လေထန်ကုန်း_အခန်း (၁၃)_ကျော်လှိုင်ဦး

 

အခန်း [ ၁၃ ]

နှစ်လကြာသွားသည်အထိ ထွက်ပြေးကြသူများမှာ ဆက်လက် ပျောက်ကွယ်နေကြပါ၏။ ထိုနှစ်လ အတွင်းတွင် မစ္စက်ကက်သရင်း လင်တန်သည် ဦးနှောက်ဖျားရောဂါဟု ဆိုနိုင်သော ရောဂါကို အန်တုခုခံနေခဲ့ရပါလေသည်။ အက်ဂါ ကိုယ်တိုင်ကလည်း သူ့ဇနီးအား မိခင်သည် တဦးတည်းသော ရင်သွေးငယ်ကို ပြုစုသကဲ့သို့ အထူးဂရုစိုက်ပြုစုပါသည်။ အက်ဂါသည် နေ့ညမပြတ် ဇနီးသည်ကို စောင့်ကြည့်ပြီး စိတ်အနှောင့်အယှက် ဖြစ်နိုင်သမျှတို့ကို စိတ်ရှည်လက်ရှည် ဖယ်ရှားခဲ့ပါလေ၏။ ဒေါက်တာ ကင်းနက်ကမူ အက်ဂါ၏ စိုးရိမ်တကြီး ဂရုစိုက်မှုသည် မစ္စက် လင်တန်ကား သေတွင်းမှ ကယ်တင်ခဲ့ခြင်း ဖြစ်သည်ဟု ကောက်ချက်ချပါသည်။ စင်စစ်မူ အက်ဂါသည် ဇနီးအတွက် မိမိ၏ ကျန်းမာရေးနှင့် အင်အားကို အဆုံးရှုံးခံ၍ ဂရုစိုက်ခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့်လည်း ကက်သရင်းသည် အန္တရာယ်မရှိနိုင်တော့ဟု သိရသည်နှင့် အက်ဂါလည်း အတိုင်းမသိ ဝမ်းသာပျော်ရွှင် မဆုံးတော့ပါပေ။ သူသည် အချိန်ရှိသရွေ့ ဇနီးသည်ဖြစ်သူ အပါးတွင် ထိုင်လျက် ဇနီး၏ခန္ဓာကိုယ် ပြန်လည်ပြည့်ဖြိုးလာသော အခြေအနေကို စောင့်ကြည့်နေပါတော့သည်။ ဇနီးဖြစ်သူ၏ စိတ်သည်လည်း ရှေးကအတိုင်း ပြန်လည် ကောင်းမွန်နေပြီဟု မျှော်လင့် အားတက်နေပါလေ၏။

မတ်လဆန်းပိုင်းတွင် ကက်သရင်းသည် သူ့အခန်းထဲမှ ပထမဆုံးအကြိမ် ထွက်လာပါလေသည်။ မစ္စဘာလင်တန်သည် ကက်သရင်းအား ခေါင်းအုံးပေါ်တွင် နေရာချပေးလိုက်ပါသည်။ ခေါင်းအုံးပေါ်တွင် နံနက်ခင်း နှင်းပန်းပွင့်များကိုလည်း ဖြန့်ကြဲထားပါ၏။ ကက်သရင်းသည် ပန်းပွင့်ကလေးများကို မြင်လိုက်ရသဖြင့် ဝမ်းမြောက်ပျော်ရွှင်သွားက မျက်လုံးအစုံသည် ရွှန်းရွှန်းလဲ့လဲ့ တောက်ပလာကြပါလေသည်။

တောင်ကုန်းတွေပေါ်မှာ အစောဆုံး ပွင့်တဲ့ ပန်းတွေပေါ့နော်၊ ဒီပန်းကလေးတွေ မြင်ရတော့ ဆောင်းနှောင်းကာလ လေပြည်ကလေး တိုက်လာတာ၊ နွေးထွေးတဲ့ နေရောင်လင်းလက်လာတာနဲ့ နှင်းခဲတွေ ပျော်ကျ လုလု ဖြစ်လာတာတွေကို ပြန်ပြီး သတိရလိုက်တာကွယ် အက်ဂါရေ၊ တောင်လေ မတိုက်သေးဘူးလားကွယ်၊ နှင်းတွေရော ပျော်မကုန်ကြသေးဘူးလား”

ကက်သရင်းက ပြောလိုက်ပါသည်။

“နှင်းတွေ ပျော်ကုန်ကြပါပြီ အချစ်ရေ၊ တကွင်းလုံးမှာ နှင်းခဲဆိုလို့ ကိုယ်ဖြင့် အဖြူစက်ကလေး နှစ်ခုပဲ မြင်ရတော့တယ်၊ ကောင်းကင်ကြီးကလဲ ပြာလို့၊ ဘီလုံးငှက်ကလေးတွေလဲ ကောင်းကင်မှာ ပျံဝဲပြီး တေးဆိုနေကြပြီကွဲ့၊ ချောင်းတွေ မြောင်းတွေမှာလဲ ရေတွေပြည့်နေကြပြီလေ၊ ကတ်သရင်းရယ် မနှစ်က ဒီလိုနွေဦးပေါက်မျိုးမှာ မင်းကို ကိုယ်က အိမ်းထဲမှာပဲ နေစေချင်ခဲ့တယ်၊ ခုဘော့ မင်း တောင်ကုန်းပေါ်မှာ တမိုင် နှစ်မိုင်လောက် လျှောက်ကြည့် ပါလားကွယ်၊ လေညင်းကလေး သာသာယာယာ တိုက်နေတော့ မင်းအဖို့ ဝေဒနာပိုပြီးများ သက်သာမလားပဲ”

ကျွန်မ တံခေါက်လောက်တော့ သွားဖိုကောင်းတာပေါ့၊ အဲဒီမှာ ရှင် ကျွန်မကို ထားခဲ့မယ်ဆိုယင် ကျွန်မ အဲဒီမှာပဲ နေခဲ့ရမှာပေါ့၊ အဲဒီလိုနဲ့ နောက်နွေဦးပေါက်ကျယင် ရှင် ကျွန်မကို ဒီနေရာမှာ ရှိစေချင်ပြန်ဦးမယ်။ ကနေ့လို ပျော်ပျော်ရွှင်ရွှင် နေကြရတာမျိုးကို ရှင် ပြန်ပြီး သတိရနေဦးမှာပဲ”

ကက်သရင်းသည် အင်အားချည့်နဲ့စွာဖြင့် ပြောလိုက်ပါလေသည်။

လင်တန်သည် သူ့ဇနီးအား ယုယ ထွေးပိုက်လျက် ချစ်နှစ်သက်ဖွယ်ကို ထိုသို့ဆိုကာ ချစ်သူအား အမွှမ်းတင် စကားများကို ဆိုနေပါ၏။ ကတ်သရင်း၏ မျက်လုံးအိမ်တွင်မူ မျက်ရည်များ ရီဝေပြည့်လျံလာပြီး မျက်ရည်စများသည် ပါးနှစ်ဘက်တွင် သွယ်စီးကျလာ နေပါလေ၏။ ကျွန်မတို့သည် ကက်သရင်းမှာ အမှန်တကယ် သက်သာလာပြီဖြစ်ကြောင်း သိပါ၏။ သို့သော်လည်း သူ ဝမ်းနည်းကြေကွဲရခြင်းမျိုးကို မဖြစ်စေချင်ပါ။ ထို့ကြောင့် သူ့အား အခြားတနေရာသို့ ရွှေ့ရန်စီစဉ်ရပါလေတော့သည်။

သခင် လင်တန်သည် ကာလ အတန်ကြာ မဝင်ရောက်ခဲ့သော၊ ည့်ခန်းတွင် မီးဖိုစေပါလေ၏။ ပြတင်းပေါက်နား နေရောင်အောက်တွင်လည်း ပက်လက်ကုလားထိုင်ကို ချစေပါ၏။ ထို့နောက် သခင်သည် သူ့ဇနီးကို ခေါ်လာပြီး ထိုကုလားထိုင်မှာ နေရာချထား ပေးလိုက်ပါသည်။ ကက်သရင်းသည် ထိုနေရာတွင် လူရောစိတ်ပါ သက်သာမှုရလာပုံ ပေါ်ပါသည်။ အနွေးဓာတ်ကြောင့်လည်း ရွှင်လန်းသွားပါ၏။ ပတ်ဝန်းကျင်အပြောင်းအလဲကလည်း သူ့အာရုံကို ပြောင်းလဲသွားစေပုံ ပါသည်။ တချိန်လုံး အိပ်ရာထဲတွင် လဲလျောင်းခဲ့ရာမှ အပြင်လောကနှင့် တွေ့ခဲ့ရသဖြင့် စိတ်ဓာတ်သည် သစ်လွှင် လန်းဆန်းလာပုံလည်း ရပါသည်။

ညနေပိုင်းတွင်မူ သခင်မသည် နွမ်းနွမ်းနယ်နယ်ဖြစ်လာပုံ ရပါသည် သို့သော် သူ့အား အခန်းတွင်းသို့ ပြန်ဝင်ရန် မည်သူကမျှ မပြောကြပါ။ ကျွန်မသည် ဧည့်ခန်းထဲမှာပင် သူ အိပ်နိုင်ရန်အတွက် ဆိုဖာကို ခင်းပေးလိုက်ပါသည်။ အခြား အခန်းတခန်းတွင်လည်း အိပ်ရာပြင်ထားလိုက်ပါ၏။ လှေကား အတက် အဆင်းတွင် သူ မပင်ပန်းစေချင်ပါ။ ဧည့်ခန်းထပ်မှာသာ သူ့အားရွှေ့အပြောင်း လုပ်ပါသည်။ ထိုအတွင်းမှာပင် သူသည် ပြန်လည် အားပြည့်လာပုံရပါသည်။ အက်ဂါ့လက်မောင်းကို တွဲမှီလျက် ကတ်သရင်းသည် တနေရာမှ တနေရာသို့ သွားလာလှုပ်ရှားနေပြန်ပါလေသည်။ ကျွန်မသည် ကက်သရင်း အားပြန်ပြည့်လာသည်ကို တွေ့ရသဖြင့် သူ့ကို စိုက်ကြည့် နေလိုက်မိပါသည်။

ကျွန်မသည် လွန်ခဲ့သော တလခွဲခန့်က အစ္စဗယ်လာထံမှ သူ့အစ်ကိုထံသို့ သူ ဟိကလစ်နှင့် လက်ထပ်လိုက်ပြီ ဖြစ်ကြောင်း စာတိုကလေးပို့၍ အကြောင်းကြားခဲ့သည်ကိုလည်း ဖော်ပြရပါဦးမည်။ လေးလေးနက်နက် ရှိပုံ မပေါ်လှပါ။ သို့သော်လည်း စာ၏ အောက်နားတွင် ခဲတံဖြင့် အစက်ချ၍ မထင်မရှား ရေးထားသော တောင်းပန်ချက်နှင့် သူ၏လုပ်ဆောင်ချက်သည် အစ်ကိုဖြစ်သူအား ထိခိုက်စေသည် ဆိုပါမူ ခွင့်လွှတ်ရန်နှင့် ပြန်လည်သင့်မြတ်ရေးကို အသနားခံထားပါ ဖြစ်ခဲ့သမျှမှာ သူ မလွန်ဆန်နိုင်၍ ဖြစ်ခဲ့ရကြောင်းလည်း ဖော်ပြပါလေသည်။ လင်တန်သည် ထိုစာကို တုံ ့ပြန်ခြင်း ပြုလိမ့်မည် မဟုတ်ဟု ကျွန်မ ယုံကြည်ပါသည်။ ထိုစာနောက် ရက်သတ္တနှစ်ပတ်ခန့် အကြာတွင် ကျွန်မသည် အစ္စဗယ်လာထံမှ စာရည်ကြီးတစောင်ကို လက်ခံရရှိသည်။ ထိုစာကို သူသည် လက်ထပ်ပြီးစ ခရီးထွက်ရာမှ အပြန်တွင် ရေးလိုက်ပုံ ရသည်။ ကျွန်မအဖို့ကား ထိုစာသည် ထူးခြားနေပါ၏။ ထိုစာကို ကျွန်မ ဖတ်ပြီး သိမ်းထားလိုက်ပါသည်။ လောလောလတ်လတ် တန်ဖိုးရှိသော အရာဝတ္ထု ဟူသမျှသည် ကြာလေ အဖိုးတန်လေပင် မဟုတ်ပါလော။ ထိုစာမှာ ဤသို့ ဖြစ်ပါသည်။

ချစ်စွာသော အယ်လင်

ကျွန်မ မနေ့က လေထန်ကုန်းကို ရောက်ပါဘယ်။ သည်တော့မှပဲ ကက်သရင်း အတော်ကြီး မကျန်းမမာ ဖြစ်နေတယ် ဆိုတာကို ကြားရတော့တာပဲ။ ကျွန်မ အစ်ကို့ဆီကို စာထည့် လိုက်ပါသေးတယ်။ အစ်ကိုဟာ ကျွန်မကို စိတ်ဆိုးနေလေသလား။ ကျွန်မအတွက် စိတ်ပျက်နေသလား မပြောတတ်ဘူး။ ဒါကြောင့် ကျွန်မ ကက်သရင်းဆီ စာရေးလို့ မဖြစ်ဘူးထင်တယ်။ ဒါပေမယ့် ကျွန်မ တယောက်ယောက်ဆီ စာရေးမှ ဖြစ်မယ်ဆိုပြီး ရွေးလိုက်တော့ အယ်လင်တယောက်ပဲ ကျန်တဲ့အတွက် အယ်လင့်ဆီ စာရေးလိုက်တာပဲ။

အက်ဂါကို ပြောပြပါ အယ်လင်။ ကျွန်မ သူ ့မျက်နှာကို မြင်ချင်ပါသေးတယ်လို့။ ကျွန်မ အိမ်က ထွက်လာ ပေမယ့် ကျွန်မအစ်ကိုနဲ့ ကတ်သရင်းတို့ကို သတိရနေတာပါ။ ကျွန်မ သရက်ကရော့အိမ်ကြီးကို ပြန်ချင်ခဲ့တာပါ။ ဒါပေမယ့် မတတ်နိုင်တော့ဘူးလေ။ ( ဤစာလုံးများကို မျဉ်းသားထားပါသည်။) သူတို့ကတော့ ကျွန်မကို မျှော်လင့်ချင်ကြမှာ မဟုတ်တော့ဘူးပေါ့။ သူတို့ကြိုက်သလိုပဲ ကောက်ချက်ချကြမှာပေါ့။ ကျွန်မကလဲ သူတို့အပေါ် ပစ်ပစ်ခါခါ လုပ်သွားသလို ဖြစ်နေတာကိုး။

ခု ဆက်ရေးမယ့် အပိုင်းကတော့ ရှင် တယောက်တည်း ဖတ်ဖို့ပါ။ ကျွန်မ အယ်လင့်ကို မေးခွန်းနှစ်ခု မေးချင်တယ်။ ပထမ မေးခွန်းကတော့ အဲဒီ ပတ်ဝန်းကျင်မှာ နေထိုင်ယင်း လူတွေရဲ့ စာနာမှုကို ရရှိအောင် ဘယ်လိုဖန်တီးယူသလဲ ဆိုတာပဲ။ ကျွန်မအဖို့တော့ အဲဒီလို စာနာမှုမျိုး ရခဲ့တယ်လို့ စဉ်းစား မရသလောက်ပဲ။

ကျွန်မ စိတ် အဝင်စားဆုံးကတော့ ဒုတိယ မေးခွန်းပဲ ဗယ်လင်။ အဲဒါကတော့ မစ္စတာဟိကလစ်ဟာ လူတယောက်မှ ဟုတ်ရဲ့လား ဆိုတာပဲ။ လူတယောက် ဖြစ်ပါတယ် ဆိုယင်ကော သူ ရူးနေသလား၊ သူ မရူးဘူးဆိုယင် သူဟာ မကောင်းဆိုးဝါး တယောက်လား။ ကျွန်မ သူနဲ့ပတ်သက်ပြီး ဘာမျှ မစဉ်းစားချင်ဘူး အယ်လင်။ ရှင် တတ်နိုင်ယင် ကျွန်မ ဘယ်လိုလူတယောက်ကို လက်ထပ်ခဲ့တယ်ဆိုတာ ရှင်းပြစေချင်ပါတယ်။ ရှင် ကျွန်မကို လာယင် အဲဒါကို ရှင်းပြစမ်းပါ။ ရှင် ကျွန်မဆီကို အမြန်ဆုံး လာစေချင်ပါတယ်။ ကျွန်မဆီကို စာမရေးပါနဲ့။ ရှင်ကိုယ်တိုင် လာခဲ့ပါ။ အက်ဂါဘာပြောသလဲ၊ ဘယ်လို သဘောထား ဆိုတာကိုလဲ ကျွန်မ သိချင်တယ်။

`အခု ကျွန်မ စိတ်ကူးယဉ်ခဲ့တဲ့ ဒီအိမ်ကြီးကို ဘယ်လိုရောက်လာတယ်ဆိုတာ ကျွန်မ ရေးပြပါ့မယ်။

အဲဒီနေ့က ကျွန်မတို့ လေထန်ကုန်းဘက် ရှေးရှုလာခဲ့ကြတော့ နေလုံးကြီးဟာ ကျွန်မတို့ခြံကြီးနောက်ဘက် ရောက်နေပြီ ညနေ ခြောက်နာရီလောက် ရှိရော့မယ်။ ဟိကလပ်က ခြံထဲ တန်းမဝင်သေးပဲ ခြံ အခြေအနေကို အလျင်အတိုင်း ရှိရဲ့လား ဆိုတဲ့ သဘောမျိုးနဲ့ ခဏရပ်ကြည့်ပြီးမှ ခြံထဲ ဝင်လာတယ်။ နောက်ဘက် ခြံသမား အိမ်ကလေးနား ရောက်လာတော့ မှောင်နေပြီ။ ခြံသမား အိမ်ကလေးနားက ကျောက်ခင်းလမ်းကလေးမှာ ကျွန်မတို့ မြင်းပေါ်က ဆင်းလိုက်တော့ ရှင့်လုပ်ဖော် ကိုင်ဖက်ကြီး ဂျိုးဆက်ဟာ အိမ်ကလေးထဲကနေ ဖယောင်းတိုင် ကိုင်ပြီး ထွက်လာတယ်။ သူကတော့ လုပ်ရိုးလုပ်စဉ်တိုင်း ကျိုးကျိုးနွံနွ့ံ လာတာပါပဲ။ ဒါပေမယ့် သူ့ မီးရောင်အောက်မှာ ကျွန်မ မျက်နှာလဲ မြင်လိုက်ရော မျက်နှာ တဘက်လှည့်သွားပြီး မြင်းတွေကို ဇောင်းထဲ ခေါ်သွားတယ်ရှင့်။ ပြီးတော့ သူ ပြန်လာပြီး ကျွန်မတို့ နှစ်ယောက်ကို ရဲတိုက်ဟောင်းကြီးထဲမှာ နေစေတော့မယ့်အတိုင်း အပြင် ဝင်းတံခါးကြီးကို ပိတ်လိုက်တယ်။

အဲ့ဒီအချိန်မှာ ဟိုကလပ်က ဂျိုးဆက်ကို တခုခု ပြောမလို သဘောနဲ့ နေခဲ့တယ်။ ကျွန်မကတော့ မီးဖိုထဲ ဝင်လာခဲ့တယ်။ မီးဖိုခန်းဆိုတာကလဲ တကယ့်ကို ညစ်ပတ် ရှုပ်ပွနေတာပါပဲ။ ကျွန်မ ပြောရဲပါတယ်။ အဲဒီလို ဖြစ်နေတာဟာ ရှင် အဲဒီ ခြံကြီးထဲက ထွက်လာခဲ့ကတည်းက ဖြစ်မှာပဲ။ ဒါပေမယ် ရှင်ကိုယ်တိုင်တော့ သိမှာမဟုတ်ဘူး။ မီးလင်းဖိုနားမှာ မျက်လုံးနဲ့ ပါးစပ်ပေါက်က ကက်သရင်း ပုံစံမျိုး၊ အဝတ်တွေက ညစ်ညစ် ပတ်ပတ်၊ ခြေတံလက်တံကြီးကြီးနဲ့ ကောင်တေကလေးတယောက် ရပ်နေတယ်။ ဒါဟာ အက်ဂါ့တူပဲလို့ ကျွန်မ ချက်ချင်း သတိရလိုက်တယ်။ ဒီတော့ ကျွန်မနဲ့လဲ ဆွေမျိုး တော်စပ်တာပေါ့၊ ကျွန်မ သူ့ကို လက်ဆွဲနှုတ်ဆက်ရမယ်၊ ဟုတ်တာပေါ့။ ကျွန်မ သူ့ကို နမ်းလဲ နမ်းရမှာပဲ။ စတွေ့ တွေ့ချင်း နားလည်မှု ကောင်း ကောင်းရဖို့ လိုတယ် မဟုတ်လား။

ဒါနဲ့ ကျွန်မ သူ့နားတိုးသွားပြီး သူ့ လက်သီးဆုပ် လုံးလုံးလေးကို ဆွဲယူမလို့လုပ်ယင်း “နေကောင်းရဲ့လား ကလေးရယ်' လို့  နှုတ်ဆက်လိုက်ပါတယ်။

သူပြန်တော့ ဖြေပါရဲ့။ သူ ့စကားက ဗလုံးဗထွေး ဆိုတော့ ကျွန်မ လိုက်မမီလိုက်ဘူး။ ဒါနဲ့ ကျွန်မကပဲ …..

တို့များ မိတ်ဆွေ ဖြစ်ကြတာပေါ့ ဟယ်ယာတန်ရယ်” လို့ နောက်ထပ် ပြောလိုက်တယ်။

အဲဒီတုန်းမှာပဲ ခွေးတကောင်က ကျွန်မကို ဟောင်မလို လုပ်တာနဲ့ ဟယ်ယာတန်က ခွေးကို ဟန့်လိုက်တယ်။ ဒါကြောင့် ကျွန်မလဲ အရဲကိုးပြီး အိမ်ဘက်ကို လျှောက်သွားပြီး တယောက်ယောက် ဝင်အလာကို စောင့်နေလိုက်တယ်။ အဲဒီ အချိန်အထိ မစ္စတာဟိကလပ်ကို မတွေ့ရသေးဘူး။ ဂျိုးဆက်သာ ကျွန်မ နောက်က ပါလာပြီး ပါးစပ်က တဖျစ်တောက်တောက် လုပ်လာတယ်။ ကျွန်မသူ ့ကို သိပ်သဘော မတွေ့ဘူး။ သူ့ကို နားထိုင်း နေတဲ့ လူလို ထင်ပြီ...

“ရှင့်ကို ကျွန်မနဲ့အတူ အိမ်ထဲလိုက်ခဲ့ဖို့ ခေါ်နေတာ ရှင့်” လို့ အော်ပြောလိုက်မိတယ်။

ဒါ ကျုပ်အလုပ် မဟုတ်ဘူး” ဆိုပြီး သူ ့အလုပ် သူ ဆက် လုပ်နေတယ်။ အဲဒီတည်းကပဲ ကျွန်မ အဝတ်အစားနဲ့ အမူအရာကို အကဲခတ်နေပုံလဲ ရပါတယ်။

ကျွန်မလဲ ခြံထဲကို လှည့်လျှောက်ယင်း လမ်းတခု အတိုင်း တံခါးတခုဆီကို ရောက်လာပါတယ်။ အစေခံတယောက်ယောက်များ ယဉ်ယဉ်ကျေးကျေးနဲ့ ရောက်လာမလား အထင်နဲ့ တံခါးကို ခေါက်လိုက်မိပါတယ်။ တခဏအတွင်းမှာပဲ လည်စည်းမပါတဲ့ ခပ်ပိန်ပိန် လူတယောက် တံခါးကို လာဖွင့်ပါတယ်။ ဆံပင်တွေကလဲ ဖရိုဖရဲ ဖြစ်နေတယ်။ သူ့မျက်လုံးတွေက ကက်သရင်း မျက်လုံးတွေလိုပေမယ့် ကက်သရင်း အလှမျိုးကို မဆောင်ပဲ ချောက်ချားစေတဲ့ အသွင်ကို ဆောင်နေတယ်။

“ဘာကိစ္စလဲ၊ မင်းက ဘယ်သူလဲ သူက မျက်နှာထားတင်းတင်းနဲ့ မေးတယ်။

 “ကျွန်မ ဟိုတုန်းကတော့ အစ္စဗယ်လာလင်တန်ပါ၊ ရှင် ကျွန်မကို အလျင်က တွေ့ဖူးပါတယ်ရှင်၊ နောက်တော့ ကျွန်မ ဟိကလစ်ကို လက်ထပ်လိုက်တာကြောင့် သူ ကျွန်မကို ဒီကို ခေါ်လာတာပါရှင်၊ ဒါဟာလဲ ရှင့်ဆီက ခွင့်တောင်းပြီး ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်”

ဩ၊ သူ ပြန်လာပြီပေါ့လေ” သူ ့ရုပ်သွင်မှာ မွတ်သိပ်နေတဲ့ ဝံပုလွေတကောင်နဲ့ တူနေပါတယ်။

“ဟုတ်ပါတယ်ရှင်၊ ကျွန်မတို့ ခုပဲ ရောက်လာကြတာပါ။ ဒါပေမယ့် သူ ကျွန်မကို မီးဖိုဝမှာ ထားခဲ့ပြီး အပြင် ပြန်ထွက်သွားတာကြောင့် ကျွန်မ မီးဖိုထဲဝင်လာတော့ ကလေးတယောက်နဲ့ ခွေးတကောင် တွေ့ပြီး ခွေးကို ကြောက်တာနဲ့ ဒီဘက် ထွက်လာတာပါရှင်’ လို့ ကျွန်မက ဖြေလိုက်ပါတယ်။

“ဒီကောင် ပြောတဲ့အတိုင်း လုပ်တာပါပဲလား မကြာမီ ကျွန်မ အိမ်ရှင်ဖြစ်လာတော့မယ့်လူက စကားကို ခပ်ပြတ်ပြတ် ပြောပြီး ကျွန်မနောက်ဘက် အမှောင်ထဲမှာ ဟိကလစ်ကို တွေ့မလား အထင်နဲ့ ရှာကြည့်နေလိုက်သေးတယ်။ ပါးစပ်ကလဲ သူ မကျေမချမ်း ကျိန်ဆဲနေပါသေးတယ်။

ကျွန်မအဖို့တော့ ဒီတံခါးပေါက် ရောက်လာတာကိုပဲ မှားပြီလို ့ ထင်လာလို ့ သူ ကျိန်ဆဲ ပြောဆိုတာ မပြီးခင်မှာပဲ နေရာက ပြန်ထွက်သူားဖို့ စိတ်ကူးမိပါတယ်။ ဒါပေမယ့် ကျွန်မ အဲဒီနေရာက ပြန်မထွက်သွားပီမှာပဲ သူက အထဲကို ဝင်ဖို့ပြေးတာနဲ့ အထဲဝင်လိုက်ယင်ပဲ တံခါးကို ပြန်ပိတ်ပြီး ကန့်လန့် ထိုလိုက်ပါတယ်။ အခန်းထဲမှာ မီးလင်းဖိုကြီးဟာ အကြီးကြီးပါ၊ အခန်းကျယ်ကြီး တခုလုံး ထိန်ထိန်လင်းနေပါတယ်။ အခန်း ကြမ်းပြင်တွေကတော့ ခပ်မှုန်မှုန်ပါပဲ။ ကျွန်မ ငယ်ငယ်က တငေးတမော ဖြစ်ခဲ့ရတဲ့ ဟိုစဉ်တ အရောင် တဖိတ်ဖိတ် လက်နေခဲ့တဲ့ ပန်းကန်ခွက်ယောက်ဆိုတာတွေဟာ ခုတော့ ဖုန်က်ပြီး အရောင်တွေ မှိန်နေကြပြီလေ။ ကျွန်မက အိမ်ဖော် ထယောက်ခေါ်ပြီး အိပ်ခန်း အပြင်ခိုင်းရမလားလို့ သူ့ကို မေးလိုက်မိတယ်။ မစ္စတာ အန်းရှောက ဘာမျှ ပြန်မဖြေပါဘူး။ သူက အပေါ်အင်္ကျီအိတ်ထဲ လက်နှိုက်ပြီး ကျွန်မ ရှိနေတာကိုတောင် မေ့နေသလို အခန်းထဲမှာ လူးလာ လျှောက်နေပါလေရော။ သူ့ကြည့်ရတာဟာ တစုံတခုကို အလေးအနက် တွေးနေသလို ထင်ရရဲ့။ ဒါကြောင့် ကျွန်မလဲ သူ့ ကို အနှောင့်အယှက် မပေးရဲ သလို ဖြစ်နေတော့တယ်။

မအံ့သြနဲ့ အယ်လင်ရေ။ ဒီအချိန်ကတော့ ကျွန်မဟာ ကမ္ဘာမြေပေါ်မှာ ကျွန်မ ချစ်မြတ်နိုးတဲ့ လူတွေ ရှိနေကြတဲ့ သာယာ ချမ်းမြေ့ဖွယ် ကျွန်မအိမ်က လေးမိုင်အကွာမှာ ရှိတဲ့ ဖော်ရွေ လှိုက်လှဲမှုမရှိတဲ့ မီးလင်းဖိုဘေးမှာ အထီးတည်း ဘဝမျိုးထက် ဆိုးရွားတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့နေရတာပါပဲရှင်။ အဲဒီ လေးမိုင်လောက် အကွာအဝေးကိုပဲ ကျွန်မအဖို့တော့ မဟာ သမုဒ္ဒရာကြီး ခြားနားသလို မကျော်လွှား၊ မဖြတ်သန်းနိုင်တဲ့ အခြေအနေပါ အယ်လင်။ ဒီတော့ ကျွန်မလေ ကျွန်မကိုယ် ကျွန်မ ဘယ်နေရာမှာများ စိတ်လက်ချမ်းသာနေနိုင်မှာလဲလို့ မေးမိပါတယ်။ ကျွန်မ စိတ်လဲ ညစ်ပါရဲ့။ ဒီအကြောင်းတွေကိုတော့ အက်ဂါနဲ့ ကက်သရင်းကို ပြန်မပြောလိုက်ပါနဲ့နော်။ ဒီလေထန်ကုန်းအိမ်ကြီးမှာ ဟိကလစ်ကို ဆန့်ကျင်ရာမှာ မိတ်ဖက်ပြုနိုင်မယ့် လူဆိုလို့လဲ တယောက်မှ ရှာမတွေ့သလိုပဲ။ တနည်းအားဖြင့်တော့လဲ ကျွန်မအဖို့ သူနဲ့ချည်းသာ ဆက်ဆံရမှာမို့ ဝမ်းသာစရာပဲလို ့ ဆိုနိုင်တာပဲ မဟုတ်လား ... အယ်လင်။ သူကိုယ်တိုင်ကလဲ သူ မှုစရာမလိုဘူးဆိုတဲ့ လူတွေကြား ရောက်လာတာကို သိထားပြီးပုံပဲ။

ကျွန်မဟာ စိတ်ပျက်အားငယ်ပြီး တောင်တွေး မြောက်တွေးနဲ့ တချိန်လုံး ထိုင်နေမိတယ်။ နာရီ ရှစ်ချက်သံ၊ ကိုးချက်သံကို သတိပြုမိတယ်။ မစ္စတာ အန်းၡာကတော့ ခေါင်းငိုက်စိုက်ချပြီး

ဘာမှလဲ မပြောပဲ အခန်းထဲမှာသာ လူးလာခေါက်တုံ လျှောက်နေသလေ။  ကျွန်မကတော့ တနေရာရာကများ မိန်းမသံ ကြားရမလားဆိုပြီး နားစွင့်ထားမိသေးတယ်။ အဲဒီတုန်းမှာပဲ မစ္စတာအန်းရှောဟာ လမ်းလျှောက်နေရာက ရပ်ပြီး ကျွန်မကို စိုက်ကြည့်လာပြန်တယ်။ ကျွန်မလဲ ဒါကို အခွင့်ကောင်းပဲလို့ သဘောထားပြီး ….

“ကျွန်မ ခရီးပန်းလာလို့ အိပ်ရာဝင်ချင်ပါပြီ၊ အမျိုးသမီး အစေခံ တယောက်နဲ့ တွေ့ချင်ပါတယ်၊ သူ ကျွန်မဆီ ာနိင်ယင်လဲ ကျွန်မ သူ့ကို သွားတွေ့ပါမယ်” လို ့ ဖြတ်ကနဲ ပြောလိုက်မိပါတယ်။

“ဒီအိမ်မှာ မိန်းမအစေခံ မရှိဘူးလို့ သူ့ဆီက အဖြေကိုလဲ ကြားရရော ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်လောက်အောင် စိတ်အားငယ်သွားတယ်။ လူကလဲ ပင်ပန်းနေပြီ မဟုတ်လား။

 ‘ဒါဖြင့်ယင် ကျွန်မက ဘယ်မှာ အိပ်ရမှာလဲလို့ ရှိုက်သံသဲ့သဲ့နဲ့ ပြောလိုက်တော့မှ သူက …

 “ဟိကလစ် အခန်းကို ဂျိုးဆက် လိုက်ပြလိမ့်မယ်၊ အဲဒီတံခါးကို ဖွင့် ဝင်သွား၊ သူ အဲဒီအခန်းထဲမှာ ရှိတယ် လို့ ပြောလိုက်တာကြောင့် ကျွန်မလဲ နေရာကထပြီး အခန်းထဲ ဝင်သွားမယ့် အလုပ်မှာ သူက ကျွန်မကို ရုတ်ကနဲ ဖမ်းဆွဲပြီး...

‘တံခါးကို သေသေချာချာ ပိတ်ပါ၊ ကန့်လန့်ထိုးထားဖို့ မေ့မနေနဲ့ဦး” လို. ထူးခြားတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။ ဒါနဲ့ ကျွန်မကလဲ...

ကောင်းပါပြီ၊ ဒါပေမယ့် ဘာဖြစ်လို့ ဒီလောက် အလုံအခြုံပိတ်ထားစရာ လိုပါသလဲ မစ္စတာ အန်းရှော ရှင်' လို့ မေးလိုက်မိတယ်။

ဒီတော့ မစ္စတာ အန်းရှောက သူ ့အပေါ် အင်္ကျီအောက်က ခပ်ဆန်းဆန်း ခြောက်လုံးပြူးကို ထုတ်ပြယင်း...

ဟောဒီမှာ ကြည့်၊ ဒါဟာ တစောက်ကန်းသမားတွေ အတွက် အကောင်းဆုံး လက်နက်ပဲကွ၊ မဟုတ်ဘူးလား၊ ကျုပ်ဟာ ဆိုယင် ဒီလက်နက်မပါပဲ အပေါ်ထပ်ကို တက်လေ့ မရှိဘူး၊ သူ့အခန်းတံခါး ပွင့်နေတာတွေ့ရလို ့ ကျုပ်ခံရတာတွေ တွေးပြီး သူ့ အခန်းတံခါးကိုလဲ အမြဲသတိထားရတယ်၊ တခါမှာ သတ်ဖို့တောင် စိတ်ကူးပေါက်ခဲ့မိသေးတယ်၊ အေးလေ၊ မင်းကတော့ သူ ့ဆီက အချစ်ကို ရယူဖို့ တိုက်ခိုက်လာခဲ့ရတဲ့ လူကိုးကွဲ့ ၊ တချိန်ကျယင် သူ့ကို ဘယ်လို နတ်ကောင်း နတ်မြတ်တွေကမှ ကယ်တင်နိုင်ကြမှာ မဟုတ်ဘူးကွာ” လို ့လဲ ပြောသေးတယ်ရှင့်။ သူပြတဲ့ သေနတ်က တကယ့် အထူးအဆန်းပါပဲရှင်။ သေနတ်ပြောင်းမှာ နှစ်ဘက်သွား ဓားမြှောင်လဲ တပ်ထားတယ်ရှင့်။

ကျွန်မလဲ သူ့သေနတ်ကို အထူးအဆန်း သတိထား ကြည့်မိယင်း အဲဒီလို လက်နက်မျိုး တခုခု ပိုင်ချင်စိတ် ပေါက်လာသလို ဖြစ်မိတယ်။ အဲဒါနဲ့ သူ့ လက်ထဲက သေနတ်ကို ဆွဲယူလိုက်ပြီး ဓားသွားကို စမ်းကြည့်မိတယ်။ အဲဒီတော့ သူက ကျွန်မကို တထူးတဆန်း တအံ့တဩ ကြည့်လိုက်တယ်။ သူကြည့်ပုံက ကြောက်စရာပုံမျိုးတော့ မဟုတ်ပါဘူး။ သူ့သေနတ်ကို တပါးသူလက်ထဲ ရောက်သွားမှာ စိုးတဲ့ပုံမျိုးရှင့်။ သူက ကျွန်မ လက်ထဲက သေနတ်ကို တွန့်တို နှမြောတဲ့ ပုံမျိုးနဲ့ ဆတ်ကနဲ ဆွဲယူလိုက်ပြီး ဓားသွားကို ပြန်သွင်းလိုက်တယ်။ သေနတ်ကို အင်္ကျီအောက် ပြန်သွင်းလိုက်တယ်။ ပြီးတော့လဲ သူက ပြောသေးတယ်။

မင်း သူ့ကို ပြောပြလဲ ကျုပ် ကတော့ ဂရု မစိုက်ဘူး၊ သူ့အတွက်သာ မင်းက အကာအကွယ်ပေးပြီး စောင့်ကြည့်နေပေါ့၊ တို့ ဘယ်လိုပုံစံနဲ့ ဆက်ဆံနေကြရတယ် ဆိုတာ မင်း သိမှာပေါ့၊ သူ့ အန္တရာယ်က မင်းကိုတော့ ဒုက္ခပေးမှာ မဟုတ်ပါဘူး”တဲ့။

ဒီတော့ ကျွန်မကလဲ.

'ဟိကလစ်က ရှင့်ကို ဘာလုပ်လို့လဲ၊ ရှင် ဒီလောက်ကြောက် စရာကောင်းအောင် သူ့ကို မုန်းနေတာ သူက ရှင့်ကို ဘယ်လို မဟုတ်တာ လုပ်ထားလို့လဲ၊ ဒီလိုဆိုလဲ သူ့ကို ဒီအိမ်ပေါ်က ဆင်းသွားအောင် လိမ်လိမ်မာမာ လုပ်ပါလား” လို့ ပြန်ပြောလိုက်မိတယ်။

အဲဒီမှာတွင် အန်းရောက “ဒါ မဖြစ်ဘူး” လို့ သံကုန် အော်လိုက်ပြီး “ကျုပ် သူ့ကို မောင်းချလို့ မရဘူး၊ မင်း အဲဒီလို လုပ်ယင်လဲ မင်းဟာ လူသတ်သမား ဖြစ်သွားမှာပဲ၊ ဘယ်လိုမှ ပြန်မရနိုင်အောင် အားလုံး ဆုံးရှုံးရမှာပဲ၊ ဟယ်ယာတန်လဲ သူတောင်းစား ဖြစ်ရုံပဲ၊ အင်း အလကား ပါပဲ။ ကျုပ် ပစ္စည်းတွေကို ပြန်ရချင်တယ်၊ ကျုပ် ရွှေတွေကိုလဲ ပြန်ရချင်တယ်၊ ပြီးတော့ သူ့ကို သတ်ချင်တယ်၊ သင်းကိုလဲ ငရဲပို့ပစ်ရမယ်၊ အခုတော့ဟေ့ သင်းကို ဟိုတုန်းက ထက်တောင် ဆယ်ဆလောက် မုန်းလာပြီ” လို့ ဆက် ပြောပြန်ပါတယ်။

အယ်လင်၊ ရှင်လဲ ရှင့်သခင်အကြောင်း သိသားပဲ။ သူ့ကို ကြည့်ရတာ ရူးနေသလိုပဲ။ ကျွန်မ သူ့နားမှာ ဆက်နေဖို့တောင် ကြောက်လာတယ်။ သူ့ မျက်နှာထားကလဲ သုန်မှုန်နေလိုက်တာ။ သူလဲ စိတ် ကယောက်ကယက်နဲ့ လမ်းလျှောက်ပြန်တာနဲ့ ကျွန်မလဲ တံခါးမင်းတုပ်ကို ဖွင့်ပြီး မီးဖိုဘက်ကို ဝင်ခဲ့တော့တယ်။

ဂျိုးဆက်ဟာ မီးဖိုဘေးမှာ ခါးကိုင်းပြီး မီးဖိုပေါ်က ဒယ်အိုးကြီးတခုကို စိုက်ကြည့်နေတယ်။ အနားမှာလဲ ထမင်းအိုးကြီးတလုံး အသင့်ရှိတယ်။ ဒယ်အိုးထဲမှာ ချက်ပြုတ်နေတာတွေဟာ ဆူပွက်စ ပြုလာပြီ။ ဂျိုးဆက်ဟာ အိုးထဲက စားစရာကို ပြင်ဆင်နေတာပဲလို့ ထင်တယ်။ လူကလဲ ဆာလာပြီ။ ဒါကြောင့် ကျွန်မလဲ “စားမှပဲဟေ့” လို့ အော်ပြောယင်း ကျွန်မ ခေါင်းပေါ်က ဦးထုပ်နဲ့ မြင်းစီးတန်ဆာပလာတွေကို ဖယ်လိုက်တယ်။ ပြီးတော့ “မစ္စတာ အန်းရှောလွှတ်လိုက်လို့ လာခဲ့တာ၊ ဆာနေတော့ ကျွန်မ ဘာမှ မလုပ်နိုင်ဘူး ́ လို့ ပြောပစ်လိုက်တယ်။

ဒီတော့ ဂျိုးဆက်က ဘုရားရေ” လို့ ခပ်ညည်းညည်း ပြောယင်း ထိုင်ချလိုက်တယ်။ ပြီးတော့လဲ “ငါ့မှာလဲ သခင်တယောက်ကနေ နှစ်ယောက်ဖြစ်၊ ခုတော့ သခင်မ တယောက်တောင် တိုးလာ ပါကလား၊ ငါဒီနေရာက ထွက်သွား ဖြစ်လိမ့်မယ် မထင်ခဲ့ပေမယ့် ခုတော့ ဒီမှာ ဆက်နေလို့မှ ဖြစ်ပါတော့မလား မသိဘူး  ́လို့ ခပ်ညည်းညည်း ပြောလိုက်သေးတယ်။

ကျွန်မ သူပြောနေတာကို ဂရုမစိုက်ပါဘူး။ လုပ်စရာရှိတာကိုသာလုပ်ဖို့ ဇောသန်နေတယ်။ ပျော်စရာတခုလို့ မှတ်ယူပြီး ထမင်းပြင်ဖို့ ဇိုးဇိုးဇတ်ဇတ် လုပ်လိုက်တယ်။ စိတ်ထဲကလဲ ကိုယ့်အိမ်မှာကိုယ် လွတ်လွတ်လပ်လပ် ပြင်ဆင် စားသောက်ရသလို ထင်လာတယ်။ အဲဒီတော့ ထမင်းတွေဟာ အနားက ရေခွက်ထဲ ဖိတ်ကျကုန်တော့တာပေါ့။ အဲဒါကိုလဲ မြင်ပါလေရော ဂျိုးဆက်က ...

သွားပြီ၊ ဟယ်ယာတန်ရေ မင်း ဒီညတော့ ထမင်း မစားရတော့ဘူး၊ ဖိတ်တာနဲ့ ကုန်ပြီ” လို့ ပြောလိုက်ပြန်ပါတယ်။ ကျွန်မလဲ ပန်းကန်ထဲကို စားစရာ ထည့်လိုက်ပြီး “ကျွန်မ တခြား သွားစားမယ်၊ ရှင်တို့ အိမ်မှာ ဧည့်ခန်းလို ဟာမျိုး မရှီဘူးလား” လို့ မေးလိုက်တော့ ဂျိုးဆက်က လှောင်သလို လေသံနဲ့...

ဧည့်ခန်း၊ ဟုတ်လား၊ ကျုပ်တို့မှာ ဧည့်ခန်း မရှိဘူးဗျ၊ ဘာလဲ၊ ခင်ဗျားကလေး ကျုပ်တို့ကို သဘောမကျယင် ကျုပ်တို့ သခင်ဆီကို သွားနိုင်တယ်၊ သခင်ကို သဘောမကျယင် ကျုပ်တို့ ဆီကို လာနိုင်တယ်လို့ ပြောတာကြောင့်...

ကျွန်မ အပေါ်သွားမယ်၊ အခန်းကိုသာ ပြပါလို့ ပြောပစ် လိုက်တယ်။

ကျွန်မလဲ စားစရာဗန်းကို ကိုင်ပြီး အိမ်ပေါ် တက်လာခဲ့တယ်။ အဘိုးကြီးကလဲ ပါးစပ်က ဗျစ်တီးဗျစ်တောက် ပြောယင်း ကျွန်မနောက်ကနေ လိုက်လာတယ်။ အပေါ်ထပ် အတက်အခန်းကို သူက ဖွင့်ပေးတယ်။ အပေါ်ထပ် ထပ်ခိုးမှာ အခန်းတွေ ရှိပါတယ်။ ကျွန်မလဲ အပေါ်ထပ် အခန်းတွေကို ဖြတ်သွားယင်း အကဲခတ်မိတယ်။ အဲဒီမှာ ဂျိုးဆက်က ရိက္ခာတွေ ထားတဲ့ အခန်းတခုကို ဖွင့်ပြတယ်။ ကျွန်မလဲ ဒေါသဖြစ်သွားပြီး.

ဒါအိပ်တဲ့အခန်းလား ရှင့်၊ ကျွန်မအိပ်ခန်းကို ကြည်ချင်တယ်' လို့ ပြောပစ်လိုက်တော့ သူက...

“အိပ်ခန်း၊ ဟုတ်လား၊ တွေ့ရပါစေမယ်ဗျာဟောဟိုဘက်က ကျုပ် အိပ်ခန်းပါပဲ” လို့ လှောင်သလို ပြောယင်း တဘက်က အခန်းကို ညွှန်ပြတယ်။ အဲဒီအခန်းက ခုနက အခန်းထက်တောင် ပိုပြီး စုတ်ချာသေးတယ်။ ကျွန်မလဲ ပိုပြီး စိတ်ဆိုးလာတယ်

“ရှင့်အခန်းကို ကျွန်မက ဘာလုပ်ရမှာလဲ၊ ကျွန်မ ပြောနေတာက မစ္စတာဟိကလစ် အခန်း ရှင့်၊ သူ ဒီအိမ်ပေါ်မှာ မနေဘူးလား” လို့ ပြောလိုက်တော့မှ ...

“ဩ...ခင်ဗျား ကလေးက မစ္စတာ ဟိကလစ် အခန်းကို ကြည့်ချင်တာကိုး၊ အဲဒီလိုဆိုလဲ စောစောက ပြောရောပေါ့။ ဒါပေမယ့် ခင်ဗျားကလေး သူ ့အခန်းကို ဝင်လို့ရမှာ မဟုတ်ဘူးဗျ၊ သူ့ အခန်းကို သူက အမြဲသော့ခတ်ထားတာ၊ ဘယ်သူမှလဲ မဝင်ရဘူး” လို့ ပြောထယ်။

ကျွန်မလဲ စိတ်မရှည်နိုင်တော့တဲ့ အတွက် လောလောဆယ် ကျွန်မနေရမယ့် အခန်းကိုသာ ပြခိုင်းမိတော့တယ်။ ဂျိုးဆက်က ဘာမှ နှုတ်တုံ့မပြန်ပဲ လျှောက်သွားလို့ ကျွန်မလဲ သူနောက် လိုက်ခဲ့တယ်။ အခန်းတခန်းရှေ့မှာ သူ ရပ်လိုက်တယ်။ ဒီအခန်းကတော့ မဆိုးပါဘူး။ အကောင်းဆုံး အခန်းလို့တောင် ထင်တယ်။ ပရိဘောဂတွေကလဲ အကောင်းစားတွေ ချည်းပါ ကော်ဇောတချပ်လဲခင်းထားတယ်။ ကျွန်မက အခန်းထဲဝင်မယ် လုပ်နေတုန်းမှာပဲ

အဲဒါကတော့ သခင့်အခန်းပဲ” လို့ ဂျိုးဆက်က ပြောလိုက်တယ်။

အဲဒီအချိန်မှာ ကျွန်မ ထည့်ယူလာတဲ့ စားစရာတွေလဲ အေးကုန်ပြီ။ ကျွန်မမှာလဲ စားချင်သောက်ချင်စိတ် မရှိတော့ဘူး။ စိတ်ကလဲ မရှည်တော့ဘူး။ ဒါကြောင့် ကျွန်မက ကျွန်မနားဖို့ အခန်းတခန်းပြဖို့ ထပ်ပြောလိုက်တယ်။ ဒီတော့ ဂျိုးဆက်က -

“အလိုလေးဗျာ၊ ဒါ အခန်းအကုန်ပဲဗျ၊ ဟယ်ယာတန် ကလေးအတွက် အခန်းပေါက်စကလေးပဲ ကျန်တော့တယ်၊ ဒီအိမ်မှာ အဲဒီ အခန်းတွေကလွဲလို့ တခြားအခန်း မရှိဘူးဗျ” လို့ ပြောလိုက်တော့ ကျွန်မဖြင့် တခါတည်း စိတ်ကုန်သွားတာပဲ။ လက်ထဲမှာကိုင်ထားတဲ့ စားစရာဗန်းကို ကြမ်းပြင်ပေါ် ပစ်ချလိုက်တယ်။ ပြီးတော့ လှေကားထိပ်မှာပဲ ထိုင်ချလိုက်တယ်။ မျက်နှာကို လက်ဝါးပ်ပြီး ငိုလိုက်ပါတော့တယ်။ ဒီတော့တခါ ဂျိုးဆက်က ကျွန်မ ပစ်ချလို့ ကွဲသွားတဲ့ အိုးခွက်ပန်းကန်တွေ ကိစ္စ ပြောပြီး အောက်ထပ်က သူ ့အခန်းကို ပြန်ဆင်းသွားတယ်။

ကျွန်မဟာ အမှောင်ထဲမှာ ကျန်ခဲ့တယ်။ ကျွန်မအဖို့ တမ်းတစရာတွေကို တမ်းတမိတော့တယ်။ စိတ်ပျက်အားငယ်မှုလဲ ဖြစ်လာတယ်။ မာနလဲ ထားလိုက်မိတယ်။ အဲဒီတုန်းမှာပဲ မပျော်လင့်တဲ့ အကူအညီတခု ရောက်လာတယ်လို့ ဆိုရမယ်။ ခွေးတကောင်ရဲ့ ပုံသဏ္ဌာန် ပေါ်လာတယ်။ ဒီခွေးကို ကျွန်မ ကောင်းကောင်း မှတ်မိတာပေါ့။ အဲဒါ ကျွန်မတို့ အိမ်ကခွေး စကုလတာရဲ့ သားလေ။ သူငယ်ငယ်က ကျွန်မတို့ အိမ်မှာ နေခဲ့တယ်။ နောက်တော့ ကျွန်မတို့ဖေဖေက မစ္စတာ ဟင်ဒလီကို လက်ဆောင်ပေးလိုက်လို့ ခု ဒီလေထန်ကုန်းမှာ ရောက်နေတာပေါ့။ အဲဒီ ခွေးဟာ ကျွန်မကို သိနေတယ်လို.ထင်တယ်။ ကျွန်မကို နှာခေါင်းနဲ့ ဝှေ့ပြီး နှုတ်ဆက်တဲ့သဘော ပြတယ်။ ပြီးတော့ ဖိတ်ပြီး ပြန့်ကြဲနေတဲ့ အစားအသောက်တွေကို အငမ်း မရ စားတော့တာပဲ။ ကျွန်မလဲ အိုးခွက်ပန်းကန် အကွဲတွေကို သိမ်းဆည်း၊ ကြမ်းပြင်ပေါ်မှာ ဖိတ်ကျနေတာတွေကို ရှင်းလင်း လိုက်ပါတယ်။ အဲဒီတုန်းမှာ အောက်ထပ်ကနေပြီး မစ္စတာ အန်းရှော တက်လာတဲ့ အသံကြားလို့ ကျွန်မလဲ တံခါးရွက်နားမှာ ပုန်းနေလိုက်တယ်။ ခွေးကလေးကတော့ သူ့သခင်နဲ့ တွေ့သွားတယ်။ ကျွန်မ အဖို့တော့ ကံကောင်းတယ် ဆိုရမယ်။ အန်းရှောဟာ ကျွန်မကို မတွေ့ပဲ ဖြတ်သွားတယ်။ သူ့နောက်က နေပြီး ဂျိုးဆက်နဲ့ ဟယ်ယာတန်လဲ ပါလာတယ်။ ကျွန်မက ဟယ်ယာတန် အခန်းထဲ ဝင်သွားတော့ ဂျိုးဆက်ဟာ ကျွန်မကို တွေ့သွားပြီး ရိက္ခာ အခန်းထဲမှာ နားချင်နားဖို့ ပြောတာနဲ့ ကျွန်မလဲ ရိက္ခာထားတဲ့ အခန်းထဲ ဝင်လာတယ်။

အခန်းထဲ ရောက်တာနဲ့ မီးဖိုဘေး ကုလားထိုင်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး ချက်ချင်းပဲ အိပ်ပျော်သွားတော့တယ်။ မကြာခင်ပဲ မစ္စတာဟိကလစ် အခန်းထဲဝင်လာပြီး ကျွန်မကို နှိုးတယ်။ ကျွန်မကို တယုတယလုပ်ပြီး ဒီအခန်းထဲ ရောက်နေရတဲ့ အကြောင်းကို မေးတာနဲ့ ကျွန်မလဲ အခြေအနေကို ပြောပြလိုက်တယ်။ အဲဒီတော့ သူလဲ သူ့အခန်းသော့ကို လှမ်းပေးတယ်။

နောက်တော့ သူက ကက်သရင်း နေမကောင်းတဲ့အကြောင်း ပြောပြီး ကက်သရင်း နေမကောင်းရတာ အစ်ကိုကြောင့်လို့ ပြောတယ်။ ဒါကြောင့် ကျွန်မဟာ ကျွန်မအစ်ကို ကိုယ်စား တန်ပြန် ခံစားရမှာပဲလို့လဲ ပြောသေးတယ်။

ကျွန်မ သူ့ကို မုန်းလိုက်တာ အယ်လင်ရယ်။ တကယ်တော့ ကျွန်မ အရူးထခဲ့တာပဲ။ ခုတော့ ကျွန်မ ဒုက္ခလှလှကြီး တွေ့ပြီလေ။ ကျွန်မ အိမ်ကြီးဘက်ကို နားစွင့်နေရပြီလေ။ ကျွန်မ ရှင့်ကို နေ့တိုင်း မျှော်နေမိတော့မှာပဲ။ ကျန်မကို စိတ်မပျက်ပါနဲ့ အယ်လင်ရယ်။

အစ္စဗယ်လာ

Comments