အခန်း [ ၂၇ ]
ကုန်ဆုံးသွားသော ခုနစ်ရက်အတွင်းမှာပင် အက်ဂါလင်တန်၏ ကျန်းမာရေး အခြေအနေသည် သိသိသာသာပင် ယိုယွင်းလာပါလေ၏။ ကက်သရင်းသည် သူ့အဖေ၏ အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ပူပန်လာလေပြီ။ ထို့ကြောင့် ကြာသပတေးနေ့ ရောက်လာသော်လည်း သူသည် လင်တန်နှင့် သွားရောက် တွေ့ဆုံရေးကို စကား မစပါလေ။ ကျွန်မက သတိပေးရပါလေသည်။ ခမျာမှာ သူ့အဖေထံ ခွင့်တောင်းဖို့ ဝန်လေး နေရှာပါသေးသည်။ သူ့အဖေကို အမြဲမပြတ် စောင့်ကြည့်ယင်း မျက်နှာ၌ ဝမ်းနည်းရိပ် သမ်းနေတတ်ပါသည်။ ကျွန်မက သူ့အဖေထံတွင် အပြင်သွားရန် ခွင့်တောင်းပါဟု ပြောယူရပါသည်။ သူ့ အဖေကလည်း သူ့သမီး အာရုံပြောင်းသွားစေချင်ပုံ ရပါသည်။ သူ မရှိတော့သည့်တိုင်အောင် သူ့သမီးမှာ တွယ်တာစရာ ရှိစေချင်ပုံလည်း ပါသည်။
ထို့ပြင် လင်တန်ကလေးထံမှ စာများအရ အက်ဂါလင်တန်သည် တူကလေးကို သူနှင့်ထပ်တူ သူ့သမီးဖို့ တွယ်တာစရာ ဖြစ်နိုင်သည်ဟု ယုံကြည်ထားပုံ ရပါသည်။ လင်တန်ကလေးကလည်း သူဦးကြီးထံ ရေးသော စာများတွင် သူ့ဘက်က ချွတ်ယွင်းချက်များကို အရိပ်အရောင်မျှ မတွေ့ရလေအောင် ရေးလေ့ရှိပါ၏။ ထိုကြောင့်လည်း သူ့သမီးအား သူ့တူကလေးနှင့် တွေ့ရေးကို ခွင့်ပေးလိုက်ခြင်းလည်း ဖြစ်နိုင်ပါသည်။
သို့သော် ကျွန်မတို့သည် ညနေပိုင်းအထိ အချိန် ဆိုင်းနေလိုက်ကြပါသည်။ ဩဂုတ်လ၏ ညနေစောင်းသည် လင်းလက်နေပါ၏။ တောင်ကုန်းများပေါ်မှ ဖြတ်လာသော လေညင်းသည် အရာရာကို ရှင်သန် နိုးကြားစေသည့်အသွင်ကို ဆောင်နေပါလေသည်။ မြေအပြင်ရှုခင်းတွင် နေရောင်နှင့် အရိပ်တို့သည် ဖြတ်ကနဲ ဖြတ်ကနဲ ပြောင်းလဲနေပါသည်။ ကက်သရင်း မျက်နှာပြင်သည် မြေပြင်ရှုခင်းနှင့် တူလှစွာ၏။ သို့သော် အရိပ်သည် ကြာမြင့်စွာ ထိုးကျနေတတ်ပြီး နေရောင်ကား ပြိုးပြက်ရုံမျှသာ ထင်လာတတ်ပေသည်။ ကက်သရင်းသည် လင်တန်အား ကတိပေးခဲ့မိသည့်အတွက် မှားလေခြင်းဟု အထင်ရောက်နေပုံ ရပါသည်။
လင်တန်သည် ယခင်နေရာမှာပင် စောင့်နေမည်ကို ကျွန်မတို့ သိပါသည်။ ထိုနေရာသို့ ရောက်လျင် ကက်သရင်းသည် မြင်းပေါ်မှ ဆင်းပြီး သူ ခဏလေးသာ လင်တန်နှင့် တွေ့မည်ဖြစ်၍ ကျွန်မအား မြင်းပေါ်မှသာ စောင့်နေရန် ပြောပါသည်။ ကျွန်မ သဘောမတူပါ။ ကျွန်မ ကက်သရင်းကို မျက်စိအောက်မှ တမိနစ်မျှပင် အပျောက်ခံ၍ မဖြစ်ပါ။ ထို့ကြောင့် ကျွန်မလည်း မြင်းပေါ်မှဆင်းပြီး လင်တန်ရှိရာ မြေကွက်လပ်သို့ ကက်သရင်းနှင့် အတူ ဆင်ခြေလျှော အတိုင်း တက်လိုက်ခဲ့ပါသည်။ လင်တန်သည် ကျွန်မတို့ကို မြင်သည်နှင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားပါသည်။ သို့သော် သူ လှုပ်လှုပ်ရှားရှား ဖြစ်သွားပုံမှာ ပျော်ရွှင်သည့် အသွင်လည်း မပေါ်။ ကျေနပ်သည့်အသွင်လည်း မပေါ်ပဲ ချောက်ချားနေပုံ ရပါသည်။
'နောက်ကျလိုက်ထာ၊ မင်းအဖေ အတော်ကြီး နေဆိုးရှာနေတယ် မဟုတ်လား၊ ကိုယ်က မင်းလာလိမ့်မယ်တောင် မထင်ဘူး ́ စကားကို မနည်းကြီးအားယူ ပြောနေရရှာပါသည်။
“မင်း ဘာဖြစ်လို့ ပွင့်ပွင့် လင်းလင်း မပြောရတာလဲ လင်တန်"
ကက်သရင်းသည် နှုတ်ဆက်စကားပင် ဆိုမနေတော့ပဲ ဟောဟော ဒိုင်းဒိုင်း အော်ပြောလိုက်ပါသည်။
“မင်း ကိုယ်နဲ့ မတွေ့ချင်ဘူးလို့ ဘာကြောင့် တခါတည်း ပြောမချလိုက်ရတာလဲ၊ တကယ်တော့ ဘာအကြောင်းမှမရှိပဲ နှစ်ယောက်စလုံး စိတ်ညစ်ရအောင် မင်း နောက်တကြိမ် ထပ်ချိန်းတာ အံ့ဩစရာတော့ အကောင်းသား"
လင်တန်သည် ကတုန်ကယင် ဖြစ်နေပါသည်။ ကက်သရင်းကို စိုက်ကြည့်နေသော်လည်း သူ မျက်နှာထားမှာ အသနားခံနေပုံလည်း ရသည်။ ရှက်နေပုံလည်း ရပါသည်။ သို့သော် ကက်သရင်းသည် လင်တန့် အမူအရာကို ဂရုထားပုံ မပေါ်ပါ။
“ဟုတ်တယ်၊ ကိုယ့်အဖေ အတော်ပဲ နေမကောင်း ဖြစ်နေတယ်။ ဒါနဲ့တောင် မင်း ကိုယ့်ကို ဘာလို့ ချိန်းရတာလဲ၊ တကယ်ဆို မင်း ဒါကို သိထားယင် ကိုယ့်ကို မလာခဲ့ဖို့ ပြောပါလား၊ ကိုယ်ကတော့ ကတိပေးထားမိလို့ လာရတာ၊ ကိုယ်တို့ဟာ ကလေးစိတ်နဲ့ ဆော့ကစားနေဖို့ မဟုတ်ဘူး၊ မင်းကို ဖျော်ဖြေတဲ့အနေနဲ့ မင်းဘေးမှာ လာပြီးလဲ ကပြ မနေနိုင်ဘူး"
“ကိုယ့်ကို ဖျော်ဖြေဖို့၊ ဟုတ်လား၊ မဟုတ်တာကွယ်၊ မင်း ကိုယ့်ကို စိတ်မဆိုးပါနဲ့၊ မင်း ကိုယ့်ကို လှောင်ချင် လှောင်ပါ။ သရော်ချင် သရော်ပါ၊ တကယ်တော့ ကိုယ်ဟာ ဘာမှ အသုံးမကျတဲ့ အကောင်၊ သူရဲဘောကြောင်တဲ့ အကောင်ပါ၊ ကိုယ့်လိုအကောင်မျိုးကို မင်း ဒေါသ မဖြစ်သင့်ပါဘူး၊ မင်း ကိုယ့်အဖေကို မုန်းချင်မုန်းပါ၊ ကိုယ့်ကိုတော့ အပြစ်မယူပါနဲ့”
ကက်သရင်းသည် ဒေါပူနေပါလေပြီ။
“အိုး....အဓိပ္ပာယ် မရှိတာပဲ၊ တကယ် ကလေးကလေး ကျနေတာပဲ၊ ကြည့်စမ်းပါဦး၊ ငါက ဘာမှ မလုပ်ရသေးဘူး၊ သူကပဲ တုန်နေရတယ် ရှိသေးတယ်၊ တော်စမ်းပါ လင်တန်ရယ်၊ မင်းမှာ အပြစ်မရှိဘူးဆိုတာလဲ ပြောမနေပါနဲ့၊ ဖယ်ပါ၊ ကိုယ်အိမ်ပြန်မယ်၊ ကိုယ့်အင်္ကျီကို ဆွဲမထားပါနဲ့၊ မင်း ဒီလို ငိုလား ယိုလား၊ ကြောက်သလို လုပ်လား လုပ်နေလို့ ကိုယ် သနားမယ် ဆိုဦးတော့ မင်း အဲဒီလို သနားတာမျိုးကို မခံယူသင့်ဘူး၊ အယ်လင်ရယ်၊ ကြည့်စမ်းပါဦး၊ ယောက်ျားကလေးတဲ့၊ အရှက်မရှိ လုပ်နေလိုက်တာ၊ ငိုနေသတဲ့၊ ကဲ....ထစမ်းပါ၊ မြေကြီးပေါ် လှဲပြီး ကိုယ့်အင်္ကျီ ဆွဲထားတာ မင်း မရှက်ဘူးလား”
လင်တန်ကလေး မျက်နှာမှာ ထိတ်လန့် ချောက်ချားခြင်း၊ စိတ်ညစ်ညူးခြင်းအသွင်များ လွှမ်းမိုးနေပါသည်။ မြေကြီးပေါ် လှဲချလိုက်သော သူ့ခန္ဓာကိုယ်မှာလည်း အကြောဆွဲသလို တဆန့်ဆန့် တငင်ငင် ဖြစ်နေပါသည်။ သူသည် တစုံတရာကို အကြောက်ကြီး ကြောက်နေရဟန်လည်း ရှိပါ၏။
“အို.... ကက်သရင်းရယ်၊ ကိုယ် ပြောချင်တယ်။ ဒါပေမယ့် ကိုယ် မပြောရဲဘူး၊ ဒီတော့ မင်းကိုယ့်ကို စွန့်သွားချင်သွားပါ၊ ကိုယ် အသတ်ခံရမှာပဲ၊ ခုအချိန်မှာ ကိုယ့်အသက်ဟာ မင်းလက်ထဲမှာပါ ကက်သရင်း ရယ်၊ မင်း ကိုယ့်ကို ချစ်တယ်လို့ ပြောစမ်းပါ၊ မင်းကိုယ့်ကို ချစ်လိုက်လို့ ဘာအန္တရာယ်မှ မဖြစ်နိုင်ပါဘူး၊ မင်းဟာ အကြင်နာတရားလဲရှိပါတယ်၊ သဘောလဲ ကောင်းပါတယ် ကက်သရင်းရယ်၊ မင်း မသွားပါဦးလား ကွယ်၊ မင်း သဘောတူယင် ကိုယ့်ကိုလေ မင်းလက်ထဲမှာ အသေခိုင်းပါကွယ်"
လင်တန်ကလေးမှာ စိတ် ကယောက်ကယက် ဖြစ်ပြီး လူပုံမှာလည်း အတော်ချောက်ချား နေပါ၏။ ကက်သရင်းသည် လင်တန်ကို ဆွဲယူရန် ခါးကုန်းလိုက်ပြီးမှ လင်တန်၏ စကားကြောင့် စိတ်ရှုပ်သွားပြန်ကာ …
“နေပါဦး၊ နေပါဦး၊ ကိုယ်က ဘာလို့ သဘောတူရမှာလဲ၊ ဘာလဲ၊ မင်းနဲ့ဆက်နေဖို့ သဘောတူရမှာလား၊ ပြောစမ်းပါဦး၊ မင်း ပြောလိုက်တဲ့ စကားကလဲ ထူးဆန်းနေပါကလား၊ မင်းစကားတွေကိုက ရှေ့နောက်လဲ မညီဘူး။ ဒီတော့ မင်း စိတ်အေးအေး ထားပြီး မင်း ရင်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောစမ်း လင်တန်၊ မင်း ကိုယ့်ကို စိတ်ရှုပ်အောင် မလုပ်စမ်းနဲ့၊ မင်းသာ တတ်နိုင်ယင် ကိုယ့်ကို အန္တရာယ်ပြုမယ့် အရာဟူသမျှကို မင်း ထားနိုင်ပါတယ်၊ ဒါပေမယ် မင်းဟာ သူရဲဘောနည်းတယ်လို့ ကိုယ် ထင်တယ်၊ ဒါပေမယ့် မင်း သူငယ်ချင်းတယောက် အပေါ် သစ္စာဖောက်လောက်အောင်တော့ သူရဲဘော မနည်းသင့်ဘူး” ဟု ပြောလိုက်ပါလေသည်။
"ဒါပေမယ့် အဖေက ကိုယ့်ကို မပြောရဘူးတဲ့၊ အဖေ့ကို ကိုယ် ကြောက်တယ်၊ ကိုယ် မပြောရဲဘူး"
“ကောင်းပြီ၊ ဒါဖြင့် မပြောနဲ့၊ မင်း လျှို့ဝှက်ချက်ကို မင်း ဆက်ပြီး လျှို့ဝှက်ထား၊ ကိုယ်ကတော့ ရှင်းရှင်းပဲ၊ ဘာကိုမှ မကြောက်ဘူး၊ မင်းသာ သူရဲဘောကြောင်တာ၊ ကိုယ် သူရဲဘော မကြောင်ဘူး”
ကက်သရင်း၏ စကားက လင်တန့် မျက်ရည်စကို ချူပေးလိုက်သလို ဖြစ်သွားပါလေ၏။ လင်တန်ကလေးသည် ထောက်ထားသော ကက်သရင်း လက်ကို နမ်းရှုပ်လျက် မထိန်းနိုင် မသိမ်းနိုင် ငိုချလိုက်ပြန်ပါသည်။ စကားကိုပင် မပြောနိုင်ရှာတော့ပါ။ လင်တန် မပြောရဲသော စကား၏ လျှို့ဝှက်ချက်ကို ကျွန်မသည် အလေးအနက် ဆင်ခြင်သုံးသပ်ပြီး ကက်သရင်းသည် လင်တန့်အတွက် ဖြစ်စေ၊ အခြားသူ တဦးအတွက် ဖြစ်စေ လိုက်လျော မနေသင့်တော့ဟု ဆုံးဖြတ်လိုက်ပါသည်။ ထိုစဉ်မှာပင် လှုပ်လှုပ်ရှားရှား အသံတသံ ကြားရသဖြင့် စောင့်ကြည့်လိုက်ရာ တောင်ကုန်းပေါ်မှ ဆင်းလာပြီး ကျွန်မတို့အနားသို့ ရောက်လာသော မစ္စတာ ဟိကလစ်ကို တွေ့လိုက်ရပါလေသည်။
လင်တန်ကလေး၏ ရှိုက်သံကို ကြားနိုင်သော နေရာသို့ ရောက်လာသည့်တိုင်အောင် ကက်သရင်းကို မကြည့်ပဲ ကျွန်မအားသာ စိတ်လိုလက်ရ နှုတ်ဆက်ပြီး......
“နယ်လီတို့ပါကလား၊ ခင်ဗျားတို့အိမ်က အခြေအနေ ပြောစမ်းပါဦး၊ အပြင်မှာတော့ အက်ဂါလင်တန် တယောက် သေကောင်ပေါင်းလဲ ဖြစ်နေတယ်လို့ ပြောကြတယ်၊ လူတွေကလဲ ချဲ့ကား ပြောကြတယ် ထင်ပါရဲ့ဗျာ"
“ဟုတ်ဘူးရှင့်၊ ကျွန်မတို့သခင် သေလုမျောပါး ဖြစ်နေတာတော့ အမှန်ပဲရှင့်၊ ကျွန်မတို့ စိတ်မကောင်းပါဘူးရှင်၊ သူ့အဖို့ ဆုတောင်းပေးရုံပဲ ရှိတော့တာပေါ့"
“ဘယ်လောက်ကြာ ခံဦးမယ်လို့ ခင်ဗျား ထင်သလဲ”
“အဲဒါတော့ မပြောတတ်ဘူးရှင့်”
သူသည် သူ့မျက်စိအောက်တွင် ရှိနေသော လူငယ်နှစ်ယောက်ကို စိုက်ကြည့်နေပါ၏။ လင်တန်သည် ခေါင်းမဖော်ရဲပဲ ဖြစ်နေပါသည်။ သူ့အနားသို့ ရောက်လာမှန်း သတိပြုမိသော ကက်သရင်းလည်း ငြိမ်နေပါလေသည်။ သူသည် သူတို့နှစ်ယောက်ကို စိုက်ကြည့်ယင်း စကားဆက်ပြန်ပါလေ၏။
“ဟိုကောင့် ကျန်းမာရေး အခြေအနေကြောင့် ကျုပ်တော့ ကျုပ် ရည်ရွယ်ချက်တွေ ပျက်တော့မှာပဲ ထင်နေတာ၊ ခုအတိုင်းဆိုတော့ ဟိုကောင် မသေခင် သူဦးကြီးက အလျင်သေတော့မှာဆိုတော့ သူဦးကြီးကိုတောင် ကျုပ် ကျေးဇူးတင်ရဦးမယ်၊ ကြည့်စမ်းပါဦးဗျာ၊ ဒီကောင်နာ ကလေးကလဲ ဒီလိုပဲ တငိုငို တယိုယိုနဲ့ပဲလားဗျ၊ မင်း ဒီလို လုပ်လွန်းလို့ ကျုပ် ဆော်ရနှက်ရပေါင်းလဲ များပြီ၊ မစ္စလင်တန်နဲ့တော့ ပျော်ပျော်ရွှင်ရွှင် နေရဲ့လားဗျ"
'ပျော်ပျော်ရွှင်ရွှင် ဟုတ်လား၊ မနေပါဘူးတော်၊ သူ့ကြည့်လိုက်ယင် မြဲတမ်း စိတ်ညစ်နေတာပဲ၊ သူ့လို လူမျိုးဟာ တောင်ကုန်းတွေပေါ်မှာ အတွဲနဲ့ ပျော်နေရမယ့်အစား အိပ်ရာထဲမှာ ဆရာဝန် အပြုအစုနဲ့ နေသင့်တာပါရှင်”
“အင်း တရက် နှစ်ရက်အတွင်းတော့ ဆရာဝန် ခေါ်ရမှာပဲ၊ ဟေ့ လင်တန် ထကွာ၊ ထစမ်း၊ မြေကြီးပေါ် လူးမနေစမ်းနဲ့ကွာ"
ကျွန်မ စကားကို ခပ်ညည်းညည်း တုံ့ပြန်လိုက်ပြီး သူ့သားကို အော်ပြောလိုက်ပါလေ၏။
လင်တန်ကလေးမှာ သူ့အဖေက စိုက်ကြည့်ပြီး ပြောလာသဖြင့် ပိုပြီး ကြောက်လာဟန် တူပါသည်။ မြေကြီးမှာ ဝပ်နေပြန်ပါလေ၏။ သည်လောက် အထိတ်ထိတ် အလန့်လန့် ဖြစ်နေပုံမျိုးကို ကျွန်မ မတွေ့ဖူးပါ။ သူသည် သူ့အဖေ အမိန့်ကို နာခံဖို့ ကြိုးစားပါသေး၏။ သို့သော် သူ့မှာ လဲနေရာမှ ထနိုင်လောက်အောင်ပင် အင်အားရှိပုံ မပေါ်ပါ။ သူ ပက်လက်လှန်ပြီး ထဖို့ ကြိုးစားယင်း တညည်းညည်း တညူညူဖြင့် ပက်လက်လန် ကျသွားပြန်ပါ၏။ မစ္စတာ ဟီကလစ်သည် ရှေ့သို့ တိုးလာပြီး သူ့သားကို ဆွဲထူ၍ မြက်ခင်း ကမ်းပါးကလေးမှာ မှီထားပေးလိုက်ပါသည်။ မစ္စတာဟိကလစ်သည် ဒေါသကို ထိန်းထားရပုံ ရပါသည်။
“ကဲ၊ ငါ စိတ်ဆိုးလာပြီနော်၊ ဟေ့ကောင် ကောင်စုတ်၊ ငါ ချလိုက်မိလိမ့်မယ်နော်၊ ကဲ ထစမ်းကွာ"
“ထပါ့မယ် ဖေဖေရယ်၊ ထပါ့မယ်၊ ကျွန်တော့် နားကို အဖေ မလာပါနဲ့၊ ကျွန်တော် ကြောက်ပါတယ်၊ ကျွန်တော် အဖေပြောတဲ့အတိုင်း လုပ်ပြီးပါပြီ အဖေရယ်၊ ကက်သရင်းကို မေးကြည့်ပါဗျာ၊ ကျွန်တော် နေကောင်းနေပြီလို့ သူ ပြောပါလိမ့်မယ်၊ ကက်သရင်းရယ် ကိုယ့်နားမှာ နေပါကွယ်၊ ကိုယ့်ကို ထူစမ်းပါ'
“ငါ့လက်ကို ကိုင်ပြီး မတ်မတ် ရပ်စမ်း၊ နေဦး၊ မင်းအစ်မက မင်းကို လက်ကမ်းပေးလိမ့်မယ်၊ ဟုတ်ပြီ၊ မင်း သူ့ကို သေသေချာချာကြည့်စမ်း မစ္စလင်တန်ရဲ့၊ မင်းကတော့ မင့်မောင်ကလေးကို ခြိမ်းလားခြောက်လား လုပ်နေတော့ ကျုပ်ကို လူဆိုးကြီးတယောက်လို့ ထင်မှာပဲ၊ ထားပါတော့လေ၊ မင့်မောင်ကလေးကို အိမ်ရောက်အောင် လိုက်ပိုလိုက်စမ်းပါဦးကွယ်၊ ဒီကောင်က ကျုပ် အကိုင်တောင် မခံရဲတာ ကြည့်ပါလား”
လင်တန်ရယ်၊ ကိုယ် မင်းတို့အိမ်ကို လိုက်လို့ မဖြစ်ဘူးကွဲ ၊ ဖေဖေက ကိုယ့်ကို မင်းတို့အိမ် မသွားရဘူးတဲ့၊ ကဲပါကွယ် မင့်အဖေကလဲ မင်းကို ဘာမှ မလုပ်ပါဘူး။ ဘာဖြစ်လို့ မင်း မင့်အဖေကို ကြောက်နေရတာလဲ၊ မင့်အဖေနဲ့ လိုက်သွားပါကွယ်”
ကက်သရင်းသည် လင်တန်နား ကပ်ပြီး တိုးတိုးကလေး ပြောလိုက်ပါလေသည်။
“ကိုယ်တယောက်တည်းတော့ လိုက်မသွားရဲဘူး။ မင်းမပါပဲ ကိုယ် အိမ်မပြန်ရဲဘူး”
"ဟေ့ကောင်၊ တော်စမ်းကွာ၊ ကက်သရင်းမှာလဲ သူ့အဖေစကား နားထောင်ရမှာပေါ့ကွာ၊ ကဲ နယ်လီရယ်၊ နယ်လီပဲ သူ့ကို အိမ်ထဲ လိုက်ပို့လိုက်ပါဗျာ၊ ကျုပ်လဲ နယ်လီ ပြောသလို ဒီကောင့်အတွက် ဆရာဝန် အမြန် ခေါ်မှပါ"
ထိုအခါ ကျွန်မကလည်း ဤသို့ ပြန်ပြောလိုက်ပါသည်။
“ဆရာဝန် ခေါ်တာတော့ ကောင်းပါတယ်၊ ဒါပေမယ့် ရှင့်သားကို လိုက်ပို့ဖို့ကတော့ ကျုပ်နဲ့ မဆိုင်ဘူးရှင့်၊ ကျုပ်မှာက ကျုပ်သခင့် သမီးကိုပဲ စောင့်ရှောက်ရမှာ"
"ဩ၊ ခင်ဗျားကလဲ တင်းလှချည်လား။ ဒီကောင့်ကို ကျုပ် နှိပ်စက်တာ ခင်ဗျားက မြင်ချင်တယ်ပေါ့လေ၊ ကဲ လူစွမ်းကောင်းကြီး၊ လာကွာ၊ မင်း ငါနဲ့အတူ အိမ်ပြန်ရမယ်ကွ”
မစ္စတာ ဟိကလစ်သည် သူ့သား လူမမာသည် ချူနာပါတေးကလေးကို ဇွတ်ပင် ဆွဲခေါ်တော့မည့်ဟန် ရှေ့သို့ တိုးလာပါ၏။ လင်တန်ကလေးသည် နောက်ဘက်သို့ တွန့်သွားပြီး သူ့အစ်မကို ကုပ်တွယ်ထားလိုက်ပါသည်။ ပါးစပ်မှလည်း သူ့ကို လိုက်ပို့ရန် တတွတ်တွတ် ပြောနေပါလေ၏။ ကက်သရင်းခမျာ ငြင်းရ ခက်နေပါလေသည်။ ကက်သရင်း လိုက်ပို့မည်ကို ကျွန်မ သဘောမတူသော်လည်း ကြားဝင် မကန့်ကွက်သာအောင် ဖြစ်နေပါသည်။ ထို့ကြောင့် ကက်သရင်းဘာသာ ငြင်းပယ်မည်ကိုသာ ကြည့်နေရပါသည်။ ကောင်ကလေးကလည်း အလွန်အမင်း ကြောက်လန့်သော အသွင်ကို ပြနေပါ၏။ ကျွန်မတို့မှာ သူ ဘာကြောင့် သည်မျှ ကြောက်ရွံ့နေရသည်ကိုပင် မသိနိုင်ပါ။ အဆုံး၌ ကက်သရင်းသည် သူ့မောင်ကလေးကို လိုက်ပို့ရပါလေတော့သည်။ ကျွန်မလည်း သူတို့နောက်က လိုက်ခဲ့ရပါသည်။ သို့ဖြင့် ကျွန်မတို့သည် အိမ်တံခါးရှေ့သို့ ရောက်လာကြပါ၏။ ကက်သရင်းက အိမ်ထဲ ဝင်လိုက်သွားသည်အထိ ကျွန်မမှာ အိမ်ထဲ မဝင်ဖြစ်သေးပဲ တုံ့ဆိုင်းနေသည်ကို ဟိကလစ်က ကျွန်မကို ရှေ့ဘက်သို့ တွန်းလိုက်ယင်း..
“ကျုပ်အိမ်ဟာ ပလိပ်ရောဂါ ဖြစ်နေတဲ့ အိမ် မဟုတ်ပါဘူး နယ်လီရဲ့။ ကျုပ် ခင်ဗျားတို့ကို ပြုစုပါရစေ၊ ထိုင်ပါဦးဗျ၊ ကျုပ် တံခါး ပိတ်လိုက်ဦးမယ်” ဆိုကာ အဝင်တံခါးကို ပိတ်ပြီး သော့ခတ်လိုက်ပါလေသည်။
ကျွန်မသည် ချောက်ချောက် ချားချား ဖြစ်သွားပါလေ၏။
“ခင်ဗျားတို့ အိမ်မပြန်ခင် လက်ဖက်ရည်ကလေးတော့ သောက်သွားကြဦးဗျာ၊ အိမ်မှာတော့ ကျုပ်တယောက်တည်းပဲ၊ ဟယ်ယာတန်ကလဲ နွားတွေ သွားကြည့်နေတယ်ဗျ၊ ဂျိုးဆက်နဲ့ ဇိလာတို့လဲ အပြင်သွားကြတယ်။ ကျုပ်အဖို့တော့ ဒီလို တယောက်တည်း နေနေရတာပဲ သဘောကျပါတယ်၊ ကဲ၊ ကက်သရင်း၊ မင်းက ဟိုအကောင်ဘေးမှာ ထိုင်ပါကွယ်၊ ငါကတော့ ငါ့မှာရှိတာ မင်းကို ပေးတာပဲ၊ ဒါပေမယ့် ဒီကောင်ဟာ မင်းအဖို့ သဘောကျစရာ ဖြစ်ချင်မှလဲ ဖြစ်ပေမပေါ့။ မတတ်နိုင်ဘူး၊ ငါ့မှာလဲ မင်းအတွက်ဆိုလို့ ဒီလောက်ပဲ ရှိတာကွ၊ ငါဘာ ပြောနေတယ် ဆိုတာ မင်း နားလည်ပါတယ်နော်၊ မင်းအတွက် ငါ လင်တန့်ကို ပေးနေတာပဲ၊ ဘာလဲကွ၊ မင်းက ငါ့ကို စိုက်ကြည့်နေလိုက်တာ၊ ဘာလဲ၊ မင်းက ငါ့ကို ကြောက်နေပြီလား၊ အေး၊ ငါကတော့ လုပ်စရာရှိယင် စည်းကမ်း နည်းလမ်းတွေ၊ ယဉ်ကျေး သိမ်မွေ့တာတွေ သိပ်မကြည့်တတ်ဘူး”
ဟိကလစ်သည် ပြောယင်း သက်ပြင်းချလိုက်ပြီး စားပွဲကို ထုရိုက်လိုက်ပြန်ပါသည်။ ကက်သရင်းသည် ဟိကလစ်ပြောနေသော နောက်ပိုင်းစကားများကို အရေးမထားပဲ…
“ကျွန်မ ရှင့်ကို မကြောက်ဘူး” ဟု ပြောလျက် စားပွဲရှိရာ ရှေ့ဘက်သို့ တိုးလာပါသည်။ သူ့မျက်လုံးတွေမှာ တစုံတခုကို အခိုင်အမာ ဆုံးဖြတ်ထားဟန်ဖြင့် အရောင်တဖိတ်ဖိတ် တောက်နေပါလေ၏။
'ကဲ၊ အဲဒီသော့ကို ပေးပါ၊ ကျွန်မတို့ ပြန်မယ်၊ ကျွန်မ ရှင့်အိမ်မှာ စားလဲ မစားဘူး၊ သောက်လဲ မသောက်ဘူး၊ ငတ်ချင်ငတ်ပစေ'
ထိုအချိန်၌ သော့သည် ဟိကလစ်လက်ထဲတွင် ရှိနေပါသည်။ ဟိကလစ်သည် လက်ကို စားပွဲပေါ်တင်ထားဆဲ ဖြစ်သည်။ သော့ကိုင်ထားသော လက်နားသို့ တိုးလာသော ကက်သရင်း၏ ရဲတင်းမှုကို တွေ့လိုက်ရသဖြင့် ဟိကလစ်သည် အံ့အားသင့်သွားပုံ ရပါသည်။ ကက်သရင်းက ဟိကလစ်လက်ထဲမှ သော့ကို ဆွဲယူလိုက်ပါသည်။ ဟိကလစ်သည် သော့ကို တင်းတင်း ပြန်ဆုပ်ပြီး လက်ကို ရုပ်လိုက်ပါ၏။
“ဟဲ့ ကောင်မလေး၊ နောက်ဆုတ်စမ်း၊ ငါလုပ်မိလိမ့်မယ်နော်'
ကက်သရင်းသည် ဟိကလစ်၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်ပဲ ဟိကလစ် လက်ထဲမှ သော့ကို လုယင်း “ကျွန်မတို့ ပြန်မယ်’ ဟုပြောလျက် သော့ကို ဆုပ်ထားသော ဟိကလပ်၏ လက်သီးဆုပ်ကို ငတ်ပြေပြီး သော့ကို ရနိုင်ရန် ကြိုးစားပါလေ၏။ သို့သော် ဟိကလစ်၏ လက်သီးဆုပ်ကို သူ့လက်ချောင်းများက မဖြေနိုင်ပါ။ ထိုအခါ ကက်သရင်း ဟိကလစ်၏ လက်ကို ကုန်းကိုက် ပါလေတော့သည်။ ဟိကလစ်သည် ကျွန်မကို ဝင်မရှုပ်ရန်ဟူသော သဘောဖြင့် တချက်လှမ်းကြည့်လိုက်ပြီး သော့ကို လွတ်ချကာ ကျန်လက်တဘက်ဖြင့် ကက်သရင်း၏ ကိုယ်ကို ဆွဲယူ၍ သူ့ဒူးခေါင်းပေါ်တင်ပြီး ကက်သရင်းကလေး၏ ခေါင်းကို ဘယ်ပြန်ညာပြန် အားရပါးရ ရိုက်ပါလေတော့သည်။
ကျွန်မကလည်း ဟိကလပ်၏ ရက်စက်ရမ်းကားမှုကို မြင်လိုက်ရသဖြင့် ဒေါသဟုန်းဟုန်း တောက်ကာ....
“ရှင် လူယုတ်မာပဲ၊ ရက်စက်လှချည်လား” ဟု အော်ဟစ်ပြောဆိုလျက် သူတို့နားသို့ တိုးသွားရာ ဟိကလစ်က ကျွန်မရင်ဘတ်ကို ဆီး၍ ထိုးလိုက်သဖြင့် ကျွန်မလည်း ဘာမျှ မပြောနိုင်ပဲ ဖြစ်သွားရပါ၏။ “ကျွန်မမှာ အသက်မျှပင် မရှူနိုင်ပဲ နောက်ဘက်သို့ ယိုင်သွားပါလေ၏။ သွေးကြောတွေ ပေါက်ကွဲသွားသလို ခံစားလိုက်ရပါသည်။ အဖြစ်အပျက်ကား နှစ်မိနစ်မျှသာ ကြာလိုက်ပါ၏။ ကက်သရင်းသည် ဟိကလစ်လက်မှ လွတ်သည်နှင့် သူ့နားရွက်တွေ စုတ်ပြတ်ကုန်လေပြီလား အထင်ဖြင့် နားသယ်စပ်ကို လက်နှစ်ဘက်ဖြင့် အုပ်ထားလိုက်ပါသည်။ ကက်သရင်းသည် စားပွဲတွင် မှီလျက် တဆတ်ဆတ် တုန်ယင်နေပါလေ၏။ လူရမ်းကားကြီး ဟိကလစ်သည် သူလွှတ်ချသော သော့ကို ကောက်ယူလိုက်ပြီး...
‘ငါ ကလေးတွေကို ဘယ်လို ဆုံးမတတ်တယ်ဆိုတာ တွေ့ပြီ မဟုတ်လား၊ ကဲ၊ ဟဲ့ကောင်မလေး၊ နင် ငါပြောသလို ဟိုအကောင်နား သွားလိုက်၊ ပြီးတော့ နင်ကြိုက်သလို ငို၊ ငါဟာ နင့်အဖေ ဖြစ်ပြီး မနက်ဖြန်ကစပြီး နင် ငါ့ကို ကလန်ကဆန်လုပ်ယင် ခုလိုပဲ အရိုက်ခံရမယ်မှတ်၊ နင် ခံနိုင်မှာပါ၊ နင်က ပိန်ချည့်ကလေးမှ မဟုတ်ပဲ၊ အေး၊ နင် ငါ့ကို အာခံတဲ့ အကြည့်မျိုးနဲ့ ကြည့်ယင်တော့လား နင် နေ့တိုင်း အရိုက်ခံရမှာပဲ” ဟု ဒေါနှင့်မောနှင့် ပြောလိုက်ပါသည်။
ကက်သရင်းသည် သူပြောသလို လင်တန်ကလေး ဘေးသို့ မသွားပဲ မှီလျက် အားရပါးရ ငိုချလိုက်ပါလေတော့သည်။ လင်တန်သည် ကျန်မအနားသို့ ပြေးလာပြီး ဒူးထောက်ထိုင်ချကာ ကျွန်မပေါင်ကို မှီလျက် အားရပါးရ ငိုချလိုက်ပါလေတော့သည်။ လင်တန်သည် ကုလားထိုင်ကြီးပေါ်တွင် ကြွက်ကလေးတကောင်လို ငြိမ်သက်နေပါ၏။ မစ္စတာဟိကလစ်သည် ကျွန်မတို့ အားလုံးကို မျက်စိတချက် စွေကြည့်ပြီး လက်ဖက်ရည် ခပ်မြန်မြန်ဖျော်၍ လက်ဖက်ရည် ပန်းကန်များကို ခင်းလိုက်ပါသည်။ ထို့နောက် လက်ဖက်ရည်များ ထည့်၍ လက်ဖက်ရည် တပန်းကန်ကို ကျွန်မအား လှမ်းပေးယင်း …
"ဘာမှ သုန်မှုန်မနေနဲ့၊ နင့်အဆိုးမကလေးရော ငါ့အကောင်ကိုရော လက်ဖက်ရည် တိုက်လိုက်၊ နင်လဲ သောက်၊ ငါ ဖျော်တာပေမယ့် အဆိပ်မပါပါဘူးဟဲ့၊ ငါ နင်တို့ မြင်းတွေ သွားကြည့်လိုက်ဦးမယ်" ဟု ဆိုကာ ထွက်သွား ပါလေတော့သည်။
သူထွက်သွားလျှင်ပင် ကျွန်မတို့လည်း အပြင်ထွက်နိုင်မည့် တံခါးပေါက်ကို အပူတပြင်း ရှာဖွေပါလေတော့၏။ မီးဖိုတံခါးဘက်ကို သွားကြည့်ပါသေး၏။ မီးဖိုတံခါးမှာလည်း အပြင်ဘက်မှ အခိုင်အမာ ပိတ်ထားပြီး ဖြစ်ပါသည်။ ပြတင်းပေါက်များကို ကြည့်ပါသေး၏။ ပြတင်းပေါက်များမှာ ကေသီ တကိုယ်စာပင် မဝင်ဆံ့ပါပေ။
ကျွန်မတို့မှာ အိမ်ထဲတွင် အပိတ်အလှောင်ခံရပြီကို သတိပြုမိသဖြင့် ကျွန်မက လင်တန်အား....
“ကဲ သခင်ကလေး လင်တန်ရှင့်၊ ရှင့် အဖေ လူရမ်းကားကြီးရဲ့ အကြံအစည်ကို ပြောစမ်းပါဦး၊ ဒါကို ရှင်သိပါတယ်၊ အေး၊ မပြောယင်တော့လား မင်းညီမကို မင်းအဖေဆောင့်သလို ငါကလဲ မင်းနားရွက်တွေ ကွဲသွားအောင် အဆော်ပဲ’ ဟု ပြောချလိုက်ပါသည်။
“ဟုတ်တယ် လင်တန်၊ မင်း သိတယ်၊ မင်း ပြောရမယ်၊ ကိုယ်ဟာ မင်းအတွက် မင်းဆီကို လာခဲ့တာပါ၊ ဒါနဲ့တောင် မင်းအဖေအကြံကို မင်း မပြောယင် မင်းလောက် ကျေးဇူးကန်းတဲ့လူ ရှိဦးမလား' ကက်သရင်းကပါ ဝင်ပြောပါလေ၏။
'ကျွန်တော် ဆာတယ်ဗျာ၊ ကျွန်တော့်ကို လက်ဖက်ရည် တခွက်ပေးပါ။ ပြီးယင် ပြောပြမယ်၊ ဒီမယ် မစ္စက်ဒင်းရဲ့၊ ခင်ဗျားကြီး ကျွန့်တော့်နား လာရပ်မနေနဲ့ဗျာ၊ ဟော၊ ကြည့်စမ်း၊ ကက်သရင်း မျက်ရည်တွေ ကိုယ့်ပန်းကန်ထဲ ကျသွားပြီ၊ ဒီပန်းကန် ကိုယ် မသောက်ချင်ဘူး၊ နောက်ထပ် တပန်းကန်ပေး"
ကက်သရင်းသည် နောက်ထပ် လက်ဖက်ရည် တပန်းကန်ယူပြီး သူ့ဆီသို့ တွန်းပေးလိုက်ပါသည်။ ထို့နောက် မျက်ရည်ကိုလည်း သုတ်လိုက်ပါ၏။
ကျွန်မသည် ကောင်စုတ်ကလေးကို ကြည့်ယင်း အမြင်ကတ်လာပါသည်။ ကောင်စုတ်ကလေးမှာ ယခုတော့လည်း ဘာမှ ကြောက်လန့် စိုးရိမ်သည့် အသွင်မျိုး မရှိတော့ပါ။ ကွင်းထဲမှာတုန်းက အထိတ်တလန့် ဖြစ်နေသော ဟန်ပန်သည် ဤအိမ်ထဲသို့ ဝင်မိကတည်းက သူ့မှာ ပျောက်သွားတော့၏။ ထို့ကြောင့် သူ့အဖေသည် သူ့အား ကျွန်မတို့ကို အိပ်ထဲသို့ အပါခေါ်လာရန် ကြိမ်းမောင်း ပြောဆိုထားသည် ဖြစ်၍ ယခုအခါ သူ့အကြံ အောင်ပြီ ဖြစ်သောကြောင့် မကြောက်မလန့်တော့ပဲ ခပ်အေးအေးဖြစ်နေပြီဟု ကျွန်မ မှန်းကြည့်မိပါသည်။ လင်တန်သည် လက်ဖက်ရည်ကို တကျိုက် သောက်လိုက်ပြီး..
“ဖေဖေက တို့ကို လက်ထပ်ပေးမလို့၊ မင်းတို့ အဖေက သဘောမတူဘူးဆိုတာ အဖေက သိတယ်၊ ဒီတော့ ကိုယ်တို့ လက်မထပ်ခင် ကိုယ် သေသွားမှာကို အဖေ စိုးရိမ်တယ်၊ ဒါကြောင့် မနက်ဖြန်မနက်ကျယင် အဖေက ကိုယ်နဲ့ မင်းကို လက်ထပ်ပေးလိမ့်မယ်၊ ဒီတော့ မင်း ဒီမှာ တည နေရမယ်၊ မနက်ဖြန် လက်ထပ်ပြီးယင် မင်း ကိုယ့်ကိုပါ ခေါ်ပြီး အိမ်ကို ပြန်ရမှာပါ'
'ဩ၊ မင်းက ကေသီကို လက်ထပ်မယ်၊ ဟုတ်လားဟဲ့ မှင်စာကလေးရဲ့၊ မင်းကများ မိန်းမယူဦးမတဲ့၊ မင်းတို့အဖေက ရူးများနေသလား၊ ဒါမှမဟုတ် တို့ကိုပဲ အရူးတွေ ထင်နေသလား၊ စဉ်းစားများ ကြည့်စမ်းပါဦး လင်တန်ရယ်၊ ကေသီလို မိန်းမချော၊ မိန်းမလှကလေး၊ ကျန်းကျန်းမာမာမိန်းကလေး၊ စိတ်ကောင်း သဘောကောင်း မိန်းကလေးက နင့်လို မျောက်စုတ်၊ မျောက်နာကလေးနဲ့ လက်ထပ်ရမယ်၊ ဟုတ်လား၊ နင့်လို ကောင်ကများ ကေသီလိုမိန်းကလေးကို စိတ်ကူးထဲထည့်တာ အံ့ပါရဲ့တော်၊ နင် ကလိမ်ဉာဏ်ဆင်ပြီး တို့ကို ခေါ်လာတာ ကြိမ်နဲ့ နာနာ နှက်ပစ်ဖို့ပဲ ကောင်းတယ်၊ ဟေ့၊ နင် ငါ့ကို ဘာမှ မိုက်ကြည့် ကြည့်စရာ မလိုဘူး၊ နင်တော့လား၊ နင်လို ဉာဏ်အစုတ်အပဲ့ ကလေးနဲ့ ယုတ်မာတာ ငါ နင့်ကို ဆွဲဆောင့်ပစ်လိုက်ချင်တယ်' ဟု ပြောပြောဆိုဆိုပင် ကျွန်မသည် ကောင်ကလေးကို ဆွဲဆောင့်ပစ်လိုက်ပါသည်။ လင်တန်သည် ချောင်းတဟွပ်ဟွပ်ဆိုးလာပြီး ငိုလား ယိုလား လုပ်လာပြန်ပါလေ၏။ ထိုအခါ ကက်သရင်းက ကျွန်မကို တားပါသည်။
'ဩ၊ ငါတို့က ဒီမှာ တညလုံး နေရမယ်၊ ဟုတ်လား၊ ဒီမယ် အယ်လင်၊ ကျွန်မတို့ အိမ်တံခါးကို မီးရှို့ပြီး ထွက်သွားရအောင်'
ကက်သရင်းသည် ဟိုသည် လှည့်ကြည့်ပြီး ပြောလိုက်ပါသည်။
ကက်သရင်းက ဤသို့ ဇွတ်လုပ်မည့် ဟန်ဖြင့် ပြောလိုက်သည်နှင့် လင်တန်သည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး ကက်သရင်းကို သူ၏ ချည့်နဲ့နဲ့ လက်များဖြင့် ဖက်လျက် ငိုရှိုက်ယင်း...
“ကိုယ့်ကို မသနားတော့ဘူးလားကွယ်၊ ကိုယ့်ကို ကယ်ပါဦး၊ ကိုယ်နဲ့ မင်းတို့ အိမ်ကို အတူပြန်ပါကွယ်၊ အို အချစ်ရယ်၊ မင်းကိုယ့်ကို ပစ်မသွားပါနဲ့ကွယ်၊ မင်း ကိုယ့်အဖေစကားကို နားထောင်ပါကွယ်၊ နားထောင်ပါ” ဟု ပြောပြန်ပါလေ၏။
“ငါ့အဖေစကားပဲ ငါ နားထောင်ရမယ်၊ ငါ့အဖေ လူမမာကြီးကို ငါ ပစ်မထားနိုင်ဘူးဟဲ့၊ တညလုံး ငါမရှိယင် အဖေက ဘယ်လို ထင်မလဲ၊ ငါ့အဖေဟာ မကျန်းမာလို့ စိတ်ညစ်ရတဲ့အထဲ ငါဒီမှာ မနေနိုင်ဘူး၊ တံခါးကို ရိုက်ချိုးရယင်ရ၊ မရယင်အိမ်ကို မီးရှို့ပြီး ထွက်သွားမှာပဲ၊ နင် ငါ့ကို မတားနဲ့၊ ငါဖေဖေ့ကို နင့်ထက် ချစ်တယ်”
ကက်သရင်းက ဤသို့ ပြောလိုက်သောအခါ လင်တန်သည် သူ့အဖေ ဒေါသကို သတိရပြန်ကာ ကြောက်ကြောက်လန့်လန့်ဖြင့် ကက်သရင်းအား တောင်းပန်ပြန်ပါလေ၏။ ကက်သရင်းမှာ စိတ်ရှုပ်နေပါလေပြီ။ သို့သော် အိမ်ထဲမှ ဖြုတ်ထွက်မည့် အကြောင်းကိုကား အခိုင်အမာ ပြောနေ၏။ လင်တန်ကလည်း သူ့အပါးမှ ခွာမသွားရန် အထပ်ထပ် ပြောနေပါလေသည်။ ထိုစဉ်မှာပင် လူရမ်းကားကြီး ဟိကလစ်သည် အခန်းထဲ ပြန်ဝင်လာပါ၏။
“နင်တို့မြင်းတွေ မရှိတော့ဘူးဟ၊ ဟေ့ကောင် လင်တန်၊ ဩ၊ မင်းက ငိုနေပြန်ပြီ၊ ကက်သရင်းက မင်းကို ဘယ့်နှယ်လုပ်ပြန်သလဲ၊ ကဲ၊ လာစမ်း၊ လာစမ်း၊ သွား၊ အိပ်ရာထဲ ဝင်ပေတော့၊ ဒီကောင်မလေးကိုလဲ တလနှစ်လအတွင်း အပိုးကျိုးသွားအောင် နှိမ်ပစ်လိုက်ရဦးမယ်၊ မင်းက တကယ့်အချစ်ကို တတမ်းတမ်းတတတ ဖြစ်နေတာကိုး၊ ဟေ့ကောင်၊ တကယ့်အချစ်ဆိုတာ ဒီကမ္ဘာမှာ မရှိဘူးကွ၊ ကဲ၊ အိပ်ရာထဲသွားတော့၊ ဒီည ဇီလာလဲ ပြန်လာမှာ မဟုတ်ဘူး၊ ကိုယ့်ဘာသာ အဝတ်လဲ၊ ကဲ၊ တော်စမ်းကွာ၊ ငိုမနေနဲ့၊ မင်းအခန်းထဲရောက်ယင် ငါ မင်းနားကို မလာဘူး၊ ဒီတော့ မင်း ဘာမှ ကြောက်စရာမလိုဘူး သွားတော့"
ဟိကလစ်သည် ပြောပြောဆိုဆို သူ့သားအား အိပ်ခန်းသို့ ဝင်ရန် တံခါးဖွင့်ပေးလိုက်ပါသည်။ ထို့နောက် တံခါးသော့ကို အသေအချာ ပြန်ပိတ်လိုက်ပြီး ကျွန်မတို့နှစ်ယောက် ရပ်နေသော မီးဖိုနားသို့ ပြန်လာပါ၏။ ကက်သရင်းက သနားစဖွယ် မော့်ကြည့်လိုက်သော်လည်း လူရမ်းကားကြီးက...
“အိုး၊ ဘာလဲ၊ မင်းငါ့ကို မကြောက်ဘူးဆို၊ ခုတော့လဲ ကြောက်နေတဲ့ပုံပါကလားကွ” ဟု ပြောလိုက်ပါလေသည်။
“ဟုတ်တယ်၊ ကျွန်မ ခုတော့ ကြောက်တယ်၊ ဖေဖေ စိတ်ပူနေမှာကို ကြောက်တာပဲ၊ ကျွန်မ ဒီမှာ နေနေရယင် ဖေဖေ ဘယ်လောက် စိတ်ပူရှာမလဲ၊ ဒီတော့ ဦးလေးရယ်၊ ကျွန်မ အိမ်ကို ပြန်ပါရစေ၊ ကျွန်မ လင်တန်ကို လက်ထပ်ပါ့မယ်၊ ဖေဖေကလဲ သဘောတူမှာပါ၊ ကျွန်မကလဲ လင်တန်ကို ချစ်ပါတယ်၊ ကျွန်မ လင်တန်ကို လက်ထပ်မယ့် ကိစ္စကိုပဲ ဦးလေးက ဘာကြောင့် ဇွတ်ရော အဓမ္မရော လုပ်ချင်ရတာလဲရှင်"
“ဘာလဲ၊ ရှင်က အလိုမတူပဲ ဇွတ် လက်ထပ်ခိုင်းမယ်ပေါ့လေ၊ ဒီတိုင်းပြည်မှာ တရားဥပဒေဆိုတာ ရှိတယ် ရှင့်၊ ကျွန်မတို့က အစွန်းအဖျားမှာ နေရပေမယ့် ဒီနေရာမှာလဲ တရားဥပဒေရှိတာပဲ"
"တိတ်စမ်း၊ နင့်အသံကို ငါမကြားချင်ဘူး၊ နင် ဘာမှ ဝင်မပြောနဲ့၊ ဒီမယ် ကက်သရင်းရဲ့၊ မင်းအဖေ စိတ်ပူနေမယ်ဆိုတော့ ငါ စိတ်ချမ်းသာတာပေါ့ဟ၊ ငါက စိတ်ချမ်းသာ လက်ချမ်းသာနဲ့မှ အိပ်လို့ရတာဟ၊ ဒီတော့ နင် အိမ်ပြန်ဖို့ ဘာမှ စိတ်မကူးနဲ့၊ နောက်ထပ် နှစ်ဆယ့်လေးနာရီလောက်တော့ ဒီမာ နေရာမှာပဲ၊ မင်းက လင်တန်ကို လက်ထပ်ပါမယ် ကတိပေးလို့ မင်းတို့ကို ငါ ကောင်းကောင်း စောင့်ရှောက်ထားမယ်။ လက်ထပ်မပြီးမချင်းတော့ မင်း ဒီအိပ်ထဲက ထွက်မသွားရဘူး”
“ဒါဖြင့်လဲ အယ်လင့်ကို ပြန်လွှတ်ပြီး ကျွန်မ ကောင်းကောင်းမွန်မွန် ရှိကြောင်း အကြောင်းကြားခိုင်းပေးပါရှင်၊ ဒါမှမဟုတ်လဲ ကျွန်မတို့ကို ခုပဲ လက်ထပ်ပေးပါ၊ အယ်လင်ရယ်။ ဖေဖေတော့ ကျွန်မတို့ ပျောက်နေပြီ ဆိုပြီး စိတ်ပူနေတော့မှာပဲ၊ ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲဟင်”
“မင်းအဖေ စိတ်မပူပါဘူးကွ၊ လူမမာကြီးကို အမြဲ စောင့်ကြည့်နေရတာ ပင်ပန်းလို့ သူ့ရည်းစားဆီ သွားတယ်ပဲ ထင်မှာပေါ့၊ မင်း ငါ့အိမ်ထဲ ဝင်လာတာကိုက မင်းစိတ်နဲ့ မင်းကိုယ် ဝင်လာတာပဲ မဟုတ်လား၊ ဒါဟာ တနည်းအားဖြင့်ပြောယင် မင်း အဖေစကားအတိုင်း မင်း မောင်ကို မင်း လာတွေ့တာပဲ မဟုတ်လား၊ ဟေ့၊ မင်းတို့ အရွယ်ဆိုတာ ခုလိုပဲ အပျော်ရှာချင်တတ်ကြတာပဲ မဟုတ်လားကွ၊ မင်းဟာ မင်းအဖေ လူမမာကြီးကို ပြုစုရတာကြာတော့ ငြီးငွေ့တယ်၊ ဒါကြောင့် အပျော်ရှာတယ်၊ ဒါဟာ သဘာဝပဲ၊ ဒီမယ် ကက်သရင်းရဲ့၊ မင်းအဖေအဖို့ သူပျော်ခဲ့တဲ့ ရက်တွေ ကုန်ပါပြီဟာ၊ မင်းအဖို့ ပျော်ရမယ့်ရက်က ခုမှ စခါစ ရှိပါသေးတယ်၊ အေး၊ တကယ်တော့ နင် လူ့လောကထဲ ရောက်လာတာကိုက နင့်အဖေအဖို့ ဒုက္ခပဲဟ၊ ငါ့အဖို့လဲ ဒုက္ခပဲ၊ ဒီတော့ ငါ နင့်ကို မုန်းတယ်၊ ကဲ ငိုမနေစမ်းနဲ့ဟာ၊ ငါမြင်သလောက် ပြောရယင် နင့်အဖို့ နောက်ဆို ဘဝလမ်းကြောင်း ပြောင်းသွားမှာပဲ၊ လင်တန်နဲ့ နင် အကြောင်းပါလိုက်တာကလဲ နင့်အဖို့ ဟန်ကျမှာပါ၊ လင်တန်မှာက အမွေတွေ ရဖို့ရှိသလို အကြင်နာတရား ရဖို့လဲ လိုတာပဲ၊ ဒါကြောင့်လဲ ငါဟာ အဖေတယောက်အနေနဲ့ သူ့ကို ဂရုတစိုက် လုပ်ရတာပေါ့၊ အေး၊ နင်တို့ လက်ထပ်ပြီး အိမ်ပြန်ယင်သာ နင့်အဖေကို သူ့တူကလေးက နင့်ကို ဂရုစိုက်ကြောင်း ပြောပြလိုက်ပါ"
“ဟုတ်လိုက်တာဟေ့၊ အဲဒီလိုဆို ရှင့်သားရဲ့ စိတ်နေသဘောထားလဲ ပြောရဦးမှပေါ့၊ သူဟာ သူ့အဖေနဲ့ တူကြောင်းလဲ ပြောမှပေါ့၊ ဒါမှလဲ မစ္စကေသီအဖို့ အန္တရာယ်မဖြစ်ခင် စဉ်းစားနိုင်မှာပေါ့' ဟု ကျွန်မက ဝင်ပြောလိုက်ပါ၏။
“ခု လောလောဆယ်တော့ သူရဲ့ချစ်စရာ စိတ်ထားကလေးတွေကို ငါမပြောသေးဘူး၊ ခုအတိုင်းက ကက်သရင်းဟာ ငါ့သားနဲ့ လက်ထပ်ဖို့ကိစ္စကို လက်ခံမလား၊ ဒါမှမဟုတ် ငါ့အိမ်မှာပဲ အကျဉ်းသားဘဝနဲ့ နေမလားဆိုတဲ့ကိစ္စက ရှိသေးတယ် မဟုတ်လား၊ ဟဲ့..ငါ့သားနဲ့ လက်ထပ်ဖို့ သဘောမတူယင်တော့ နင်လဲ နင့်သခင် သေတဲ့အထိ ငါ့အိမ်ထဲမှာ နင့်သခင်မကလေးနဲ့ အတူ အကျဉ်းခံနေပေတော့၊ နင်တို့နှစ်ယောက် ငါ့အိမ်ထဲ ရှိနေတယ်ဆိုတာ ငါ ဖုံးထားနိုင်တယ် သိရဲ့လား၊ ဒီတော့ ကောင်မကလေးကို နင် ဘာမှ ကဖျက်ယဖျက် မလုပ်နဲ့၊ သူ လက်ခံပြီးသား စကားကို ပြန်ရုပ်သိမ်းယင် နင်တို့ထိုက်နဲ့ နင်တို့ကံပဲ"
“ကျွန်မ ပြောပြီး စကားကို ပြန်မရုပ်သိမ်းပါဘူး ရှင်၊ ကျွန်မ သူ့ကို ခုချက်ချင်း လက်ထပ်ပါ့မယ်၊ လက်ထပ်ပြီးယင်သာ ကျွန်မ အိမ်ပြန်ပါရစေရှင်၊ ဒီမယ် ဦးလေး၊ ဦးလေးဟာ ရက်စက်ပေမယ့် လူဆိုးတယောက် မဟုတ်ပါဘူး၊ အဖေ့ကိုမုန်းတာနဲ့ ကျွန်မ စိတ်ချမ်းသာမှုကိုတော့ မဖျက်ဆီးပါနဲ့ရှင်၊ ဖေဖေသာ ကျွန်မတို့ ပြန်မရောက်ခင် သေသွားယင် ကျွန်မ တသက်လုံး စိတ်ဆင်းရဲရမှာပါ၊ ကျွန်မ ဦးလေးရှေ့မှာ ဒူးထောက်ပြီး တောင်းပန်ပါတယ်ရှင်၊ မျက်နှာလွှဲမထားပါနဲ့ရှင်၊ ကျွန်မကို ကြည့်စမ်းပါ ဦးလေးရယ်၊ ကျွန်မ ဦးလေး စိတ်ဆိုးအောင် မလုပ်ပါဘူး၊ ဦးလေးကိုလဲ ကျွန်မ မမုန်းပါဘူး၊ ဦးလေး ရိုက်တာကိုလဲ ကျွန်မ စိတ်မဆိုးပါဘူး၊ ဦးလေးရှယ်...ဦးလေး ဘဝမှာ ဘယ်သူ့ကိုမှ မချစ်ဖူးဘူးလားဟင်၊ ပြောစမ်းပါ ဦးလေးရယ်၊ ကျွန်မကို သနားပါဦးလေးရယ်”
“ဟေ...နင့်လက်တွေနဲ့ ငါ့ကို မထိစမ်းနဲ့၊ ဖယ်စမ်း၊ ငါ နင့်ကို ကန်မိလိမ့်မယ်၊ ငါ့ကို မြွေတကောင် ပတ်တာက ကောင်းဦးပယ်၊ နင် ငါ့ကို မထိနဲ့၊ ငါ နင့်ကို မုန်းတယ်” ဟု ဟိကလစ်က အော်ပြောလိုက်ပါသည်။
'ဟိကလစ်သည် ပခုံးကိုတွန့်လိုက်ပြီး သူ့ အသားအရေကို စက်ဆုပ်ဖွယ်ရာ အရာတခုနှင့် အတို့အထိ ခံလိုက်ရသလို သူ့ကိုယ်ကိုလည်း လှုပ်ခါပစ်လိုက်ပါသည်။ ထို့နောက် ကုလားထိုင်ပေါ်သို့ ခန္ဓာကိုယ်ကို ပစ်ထိုင်ချလိုက်ပါလေ၏။ ကျွန်မ တစုံတရာ ပြောမည် ပြုသော်လည်း ဟိကလစ်က ဟန့်လိုက်သဖြင့် မပြောဖြစ်ပါ။
အမှောင် ပျိုးလာပါပြီ။
အိမ်ခြံဝဆီမှ အသံဗလံများကို ကြားလိုက်ရပါသည်။ ဟိကလစ်သည် ချက်ချင်းပင် အပြင်သို့ ထွက်သွားပြီး နှစ်မိနစ် သုံးမိနစ် အကြာတွင်ပြန်လာပါ၏။
ကျွန်မက ကက်သရင်းအား...
ညည်းအစ်ကို ဟယ်ယာတန် ထင်တာပဲကွဲ့၊ ကျုပ်တော့ သူ ရောက်လာစေချင်တယ်၊ ဒါမှ တို့ဘက်ပါမှာ လူတယောက်ရမှာ"
ထိုစဉ်မှာပင် ဟိကလစ်သည် အခန်းထဲ ဝင်လာပြီး..
“နင်တို့အိမ်က အစေခံသုံးယောက် လာတယ်။ နင်တို့ ဘာဖြစ်လို့ လှမ်းမအော်ကြတာလဲ၊ ဒါလဲ ခပ်ကောင်းကောင်းပါ၊ ကက်သရင်းက ငါနဲ့နေဖို့ ပြောပြီးသားပဲဟာ”
ကျွန်မတို့မှာ စိတ်တွေ ထူပူနေသဖြင့် လှမ်းအော်ပြီး အကူအညီ မတောင်းလိုက်မိခြင်း ဖြစ်ပါသည်။
ဟိကလစ်သည် ကျွန်မတို့အား အောက်ထပ် အခန်းထဲတွင် ကိုးနာရီ ထိုးသည်အထိ ထားပြီး ကျွန်မတို့အား မီးဖိုဘက်မှ ခေါ်၍ အပေါ်ထပ်သို့ တက်စေပါ၏။ ကျွန်မတို့ကို ဇီလာ၏ အခန်းထဲသို့ သွင်းလိုက်ပါသည်။ ကျွန်မက ကက်သရင်းအား ငြိမ်ငြိမ်နေရန် တိုးတိုး ပြောလိုက်ပါသည်။ ကျွန်မက အခန်းထဲတွင် ပြတင်းပေါက်မှ ဖြစ်စေ၊ အထပ်ခိုးမှဖြစ်စေ၊ အပြင်ထွက်နိုင်ရန် အခွင့်သာလိမ့်မည် ထင်ထားပါသည်။ သို့သော် ပြတင်းပေါက်များမှာလည်း အောက်ထပ် ပြတင်းပေါက်တွေလိုပင် ကျဉ်းကျဉ်းကလေးများ ဖြစ်ကြပါသည်။ အထပ်ခိုးမှ ထွက်ရန်လည်း မဖြစ်နိုင်ကြောင်း တွေ့ရပါ၏။ ကျွန်မတို့မှာ အောက်ထပ်မှာလိုပင် အပိတ်အလှောင် ခံကြရပြန်ပါ၏။ နှစ်ယောက်စလုံး မလှဲနိုင်ပါ။ ကက်သရင်းက ပြတင်းဘောင်ပေါ်မှာ ထိုင်လျက် စိုးရိမ်ပူပန်နေပါ၏။ ကက်သရင်းသည် မနက်လင်းလျှင်ပင် ရင်ဆိုင်ရမည့် အခြေအနေအတွက် စိတ်မောနေပုံရပါသည်။ သူ့ဆီမှ သက်ပြင်းချသံကို ကြားနေရပါ၏။ ကျွန်မသည် လှုပ် ကုလားထိုင်ပေါ်တွင် ထိုင်ပြီး ကုလားထိုင်ကို ငြိမ့်နေလိုက်ပါ၏။
မနက် ခုနစ်နာရီတွင် ဟိကလစ်သည် အခန်းဝသို့ ရောက်လာပြီး ကေသီ နိုးမနိုး လှမ်းမေးသည်။ ကက်သရင်းသည် ချက်ချင်း ထသွားပြီး နိုးနေပြီဖြစ်ကြောင်း ပြောလိုက်သည်နှင့် ဟိကလစ်သည် တံခါးကိုဖွင့်၍ “ကဲ... ဒါဖြင့်လာ” ဟု ဆိုကာ ကက်သရင်းကို ဆွဲခေါ်သွားပါလေ၏။ ကျွန်မလည်း ကက်သရင်း နောက်ကလိုက်ရန် ထလိုက်သွားသော်လည်း ဟီကလစ်သည် တံခါးကို အပြင်မှပိတ်ပြီး သော့ခတ်သွားပြန်ပါလေ၏။ ကျွန်မက တံခါးဖွင့်ပေးရန် ပြောပါသေး၏။
“အဲဒီထဲမှာပဲ အေးအေး နေဦး၊ ခင်ဗျားအတွက် မနက်စာ အပိုခိုင်းလိုက်မယ်' ဟု ပြောသံကိုသာ ကြားလိုက်ရပါသည်။
ကျွန်မက ဒေါသဖြင့် တံခါးကို ထုပြီး ကန့်လန့်ကို တဂျောက်ဂျောက် လုပ်လိုက်ပါသည်။ ကက်သရင်းက ဟိကလစ်အား ကျွန်မကို အခန်းထဲ ပိတ်ထားခဲ့ရသည့် အကြောင်းကို မေးပါသေး၏။ ဟိကလစ်က တနာရီလောက်ပဲဟု ဖြေသံကို ကြားလိုက်ရပြီး သူတို့နှစ်ယောက် အခန်းနားမှ ထွက်သွားပါလေတော့သည်။ ကျွန်မမှာ အခန်းထဲတွင် တနာရီမကပါ၊ နှစ်နာရီ သုံးနာရီလောက်အထိ နေနေရပါ၏။ သုံးနာရီလောက်ကြာမှ ခြေသံတသံ ကြားရပါ၏။ သို့သော် ဟိကလစ် မဟုတ်ပါ။
“ကျုပ် စားစရာ လာပို့တာဗျ ၊ တံခါးဖွင့်စမ်းပါဦး”
ကျွန်မက အခန်း ကန့်လန့်ကို ဖွင့်ပေးလိုက်ပါသည်။ ဟယ်ယာတန် ဖြစ်ပါသည်။ သူသည် တနေ့လုံးစာ အစားအသောက်များကို ယူလာပြီး အခန်းဝမှာပင် ကျွန်မအား..
“ဒါတွေ ယူထား” ဟု ဆိုကာ စားသောက်ဖွယ် ဗန်းကို ကျွန်မ လက်ထဲသို့ ထိုးထည့် လိုက်ပါသည်။
“ခဏ နေပါဦး” ကျွန်မက ပြောသော်လည်း...
“မနေနိုင်ဘူးဗျ” ဟု ဆိုကာ သူ တံခါးပြန်ပိတ်ပြီး ပြန်သွားပါလေ၏။ ကျွန်မသည် အခန်းထဲတွင် ထိုနေ့တနေ့လုံး၊ ညတွင်လည်း တညလုံး နေလိုက်ရပါ၏။ နောက်နေ့တွေမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်ပါသည်။ ငါးညနှင့် လေးရက်လုံးလုံး နံနက်ပိုင်းများ၌ အစားအသောက် လာပို့သော ဟယ်ယာတန်မှအပ ကျွန်မ မည်သူ့ကိုမျှ မတွေ့ရပါ။ ဟယ်ယာတန်မှာလည်း သူ့ဆရာ အမိန့်အတိုင်း တသဝေမတိမ်း လိုက်နာ၍ နှုတ်ဆိတ်လျက်သာ နေပါလေသည်။
.jpg)

Comments
Post a Comment