အခန်း [ ၁၀ ]
ကျွန်ုပ်အဖို့ ဤဒေသ၏ တကိုယ်တော်ဘဝကို အရသာတွေ မြည်းစမ်းလိုက်ရလေပြီ တကား။ တစ်လနီးပါး အဖျားဝေဒနာဖြင့် တလူးလူးတလိမ့်လိမ့် နေခဲ့ရလေပြီ။ လေကလည်း တဟူးဟူး တိုက်နေဘိ၏။ ကောင်းကင်ပြင်သည်လည်း မပြတ် အုံ့မှိုင်းနေလေသည်။ လမ်းတွေကလည်း သွားလာရန် မလွယ်။ ဆရာဝန် ကိုယ်တိုင်ပင် အလွယ်တကူ ရောက်လာနိုင်သော နေရာ မဟုတ်ပါကလား။ ထို့ထက် ပို၍ ဆိုးသည်ကား ဆရာဝန်၏ ညွှန်ကြားချက်အရာ ကျွန်ုပ်သည် နွေမပေါက်မချင်း အိမ်တွင်းအောင်းနေရမည်ဟူသော အခြေအနေပင်တည်း။
မစ္စတာ ဟိကလစ်သည် ကျွန်ုပ်ထံသို့ လူမမာမေး လာခဲ့ပါသေး၏။ တကယ်တော့ ကျွန်ုပ် နေမကောင်းခြင်းနှင့် ပတ်သက်၍ သူ့အပြစ်မကင်းကြောင်း ပြောလိုက်ချင်ပါသည်။ သို့သော်လည်း သူ ရောက်လာသည့်အတွက် ကျွန်ုပ်မှာ ဆေးဝါးမှီဝဲရသည်ထက်ပင် အားရှိသွားပါသဖြင့် သူ့ကို မပြောရက်ခဲ့ပါ။ ကျွန်ုပ် အိမ်တွင်းအောင်းနေရသည်မှာ ကြာသွားပါပြီ။ စာအုပ်တွေ ဖတ်လောက်အောင် ကျွန်ုပ်မှာ အားမရှိသေးပါ။ ကျွန်ုပ် တစ်ခုခုကို စိတ်ဝင်စားနေဆဲ ဖြစ်ပါသည်။ ထိုအခါမှာပင် မစ္စက်ဒင်းပြောခဲ့သော ဇတ်လမ်းကို အဆုံးသတ်ရန် သတိရပါသည်။
မှန်ပါသည်။ ကျွန်ုပ်သည် မစ္စက်ဒင်း၏ ဇတ်လမ်းထဲမှာ အဓိက ဇတ်ဆောင်ကြီး အိမ်မှ ထွက်သွားပြီး သုံးနှစ်လောက် ပျောက်နေသည်ကို သတိရလာပါသည်။ ဇတ်ဆောင် အမျိုးသမီးကား လက်ထပ်သွားခဲ့လေပြီ။ ထိုအဖြစ်အပျက်များကို ကျွန်ုပ် သတိရလာပါသည်။ ထို့ကြောင့် ကျွန်ုပ်သည် မစ္စက်ဒင်းကို လှမ်းခေါ်လိုက်ပါလေတော့သည်။
မစ္စက်ဒင်းသည် ဝင်လာလာချင်း . . . .
'ဆေးသောက်ဖို့ မိနစ် နှစ်ဆယ်လောက် လိုပါသေးတယ်' ဟု ပြောပါ၏။
'တော်စမ်းပါ၊ ဆေးသောက်ဖို့ ကိစ္စက အရေးမကြီးပါဘူး၊ ကဲ ကုလားထိုင်ကို ဆွဲလာပြီး ဒီနားမှာ ထိုင်စမ်းပါ၊ အဲဒီ ဆေးပုလင်းကို ချထားလိုက်စမ်းပါ၊ ခင်ဗျား ပြောတဲ့ မစ္စတာ ဟိကလစ်အကြောင်းကို သူ အိမ်ကထွက်သွားတာကနေ ကနေ့အထိ အဖြစ်အပျက်တွေကို ဆက်စပ်ပါဦး။ သူ ဥရောပကို ရောက်သွားသလား၊ အမေရိကကိုပဲ ရောက်သွားသလား၊ သူ ဘယ်လိုပုံစံနဲ့ စီးပွားဖြစ်လာသလဲ၊ အဲဒါတွေ ပြောစမ်းပါဦး'
'သူ ဘယ်လိုဘယ်ပုံ စီးပွားဖြစ်လာတယ်ဆိုတာတော့ ကျွန်မလဲ မသိဘူး၊ မစ္စတာလော့ဝု၊ အဲဒီလိုပဲ သူ ဘယ်လိုဘယ်ပုံ လူကြီးလူကောင်းတစ်ယောက် ဖြစ်လာတယ်ဆိုတာလဲ ကျွန်မ မပြောတတ်ဘူး၊ ပြောဆိုလဲ ကျွန်မ ပြောလက်စအတိုင်းပဲ ဆက်ပြောတာပေါ့၊ ရှင် ကနေ့မနက် နေကောကောင်းရဲ့လား'
'ကောင်းပါ့ဗျာ'
'ဒီလိုဆိုလဲ ပြောတာပေါ့'
ကျွန်မသည် ကက်သရင်းနှင့်အတူ သရုတ်ကရော့ အိမ်ကြီးသို့ လိုက်သွားခဲ့ရသောအခါ ကက်သရင်း အခြေအနေမှာ ကျွန်မ မျှော်လင့်ထားသည်ထက်ပင် ပြောင်းလဲ တိုးတက်နေသည်ကို တွေ့ရပါလေ၏။ သူသည် မစ္စတာလင်တန်ကို ကျွန်မ မျှော်လင့်ထားသည်ထက်ပင် မြတ်နိုးကြောင်း တွေ့ရပါသည်။သူ့ယောက်မကလေး အပေါ်တွင်လည်း အရေးပေးလှပါသည်။ ထို့ကြောင့်လည်း လင်တန်မောင်နှမသည် ကက်သရင်းကို ပိုပြီး ဂရုစိုက်ကြပါလေ၏။ ဤသည်မှာ ဆူးခက်က ပျားရည်စုပ် အပေါ် ကျရောက်သည့်သဘော မဟုတ်ပဲ ပျားရည်စုပ်ပန်းက ဆူးခက်ကို ပွေ့ထားသည့်သဘော ဖြစ်ပါသည်။ ကျွန်မ သတိပြုမိသမျှ ပြောရလျှင် မစ ္စတာ အက်ဂါသည် ကက်သရင်း၏ အစွဲအလမ်း နိုးထလာမည်ကို အထူးပဲ စိုးရိမ်ပုံ ရပါသည်။ သူသည် ဟိကလစ်နှင့် ပတ်သက်သမျှကို အထူးပင် ဖုံးကွယ်ထားပါ၏။ ကက်သရင်းနှင့် ပတ်သက်၍ ကျွန်မ အပါအဝင် အစေခံများက အလေးမထားသည့် သဘောတွေ့လျှင် အက်ဂါသည် မျက်နှာကြီး ညှိသွားတတ်မြဲဖြစ်သည်။ ကက်သရင်းနှင့် ပတ်သက်၍ ကျွန်မ တရင်းတနှီးနေခြင်းမျိုးကိုလည်း သူ သဘောမကျပါ။ ကက်သရင်းကား တမှိုင်မှိုင်တတွေတွေနှင့်သာ ရှိပါသည်။
စက်တင်ဘာလ တညနေ မိုးချုပ်ချုပ်တွင် ကျွန်မသည် ပန်းသီးများကို ခူးပြီး တောင်းကတောင်းနှင့် သယ်လျက် ဥယျာဉ်ထဲမှ ပြန်လာပါသည်။ လမင်းသည် ခြံစည်းရိုးကို ကျော်တက်လျက် အိမ်ကြီး၏ တဘက်တွင် အရိပ်ကျနေစေပါ၏။ ကျွန်မသည် မီးဖိုတံခါးဝ လှေကားအတက်တွင် ပန်းသီးတောင်းကို ချလျက် နားယင်း လမ်းကို မျှော်ငေးကြည့်လိုက်မိ ပါသည်။ ထိုစဉ်မှာပင်...
‘နယ်လီလား ဟင်’ ဟူသော အသံတသံကို ကျွန်မ နောက်ဘက်မှ ကြားလိုက်ပါသည်။
အသံမှာ ခပ်စူးစူးဖြစ်ပြီး လေယူလေသိမ်းမှာ ကျွန်မအဖို့ အထူး အတန်း ဖြစ်နေပါသည်။ သို့သော် ကျွန်မ အမည်ကို ခေါ်လိုက်ပုံမှာ ၎င်းနှီးသော အသွင်ကို ဆောင်နေပါသည်။ ကျွန်မလည်း နောက်ဘက်သို့ ကြောက်ကြောက်လန့်လန့်နှင့် လှည့်ကြည့်လိုက်ပါသည်။ ရုတ်တရက် မည်သူ့ကိုမျှ မတွေ့ရပါ။ အမှောင်ရိပ်မှ လှုပ်ရှားမှုတခုကို သတိပြုမိပါသည်။ ထိုလှုပ်ရှားမှုသည် အနီးသို့ တိုးလာပါ၏။ ထိုအခါမှပင် ဝတ်စုံ ခပ်မှိုင်းမှိုင်းဝတ်ထားသော အရပ်ရှည်ရှည် လူတယောက်ကို အထင်အရှား တွေ့ရပါလေသည်။ သူသည် တံခါးနားတွင် မှီနေပါသည်။ တံခါး မင်းတုပ်ကိုလည်း ကိုယ်တိုင် ဖွင့်တော့မည့်ဟန် လက်ဖြင့် ကိုင်ထားပါသည်။ “ဘယ်သူများပါလိမ့်၊ မစ္စတာ အန်းရှောများလား၊ အသံကတော့ မတူပါဘူး” စိတ်ထဲက တွေးကြည့်ပါသေး၏။ သူ့ကိုလည်း စိုက်ကြည့် နေမိပါသည်။ ထိုစဉ်မှာပင် သူက...
ကျွန်တော် ဒီနေရာမှာ စောင့်ရတာ တနာရီလောက် ရှိပြီ၊ အဲဒီ တချိန်လုံး တိတ်နေလိုက်တာ အသေကောင် ကျနေတာပဲ၊ ကျွန်တော်လဲ အထဲမဝင်ရဲဘူးပေါ့၊ ခင်ဗျား ကျွန်တော့်ကို မသိဘူးလား နယ်လီ၊ သေသေချာချာ ကြည့်စမ်းပါဦးဗျ၊ ကျွန်တော်ဟာ သူစိမ်း မဟုတ်ပါဘူး' ဟု ပြောပြန်ပါသည်။
အလင်းရောင်တန်း တခုသည် သူ့အပေါ်သို့ ကျလာ၏။ ပါးတွေက အရောင်ဖျော့တော့နေပြီး တပိုင်းကို မုတ်ဆိတ်မွှေး မည်းမည်းက ဖုံးနေ၏။ မျက်ခုံးတွေက နိမ့်ကျနေပြီး မျက်လုံးတွေမှာ စူးစိုက်နေ၏။ မျက်လုံးတွေကို ကျွန်မ မှတ်မိပါပြီ။
“အလိုလေး၊ မင်း၊ မင်း ပြန်လာတယ်၊ .. တကယ်ပဲ မင်းလားကွယ်'
တအံ့တဩ ဖြစ်ရပါလေတော့သည်။
“ဟုတ်ပါတယ်၊ ဟိကလစ်ပါဗျ ကျွန်မကို နှုတ်တုံ့ပြန်ယင်း ပြတင်းပေါက်ဆီကို လှမ်းကြည့်လိုက်ပါသေးသည်။ ပြတင်းပေါက်မှာ အလင်းမရှိပါ။ “သူတို့အိမ်မှာရှိသလား၊ သူကောရှိသလား၊ ကျွန်တော် ခင်ဗျား သခင်မနဲ့ တွေ့ပြီး စကားတခွန်းလောက် ပြောချင်တယ်ဗျာ၊ ခင်ဗျား သူ့ဆီသွားပြီး ဂျင်မာဘန်က လူဘယောက်က သူ့ကို တွေ့ချင် တယ်လို့ သွားပြောစမ်းပါဗျာ”
“သူ ဘာဖြစ်သွားမလဲ၊ သူက ဘာလုပ်ရမလဲ” ကျွန်မ တတံ့တဩဖြစ်ရပါလေတော့သည်။
“မင်းအကြောင်းကြားယင် သူဘယ်လို ဖြစ်သွားမလဲ၊ မင်းဟာ တကယ်ပဲ ဟိကလစ်နော်၊ နေစမ်းပါဦး၊ မင်းက ဘာလဲ၊ စစ်ထဲဝင်သွားတာလား'
“ကဲပါဗျာ၊ ကျွန်တော်ပြောတာသာ ပြောချေစမ်းပါ၊ ကျွန်တော် သူ့ကို တွေ့ချင်လှပြီဗျ”
ပြောပြောဆိုဆိုပင်.. ဟိကလစ်သည် မင်းတုပ်ကို မ လိုက်ပါသည်။ ကျွန်မလည်း အိမ်ထဲကို ဝင်ခဲ့ပါလေတော့၏။ ကျွန်မသည် တင်တန် လင်မယားရှိသော ဧည့်ခန်းဝသို့ ရောက်သည်အထိ မဝင်ရဲပါ။ ဖယောင်းတိုင်မီး ထွန်းဖို့ ပြောပြပြီးမှ တံခါးကို ဖွင့်လိုက်ပါသည်။
သူတို့သည် ဂျင်မာတန် ချိုင့်ဝှမ်း ဘက်ကို မျက်နှာမူထားသော ပြတင်းပေါက်နားတွင် ထိုင်နေကြပါ၏။ ထိုအချိန်က လေထန်ကုန်း အိမ်ကြီးမှာ မြူမှုန်ကြားတွင် ပျောက်ကွယ်နေဟန် ရှိပါသည်။ ကျွန်မသည် ဖယောင်းတိုင်ထွန်းဖို့ ကိစ္စကို ပြောပြီး ကက်သရင်းအား..
“ဂျင်မာတန်က လူတယောက်က သခင်ကို တွေ့ချင်လို့တဲ့”
ခပ်တိုးတိုး ပြောလိုက်သည်။
“ဘာကိစ္စတဲ့လဲ”
“မမေးမိပါဘူး”
“ကောင်းပြီလေ၊ ခန်းဆီးကို ဆွဲလိုက်စမ်း နယ်လီ၊ ပြီးတော့ လက်ဖက်ရည်ယူခဲ့၊ ကျွန်မ ခုပဲပြန်လာခဲ့မယ်' ဟု ဆိုကာ ကက်သရင်းသည် ထွက်သွားပါလေ၏။ မစ္စတာအက်ဂါကမူ အရေးမထားဟန်ဖြင့် ကျွန်မကို စုံစမ်းပါသည်။
“သခင်မကလေး မမျှော်လင့်တဲ့ လူတယောက်ပါ၊ ဟိကလစ်လေ၊ သခင်မှတ်မိမှာပါ၊ မစ္စတာအန်းရှောတို့နဲ့ အတူနေခဲ့တဲ့လူလေ”
“ဘာရယ်၊ ကလေကချေကောင် ယာသမား ခြံသမားလား၊ ခင်ဗျား ကက်သရင်းကို ဒီအကြောင်း ဘာလို့ မပြောရတာလဲ” ဟု အော်ပြောလိုက်ပါသည်။
“တိုးတိုးပြောပါသခင်၊ သူ့ကို သခင် ဒီလိုမခေါ်ပါနဲ့၊ သခင်မလေး ကြားယင် စိတ်မကောင်း ဖြစ်နေပါ့မယ်၊ သူ ထွက်သွား ကတည်းက ကက်သရင်းဟာ စိတ်ထိခိုက်နေတာပါ၊ ခု သူ ပြန်လာပြီဆိုတော့ ကက်သရင်း ပျော်နေမယ် ထင်တာပဲ”
မစ္စတာ လင်တန်သည် ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး အပြင်ဘက် ခြံထဲကို လှမ်းကြည့်လိုက်ပါသည်။ ထို့နောက် လင်တန်သည် ပြတင်းပေါက်ကို ဖွင့်ပြီး ငုံကြည့်လိုက်ပါသည်။ ကက်သရင်းနှင့် ဟိကလစ်ကို သူ တွေ့သွားပုံရသည်။
“အချစ်ရေ၊ အဲဒီမှာ ရပ်မနေနဲ့လေ၊ ဧည့်သည်ကို အထဲ ခေါ်ခဲ့ပါလား” ဟု လှမ်းပြောလိုက်ပါသည်။ မကြာခင်မှာပင် တံခါးဖွင့်သံ ကြားလိုက်ရပြီး ကက်သရင်းသည် အသက်မျှပင် မရှူနိုင်ပဲ မောကြီးပန်းကြီးနှင့် ဝင်လာပါသည်။ သူပျော်နေပုံရသည်။
“အက်ဂါ၊ အက်ဂါရေ၊ ဒီမယ်အက်ဂါ အချစ်ရဲ့” ခေါ်ခေါ် ပြောပြော အက်ဂါ့လည်ပင်းကို ဖက်လျက် “ဟိကလစ်လေ၊ သူ၊ သူပြန်လာပြီ” ပြောယင်း ကက်သရင်းသည် အက်ဂါ့ကို ဖက်လိုက်ပါသည်။
“အေး၊ အေး၊ ဟုတ်ပါပြီ၊..ဟိကလစ်.. ပြန်လာတာနဲ့.. ကိုယ့်ကို ဒီလောက်ကြီးလဲ ဖက်မထားစမ်းပါ့နဲ့က္ခာ၊ ဒီလောက် ဖြစ်နေစရာလဲ မလိုပါဘူး
“ရှင် သူ့ကိုသဘောမကျဘူးဆိုတာ ကျွန်မသိပါတယ်လေ၊ ဒါပေမယ့် ကျွန်မကို ငဲ့သောအားဖြင့် မိတ်ဆွေတွေလို ဆက်ဆံဖို့ ကောင်းပါတယ်၊ ကျွန်မ သူ့ကို ခေါ်လိုက်ရမလား ဟင်'
“ဒီကို၊ ဧည့်ခန်းထဲကို ခေါ်မလို့လား”
ဧည့်ခန်းထဲ မခေါ်လို့ ဘယ်ကို ခေါ်ရမှာလဲ”
မစ္စတာလင်တန်သည် စိတ်အနှောင့်အယှက် ဖြစ်သွားပုံရပါသည်။ သူက ဟိကလစ်ကို မီးဖိုထဲမှာ သာဧည့်ခံဖို့ ပြောပါသေးသည်။ ကက်သရင်းသည် သူ့ခင်ပွန်း၏ ဇီဇာကြောင်ပုံကို ရယ်လည်းရယ်ချင်၊ ဒေါသလည်း ဖြစ်ချင်သော အသွင်ဖြင့် သူ့ခင်ပွန်းကို ပြောင်ထေ့ထေ့ကြည့်ပြီး “မဟုတ်တာပဲရှင်” ဟု ပြောလိုက်ပါသည်။ စကားဆက် ခေတ္တပြတ်နေပြီးမှ “ကျွန်မ မီးဖိုထဲမှာ မထိုင်နိုင်ဘူးရှင့်” ဟု ပြော၍ ကျွန်မဘက်သို့ လှည့်ပြန်ကာ “အယ်လင်ရေ၊ စားပွဲနှစ်လုံး ပြင်လိုက်ပါရှင်၊ အမျိုးမြတ်တဲ့ ရှင့်သခင်နဲ့ အစ္စဗယ်လာအတွက်က တစားပွဲပေါ့၊ အမျိုးနိမ့်တဲ့ဟိကလစ်နဲ့ ကျွန်မအတွက်က တစားပွဲပေါ့ရှင်၊ ကဲ၊ ဒါဆို ကျေနပ်ပြီလား၊ မီးတွေ ထွန်းဦးမှပဲ၊ ဒါမှလဲ လင်းလင်းချင်းချင်း ရှိသွားမယ်၊ ကျွန်မ သူ့ကို သွားခေါ်လိုက်ဦးမယ်လေ”
ပြောပြောဆိုဆိုပင် ကက်သရင်းက ဧည့်ခန်းထဲမှ ထွက်ခွာအံ့ ဟန်ပြလိုက်သည်နှင့် အက်ဂါသည် ကက်သရင်းကို ဖမ်းဆွဲထားလိုက်ပြီး ကျွန်မဘက်သို့လှည့်လျက်
“ခင်ဗျားပဲ သွားခေါ်လိုက်ပါဗျာ၊ အိမ်ပြေး အစေခံတယောက်ကို မောင်ရင်းနှမတွေလို ကြိုဆိုရတာဟာလဲ မကောင်းပါဘူး” ဟု ပြောလိုက် ပါသည်။
ကျွန်မသည် အောက်ထပ်သို့ ဆင်းခဲ့ပါသည်။ ဟိကလစ်သည် ဆင်ဝင်အောက်မှာ အသင့်စောင့်နေပါ၏။ သူသည် ဘာစကားမျှ မဆိုပဲ ကျမ နောက်သို့ လိုက်လာပါ၏။ ကျွန်မလည်း သူ့ကို လင်တန်တို့ လင်မယားရှိသော အခန်းသို့ ဦးဆောင် ခေါ်လာခဲ့ပါသည်။ လင်တန်တို့လင်မယား နှစ်ဦးစလုံးမှာ မျက်နှာအထားရ ခက်နေပုံရ၏။ သို့သော် ကက်သရင်းသည် ဟိကလစ်ကို တံခါးဝမှ မြင်လိုက်သည်နှင့် နေရာမှ ရုတ်ကနဲထပြီး ဟိုကလစ် လက်နှစ်ဘက်ကို ဆွဲလျက် လင်တန်ဆီသို့ ခေါ်လာခဲ့ပါ၏။ ထို့နောက် သူ့ခင်ပွန်း၏ လက်ကို ဆွဲပြီး ဟိကလစ်နှင့် လက်ဆွဲနှုတ်ဆက် ပါစေလေသည်။
ယခုမှပင် ဟိကလစ်၏ ရုပ်သွင်သည် မီးရောင်တွင် ထင်ရှားလာပါ လေတော့သည်။ ဟိကလစ်သည် အရပ်ပိုရှည်လာပြီး ခန္ဓာကိုယ်မှာလည်း ပို၍ ကြံ့ခိုင်လာပါသည်။ တကယ့် ဟန်ကျပန်ကျ ရုပ်ရှင်မျိုးဖြစ်ပါသည်။ သူနှင့်ယှဉ်လိုက်သောအခါ အက်ဂါမှာ ကြုံလှီပြီး ငယ်နေပုံ ရပါသည်။ သူစစ်ထဲဝင်လာခဲ့သလား အတွေးပေါက်ရပြန်ပါ၏။ သူ့ မျက်နှာသွင်ပြင်မှာလည်း လင်တန်ထက် ရင့်ကျက်လေးနက်သော အသွင်ကို ဆောင်နေပါ၏။ သူ့မျက်နှာတွင် ဟိုစဉ်ကလို နိမ့်ကျ သိမ်ငယ်သော အသွင်မရှိတော့ပါ။ ခန့်ညားကျက်သရေရှိသော အသွင်ပင် ဆောင်နေ ပါလေပြီ။ ကျွန်မတို့ သခင်ကလေးသည် သူနှင့်တန်းတူလိုလို၊ သူ့ထက် သာသလိုလို ဖြစ်နေသည့် ဟိကလစ်ကို ရင်ဆိုင်ရသဖြင့် အံ့အားသင့်နေပါသည်။ သူပြောသလို ဟိကလစ်အား ခြံသမားလေးဟုပဲ ခေါ်ရမည်လား၊ မည်သို့ခေါ်ရမည်နည်း မသိသဖြင့် အက်ဂါသည် ခဏမျှ တွေနေသေး၏။ ဟိကလစ်က လက်ကို အောက်ချပြီး အက်ဂါအား အေးတိ ဆေးစက် ကြည့်ယင်း ပြောရမည့် စကားလုံးကို စဉ်းစားနေလေသည်။
အဆုံးတွင် အက်ဂါက
“ထိုင်ပါခင်ဗျာ၊ ကျွန်တော့် ဇနီးကတော့ ရှေးဟောင်း နှောင်းဖြစ်ကလေးတွေ သတိရတဲ့အနေနဲ့ ခင်ဗျားကို ဧည့်ခံတာပါပဲ၊ ကျွန်တော်ကလဲ ကျွန်တော့်ဇနီး စိတ်ချမ်းသာမှု ရတယ်ဆိုယင်ပဲ ကျေနပ်လှပါပြီ” ဟု ပြောလိုက်ပါသည်။
“ကျွန်တော်ကလဲ ဒီအတိုင်းပါပဲဗျာ၊ အထူးသဖြင့် ကျွန်တော် တစိတ်တပိုင်း ပါဝင်ခဲ့တဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပဲလေ၊ ကျွန်တော် တနာရီ နှစ်နာရီလောက်တော့ နေပါမယ်”
ဟိကလစ်သည် ကက်သရင်းနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ ကက်သရင်းက ဟိကလစ်ကို စိုက်ကြည့်နေသည်။ နှစ်ဦးစလုံးပင် အတိတ်ကို သတိရနေကြံဟန် ရှိလေသည်။ နှစ်ဦး ပြန်လည် ဆုံဆည်းကြ၍ ကြည်းနူးနေကြဟန်လည်း ရှိလေသည်။ အက်ဂါကမူ အနှောင့်အယှက်ဖြစ်လာသဖြင့် မျက်စိပျက် မျက်နှာပျက် ဖြစ်လာပါတော့သည်။ ထိုစဉ်မှာပင် ကက်သရင်းသည် ထိုင်ရာမှထပြီး ဟိကလစ် အပါးသို့ ထား၍ လက်ဆွဲနှုတ်ဆက်ယင်း ရယ်မောလျက်....
“ဒီအဖြစ်အပျက်တွေဟာ နက်ဖြန်ကျယင် အိပ်မက်များ ဖြစ်နေမလားပဲ၊ ကျွန်မဖြင့် ရှင့်ကို နောက်တကြိမ် တွေ့ရဦးမယ်၊ စကားပြောဦးမယ်လို့ကို မထင်ခဲ့ဘူး။ ရက်စက်လိုက်တာ ဟိကလစ်ရှယ်၊ ရှင့်ကို ကြိုဆိုနှုတ်ခွန်းဆက်ဖို့တောင် မကောင်းဘူး၊ ရှင်သုံးနှစ်လုံးလုံး ပျောက်ချက်သား ကောင်းနေလိုက်တာ ကျွန်မကိုတောင် လုံးလုံး သတိမရဘူးပေါ့လေ” ဟု ပြောလိုက်ပါသည်။
“မင်း သတိရတာထက်တော့ နည်းနည်း ပိုပါတယ်ကွယ်၊ မင်းတို့ လက်ထပ်ပြီး အတော်ကလေးကြာမှ ကိုယ်သိရတယ်၊ အဲဒီတော့ ကိုယ် အောက်ဘက်က ခြံတခြံမှာ ရှိသေးတယ်၊ ကိုယ် မင်းကို တွေ့ရအောင် လာဖို့ပဲ၊ ဒါပေမယ့် ကိုယ့်စိတ်ကူးက အကောင်အထည် မပေါ်ဘူး၊ မင်းရဲ့ နောက်ဆုံးအသံကို ကြားရပြီးကတည်းက ကိုယ့်ရင်ထဲမှာ မချိုခဲ့ဘူး၊ ကိုယ်ဟာ မင်းအတွက် လူတလုံးသူတလုံး ဖြစ်အောင် လုပ်မယ်ဆိုပြီး ကြိုးစားရုန်းကန်ဖို့ ဆုံးဖြတ်ခဲ့တယ်၊ ကြိုးစား ရုန်းကန်ခဲ့တယ် ဒါကိုတော့ ကိုယ့်ကို ခွင့်လွှတ်ပါကွယ်”
“ကဲ၊ ကက်သရင်းရေ၊ လက်ဖက်ရည်တွေ အေးကုန်တော့မယ်၊ မစ္စတာ ဟိကလစ်လဲ ပြန်ရဦးမယ်၊ သူ ဒီမှာ အိပ်မယ်ဆိုတောင် ကိုယ်တော့ ဆာလာပြီကွယ်’ လင်တန်သည် သူ၏ ပုံမှန်အသံဖြင့် ဟန်ပန်ကိုထိန်း၍ စကားကို ဖြတ်ပြောလိုက်ပါသည်။
ကက်သရင်းလည်း ညစာစားပွဲရှေ့တွင် နေရာယူရပါလေတော့သည်။ အစ္စဗယ်လာကလည်း ညစာစားပွဲသို့ ရောက်လာ၏။ သူတို့ ညစာစားမည် အလုပ်တွင် ကျွန်မလည်း အပြင်သို့ ထွက်ခဲ့ပါလေတော့သည်။ ညစာစားပွဲ သုံးဆောင်ပြီးလျှင် ဟိကလစ်လည်း ပြန်ရန် ပြင်ပါလေတော့သည်။
ကျွန်မသည် ဟိကလစ် အပြန်တွင် သူ့အား ဂျင်မာတန်ကို ပြန်မည်လားဟု မေးလိုက်မိပါသည်။
“မဟုတ်ဘူးဗျ။ လေထန်ကုန်း သွားမှာ၊ ကျွန်တော် မနက်က ရောက်တော့ မစ္စတာအန်းရှောက ဒီညနေ သူ့ဆီလာဖို့ ဖိတ်လိုက်တယ်လေ”
သူ ထွက်သွားသောအခါ သူ လေထန်ကုန်း ရောက်သွားသည့် ကိစ္စနှင့် မစ္စတာအန်းရောက သူ့အား ဖိတ်ကြားသည့် ကိစ္စသည် ကျွန်မ အတွေးတွင် ဖိစီးလာပါတော့သည်။ သူ ဤဒေသသို့ ပြန်ရောက်လာသည့် ကိစ္စကလည်း အတွေးတွင် တအုံနွေးနွေး ဖြစ်လျက် ကျန်ခဲ့ပါလေသည်။
ညဉ့်နက်ပိုင်းတွင် ကက်သရင်းသည် ကျွန်မအခန်းထဲသို့ ရောက်လာပြီး ကျွန်မ အိပ်ရာဘေးမှာ ဝင်ထိုင်လျက် ကျွန်မကို နှိုးလိုက်လေတော့သည်။
“ကျွန်မ အိပ်လို့ မရဘူးနယ်လီ” သူက တောင်းပန် တိုးလျှိုးသော လေသံဖြင့် စကားကို စပါသည်။ “ကျွန်မ ပျော်နေတဲ့အချိန်မှာ စကာပြောဖော် တယောက်တော့ ရှိစေချင်တယ်၊ ခုတော့ အက်ဂါကလ ကျွန်မ ဝမ်းသာတဲ့ကိစ္စမှာ စိတ်မဝင်စားပဲ မှုန်တေတေ လုပ်နေတယ်လေ၊ စကားကလေး တခွန်းတောင် ဟဖော်မရဘူး၊ သူအိပ်ချင်မူးတူး ဖြစ်နေတုန်း ကျွန်မ စကားပြောတာကိုပဲ ကျွန်မကို တကိုယ်ကောင်း ဆန်တယ်၊ ရက်စက်တယ် ထင်နေတာ၊ ကျွန်မက ဟိကလစ် အကြောင်း အကောင်းကလေး ပြောမိခါရှိသေး၊ သူ တကယ်ပဲ ခေါင်းကိုက်နေလို့လား၊ မနာလိုဝန်တိုစိတ်ကြောင့်ပဲလား မဆိုနိုင်ဘူး၊ သူက ငိုသတဲ့၊ ဒါနဲ့ ကျွန်မလဲ ထလာတာပါ နယ်လီ”
“ညည်းကကော သူကို ဟိကလစ် ချီးမွမ်းခန်း ဘာလို့ သွားပြောရတာလဲ၊ ငယ်ငယ်ကတည်းက မတည့်ခဲ့တဲ့ လူနှစ်ယောက်ကို တယောက်ကောင်းကြောင်း တယောက်ကို ပြောယင် ဘယ်ကြားချင်ပါ့မလဲ၊ ဒါဟာ လူ့သဘာဝပဲ ကေသီ"
“ဒါသူ ညံ့ကြောင်း ပြတာပဲပေါ့၊ ကျွန်မသာဆို မနာလို မဖြစ်ပါဘူး၊ ကျွန်မဆို အစ္စဗယ်လာ ဆံပင်ဝါကလေးနဲ့ အသားဖြူဖြူ ချောချောလှလှရှိပြီး တအိမ်လုံးရဲ့ အချစ်ဆုံးလို ဖြစ်နေတာကို တခါမှ မနာလို မဖြစ်မိပါဘူး၊ အစ္စဗယ်လာနဲ့ ပတ်သက်ပြီး နယ်လီနဲ့ ကျွန်မ တခါတလေ စကားများယင်တောင် နောက်ဆုံးကျ ကျွန်မ သူ အတွက် အလျှော့ပေးခဲ့တာချည်းပဲ မဟုတ်လား၊ ကျွန်မ သူ့ကို မြှောက်စားခဲ့တာပဲ မဟုတ်လား၊ သူ့အစ်ကိုကဆို ကျွန်မတို့ နှစ်ယောက် ခုလို ချစ်ချင် ခင်ခင်ရှိတာကိုပဲ သဘောကျနေတာ မဟုတ်လား၊ ဒါပေမယ့် သူတို့နှစ်ယောက်လုံးဟာ အတူတူပါပဲ၊ သူတို့နှစ်ယောက်လုံးက တကမ္ဘာလုံး သူတို့ ခံစားစံစားဖို့လို ထင်နေတာ၊ အဲဒီလို နည်းနဲ့ ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး ပျက်စီးနေကြတာတွေ၊ ကျွန်မ သူတို့ကို လိုက်လိုက် လျောလျော ဆက်ဆံပေမယ့်လဲ တကယ်တော့ သူတို့ကို တင်းတင်း ကျပ်ကျပ် ဆုံးမပေးဖို့ လိုတယ်လို့ ထင်တာပဲ”
ညည်း မှားတယ် ကက်သရင်း၊ တကယ်က သူတို့ မောင်နှမက ညည်းကို လိုက်လျော ဆက်ဆံနေကြဘာပါ၊ ညည်းက ခေါင်းမာသလောက် တဘက်ကို တလွဲထင်နေတာပါ ကေသီရယ်၊ သူတို့ညည်းအတွက် လိုက်လျောကြတာကိုလဲ ညည်းကြည့်မှပေါ့'
'ဒီအတိုင်းဆိုယင်တော့ ကျွန်မတို့တတွေရဲ့ မသင့်မြတ်မှုဟာ သေမှ ဆုံးခန်းတိုင်ရမှာလား နယ်လီရယ်” ဟု ပြောယင်း ရယ်ပြန်ပါသည်။ ဒီလိုလဲ မဟုတ်သေးဘူးလေ၊ ကျွန်မ ပြောရဲတာ တခု ရှိပါတယ်။ ကျွန်မ လင်တန့်အချစ်ကို ယုံတယ်၊ ကုန်ကုန်ပြောယင် ကျွန်မ လင်တန်ကို သူ လက်တုံ့ ပြန်မှာမဟုတ်ဘူး၊ သူ့အချစ်ဟာ အဲဒီလို အချစ်မျိုးပါ နယ်လီ”
ထိုအခါ ကျွန်မ ကက်သရင်းအား လင်သား၏ အချစ်ကို ယခုထက် ပို၍ တန်ဖိုးထားရန် အကြံပေးဖြစ်ပြန်ပါလေသည်။
“ကျွန်မ သူအချစ်ကို တန်ဖိုးထားပါတယ်၊ ဒါပေမယ့် ခုလို ဘာမဟုတ်တဲ့ ကိစ္စကလေးနဲ့ ပတ်သက်ပြီး ငိုလား၊ ယိုလား လုပ်ဖို့တော့ မလိုပါဘူး၊ ဒါဟာ ကလေးဆန်တာပဲ၊ ခုဆို ဟိကလပ် ဟာလဲ လူကြီး လူကောင်းတယောက် အနေပဲဟာ၊ သူနဲ့ ထိုက်တန်အောင် ဆက်ဆံဖို့ပဲ လိုတာပေါ့၊ ဒါဆို သူတို့ချင်းလဲ ရင်းနှီးသွားမှာပဲ၊ ဟိုကလစ်က ရင်းရင်းနှီးနှီး ဖော်ဖော်ရွှေရွေ ဆက်ဆံတာပဲ မဟုတ်လား”
“နေစမ်းပါဦး၊ ဟိကလစ် လေထန်ကုန်း ရောက်သွားတာကို ညည်း ဘယ်လိုထင်သလဲ ကက်သရင်း၊ သူ ပြောင်းလဲလာတာကတော့ အမှန်ပဲ၊ သူ ရန်သူလို လူတွေကိုတောင် တရင်းတနှီး ဆက်ဆံလာပြီပဲ”
“ကျွန်မလဲ ရှင့်လိုပဲ အံ့ဩမိပါရဲ့၊ သူ ပြောတာကတော့ သူ ဒီအိမ်ကို ရောက်လာသလိုပဲ လေထန်ကုန်းကို ရောက်သွားသတဲ့၊ ဂျိုးဆက်ကနေ တဆင့် ခွင့်တောင်းပြီး သူ ဝင်သွားတော့ အစ်ကိုက သူ့လူတွေနဲ့ ဖဲရိုက်နေသတဲ့လေ၊ အဲဒီ ဖဲဝိုင်းမှာ ဟိကလစ်ကလဲ ဝင်ကစားတယ်၊ အစ်ကို တော်တော်ကလေး ရှုံးလိုက်သတဲ့၊ အဲဒီမှာ ဟိကလစ်က သူ အနိုင်ရတာကို အစ်ကို့ကို ချေးသတဲ့၊ ပြီးတော့ ညနေတခေါက် လာခဲ့ဦးမယ် ပြောတော့ အစ်ကိုကလဲ သဘောတူလိုက်သတဲ့၊ အစ်ကိုကလဲ အပေါင်းအသင်း ပေါင်းသင်းယင် ရှေ့နောက် အမြော်အမြင် ရှိတာ မဟုတ်ဘူး၊ သူ တချိန်က နှိပ်စက်ညှဉ်းပန်းခဲ့တဲ့ လူတယောက်ကို အပေါင်းအသင်း လုပ်တာတွေ ဖြစ်လာနိုင်မယ် ဆိုတာမျိုးလဲ တွေးမှာမဟုတ်ဘူး၊ ဒါပေမယ့် ဟိကလစ် အနေကျတော့လဲ ဒီကနေ လမ်းလျှောက် တခရီးလောက် ရှိတဲ့ အိမ်မှာနေရဖို့အတွက် သူ့ရန်သူဟောင်းနဲ့ ဆက်သွယ်ရာမှာ ခိုင်လုံတဲ့ အကြောင်းတော့ ရှိမှာပဲ၊ အဲဒီအိမ်ကလဲ အားလုံး အတူတူနေခဲ့ကြတဲ့ အိမ်ဆိုတော့ သံယောဇဉ်ရှိမှာပေါ့၊ ကျွန်မသဘောကတော့ ဂျင်မာတန်မှ နေနေတာထက် လေထန်ကုန်းမှာ နေယင် တွေ့ရဆုံရဖို့ ပိုပြီး အခွင့်သာတာပေါ့၊ သူကတော့လဲ လေထန်ကုန်းမှာ နေရအောင် ပေးစရာ ရှိတာ ပေးမှာပဲ၊ အစ်ကိုကလဲ တကယ့် လောဘအိုးဆိုတော့ ရသမျှ တဘက်သား လိုချင်တာကို ပြန်ပေးမယ့် လူစားမျိုးရယ်၊ တခုကို တခုကို လက်လွှတ်ရမယ်ဆိုတာမျိုး တွေးချင်မှ တွေးမှာ နယ်လီရဲ့’
'ဟိကလစ်အဖို့တော့လဲ လေထန်ကုန်းဟာ သင့်တင့်တဲ့ နေရာပါ၊ ဒါပေမယ့် နောက်ပိုင်း ဘာတွေဖြစ်လာမယ်ဆိုတာ ညည်း တွေးပြီးတော့ မကြောက်ဘူးလား ကေသီ'
“ကျွန်မ သူငယ်ချင်းအတွက်တော့ မစိုးရိမ်ပါဘူး၊ သူ အန္တရာယ် ရှောင်နိုင်မှာပါ၊ အစ်ကို အတွက်တော့ နည်းနည်း စိုးရိမ်တယ်ပေါ့ ဘာဖြစ်ဖြစ် ကျွန်မတော့ သူတို့နှစ်ယောက် ရန်ပြေငြိမ်းစေချင်တာပဲ၊ ကျွန်မဟာ ခါးခါးသီးသီး ခံစားခဲ့ရတာပါ နယ်လီရယ်၊ ဘယ်လောက်အထိ ခံစားရတယ်ဆိုတာ ဟိကလစ်သိယင် သူ့အနေနဲ့လဲ ရန်ငြိုး ရန်စ ထားဖို့မသင့်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ပြီးတာတွေလဲ ပြီးခဲ့ကြပြီပဲ နယ်လီရယ်၊ ကျွန်မတော့ သူ့မိုက်မဲမှုအပေါ်မှာလဲ လက်စား မချေစေချင်ဘူး၊ ပါးရိုက်လို့ နားကိုက်တာမျိုးလဲ မလုပ်ချင်ဘူး၊ ကျွန်မတော့ ခွင့်လွတ်ကြဖို့သာ တိုက်တွန်းရမှာပဲ၊ ကဲလေ..လက်တွေ့ ပြတဲ့အနေနဲ့ အက်ဂါဆီ သွားပြီး အက်ဂါနဲ့ ပြန်သင့်မြတ်အောင် လုပ်မှပဲ။ သွားမယ် နယ်လီ၊ ကျွန်မဟာ သူတော်ကောင်းမကလေးပါနော်”
ကက်သရင်းသည် ကိုယ့်စကားနှင့်ကိုယ် အကျေနပ်ကြီး ကျေနပ်ကာ နေရာမှ ထသွားပါလေတော့သည်။ သူ့ အဆုံးအဖြတ်သည် အောင်မြင်မှု ရရှိကြောင်း နောက်တနေ့မနက်တွင် အထင်အရှား တွေ့ရပါလေတော့သည်။ မစ္စတာလင်တန်သည် စိတ်ပြေသွားသည့်အပြင် ထိုနေ့မွန်းလွဲပိုင်းက ကက်သရင်းနှင့်အတူ သူညီမ အစ္စယ်လာ လေထန်ကုန်းသို့ လိုက်သွားသည်ကိုပင် မကန့်ကွက်တော့ပါ။ ဤသို့ဖြင့် ကက်သရင်း၏ လင်သားအပေါ် အချစ်ပို၊ စိတ်ထားချိုလာသည်နှင့် အမျှ ကျွန်မတို့ တအိမ်လုံးမှာလည်း သုခဘုံအဖြစ် ပြောင်းလဲ လာပါတော့သည်။ အိမ်တွင်းရှိ သခင်ရော တပည့်များအဖို့ပါ နေခြည် လင်းလက်လာသည်ဟု ဆိုရပါမည်။
ကျွန်မအဖို့ နောက်ပိုင်းတွင် မစ္စတာ ဟိကလစ်ဟု ခေါ်ဝေါ်သုံးနှုန်းမည့် ဟိကလစ်ကလည်း သူ လာရောက်လည်ပတ်သည့်အတွက် အိမ်ရှင်ဖြစ်သူ မစ္စတာလင်တန် မည်သို့ သဘောထားမည်ကို သတိကြီးစွာ ထား၍ သရက်ကရော့ အိမ်ကြီးသို့ လာရောက် လည်ပတ်လေ့ ရှိပါသည်။ ကက်သရင်း ကိုယ်တိုင်ကလည်း ဟိကလစ် လာရောက် လည်ပတ်သည့် အတွက် ပျော်ရွှင်ကြည်နူးသည့်တိုင်အောင် သတိကြီးကြီးထား၍ ဆက်ဆံခဲ့ပါလေသည်။ ဟိကလစ်အဖို့ကား ထိုက်တန်သော ဆက်ဆံမှု အခွင့်အရေးများ ရရှိလာပါတော့သည်။ ကျွန်မတို့သခင် ကိုယ်တိုင်ကလည်း ဟိကလစ် ရောက်လာခြင်းကို စိတ်မသက်မသာ ဖြစ်ရာမှ တဖြည်းဖြည်း အထိုက်အလျောက် ဖြစ်လာပါ၏။
သို့သော်လည်း မစ္စတာ လင်တန်အဖို့ စိတ်အနှောင့်အယှက် ဖြစ်စရာ တခုသည် မးပျာ်လင့်ပဲ ပေါ်ပေါက်လာရပြန်ပါလေသည်။ ထိုအဖြစ်ကား အစ္စဗယ်လာ လင်တန်ကိုယ်တိုင်က ဟိကလစ်အပေါ်သို့ တိမ်းညွှတ်လာခြင်း ဖြစ်သည်။ ယခုအချိန်၌ အစ္စဗယ်လာမှာ ပျိုမြစ်နုနယ် ချစ်စဖွယ် ဆယ့်ရှစ်နှစ် အရွယ်သို့ ရောက်လာပြီ ဖြစ်သည်။ သွက်လက်ချက်ချာပြီး ခံစားတတ်လွယ်သော်လည်း သူ့အမူအရာကား ကလေးငယ်၏ အမူအရာကို ဆောင်နေလေသည်။ အက်ဂါသည် အစ္စဗယ်လာကို အလွန် ချစ်မြတ်နိုးသည့်တိုင်အောင် ယခုကိစ္စတွင်ကား မခံမရပ်နိုင်အောင် ဖြစ်လာရလေတော့သည်။ ဟိကလစ်သည် အညတရတဦး ဖြစ်သည်ဟူသော အချက်ကိုထားဦး၊ ဟိကလစ်လို လူတယောက်အား လင်တန်မိသားစု၏ အမွေဆက်ခံသူတယောက် ဖြစ်လာရမည်ကို သူပို၍ မလိုလားပုံ ရလေသည်။ ထို့ကြောင့်လည်း သူ့အဖို့ ဟိကလစ်နှင့် ပတ်သက်၍ ဒေါသူပုန် ထလာ ရလေတော့သည်။ သူ၏ ပြင်ပဆက်ဆံရေး မည်သို့ရှိစေ ဟိကလစ်အပေါ် ထားရှိသော အတွင်းစိတ်ကား ပြောင်းလဲမှု မရှိကြောင်း ထင်ရှားလာ ပါလေသည်။ သူ့ ညီမဘက်က မည်သို့ရှိစေ ဤကိစ္စနှင့်ပတ်သက်၍ ဟိကလစ် အပေါ်သို့ လုံးလုံးလျားလျား အပြစ် ပုံချထားလိုက်ဟန် ရှိလေသည်။
အစ္စဗယ်လာ အဖို့တော့လည်း ရတက်မအေး ပူဆွေးနေဟန် ရှိလေသည်။ သည့်အတွက် မခံမရပ်နိုင် ဖြစ်လာတိုင်း ကက်သရင်းကို ရန်ရာ လာတတ်သည်။ ကျွန်မတို့မှာ သူ့ကို ခွင့်လွှတ်ထားကြပါလေ၏။ သို့သော် တနေ့တွင် သူသည် ကျွန်မတို့ အစေခံအားလုံးကို အပြစ်ရှာပြီး မနက်စာကိုပင် မစားပဲ အပြင်သို့ ထွက်သွားပါလေ၏။ ထိုအချိန်၌ ကက်သရင်း ကိုယ်တိုင်ကလည်း အစ္စဗယ်လာကို ဟိကလစ်နှင့် ပတ်သက်၍ တားမြစ်စ ပြုလာပြီ ဖြစ်၏။ အက်ဂါကမူ သူ့ညီမကို လျစ်လျူရှု ထားဟန် ရှိလေသည်။ ထိုနေ့က အစ္စဗယ်လာ အအေးမိလာပါသည်။
ထိုအခါ ကက်သရင်းက အစ္စဗယ်လာအား အိပ်ရာဝင်ဖို့နှင့် အိပ်ရာမဝင်ပါက ဆရာဝန် ခေါ်မည်ဖြစ်ကြောင်း ပြောသည်တွင် အစ္စဗယ်လာသည် ကျန်းမာကြောင်း၊ ယခုကိစ္စမှာ ကက်သရင်း အနိုင်ကျင့်ခြင်း ဖြစ်ကြောင်း တုံ့ပြန်ပြောပါလေတော့သည်။
ဤသို့ အနိုင်ကျင့်သည် ဟူသော စကားကို အသုံးခံလိုက်ရသဖြင့် သခင်မသည်လည်း တအံ့တသြဖြစ်ကာ အော်ပြောလိုက်ပါလေသည်။
“ကိုယ် အနိုင်ကျင့်တယ်လို့ မင်း ဘာကြောင့် ပြောနိုင်ရတာလဲ ကလေးရယ်၊ မင်းမှာ အဆင်ခြင်တရားမှ ရှိသေးရဲ့လား၊ မမ မင်းကို ဘယ်တုန်းကများ အနိုင်ကျင့်ဖူးလို့လဲ၊ ပြောစမ်းပါ”
“မနေ့ကရော၊ အခုရောပဲ”
အစ္စဗယ်လာက ငိုရှိုက်ယင်း တုံ့ပြန်ပါသည်။
“မနေ့က ဟုတ်လား၊ ဘယ်ကိစ္စမှာလဲ”
“ဟုတ်တယ်လေ၊ မနေ့က ကျွန်မတို့ ကွင်းထဲမှာ လမ်းလျှောက်နေတုန်း မမက ဟိကလစ်နဲ့ လမ်းလျှောက်နေရာကနေ ကျွန်မကို တခြားသွားပြီး လမ်းလျှောက်နေဖို့ ပြောတာလေ”
“အိုး၊ ဒါကို ညီမလေးက အနိုင်ကျင့်တယ်လို့ မှတ်ထားတာကိုး၊ မမက ညီမလေး မမတို့နား ရှိတာ မရှိတာ ဂရုမထားပါဘူး၊ ဟိကလစ် စကားတွေကို ညီမလေး စိတ်မဝင်စားဘူးထင်လို့ ပြောမိဘာပါဟယ်”
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မမက ကျွန်မ မမတို့အနား နေချင်မှန်းသိလို့ ကပ်မနေအောင် လုပ်တာပဲဟာ” ဟု ပြောယင်း ငိုပါလေတော့သည်။
“ရူးများနေရော့လား အစ္စဗယ်လာရယ်၊ ကိုယ်တို့ ဘာပြောတယ်ဆိုတာ ခု ကိုယ် ပြန်ပြောရမလား၊ ဒီထဲမှာ ညီမအဖို့ သဘောကျစရာများ ဘာပါသလဲ၊ ပြောစမ်းပါ”
“မဟုတ်ဘူး၊ မမတို့ ဘာပြောတာ မပြောတာကို ကျွန်မ စိတ်မဝင်စားပါဘူး၊ ကျွန်မ” စကားထစ်နေပြန်သဖြင့်---
“အင်း၊ ဆိုစမ်းပါဦး”
“ကျွန်မ သူနဲ့အတူ နေချင်တာ၊ ကျွန်မကို သူ့နားက မောင်းထုတ်တာကို ကျွန်မ မကြိုက်ဘူး၊ တကယ်တော့ ရှင်ဟာ အစာခွက်နားကခွေးပဲ ကေသီ၊ ရှင်သာ အချစ်ခံချင်တယ်၊ တခြားလူကိုတော့ အချစ် မခံစေချင်ဘူ။ မဟုတ်လား”
“ရူးလှချေကလား ဟင်၊ ကိုယ်ဖြင့် မင်းအဖြစ်ကို ယုံတောင် မယုံချင်ဘူး၊ မင်း ဟိကလစ်ကို အထင်ကြီးနေသလား၊ ဟိကလစ်ကို ချစ်စရာ လူတယောက်လို့များ မြင်နေသလား၊ ကိုယ် မင့်ကို နားမလည်ပါကလားကွယ်'
“ဘာ နားမလည်စရာ ရှိသလဲ၊ ရှင်ကျွန်မ အစ်ကိုကို ချစ်တာထက် ကျွန်မ သူ့ကိုချစ်တယ်၊ ရှင်ကသာ သူ့ကို လွှမ်းမိုးမထားယင် ကျွန်မကို ချစ်မှာပဲ”
အစ္စဗယ်လာသည် စိတ်လွတ်လက်လွတ် ပြောချလိုက် လေတော့သည်။
“ကိုယ် ဒီကိစ္စမှာတော့ မင်းကို မလိုက်လျောနိုင်ဘူး”
ကက်သရင်းသည် အလေးအနက် ပြောလိုက်ပြီးနောက် သဘောရိုးဖြင့် ဆက်ပြောပြန်ပါလေသည်။
“နယ်လီရယ်၊ သူ ဘယ်လောက် အရူးထနေတယ် ဆိုတာ သဘောပေါက်အောင် ကျွန်မကို ကူစမ်းပါဦး ရှင်၊ ပြောပြလိုက်စမ်းပါ နယ်လီရယ်၊ ဟိကလစ်ဆိုဘာ ဆုံးမပြုပြင်လို့မရတဲ့ လူတယောက်ဖြစ်ကြောင်း၊ တကယ့် ဖုန်းဆိုးတောလို လူမျိုးဖြစ်ကြောင်း ပြောပြလိုက်စမ်းပါ၊ မမိုက်စမ်းပါနဲ့ ညီမရယ်၊ ဒီလူဟာ သွေးလို့ရတဲ့ စိန်ရိုင်းမျိုး မဟုတ်ဘူးကွယ့်၊ တကယ့် အရိုင်းအစိုင်းလို လူမျိုးပါ၊ ရက်စက်တတ်တဲ့ အကြင်နာကင်းတဲ့၊ မိုက်မဲယုတ်မာတတ်တဲ့ လူစားမျိုးပါ၊ တချိန်ကျ မင်းဟာ သူ့အဖို့ ဒုက္ခပေးမယ့်လူစားမျိုးလို့ မြင်လာတာနဲ့ မင်းကို စိစိညက်ညက် ချေပစ်မယ့် လူမျိုးပါ အစ္စဗယ်လာရယ်၊ သူဟာ လင်တန် အမျိုးအနွယ်ဆိုယင် ဘယ်လင်တန်ဆက်ကိုမှ မချစ်နိုင်ဘူးဆိုတာ သိပါတယ်။ ညီမကို လက်ထပ်တယ်ဆိုဦးတော့ အကျိုးစီးပွား မျော်လင့်ချက်နဲ့သာ လက်ထပ်မှာမျိုးပါကွယ်၊ ဒီလူဟာ လောဘရမ္မက် ကြီးမားတာနဲ့အမျှ ပြစ်မှုကလဲ ကြီးမားနေတာပါ၊ ကိုယ် သူ့အကြောင်းကို သိတာပေါ့၊ သူဟာ ကိုယ့်သူငယ်ချင်းပဲ၊ သူ မင်းကို အမိဖမ်းမှာပဲ၊ ကိုယ့်ကို နှုတ်ပိတ်ပြီး မင်းကို ထောင်ချောက်ထဲ သွင်းမှာပဲ”
အစ္စဗယ်လာသည် ကက်သရင်း စကားကြောင့် ပို၍ ဒေါသဖြစ်လာ လေတော့သည်။
“ရှင်ဟာ အတော် ရှက်ဖို့ကောင်းတာပဲ၊ ရှင်ဟာ ရန်သူတွေထက်တောင် ဆိုးနေပါကလား”
“ဘာလဲ၊ မင်း ကိုယ့်ကို မယုံဘူးပေါ့၊ ကိုယ်က မင်းကို ယုတ်မာတဲ့ စိတ်ထားနဲ့ ပြောနေတယ်လို့ ထင်တယ်ပေါ့”
“သိပ် သေချာတာပေါ့၊ ကျွန်မ ရှင့်ကို ရွံလဲရွံတယ်၊ မုန်းလဲမုန်းတယ်”
“ကောင်းပြီလေ၊ ဒါဖြင့်လဲ မင်း စမ်းကြည့်သေးတာပေါ့၊ ကိုယ့်ဘက်ကတော့ ဝတ္တရားကုန်ပြီဟု ဆို၍ ကက်သရင်းသည် နေရာမှ ထွက်သွားပါလေတော့သည်။ ထိုအခါ အစ္စဗယ်လာသည် ငိုရှိုက်လျက်...
“သူ တကိုယ်ကောင်းဆန်သမျှ ကျွန်မပဲ ခံရမှာပေါ့လေ၊ ကျွန်မကို အားလုံးက ဆန့်ကျင်ကြပြီ၊ ခုလဲ သူက ကျွန်မကိုပဲ အပြစ်ပြောတယ်။ သူ ပြောတာတွေ မဟုတ်ပါဘူးနော်၊ မစ္စတာဟိကလစ်ဟာ လူဆိုးတယောက် မဟုတ်ပါဘူးနော်၊ လေးစားအပ်တဲ့ လူတယောက်ပါ၊ မဟုတ်ဘူးလား ဟင်' ဟု ဆိုပြန်ပါလေသည်။ ကျွန်မမှာ မနေသာတော့ပါ။
“ကလေး အတွေးထဲက သူ့ကို ဖယ်ပစ်လိုက်စမ်းပါကွယ်၊ သူဟာ ငှက်ဆိုးတကောင်ပါ အစ္စဗယ်လာရယ်၊ ကလေးနဲ့ မထိုက်တန်ပါဘူး၊ မစ္စက်လင်တန်ဟာ ကလေးအတွက် အလေးအနက် ပြောခဲ့တာပါ၊ သူ့ စကားတွေဟာ အမှန်ချည်းပါပဲ၊ တကယ်တော့ သူ့ သူငယ်ချင်း အကြောင်းကို တို့ထက် သိပါတယ်၊ သူ့ သူငယ်ချင်းအကြောင်းကို သူမကောင်းပြောစရာ မရှိပါဘူးလေ၊ ကလေး မှတ်ထားစမ်းပါ၊ လူရိုးတွေဟာ ဘာကိုမှ ဖုံးကွယ်မထားတတ်ပါဘူးကွယ်၊ ခု ဟိကလစ်ဟာ ဘယ်လို နေထိုင် ကြီးပွားလာတာလဲ၊ သူ အလွန်မုန်းတီးတဲ့ လူတယောက် အိမ်ဖြစ်တဲ့ လေထန်ကုန်းမှာ သူ ဘာဖြစ်လို့ နေရတာလဲ၊ လူတကာကပဲ မစ္စတာအန်းရှောဟာ သူ ရောက်လာကတည်းက ပိုပိုဆိုးလာတယ်လို့ ပြောကုန်ကြပြီ၊ သူတို့ တညလုံးထိုင်ပြီး ဖဲရိုက်လိုက်ကြ၊ အရက်သောက်လိုက်ကြနဲ့တဲ့၊ မစ္စတာအန်းရောဆိုတာလဲ ဘာမှ မလုပ်ဘူး၊ ဟိကလစ်ဆီက ပိုက်ဆံတွေ့ချေး၊ ဖဲရှုံးနေတာပဲတဲ့၊ အလျင်တပတ်ကပဲ ဂျင်မာတန်မှာ ဂျိုးဆက်နဲ့တွေ့တော့တောင် ဂျိုးဆက်က ဒီအကြောင်းတွေ ပြောလိုက်သေးတယ်၊ အစ္စဗယ်လာရယ်၊ ဂျိုးဆက်ဟာ ရိုင်းချင်ရိုင်းမယ်၊ ဒါပေမယ့် မဟုတ်တာတော့ မပြောတတ်ပါဘူး၊ ခုအတိုင်းက ဟိကလစ်ဟာ ဟင်ဒလီကို ဖျက်ဆီးပြီး ဟင်ဒလီ စည်းစိမ်ကို အရယူမှာပဲ၊ ကဲ၊ ဒီတော့၊ ကလေးအနေနဲ့ ဒီလိုလူမျိုးကို လင်တော်ဖို့ စိတ်ကူးသင့်ပါ့မလားကွယ်'
“ရှင်လဲ သူတို့နဲ့ တဂိုဏ်းတည်းပဲ အယ်လင်၊ ရှင့် သားပုပ်လေလွှင့် စကားတွေကို ကျွန်မ နားမထောင်ဘူး၊ ခုအတိုင်းဆို ဒိကမ္ဘာကြီးမှာ လူတကာ မစ္ဆေရစိတ် မွေးနေယင် ဘယ်မှာ ပျော်စရာ ကောင်းဦးမှာလဲ”
ကျွန်မ ဘာမျှ နှုတ်တုံ့ မပြန်တော့ပါ။ သူ့ဘာသာသူ တွေးနေပါစေတော့ဟု သဘောထားလိုက်ပါသည်။ နောက်တနေ့တွင် မစ္စတာအက်ဂါသည် အစည်းအဝေးတခုကို တက်ရောက်ရန် မြို့သို့ ထွက်သွားပါသည်။ ဟိကလစ်သည် အက်ဂါမရှိသည်ကို သိထားသဖြင့် ခါတိုင်း ရောက်နေကျထက် စောပြီး ရောက်လာပါသည်။ ကက်သရင်းနှင့် အစ္စဗယ်လာတို့မှာ စာကြည့်ခန်းထဲတွင် ဘာမျှမပြောကြပဲ တဦးကို တဦး မကျေမချမ်းသော အသွင်ဖြင့် ထိုင်နေကြသည်။ အစ္စဗယ်လာသည် သူ့စိတ်ထဲ ရှိသမျှကို ပြောခဲ့မိသည့်အတွက် ချောက်ချားနေဟန် ရှိလေ၏။ ကက်သရင်းကမူ ခပ်တည်တည်ငြိမ်ငြိမ် ဖြစ်နေပါသည်။ ထိုအခိုက်မှာပင် ကက်သရင်းသည် ပြတင်းပေါက်မှ နေ၍ ဟိကလစ်ကို မြင်လိုက်သဖြင့် ရယ်လိုက်ပါသည်။ ထိုအချိန်က ကျွန်မသည် မီးလင်းဖိုကို လှည်းကျင်း သန့်စင်နေယင်း ကက်သရင်း နှုတ်ခမ်းဖျားက ခပ်မဲ့မဲ့ အပြုံးကို သတိပြုလိုက်မိပါ၏။
ဟိကလစ် ဝင်လာသည်နှင့် ကက်သရင်းသည် မီးဖိုနားသို့ ကုလားထိုင်ကို ဆွဲယူလိုက်ယင်း..
“အဆင်သင့်ပါပဲ၊ လာပါ၊ လာပါ၊ ကျွန်မတို့နှစ်ယောက် စကားစပ်မိတုန်း ရှင်ရောက်လာတာ အတော်ပဲ၊ ဟိကလစ်ရေ၊ ရှင်နဲ့ ပတ်သက်လို့ ပြောစရာကလေးက ရှိနေလေရဲ့၊ နယ်လီကို ကြည့်စရာ မလိုပါဘူးရှင်၊ ဒီကိစ္စက နယ်လီနဲ့ မဆိုင်ပါဘူး ကျွန်မရဲ့ ဟောဒီ ညီမလေးက ရှင့်အတွက် ခံစားနေရသတဲ့ ရှင်ရဲ့ ၊ နေဦးလေ အစ္စဗယ်လာရဲ့ ဟု ပြုံးကာ ရယ်ကာ ပြောနေစဉ်မှာပင် အစ္စဗယ်လာက ထပြေးမည် လုပ်သဖြင့် လှမ်းဆွဲလိုက်ပြီး “ဒီမှာ ဟိကလစ်ရဲ့၊ ကျွန်မတို့ ညီမနှစ်ယောက် ရှင့်ကိစ္စနဲ့ စကားများနေကြတာရှင့်၊ ရှင့်ကို ချီးမွမ်းခန်းဖွင့်တာကို ကျွန်မက ကန့်ကွက်လို့ ကျွန်မကို မကျေမနပ် ဖြစ်နေသတဲ့လေ”
အစ္စဗယ်လာသည် ဖမ်းဆွဲထားခြင်း ခံထားရသော သူ့လက်ကို ဖယ်လျက် အပေါ်စီး လေသံဖြင့်..
“ဒီမယ် ကက်သရင်းရဲ့၊ ရှင် အခုလို အမှန်အတိုင်း ပြောဖော်ရလို့ ကျွန်မက ကျေးဇူးတပ်ပါသတဲ့ရှင်၊ မစ္စတာဟိကလပ်ရှင့်၊ ရှင့်သူငယ်ချင်းကိုလဲ ကျွန်မကို လွှတ်ပေးဖို့ ပြောပါဦး၊ ရှင့်သူငယ်ချင်းက ကျွန်မနဲ့ရှင် ရင်းရင်းနှီးနှီးကြီး မဟုတ်ကြသေးဘူး ဆိုတာတော့ မေ့သွားတယ်ရှင့်' ဟု ပြောလိုက်ပြန်ပါသည်။
ဟိကလစ်သည် ဘာမျှမပြောပဲ ကုလားထိုင်ကို ဆွဲထိုင်လိုက်ပါသည်။ အစ္စဗယ်လာကို စိုက်ကြည့်ပြီး ဘာမျှ ထူးခြားခြင်း မရှိသလို ငြိမ်နေပါသည်။ အစ္စဗယ်လာကမူ သူ့လက်ကို ကိုင်ချုပ်ထားသော ကက်သရင်းအား သူ့ကို လွှတ်ပေးရန် တောင်းပန်နေလေသည်။
“နေစမ်းပါဦး၊ ကိုယ်ဟာ စားခွက်ရှေ့က ခွေးလို့ အပြောမခံချင်ဘူး၊ မင်း နေဦး၊ ဒီမယ် ဟိကလစ်ရဲ့၊ ရှင် ကျွန်မဆီက ဒီသတင်းကြားရတော့ ကျေနပ်မသွားဘူးလား၊ ကျွန်မ အပေါ်ထားတဲ့ အက်ဂါ အချစ်ဟာ တကယ်တော့ ရှင့်အပေါ် သူထားတဲ့ အချစ်နဲ့ ယှဉ်ယင် ဘာမှ မဟုတ်ဘူးတဲ့၊ အဲဒီအကြောင်းကလေးတွေ ပြောစမ်းပါဦးလေ၊ မဟုတ်ဘူးလား အယ်လင်၊ ဟိုနေ့က ကျွန်မတို့ လမ်းလျှောက်ကြပြီးကတည်းက ကျွန်မက ရှင်နဲ့ မပတ်သက်ဖို့ ပြောမိတာနဲ့ စိတ်မကောင်း ဖြစ်နေသတဲ့လေ”
သည်တော့မှပင် ဟိကလစ်သည် သူတို့ နှစ်ယောက်ဘက် မျက်နှာမူလိုက်ပြီး….
“မင်း သူ့ကို အထင်မှားနေတာပဲ ကက်သရင်း၊ သူကိုယ်တိုင်ကလဲ ကိုယ်နဲ့ မပတ်သက်ချင်ပါဘူး” ဟု ပြောလိုက်ပါသည်။
ထိုစကားကြောင့် အစ္စဗယ်လာသည် စိတ်တုန်လှုပ် ချောက်ချားသွား ရှိလေသည်။ မျက်ရည်စသည် မျက်လုံးတွင် နှစ်ဝဲလာလေပြီ။ အစ္စဗယ်လာသည် ကက်သရင်းလက်မှ သူ့လက်ကို ရုန်းထွက်ပြေးပြန်သည်။ မရသည့်အဆုံး၌ သူ့လက်သည်းနှင့် ကုတ်ခြစ်လိုက်လေတော့သည်။
“ဟဲ့ ကျားမကလေး”
ကက်သရင်းသည် ပြောပြောဆိုဆို သူဆုပ်ကိုင်ထားသော အစ္စဗယ်လာ့ လက်ကို လွှတ်လိုက်ပြီး အနာတရ ဖြစ်သွားသော လက်ကို ခါယမ်းယင်း …
“သွားဟယ်၊ တွေ့လား ဟိကလစ်၊ သူ့လက်သည်းတွေ ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုသာ တွေ့တယ် မဟုတ်လား၊ ရှင့်မျက်လုံး တွေ သတိထားနော်' ဟု ပြောလိုက်ပါသည်။
“ကိုယ့်ကိုသာ ဒီလက်သည်းတွေနဲ့ ခြောက်လာယင်တော့လား၊ အဲဒီလက်သည်းတွေကို နုတ်အပစ်ပဲ”
အစ္စဗယ်လာ အခန်းတံခါသည်နှင့် ဟိကလစ်က ဒေါနှင့် မောနှင့် ပြောလိုက်ပါသည်။
“ဒါပေမယ့် မင်းက သူ့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာလို့ သွားစရတာလဲ ကေသီ အမှန်ဆို မပြောပဲ နေဖို့ ကောင်းတာပေါ့”
“ဟုတ်ပါတယ်၊ ကျွန်မလဲ မပြောချင်ပါဘူး၊ ဒါပေမယ့် သူတို့က ဣန္ဒြေ မဆောင်နိုင်ဘူး၊ လွန်ခဲ့တဲ့ ရက်တွေကတည်းက မူပျက်နေတာ ဒီမနက်ဆိုလဲ ရှင့်အတွက်နဲ့ သူ့မှာ ရပ်တည်ရာမရဘူး၊ ကျွန်မ ဖျောင်းဖျပါတယ်၊ ဘယ်လို ဖျောင်းဖျဖျောင်းဖျ မရဘူး၊ ဒါကြောင့်လဲ ကျွန်မ သူ့ရှေ့မှာ တမင် ပြောချလိုက်တာပဲ၊ ကျွန်မ သူ့ စိတ်ဒုက္ခ မရောက်စေချင်ဘူး မစ္စတာ ဟိကလစ်ရယ်၊ ရှင့်ဘက်ကလဲ ရှင် စဉ်းစားပေါ့”
“ကိုယ့်အနေနဲ့ကလဲ ရိုးရိုးတန်းတန်းအနေနဲ့ သူ့ကိစ္စကို မစဉ်းစားချင်ဘူး။ ကိုယ် လင်တန် အမျိုးအနွယ်မှန်သမျှကို မုန်းတယ်”
“သူလေးကတော့ ချစ်စရာလေးပါ”
အတန်ကြာ တိတ်ဆိတ်နေပြီးမှ –
“နေပါဦး၊ သူက သူ့အစ်ကို အမွေကို ဆက်ခံမှာပဲ မဟုတ်လား' ဟု မေးလာပြန်ပါသည်။
“ရှင် ဒါကို တွေးတာတော့ ကျွန်မ စိတ်မကောင်းဘူး၊ ဒီအမွှေဆက်ခံရေးမှာ သူ့ တူကလေးတွေ ပေါ်ပေါက်လာဦးမယ် ဆိုတာလဲ ရှင် စဉ်းစားမှပေါ့၊ ကဲပါရှင်၊ ဒါကို ပြောမနေပါနဲ့တော့၊ ရှင်ကလဲ ပစ္စည်းဥစ္စာစကားပဲ ပြောချင်နေတာပဲ၊ တကယ်တော့ ဒီပစ္စည်းတွေကို ကျွန်မလဲ ဆိုင်တယ်ဆိုတာရှင် သတိပြုမိဖို့ ကောင်းပါတယ်”
“ဟုတ်ပါတယ်လေ၊ ဒါတွေ ထားလိုက်ပါတော့”
ထိုအကြောင်း စကားစပြတ်သွားသည်ကား မှန်ပါ၏။ သို့သော် ကျွန်မသည် ဟိကလစ်၏ အပြုံးကို ကြည့်ပြီး ဟိကလစ် စိတ်ရင်းကို ခန့်မှန်းကြည့်လိုက်မိပါလေ၏။
မစ္စက်လင်တန် ထိုနေရာမှ ထွက်သွားပြီး နောက်ပိုင်းတွင် ကျွန်မသည် ဟိကလစ်၏ အခြေအနေကို စောင့်ကြည့်နေမိပါသေး၏။ ထိုအခါ ကျွန်မ သခင်နှင့် သခင်မ အကြောင်းကိုလည်း တွေးမိပါသည်။ သူတို့ နှစ်ဦးစလုံးက လူရိုးလူကောင်း၊ ကြင်နာထောက်ထားသူများဟု ကျွန်မ လက်ခံထားပြီး ဖြစ်ပါသည်။ သို့ဖြစ်ရာ ဟိကလစ်၏ တချိန်သောအခါ လွှမ်းမိုးလာမည့် အခြေအနေကို စိုးရိမ်ပူပန်စ ဖြစ်လာသည်။ လေထန်ကုန်း အိမ်ကြီးရော သရုတ်ကရော့ အိမ်ကြီးပါ သူ့လက်မှ လွတ်စေချင်ပါသည်။ ကျွန်မတို့သည် ရှေးကအတိုင်း မူမပျက် နေထိုင်သွားချင်ကြပါ၏။ သို့သော်လည်း ဟိုကလစ် လာရောက် လည်ပတ်ခြင်းသည် ကျွန်မအဖို့ကား စိတ်ချောက်ချားစရာလို ဖြစ်လာပါသည်။ လေထန်ကုန်း အိမ်ကြီး၌ သူ နေထိုင်သည်ကိုလည်း ဒုက္ခတခုခု တွေ့တော့မလို ထင်လာပါသည်။
ယခုကား လွတ်လပ် အေးဆေးစွာ သွားလာ လှုပ်ရှားနေသော သိုးအုပ်ကြားသို့ အန္တရာယ်ကောင်သည် ရောက်လာလေပြီ။ ထိုအန္တရာယ်ကောင်က သိုးကလေးများအပေါ်သို့ ခုန်အုပ်လိုက်မည့် အချိန်ကိုသာ ဘုရားတယင်း စောင့်ကြည့်နေရပါလေတော့သည်။
.jpg)

Comments
Post a Comment