အခန်း [ ၂၁ ]
ထိုနေ့က ကျွန်မတို့မှာ ကေသီကလေးနှင့် ပတ်သက်၍ စိတ်မကောင်း ဖြစ်ကြရပါလေသည်။ ပထမတွင် ကေသီကလေးသည် သူ့မောင် ဝမ်းကွဲနှင့်အတူ နေရတော့မည် ဟူသော စိတ်ကူးဖြင့် မြူးမြူးကြွကြွကလေး အိပ်ရာမှ နိုးလာပါ၏။ သို့သော် သူ့မောင် ထွက်ခွာသွားပြီ ဟူသော သတင်းကို ကြားရသည်နှင့် ကေသီကလေး မျက်ရည်သွယ်သွယ် ကျရပါလေတော့၏။ ထိုအခါ သခင်အက်ဂါကိုယ်တိုင် သမီးကို နှစ်သိမ့်ရလေသည်။ လင်တန်ကလေး ပြန်လာလိမ့်မည် ဟူသော စကားကိုလည်း ဆိုပါ၏။ သို့သော် သခင်အက်ဂါ၏ စကားတွင် 'ဖေဖေတို့ သူ့ကို ပြန်ခေါ်နိုင်ယင်' ဟူသော စကားမှာ မိမိပြောနေသော စကားပေါ် မိမိကိုယ်တိုင် သိပ်မမျှော်လင့်ကြောင်း ပေါ်လွင်နေပါ၏။ မည်သို့ ဖြစ်စေ ကေသီကလေးမှာ အဖေ့စကားကို လက်ခံကာ စိတ်အေးသွားသယောင် ရှိပါ၏။
အချိန်ကား တန်ဖိုးကြီးလှပါသည်။
ကေသီကလေးသည် ပထမပိုင်းတွင် သူ့အဖေအား လင်တန်ကလေးအကြောင်း ကြိုးကြား ကြိုးကြား မေးတတ်သော်လည်း ကြာလာသောအခါ ကေသီကလေး၏ အာရုံ၌ လင်တန်ကလေး၏ ရုပ်သွင်သည် မှေးမှိန်မှုန်ဝါးလာပါလေတော့သည်။
ကျွန်မသည် ဂျင်မာတန်သို့ အလုပ်ကိစ္စနှင့် သွားယင်း လေထန်ကုန်းအိမ်ကြီးမှ အိမ်စေ မိန်းမကြီးနှင့် တွေ့လျှင် လင်တန်ကလေးအကြောင်းကို စုံစမ်းကြည့်လေ့ရှိပါသည်။
လင်တန်ကလေးမှာလည်း ကေသီကလေးလိုပင် အိမ်တွင်းအောင်နေရရှာပါလေသည်။ ကျွန်မသည် လေထန်ကုန်းအိမ်ကြီးက အိမ်စေမကြီးထံမှ လင်တန်ကလေးသည် ကျန်းမာရေး ချို့တဲ့ပြီး တနွမ်းနွမ်း တနယ်နယ် ဖြစ်နေကြောင်း သိရပါ၏။ ထိုအိမ်စေမကြီးကပင် မစ္စတာ ဟိကလစ်သည် သူ့သားအပေါ် ပို၍ပို၍ မနှစ်မြို့ဟန် ပြလာကြောင်း၊ တခါတရံ နှစ်ယောက် စကားပြောကြသော်လည်း အများအားဖြင့်ကား ဟိကလစ်သည် သားအပေါ် ကျေပန်သဘောကျပုံ မရှိကြောင်း၊ လင်တန်ကလေးမှာ သူ့ အခန်းကလေးထဲမှာပင် စာသင်ချင် သင်၊ စာဖတ်ချင် ဖတ်၊ စာမသင် စာမဖတ်လျှင် အိပ်ရာထဲမှာသာ တနေ့လုံး လှဲနေကြောင်း၊ အမြဲတမ်းလိုလို ချောင်းဆိုးလိုက်၊ အအေးမိလိုက်၊ ခေါင်းကိုက်လိုက်၊ ဗိုက်နာလိုက်ဖြင့် ရောဂါမျိုးစုံ ခံစားနေရကြောင်း ပြောပြပါသည်။ ထို့ပြင် မိန်းမကြီးကပင် …
'ကျုပ်ဖြင့်တော် အဲသလောက် အသည်းကြောင်တဲ့ ကောင်ကလေးမျိုး တွေ့ဖူးပေါင်တော်၊ ကြာတော့လဲ သူ့ကို ဂရုစိုက်မနေနိုင်ဘူး၊ တခါတခါများဆို သူ့အခန်း ပြတင်းတံခါးပေါက် မပိတ်တော့ တညလုံး လေအေးမိ ခံရတော့တာပေါ့၊ သူကလဲ နွေခေါင်ခေါင်မှာတောင် မီးဖိုနားမှာ နေရမှ ဖြစ်တာတော့်၊ ဂျိုးဆက်ရဲ့ ဆေးတံနံ့လဲ သူ မခံနိုင်ဘူး၊ ဘယ်သူနဲ့မှလဲ သင့်မြတ်အောင် မပေါင်းနိုင်ဘူး၊ သူ့အတွက်ဆို သူ့အနားမှာ သကြားလုံးတို့၊ မုန့်တို့၊ နွားနို့တို့ဆိုတာ အမြဲတမ်း ထည့်ထားပေးရတယ်တော့်၊ ဆောင်းတွင်းများဆို သူက သိုးမွေးဝတ်ရုံကြီး ခြုံပြီး မီးဖိုနား ထိုင်နေတော့တာပဲ၊ အဲဒီအခါမျိုးဆိုလဲ မီးဖိုနားမှာ သူသောက်ဖို့ ရေဖြစ်ဖြစ်၊ ကစီရည်ဖြစ်ဖြစ် အမြဲချထားပေးရတယ်တော့်၊ သနားစရာကောင်းတာကတော့ ဟယ်ယာတန်ပဲ၊ ဟယ်ယာတန်ကလေးဟာ လူကသာ ကြမ်းကြမ်းတမ်းတမ်း ဖြစ်နေတာ စိတ်ရင်းက မဆိုးရှာပါဘူးတော်၊ သူ့ခမျာ လင်တန်ကလေး ပျင်းနေမှာစိုးလို့ လာပြီး စကားစမြည် ပြောပြန်ယင်လဲ လင်တန်ကလေးက သင့်မြတ်အောင် မပေါင်းသင်းတတ်ဘူးတော့်၊ ကျုပ်အထင်တော့ သခင်ကိုယ်တိုင်က လင်တန်ကလေးဟာ သူ့သားဖြစ်နေလို့၊ မဟုတ်ယင် ဟယ်ယာတန်က လင်တန်ကလေးကို ရိုက်ဦး၊ နှက်ဦး၊ သဘောကျမှာအမှန်ပဲ၊ သူ့သားအရင်းသာ မဟုတ်ယင်လဲ အိမ်က မောင်းထုတ်မှာ အသေချာပဲလို့ ကျုပ်တော့ ထင်တာပဲ၊ ကြာတော့ သခင်ကိုယ်တိုင်က သူ့သားကို ခပ်ရှောင်ရှောင် လုပ်လာတယ်၊ သူရှိယင် ဧည့်ခန်းထဲတောင် မလာတော့ဘူးတော့်'
ကျွန်မသည် ထိုသတင်းစကားများ အရ လင်တန်ကလေး ခမျာမှာ ဂရုစိုက် ပြုစုမည့်သူ မရှိသဖြင့် မူလစိတ်ရင်းကောင်းကလေးများ ပျောက်ကွယ်ကာ လူဆိုး သူဆိုးကလေး အသွင် ရောက်နေရလေပြီလား တွေးမိပါလေတော့သည်။ လင်တန်ကလေးအတွက် စိတ်မကောင်းခြင်းလည်း ဖြစ်ရပါလေ၏။
မစ္စတာအက်ဂါသည် သူ့တူကလေးအပေါ် သံယေခဇဉ် ပြတ်နိုင်ပုံ မပေါ်ပါ။ ကျွန်မအား သူ့ တူကလေးအကြောင်းကို အစုံစမ်းခိုင်းလေ့ ရှိပါသည်။ သူကိုယ်တိုင်လည်း သူ့ တူကလေးကို တွေ့ချင်ပုံ ရပါသည်။ လေထန်ကုန်းမှ အိမ်စေမကြီးထံတွင် လင်တန်ကလေး ဂျင်မာတန်ဘက်သို့ လာလေ့ ရှိ မရှိ အစုံစမ်းခိုင်းပါ၏။ ကျွန်မ စုံစမ်းကြည့်ရာ လင်တန်ကလေးသည် ဂျင်မာတန်သို့ နှစ်ကြိမ် လာဖူးကြောင်း၊ သူ့ အဖေနှင့်အတူ မြင်းစီးလာကြောင်း၊ ထိုသို့ သွားလာပြီးနောက် လင်တန်ကလေးသည် သုံးလေး ရက်လောက် မောနေတတ်ကြောင်း သိရပါလေသည်။
ဤသို့ဖြင့် အချိန်ကာလတို့သည် တရွေ့ရွေ့ ကုန်ဆုံးလာခဲ့ရာ ကေသီကလေး ဆယ့်ခြောက်နှစ် အရွယ်သို့ ရောက်လာပါလေ၏။ ကေသီကလေး၏ မွေးနေ့သည် သူ့မိခင် ကွယ်လွန်သောနေ့ ဆယ့်ခြောက်နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် တိုက်ဆိုင်နေပေရာ ကျွန်မတို့ အိမ်တွင် ကေသီ မွေးနေ့ပွဲကို ပျော်ပျော်ရွှင်ရွှင် မကျင်းပဖြစ်ပါ။ ထိုနေ့က သူ့အဖေသည် စာကြည့်ခန်းထဲမှာ အထီးတည်း နေနေခဲ့လေသည်။ မှောင်ရီပျိုးချိန်မှာပင် ဂျင်မာတန် ဘုရားရှိခိုးကျောင်းဘက်က သူ့ဇနီးသည်၏ သင်္ချိုင်းဂူဘေးသို့ သွားပြီး သန်းခေါင်ကျော်တိုင်အောင် ထိုင်နေခဲ့ပါသည်။
ကေသီကလေးမှာ ထိုနေ့အဖို့ ပျော်ရွှင်မှု ဆိတ်သုဉ်းနေခဲ့ပါသလေသည်။
မတ်လ ၂၀ ရက်နေ့ကား လှပသော နွေဦးပေါက်နေ့ ဖြစ်လေသည်။ သခင်အက်ဂါသည် အိမ်တွင်း၌ အနားယူနေစဉ်တွင် ကေသီကလေးသည် အပြင်သို့ ထွက်ရန် အဝတ်အစားများ ဝတ်ဆင်ပြီး အိမ်ပေါ်မှ ဆင်းလာကာ ကျွန်မအား ကွင်းစပ်ဘက်သို့ လမ်းလျှောက်ထွက်ရန် ပြောပါ၏။ သခင်ကိုယ်တိုင်ကလည်း ခပ်ဝေးဝေးမသွားပဲ တနာရီအတွင်း ပြန်လာကြရန် ပြောထားသည်ဟု သိရပါသည်။
“မြန်မြန်လုပ်ပါ အယ်လင်ရဲ့၊ ကျွန်မ ဘယ်သွားချင်တယ်ဆိုတာ ကျွန်မသိပါတယ်၊ ကျွန်မ တောကြက်တွေနေတဲ့ နေရာ သွားပြီး သူတို့တွေ အသိုက်လုပ်ပြီလား ကြည့်ချင်တယ် အယ်လင်” ကေသီကလေးက အော်ဟစ်ပြောနေပါသည်။
“အဲ့ဒီနေရာက အဝေးကြီးပဲကွဲ့၊ သူတို့က ကွင်းစပ်မှာ မနေပါဘူး'
“မဟုတ်ပါဘူး အယ်လင်ရဲ့၊ ကျွန်မ ဖေဖေနဲ့အတူ ရောက်ဖူးတာပဲ နီးနီးကလေးပါ"
ကျွန်မလည်း ခမောက်ဆောင်းပြီး သူ့နောက်က ချက်ချင်း လိုက်ခဲ့ပါသည်။ မည်သည့် အရေးကိစ္စမျိုးနှင့် ကြုံရနိုင်သည်ကိုပင် ကျွန်မ မစဉ်းစားပါ။ ကေသီကလေးသည် ကျွန်မရှေ့က ပြေးသွားချည်၊ ကျွန်မဘေးသို့ ပြန်ရောက်လာချည်နှင့် အမဲလိုက် ခွေးတကောင်လို ဖြစ်နေပါလေသည်။
ကျွန်မသည် ပတ်ဝန်းကျင် ရှုခင်းနှင့် ကေသီကလေးကို ကြည့်ပြီး ကြည်နူးနေမိပါသည်။ နွေးထွေးသော နေရောင်အောက်တွင် ဘီလုံးငှက်ကလေးများ၏ တေးသံသည် ဟိုမှသည်မှ လွှင့်ပျံလာနေပါသည်။ ကေသီကလေး၏ ရွှေရောင်ဆံပင်စတို့သည်လည်း နောက်ပိုင်း ကျောထက်၌ လျော့လျည်းလျော့လျဲ လွှင့်ပျံနေပါ၏။ ကလေးမကလေး၏ ပါးပြင်သည် နှင်းပွင့်ကလေးကဲ့သို့ ပြေပြေကလေး။ တောက်ပါနေပါ၏။ မျက်လုံးတို့သည်လည်း ရွှန်းလဲ့နေကြလေသည်။ သူကလေးသည် စိတ်လွတ်လက်လွတ် ပျော်မြူးနေပုံ ရပါသည်။
“တောကြက်တွေဆိုတာ ဘယ်မှာလဲ မစ္စကေသီရဲ့၊ တို့များ အိမ်ကြီးရဲ့ ခြံစည်းရိုး နယ်နိမိတ်က အဝေးကြီး ကျော်လာပြီနော်"
"နည်းနည်းပဲ လိုပါတော့တယ် အယ်လင်ရဲ့၊ ဟောဒီ ကုန်းကလေးကို တက်၊ ဟောဟို ကမ်းပါးယံကလေးကို ကျော်လိုက်ယင် ရောက်ရောပဲ"
ဤနေရာတွင် ကုန်းကမူတွေက အများကြီး။ ကမ်းပါယံတွေကို ဖြတ်ကျော်ဖို့ကလည်း မနည်းပေ။ ကျွန်မ မောလာပါလေပြီ။ ထို့ကြောင့် နောက်ကြောင်းပြန်ဖို့ ကျွန်မက ပြောပါသေးသည်။ ကေသီသည် ကျွန်မရှေ့ အတော်ကြီး ဝေးနေလေပြီ။ ကျွန်မ သူ့ကို လှမ်းအော်ပါသေးသည်။ သူ မကြား၊ ဂရုလည်း ထားပုံ မရပေ။ ခုန်ပေါက်ပြေးလွှား သွားနေပါလေသည်။ ကျွန်မ သူ့နောက်က လိုက်ရုံသာ ရှိပါလေတော့သည်။ ကျွန်မ လိုက်မမီခင်မှာပင် သူသည် တွင်းတခုထဲသို့ ဆင်းသွားပါလေ၏။ ထိုအချိန်၌ ကျွန်မတို့သည် လေထန်ကုန် အိမ်ကြီးဘက်နှင့် ပိုနီးလာကြပြီ ဖြစ်ပါသည်။ ထိုစဉ်မှာပင် ကျွန်မသည် လူနှစ်ယောက်ကို မြင်လိုက်ရပါ၏။ တယောက်ကား မစ္စတာ ဟိကလစ် ဖြစ်မည်ဟု ထင်လိုက်မိပါသည်။
ထိုနေရာကား ဟိကလစ်၏ ပိုင်နက်ဖြစ်လေသည်။ ထို့ကြောင့် ဟိကလစ်သည် ကေသီကလေးကို သူ့ပိုင်နက်ထဲသို့ ကျူးကျော်၍ ငှက်ဥနှိုက်သူအဖြစ် ဖမ်းဆီးလိုက်ပုံ ရပါသည်။ ကျွန်မ သူတို့အပါးသို့ အမောတကော ရောက်သွားချိန်တွင် ကေသီသည် သူ့လက်ကို ပြန်ပြလျက် …
'ကျွန်မ ဘာမှ မယူဘူး၊ ဘာမှလဲ မတွေ့ဘူး၊ ဒီနားမှာ ငှက်ဥတွေရှိတဲ့ ငှက်သိုက်တွေ ရှိတယ်လို့ ဖေဖေက ပြောလို့ ငှက်ဥတွေ ကြည့်ချင်တာနဲ့ လာတာပါ၊ ကျွန်မ ငှက်ဥယူဖို့ လာတာလဲ မဟုတ်ဘူး' ဟု အခိုင်အမာ ပြောနေပါလေပြီ။
ဟိကလစ်သည် ကျွန်မအား မနှစ်မြို့ဖွယ်သော အပြုံးနှင့် တချက် ကြည့်လိုက်ပါသည်။ သူ့အကြည့်တွင် ကျွန်မတို့ နှစ်ဦးစလုံးကို သိပြီးဖြစ်ကြောင်းလည်း ဖော်ပြနေပါ၏။ သို့သော် သူ၏ မလိုလောသော စိတ်ထားဖြင့် ကေသီကလေး၏ စကားမှ 'ဖေဖေ' ဟူသည်မှာ မည်သူဖြစ်ကြောင်း မေးနေပြန်ပါလေ၏။
'သရက်ကရော့အိမ်ကြီးက မစ္စတာ လင်တန်ရှင့်၊ ရှင် ကျွန်မကို မသိဘူးထင်တယ်၊ သိယင် ရှင် ကျွန်မကို ခုလို စွပ်စွပ်စွဲစွဲ ပြောမှာတောင် မဟုတ်ဘူး'
'ဩ မင်း ဖေဖေဆိုတာက ဂုဏ်သရေရှိ လူကြီးလူကောင်းတယောက် ဆိုပါတော့' ဟိကလစ်က ခပ်ငေါ့ငေါ့ မေးလိုက်ပြန်သည်။
'ရှင်ကကော ဘယ်သူလဲ'
ကေသီသည် ဟိကလစ်အား အထူးတဆန်း စိုက်ကြည့်ပြီး မေးလိုက်ပါသည်။ တဆက်တည်းပင် 'နေပါဦး၊ ဟောဒီလူကိုလဲ ကျွန်မ မြင်ဖူးပါတယ်၊ သူက ရှင့်သားလား' ဟုလည်း ဟယ်ယာတန်ကို လက်ညှိုးထိုးပြီး မေးလိုက်ပါ၏။
ဟယ်ယာတန်မှာ သူ့ထက် နှစ်နှစ်ခန့် ကြီးသော်လည်း ကိုယ်လုံးကိုယ်ထည်မှာ အတော်ပင် ကြီးထားတုတ်ခိုင်နေပါသည်။ ဟယ်ယာတန်သည် သူ့ကို လက်ညှိုးထိုး မေးလိုက်သဖြင့် မနေတတ် မထိုင်တတ် ဖြစ်သွားပါ၏။
'မစ္စကေသီ၊ တနာရီပဲ ကြာရမယ်ဆိုတာ ခု သုံးနာရီတောင် ကြာသွားပြီ၊ တို့များ ပြန်မှ ဖြစ်မယ်' ဟု ကျွန်မက ကြားဝင် ပြောလိုက်ပါသည်။
ဟိကလစ်က ကျွန်မကို ဘေးဘက်သို့ တွန်းဖယ်ယင်း ကေသီ၏ စကားကို ပြန်ကြားနေပြန်ပါသည်။
'မဟုတ်ဘူးကွ၊ ဒါ ငါ့သား မဟုတ်ဘူး၊ ငါ့မှာ သားတယောက်ရှိတယ်၊ သူ့ကိုလဲ မင်း တွေ့ဖူးပြီးသားပါ၊ မင်းအဘွားကြီးက သွားချင်နေပေမယ့် မင်းတို့နှစ်ယောက်စလုံး ခဏတဖြုတ် အနားယူဖို့တော့ ကောင်းတယ်၊ မင်း ငါ့အိမ်ထဲ ခဏ လိုက်ခဲ့ပါလား၊ မင်းတို့ကို ငါ ကြိုဆိုပါတယ်ကွယ်'
ကျွန်မသည် ကေသီနား ကပ်ပြီး ဘယ်နည်းနှင့်မျှ လိုက်မသွားသင့်ကြောင်း ခပ်တိုးတိုး ပြောလိုက်ပါသေး၏။ ဒါကိုပင် ကေသီက အော်ကျယ်ဟစ်ကျယ်ဖြင့် …
'ဘာဖြစ်လို့လဲ အယ်လင်ရဲ့၊ ကျွန်မ ပြေးလာရတာ မောလှပြီရှင့်၊ ဒီနား ထိုင်နားဖို့ဟာလဲ မြေကြီးက စိုနေတာ၊ လိုက်သွားရအောင်ပါ အယ်လင်ရယ်၊ ပြီးတော့လဲ ဒီလူကြီးက သူ့သားကို ကျွန်မ တွေ့ဖူးသတဲ့၊ သူ မှားနေပြီ ထင်ပါတယ်၊ ဒါပေမယ့် ကျွန်မ သူတို့အိမ်ကို ရောက်ဖူးသလားလို့ တွေးကြည့်နေတာပါ၊ ဟိုတခါ ပင်နစ်တန် ကျောက်ကမ်းပါးတွေဘက်က အပြန်မှာတုန်းက ရောက်ဖူးသလားလို့၊ ဟုတ်ဘူးလားရှင့်' ဟု ပြောနေပြန်ပါလေတော့သည်။
'ဟုတ်တာပေါ့ကွယ်၊ ကဲ နယ်လီ၊ ခင်ဗျား ဘာမှ ဝင်မပြောနဲ့၊ ကဲ လာကြ၊ ဟယ်ယာတန်၊ မင်းက ကောင်မလေးကို ခေါ်ပြီး ရှေ့ကသွားနှင့်၊ နယ်လီ ခင်ဗျားက ကျုပ်နဲ့ လိုက်ခဲ့'
ဟိကလစ်သည် ကျွန်မလက်ကို ဖမ်းဆုပ် ဆွဲခေါ်လိုက်သဖြင့် ကျွန်မက ရုန်းမယ်ယင်း …
'သူ အဲဒီနေရာ သွားလို့ မဖြစ်ဘူး' ဟု အော်ဟစ် ပြောလိုက်ပါသော်လည်း ကေသီသည် ရှေ့မှ အပြေးသွားလေရာ လေထန်ကုန်းအိမ်ကြီးရှေ့သို့ပင် ရောက်သွားပါလေပြီ။ ဟယ်ယာတန်မှာ နောက်တွင် ကျန်ရစ်ခဲ့ပြီး တခြားဘက်သို့ ထွက်သွားပါလေ၏။
'မစ္စတာ ဟိကလစ်၊ ဒါဟာ မဟုတ်သေးဘူး၊ ရှင်လုပ်နေတာ မကောင်းမှန်းလဲ ရှင် အသိသားနဲ့၊ ကေသီဟာ လင်တန်ကို တွေ့ပြီး အပြန်ကျယင် အားလုံး ပြန်ပြောတော့မှာပဲ၊ ကျွန်မလဲ အပြစ်တင် ခံရတော့မယ်'
'ကျုပ်က ကေသီကို လင်တန်နဲ့ တွေ့စေချင်တာပဲဟာ၊ ခု သူလဲ ဟန်ဟန်ပန်ပန် ဖြစ်လာပါပြီဗျ၊ ကျုပ်သားနဲ့ ခဏခဏ တွေ့ကြရတာလဲ မဟုတ်ဘူး မဟုတ်လား၊ ဒီတော့ အန္တရာယ်ရှိတဲ့ နေရာကို ကေသီ တိတ်တိတ်ပုန်း လာရအောင် လုပ်မှ ဖြစ်မှာပေါ့ဗျ'
'ဟုတ်တယ်၊ အန္တရာယ်ရှိတဲ့နေရာ၊ သူ့သမီး ရှင့်အိမ်ထဲ ဝင်တယ်ဆိုရင် သူ့အဖေက ကျုပ်ကို အပြစ်ပြောမှာပဲ၊ ရှင် ဒါကို သိလျက်နဲ့ သူ့သမီးကို ရှင့်အိမ်ထဲ ဝင်အောင် လုပ်တာကိုက ရှင် မကောင်းကြံတာပဲ'
'ကျုပ်အကြံအစည်က ရိုးရိုးကလေးပါဗျာ၊ သူတို့ မောင်နှမ ဝမ်းကွဲ နှစ်ယောက် တွေ့ကြ၊ ကြိုက်ကြ၊ ညားကြ၊ ဒါပါပဲ၊ ဒါဟာလဲ ကျုပ် ခင်ဗျားအတွက် စေတနာနဲ့ ဆောင်ရွက်ပေးနေတာပါ၊ သူ့သမီးမှာက အမွေစား အမွေခံ ဆက်ခံခွင့် မရှိဘူးမဟုတ်လား၊ ဒီတော့ သူ့သမီးနဲ့ ကျုပ်သား ညားသွားယင် သူ့သမီးအဖို့ ကျုပ်သားနဲ့ ပူးတွဲပြီး အမွေဆက်ခံခွင့် ရမယ် မဟုတ်လား'
'ဘာလဲ၊ ရှင့်သား ကျန်းမာရေး အခြေအနေက မသေချာတော့ ရှင့်သားသေယင် ကေသီ အမွေဆက်ခံခွင့် ရဖို့လား'
'ဒီလိုပဲ မဟုတ်ဘူးလေ၊ ကောင်မလေး အနေက ဘယ်မှာလာပြီး အမွေဆက်ခံခွင့် ရှိလို့လဲ၊ အမွေဆက်ခံခွင့် စာချုပ်ထဲမှာ သမီး မိန်းကလေး ဆက်ခံခွင့် ရှိစေ ဆိုတဲ့ အချက်မှ မပါပဲဟာ၊ ကျုပ်သား သေသွားတောင် ကျုပ်ပဲ အမွေဆက်ခံရမယ့် ဥစ္စာ၊ ဒါပေမယ့် ဒီကိစ္စ အငြင်းမပွားရအောင် သူတို့နှစ်ယောက် စည်းစည်းလုံးလုံး ရှိစေချင်လို့ ကျုပ် ဆောင်ရွက်တာပဲဟာ'
'ကျွန်မတော့ ကေသီကို နောက်တကြိမ် ရှင့်အိမ် မလာစေရဘူးလို့ ဆုံးဖြတ်ထားလိုက်ပြီ'
ကျွန်မ တုံ့ပြန်ပြောစဉ်မှာပင် ကျွန်မတို့သည် ကေသီ ရပ်စောင့်နေသော အိမ်ဝင်းဝသို့ ရောက်လာကြပါလေတော့သည်။
ဟိကလစ်က ကျွန်မအား ဆိတ်ဆိတ်နေရန် ပြောပြီး ကျွန်မတို့ကို သူ့အိမ် တံခါးဝသို့ ဦးဆောင် ခေါ်လာကာ တံခါးကို ဖွင့်လိုက်ပါသည်။ ကေသီကလေးသည် ဟိကလစ်အား တချက်တချက် လှမ်းကြည့်မိသော်လည်း ဟိကလစ်နှင့် ပတ်သက်၍ ဘာမျှ သဘောပေါက်ထားခြင်း ရှိပုံမရပါ။ ဟိကလစ်ကမူ ကေသီကို အပြုံးနှင့်ကြည့်ပြီး လေသံကို နှိမ်၍ အိမ်ထဲသို့ ဝင်ရန် ဖိတ်ခေါ်ပါလေ၏။
အိမ်ထဲ မီးဖိုအနီး၌ လင်တန် ရပ်နေပါသည်။ လင်တန်သည် ယာထဲက ပြန်လာခဲ့ပုံရပါသည်။ သူ့ဦးထုပ်ကို မချွတ်ရသေးပါ။ သူသည် ဂျိုးဆက်အား ဖိနပ်အခြောက်များ ယူလာဖို့ လှမ်းပြောလိုက်ပါသည်။ လင်တန်သည် ဆယ့်ခြောက်နှစ် မပြည့်တတ်သေးသော်လည်း အသက်အရွယ်နှင့်စာလျှင် အရပ်ရှည်နေပါလေပြီ။ ရုပ်ရည်သွင်ပြင်ကလည်း ချောချောမောမော ဖြစ်လာပါပြီ။ မျက်လုံးနှင့်အသားအရေတို့သည်လည်း ယခင် တွေ့စကထက်ပင် တောက်ပ စိုပြည်လာပါပြီ။ ယခု အခိုက်အတန့်တွင် ရာသီဥတု အခြေအနေကြောင့် ကျန်းကျန်းမာမာ ဖြစ်လာပုံရပါသည်။
'ကဲ၊ သူ ဘယ်သူလဲ၊ မင်း ပြောနိုင်ရဲ့လား' ဟိကလစ်က ကေသီဘက် လှည့်ပြီး မေးလိုက်ပါသည်။
'ရှင့်သား မဟုတ်လား” ကေသီသည် စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်နေပုံရပါသည်။
"ဟုတ်တာပေါ့ကွယ်၊ မင်းသူ့ကို ခုမှ တွေ့ဖူးသလား၊ စဉ်းစား ကြည့်စမ်းပါဦး၊ မှတ်ဉာဏ်ကလဲ တယ်နည်းကြတာကိုး၊ လင်တန်ရ၊ မင်းကကော မင်းအစ်မကို မမှတ်မိတော့ဘူးလားကွ'
လင်တန် ဟူသော အမည်ကို ကြားလိုက်သဖြင့် ကေသီသည် တအံ့တဩ ဝမ်းပန်းတသာ ဖြစ်သွားကာ....
"လင်တန် ဟုတ်လား၊ ဒါ လင်တန်ကလေးလား ဟင်၊ သူကျွန်မ ထက်တောင် အရပ်မြင့်နေပြီပဲ၊ မင်း လင်တန်လားဟင်' အော်ဟစ် ပြောလိုက်ပါလေတော့သည်။
လင်တန်သည် ရှေ့သို့ တိုးလာပါသည်။ ကေသီသည် လင်တန်အား အားရပါးရ ဖက်ယမ်း နမ်းရှုပ်ပါလေတော့သည်။ ထို့နောက် သူတို့သည် ကွဲကွာသွားကြသော ကာလအတွင်း ပြောင်းလဲသွားသော ရုပ်သွင်များကို ငေးစိုက်ကြည့်နေကြပါလေ၏။
ကက်သရင်း၏ အရပ်အမောင်းသည်လည်း အရွယ်ရောက်နေပြီ ဖြစ်သောအသွင်ကို ဆောင်နေပါ၏။ ကိုယ်ဟန်မှာ ကြံ့ကြံ့ခိုင်ခိုင် သွယ်သွယ်ပျောင်းပျောင်း ရှိလှပါသည်။ ကျန်းမာသော ကိုယ်နေဟန်ဖြင့် စိုပြည် ဝင်းလဲ့ နေပါသည်။ လင်တန်မှာ ပိန်နေပြီး လှုပ်ရှားဟန်သည် ပင်ပန်းနေဟန် ပေါ်နေပါသည်။ သို့သော် သူ့အမူအရာသည် ပင်ပန်းခြင်း၊ အင်အားချည့်နဲ့ခြင်းကို ဖုံးကွယ်ထားဟန် ရှိလေသည်။ သူတို့သည် တယောက်ကို တယောက် အပြန်အလှန် ကြည့်နေကြပြီးနောက် ကေသီသည် တံခါးဝမှနေ၍ သူတို့ နှစ်ယောက်ကို ငေးစိုက်ကြည့်နေသော ဟိကလစ်ထံသို့ လာ၍...
“ဒီလိုဆို ရှင် ကျွန်မ ဦးလေးပေါ့၊ တွေ့စက စိတ်ထဲမှာ တမျိုးပေမယ့် ခုတော့ ကျွန်မ ဦးလေးကို သဘောကျပါတယ်။ ဦးလေးက လင်တန်ကလေးကို ခေါ်ပြီး ကျွန်မတို့အိမ်ကို ဘာလို့ မလာရတာလဲ၊ အိမ်နီးနားချင်းတွေ ဖြစ်ပြီး ဒီလောက်ကြာအောင် အသွားအလာ မရှိတာ တမျိုးပဲ” ဟု ပြောလိုက်ပါသည်။
“မင်း မမွေးခင်ကတော့ တခေါက်နှစ်ခေါက် ရောက်ဖူးပါတယ်ကွယ်၊ ဒါပေမယ့် အလကားပါပဲ”
“ဘယ်လိုလဲ အယ်လင်၊ ရှင် ကျွန်မကို ဒီမှာ ဦးလေးတယောက် ရှိတယ်ဆိုတာ ဘာလို့ မပြောရတာလဲ” ကေသီသည် ကျွန်မ ဘက်သို့ လှည့်၍ မဲပြန်ပါလေသည်။ “နောက်ဆိုယင် ကျွန်မ ဒီကို မနက်တိုင်း လာမယ်၊ လာရမယ် မဟုတ်လား ဦးလေးရဲ့၊ တခါတလေကျတော့လဲ ဖေဖေ့ကိုပါ ခေါ်လာခဲ့မယ်လေ၊ ဦးလေး ဝမ်းမသာဘူးလား ဟင်'
‘လာပေါ့ကွယ်’ ဟု ပြောလိုက်ရသော်လည်း ဟိကလစ်၏ မျက်နှာထားမှာ ရွှံ့ရှုံ့မဲ့မဲ့ ဖြစ်သွားပါသည်။ ထို့နောက် သူကပင် ဆက်၍ “ဒါပေမယ် နေဦးကွဲ့ ၊ ဒီအကြောင်းတွေ မင်းကိုတော့ ပြောမှ ဖြစ်မယ် ထင်တယ်၊ မစ္စတာလင်တန်ဟာ ဦးလေးအပေါ် အာယာတရှိတယ်ကွဲ့။ တခါကဆို ဦးလေးတို့နှစ်ယောက်ဟာ တယောက်ကို တယောက် ရင်မဆိုင်ချင်လောက်အောင် စကားများခဲ့ကြဖူးတယ်၊ ဒီတော့မင်းက မင်းအဖေကို ဒီကို လာဖို့များ သွားပြောယင် မင်းကိုတောင် ဒီကို လာစေမှာ မဟုတ်ဘူး၊ ဒါကြောင့် မင်း မင်းမောင် ဝမ်းကွဲကို တွေ့ချင်တယ်ဆိုယင် မင်းအဖေကိုတော့ သွားမပြောလေနဲ့၊ မင်းချည်းလာမယ်ဆို လာပေါ့ကွ’ ပြောပါလေတော့သည်။
“ဦးလေးတို့က ဘာဖြစ်လို့ စကားများ ရတာလဲဟင်”
ကေသီသည် စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး ခပ်လေးလေး မေးလိုက်ပါလေသည်။
“ဦးလေးနဲ့ သူ့ ညီမနဲ့ ယူမှာ ဦးလေးကို မတူဘူး၊ မတန်ဘူး ဦးလေးက ဆင်းရဲတယ်လို့ ထင်တာကိုးကွဲ့၊ ဦးလေးတို့ချင်း ယူတော့ သူ အတော်ပဲ စိတ်ထိခိုက်သွားတယ်၊ သူ့မာနက သူ့ကို စိတ်ထိခိုက်စေတာပဲ၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သူ ခွင့်မလွတ်နိုင်ဘူး'
“ဒါဆို ဖေဖေ မှားတာပေါ့၊ ဒီအကြောင်း ဖေဖေ့ကို ပြောရဦးမယ်၊ ဒါပေမယ် ဦးလေးတို့ ရန်ဖြစ်တာ ကျွန်မနဲ့ လင်တန်နဲ့တော့ မဆိုင်ပါဘူး၊ ဒီတော့ ကျွန်မ ဒီကို မလာလဲ လင်တန် ကျွန်မတို့အိမ် လာပေါ့'
“ကိုယ် မလာနိုင်ဘူး၊ ခရီးက ဝေးတော့ ကိုယ် ပင်ပန်းတယ်၊ လေးမိုင်လောက် လျှောက်ရယင် ကိုယ် သေသွားလိမ့်မယ်၊ ဒီတော့ မစ္စကက်သရင်း ပဲကိုယ့်ဆီလာပါ၊ မကြာမကြာ လာပါ၊ နေ့တိုင်း မလာနိုင်တောင် တပတ် တခါ နှစ်ခါတော့ လာပါ' ဟု လင်တန်ကလေးက ခပ်ညည်းညည်း ပြောလိုက်ပါသည်။
ဟိကလစ်သည် လင်တန်အား မနှစ်မြို့သော အကြည့်၊ ရှုတ်ချသော အကြည့်ဖြင့် ကြည့်လိုက်ပါသည်။ ထို့နောက် ကျွန်မဘက်သို့ လှည့်၍ …
'ကျုပ်တော့ ခဲလေသမျှ သဲရေကျ ဖြစ်ရတော့မလား မဆိုနိုင်ဘူး နယ်လီရေ၊ ဒီကောင်ကလဲ တုံးလိုက်တာ လွန်ပါရော၊ ကြာယင် မစ္စကတ်သရင်းကပါ သင်းကို လူတုံးလူညံ့ ဆိုပြီး ပစ်သွားမှာဗျ၊ ဟယ်ယာတန်တို့နဲ့များ ကွာပါ့ဗျာ၊ ဟယ်ယာတန်ကို ကျုပ်က ဘယ်လောက် နှိမ်ထားသလဲ၊ သင်းဟာ တခြားလူဆို ကျုပ် သူ့ကို ချစ်လို့ နေပါရဲ့၊ ထားပါတော့လေ၊ ဟယ်ယာတန် အတွက်က စိတ်မချရစရာ မရှိပါဘူး၊ ကျုပ်ကောင်ကတော့ အလကားပဲ၊ ဒါပေမယ့် စောင့်တော့ ကြည့်ရမှာပဲလေ' ခပ်တိုးတိုး ပြောပြီး သူ့သားဘက်သို့ လှည့်ပြန်ကာ…
'ဟေ့ … လင်တန်' ဟု ခေါ်လိုက်ပါသည်။
'ဟုတ်ကဲ့ ဖေဖေ'
'မင်း မင့်အစ်မကို ခေါ်ပြီး တခုခု လိုက်ပြပါလားကွ၊ ယုန်ကလေးတွေ ဖြစ်ဖြစ် လိုက်ပြပါလား၊ ဒီတော့ မင်းဖိနပ် အစိုတွေမလဲခင် မင်း အစ်မကို ခြံထဲ ခေါ်သွား၊ ပြီးယင် မြင်းဇောင်းထဲ ခေါ်ပြီး မင့်မြင်းကို ပြလိုက်ဦးပေါ့'
ထို့ကြောင့် လင်တန်သည် ကေသီအား ခပ်တိုးတိုး လှမ်းခေါ်လိုက်ပြီး…
'ဒီမှာပဲ ထိုင်နေယင် မကောင်းဘူးလား' ဟု မေးလိုက်ပါလေသည်။
ကေသီသည် တံခါးဘက် စိုက်ကြည့်နေရာမှ …
'မသိဘူးလေ' ဟု ဖြေလိုက်ပါသည်။
လင်တန်ကား ကုလားထိုင်မှာပင် ထိုင်နေပါ၏။ မီးဖိုနားသို့ပင် တိုးသွားပါလေသည်။ ဟိကလစ်သည် နေရာမှ ထပြီး မီးဖိုဘက်သို့ လျှောက်သွားပြီး ခြံထဲမှ ဟယ်ယာတန်ကို လှမ်းခေါ်လိုက်ပါလေသည်။ ဟယ်ယာတန် ပြန်ထူးသံကို ကြားရပြီးနောက် ဟယ်ယာတန်နှင့် ဟိကလစ်တို့သည် အခန်းထဲသို့ ပြန်ဝင်လာကြပါလေသည်။ ဟယ်ယာတန်မှာ ရေချိုးပြီးစ ဖြစ်ပါသည်။ ပါးကလေးတွေ အရောင်ထွက်နေပြီး ဆံပင်များမှာ ရေစိုနေပါသည်။
ထိုစဉ်မှာပင် ကေသီသည် တစုံတခုကို သတိရဟန်ဖြင့်..
'ဦးလေးကို ကျွန်မ တခု မေးချင်တယ်၊ သူက ကျွန်မ ဝမ်းကွဲ အစ်ကို မဟုတ်ပါဘူးနော်' ဟု ပေးလိုက်ပါလေသည်။
“ဟုတ်တာပေါ့ကွယ်၊ မင်းအမေရဲ့ တူပဲဟာ၊ မင်းရဲ့ ဝမ်းကွဲအစ်ကို တော်တာပေါ့၊ မင်း သူ့ကို သဘောမကျဘူးလား”
ကက်သရင်းသည် တအံ့တဩ ဖြစ်သွားပါလေသည်။
“သူ မချောဘူးလားကွယ်”
ဟိုကလစ်က ဆက်မေးနေပြန်ပါသည်။ ဟယ်ယာတန်မှာ သိမ်သိမ် မွေ့မွေ့ မရှိလှပါ။ ခြေဖျားထောက်ရပ်ယင်း ဟိကလစ်အား စကားတခွန်း ခပ်တိုးတိုး ပြောလိုက်ပါသည်။ ဟိကလစ်က ရှယ်လိုက်သည်။ ဟယ်ယာတန့် မျက်နှာသည် မည်းခနဲ ဖြစ်သွားပါ၏။ ဟယ်ယာတန်သည် သိမ်ငယ်နုန့်နဲ့နေကြောင်း ထင်ရှားလှပါသည်။
“ဟေ...ဟယ်ယာတန်ရ၊ မင်းက တို့အထဲမှာတော့ လူတိုင်းကြိုက်ပဲကွ.. ဟောဒီမှာ ကေသီ ကတောင် ပြောနေတယ်၊ ဘာတဲ့ကွာ၊ မင်းကို ချီးမွမ်းခန်း ဖွင့်နေတာဟေ့၊ ကဲ...ဒီတော့ မင်း သူ့ကို ခြံထဲ ခေါ်သွားလိုက်ပါကွာ၊ ယဉ်ယဉ်ကျေးကျေး သိမ်သိမ် မွေ့မွေ့လဲ ဆက်ဆံနော် စကားအပြောအဆိုလဲ ဆင်ခြင်၊ မိန်းကလေးက ကိုယ့်ကို မကြည့်နဲ့ မင်းကလဲ စိုက်ကြည့်မနေနဲ့ဦး၊ စကားပြောယင်လဲ ဖြည်းဖြည်းပြော ဘောင်းဘီအိတ်ထဲချည်း နှိုက်မထားနဲ့ဦး၊ ကဲ...သွားတော့ ကလေးမလေး စိတ်ပျော်အောင် လိုက်ပြလိုက်ကွာ”
ဟီကလစ် သူတို့နှစ်ယောက်ကို ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ပါသေးသည်။ ဟယ်ယာဘန်သည် ကက်သရင်းကို မကြည့်ပဲ မျက်နှာလွှဲကာ ရှုခင်းကိုသာ ငေးစိုက် လိုက်ပါသွားလေသည်။ ကက်သရင်းက ဟယ်ယာတန်ကို မသိမသာ ကြည့်လျက် လိုက်ပါသွား၏။
“ကျုပ် သူ့ပါးစပ်ကို ပိတ်ထားလိုက်တယ်လေ၊ သူ ဘာစကား တခွန်းမှ ပြောမှာ မဟုတ်ဘူး၊ နယ်လီ...ကျုပ် ငယ်ငယ်က အဖြစ်ကို ခင်ဗျား ပြန်စဉ်းစားကြည့်စမ်း၊ ကျုပ်ဟာကော ဒီလိုပဲ မဟုတ်လား" ဟိကလစ်က ပြောလာပါသည်။
“အဲဒီတုန်းက ပိုတောင် ဆိုးသေးတယ်၊ ရှင့် မျက်နှာက အောက်သိုးသိုးနဲ့လေ"
"ကျုပ်တော့ သူ့ကိုကြည့်ပြီး သဘောကျတယ်၊ ကျုပ် ဖြစ်စေချင်တဲ့ အတိုင်း ဖြစ်တာပဲ၊ သူသာ မွေးကတည်းက ခပ်တုံးတုံး ခပ်ညံ့ညံ့ဆိုယင် ကျုပ် ဒီလောက် ကျေနပ်ချင်မှ ကျေနပ်မယ်၊ ဒါပေမယ့် သူက ပင်ကိုအားဖြင့် လူတုံးလူညံ့ မဟုတ်ဘူး၊ ခု သူဘယ်လို ခံစားနေရမယ်ဆိုတာ ကျုပ်ခံစားလို့ ရပါတယ်၊ ဒါပေမယ့် သူ ဘယ်ပုံ ဘယ်နည်း ခံစားနေရ တယ်ဆိုတာ သူ ကိုယ်တိုင် မသိဘူး၊ သူ့ကို ကျုပ် လွယ်လွယ်နဲ့ ဖျက်ဆီးပစ်လို့ ရခဲ့တယ်၊ သူကိုယ်တိုင်ကလဲ ဒီလို အဖျက်ဆီးခံရတာကိုပဲ မာနထားသလို ဖြစ်နေတယ်၊ ကျုပ် သူ့ကို တိရစ္ဆာန်တကောင်ထက်တောင် နိမ့်ကျတဲ့ဘဝ ရောက်အောင် ပို့ပစ်ခဲ့တယ်၊ ဒီမယ် နယ်လီ၊ ခုနေတုန်း ဟင်ဒလီသာရှိယင် သူ့သားအတွက် သူ ဘယ်လောက် ဂုဏ်ယူလိုက်မလဲ၊ ကျုပ်ဟာ ကျုပ်သားအတွက် ဂုဏ်ယူသလိုပဲ သူလဲ သူ့ သားအတွက် ဂုဏ်ယူမှာပဲ၊ ဒါပေမယ့် မတူဘူး အယ်လင်၊ တယောက်က ရွှေတုံး ရွှေခဲဗျ။ အဲဒီ ရွှေတုံးရွှေခဲကို လမ်းခင်းကျောက်လို အသုံးချခံရတာ၊ တယောက်ကတော့ သံဖြူထည်ကို အရောင်တင်ပြီးသားအဖြစ် အသုံးချခံနေရတာ၊ တကယ်က ကျုပ်ကောင်က ဘာမှ တန်ဖိုးရှိတဲ့ကောင် မဟုတ်ဘူး၊ ဟိုကောင်မှာက ပထမတန်း အရည်အချင်းတွေ ရှိတယ်၊ ဒါကို ကျုပ် ဖျက်ဆီးပစ်လိုက်တာပဲ၊ ဒါပေမယ့် ဟယ်ယာတန်က ကျုပ်ကိုတော့ တွယ်တာတယ်ဗျ။
ပြောယင်းပင် ဟိကလစ်သည် သူ၏ စိတ်ကူးအတွေးကို သူ့ဘာသာ သူ သဘောကျပြီး ရယ်ပြန်ပါလေသည်။ သူ့ရယ်မောသံကား နတ်ဆိုး၏ ရယ်မောသံပမာတည်း။ သူ့စကားကို ကျွန်မ မည်သို့မျှ မတုံ့ပြန်ပါ။ သူကိုယ်တိုင်ကလည်း ကျွန်မထံမှ မည်သည့် တုံ့ပြန်မှုမျိုးကိုမျှ မျှော်လင့်ထားပုံ မရပါ။ ထိုစဉ်မှာပင် လင်တန်ကလေးသည် ကျွန်မတို့နားသို့ တိုးလာပြီး သူ့အဖေစကားကို နားစိုက်ထောင်ပါလေသည်။ သူ့အဖေစကားများကို ကြားရသောအခါ သူသည် မနေတတ် မထိုင်တတ် ဖြစ်လာပါ၏။ ဟိကလစ်သည် ပြတင်းပေါက်မှ နေ၍ အပြင်ဘက်သို့ လှမ်းကြည့်ပြီး နောက်...
“ဟေ့၊ ငပျင်းကလေး ထစမ်းကွာ၊ ဟိုမှာ သူတို့နှစ်ယောက်ကို တွေ့လား၊ လိုက်သွားပါလားကွ” ဟု ပြောလိုက်ပါသည်။
လင်တန်လည်း နေရာမှ အားယူ ထသွားပါလေတော့သည်။ ထို့နောက် လင်တန်သည် အပြင်သို့ ထွက်သွားလေ၏။ ပြတင်းတံခါးသည် ပွင့်နေပါ၏။ ကျွန်မသည် အပြင်ဘက်မှ ကေသီနှင့် ဟယ်ယာတန်အား တံခါးပေါက်က စာတွေအကြောင်း မေးပါသည်။ ဟယ်ယာတန်က စာလုံးတွေကို မော့ကြည့်ပြီး ခေါင်းကုတ်ပါလေတော့သည်။
'ဘာတွေ ရေးထားမှန်းလဲ မသိဘူး၊ ငါ မဖတ်တတ်ဘူး'
'မဖတ်တတ်ဘူး၊ ဟုတ်လား၊ ကျွန်မ ဖတ်တတ်ပါတယ်၊ ဒါ အင်္ဂလိပ်လို ရေထားတာပဲ။ ဒါပေမယ့် လိုရေးထားတာပဲ၊ ဒါပေမယ့် ကျွန်မသိချင်တာက ဘာကြောင့် ရေးထားတာလဲ သိချင်တာ'
ထိုနေရာသို့ လင်တန်ရောက်သွားပြီး လင်တန်က ကျိတ်၍ ရယ်ပါလေတော့သည်။ လင်တန် ပြုံးပြုံးရယ်ရယ် ရှိသည်ကို ပထမဆုံး အကြိမ် တွေ့ရခြင်း ဖြစ်ပါသည်။
“သူက စာမဖတ်တတ်ဘူး၊ အဲဒီလောက်တုံးတဲ့ ညံ့တဲ့လူ ရှိသေးတယ် ဆိုယင် မင်း ယုံပါ့မလား' လင်တန်က ကေသီကို လှမ်းပြောလိုက်ပါသည်။
“သူက ဒီလိုပဲလား၊ သူ ရိုးလွန်း အ လွန်းတာပဲလား၊ ငါသူ့ကို မေးတာ နှစ်ခါရှိသွားပြီ၊ သူ့ မေးလိုက်ယင် သူ ဘာမှ မသိသလိုပဲ။ ငါမေးတာ နားမလည်ဘူးလား မသိဘူး”
လင်တန်က ရယ်ပြန်ပါလေသည်။ ဟယ်ယာတန်မှာ သူတို့နှစ်ယောက် ပြောနေသည်ကို နားမလည်နိုင်သလို ငေးတိငိုင်တိုင် ဖြစ်နေပါ၏။ လင်တန်က ဟယ်ယာတန်ကို အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ...
“ဒါကလဲ တခြား မဟုတ်ပါဘူး၊ အပျင်းထူလို့ပါဟာ၊ မဟုတ်လား ဟယ်ယာတန်၊ ခင်ဗျားကို ကျွန်တော့်အစ်မက ငတုံးလို့ ထင်နေတာ အဲဒါ ခင်ဗျားက စာသင်တာ အလကားပဲလို့ ပြောချင်တာကိုးဗျ'
“မဟုတ်ဘူးလားကွ၊ စာသင်တာ ဘာသောက်သုံးကျလို့လဲ”
ဟယ်ယာတန်က သူနှင့် လင်တန် နှစ်ယောက်ချင်း ပြောနေကျအတိုင်း ခပ်မာမာ ပြောချလိုက်သည်။ သူ စကားဆက်ဦးမည် ပြုဆဲမှာပင် လင်တန် တို့နှစ်ယောက်က ရယ်ချလိုက်ပါလေသည်။ ကေသီကလေးမှာ ဟယ်ယာတန်၏ ထူးဆန်းသော စကားအသုံးအနှုန်းကြောင့် အထူးအဆန်း ဖြစ်သွားပုံရပါသည်။
'ခင်ဗျား ဘာ သောက်တွေ ဘာတွေနဲ့ တိုင်းထွာ ပြောရတာလဲဗျ၊ ဖေဖေက ပြောထားတယ် မဟုတ်လား၊ ယဉ်ယဉ်ကျေးကျေး ပြောဖို့၊ ခင်ဗျားဟာ တိုင်းလား ထွာလား မပြောယင် မပြောတတ်တော့ဘူးလား၊ သိမ်သိမ်မွေ့မွေ့ ယဉ်ယဉ်ကျေးကျေး နေတတ် ပြောတတ်အောင် လုပ်စမ်းပါဗျာ”
လင်တန်က ရယ်သံကို ချုပ်ပြီး ပြောပြန်ပါလေသည်။
ဟယ်ယာတန်သည် စော်ကားမော်ကား အပြောခံလိုက်ရသဖြင့် ဒေါသဖြစ်သွားပြီး မျက်နှာ နီရဲသွားကာ …
'မင်းဟာလေ မိန်းမလျာကလေးလိုမို့ ပေါ့က္ခာ၊ မဟုတ်ယင် ဒီနေရာမှာ ငါ မင်းကို အလဲထိုးတယ်၊ အလကား ငကြောင်ကလေး” ဟု ချက်ချင်း နှုတ်တုံ့ ပြန်လိုက်ပါသည်။
မစ္စတာ ဟိကလစ်သည်လည်း ထိုလူငယ်သုံးဦး စကားများသည်ကို ကြားနေပါ၏။ ဟယ်ယာတန် နေရာမှ ထွက်သွားချိန်တွင် ကျွန်မလည်း ပြုံးလိုက်မိပါသည်။ ထို့နောက် ကျွန်မတို့သည် တံခါးဝတွင် ကျန်ရစ်သော လင်တန်တို့ နှစ်ယောက်ဆီသို့ အာရုံရောက်သွားပါ၏။ ကျွန်မသည် သူတို့နှစ်ယောက် စကားပြောနေသည်ကို သဘောမကျလှပါ။
ထိုနေ့က ကျွန်မသည် ကေသီ့ကို အလွယ်နှင့် ခေါ်မရသဖြင့် ထိုအိမ်တွင် မွန်းလွဲပိုင်းအထိ နေခဲ့ရပါသည်။ သို့သော် ထိုနေ့က ကျွန်မတို့ အိမ်တွင် သခင်သည် အခန်းအောင်းနေသဖြင့် ကျွန်မတို့ အပြင်ဘက်၌ အချိန်ကြာနေသည်ကို မသိ၍ ကျွန်မတို့အဖို့ သက်သာရာရခဲ့ပါ၏။
အိမ်ပြန်လမ်း၌ ကျွန်မက ဟိကလစ်တို့ အကြောင်းကို ပြောလာပါသည်။ ကေသီကမူ ကျွန်မသည် ဟိကလစ်အပေါ် အာဃာတထားနေသည်ဟုပင် သဘောရပုံရပါသည်။
“ဟာ ဟာ ဟ၊ ရှင်ကလဲ ဖေဖေ ဘက်ကပဲ အယ်လင်၊ ရှင်လဲ ဘက်လိုက်တာပဲ၊ မဟုတ်ယင် လင်တန် ဟိုအဝေးကြီးမှာ ရောက်နေတယ်လို့ ကျွန်မကို ရှင် လိမ်ထားမလား၊ အဲဒီကိစ္စမှာတော့ ကျွန်မ သိပ်စိတ်ဆိုးတာပဲ၊ နောက်ပြီး ကျွန်မ ဦးလေးအကြောင်းကိုလဲ ရှင် မကောင်း မပြောယင် ကောင်းမယ်၊ ဘာဖြစ်ဖြစ် သူဟာ ကျွန်မဦးလေးပဲဆိုတာတော့ သိထားဖို့ ကောင်းတာပေါ့၊ ဖေဖေ့ကိုလဲ သူနဲ့ စကားများတာကို ပြောရဦးမယ်’
ကျွန်မ သူ့အား ရေလည်အောင် ရှင်းမပြနိုင်ခင်မှာပင် ကေသီသည် ရှေ့က ပြေးပါလေတော့သည်။
ထိုညကမူ ကေသီသည် သူ လေထန်ကုန်း အိမ်သို့ ရောက်ခဲ့သည့်အကြောင်းကို သူ့အဖေအား မပြောဖြစ်ခဲ့ပါ။ ထိုညကတော့လည်း ထိုသားအဖနှစ်ယောက် မတွေ့မိကြပါ။ နောက်တနေ့တွင်ကား ဖုံးကွယ်၍ မရတော့ပါ။ ကျွန်မအဖို့သာ စိတ်မကောင်းစရာ ဖြစ်ရပါတော့သည်။ ကျွန်မ၌ စိတ်မကောင်းရုံ မကောင်း ဖြစ်ရသော်လည်း မစ္စတာ လင်တန် အဖို့ကား သမီးနှင့် ပတ်သက်၍ တာဝန်ကြီးတရပ် ဖိစီးလာသလို ဖြစ်ရပါလေတော့သည်။
ထိုနေ့မနက်က ကေသီသည် ဖခင်ဖြစ်သူအား နှုတ်ဆက် စကားပြောပြီးသည်နှင့် ....
“ဖေဖေ၊ မနေ့က သမီး ကွင်းထဲ လမ်းလျှောက်သွားယင်း ဘယ်သူနဲ့ တွေ့ခဲ့သလဲ တွေးကြည့်စမ်းပါ၊ ဟော ဖေဖေ တုန်လှုပ်သွားပြီ ဖေဖေတို့ မဟုတ်တာ လုပ်ထားတာပဲ၊ မဟုတ်ဘူးလား ဖေဖေ၊ သမီး ဘယ်သူနဲ့ တွေ့ခဲ့တယ်ဆိုတာ ပြောပြမယ် ဖေဖေ၊ အမှန်က ဖေဖေရော အယ်လင်ရော နှစ်ယောက်ပေါင်းပြီး သမီးအပေါ် သနားချင်ယောင် ဆောင်ပြီး သမီးကို မျှော်လင့်ချက် ပေးထားတာပဲ၊ ဒီလိုနဲ့ လင်တန် ပြန်လာတော့မှာ မဟုတ်ဘူးလို့ သမီး စိတ်ပျက်သွားအောင် လုပ်တာပဲ” ဟု စကားစကာ ယမန်နေ့က သူ တွေ့ခဲ့သမျှ အဖြစ်အပျက်နှင့် လူတွေအကြောင်း အလုံးစုံကို အမှန်အတိုင်း ပြောပြပါလေတော့သည်။
သခင်သည် ကျွန်မအား အပြစ်တင်သော အကြည့်ဖြင့် ကြည့်သော်လည်း ကေသီ၏ စကားမဆုံးမီ ကျွန်မ ဘာမှ မပြောပါ။ ထို့နောက် သခင်သည် သူ့သမီးကို သူ့အပါးသို့ ဆွဲခေါ်လိုက်ပြီး လင်တန်ကလေး အနီးအနားမှာ ရှိကြောင်း အဘယ်ကြောင့် မပြောပဲ ထားရသနည်း၊ သူ သိ မသိ ပေးလိုက်ပါလေ၏။ ကေသီသည် ဘာမှ မစဉ်းစားပဲ ဖြေချ လိုက်ပါသည်။
“အဲဒါ ဖေဖေက မစ္စတာ ဟိကလစ်ကို မုန်းလို့ပဲပေါ့"
“ဒါဖြင့် ဖေဖေက သမီးခံစားရတာထက် ဖေဖေ ခံစားရတာကို ပိုပြီး အရေးထားတယ်လို့ ဆိုချင်သလား ကေသီ၊ တကယ်က ဖေဖေက မစ္စတာ ဟိကလစ်ကို မုန်းတာ မဟုတ်ဘူးကွဲ့။ မစ္စတာ ဟိကလစ်ကသာ ဖေဖေ့ကို မုန်းနေလို့ပဲ၊ သူဟာ တကယ့်နတ်ဆိုး တကောင်ပါသမီးရယ်၊ သူဟာ အခွင့်သာတာနဲ့ သူမုန်းတဲ့ လူတွေကို ဖျက်ဆီးရမှ၊ ချေမှုန်းရမှ သဘောကျတဲ့ လူစားမျိုးပါ၊ ဒီတော့ သမီးဟာ သမီးရဲ့ မောင်လေးနဲ့ ဆက်ဆံဖို့ဆိုတာမျိုးဟာ သူနဲ့ကင်းပြီး မဖြစ်နိုင်ဘူးဆိုတာ ဖေဖေ သိတယ်၊ သူက ဖေဖေ့ အပေါ်ထားတဲ့ အမုန်းစိတ်ကို သမီးအပေါ်မှာလဲ ထားမှာပဲဆိုတာ ဖေဖေ သိတယ်သမီး၊ ဒါကြောင့်လဲ သမီး ကောင်းကျိုးအတွက် သမီးကို လင်တန်ကလေးနဲ့ မတွေ့ရအောင် လုပ်ထားတာပါ သမီးရယ်၊ တခြား ဘာအကြောင်းမှ မရှိပါဘူး၊ အင်း၊ သမီး ကြီးလာတဲ့ တနေ့ကျယင် အဲဒီအကြောင်းတွေကို ရှင်းပြပါ့မယ်ကွယ်၊ ခုလောလောဆယ် ရှင်းမပြနိုင်တာကိုတော့ ဖေဖေ စိတ်မကောင်းပါဘူး သမီးရယ်"
‘ဒါပေမယ့် မစ္စတာဟိကလစ်ဟာ ဖော်ဖော်ရွှေရွှေ ရင်းရင်းနှီးနှီး ရှိပါတယ် ဖေဖေ၊ သူက သမီးတို့ နှစ်ယောက်တွေ့တာကိုလဲ မကန့်ကွက်ပါဘူး။ သမီးကိုတောင် သူအိမ်ကို လာချင်တဲ့ အချိန် လာနိုင်ကြောင်း ပြောလိုက်ပါသေးတယ်၊ ဒါပေမယ်. ဒီအကြောင်းကို သမီး မပြောသေးတာက ဖေဖေတို့နှစ်ယောက်က စကားများထားကြတာ မဟုတ်လား၊ နောက်ပြီး ဖေဖေကလဲ ဒေါ်လေး အစ္စဗယ်လာနဲ့ ပတ်သက်ပြီး သူ့ကို ခွင့်မလွတ်ဘူး မဟုတ်လား။ ဒါဟာလဲ ဖေဖေဘက်က မှားတာပဲ၊ သူကလဲ သမီးတို့နှစ်ယောက်ကို အနည်းဆုံး မိတ်ဆွေတွေလိုပဲ ဖြစ်ဖြစ် ဆက်ဆံစေချင်တယ်၊ ဖေဖေတော့ မပါဘူးပေါ့လေ'
သခင်သည် သူ့သမီးကလေးမှာ သူ့စကားကို နားမဝင်သဖြင့်သာ သူ့ဦးလေး၏ ယုတ်မာမှုများကို သဘောမပေါက်နိုင်ခြင်း ဖြစ်သည်ဟု သဘောရသဖြင့် အစ္စဗယ်လာနှင့် ပတ်သက်၍ မစ္စတာဟိကလစ် ရက်စက်ပုံ၊ လေထန်ကုန်း အိမ်ကြီးကို အပိုင်သိမ်းရအောင် လုပ်ဆောင်ပုံများကို အကျဉ်းချုပ် ပြောပြလိုက်ပါသည်။
မစ္စတာအက်ဂါသည် ဤအကြောင်းကို ရှည်ရှည်ဝေးဝေး ပြောချင်ပုံမရပါ။ အနည်းအကျဉ်းမျှ ပြောရသည်ကိုပင် နောက်ကြောင်းတွေကို သတိရလာပြီး ချောက်ချား တုန်လှုပ်လာပုံရပါသည်။ ဇနီး ဖြစ်သူသည်ပင်လျှင် ထိုသူနှင့် မပတ်သက်ခဲ့လျှင် ယခုတိုင် အသက်ထင်ရှား ရှိလိမ့်ဦးမည် ဟူသော သူ မပြတ်ခံစားခဲ့ရသည့် အတွေးသည် ထင်ဟပ်လာပြန်လေသည်။
မစ္စကေသီသည် သူ့အဖေစကားကို နားထောင်ယင်း အထိတ်တလန့် ဖြစ်လာလေတော့သည်။ နှစ်ပေါင်းများစွာ ရန်ငြိုးမပြေနိုင်ပဲ တဆွေတမျိုးလုံးအပေါ် လက်စားချေတတ်သော လူမျိုး၊ သတိသံဝေဂ မရနိုင်ပဲ ရက်စက်စွာ လက်စားချေတတ်သော လူမျိုးအကြောင်းကို ကြားရသဖြင့် အံ့ဩ တုန်လှုပ်ခြင်းလည်း ဖြစ်ရလေတော့သည်။ သူ့အဖို့တော့လည်း လူ့လောကကြီးထဲတွင် ဤမျှ ရက်စက်ယုတ်မာသူမျိုးလည်း ရှိပါကလား ဟူသော အသိဖြင့် ထိတ်လန့်တုန်လှုပ်ရလေတော့သည်။
“အဲဒါဆိုယင် သမီး အဲဒီအိမ်နဲ့ အဲဒီအိမ်က လူတွေကို ဘာကြောင့် ရှောင်ကွင်းစေချင်သလဲဆိုတာ သမီး နားလည်ရောပေါ့၊ ကဲ၊ ဒီတော့ သမီး အလုပ်တွေ သမီး သွားလုပ်ချေတော့၊ သူတို့အကြောင်းတွေကို ကက်သရင်းသည် သူ့အဖေကို နမ်းရှုပ် နှုတ်ဆက်ပြီးနောက် ထုံးစံအတိုင်း စာကြည့်ခန်းသို့ ဝင်ခဲ့ပါလေသည်။ ခြံထဲမှာ လမ်းဆင်းလျှောက်ပါသည်။ ညနေပိုင်းတွင်ကား သူသည် ရှစ်နာရီခန့် လေ့လာပြီးနောက် ခါတိုင်းနည်းတူပင် သူ့အဖေနှင့်အတူ လဲပေးရန် သူ့အခန်းထဲသို့ ဝင်ခဲ့ရာ သူ့ကို အိပ်ရာဘေးတွင် ရပ်လျက်သား တွေ့ရပါလေသည်။
“အို၊ ကလေးရယ်၊ ဘာမဟုတ်တဲ့ ကိစ္စကလေးနဲ့ ကိုယ့်ဘာသာ ကိုယ် အမှားပြင်ပြီး တကယ် ဝမ်းနည်းဦးတော့ အလကား မျက်ရည်ကျရတာ ဘယ်လောက်ရှက်စရာ ကောင်းသလဲ၊ ကိုယ့်အရိပ်ကြောင့် ကိုယ် ဝမ်းနည်းရတာမျိုး မဖြစ်ကောင်းဘူး မစ္စကက်သရင်း၊ ဒီလောကထဲမှာ တမိနစ်လောက် ငါနဲ့ညည်းအဖေ သေသွားပြီး ညည်းတယောက်တည်း ကျန်ခဲ့ရတယ်လို့ တွေးကြည့်လိုက်စမ်း၊ ညည်း ဘယ်လိုခံစားရမလဲ၊ ခု ကေသီကလေးရဲ့ လက်ရှိ အခြေအနေကို အဲဒီလို အထီးတည်း ပရိဒေဝ မီးတောက်ရှတဲ့ အခြေအနေနဲ့ ယှဉ်ပြီး ကြည့်စမ်း ကေသီ၊ ခုလို ကေသီမှာ အဖော်အပေါင်းတွေနဲ့အတူ နေရတဲ့ အဖြစ်ကို ကေသီ ကျေးဇူး တင်မိမှာပဲ”
'ကျွန်မ အတွက် ကျွန်မ ငိုနေဘာ မဟုတ်ဘူး အယ်လင်၊ သူ့ အတွက် ကျွန်မငိုရတာ သူ မနက်ဖြန်ကျ ကျွန်မကို မျှော်နေမှာ၊ ကျွန်မ မသွားယင် သူ ဘယ်လောက် စိတ်ညစ်ရမလဲ၊ သူ ကျွန်မကို စောင့်နေမှာ၊ ကျွန်မကလဲ မသွားနိုင်ဘူး မဟုတ်လား'
'အဓိပ္ပာယ် မရှိတာ ကေသီရယ်၊ ညည်း စဉ်းစားကြည့်စမ်း၊ သူကလဲ နှစ်ခါလောက် တွေ့ဖူးတဲ့ ဆွေမျိုးတယောက် ဆုံးရှုံးရလို့ ငိုရှတယ်ဆိုတာ အဖော်အဖြစ် ဟယ်ယာတန်လဲ ရှိတယ် မဟုတ်လား၊ ဒီမယ် ကေသီရဲ့၊ နှစ်ခါလောက် တွေ့ဖူးတဲ့ ဆွေမျိုးတယောက် ဆုံးရှံးရလို့ ငိုရတယ်ဆိုတာ လူတရာမှာ တယောက် မရှိပါဘူးကွယ်၊ လင်တန်ကလဲ ညည်းကို သတိရချင်မှ ရမှာပါ'
'ဒါပေမယ် ကျွန်မ မလာနိုင်တဲ့ အကြောင်းတော့ စာရေးဖို့ မလိုဘူးလား၊ ပြီးတော့လဲ သူ့ကို ငှားမယ်ဆိုတဲ့ ဒီစာအုပ်တွေကိုလဲ သူ့ဆီ ပို့ပေးချင်တယ်၊ ကျွန်မတို့ စာအုပ်တွေအကြောင်း ပြောတော့ သူ့မှာ ကျွန်မ စာအုပ်တွေလောက် ကောင်းတာ မရှိဘူး၊ သူ ကျွန်မ စာအုပ်တွေကို သိပ်လိုချင်နေတာဆိုတော့ ကျွန်မ မပို့ရဘူးလား အယ်လင်”
'မပို့ရဘူး၊ မပို့ရဘူး' ကျွန်မက အခိုင်အမာ ဆုံးဖြတ်ပြီး ပြောလိုက်ပါသည်။ 'ညည်းက စာရေး၊ စာအုပ်ပို့တော့ သူက ပြန်ရေးမယ်၊ အဲဒီနည်းနဲ့ စာအပြန်အလှန် ရေးတာ ဘယ်တော့မှ ဆုံးမှာ မဟုတ်ဘူး၊ မဖြစ်ပါဘူး ကေသိရယ်၊ ညည်းတို့ ဆက်ဆံရေးကို လုံးဝ ဖြတ်ပစ်လိုက်ပါကွယ်၊ ညည်း ဖေဖေကလဲ အဲဒါကိုပဲ ဖြစ်စေချင်တာပါ၊ ငါကလဲ ဒီအတိုင်းပဲ ဖြစ်စေချင်တယ်”
“စာတိုတိုကလေး ရေးမှာပါ'
သူက ကျွန်မ မျက်နှာကဲကိုကြည့်ပြီး ပြောလိုက်ပါသည်။ ကျွန်မက သူ့စကား မဆုံးမီမှာပင် ကြားဖြတ်၍ ..
'တိတ်စမ်း ကေသီ၊ အဲဒီ စာတိုတိုကလေးနဲ့ကိုပဲ အစမလုပ်ရဘူး၊ ကဲ အိပ်ရာထဲဝင်တော့” ဟု ပြောလိုက်ရပါတော့သည်။
ကက်သရင်းသည် ကျွန်မကို မနှစ်မြို့သော အကြည့်ဖြင့် ကြည့်လိုက်ပါသည်။ သူ့ အကြည့်ကို ကျွန်မ သဘော မကျသဖြင့် သူ့ကိုပင် အိပ်ရာဝင် နှုတ်ဆက်အနမ်း မနမ်းခဲ့ပါ။ သို့သော် သူ့ကို စောင်ခြုံ ပေးလိုက်ပါသည်။ တံခါးပိတ်ပြီး ထွက်လာခဲ့သော်လည်း ကျွန်မ စိတ်မကောင်းပါ။ ထို့ကြောင့် လမ်းတဝက်တွင် ကျွန်မ သူ့အခန်းထဲသို့ အညင်အသာ ပြန်ဝင်ခဲ့ပါသည်။
'ကြည့်စမ်း၊ ကလေးမသည် စားပွဲဘေးတွင် ရပ်နေပါသည်။ သူ့ရှေ့မှာ စာရွက် အလွတ်တရွက်နှင့်။ သူ့လက်ထဲမှာလည်း ခဲတံတချောင်းနှင့်။ ကျွန်မ ဝင်လာသည်ကို သူ သတိထားမိပုံ မပေါ်ပါ။
'ညည်း ဒီစာကို ရေးဦးတော့၊ ဘယ်သူ့ကိုမှ အပို့မခိုင်းရဘူး၊ ခုလောလောဆယ်တော့ ဖယောင်းတိုင်မီးကို ငါငြိမ်းလိုက်ရလိမ့်မယ်'
ကျွန်မလည်း ဖယောင်းတိုင်မီးကို ငြိမ်းပြီး အပြင်သို့ ထွက်လာခဲ့ပါသည်။ ယခုတကြိမ်၌ ကတ်သရင်းသည် စိတ်ဆိုးမာန်ဆိုးဖြင့် အတွင်းမှနေ၍ ကန့်လန့်ထိုးလိုက်ပါလေသည်။
သို့သော် ကတ်သရင်းသည် ထိုစာကို ရေးပြီး ရွာထဲမှ နွားနို့လာပို့ ယူသော ကလေးတယောက်နှင့် အပို့ခိုင်းလိုက်သော အဖြစ်ကိုကား ကျွန်မသည် ကာလအတန်ကြာ မသိခဲ့ရပါပေ။ ရက်သတ္တပတ် အတန်ကြာသောအခါ ကတ်သရင်းသည် ကျွန်မ အပေါ် စိတ်ဆိုးပြေသွားပါလေသည်။ သို့သော် သူသည် ထောင့်တခုခုမှာ ချောင်ခိုနေတတ်လာပါသည်။ ကျွန်မ သူ့အနားသို့ ရောက်သွားတိုင်း သူ စာအုပ်ဖတ်နေခိုက်နှင့် ကြုံလျှင် သူသည် ချောက်ချောက်ချားချား ဖြစ်သွားပြီး စာအုပ်ကို ပိတ်ပစ်ကာ ဖုံးလားဝှက်လား လုပ်တတ်ပါလေတော့သည်။ ကျွန်မကလည်း သူ့စာအုပ်ကြားမှာ စာရွက်အစွန်းအစများ ထွက်လေမလား ကြည့်တတ်ပါသည်။ မနက်တွင်လည်း သူသည် မီးဖိုထဲသို့ မနက်စောစော ရောက်လာပြီး တစုံတခုကို စောင့်မျှော်တတ်လာပါသည်။
စာကြည့်ခန်းထဲက ဗီရိုတခုတါင် အံဆွဲတခု ရှိပါသည်။ ထိုအံဆွဲထဲ၌ သူ၏ တိုလီမိုလီ ပစ္စည်းကလေးများ ထည့်ထားလေ့ရှိပါသည်။ အံဆွဲသော့ကို သူ သိမ်းထားလေ့ရှိပါသည်။
တနေ့တွင် သူ အံဆွဲကို ဖွင့်ကြည့်နေခိုက် ကျွန်မလည်း အံဆွဲထဲက ပစ္စည်းများကို လှမ်းကြည့်လိုက်မိပါသည်။ ယခင်က ထိုအံဆွဲထဲတွင် တိုလီမိုလီ ကစားစရာများနှင့် ကစားစရာ လက်ဝတ်လက်စားများ ရှိသော်လည်း ယခုမူ စာရွက်ခေါက်များက နေရာ ယူထားနေကြပါလေသည်။ ကျွန်မ သူ့ကို မယုံချင်တော့ပါ။ ထို့ကြောင့် သူ့အံဆွဲထဲက ပစ္စည်းတွေကို ခိုးကြည့်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်ပါသည်။ ထို့ကြောင့် သူနှင့် သူ့အဖေ အပေါ်ထပ် ရောက်နေသော အချိန်တွင် လက်ခံသော့တွဲထဲမှ အံဆွဲသော့ကို ရှာပြီး အံဆွဲကို ဖွင့်လိုက်ပါသည်။ အံဆွဲထဲက ပစ္စည်းအားလုံးကို ကျွန်မ ခါးစည်းဝတ်ထဲ ထည့်၍ ကျွန်အခန်းထဲသို့ ရလာခဲ့ပါတော့သည်။ ကျွန်မသည် အံဆွဲထဲမှ ပစ္စည်းများကို အသေအချာ ကြည့်လိုက်ရာ အံ့အားသင့်ရပါလေတော့သည်။ စာရွက်များကား လင်တန်ဟိကလစ်ထံမှ နေ့စဉ်လိုလို ရေးပို့နေသော စာများကို ပြန်ကြားသော စာများ ဖြစ်ပါသည်။ စောစောပိုင်း ရက်စွဲတပ် စာများမှာ တိုတိုတောင်းတောင်းနှင့် မရေမရာ ရှိလှသော်လည်း နောက်ပိုင်း စာများကား ရည်းစားစာများ ဖြစ်နေပါလေသည်။ ထိုရည်းစားစာများမှာလည်း အသက်အရွယ်နှင့် လိုက်ဖက်ခြင်း မရှိပဲ အတွေ့အကြုံ ရှိပြီးသူ တဦးဦးက ရေးပေးသည့် အသွင်မျိုး ပေါ်ပေါက်နေပါသည်။ ဒါတွေကို ကေသီ ကျေနပ်နေသလား ကျွန်မ မသိပါ။ ကျွန်မအဖို့ကား အဓိပ္ပာယ်မရှိ တန်ဖိုးမဲ့ အရာတွေဟု သဘောရပါသည်။ ကျွန်မလည်း ဤစာများနှင့် ပတ်သက်၍ အဘက်ဘက်မှ စဉ်းစားပြီးနောက် စာတွေကို လက်ကိုင်ပဝါနှင့် ထုပ်၍ အခြား တနေရာတွင် သိမ်းထားလိုက်ပါသည်။ အံဆွဲကိုလည်း ပြန်ပိတ်ထားလိုက်ပါ၏။
နောက်တနေ့ မနက်တွင် ကေသီသည် ခါတိုင်းလိုပင် အိမ်ပေါ်မှ ဆင်းလာပြီး မီုးဖိုထဲသို့ ရောက်လာပါသည်။ ကျွန်မလည်း သူ့အရိပ်အကဲကို စောင့်ကြည့်နေလိုက်ပါသည်။ နွားနို့ယူလာသော သူငယ်ကလေး ရောက်လာသည်တွင် ကေသီက တံခါးဝသို့ သွားပါလေ၏။ အိမ်စေမကလေးက နွားနို့ပုံးထဲ နွားနို့ ထည့်ပေးစဉ်တွင် ကေသီသည် ကောင်လေး၏ အင်္ကျီအိတ်ထဲသို့ တခုခု ထည့်ပေးလိုက်ပြီးနောက် အိတ်ထဲမှ တခုခုကို နှိုက်ယူလိုက်ပါ၏။
ကျွန်မလည်း ဥယျာဉ်ထဲ ထွက်လာပြီး နွားနို့လာယူသော ကောင်လေး ပြန်အလာကို စောင့်နေလိုက်ပါသည်။ ကောင်ကလေး ထွက်လာသည်နှင့် ကောင်ကလေး အိတ်ထဲမှ စာကို နှိုက်ယူလိုက်ပြီး သူ့အား အိမ်ကို မြန်မြန်ပြန်ဖို့ ကြိမ်းမောင်း လွှတ်လိုက်ပါ၏။ ကျွန်မကမူ နံရံတွင် ကပ်လျက် ကေသီပေးလိုက်သော စာကို ဖတ်ကြည့်လိုက်ပါသည်။ ကေသီစာမှာ လင်တန်ဟိကလစ်ထံမှ စာတွေထက် ရိုးစင်း ပြေပြစ်ပါသည်။ ကျွန်မလည်း စာကို ဖတ်ပြီး ခေါင်းကို ခါယမ်းလိုက်မိပါသည်။ ထို့နောက် အိမ်ထဲသို့ ပြန်ဝင်ခဲ့ပါလေတော့သည်။
ထိုနေ့က ရာသီဥတု သာသာယာယာ မရှိသဖြင့် ကေသီသည် ခြံထဲဆင်း၍ လမ်းမလျှောက်ပါ။ ထို့ကြောင့် မနက်ပိုင်း စာကြည့်ချိန် ကုန်ဆုံးသည်နှင့် ကေသီသည် သူ့ အံဆွဲဆီသို့ ရောက်သွားပါလေတော့သည်။ ထိုအချိန်က သူ့အဖေသည် စာရေးစားပွဲတွင် ရှိနေပါ၏။ ကျွန်မသည် ခန်းဆီးစများကို အနားလုံးယင်း သူ့အခြေအနေကို စောင့်ကြည့်နေပါ၏။ ကေသီသည် အံဆွဲထဲ၌ သူ့စာတွေကို မတွေ့သည်နှင့် မျက်နှာ ပျက်သွားပြီး 'အို ..' ဟု အသံ ထွက်လိုက်မိပါသည်။ ထိုအခါ မစ္စတာ လင်တန်က ..
'ဘာများ ဖြစ်လိုက်ပါလိမ့် သမီးရယ်' ဟု လှမ်းမေးလိုက်ပါသည်။ သူ့လေသံတွင် သမီးဖြစ်သူ၏ စာများနှင့် ပတ်သက်၍ ဘာမှ မသိကြောင်း ထင်ရှားနေပါ၏။
'ဘာမှ မဟုတ်ပါဘူး ဖေဖေ' ကေသီသည် သူ့အဖေ အမေးကို တုံ့ပြန်ပြီး 'အယ်လင်၊ အယ်လင်၊ အပေါ် တက်ခဲ့စမ်းပါ၊ ကျွန်မ နေမကောင်းချင်သလိုပဲ' ဟု ဆိုကာ အပေါ်ထပ်သို့ တက်သွားပါလေတော့သည်။
ကျွန်မလည်း သူ့နောက်က လိုက်ပြီး အပေါ်ထပ်သို့ တက်လာခဲ့ပါသည်။
ကျွန်မတို့နှစ်ယေက် အခန်းထဲ ရောက်သည်နှင့် ကေသီက ဒူးတုပ်ထိုင်လိုက်ပြီး …
'အယ်လင်ရယ်၊ ရှင် ကျွန်မစာတွေကို ယူထားပါတယ်၊ အဲဒါတွေ ပြန်ပေးပါ အယ်လင်၊ ကျွန်မ နောက်ကို ဒီလို မလုပ်တော့ပါဘူး အယ်လင်ရယ်၊ ဖေဖေ့ကိုလဲ တိုင်မပြောနဲ့နော်၊ ရှင် ဖေဖေ့ကို တိုင်မပြောသေးဘူး မဟုတ်လား အယ်လင်၊ ပြောစမ်းပါ အယ်လင်ရယ်၊ ရှင် ဖေဖေ့ကို မပြောရသေးဘူးလို့ ပြောစမ်းပါ၊ ကျွန်မ မှားပါတယ်၊ နောက်လဲ ကျွန်မ ဒီလို မဟုတ်တော့ပါဘူး' ဟု ပြောပါလေတော့သည်။
ကျွန်မ စိတ်မကောင်းပါ။ သို့သော် မျက်နှာထား ခပ်တည်တည်ဖြင့် သူ့အား မတ်တပ် ရပ်ခိုင်းလိုက်ပါသည်။
'ညည်းဟာ ထင်တာထက်တောင် မိုက်လှချည်လား မစ္စတက်သရင်းရယ်၊ ဘယ်လောက် ရှက်ဖို့ ကောင်းသလဲ၊ ညည်း အားတဲ့ အချိန်မှာ ဒီစာတွေကိုပဲ ဖတ်နေတာပေါ့လေ၊ ငါ ဒီစာတွေကို သခင့်ကို ပြလိုက်ယင် သခင်က ဘာထင်မလဲ၊ တွေးကြည့်စမ်းပါ ကေသီရယ်၊ ငါ ဒီစာတွေ ခုအထိ သခင့်ကို မပြရသေးပါဘူး၊ အဲဒါကြောင့် ညည်းရဲ့ လျှို့ဝှက်ချက်တွေကို ငါကပါ ကူပြီး လျှို့ဝှက်ပေးထားတယ်လို့ ထင်စရာ မလိုဘူး၊ နောက်ပြီး ဒီ စာပေးစာယူ ကိစ္စဟာလဲ ဟိုက စတာ မဟုတ်ဘူး၊ ညည်းက စတာပဲ ဖြစ်ရမယ်၊ ရှက်စရာ ကောင်းလိုက်တာဟယ်'
'မဟုတ်ပါဘူး အယ်လင်ရယ်၊ မဟုတ်ပါဘူး၊ ကျွန်မ ကျွန်မ သူ့ကို ချစ်ဖို့ စိတ်မကူး …'
'ချစ်ဖို့ ဟုတ်လား၊ ချစ်တယ်၊ ကြိုက်တယ် ဆိုတဲ့ စကားများ ညည်း ကြားဖူးလို့လား ကေသီရယ်၊ ပြီးတော့လဲ ညည်း လင်တန်နဲ့ တွေ့ရတာ နှစ်ကြိမ်တည်း ရှိပါသေးတယ်။ တွေ့ရတဲ့ အချိန်ကလဲ လေးနာရီထက် မပိုပါဘူး၊ ဒါများ ချစ်ဖို့ ကြိုက်ဖို့ ကိစ္စ ပြောတာ အံ့ပါရဲ့၊ ဟောဒီမှာ ညည်းရဲ့ ကလေးကလား စာတွေ၊ ငါ ဒါတွေ စာကြည့်ခန်းထဲ ယူသွားပြီး ညည်းအဖေကို ပြလိုက်မယ်၊ ညည်းအဖေက ချစ်ရေး ကြိုက်ရေး ကိစ္စ ဘာပြောမလဲ သိရတာပေါ့'
ကျွန်မက ပြောပြောဆိုဆို သူ၏ စာထုပ်ကို ထုပ်ပြလိုက်ပါသည်။
ကေသီသည် ကျွန်မ လက်ထဲက စာထုပ်ကို လှမ်းခုန်ပြီး ဆွဲယူရန် ကြိုးစားပါလေတော့သည်။ ကျွန်မသည် စာထုပ်ကို ကျွန်မ ခေါင်းပေါ် အထက်ဆီ မြှင့်ထားလိုက်ပါသည်။ ကျွန်မက စာတွေကို သူ့အား ပြန်မပေးပဲ မီးရှို့မည်ဟု ဆိုသောအခါ ကေသီသည် စာတွေကို သူ့အဖေအား မပြလျှင် ပြီးရော မီးရှို့လိုက ရှို့တော့ ဟူသော သဘောမျိုး ရလာပါသည်။ သူ့အဖြစ်ကို ကြည့်ပြီး ကျွန်မသည် စိတ်ဆိုးရမည့်အစား ရယ်ချင်သလိုလို ဖြစ်လာပါသည်။
'ကောင်းပြီ၊ ဒါဆိုယင် ညည်းစာတွေကို မီးရှို့ပစ်လိုက်မယ်၊ ညည်းလဲ လိမ်လိမ်မာမာ နေပါ့မယ်၊ နောက်ထပ်ပြီး စာလဲ မပေးပါဘူး၊ စာအုပ်လဲ မပေးပါဘူး၊ အမှတ်တရ ပစ္စည်းတွေလဲ မပေးပါဘူး၊ ကစားစရာတွေလဲ မပေးပါဘူးလို့ ကတိပေးပါ'
'ကျွန်မတို့ ဘယ်တုန်းက ကစားစရာတွေ ပေးလို့လဲ'
ကတ်သရင်းသည် ရှက်သည်ထက် မာနတက်သွားပုံ ရပါသည်။
'ဘာပဲဖြစ်ဖြစ်၊ ဘာမှ အပေးအကမ်း အဆက်အသွယ် မလုပ်ရဘူး၊ အဲဒါ ကတိပေး၊ ကတိမပေးယင် ဒီစာတွေကို ငါ သွားအပြပဲ'
'ကျွန်မ ကတိပေးပါတယ် အယ်လင်ရယ်၊ စာတွေ မီးရှို့ပစ်လိုက်ပါ' ကတ်သရင်းသည် ကျွန်မ အဝတ်ကို ဆွဲပြီး ပြောပါလေတော့သည်။
ကျွန်မလဲ စာတွေကို မီးထဲ ထည့်မည်ဟု မီးဖိုကို မီးဆွလိုက်ပါသည်။ ထိုအခါ ကျတော့လည်း ကတ်သရင်းသည် သူ့စာတွေအတွက် နှမြောလာပုံရသည်။ တစောင် နှစ်စောင်လောက် သူ့ကို ပြန်ပေးရန် တောင်းပြန်ပါလေသည်။
'လင်တန်ကို သနားတဲ့ အနေနဲ့ တစောင်နှစ်စောင် လောက်တော့ ချန်ထားပါ အယ်လင်ရယ်'
ကျွန်မသည် စာတွေကို ထုပ်ထားသည့် လက်ကိုင်ပဝါကို ဖြေပြီး စာတွေကို မီးဖိုတွင်း မီးတောက်ထဲသို့ စ ထည့်လိုက်ပါတော့သ်ည။
'ရှင် သိပ်ရက်စက်တာပဲ၊ တစောင်တော့ ပေးခဲ့ပါ အယ်လင်ရယ်'
ကလေးမကလေးသည် မီးတောက်ထဲ ရောက်သွားသော စာတွေကိုပင် ပြန်ယူဖို့ ကြိုးစားပြန်ပါလေသည်။
'ကောင်းပြီ၊ ညည်း အဲဒီလို လုပ်နေယင် ငါ ကျန်တဲ့စာတွေ ညည်းအဖေကို သွားပြမယ်' ဟု ဆိုကာ ကျန်နေသော စာများကို မီးဖိုထဲသို့ ထည့်လိုက်ပါတော့သည်။
သူ ဘာမျှ မပြောသာတော့ပါ။ စာ အားလုံးကို မီးတောက်များက ဝါးမျိုသွားလေပြီ။ စာရွက်အားလုံး မီးလောင် ကျွမ်းသွားသည်နှင့် ကျွန်မသည် ပြာများကို မွှေနှောက်ပြီး ထိုပြများကို မီးသွေးများ အောက်တွင် မြှုပ်နှံလိုက်ပါလေတော့သည်။ ကတ်သရင်းသည် ကျွန်မ လုပ်ဆောင်နေသည်ကို ဘာမျှ မပြောပဲ စိုက်ကြည့်နေပြီးနောက် သူ့ အခန်းထဲသို့ စိတ်ထိခိုက်လှစွာဖြင့် ဝင်သွားပါလေ၏။
ကျွန်မသည် ကေသီကလေး နေမကောင်းဟု ဆိုခြင်းမှာ မအီမသာ ဖြစ်ခြင်းမျှသာဟု သူ့အဖေအား ပြောရန် အောက်ထပ်သို့ ပြန်ဆင်းလာခဲ့ပါသည်။ ကေသီကိုကား စိတ်ပြေသွားစေရန် ခေတ္တမျှ လှဲလျောင်းနေစေသည်က အကောင်းဆုံးဟု သဘောထားလိုက်ပါသည်။
ညနေစာ စားချိန်တွင် ကေသီ ဆင်းမလာပါ။ သို့သော် လက်ဖက်ရည် သောက်ချိန်တွင်ကား သူ ဆင်းလာပါသည်။ မျက်လုံးတွေ နီနေပြီး အသားအရေမှာလည်း ဖျော့တော့နေပါ၏။
နောက်တနေ့ နံနက်တွင် ကျွန်မသည် 'လင်တန်ဟိကလစ်နှင့်၊ ကေသီထံသို့ နောက်ထပ် စာရေးမပို့ရန် တောင်းပန်ပါသည်။ ပို့လျှင်လည်း စာတွေ သူ့လက်ထဲ ရောက်မည် မဟုတ်ပါ' ဟူသော စာကလေးတစောင် ရေးပြီး နွားနို့ လာယူသော သူငယ်ကလေး၏ အိတ်ထဲသို့ ထည့်ပေးလိုက်ပါလေသည်။
.jpg)

Comments
Post a Comment