လေထန်ကုန်း_အခန်း (၃၀)_ကျော်လှိုင်ဦး

 

အခန်း [ ၃၀ ]

ကက်သရင်း အိမ်ကြီးမှ ထွက်သွားပြီးကတည်းက ကျွန်မ သူ့ကို မတွေ့တော့ပါ။ တခါမူ ကျွန်မ လေထန်ကုန်းအိမ်သို့ ရောက်ပါသေး၏။ အိမ်ဝတွင် ဂျိုးဆက်ကို တွေ့ရပါသည်။ ဂျိုးဆက်က ကျွန်မကို အိမ်ထဲဝင်ခွင့်မပြုပါ။ ကက်သရင်းအကြောင်း မေးသောအခါ ကက်သရင်း မကောင်းကြောင်းနှင့် သူ့သခင် မရှိကြောင်း ပြောပါ၏။ ဇီလာ ပြာပြသမျှသာ သူတို့အကြောင်းကို သိရပါသည်။

ဇီလာ၏ ပြောစကားအရ ဇီလာသည် ကက်သရင်းကို မာနကြီးသည် ထင်ပြီး ကက်သရင်းကို သူ သဘောမကျဟု ကျွန်မ ခန့်မှန်းရပါသည်။

ကက်သရင်းသည် အစပထမတွင် ဇီလာထံမှ အကူအညီ တောင်းပါသေးသည်။ သို့သော် မစ္စတာ ဟိကလစ်က ဇီလာအား ကတ်သရင်း၏ အလုပ်များတွင် ဝင်မကူရန်နှင့် သူ့ချွေးမ ကိစ္စကို သူ့ချွေးမဘာသာ လုပ်ဆောင်စေရန် ပြောထားပါသည်။ ဇီလာသည် စိတ်သဘောထား သေးသိမ်ပြီး ကိုယ်ချင်းစာတရား ခေါင်းပါးသူပီပီ သူ့သခင် စကားကို သဘောကျခဲ့ပါလေသည်။ ကက်သရင်းကလည်း ပထမတွင် အလေးမပေးကောင်းလား ထင်ခဲ့ပြီး မကြာမီအတွင်းမှာပင် မကျေနပ်စိတ် ပွားကာ သူ့ရန်သူ စာရင်းတွင် ထည့်လိုက်ပုံ ရပါသည်။

ကျွန်မသည် လွန်ခဲ့သော တလခွဲခန့် မစ္စတာ လော့ဝု ရောက်မလာမီကလေးတွင် ကွင်းထဲ၌ ဇီလာနှင့် တွေ့ပြီး စကားလက်ဆုံကျခဲ့ရာ ဇီလာက ဤသို့ ပြောပါလေ၏။

“မစ္စက်လင်တန်ဟာ အိမ်ကို ရောက်လာလာချင်းပဲ ကျွန်မနဲ့ ဂျိုးဆက်ကိုတောင် နှုတ်မဆက်ပဲ အိမ်ပေါ် တက်သွားပါတယ်၊ ပြီးတော လင်တန့် အခန်းထဲမှာ မနက်အထိ တံခါးပိတ် နေလိုက်ပါတယ်၊ မနက်ပိုင်း သခင် ဟီကလစ်နဲ့ အန်းရှောတို့ မနက်စောစာ စားချိန်ကျ အောက်ထပ် ဆင်းလာပြီး သူ့ခင်ပွန်း အတော်နေမကောင်း ဖြစ်နေလို့ ဆရာဝန် ခေါ်ပေးဖို့ ကတုန်ကယင်နဲ့ ပြောလိုက်ပါတယ်၊ ဒီတော့ သခင်က “ဟ၊ ဒါတော့ ငါတို့လဲ သိသားပဲ၊ ဒါပေမယ့် ဒီကောင် ဘဝက တပြားတောင်မှ တန်တာ မဟုတ်ပဲ သူ့အတွက် ငါ ပိုက်ဆံတပြားမှ အကုန်မခံနိုင်ဘူး” လို့ အော်ပြောလိုက်တယ်ရှင့်။

“ဒီတော့ မစ္စက်လင်တန်က “ကျွန်မလဲ ဘာလုပ်ရမှန်း မသိဘူး၊ သူ့အတွက် တယောက်ယောက်မှ အကူအညီ မပေးဘူးဆိုယင် သူသေရုံပဲ" လို့ ပြောတယ်၊ သခင်ကလဲ “ဒါဖြင့် နင် အခန်းထဲက ထွက်လိုက်ပေါ့၊ ဒီကောင့်အကြောင်း ငါ ဘာမှ မကြားချင်ဘူး၊ သူ ဘာဖြစ်ဖြစ် ဂရုစိုက်စရာလဲ မလိုဘူး၊ နင် မနေနိုင်ယင် နင်ဘာသာ ပြုစုပေါ့၊ မဟုတ်ယင် သူ့ကို အခန်းထဲထားပြီး သော့ပိတ်ထားလိုက်ပေါ့ဟ” လို့ ပြောသလေ၊ အဲဒီတော့ မစ္စက်လင်တန်က ကျွန်မကို အပူကပ်ပြန်တယ်။ ကျွန်မကလဲ ကျွန်မမှာ ကိုယ့်အလုပ်နဲ့ကိုယ် အလုပ်များနေတဲ့အကြောင်း၊ မစ္စက် လင်တန်အနေနဲ့ လင်တန်ကို ဂရုစိုက်ဖို့အကြောင်း ပြောလိုက်တယ်။ မစ္စတာ ဟိကလစ်ကလဲ ကျွန်မကို အကူအညီ မပေးစေချင်ဘူးရှင့်၊ ဒီနောက်တော့ သူတို့ လင်မယား ဘယ်လိုဆက် စခန်းသွားကြတယ်ဆိုတာ ကျွန်မ မပြောတတ်ပါဘူး၊ ကျွန်မအထင်တော့ လင်တန်ဟာ ဝေဒနာကို အသည်းအသန် ခံစားနေရပုံပဲ၊ တခါတခါတော့ မစ္စက်လင်တန်ဟာ မီးဖိုထဲ ရောက်လာတတ်တယ်၊ သူ တော်တော် စိတ်ရှုပ်နေပုံရတယ်၊ တယောက်ယောက်ဆီက အကူအညီ ရယူချင်ပုံလဲ ရတယ်။

“ကျွန်မဆိုတာကလဲ မစ္စက်ဒင်း သိတဲ့အတိုင်းပဲ၊ သခင့်စကားကို ဖီဆန်ရဲတာမှ မဟုတ်ဟာ၊ ဆရာဝန်မခေါ်တာ မဟုတ်မှန်းလဲ ကျွန်မ သိသားပဲ၊ ဒါပေမယ့် ဒါနဲ့ ပတ်သက်လို့ ကျွန်မ ဘာပြောသာမှာလဲ၊ သူတို့ သားအဖ၊ သမီးယောက္ခမကြားမှာလဲ ဝင်မရှုပ်ချင်ပါဘူး၊ တခါ နှစ်ခါလား ကျွန်မ အိပ်ရာဝင်ခါနီး တံခါးဝက လှမ်းကြည့်တော့ မစ္စက် လင်တန်တယောက် လှေကားထိပ်မှာ ထိုင်ပြီး ငိုနေတာ တွေ့ရတယ် ရှင့်၊ ကျွန်မလဲ ဘာမှ ဝင်မရှုပ်ချင်တာနဲ့ တံခါးပိတ်ပြီး အိပ်ပစ်လိုက်တယ်၊ ကျွန်မ သူ့ကို သနားပါတယ်ရှင်၊ ဒါပေမယ့် ရှင်သိတဲ့အတိုင်းပဲ ကျွန်မ အလုပ်ပြုတ် မခံနိုင်ဘူး။

“အဲဒီလိုနဲ့ တညကျတော့ မစ္စက် လင်တန်ဟာ ကျွန်မအခန်းထဲ စွတ်ဝင်လာပြီး “သူ့သား သေလုမျောပါးဖြစ်နေပြီလို့ မစ္စတာ ဟိကလစ်ကို ပြောပေးပါရှင်၊ ဒီတခါတော့ တကယ်ပဲ သူ သေတော့မှာပါ၊ မြန်မြန် သွားပြီး ပြောပေးပါရှင်” လို့ ထပ်တလဲလဲ ပြောပြီး သူ အခန်းထဲက ပြန်ထွက်သွားတယ်၊ ကျွန်မလဲ ရုတ်တရက် သွားမပြောသေးပဲ ဘာများ ဖြစ်မလဲလို့ ဆယ့်ငါးမိနစ်လောက် နားထောင်နေတယ်၊ လူကလဲ ကတုန်ကယင် ဖြစ်လာတယ်ရှင့်၊ ဆယ်ငါးမိနစ်လောက် ကြာတဲ့အထိ ဘာမှ ဖြစ်မလာဘူးရှင့်၊ တအိမ်လုံး တိတ်နေတာပဲ၊ ကျွန်မလဲ သူတော့ မှားပြီ၊ လင်တန် ပြန်ကောင်းသွားပြီ၊ သည်တော့ တခြားလူတွေကို အနှောင့်အယှက် မပေးတော့ပါဘူးဆိုပြီး အိပ်ပစ်လိုက်တယ်၊ ဒါပေမယ့် ဘာမှ မကြာပါဘူး၊ ခေါင်းလောင်းသံကြောင့် ကျွန်မ လန့်နိုးလာတယ်၊ အဲဒီ ခေါင်းလောင်းဟာ မစ္စတာ လင်တန် အတွက် တပ်ဆင်ပေးထားတဲ့ ခေါင်းလောင်းပါ၊ သခင်က ခေါင်းလောင်းသံကြောင့် ကျွန်မကို အခြေအနေ စုံစမ်းခိုင်းပါတယ်၊ ကျွန်မလဲ ခေါင်းလောင်းသံ နောက်ထပ် မကြားကြောင်း ပြောလိုက်ပြီး ကက်သရင်း အပြောခိုင်းတဲ့ စကားကို ပြောပြလိုက်ပါတယ်၊ အဲဒီတော့ မစ္စတာ ဟိကလစ်က ဖယောင်းတိုင်ကို ကိုင်ပြီး အခန်းထဲက ထွက်လာပါတယ်၊ ကျွန်မလဲ သူ့နောက်က လိုက်ပြီး ကက်သရင်းတို့အခန်းကို လိုက်ဝင်ခဲ့ပါတယ်၊ အဲဒီအချိန်မှာ ကက်သရင်းဟာ အိပ်ရာဘေးမှာ ငုတ်တုတ် ထိုင်နေပါတယ်၊ မစ္စတာဟိကလစ်က ရှေ့ကိုတိုးသွားပြီး လင်တန်ရဲ့ မျက်နှာကို ဖယောင်းတိုင် မီးရောင်နဲ့ ငုံ့ကြည့်လိုက်ပါတယ်။ အဲဒီနောက် လင်တန်ကို စမ်းကြည့်ပြီး ကက်သရင်း ဘက်ကို လှည့်ပြီးတော့ “ကဲ၊ ကက်သရင်း၊ နင် ဘယ်လို ခံစားရသလဲ” လို့ မေးလိုက်ပါတယ်။ ကက်သရင်းကတော့ မကြားသလို နှုတ်အနေပါတယ်။ ဒီတော့ မစ္စတာ ဟိကလစ်က “နင် ဘယ်လို ခံစားရသလဲဟ” လို့ ထပ်မေးပြန်ပါတယ်။

“အဲဒီတော့ ကက်သရင်းက “သူ ဝဋ်ကျွတ်သွားတာပေါ့၊ ကျွန်မလဲ လွတ်လပ်သွားပြီလေ၊ ဒါပေမယ့် ရှင်က ကျွန်မကို ဆက်ပြီး သေမင်းနဲ့ ရင်ဆိုင်ခိုင်းတာပဲ၊ ကျွန်မ သေခြင်းတရားကိုပဲ ခံစားရတယ်၊ သေခြင်းတရားကိုပဲ မြင်ရတယ်၊ ကျွန်မ သေခြင်းတရားကို ခံစားရတာကိုလဲ ကြိုက်တယ်” လို့ ဖြေလိုက်တယ်၊ သူ့ကြည့်ရတာကလဲ သူပြောတဲ့အတိုင်းပါပဲ၊ ကျွန်မ သူ့ကို ဝိုင်အရက် ထည့်ပေးလိုက်တယ်၊ အဲဒီ အချိန်မှာ ဟယ်ယာတန်နဲ့ ဂျိုးဆက်တို့လဲ ခေါင်းလောင်းသံကြောင့် နိုးလာပြီး အသံဗလံကြားရာ ကျွန်မတို့ အခန်းထဲ ဝင်လာကြတယ်၊ ဂျိုးဆက်ကတော့ သူ အလုပ်ပိုရဦးမှာကို သိပုံရတယ်၊ ဟယ်ယာတန်က စိတ်ပူသွားပုံရတယ်၊ ကက်သရင်းကိုလဲ စိုက်ကြည့်တယ်၊ အဲဒီတုန်းမှာပဲ သခင်က ဟယ်ယာတန်ကို သူ့အခန်း သူ ပြန်သွားဖို့ အမိန့်ပေးလိုက်တယ်၊ ပြီးတော့ ဂျိုးဆက်ကို လင်တန် ရုပ်အလောင်း သူ့အခန်းထဲ ရွှေ့ထားဖို့ ပြောလိုက်ပါတယ်၊ ကျွန်မကိုလဲ ကိုယ့်အခန်း ကိုယ် ပြန်ဖို့နဲ့ ကက်သရင်းကို အခန်းထဲမှာပဲ နေခဲ့ဖို့ ပြောလိုက်တယ်။

“မနက်ကျတော့ သခင်က ကျွန်မကို မစ္စလင်တန်ကို အခေါ်ခိုင်း လိုက်ပါတယ်၊ ကျွန်မ သူ့အခန်း ဝင်သွားတော့မှ သူဟာ အဝတ်လဲနေတာ တွေ့ရတယ်၊ ခုမှ အိပ်ရာဝင်တော့မယ့်ပုံပဲ၊ သူက ကျွန်မကို နေမကောင်းကြောင်း ပြောပါတယ်၊ ကျွန်မလဲ မစ္စတာ ဟိကလစ်ကို မစ္စက်လင်တန် နေမကောင်းကြောင်း ပြောလိုက်ပါတယ်၊ ဒီတော့ မစ္စတာဟိကလစ်က “ဒါဖြင့်လဲ သူ မသာကိစ္စပြီးတဲ့အထိ နေပေစေပေါ့ဗျာ။ ဒါပေမယ် သူ ဘာအလိုရှိသလဲ သွားမေးပါ၊ သူ နေကောင်းလာယင် ကျုပ်ကို လာပြောပေါ့” လို့ ပြောပါတယ်”

 

ဇီလာ ဆက်ပြောသော စကားများအရ ကေသီသည် အပေါ်ထပ်မှာပင် ရက်သတ္တနှစ်ပတ် ဆက်နေသည်ဟု သိရပါသည်။ ထိုကာလအတွင်း ဇီလာသည် ကေသီထံသို့ တနေ့နှစ်ကြိမ်ကျ သွားရောက်ခြင်းဖြင့် ပိုမို ရင်းနှီးသွားသည်ဟု ဆိုပါသည်။

တကြိမ်တွင် ဟိကလစ်သည် ကွယ်လွန်သူ လင်တန်၏ သေတမ်းစာကို ပြရန် ကက်သရင်းအခန်းသို့ ရောက်သွားသည်ဟုလည်း သိရပါသည်။ သေတမ်းစာ၌ လင်တန်သည် သူပိုင် သရတ်ကရော့အိမ်ခြံမြေ၊ ယာမြေနှင့်တကွ သူ့ဇနီးပိုင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းအားလုံးကို သူ့ အဖေဖြစ်သူ ဟိကလစ်အား လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြထားပါသည်။ ထိုသေတမ်းစာမှာလည်း ကက်သရင်း သူ့ အဖေထံသို့ ပြန်လာစဉ်က လင်တန်အား ခြိမ်းခြောက်ပြီး အရေးခိုင်းသော သေတမ်းစာ ဖြစ်ပါသည်။ စင်စစ် ယာမြေများကိစ္စမှာ အရေးမကြီးလှပါ။ သို့သော် မစ္စတာ ဟိကလစ်သည် လင်တန်နှင့် လင်တန်မယား ကက်သရင်းပိုင် ပစ္စည်းအားလုံးကို သူ ပိုင်ဆိုင်ပြီ ဖြစ်ကြောင်း တရားဝင် ပြသလိုက်ခြင်းပင် ဖြစ်ပါသည်။ ကက်သရင်းခမျာမှာ သူ့အဖို့ အခြေအနေမဲ့ ဖြစ်ရသည့်တိုင်အောင် ဟိကလစ်၏ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ပြဿနာ မလုပ်နိုင်ရှာပါပေ။

ယခု ဆက်လက်ဖော်ပြအံ့သည်တို့မှာ ဇီလာက ဆက်လက် ပြောပြသော အကြောင်းများ ဖြစ်ပါသည်။

 

ကက်သရင်း အခန်းထဲကို ကျွန်မကလွဲပြီး ဘယ်သူမှ မရောက်ပါဘူး၊ ဘယ်သူကမှလဲ သူ့အကြောင်းကို မမေးကြဘူးရှင့်၊ တနင်္ဂနွေနေ့ တနေ့မှာတော့ သူ အောက်ထပ်ကို ဆင်းလာတယ်လေ။ အဲဒီနေ့ ညနေပိုင်းမှာ ကျွန်မက သူ့အဖို့ စားသောက်စရာ သွားပို့တော့ သူ အေးလွန်းရှာလို့ ဆိုပြီး ငိုနေတယ်၊ ဒါနဲ့ ကျွန်မက အိမ်မှာ သခင်မရှိတဲ့ အကြောင်းနဲ့ အောက်ထပ်မှာ ကျွန်မနဲ့ ဟယ်ယာတန်တို့သာ ရှိတဲ့အကြောင်း ပြောလိုက်တယ်၊ ဟိုကလစ် မြင်းစီးထွက်သွားသံလဲ ကြားရော သူ အိမ်ပေါ်က ဆင်းလာတယ်၊ အဲဒီအချိန်က အနက်ရောင် ဝတ်စုံကို ဝတ်ထားတယ်၊ နောက်ဘက်က ဆံပင်ဝါဝါကလေးကို ရိုးရိုးကလေးပဲ ဖြီးထားတယ်ရှင့်။

“တနင်္ဂနွေနေ့ဆိုယင် ကျွန်မနဲ့ ဂျိုးဆက်က ဘုရားရှိခိုးကျောင်း သွားလေ့ရှိတယ်၊ အဲဒီနေ့ကတော့ ဂျိုးဆက်သာ ထွက်သွားပြီး ကျွန်မကတော့ အိမ်မှာပဲ နေမယ်ဆိုပြီး နေနေခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ လူငယ်တွေချည်း ကျန်ခဲ့လို့ ကျွန်မအနေနဲ့ ကြည့်ရှုဖို့လိုတယ် မဟုတ်လား၊ ဟယ်ယာတန်ကတော့ ကက်သရင်း အခန်းထဲ ဝင်လာတော့ ရှက်ကိုးရှက်ကန်း ဖြစ်နေသေးတယ်၊ ကျွန်မက သူ.ညီမကလေး လာမယ့်အကြောင်း ပြောထားတာနဲ့ သူလဲ အိမ်ထဲက အလုပ်တွေပစ်ပြီး ကျွန်မတို့နဲ့ လာထိုင်တယ်။

“ဒီမှာ မစ္စက်ဒင်းရဲ့၊ ကက်သရင်းဟာ ဘာပဲပြောပြော ဟယ်ယာတန် အတွက် သဘောကျစရာပဲ မဟုတ်လား၊ ကက်သရင်း အခန်းထဲ ဝင်လာတော့ ကျွန်မက ထိုင်နေတဲ့ ပက်လက်ကုလားထိုင်က ထပြီး သူ့ကို နေရာပေးပါတယ်၊ ဟယ်ယာတန်ကလဲ မီးဖိုနားက သူ ထိုင်နေတဲ့ ခုံတန်းလျားကထပြီး ခမျာ ချမ်းရှာမှာပဲဆိုပြီး နေရာပေးပါတယ် ကက်သရင်းကတော့ “ကျွန်မ တလလုံးလုံး အအေးခံနေရတာပါရှင့်” လို့ ဆိုပြီး တခြားကုလားထိုင်တလုံးမှာ သူ့ဘာသာ ဝင်ထိုင်တယ်၊ “အဲဒီ ကုလားထိုင်က ကျွန်မတို့နှစ်ယောက်စလုံးနဲ့ ခပ်လှမ်းလှမ်းမှာရှင့်။ သူ မီးလင်းဖိုနား ထိုင်မိပြီး အနွေးဓာတ်ကလေး ရလာတော့မှ အခန်းတွင်း အခြေအနေကို ကြည့်ဘယ်၊ အဲဒီတွင် ဗီရိုကြီးတခုပေါ်မှာ စာအုပ်တွေ သွားကွေ့တာကိုး၊ သူက ချက်ချင်းထပြီး စာအုပ်ကို ယူဖို့ကြိုးစားတယ်၊ ခြေဖျားထောက်ပြီး စာအုပ်ကို လက်လှမ်းပေမယ် ဗီရိုက သိပ်မြင့်နေတယ်ရှင့်၊ ဟယ်ယာတန်က ကက်သရင်းလုပ်ပုံကို ခဏကလေး စိုက်ကြည့်နေပြီး ဗီရိုပေါ်က စာအုပ်ကို လှမ်းယူပေးလိုက်တယ်၊ ဒါပေမယ့် ကက်သရင်းကတော့ ကျေးဇူးတင်ပါတယ်လို့တောင် မပြောဘူး၊ ဟယ်ယာတန်ကတော့ သူယူပေးတဲ့ စာအုပ်ကို ကက်သရင်းက လက်ခံလို့ ကျေးဇူးတင်နေပုံပဲ။

“ပြီးတော့ ဟယ်ယာတန်ဟာ အရဲစွန့်ပြီး ကက်သရင်းနောက် လာရပ်ပြီး ကက်သရင်း ဖတ်နေတဲ့ စာအုပ်က အရုပ်ကလေးတွေကို လိုက်ကြည့်နေတယ်၊ ဒါကို ကက်သရင်းက သဘောကျပုံ မရဘူး၊ နောက်ပိုင်းကျတော့ ဟယ်ယာတန်ဟာ စာအုပ်ကိုမကြည့်ပဲ ကက်သရင်းရဲ့ နောက်ပိုင်း ဆံပင်ကိုသာ စိုက်ကြည့်နေတယ်၊ ကက်သရင်းကတော့ စာအုပ်ကို ဆက်ဖတ်သလို ဖတ်စရာရှာသလို လုပ်နေတယ် ဟယ်ယာတန် ကက်သရင်းကို နောက်ပိုင်းကနေ ကြည့်ယင်း ကက်သရင်းရဲ့ ပိုးသားလို ဆံပင်စတွေဆီကို အာရုံရောက်သွားတယ်ရှင့်၊ အဲဒီအချိန်က သူကလဲ ကက်သရင်းမျက်နှာကို မမြင်ရဘူး၊ ကက်သရင်းကလဲ သူ့မျက်နှာကို မမြင်ရဘူး၊ ဟယ်ယာတန်ဟာ ကက်သရင်းဆံပင်ကို စိုက်ကြည့်ယင်း ဆံပင်စကလေးတွေကို စိတ်ဝင်စားသွားပုံ ရပါတယ်၊ ဆံပင်စကို ကိုင်ကြည့်လိုက်တယ်ရှင့်၊ အဲဒါကိုပဲ ကက်သရင်းက သူ့လည်ပင်းကို ဓားထိုးခံရသလောက် ထင်သွားပြီး “ရှင် ဒီမှာ လာရှုပ်မနေနဲ့၊ ရှင် ကျွန်မ ဆံပင်ကို ဘာလို့ ကိုင်ရတာလဲ၊ ရှင် ကျွန်မအနား ဘာလုပ်နေတာလဲ၊ ရှင် ဒီနားမှာနေယင် ကျွန်မ အပေါ်ပြန်တက်သွားမယ်” လို့ အတော်ကြီး စက်ဆုပ်မုန်းတီးဟန်နဲ့ အော်ပြောလိုက်တယ်။

“အဲဒီမှာ ဟယ်ယာတန်လဲ ခွတီးခွကျဖြစ်သွားပြီး သူ့ခုံတန်းလျားမှာ သူ ပြန်ဝင်ထိုင်လိုက်တယ်၊ ကက်သရင်းကတော့ စာအုပ်ကို ဆက်ကြည့်နေတယ်၊ အဲဒီတုန်းမှာပဲ ဟယ်ယာတန်က ကျွန်မနားကပ်ပြီး “ဇီလာရယ်၊ သူ့ကို ကျွန်တော်တို့ကြားရအောင် အဖတ်ခိုင်းပါဗျာ၊ ကျွန်တော် ကြားချင်ပေမယ့် မပြောရဲဘူးဗျ၊ ဒါပေမယ်. ကျွန်တော်က ဖတ်ခိုင်းတာလို့ မပြောပါနဲ့၊ ခင်ဗျားဘာသာ ပြောပါ” ဟု ပြောလာသဖြင့် ကျွန်မက “မိန်းကလေးရယ်၊ မစ္စတာ ဟယ်ယာတန်က မင်း စာဖတ်ပြတာကို နားထောင်ချင်လို့တဲ့ကွယ်၊ ဖတ်ပြလိုက်ပါ” လို့ ပြောလိုက်မိ တယ်။

“ဒီတော့ ကက်သရင်းက မျက်မှောင်ကုပ်ကြည့်ပြီး “ဒီမှာ မစ္စတာ ဟယ်ယာတန်ရဲ့၊ ရှင်တို့က ကျွန်မကို ကြင်နာယောင် ဆောင်နေတာ သိသာပါတယ်၊ တကယ်တော့ ရှင်တို့ဟာ ဟန်ဆောင်နေတာပဲ၊ ကျွန်မ မကြိုက်ဘူး၊ ရှင်တို့ကိုလဲ ဘာမျှ ပြောစရာ မလိုဘူး၊ ကျွန်မမှာ ဒုက္ခတွေ့နေရတုန်းက ရှင်တို့ကို တယောက်မှ မတွေ့ရဘူး၊ ဒါကိုလဲ ကျွန်မ အပြစ်ပြောတာ မဟုတ်ဘူး၊ ခုဟာလဲ ကျွန်မ ချမ်းလွန်းလို့ ဆင်းလာတာပဲ၊ ရှင်တို့ကို ဖျော်ဖြေဖို့လဲ မဟုတ်ဘူး၊ ရှင်တို့နဲ့ ရောနှော ပျော်ရွှင်ဖို့လဲ မဟုတ်ဘူး” လို့ ပြောလိုက်ပါတယ်၊ ဟယ်ယာတန်က “ငါက ဘာတတ်နိုင်မှာလဲဟ၊ ဒါကိုပဲ ငါ့ကို အပြစ်တင်ရတယ်လို့ဟာ” လို့ ပြောလိုက်တယ်၊ ဒီတော့ ကက်သရင်းက “ဟုတ်ပါတယ်လေ၊ ရှင်နဲ့ ဘာမှ ဆိုင်တာ မဟုတ်ပဲ” လို့ ပြောတော့ “ဒါပေမယ်. ငါ မစ္စတာ ဟိကလစ်ကို ထခါမက ပြောပါသေးတယ်၊ နင့်ကိုကူညီဖို့” လို့ ပြောလို့မှ စကားမဆုံးသေးဘူး၊ ကက်သရင်းက “တော်စမ်းပါ၊ ရှင့် အသံကြီးကို ကျွန်မ မကြားချင်ဘူး၊ ကျွန်မ ထွက်သွားမယ်” လို့ ပြောလိုက်တယ်။

“အဲဒီတော့ ဟယ်ယာတန်လဲ တော်တော် စိတ်ပျက်သွားတယ်၊ ကက်သရင်းကလဲ မာနကြီးသားကလား၊ ကျွန်မတို့က သူ့ကို ရောရော နှောနှော နေဖို့ ကြီးစားပေမယ့် မရဘူး၊ ဘယ်နှယ့်ရှင်၊ ကျွန်မတို့လဲ သူလို မာနရှိတာပဲဟာ၊ ကြာတော့ ကျွန်မတို့ကြားမှာ သူ့အဖို့ ခင်စရာ လူ မရှိပဲ ဖြစ်လာတယ်၊ ကျွန်မတို့က သူ့ကို စကား မပြောကြတော့ဘူး၊ ပြောလိုက်ပြန်ယင်လဲ သူက ဘယ်သူ့မှ ဂရုစိုက်စရာ မလိုတဲ့အနေနဲ့ နှုတ်လှန်ထိုးတော့တာပဲ၊ သူက မစ္စတာဟိကလစ်တောင် ငုံခံတာ မဟုတ်ဘူး၊ ကြာတော့ သူလဲ အဆိပ် ပိုပြင်းလာတာပေါ့ရှင်’

ဇီလာ ပြောပြသော စကားကို ကြားရသောအခါ ကျွန်မသည် ပထမတွင် အလုပ်က ထွက်ပြီး အိမ်ကလေးတလုံး၌ ကက်သရင်းနှင့် အတူနေရန် စိတ်ကူးရမိပါသေးသည်။ သို့သော် ဤသို့သာဆိုလျှင် မစ္စတာ ဟိကလစ်သည် ဟယ်ယာတန်ကိုလည်း ဤသို့ သီးခြားနေခွင့် ပြုပေလိမ့်မည်ဟု တွေးမိသဖြင့် ကျွန်မ လက်လျှော့လိုက်ရပါသည်။ ကက်သရင်းနှင့် ပတ်သက်၍ ကျွန်မ လွတ်လမ်းမမြင်တော့ပါ။ ကက်သရင်း နောက်အိမ်ထောင် ပြုလိုက်မှသာ ကျွန်မအကြံ ထမြောက်ပေမည်ဟု တွေးမိပါလေ၏။

ဤသို့လျှင် မစ္စက်ဒင်းသည် သူပြောနေသော ဇာတ်လမ်းကို အဆုံးသတ် လိုက်ပါလေသည်။ ဆရာဝန်က မည်သို့ ဆိုစေကာမူ ကျွန်ုပ်၏ ကျန်းမာရေး အခြေအနေမှာ လျင်မြန်စွာပင် ပြန်လည် ကောင်းမွန်လာပါလေသည်။ ဇန်နဝါရီလတွင်း ဆောင်းရာသီကာလ ဖြစ်စေကာမူ ကျွန်ုပ်သည် ဤ တရက်နှစ်ရက်အတွင်း လေထန်ကုန်းသို့ သွားရောက်၍ ကျွန်ုပ် လန်ဒန်သို့ ပြန်တော့မည်ဟု အကြောင်းကြားရန် စိတ်ကူးလိုက်ပါသည်။ သို့မှလည်း သူ့အဖို့ နောက်ဆောင်းရာသီအတွက် အိမ်ငှား ရှာနိုင်မည် ဖြစ်ပါသည်။ ကျွန်ုပ်အဖို့ကား နောက်ထပ် ဆောင်းရာသီတွင် လာရောက်နေထိုင်ရန် အာသီသ သိပ်မရှိလှပါချေ။

Comments