လေထန်ကုန်း_အခန်း (၂၆)_ကျော်လှိုင်ဦး

 

အခန်း [ ၂၆ ]

နွေလယ်ကာလကို ကျော်လွန်လာခဲ့လေပြီ။ သခင်အက်ဂါ ခွင့်ပြုထားသည့်အလျောက် ထိုနေ့က ကျွန်မသည် ကက်သရင်းနှင့်အတူ လင်တန်ကလေးနှင့် တွေ့ရန် အိမ်မှ ထွက်လာခဲ့ကြပါသည်။ ထိုနေ့ ကောင်းကင်သည် အုံ့ပျပျနှင့် အိုက်စပ်စပ်ကြီး ဖြစ်နေပါသည်။ မိုးရွာမည့်အသွင်ကိုလည်း ဆောင်နေပါ၏။ ကျွန်မတို့သည် လမ်းဆုံတွင် တွေ့ကြရန် ချိန်းဆိုထားပြီး ဖြစ်ပါသည်။ ကျွန်မတို့ လမ်းဆုံသို့ ရောက်သောအခါ သိုးကျောင်းသားကလေး တယောက်..

“ဆရာလေး လင်တန် ဟိုဘက်နားမှာ ခင်ဗျ၊ သူက ရှေ့ဆက် လာခဲ့ဖို့ ပြောပါလို့ မှာထားပါတယ်' ဟု ဆီးပြောပါလေသည်။

“လင်တန်ကလေးဟာ သူဦးကြီး ပြောထားတာကို မေ့သွားပြီ ထင်တယ်၊ သူဦးကြီးက တို့များကို အိမ်နဲ့ဝေးဝေး မသွားဖို့ ပြောထားတယ် မဟုတ်လား' ကျွန်မက သတိပေးစကား ပြောလိုက်ပါသေး၏။

“ဟုတ်ပါတယ် အယ်လင်ရဲ့၊ ခုလဲ သူနဲ့တွေ့ရုံကလေးပါ၊ သူ့ကို တွေ့ပြီး ကျွန်မတို့ ပြန်တာပေါ့” ဟု ကက်သရင်းက ဆိုသဖြင့် ကျွန်မတို့လည်း ရှေ့ ဆက်လာခဲ့ပါသည်။ ဤသို့ဖြင့် ကျွန်မတို့သည် လေထန်ကုန်းနှင့် နှစ်ဖာလုံလောက်သာ ဝေးသော နေရာသို့ ရောက်လာပါ၏။ ထိုနေရာတွင် လင်တန်ကလေးကို တွေ့ပါသည်။ သူ့မှာ မြင်းမပါပါ။ သူသည် မြေကြီးပေါ်တွင် လှဲလျက် ကျွန်မတို့ အလာကို စောင့်ကြည့်နေပါ၏။ ကျွန်မတို့လည်း မြင်းပေါ်ကဆင်းပြီး သူ့ တူရူသို့ လျှောက်လာခဲ့ကြပါသည်။ ကျွန်မတို့ သူ့အနား နီးလာသည်အထိ သူသည် လှဲနေရာမှ ရုတ်တရက် မထသေးပါ။ ကျွန်မတို့ ပိုပြီး နီးလာမှ လှဲနေရာမှ ကတုန်ကယင် ချည့်ချည့်နဲ့နဲ့ဖြင့် ထလာပါသည်။ သူ့ကို ကြည့်ရသည်မှာ ဖြူဖပ်ဖြူရော်နိုင်လှပါသည်။

“ဘယ်လိုဖြစ်တာလဲ လင်တန်၊ မင်း အပြင်ထွက်လမ်းလျှောက်ဖို့ မသင့်သေးပါကလား၊ မင်းကြည့်ရတာ နေကောင်းပုံလဲ မရဘူး' ဟု ကျွန်မက ရုတ်တရက် တအံ့အဩ ပြောလိုက်မိပါသည်။

ကတ်သရင်းသည် လင်တန်ကို ဝမ်းပန်းတနည်း စိုက်ကြည့်နေယင်း ဝမ်းသာရမည့်အစား အထိတ်တလန့် ဖြစ်သွားပြီး ခါတိုင်းထက် နေဆိုးနေသလားဟူသော စကားဖြင့် နှုတ်ဆက်စကား ဆိုလိုက်ပါသည်။

' မ မ မဟုတ်ပါဘူး၊ ကောင်း ကောင်းပါတယ်' မောဟိုက်သံဖြင့် အားယူ ပြောပါလေ၏။ လူကမူ ကတုန်ကယင် ဖြစ်နေပါသည်။

လင်တန်သည် ကတ်သရင်း၏ လက်ကို ဖမ်းယူ ဆုပ်ကိုင်ပြီး သူ့ကိုယ်သူ လဲကျမသွားစေရန် ကတ်သရင်းလက်ကို ကိုင်လျက်သား သူ့ကိုယ်သူ ထိန်းထားလိုက်ပါသည်။ ကေသီကို စိုက်ကြည့်နေသော သူ့မျက်လုံးတွေမှာ အထိတ်ထိတ် အလန့်လန့် ဖြစ်နေပုံရပါသည်။ မျက်နှာပြင်မှာလည်း ချုံးကျနေပါ၏။

'မင်း နေမကောင်းဘူး လင်တန်၊ ကိုယ်နဲ့ နောက်ဆုံး တွေ့ကြတုန်းကထက်တောင် ဆိုးလာသေးတယ်။ ပိုပြီးတော့လဲ ပိန်သွားတယ်၊ ပြီးတော့လဲ'

'ကိုယ် မောနေတာပါ၊ လမ်းလျှောက်လာရတာ ပူလဲပူတယ် မဟုတ်လား၊ ကိုယ်တို့ ဒီနားမှာ ခဏ နားရအောင်နော်၊ ကိုယ် မနက်ပိုင်းတွေမှာ ခဏခဏ ဖျားတတ်တယ်' လင်တန်သည် ကေသီစကား မဆုံးမီ အလောတဆယ် ကြားဖြတ် ပြောလိုက်ပါသည်။

သူ့အခြေအနေမှာ အားရစရာ မရှိပါ၊ ကေသီက သူ့အပါးတွင် ထိုင်ချလိုက်သောအချိန်မှာ ကေသီအပါးတွင် သူက တပိုင်းလှဲချလိုက်ပါ၏။

'မင်း ကြိုက်တယ်ဆိုတာ ဒီလို ရာသီဥတုမျိုး၊ ဒီလို နေရာမျိုးပဲပေါ့၊ ကိုယ်တို့အကြိုက် ရာသီဥတုနဲ့ နေရာအကြောင်းတွေ ပြောခဲ့ကြာတာ မင်း ပြန်စဉ်းစားကြည့်စမ်း လင်တန်၊ တိမ်တွေ ပျံနေပုံကို ကြည့်စမ်း၊ မင်းပြောတဲ့ အတိုင်းပဲ၊ နေရောင် လင်းလက်နေတာထက်တောင် လှသေးတယ်နော်၊ နောက်တပတ်ကျယင် မင်းနဲ့ကိုယ် ကိုယ်တို့ အိမ်ဘက် မြင်းစီး သွားကြတာပေါ့၊ သွားနိုင်အောင် ကြိုးစားနော်'

ကေသီက တချိန်က သူတို့နှစ်ယောက် ပြောခဲ့သော အကြိုက်ဆုံး ရာသီဥတု အခြေအနေကို ပြန်လည် အစဖော်ပေးလိုက်ခြင်းဖြင့် သူ့ကို အားပေးလိုက်သော်လည်း လင်တန်သည် ကေသီပြောနေသော စကားကို မှတ်မိပုံ မပေါ်ပေ။ သူ့အဖို့ မည်သည့် စကားကိုမျှ အာရုံစိုက်နိုင်စွမ်း ရှိပုံလည်း မပေါ်ပေ။

ကေသီက တခြားစကားကို လွှဲပြောသော်လည်း သူ စိတ်ဝင်စားမှု မရှိ။ ကေသီက သူ့ကို ပြုံးစေ ပျော်စေချင်သော်လည်း သူပြုံးနိုင် ပျော်နိုင်ပုံမရပေ။ ကေသီသည်ပင် သူ့ကို စိတ်ပျက်လာပါတော့သည်။ လင်တန်ကလေးကလည်း စိတ်ကောက်သလို သုန်သုန်မှုန်မှုန် ဖြစ်နေပါ၏။ ဤအခြေအနေကို ကျွန်မ သတိပြုမိသလို ကေသီလည်း သတိပြုမိပါသည်။ ထို့ကြောင့် ကေသီသည် သွားတော့မည်ဟု ဆိုလိုက်ပါ၏။ ကေသီ့ဆီမှ ထိုစကားကို ကြားလိုက်ရသဖြင့် လင်တန်သည် ဘာမျှ စိတ်မဝင်စားဟန် ပြုနေရာမှ လန့်လန့်ဖျပ်ဖျပ် ဖြစ်သွားကာ သူတို့အိမ်ဘက်သို့ ဖြတ်ကနဲ လှည့်ကြည့်လိုက်ပြီး ကေသီအား နောက်ထပ် နာရီဝက်ခန့်နေရန် တောင်းပန် ပြန်ပါလေတော့သည်။

“ဒါပေမယ့် မင်း အိမ်ထဲမှာ နေတာက ပိုကောင်းမယ် ထင်တယ် လင်တန်၊ ကနေ့တော့ ကိုယ် ဘာပြောပြော မင်းလဲ စိတ်ဝင်စားမှာ မဟုတ်ဘူး၊ ဒိအတူတော့ ကိုယ် ပြန်တာ ကောင်းမယ်၊ ကိုယ်ပြောတာတွေ မင်း စိတ်ဝင်စားယင်တော့လဲ ကိုယ် ဆက်နေရအကောင်းသား'

“ခဏနေပါဦးလားကွယ်၊ ကိုယ် သိပ်နေမကောင်း ဖြစ်နေတယ်လို့ မထင်ပါနဲ့နော်၊ အဲဒီလိုလဲ မပြောပါနဲ့ကွယ်၊ တကယ်တော့ ရာသီဥတု ပြင်းလွန်းလို့ ကိုယ် ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေတာပါ၊ ပြီးတော့လဲ မင်းတို့ မလာခင်က ကိုယ် လမ်းလျှောက်ခဲ့ရတယ်လေ၊ ဒီတော့ ဦးကြီးကို ကိုယ် နေကောင်းနေပြီလို့ ပြောပါနော်၊ ပြောမယ် မဟုတ်လား ကက်သရင်းရယ်...”

ကက်သရင်းသည် လင်တန်က ပြောနေသော စကားမှာ တကယ့် အဖြစ်နှင့် ကွာဟနေသဖြင့်...

“အေးလေ၊ မင်းပြောတဲ့အတိုင်း ကိုယ် ပြောလိုက်ပါ့မယ်၊ ဒါပေမယ့် မင်း နေကောင်းနေပြီလို့တော့ ကိုယ်မထင်ဘူး” ဟု ပြောလိုက်ပါလေသည်။

'ကက်သရင်းသည် လင်တန်ကို မျက်နှာလွှဲထားပြီး တွေငေးနေပါသည်။

“နောက်ကြာသပတေးကျယင် လာပါဦးနော်၊ ဦးကြီးကိုလဲ မင်းကို လာခွင့်ပြုတဲ့အတွက် ကိုယ်က ကျေးဇူးတင်ကြောင်း ပြောပေးပါ၊ တကယ်လို့ မင်း ကိုယ့်ဖေဖေနဲ့ တွေ့လို့ သူက မင်းနဲ့ ကိုယ် တွေ့တဲ့အကြောင်း မေးယင် ကိုယ် စကားမပြောပဲ နေတာတို့ စိတ်ညစ်နေတာတို့ မပြောပါနဲ့ကွယ်၊ ကိုယ့်အကြောင်းသိယင် ဖေဖေ စိတ်ဆိုးဦးမယ်"

 “မင်းအဖေ စိတ်ဆိုးတာ ကိုယ် ဂရုမစိုက်ပေါင်”

ကက်သရင်းသည် သူ့ကို စိတ်ဆိုးလိမ့်မည် အထင်ဖြင့် ခပ်ဆတ်ဆတ် တုံ့ပြန်လိုက်ပါသည်။

"ကိုယ်ကတော့ ဂရုစိုက်ရတယ်၊ ဖေဖေက သိပ်ဆိုးတာ၊ ဒီတော့ ကိုယ်နဲ့ ပတ်သက်ပြီး ဖေဖေ စိတ်ဆိုး သွားအောင်တော့ မပြောပါ ကက်သရင်းရယ်”

“ဘာလဲ၊ သခင်ဟီကလပ်က မင်းကို ရိုက်လား ပုတ်လား လုပ်သလား၊ သူ မင်းကို အလိုမလိုက်ဘူးလား” ကျွန်မက ကြားဝင် မေးလိုက်ပါသည်။

လင်တန်သည် ကျွန်မအမေးကြောင့် ကျွန်မကို ကြည့်လိုက်သော်လည်း မည်သည့်စကားမျှ မတုံ့ပြန်ပါ။ ကက်သရင်းသည် သူ့မောင်ကလေး၏ တောင်းပန်မှုကြောင့် သူ့မောင်ကလေးဘေးမှာ ဆယ်မိနစ်ခန့် ထိုင်နေလိုက်ပါ၏။ လင်တန်ကလေးကမူ ခေါင်းငိုက်စိုက်ချလျက် သူ့ဝေဒနာ မသက်သာဟန်ဖြင့် ခပ်ညည်းညည်း လုပ်နေပါလေသည်။ ကက်သရင်းသည် လင်တန်နား ထိုင်နေသည်ကို ငြီးငွေ့လာဟန် ရှိပါသည်။

“နာရီဝက် ရှိရောပေါ့နော် ကျွန်မနားနား ကပ်ပြီး ခပ်တိုးတိုး ပြောလိုက်ပါသည်။ ထို့နောက် “ကဲ သူလဲ အိပ်နေပြီ၊ ကျွန်မတို့ ဘာလို့ ဆက်နေတော့မလဲ၊ ဖေဖေကလဲ ပျော်လှရော့မယ်' ဟု ပြောလာပါ၏။ “သူ အိပ်နေတုန်း တို့များ ထွက်သွားလို့တော့ မဖြစ်သေးဘူးကွဲ့၊ သူ နိုးလာတဲ့အထိတော့ စောင့်ဦးမှပေါ့၊ ညည်းပဲ လင်တန့်ကို တွေ့ချင်လှပြီး ပြန်ချင်တော့လဲ ညည်းပဲ၊ ဘာလဲ၊ ညည်း သူ့ကို တွေ့ချင်တဲ့စိတ် ကုန်သွားပြီလား”

“သူ ခုလို အနေအထားနဲ့ ဘာကြောင့်များ တွေ့ချင်ရသလဲ မသိဘူး၊ ခုဟာက သူ့ အဖေကို ကြောက်တာနဲ့ သူ ကျွန်မကို လာတာပဲဟာ၊ ကျွန်မက မစ္စတာ ဟိကလပ် စိတ်ချမ်းသာအောင် သူ့ ကို လာတွေ့တာမှ မဟုတ်ပဲ၊ ဘာပဲဖြစ်ဖြစ်၊ သူ ကျန်းကျန်းမာမာ ရှိစေချင်ပါတယ် အယ်လင်ရယ်၊ ခုတော့ သူလဲ မပျော်ရ၊ ကျွန်မ အပေါ်မှာလဲ သူ စိတ်က လျော့လျည်းလော့လျ ဆိုတော့ ကျွန်မ စိတ်မကောင်းဘူး'

'ဘာလဲ၊ ညည်းက သူ နေမကောင်းသေးဘူးလို့ ထင်နေသလား'

'ဟုတ်တယ်လေ၊ ကြည့်ပါလား၊ သူ့ကြည့်ရတာ ဝေဒနာကို ခံစားနေရသလိုပဲ၊ တကယ်တော့ သူ ဖေဖေကို ပြောခိုင်းသလို သူ နေကောင်းသေးတာ မဟုတ်ဘူး၊ ဒါပေမယ့် သူ နေကောင်းလာလိမ့်မယ်လို့တော့ ထင်ရတာပဲ'

'အဲဒီမှာ ညည်းနဲ့ငါ အထင်ချင်း လွဲပြီ၊ ငါကတော့ သူ့ရောဂါ ပိုပြီးတောင် ဆိုးလာတယ်လို့ ထင်တယ်'

ထိုစဉ်မှာပင် လင်တန်သည် ဖြတ်ကနဲ လန့်ဖျပ် နိုးလာပါသည်။ သူသည် ထိတ်ထိတ်လန့်လန် ဖြစ်နေပါ၏။ တယောက်ယောက်က သူ့အမည်ကို ခေါ်လိုက်သလားဟု ကြောက်ကြောက်လန့်လန့်နှင့် မေးလာပါ၏။

'ဘယ်သူမှ မခေါ်ပါဘူး၊ မင်း အိပ်မက် မက်နေတာ ရှိမှာပေါ့၊ မင်း အပြင်ထွက်ဖို့ မကောင်းသေးဘူး' ကတ်သရင်းက ပြောလိုက်ပါသည်။

ထိုအချိန်အထိ လင်တန်သည် ပါးစပ်အဟောင်းသားနှင့် ငေးတိငေးကြောင် ဖြစ်နေပါ၏။

'ကိုယ်က ကိုယ့်အဖေ ကိုယ့်ကို ခေါ်လိုက်သံ ကြားရသလားလို့၊ မင်းပြောတဲ့အတိုင်း သူ မခေါ်ဘူးနော်'

'သေချာပါတယ်ဟယ်၊ ခုဟာ ကိုယ်နဲ့ အယ်လင်တို့ မင်း ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး အငြင်းပွားနေကြတာပါဟဲ့၊ ဒီမယ် လင်တန်၊ မင်းဟာ ကိုယ်နဲ့ ခွဲခဲ့ရတဲ့ အလျင် ဆောင်းတွင်းတုန်းကထက် ပိုပြီး ကျန်းကျန်းမာမာ ဖြစ်လာရဲ့လား၊ ကဲ ပြောစမ်းပါဦး'

'အေး၊ အေး၊ ကိုယ်နေကောင်းပါတယ်' ဟု ပြောယင်း လင်တန်၏ မျက်လုံးအစုံမှ မျက်ရည်များ စီးကျလာပါလေတော့သည်။ သူ့စိတ်ထဲက သူ့ကို တယောက်ယောက်က ခေါ်နေသလို ထင်ပုံရပါသည်။ သူ ဟိုသည် လှည့်ကြည့်လိုက်ပါသည်။ ထိုစဉ်မှာပင် ကေသီသည် ထိုင်ရာမှ ထလိုက်ပြီး …

“ကဲ၊ ကိုယ်တို့ ပြန်တော့မယ်၊ ကနေ့ မင်းနဲ့တွေ့ရတာ ကိုယ် စိတ်မကောင်းပါဘူး၊ ဒါပေမယ့် ကိုယ် ဒီအကြောင်းကို ဘယ်သူမှ ပြန်မပြောပါဘူး၊ အထူးသဖြင့် မစ္စတာ ဟိကလစ်ကို ကိုယ် မပြောပါဘူး၊ အဲဒါ ကိုယ် ဟိကလစ်ကို ကြောက်လို့တော့ မဟုတ်ဘူး”

“တိုးတိုးပြောပါကွယ်၊ ကိုယ့်အဖေ လာနေပြီ' လင်တန်သည် ထိတ်ထိတ်ပျာပျာ ပြောလျက် ကက်သရင်း၏ လက်ကို ဖက်တွယ်ထားပြန်ပါလေသည်။

သို့သော် ကက်သရင်းသည် လင်တန့်စကားကို ကြားလိုက်ရသဖြင့် သူ၏ မြင်းကလေး မင်နီကို လေချွန် အချက်ပေး ခေါ်လိုက်ပါ၏။ မင်နီကလည်း သူ့သခင်မ၏ အမိန့်ကို ခွေးကလေး တကောင်ပမာ နာခံ၍ ကက်သရင်းအပါးသို့ ရောက်လာပါသည်။ ကက်သရင်းသည် မြင်းပေါ်သို့ ခုန်တက်ယင်း...

“နောက်ကြာသပတေးကျ ကိုယ်လာခဲ့မယ်၊ အခုတော့ ကိုယ် သွားမယ်၊ ကဲ၊ အယ်လင်ရေ မြန်မြန်လုပ်' ဟု ဆိုကာ ကျွန်မတို့လည်း ဟိကလစ် ရောက်မလာခင် ထိုနေရာမှ ထွက်လာခဲ့ကြပါလေတော့သည်။

တလမ်းလုံးပင် ကက်သရင်းသည် လင်တန်နှင့် ပတ်သက်၍ စိတ်ရှုပ်လာပုံ ရှပါသည်။ လင်တန်ကို သနားပုံလည်း ရသည်။ လင်တန်အတွက် စိတ်မကောင်းပုံလည်း ရပါသည်။ လင်တန့် ကျန်းမာရေးအခြေအနေနှင့် စိတ်သဘောထားကြောင့်လည်း ကက်သရင်းသည် စိတ်မသက်မသာ ဖြစ်နေပုံ ရလေသည်။ ကျွန်မကား မည်သည့် ထင်မြင်ချက်မျှ မပေးတော့ပါ။ နောက်တကြိမ် တွေ့ရမှသာ လင်တန့် အခြေအနေကို ပိုမို လေ့လာနိုင်ပြီး ဆုံးဖြတ်ချက် ပေးနိုင်မည်ဟု သဘောထားလိုက်ပါ၏။ အိမ်သို့ ရောက်သောအခါ သခင် အက်ဂါက အကျိုးအကြောင်း မေးပါ၏။ ကေသီကလည်း လင်တန် မှာလိုက်သော ကျေးဇူးတင်စကားကိုသာ အဓိကထား ပြောပြီး ကျန် အစိတ်အပိုင်းကိုကား အတန်အသင့်သာ ပြောပါသည်။ ကျွန်မမှာလည်း မည်သည့် အကြောင်းကို ပြောသင့်သည်၊ မည်သည့် အကြောင်းကို ဖုံးကွယ်ထားသင့်သည် မသိနိုင်သေးသဖြင့် ကျွန်မတို့နှင့်လင်တန် တွေ့သည့်အကြောင်း အနည်းအကျဉ်းသာ ပြောပြလိုက်ပါလေသည်။

Comments