ သူ ကျွန်မကို ကြည့်လဲ မကြည့်ဘူး၊ လက်ဆွဲလဲ မနှုတ်ဆက်ဘူး၊ ကျွန်မ သူ့ကို သဘောကျတယ်ဆိုတာ ကျွန်မပြပါမယ်၊ ကျွန်မ သင့်သင့်မြတ်မြတ် နေချင်ပါတယ် အယ်လင်ရယ်”
ကက်သရင်း၏ အနမ်းကို ဟယ်ယာတန် နားလည် သဘောပေါက်ခြင်းရှိမရှိ ကျွန်မ မပြောတတ်ပါ။ သို့သော် သူသည် တစုံတခုကို စဉ်းစားနေပုံရပါသည်။ သူ ခေါင်းပြန်မတ်လာသောအခါ သူလည်း မျက်နှာမထားတတ်သလို ဖြစ်နေပါ၏။
ထိုစဉ်မှာပင် ကက်သရင်းသည် စာအုပ်လှလှတအုပ်ကို စာရွက်ဖြူ တရွက်ဖြင့် သေသေသပ်သပ် ထုပ်၍ ဖဲကြိုးစည်းပြီး “မစ္စတာဟယ်ယာတန် အန်းရှောသို့” ဟု လိပ်တပ်၍ ကျွန်မအား...
“သူ့ကို ပြောပါ၊ သူ ဒီစာအုပ်ကို လက်ခံယင် ကျွန်မ သူ့ကို စာသင်ပေးမယ်လို့၊ သူ လက်မခံယင် ကျွန်မ သူ့ကို နောက် ဘယ်တော့မှ မစတော့ဘူး ဆိုတာရယ်၊ ကျွန်မ အိမ်ပေါ် တက်သွားတော့မယ် ဆိုတာရယ် ပြောပေးပါ” ဟု တိုးတိုးဆိုပြီး ကျွန်မအား စာအုပ်ကို ဟယ်ယာတန်ထံ ပေးခိုင်းပါသည်။
ကျွန်မလည်း စာအုပ်ထုပ်ကို ဟယ်ယာတန်ကို ပေးပြီး ကက်သရင်း အပြောခိုင်းသည့်အတိုင်း ပြောလိုက်ပါသည်။ ဟယ်ယာတန်က စာအုပ်ထုပ်ကို မယူသဖြင့် ဒူးပေါ် တင်ပစ်ခဲ့ပါသည်။ သူ စာအုပ်ထုပ်ကို မတို့၊ မထိ၊ မကိုင်ပါ။ ကျွန်မလည်း ကက်သရင်းဆီ ပြန်လာခဲ့ပါသည်။ ကက်သရင်းသည် စားပွဲပေါ်မှာ ခေါင်းငုံ့နေပါ၏။ စာအုပ်ထုပ် ဖြေသံကြားမှပင် နေရာမှ ထသွားပြီး ဟယ်ယာတန်ဘေးမှာ အသာကလေး ဝင်ထိုင်လိုက်ပါသည်။ ဟယ်ယာတန်သည် ကတုန်ကယင် ဖြစ်နေပါသည်။ သို့သော် သူ့ မျက်နှာမှာ ဝင်းလက်နေပါ၏။ သူ့မျက်နှာပြင်တွင် ရှိုင်းစိုင်းကြမ်းတမ်းသော အသွင်တို့သည် မရှိတော့ပါ။ သို့သော် ကက်သရင်း၏ မျက်လုံးထဲက အမေးတို့ကို သူ မတုံ့ပြန်နိုင်သေးပဲ ရှိပါသည်။
“ကျွန်မကို ခွင့်လွှတ်တယ်လို့ ပြောစမ်းပါ ဟယ်ယာတန်၊ အဲဒီစကားကလေးလောက် ရှင်ပြောယင် ကျွန်မ ပျော်ရမှာပါရှင်”
ဟယ်ယာတန်က ခပ်တိုးတို့း ပြောလိုက်ပါ၏။ သူ့စကားကို မကြားရပါ။
“ဒါဖြင့် ရှင်နဲ့ ကျွန်မ အပေါင်းအသင်းတွေ ဖြစ်သွားပြီပေါ့နော်”
ကက်သရင်းက တုံ့ပြန်ပါလေသည်။
“မဟုတ်သေးဘူး၊ နင် ငါ့ကြောင့် နေ့တိုင်း အရှက်ရနေမှာပဲ၊ နင် ငါ့အကြောင်း သိရလေလေ နင် ရှက်ရလေလေ ဖြစ်နေမှာပဲ၊ အဲဒါကိုတော့ ငါ သည်းမခံနိုင်ဘူး”
“ဒါဖြင့် ရှင်က ကျွန်မနဲ့ အပေါင်းအသင်း မဖြစ်ချင်ဘူးပေါ့လေ’
ကက်သရင်း အပြုံးကား ပျားရည်ကဲ့သို့ပင် ချိုမြိန်လှစွာ၏။ ကက်သရင်းသည် ပြောယင်း ပြုံးယင်း ဟယ်ယာတန်အပါးသို့ တိုးကပ်သွားပါလေသည်။
သူတို့နှစ်ယောက် ဆက်ပြောသည့်စကားများကို ကျွန်မ မကြားရတော့ပါ။ သို့သော် သူတို့နှစ်ယောက်ကို ကြည့်ရသည်မှာ နှစ်ဦးစလုံး ကြည်နူးနေပုံ ရပါသည်။ နှစ်ဦးစလုံး စာအုပ်ပေါ်သို့ ငုံ့ကြည့်နေကြပါသည်။ နှစ်ဘက် သဘောတူညီမှုဖြင့် ရန်သူနှစ်ဦးသည် မပျက်ပြယ်သော မိတ်ဆွေ ဘဝသို့ ရောက်သွားကြပါလေတော့သည်။
သူတို့နှစ်ဦး စိုက်ကြည့်နေသော စာအုပ်မှာ အရုပ်တွေ မြိုင်ဆိုင်လှပါသည်။ သူတို့သည် ဂျိုးဆက် ပြန်လာသည်အထိ မလှုပ်မယှက် စာအုပ်မှာ အာရုံစိုက်နေကြပါလေ၏။ ဂျိုးဆက်သည် ထိုင်ခုံတခုတည်း၌ ထိုင်လျက် ကက်သရင်းက ဟယ်ယာတန် ပခုံး၌ လက်တင် မှီနေသည်ကို မြင်လိုက်ရသဖြင့် အတော်ကြီး အံ့အားသင့်သွားပါလေသည်။ သူသည် သက်ပြင်းကြီး ချပြီး သူ့နေရာတွင် သမ္မာကျမ်းစာကို စားပွဲပေါ်တင်ကာ ဖြန့်ချလိုက်ပါ၏။ အတန်ကြာလျှင် ဟယ်ယာတန်ကို ခေါ်ပြီး သခင့်အခန်းသို့ ပို့စရာရှိသည်များကို ပိုခိုင်းပါလေ၏။
ကျွန်မလည်း...
“ကက်သရင်းရေ၊ လာတော့၊ ကျုပ်လဲ မီးပူတိုက်ပြီးပြီ၊ သွားကြတော့မလား” ဟု မေးလိုက်ပါသည်။
“အခု ရှစ်နာရီမှ မထိုးသေးပဲ” ဟု ဆိုကာ မထချင်ထချင် ထလာပြီး ဟယ်ယာတန်အား “ဟယ်ယာတန်ရေ၊ ကျွန်မစာအုပ်ကို မီးခိုးခေါင်းတိုင်နားမှာ ထားခဲ့မယ်၊ မနက်ဖြန်ကျတော့လဲ နောက်ထပ် ယူလာဦးမယ်နော်” ဟု လှမ်းပြောလိုက်ပါသေးသည်။
‘မင်းချန်ခဲ့ယင် တို့ကတော့ ယူမှာပဲနော်' ဟု ဂျိုးဆက်က လှမ်းပြောလိုက်ပြန်ပါသည်။
ကေသီသည် ဂျိုးဆက်အား သူ့စာအုပ်ကို ယူလျှင် ဂျိုးဆက် စာအုပ်တွေကိုလည်း သူ ယူမည်ဟု ခြိမ်းခြောက်စကား ပြောပြီး ဟယ်ယာတန်အား ပြုံးပြလိုက်ပါသေးသည်။ ထို့နောက် အပေါ်ထပ်သို့ သီချင်းဆိုယင်း တက်သွားပါလေတော့သည်။ ကက်သရင်း မြူးနေသည်ဟု ကျွန်မ မှန်းဆနိုင်ပါသည်။ ဤအိမ်တွင် သူ့အဖို့ အစောပိုင်းကာလ လင်တန်နှင့် တွေ့ရစဉ်ကမှအပ ဤတကြိမ်သည် အရွှင်မြူးဆုံး ဖြစ်နေဟန် ရှိပါသည်။
ဤသို့ဖြင့် သူတို့သည် ရင်းနှီးသူများ အဆင့်မှ ချစ်သူများ အဆင့်သို့ ရောက်စေချင်ပါသည်။ ကျွန်မအနေနှင့် သူတို့နှစ်ယောက် အကြင်လင်မယား ဖြစ်သွားစေချင်ပါ၏။ သူတို့ လက်ထပ်ဖြစ်သောနေ့တွင် အင်္ဂလန်နိုင်ငံ၌ ကျွန်မထက် ပျော်မည့် မိန်းမစားမျိုး ရှိလိမ့်မည် မထင်ပါချေ။

Comments
Post a Comment