အခန်း [ ၃၃ ]
နောက်တနေ့ နံနက်တွင် ဟယ်ယာတန်သည် ယာထဲသို့ မဆင်းပဲ အိမ်မှာတွင် ရှိနေပါသည်။ ထို့ကြောင့် ကျွန်မအဖို့ ရှေးကလို ကက်သရင်း အနားတွင် ရှိနေရန် မလိုပါ။ ကက်သရင်းကပင် ကျွန်မ အလျင် အိမ်ပေါ်က ဆင်းပြီး ခြံထဲ ထွက်သွားပါလေသည်။ ခြံထဲ၌ ဟယ်ယာတန်သည် ခပ်ပေါ့ပေါ့ အလုပ်ကလေးများ လုပ်နေပါ၏။ ကျွန်မလည်း သူတို့နှစ်ယောက်ရှိရာသို့ သွားပြီး နံနက်စောစောစာ စားကြရန် ခေါ်လိုက်ပါသည်။ ထိုစဉ်တွင် ကက်သရင်းက ဟယ်ယာတန်အား စပျစ်ပင်များနှင့် ချုံပင်များရှိသော မြေနေရာကို ရှင်းရန် ခိုင်းနေသည်ကို တွေ့ရပါလေ၏။ ထိုနေရာတွင်လည်း အခြားနေရာမှ အပင်များ ပြောင်းရွှေ့ စိုက်ပျိုးရန်လည်း စီစဉ်နေကြပါလေသည်။ ကျွန်မသည် စပျစ်ပင်များ အဖျက်ဆီး ခံလိုက်ရသည်ကို မြင်လိုက်ရသဖြင့် တုန်လှုပ်ချောက်ချားသွားပါသည်။ စင်စစ် ထိုအပင်များကား ဂျိုးဆက် တမြတ်တနိုး စိုက်ထားသော အပင်များ ဖြစ်ပါသည်။ ယခုကား ဂျိုးဆက်၏ စပျစ်ပင်များ နေရာတွင် ကက်သရင်းက ပန်းပင်များ ရွှေ့စိုက် နေပါလေပြီ။
“ဟဲ့၊ ဘယ်လို လုပ်နေကြတာလဲ၊ သူတွေ့သွားယင်တော့ သခင့်ကို တိုင်ပြောတော့မှာပဲ၊ မင်းတို့ ဥယျာဉ်ထဲ ထင်တိုင်းကြဲနေတာ အဆူခံထိတော့မှာပဲ၊ ခေါင်းတော့ မီးတောက်ရဦးမှာပဲ၊ မစ္စတာဟယ်ယာတန်၊ မင်းကလဲနော်၊ ကက်သရင်း ခိုင်းတာကိုမှ လုပ်ရတယ်လို့” ဟု ကျွန်မက ပြောလိုက်ပါသည်။
ဟယ်ယာတန်သည် စိတ်ရှုပ်သလို ဖြစ်သွားပြီး
“အဲဒီအပင်တွေ ဂျိုးဆက် စိုက်ထားတာ ကျွန်တော် မေ့သွားတယ်ဗျာ၊ ကျွန်တော် လုပ်တာလို့ သူ့ကို ပြောလိုက်ပါ့မယ်လေ” ဟု ဖြေပါလေသည်။
ကျွန်မတို့သည် မစ္စတာဟိကလစ်နှင့် စားသောက်ကြမြဲ ဖြစ်ပါသည်။ ကျွန်မသည် ကက်သရင်း၏ တာဝန်များကို ဆောင်ရွက်နေသည်ဖြစ်ရာ ကျွန်မသည်လည်း နံနက်စာ စားပွဲတွင် ရှိနေရပါသည်။ ကက်သရင်းသည် ကျွန်မဘေးတွင် ထိုင်မြဲ ဖြစ်ပါသည်။ သို့သော် ယနေ့တွင်မူ သူသည် ဟယ်ယာတန်နားသို့ မသိမသာ တိုးကပ်၍ အတူ ထိုင်ပါလေသည်။ သူ့တွင် ဟိုတုန်းကလို ရန်လိုသည့် အသွင်အပြင်မျိုး မရှိပဲ ရင်းနှီးဟန်က ပေါ်လွင်နေပါသည်။
ကျွန်မလည်း ကက်သရင်း၏ ဤအခြေအနေကို သတိပြုမိသဖြင့် အခန်းထဲဝင်လာယင်း သူ့အနားသို့ ကပ်၍ ...
“ဟယ်ယာတန်ကို စကား သိပ်မပြောနဲ့၊ သိပ်လဲ ကြည့်မနေနဲ့၊ အတော်နေ မစ္စတာ ဟိကလစ် မျက်စိနောက်နေဦးမယ်၊ အလိုလိုကမှ ဟိုက ညည်းတို့နှစ်ယောက်ကို ကြည့်မရရတဲ့အထဲ” ဟု တီးတိုးပြောလိုက်ပါသည်။
သို့သော် စားပွဲတွင် ကက်သရင်းသည် ဟယ်ယာတန်နား တိုးကပ်ထိုင်ပြီး ယယ်ယာတန်၏ ပန်းကန်ထဲသို့ ပန်းပွင့်ကလေးများကို ထည့်၍ စနေပါလေ၏။ ဟယ်ယာတန်ကား ကက်သရင်းကို ဘာမျှ မပြောပါ။ သို့သော် သူ့ကို ကြည့်ရသည်မှာ အနေရအထိုင်ရ ခက်နေပုံရပါသည်။ ကလေးမ ကလေးကလည်း ထပ်ခါတလဲလဲ စနေပါလေ၏။ ကျွန်မ သူ့ကို မျက်မှောင်ကြုတ် ကြည့်လိုက်ပါသည်။ ထိုအခါ ကက်သရင်းက မစ္စတာ ဟိကလစ်ကို တချက် လှမ်းကြည့်လိုက်ပါသေး၏။ မစ္စတာဟိကလစ်မှာ တခြား အကြောင်းအရာ တခုခုတွင် အာရုံဝင်စားနေဟန်သည် သူ့မျက်နှာသွင်ပြင်တွင် ပေါ်လွင်နေပါ၏။ ကက်သရင်းသည် ဟယ်ယာတန်ကို ဆက် စ နေပြန်ပါ၏။ ဟယ်ယာတန်သည် အောင့်မနေနိုင်တော့ပဲ ခပ်တိုးတိုး ရယ်လိုက်ပါသည်။ မစ္စတာဟိကလစ်သည် ဖြတ်ကနဲ ဖြစ်သွားပြီး အကဲခတ်သလို ကြည့်လိုက်ပါသည်။ ကက်သရင်းသည် ဟိကလစ်၏ သဘောမတွေ့သော အကြည့်ကို ဂရုမစိုက်သလို နေနေပါ၏။
“နင် ငါ့နား နီးနီး မနေယင် ကောင်းမယ်၊ နင် ငါ့ကို ဒီလိုစိုက်ကြည့်တာကို ငါမကြိုက်ဘူး၊ သွားစမ်း၊ သွားစမ်း၊ နင် ရှိနေတာကို ငါ မမြင်ချင်ဘူး၊ အဲဒီလို ရယ်တာကိုလဲ ငါမကြိုက်ဆုံးပဲ ဟိကလစ်က အော်ပြောလိုက်ပါသည်။
“ကျွန်တော်ရယ်တာပါ” ဟယ်ယာတန်က ခပ်တိုးတိုး ဝင်ပြောပါသည်။
“မင်းက ဘာပြောတာလဲ” ဟိကလစ်က ပြောလိုက်သောအခါ ဟယ်ယာတန် ငြိမ်သွားပါသည်။ သူ့ရှေ့က ပန်းကန်ကိုသာ ငုံ့ကြည့်နေပါ၏။ သူ နောက်ထပ် ဘာမျှ မပြောတော့ပါ။ မစ္စတာဟိကလစ်သည် ဟယ်ယာတန်ကို ဖြတ်ကနဲ တချက်ကြည့်ပြီး သူ့စားသောက်ဖွယ်ရာများကိုသာ ဆက်လက် စားသုံးနေပါလေ၏။ ကျွန်မတို့ နံနက်စောစာ စားသောက်ပွဲလည်း ပြီးခါနီးပါပြီ။ ကောင်ကလေးနှင့် ကောင်မလေးတို့လည်း ခပ်ခွာခွာ ပြင်ထိုင်လိုက်ကြပါသည်။ ကျွန်မလည်း သူတို့ကိစ္စထဲမှာ ဝင်မရှုပ်ပဲ နေနေလိုက်ပါ၏။ ထိုစဉ်တွင် ဂျိုးဆက်သည် တံခါးဝသို့ ရောက်လာပါလေ၏။ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်နေပြီး မျက်လုံးကလည်း ဒေါသထွက်နေကြောင်း ဖော်ပြနေပါ၏။ သူ တမြတ်တနိုးစိုက်ထားသည့် စပျစ်ပင်တွေ နုတ်အပစ်ခံရ၍ ဒေါသဖြစ်နေပုံ ရပါသည်။ သူ့မေးရိုးတွေကလည်း နွားများ စားမြုံ့ပြန်သလို တလှုပ်လှုပ် ဖြစ်နေပါသည်။
“ကျုပ်ဒီမှာ နေလာတာ အနှစ်ခြောက်ဆယ် ရှိပြီ၊ ကျုပ်စာအုပ်တွေ ဖွလားဖွရဲ့၊ အခုလဲ ခြံထဲက ကျုပ်အပင်တွေကို ဖျက်ပစ်တယ်။ ဒါကိုတော့ ကျုပ် မခံနိုင်ဘူး’ သူ့ အသံမှာ ဝူးဝူးဝါးဝါး ဖြစ်နေပါ၏။
“ကဲ၊ တော်စမ်းအဘိုးကြီး၊ ပါးစပ်ပိတ်ထားစမ်း၊ ခင်ဗျားက ဘာတွေ မကျေမနပ် ဖြစ်လာတာလဲ၊ ကျုပ် ခင်ဗျားနဲ့ နယ်လီ ရန်ဖြပ်တဲ့ကိစ္စထဲ ဝင်မပါချင်ဘူး” ဟု မစ္စတာဟိကလစ်က ဝင်ပြောလိုက်ပါသည်။
“ဒါ နယ်လီနဲ့ ဖြစ်တာ မဟုတ်ဘူး၊ ခြံထဲက စပျစ်ပင်ကို နုတ်ပစ်တာကို ပြောတာ”
“ကဲ၊ အဘိုးကြီး မူးလာသလား၊ ဟေ့ ဟယ်ယာတန်၊ မင်းနဲ့ ဘာဖြစ်သလဲ'
မစ္စတာဟိကလစ်က ဟယ်ယာတန်ကိုပါ တဆက်တည်း မေးလိုက်ပါ၏။
“ကျွန်တော် သူ့ စပျစ်ပင် နှစ်ပင် သုံးပင် နုတ်ပစ်လိုက်မိတာပါ၊ ကျွန်တော် ပြန်စိုက်ပေးမှာပါ'
“မင်းက ဘာဖြစ်လို နုတ်ပစ်ရတာလဲ”
ကက်သရင်းက ကြားဝင်ပါလေတော့သည်။
“အဲဒီနေရာမှာ ကျွန်မတို့ ပန်းပင်စိုက်ချင်လို့ပဲ၊ ကျွန်မက အနုတ်ခိုင်းလို့ နုတ်တာ၊ အပြစ်တင်စရာရှိယင် ကျွန်မကိုပဲ အပြစ်တင်ပေါ့"
“ဩ၊ နင်က ဒီခြံထဲကဟာတွေကို နုတ်ပစ်ရအောင် နင့်မှာ ဘာအခွင့်အရေးရှိလို့လဲ၊ နေစမ်းပါဦး၊ မင်းကကော ဒီကောင်မလေး အမိန့်ကို နာခံရမယ်လို. ဘယ်သူက အမိန့်ပေးထားလို့လဲကွ'
ဟယ်ယာတန်ကိုပါ တဆက်တည်း မေးလိုက်ပါ၏။
ဟယ်ယာတန်မှာ ဘာမျှ မပြောနိုင်ရှာပါ။
ကက်သရင်းကသာ …
“ရှင်က ကျွန်မမြေတွေ အကုန်သိမ်းထားပြီး ဒီမြေကလေး လက်မလောက် ထိတာကိုကျမှ ပြောနေတာပေါ့လေ”
“ဘာ နင့်မြေလဲ၊ နင် နှုတ်သရမ်းမနေနဲ့၊ နင့်မှာ ဘယ်တုန်းကများ မြေရယ်၊ ယာရယ် ရှိခဲ့လို့လဲ”
“ပြီးတော့ ကျွန်မပိုက်ဆံတွေလဲ ရှင်ပဲ ယူထားတာ”
ကက်သရင်းသည် သူ၏ နံနက်စောစာ လက်စသိမ်းလု အခြေအနေဖြင့် မုန့်ကို ကိုက်စားယင်း မစ္စတာဟိကလစ်၏ ဒေါသဟုန်းဟုန်း တောက်နေသော မျက်လုံးစုံကို ရင်ဆိုင်လျက် ဆက်ပြောနေပြန်ပါသည်။
“တော်စမ်းပါ၊မြန်မြန် စားသောက်ပြီး ထွက်သွားစမ်း”
ကက်သရင်းက စကားကို မရပ်နိုင်သေး။
“ပြီးတော့လဲ ဟယ်ယာတန့် မြေတွေရော၊ ပိုက်ဆံတွေရောပါ ရှင် သိမ်းထားတာပဲ၊ ခု ဟယ်ယာတန်နဲ့ ကျွန်မ မိတ်ဆွေ ဖြစ်သွားပြီ ရှင့်၊ ဟယ်ယာတန်ကို ရှင့်အကြောင်းတွေ ပြောပြလိုက်မယ်” ဟု ခပ်ရမ်းရမ်း ဆက်ပြောနေပြန်ပါလေသည်။
မစ္စတာ ဟိကလစ်သည် ပို၍ စိတ်ရှုပ်ထွေးလာနေဟန် ရှိပါသည်။ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေပါလေပြီ။ နေရာမှ ထလာပြီး ကက်သရင်းအား ခါးခါးသီးသီး မုန်းသော အကြည့်မျိုးဖြင့် စိုက်ကြည့် နေပြန်ပါ၏။
“ရှင် ကျွန်မကို ရိုက်ယင် ဟယ်ဟာတန်က ရှင့်ကို ရိုက်မှာပဲ၊ ဒီတော့ ရှင် ပြန်ထိုင်နေပါ” ကက်သရင်းသည် စကား ဆက်နေပြန်ပါ၏။
“ဟယ်ယာတန်က မင်းကို အခန်းထဲက ဆွဲမထုတ်ယင် ဒီကောင့်ကို ငါ အချပဲ၊ အလကား စုန်းမ၊ နင်က သူနဲ့ငါ့ကို ရန်တိုက်ပေးနေတာပေါ့လေ၊ ဟေ့ကောင် ဟယ်ယာတန်၊ အဲဒီ သောက်ကောင်မကို ဆွဲထုတ်သွားစမ်း၊ ကြားတယ် မဟုတ်လားကွ၊ မီးဖိုထဲ ဆွဲထုတ်ပစ်လိုက်စမ်း၊ ဒီမယ် နယ်လီ၊ နောက်တခါ ဒီကောင်မလေးကို ကျုပ်မျက်စိအောက်တွေ့ရယင် ကျုပ် သင်းကို အသတ်ပဲ” မစ္စတာ ဟိကလစ်သည် အော်ဟစ် ပြောလိုက်ပါလေသည်။
ဟယ်ယာတန်သည် သူ့ညီမကလေးကို ချော့မော့ ခေါ်ရပါလေတော့သည်။
“ဟေ့ကောင်၊ ဆွဲခေါ်သွားပါလားကွ၊ ဘာလဲ၊ နင်က နောက်ထပ် စကားကြော ရှည်ချင်သေးသပေါ့လေ” မစ္စတာ ဟိကလစ်သည် စိတ်မရှည်နိုင်တော့ပဲ ရှေ့သို့တိုးလာပါလေ၏။
'သူ ရှင့်စကားကို နားထောင်တော့မှာ မဟုတ်ဘူး လူယုတ်မာကြီးရဲ့၊ ရှင့်ကို ကျွန်မ မုန်းသလို သူလဲ ရှင့်ကို မကြာခင် မုန်းလာမှာပဲ သိရဲ့လား' ကက်သရင်းက ရှည်နေပြန်ပါ၏။
“တော်စမ်းပါကွယ်၊ တော်စမ်းပါ၊ မင်း ဘာမှ ထပ်မပြောနဲ့တော့ ကက်သရင်းရယ်၊ လာစမ်းပါ' ဟယ်ယာတန်ကလည်း သူ့ညီမကို ထပ် ချော့နေပြန်ပါသည်။
“သူ ရိုက်ယင် ရှင် ကြည့်မနေဘူး မဟုတ်လား”
“လာစမ်းပါကွယ်” ဟယ်ယာတန်က တိုးတိုး ခေါ်နေပြန်ပါလေသည်။
ထိုစဉ်မှာပင် မစ္စတာဟိကလစ်သည် ကက်သရင်းအနား ရောက်လာပြီး ကက်သရင်းကို ဖမ်းချုပ်ယင်း ဟယ်ယာတန်အား...
“ကဲ မင်းသွားတော့၊ ဒီစုန်းမတော့ အသိပဲ၊ သင်းက ငါမခံရပ်နိုင်အောင် စော်ကားနေပြီ၊ သင်း တသက်လုံး နောင်ကြဉ်သွားအောင် ဆုံးမမှ”
မစ္စတာဟိကလစ်သည် ကက်သရင်း၏ ဆံပင်ကို ဆွဲထားပါလေပြီ။ ဟယ်ယာတန်သည် မစ္စတာဟိကလစ်နှင့် ဖက်ပြိုင်လျက် ကက်သရင်းကို ဆွဲခေါ်လျှင် ကက်သရင်း နာကျင်မည်စိုးသဖြင့် သူ ကိုင်ဆွဲထားသော ကက်သရင်းကို လျှော့လွှတ်ပေးလိုက်ပါသည်။ မစ္စတာ ဟိကလစ်၏ မျက်လုံးမှာ အရောင်တဖိတ်ဖိတ် လက်နေပါသည်။ သူသည် ကက်သရင်းကို စိစိညက်ညက်ကြေအောင် ချေမှုန်းတော့မည်ကဲ့သို့ ရှိပါသည်။ ကျွန်မလည်း ကြည့်မနေနိုင်တော့သဖြင့် ကက်သရင်းကို ကယ်တင်ရန် ရှေ့တိုးသွားခိုက်မှာပင် ကက်သရင်း၏ ခေါင်းကို ချုပ်ကိုင်ထားသော မစ္စတာဟိကလစ်၏ လက်သည် လျော့ပြေသွားပြီး လက်မောင်းကို ဖမ်းဆုပ်ယင်း ကက်သရင်း၏ မျက်နှာကို စိုက်ကြည့်နေပြန်ပါလေသည်။ ထို့နောက် သူ့လက်ကို ပြန်ရုပ်လိုက်ပြီး ကက်သရင်းကို စိုက်ကြည့်ကာ တည်ငြိမ်သော လေသံဖြင့်..
“နင် ငါ့စိတ်ကို ဒေါသဖြစ်အောင် မစမ်းနဲ့၊ မဟုတ်ယင် နင့်ကို ငါသတ်မိလိမ့်မယ်၊ သွား၊ မစ္စက်ဒင်းနဲ့ လိုက်သွား၊ မစ္စက်ဒင်းနားမှာပဲနေ၊ သူ့စကားကို နားထောင်၊ ဟယ်ယာတန်ကိုလဲ နင့်စကားကို နားထောင်ယင် အိမ်ပေါ်က နှင်အချပဲ၊ နင့်ကြောင့် ဒီကောင် သူတောင်းစားဖြစ်ရမှာပဲ၊ ကဲ နယ်လီ၊ သူ့ကို ခေါ်သွားဗျာ၊ သွားကြ၊ အားလုံး သွားကြတော့' အမိန့်ပေးလိုက်ပါလေသည်။
ကျွန်မလည်း ကက်သရင်းကို ခေါ်၍ အခန်းထဲမှ ထွက်လာခဲ့ပါသည်။ ကက်သရင်းသည်လည်း မစ္စတာဟိကလစ်လက်မှ လွတ်လာသဖြင့် အလွန်ပင် ဝမ်းမြောက်နေပါလေ၏။ ထိုအဖြစ်အပျက် နောက်ပိုင်းတွင် မစ္စတာဟိကလစ်သည် ညနေစာ စားချိန်တွင် ကျွန်မက ကက်သရင်းအား အပေါ်ထပ် သူ့အခန်းထဲမှာပင် စားဖို့ ပြောထားသော်လည်း မစ္စဘာဟိကလစ်သည် ညနေစာ စားပွဲ၌ ကက်သရင်းကို မမြင်ရသည်နှင့် ကက်သရင်းကို အခေါ်လွှတ်သဖြင့် ကျွန်မလည်း ကက်သရင်းကိုပါ ညနေစာ စားပွဲသို့ ခေါ်ခဲ့ရပါ၏။ ထိုစားသောက်ပွဲ၌ မစ္စတာဟိကလစ်သည် မည်သူ့အားမျှ စကားမပြောပါ။ အစားအသောက်ကိုလည်း အနည်းငယ်သာ စားသောက်ပြီး အပြင်ဘက်သို့ ထွက်သွားပါ လေတော့သည်။
မစ္စတာဟိကလစ် အိမ်မှာ မရှိတော့သောအခါ ကက်သရင်းတို့ နှစ်ယောက်တည်း တပူးတွဲတွဲ ဖြစ်နေကြပါ၏။ ယခုတကြိမ်၌ ကက်သရင်းက ဟယ်ယာတန်၏ အဖေအပေါ် မစ္စတာဟိကလစ် မကောင်းခဲ့ပုံ၊ အနိုင်ကျင့်ခဲ့ပုံများကို ပြောပြလေရာ ဟယ်ယာတန်က ထိုစကားများကို မပြောသင့်ကြောင်းနှင့် သူ့အနေနှင့် မစ္စတာဟိကလစ်၏ ဂုဏ်သိက္ခာကို ထိပါးစေသော စကားများ တလုံးတပါဒမျှ မပြောလိုကြောင်း ပြောဆိုနေကြသည်ကို ကျွန်မ ကြားရပါ၏။ ဟယ်ယာတန်သည် သူ့အနေနှင့် မစ္စတာဟိကလစ်ဘက်က ရပ်တည်ရမည်ဖြစ်ကြောင်းနှင့် မစ္စတာဟိကလစ်ကို ပုတ်ခတ်ပြောဆိုမည့်အစား သူ့ကို ပုတ်ခတ်ပြောဆိုလျှင် သူ ခံနိုင်ကြောင်း ဆက်ပြောပါသည်။ ထိုစကားကြောင့် ကက်သရင်းမှာ မကျေမနပ် ဖြစ်သွားပုံရပါသည်။ ဟယ်ယာတန်ကမူ ကက်သရင်းအား ကက်သရင်း ဖခင်အကြောင်း မကောင်းပြောလျှင် ကက်သရင်း မည်သို့ ခံစားရမည်နည်း ဟူသော မေးခွန်းမျိုးကိုပင် မေးပါလေသည်။ ထိုအခါ ဟယ်ယာတန်သည်. မစ္စတာဟိကလစ်အပေါ် သံယောဇဉ် တွယ်တာနေပြီဖြစ်ကြောင်း ကက်သရင်းလည်း သဘောပေါက်သွားပုံရပါသည်။ ထို့နောက်တွင်ကား သူတို့သည် မစ္စတာ ဟိကလစ် အကြောင်းကို မပြောကြတော့ပါ။ ကက်သရင်း ကိုယ်တိုင်ကလည်း ဟယ်ယာတန်နှင့် မစ္စတာ ဟိကလစ်တို့အကြား အမုန်းပွားအောင် လုပ်မိသည့်အတွက် သူ စိတ်မကောင်း ဖြစ်ရကြောင်း ကျွန်မအား ပြောပြပါ၏။
မစ္စတာ ဟိကလစ်နှင့် ပတ်သက်၍ နှစ်ဦး အငြင်းပွားမှု ပြီးဆုံးသွားသည့်နောက်တွင် သူတို့သည် ဆရာတပည့်အသွင်ဖြင့် စာသင်နေကြပြန်ပါသည်။ ကျွန်မလည်း လုပ်ဆောင်ဖွယ် အလုပ်များ ပြီးသွားပြီဖြစ်၍ သူတို့နားသွားထိုင်နေလိုက်ပါ၏။
ကျွန်မမှာ သူတို့နှစ်ယောက် စာသင်နေသည်ကို ကြည့်ယင်း ကြည်နူး ဝမ်းသာနေရသည့်အတွက် အချိန်မည်မျှ ကုန်သွားသည်ကိုပင် သတိမပြုမိပါ။ စင်စစ် သူတို့နှစ်ယောက်စလုံးမှာ ကျွန်မ၏ သားသမီးများသဖွယ် ပြုစုခဲ့ရ၍ ကျွန်မအဖို့ ဂုဏ်ယူမဆုံးနိုင်အောင် ရှိခဲ့ပါသည်။ သူတို့နှစ်ယောက်တွင် ကက်သရင်းကလေးမှာ မိခင် ကွယ်လွန်ခဲ့သော်လည်း ဖခင်လက်ထက်တွင် ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံ ကြီးပြင်းခဲ့ရသဖြင့် အဘက်ဘက်မှပင် ပြည့်စုံလာခဲ့သူ ဖြစ်ပါသည်။ ဟယ်ယာတန်ကလေးမှာက ပင်ကိုစရိုက်အားဖြင့် ရိုးသားသိမ်မွေ့ပြီး ဉာဏ်ပညာ ထက်မြက်သော်လည်း မစ္စတာဟိကလစ် လက်အောက်တွင် ကြီးပြင်းခဲ့ရသဖြင့် ပညာမတတ်၊ လူမှုရေးလည်း နားမလည်သလို ဖြစ်ခဲ့ရရှာလေသည်။ ယခုကား ကက်သရင်း၏ ကြိုးစားပမ်းစား သင်ပြမှုနှင့် ဟယ်ယာတန်၏ ဉာဏ်ရည်ထက်မြက်မှုနှင့် ကြိုးစားမှုကြောင့် ဟယ်ယာတန်သည် အတော်အတန်ပင် တိုးတက်လာခဲ့ပေပြီ။ စာတတ်လာသည်နှင့်အမျှ စိတ်ဓာတ်သည်လည်း မြင့်မားလာကာ ရုပ်သွင်ပြင်ပင်လျှင် ရှေးယခင်ကထက် ပြောင်ပြောင် ရောင်ရောင် ဖြစ်လာပြီဟု ဆိုရပါမည်။ယခု သူတို့နှစ်ယောက်ကို မြင်ရသောအခါ ကက်သရင်းကလေး ကျောက်တောင်ဘက် သွားစဉ် လေထန်ကုန်းအိပ်ကြီးသို့ ရောက်ပြီး ဟယ်ယာတန်နှင့် စတွေ့ကြသော အဖြစ်ကို ပြန်လည် မြင်ယောင်လာပါသည်။ ကျွန်မသည် သူတို့ နှစ်ယောက်ကို ကြည့်ယင်း သူတို့၏ အားထုတ်မှုကို စိတ်ထဲက ချီးကျူးနေစဉ်မှာပင် မှောင်ရီပျိုးလာပါသည်။ သခင်လည်း ပြန်ရောက်လာပါ၏။ သူသည် အိမ်ထဲသို့ အမှတ်မထင် ဝင်လာခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မတို့က သူ့ကို မမြင်လိုက်မီမှာပင် သူသည် ကျွန်မတို့သုံးယောက်ကို တွေ့သွားပြီး ဖြစ်ပါ၏။ သူ့အဖို့ ယယ်ယာတန်နှင့် ကက်သရင်းကို ဤသို့ မြင်တွေ့လိုက်ရသည့်အတွက် အပြစ်ဆိုဖွယ် ဖြစ်နိုင်သည်ဟု ကျွန်မ မထင်ပါ။ မီးလင်းဖိုမှ မီးရောင်သည် သူတို့ ခေါင်းများပေါ်တွင် ဖြာကျလျက် မျက်နှာပြင်များတွင်ကား သင်ပြသူက သင်ပြ၊ သင်ယူသူက သင်ယူရာ၌ အထူး စိတ်ထက်သန်နေကြပုံ ပေါ်နေပါသည်။ ယခုအခါ ဟယ်ယာတန်မှာ နှစ်ဆယ့်သုံးနှစ်ရှိပြီး ကက်သရင်းမှာ ဆယ့်ရှစ်နှစ်ရှိပြီ ဖြစ်သော်လည်း သည်အရွယ်ရောက်မှ စာသင်နေရသဖြင့် ရှက်ခြင်း ရွံ့ခြင်း မရှိပဲ စာသင်နေရသည်ကိုပင် မြင့်မြတ်သော အမှုကိစ္စအဖြစ် ခံစားနေကြရပုံ သည်လည်း ပေါ်လွင်နေပါ၏။
ကက်သရင်းနှင့် ဟယ်ယာတန်တို့သည် မစ္စတာ ဟိကလစ်ကို တပြိုင်တည်း မော့်ကြည့်လိုက်ပါသည်။ သူတို့နှစ်ယောက်စလုံး၏ မျက်လုံးအစုံတို့သည်ကား မစ္စတာဟိကလစ်၏ ချစ်သူ ကွယ်လွန်သူ ကက်သရင်း၏ မျက်လုံးများနှင့် တထေရာတည်း တူလှပါသည်။ ယခု ကက်သရင်းကလေးကား သူ့အမေ ကွယ်လွန်သူ ကက်သရင်းကဲ့သို့ နဖူးကျယ်ပြီး နှာခေါင်းပေါက်များက သူ့အမေထက် ပိုပြီး မာနကြီးသယောင် ရှိသည်မှအပ အခြားရုပ်သွင်ပြင်တို့မှာ သူ့အမေနှင့် မတူလှပါ။ ဟယ်ယာတန်၏ မျက်နှာသွင်ပြင်ကား သူ့အဒေါ် ကက်သရင်းနှင့် ပိုတူပါသည်။ ထို့ကြောင့်လည်း မစ္စတာဟိကလစ်အဖို့ ဟယ်ယာတန့် မျက်နှာကို စိုက်ကြည့်မိယင်း သူ့ချစ်သူ ကက်သရင်းကို သတိရလာဟန် တူပါသည်။ စိတ်လည်း လှုပ်ရှားသွားပုံ ရပါသည်။ သူသည် မီးလင်းဖိုနားသို့ လျှောက်လာပြီး ဟယ်ယာတန်ကို စိုက်ကြည့်နေပြန်ပါ၏။ ထို့နောက် ဟယ်ယာတန့်လက်ထဲက စာကို ဆွဲယူလိုက်ပြီး ဟယ်ယာတန် ဖတ်နေသော စာမျက်နှာကို တချက်ကြည့်၍ ဟယ်ယာတန်အား ပြန်ကြည့်လိုက်ပါ၏။ ကက်သရင်းကိုကား တချက် မသိမသာ ကြည့်ရုံကလေး ကြည့်လိုက်ပါသည်။ ထိုအချိန်တွင် သူတို့နှစ်ယောက်စလုံး အခန်းထဲမှ ထွက်ရန် ပြင်ကြပါလေပြီ။ ကျွန်မလည်း သူတို့နှင့်အတူ လိုက်သွားမည် ပြုပါ၏။ သို့သော် သူတို့ ထွက်သွားသောအခါ မစ္စတာ ဟိကလစ်က ကျွန်မအား ဆက်လက်ထိုင်နေရန် ပြောသဖြင့် အခန်းထဲတွင် ကျွန်မနှင့် မစ္စတာ ဟိကလစ်တို့သာ ကျန်ရစ်ခဲ့ပါလေသည်။
မစ္စတာ ဟိကလစ်သည် ထွက်သွားသော ကလေးနှစ်ယောက်နှင့် ပတ်သက်၍ တအုံနွေးနွေး ဖြစ်လာပြီး ဤသို့ ပြောပါလေတော့သည်။
“အင်း၊ အဆုံးကျတော့လဲ ကျုပ်အဖို့ ခဲလေသမျှ သဲရေကျ ဖြစ်ရတော့တာပါကလား၊ မဟုတ်ဘူးလား နယ်လီ၊ ကျုပ် အပြင်းအထန် ကြိုးစားခဲ့ရသမျှတွေဟာ သဲထဲရေသွန် ဖြစ်ရပြီ၊ ကျုပ်လေ ဒီမိသားစုနှစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ လက်နက်ကိရိယာတွေကိုလဲ စုဆောင်းခဲ့တယ်၊ အင်အားကိုလဲ မွေးခဲ့တယ်။ စိတ်ဓာတ်ကိုလဲ ထူထောင်ခဲ့တယ်၊ ခု ကျုပ်မှာ လူသန်ကြီး ဟာကျူလီလို အဲဒီနှစ်အိမ်လုံးကို ဖြိုချနိုင်လောက်တဲ့ အစွမ်းရှိပြီ၊ အဲဒီ နှစ်အိမ်လုံးက မိသားစု အားလုံးဟာ ကျုပ် ရန်သူတွေပဲဗျ၊ ခုဆိုယင် သူတို့နှစ်ယောက်လုံးက မွေးတဲ့ ဒီနှစ်ယောက်ကို ကျုပ်လက်စား ချေနိုင်တဲ့ အခြေအနေ ရှိပြီ၊ ကျုပ်ကို ဘယ်သူကမှ အဟန့်အတား မလုပ်နိုင်ဘူး၊ ဒါပေမယ့် ကျုပ် သူတို့ကို လက်စားချေလို့ ဘာအကျိုး ထူးတော့မှာလဲ၊ ကျုပ် သူတို့ကို ဘာမှ မလုပ်ချင်တော့ဘူး၊ သင်းတို့ကို အန္တရာယ်ပြုပို့အတွက် ကျုပ်လက်ကိုတောင် ကျုပ် မမြောက်နိုင်တော့ဘူး၊ ခု ကျုပ် ဘာကိုမှ မဖျက်ဆီးချင်တော့ဘူး၊ ဘယ်သူ့ကိုမှလဲ ဒုက္ခမပေးချင်တော့ဘူး၊ ဖျက်ဆီးဖို့၊ ဒုက္ခပေးဖို့၊ လက်စားချေဖို့ ကျုပ် စိတ်ကုန်သွားပြီ နယ်လီ။
“ဒီမယ် နယ်လီ၊ ကျုပ်ဟာ အပြောင်းအလဲတခုနဲ့ ကြုံရတော့မယ်ဗျ၊ အပြောင်းအလဲရဲ့ အရိပ်ဟာ ကျုပ်အပေါ်ကို ကျရောက်နေပြီဗျ၊ ကျုပ် နေ့စဉ် လုပ်ရိုး လုပ်စဉ် အလုပ်တွေမှာတောင် စိတ်မဝင်စားတော့ဘူး၊ ကုန်ကုန်ပြောယင် နေ့စဉ် စားရေးသောက်ရေးကိစ္စမှာတောင် ကျုပ် စိတ်မရောက်ချင်တော့ဘူး၊ ခုနက ထွက်သွားတဲ့ ကောင်လေးနဲ့ ကောင်မလေးဟာ ကျုပ်အပေါ် အကြီးအကျယ် လွှမ်းမိုးနေကြပြီ၊ သူတို့ကို မြင်ရယင် ကျုပ် စိတ်ဆင်းရဲတယ်၊ ကျုပ်အဖို့ ဝေဒနာကို အလူးအလဲ ခံစားရတယ်၊ ကောင်မလေးနဲ့ ပတ်သက်လို့တော့ ကျုပ်ပြောလဲ မပြောချင်ဘူး၊ သူ့အကြောင်းကိုလဲ မစဉ်းစားချင်ဘူး၊ ကျုပ် သူ့ကို မမြင်ရယင် အကောင်းဆုံးပဲ၊ သူ့ကို ကျုပ်မြင်ရယင် ကျုပ် စိတ်ဆင်းရဲတယ်။ ကောင်ကလေးက တမျိုးပဲ၊ ကျုပ် သူ့ကို မြင်ရတိုင်း သတိရစရာတွေ အများကြီး ပေါ်လာတယ်၊ ကျုပ် သူ့ကို မမြင်ချင်တော့သလိုလဲ ဖြစ်လာတယ်၊ အင်းလေ၊ သူ့ကို မြင်တော့.. ́ ဟု ဆိုကာ ပြုံးမယောင် လုပ်ပြီး စကားကို ဆက်ပြန်ပါသည်။ “သူ့ကို မြင်တိုင်း ကျုပ် သူ့အဒေါ်ကို သတိရလာတယ်၊ ဟိုတုန်းက အဖြစ်အပျက်တွေကို သတိရလာတယ်၊ သူက သူ့အဒေါ်နဲ့ တူတယ် မဟုတ်လား၊ ကျုပ် ဘာဖြစ်နေတယ်ဆိုတာ ခင်ဗျား ဘာမှ မပြောပါနဲ့၊ ကျုပ်က အတိတ်ဖြစ်ရပ်တွေထဲမှာ အမြဲနေနေတာ မဟုတ်လားဗျ။
'ခုနကလေးကပဲ ဟယ်ယာတန်ကို မြင်လိုက်ရတော့ ကျုပ်ငယ်စဉ်က ကက်သရင်းကို မြင်လိုက်ရသလို ဖြစ်လာတယ်၊ သူက ကက်သရင်းနဲ့ တူတော့ ကျုပ် သူ့ကို မြင်လိုက်ရတိုင်း ကက်သရင်းကိုပဲ မြင်မြင်လာတယ်၊ ကျုပ် ကက်သရင်းကို သတိရလာတယ်။ ကုန်ကုန်ပြောယင် ခုဆို ကျုပ် ကြမ်းပြင်ကိုတောင် ငုံ့မကြည့်ရဲဘူး၊ ကြမ်းပြင်မှာ ကက်သရင်းရဲ့ ပုံရိပ်က ထင်လာတယ်ဗျ။ နေ့နေ့ညည ဘယ်ကြည့်ကြည့်ဗျာ၊ လေထဲမှာရော၊ တိမ်ထဲမှာရော၊ သစ်ပင်ထဲမှာရော ကျုပ်ပတ်ပတ်လည်မှာ ကက်သရင်းပုံရိပ်က ထင်နေတယ်၊ ကုန်ကုန်ပြောမယ်၊ လူတွေရဲ့ မျက်နှာတွေကို ကြည့်တိုင်း ကက်သရင်း မျက်နှာကို မြင်နေတယ်ဗျာ၊ အဲဒီလို သူ့မျက်နှာကို မြင်ရတော့ သူ့ကို ဆုံးရှုံးရတဲ့အတွက် ကျုပ် ပိုပိုပြီး မခံမရပ်နိုင် ဖြစ်လာတယ်ဗျ၊ အဲဒါပါပဲ၊ ဒီတော့ ဘာဖြစ်သလဲ၊ သိလား၊ ဟယ်ယာတန်ဟာ ကျုပ် အမြဲချစ်ရတဲ့ ကက်သရင်းရဲ့ တစ္ဆေဖြစ်လာပြီး ကျုပ်မှာ ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းလာတယ်၊ ကျုပ်မှာ မနေနိုင် မထိုင်နိုင်အောင် ဖြစ်လာရတယ်။
“ခု ဒါတွေ ပြောပြနေရတာကိုလဲ ကျုပ် ပင်ပန်းလာတယ်။ ကျုပ် ပြောရတာလဲ ကျုပ်ဟာ ဘာကြောင့် အပေါင်းအသင်းနဲ့ မနေတတ်ပဲ တယောက်ထီးတည်း နေနေတာကို ခင်ဗျား သဘောပေါက်စေချင်လို့ပဲ၊ ခုတော့ ကက်သရင်းနဲ့ ပတ်သက်ပြီး ခံစားရတဲ့ ဝေဒနာက ပိုပို ဆိုးလာတယ်။ ဒါကြောင့် ကျုပ် သူတို့နှစ်ယောက် ဘယ်လိုဖြစ်နေကြပြီ၊ ဘာညာဆိုတာလဲ မသိချင်ဘူး၊ သူတို့ကိုလဲ မတွေ့ချင် မမြင်ချင်တော့ဘူး”
ကျွန်မသည် သူ့အမူအရာကို မြင်ရသဖြင့် တုန်တုန်လှုပ်လှုပ် ဖြစ်လာသည်။ သူ့ကိုမြင်ရသည်မှာ သန်သန်စွမ်းစွမ်း ကျန်းကျန်းမာမာ ဖြစ်ပါသည်။ သူသေလူအံ့သော အခြေအနေမျိုး မဟုတ်ပါ။ သို့သော် သူသည် ငယ်စဉ်ကတည်းက အထီးတည်းနေခြင်းကို သဘောကျပုံ ရပါသည်။ သူ့တွင် ဆုံးရှုံးခဲ့ရသော သူ့ချစ်သူတွက် အစွဲအလမ်း ကြီးမားနေသည်မှာ ထင်ရှားပါသည်။
“နေစမ်းပါဦး မစ္စတာ ဟိကလစ်ရဲ့၊ အပြောင်းအလဲဆိုတာက ဘာကို ဆိုလိုချင်တာလဲ”
“အပြောင်းအလဲတခုဟာ ဦးတည်လာနေပြီလို့ ကျုပ်ရဲ့ အတွင်းစိတ်က သိနေသလိုပဲ၊ ဘာလဲဆိုတာတော့ ကျုပ် မသိဘူး"
“ရှင် နေတော့ ကောင်းပါတယ်နော်"
“ကောင်းပါတယ်'
“ဒါဖြင့် ဘာလဲ၊ ရှင် သေရမှာ ကြောက်နေတာတော့ မဟုတ်ပါဘူးနော်"
“သေရမှာကို ကြောက်ရမယ်၊ ဟုတ်လား၊ မကြောက်ဘူး၊ ကျုပ်သေရမှာကိုလဲ မကြောက်ဘူး၊ တွေးလဲ မတွေးဘူး၊ သေရတော့မယ်လို့လဲ မထင်ဘူး၊ ဒါတွေကို ကျုပ် ဘာလို့ တွေးရမှာလဲ၊ ကျုပ်ဟာ သေလဲ မသေနိုင်သေးဘူး၊ ဒါပေမယ့် ကျုပ် ဒီအခြေအနေကို ဆက်ပြီး ရင်မဆိုင်နိုင်ဘူး၊ ဒီအခြေအနေမှာ ကျုပ် အသက်ရှူဖို့တောင် သတိမရချင်ဘူး၊ အသက်ရှူဖို့ အမြဲ သတိပြုနေရတယ်၊ ခု ကျုပ်တယောက်တည်း ဖြစ်နေပြီ၊ ဒီတော့ ကျုပ် တခုပဲ ဖြစ်စေချင်တယ်၊ မြန်မြန် ပြီးသွားစေချင်ပြီဗျာ၊ ကိစ္စတွေ မြန်မြန် ပြီးသွားစေချင်ပြီ၊ ကျုပ် ကြာရှည်ကြာမျော ခံစားခဲ့ရ၊ ခံစားနေရတဲ့ ဝေဒနာ မြန်မြန် ဆုံးခန်းတိုင်စေချင်ပါပြီ”
သူသည် ပါးစပ်က ဆိုညည်းယင်း သူ့အခန်းထဲသို့ လှမ်းသွားပါလေ၏။ ကျွန်မသည် သူ ဖွင့်အန် ပြောပြသည်များကိုလည်း ကြားရပါပြီ။ သူ့အမူအရာ ဟန်ပန်တွေကိုလည်း တွေ့နေမြင်နေရပါ၏။ သို့သော် သူ အဆုံးသတ်လိုသော အခန်းကဏ္ဍသည် မည်သို့မည်ပုံ အဆုံးသတ်လာမည်ကိုကား ကျွန်မလည်း မမှန်းဆတတ်ပါပေ။
.jpg)

Comments
Post a Comment