လေထန်ကုန်း_အခန်း (၁၅)_ကျော်လှိုင်ဦး

 

အခန်း [ ၁၅ ]

နောက်ထပ် ရက်သတ္တပတ် ကုန်ဆုံးသွားလေပြီ။ ကျွန်ုပ်အဖို့ မကြာမီ ကျန်းမာလာတော့မည် နွေဦးလည်း ရောက်လုပေပြီ။ ကျွန်ုပ်မကျန်းမာစဉ် အတွင်း ကျွန်ုပ်ထံသို့ ရောက်လာသူများထံမှလည်း ကျွန်ုပ်၏ အိမ်နီးချင်း အကြောင်း တချို့ကို ကြားရပါ၏။ သို့သော် ကျွန်ုပ်သည် မစ္စက်ဝင်း ပြောပြသည့် အတိုင်းသာ ပြန်လည် ဖော်ပြချင်ပါသည်။ မစ္စက်ပင်းသည် စကားပြောကောင်းသူ ဖြစ်၏။ သူပြောပုံ ပြောနည်းကို ကျွန်ုပ် ထပ်တွန့်ခြင်း မစွမ်းသာပါ။ ထို့ကြောင့် သူပြောသည့် အတိုင်း ဆက်လက်ဖော်ပြရပါသည်။

 

လေထန်ကုန်း အိမ်ကြီးသို့ ရောက်ခဲ့သော ညနေပိုင်းတွင် ကျွန်မသည် ဟိကလစ် ပေးလိုက်သော စာကို ယူလာခဲ့ရပါသည်။ သို့သော် ထိုစာကို ကက်သရင်းအား ပေးလိုက်မိ၍ ဖြစ်ပေါ်လာမည့် အခြေအနေကို မမှန်းဆတတ်သဖြင့် ကျွန်မသည် ကျွန်မသခင် အပြင်သို့ ထွက်သွားမည့် အခြေအနေကို စောင့်ပြီး စာကို ရုတ်တရက် မပေးဖြစ်ပဲ ရှိခဲ့ပါ၏။ ဤသို့ဖြင့် စာသည် ကက်သရင်းလက်သို့ မရောက်ပဲ သုံးရက် ကြာမြင့်ခဲ့ပါလေသည်။ စတုတ္ထမြောက်နေ့ကား တင်္ဂနွေနေ့ ဖြစ်ပါသည်။ အိမ်က လူတွေ ဘုရားရှိခိုးကျောင်းသို့ သွားကြသော အချိန်တွင် ကျွန်မသည် စာကို ကက်သရင်းထံသို့ ယူလာခဲ့ပါ၏။ ထိုအချိန်၌ ကျွန်မတို့ အိမ်ကြီးတွင် ယောက်ျား အစေခံတယောက်သာ ကျွန်မနှင့်အတူ အလုပ်လုပ်ရန် ကျန်ခဲ့ပါသည်။ ထိုသို့ တအိမ်လုံး ဘုရားရှိခိုးကျောင်း သွားကြသော အခါမျိုးတွင် ကျွန်မတို့သည် တအိမ်လုံး တံခါးများကို သော့ခတ်ထားလေ့ရှိပါသည်။ သို့သော် ယနေ့မူ ရာသီဥတုကလည်း သာတောင့် သာယာ ရှိသဖြင့် တံခါးများကို ဖွင့်ထားလိုက်ပါသည်။ တကြောင်းမှာလည်း ထိုနေ့တွင် မည်သူလာမည်ကို သိထားပြီး ဖြစ်သောကြောင့် တံခါးများကို ဖွင့်ထားလိုက်ခြင်း ဖြစ်ပါ၏။ ကျွန်မသည် အိမ်တွင် ကျန်ခဲ့သည့် အခြားသော အစေခံအား သခင်မက လိမ္မော်သီး စားချင်သည် ဟူသော အကြောင်းပြချက်ဖြင့် ရွာဘက်သို့ လိမ္မော်သီး အဝယ်လွှတ်လိုက်ပါသည်။  သူအိမ်မှ ထွက်သွားလျှင် ကျွန်မသည် အိမ်ပေါ်သို့ တက်ခဲ့ပါ၏။

မစ္စက်လင်တန်သည် အဝတ်ကို ဖရိုဖရဲ ဝတ်ထားပြီး ပခုံးပေါ်တွင် ရှောစောင်ပါးကလေး တထည်ကို လွှမ်းလျက် ဖွင့်ထားသော ပြတင်းတံခါးနားတွင် ခါတိုင်းလိုပဲ ထိုင်နေပါသည်။ ရှည်လျား ထူထဲသော် ဆံပင်စတို့သည် ရိုးရိုးပြီးသင်ထားသဖြင့် ဆံယဉ်စတို့သည် ပါးချိုင့်နှစ်ဘက်ပေါ်မှ ဖြတ်လျက် လည်ပင်းပေါ် ဝဲကျနေပါ၏။ ကျွန်မ ဟိကလစ်ကို ပြောခဲ့သလိုပင် သူ့ရုပ်သွင်ကား ပြောင်းလဲနေပါပြီ။ သို့သော် ယခုလို ငြိမ်ငြိမ်ကလေး နေနေသောအခါမျိုး၌ သူ အလှမှာ နတ်မယ်လျကလေးနှင့်မခြား ရှိနေပါ၏။ မျက်လုံးတွေကမူ အိပ်မက် မက်နေသယောင် တွေဝေနေသယောင် ရှိပါ၏။ ထိုမျက်လုံးတို့သည် အဝေးကို မျှော်ငေး နေကြပါလေ၏။ ဖြူဖပ်ဖြူရော် ဖြစ်နေသော သူ့မျက်နှာပြင်သည် ပြန်လည်ကျန်းမာလာသော အရိပ်အရောင် သန်းလာပြီ ဖြစ်လင့်ကစား အတွင်းစိတ် အခြေအနေကို ဖော်ပြလျက် ထူးခြားသော အသွင်ကို ဆောင်နေ၏။ သူ့မျက်နှာသွင်ပြင်သည် အားရဖွယ် မရှိလှသေးပေ။

သူ့ရှေ့တွင် စာအုပ်တအုပ်ကို ဖြန့်ထားပါသည်။ စာရွက်များသည် လေထဲတွင် တဖျပ်ဖျပ် ဖြစ်နေကြ၏။ ဤစာအုပ်မှာ လင်တန် ဖြန့်ပေးသွားခဲ့ဟန် ရှိလေသည်။ စင်စစ် ကက်သရင်း စာ မဖတ်သည်မှာ ကြာလေပြီ။ လင်တန်သည် သူ့ ဇနီးသည်အား တနေရာရာတွင် အာရုံစိုက်နေစေရန် အလို့ငှာ စာအုပ်ကို သူ့ရှေ့တွင် ချပေးသွားခဲ့ဟန်တူ၏။

ဂျင်မာတန် ဘုရားရှိခိုးကျောင်းဘက်မှ ခေါင်းလောင်းသံများကား မြည်ဆဲ ဖြစ်၏။ ချိုင့်ဝှမ်းဘက်ဆီမှ လွင့်ပျံလာသောအသံသည် နားဝင်ငြိမ့်ညောင်း သာယာဖွယ် ကောင်းလှပါပေသည်။ ဤအိမ်ကြီးဝန်းကျင်ရှိ သစ်ပင်များတွင် သစ်ရွက်များ ဝေစည်နေသော အခါမျိုး၌ သစ်ရွက်ချင်း ရိုက်ခတ်သံသည် ချိုချို သာသာ ရှိလှပါ၏။ ယခုကား လွှင့်ပျံလာသော ခေါင်းလောင်းသံသည် သစ်ရွက်ချင်း ရိုက်ခတ်သံကို အစားထိုးနေဘိသကဲ့သို့ ရှိချေ၏။ လေထန်ကုန်းဘက်တွင်ကား နှင်းခဲများ အရည်ပျော်ပြီးစ ကာလများ၌လည်းကောင်း၊ မိုးရာသီနောက်ပိုင်း ရက်များ၌ လည်းကောင်း သာယာ ညင်းပျောင်းသော အသံများ ရိုက်ခတ်တတ်သည်ကို ကြားကြရမြဲ ဖြစ်လေသည်။ ကက်သရင်းသည် လေထန်ကုန်းဘက်က လွင့်ပျံလာသော အသံများကို နားစိုက်ယင်း လေထန်ကုန်းကို သတိရ အောက်မေ့နေဟန် ရှိလေသည်။ သူ့ရှေ့မြင်ကွင်း မှုန်ဝါးလာသော အခါမျိုး၌ သူ့အကြား၊ သူ့အမြင်တို့သည်လည်း အမှတ်မထင်တော့ပဲ ရှိတတ်လေသည်။

ကျွန်မသည် သူ့အပါးသို့ အသာအယာ ချဉ်းကပ်သွားပြီး …..

"ရှင့်အတွက် စာတစောင်ပါ မစ္စက်လင်တန်" ဟု ပြောဆိုလျက် လှမ်းပေးယင်း 'စာကို အခုချက်ချင်း ဖတ်ပေးပါ၊ ချက်ချင်း အကြောင်းပြန်ရမှာ ဖြစ်ပါတယ်။ ကျွန်မ ဖွင့်လိုက်ရမလား' ဟု တဆက်တည်း ပြောပေးလိုက်ပါသည်။

သူသည် မျက်လုံးအစုံကို စူးစိုက်ထားမြဲနေရာတွင်ပင် ထားလျက် …

'အင်း' ဟု ခပ်တိုတို ဖြေပါ၏။

ကျွန်မသည် စာအိတ်ကို ဖောက်ပြီး စာကို လှမ်းပေးယင်း …

'ဖတ်လေ' ဟု လှမ်းပေးလိုက်ပါသည်။

ဒူးပေါ်တွင် တင်ထားသော သူ့လက်သည် အောက်ဘက်သို့ ကျသွားသဖြင့် ကျွန်မကပင် ပြန်ပင့်တင် ပေးလိုက်ပါ၏။ ထို့နောက် ကျွန်မသည် သူ့ဘေးတွင် အခြေအနေကို စောင့်ကြည့်နေပါသည်။ သူသည် စာဆီသို့ အာရုံမရောက်နိုင်သဖြင့် …

'ကျွန်မ ဖတ်လိုက်ရမလားရှင်၊ မစ္စတာ ဟိကလစ်ဆီက စာပါ' ဟု ပြောလိုက်ပါ၏။

သူသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားပါလေသည်။ အောက်မေ့စိတ်များ ရုတ်ခြည်း ဝင်လာပုံရပါသည်။ အတွေးစဉ်ကိုလည်း အစီအစဉ်တကျဖြစ်အောင် ကြိုးစားနေပုံရလေသည်။ အတန်ကလေး ကြာမှပင် စာရွက်ကို ကိုင်၍ ဖတ်ပါလေတော့သည်။ စာအဆုံးက လက်မှတ်ကို ဖတ်ယင်း သက်ပြင်းချလိုက်ပါသည်။ ယခုအထိ သူသည် သူ၏ လွှင့်ပျံနေသော စိတ်တို့ကို စုစည်းနိုင်ခြင်း ရှိသေးပုံမပေါ်ပါ။ ကျွန်မကို စိုက်ကြည့်ပြီး တစုံတခုကို မေးလိုဟန် ရှိလေသည်။ သူ့အဖို့ သတိပေးစရာ လိုအပ်သည် ထင်သဖြင့် ကျွန်မကပင် ….

'သူ ရှင့်ကို တွေ့ချင်နေပါတယ် သခင်မ၊ အခု သူ ဥယျာဉ်ထဲမှာ ရှိပါတယ်။ ကျွန်မ ဘာ သွားပြောရမလဲရှင်' ဟု ပြောလိုက်ရပါတော့သည်။

ကျွန်မ ပြောနေစဉ်မှာပင် နေရောင်အောက် မြက်ခင်းပေါ်တွင် ခွေးကြီးတကောင်သည် နားကို စွင့်လျက် ဟောင်တော့မည် ပြုစဉ် ဝင်လာသူသည် သူစိမ်းတရံဆံဟု မထင်သဖြင့် ခွေးကြီးသည် အမြီးကို နံ့လိုက်ပါလေ၏။ မစ္စက် လင်တန်သည်လည်း ရှေ့ဘက်သို့ ခါးကို ညွတ်၍ အသက်ကိုမျှပင် မရှူပဲ နားစွင့်နေပါလေတော့သည်။ အောက်ထပ် အခန်းတွင်းသို့ ဝင်လာသော ခြေသံကို ကြားလိုက်ရပြီးနောက် ဟိကလစ်သည် အခန်းထဲသို့ ဝင်လာပါလေ၏။ ဟိကလစ်သည် ကျွန်မ အရာရာကို ကြိုတင် စီစဉ်ထားပြီးဟု လက်ခံထားဟန် ရှိချေသည်။ ကက်သရင်းကမူ သူ့အခန်းအဝင်တံခါးဆီသို့သာ စူးစိုက် ကြည့်နေလေတော့သည်။ ထိုစဉ်မှာပင် ကက်သရင်းသည် ကျွန်မအား ဟီကလစ် အခန်းမှားဝင်မိမည် စိုး၍ သွားရောက် ကြိုဆိုစေပါ၏။ သို့သော် ကျွန်မ အခန်းတံခါးသို့ မရောက်မီမှာပင် ဟိကလစ်သည် အခန်းထဲသို့ တန်းဝင်လာပြီး ကက်သရင်း အပါးသို့ ရောက်လာကာ ကက်သရင်းကို ပွေ့ဖက်လိုက်ပါလေတော့သည်။

ငါးမိနစ်ခန့် ကြာသည်အထိ ဟိကလစ်သည် စကားလည်း မပြော၊ ဖက်ထားသော လက်အစုံကိုလည်း လျှော့ဖြေခြင်း မပြုပဲ ကက်သရင်းကိုသာ အဆက်မပြတ် နမ်းရှုပ်နေပါလေတော့သည်။ ကက်သရင်းကလည်း ဟိကလစ်ကို ပထမအကြိမ်အဖြစ် ပြန်လည် နမ်းပါ၏။ ဟိကလစ်ကမူ ကက်သရင်းအားသာ ငုံ့စိုက်ကြည့်နေပါလေ၏။ ဟိကလစ်လက်ထဲတွင် ကက်သရင်းသည် မိန်းမူးနေဟန် ရှိပါသည်။

“အို ကေသီရယ်၊ ကိုယ့် ဘဝကလေးရယ်၊ ကိုယ် မခံရပ်နိုင်တော့ ပါလားကွယ်' ဟိကလစ်သည် စိတ်ပျက်ခြင်းကိုပင် ဖုံးကွယ်မထားနိုင်တော့ပဲ ရေရွတ် မြည်တမ်းလိုက်ပါ၏။ သူသည် ကက်သရင်းကို စိုက်ကြည့်ယင်း မျက်လုံးအိမ်၌ မျက်ရည်စများ ရီဝေလာပါလေသည်။ ထိုမျက်ရည်တို့မှာ သွယ်စီးကျမလာပဲ ဒုက္ခဝေဒနာ၏ အပူရှိန်ဖြင့် လောင်မြိုက်ကြကုန်လေတော့သည်။

ကက်သရင်းသည် နောက်ဘက်သို့ လှမ်းမှီယင်း ဟိကလစ်အား ရီဝေသော မျက်လုံးတို့ဖြင့် တုံ့ ပြန်ကြည့်လျက် …

“ရှင်နဲ့ အက်ဂါဟာ ကျွန်မအသည်းကို ခွဲနေကြတာပဲ ဟိကလစ်၊ ရှင်တို့ နှစ်ယောက်စလုံးကတော့ ရှင်တို့ဟာ သနားစရာ လူတွေအဖြစ် ပူဆွေးသောက ရောက်နေကြလေရဲ့၊ ကျွန်မ ရှင်တို့ကို မသနားဘူး၊ တကယ်ပဲ မသနားဘူး၊ ရှင်တို့ဟာ ကျွန်မကို သတ်နေတာပဲ၊ မလိုပဲ ရှင်တို့က အသားယူနေတယ်လို့ ကျွန်မ ထင်တယ်။ ရှင်တို့ဟာ ယောက်ျားကောင် လူစွမ်းလူသန်ကြီးတွေပါရှင်” လှုပ်လှုပ်ရှားရှား စိတ်ထားဖြင့် ပြောဆိုပါလေသည်။

 ဟိကလစ်သည် ကက်သရင်းကို ပွေ့ဖက်ရန် ဒူးတဘက်ထောင်လျက် ထိုင်မည်ပြုကာ နေရာမှ အထ၌ ကတ်သရင်းက ဟိကလစ် ဆံပင်ကို ဆွဲပြီး နေရာမှာပင် ထိုင်စေပြီး စကားကို လေးလေးစားစား ဆက်ပြောပြန်ပါလေ၏။

“ကျွန်မလေ ကျွန်မတို့ နှစ်ယောက်စလုံး သေတဲ့အထိ ဖက်ထားချင်လိုက်တာ၊ ရှင် ဘယ်လို ခံစားနေရတယ်ဆိုတာ ကျွန်မအဖို့ အရေးမကြီးပါဘူး၊ ရှင် ခံစားရတာတွေကိုလဲ ကျွန်မ ဂရုမစိုက်ဘူး၊ ဘာလို့ကော ခံစားနေချင်ရတာလဲကွယ်၊ ရှင် ကျွန်မကို မမေ့တော့ဘူးလား၊ ကျွန်မ အသက်ရှင်လျက် ရှိနေယင် ရှင် ဝမ်းသာမှာလား၊ နောင် အနှစ် နှစ်ဆယ် ကြာတဲ့အခါ ကျွန်မ သေလို့ရှိယင် "ဤသည်ကား ကက်သရင်း အန်းရှော၏ ဂူသင်္ချိုင်းတည်း၊ ကျွန်ုပ်သည် သူ့ကို ကာလမြင့်စွာ ချစ်မြတ်နိုးခဲ့ရပါ၏။ သူ့ကိုဆုံးရှုံးရသည့်အတွက် ကျွန်ုပ်သည် သောကဝေဒနာကို ခံစားရပါ၏။ သို့သော် ယခုကား ဤအဖြစ်တို့သည် ကုန်လွန်ခဲ့ချေပြီ။ ကျွန်ုပ်သည် ထိုအခါမှစ၍ မြောက်မြားလှစွာသော လူတို့ကို ချစ်ခဲ့လေပြီ၊ ကျွန်ုပ်၏ သားသမီးတို့သည် ကျွန်ုပ်အား ကျွန်ုပ် သူကို့ ချစ်သည်ထက်ပင် ပို၍ ချစ်မြတ်နိုးကြလေ၏။ ကျွန်ုပ် ကွယ်လွန်သောအခါ၌ ကျွန်ုပ် သူရှိရာသို့ သွားရမည် ဖြစ်သော်လည်း ပျော်ရွှင်မည် မဟုတ်ပါတကား။ ကျွန်ုပ်သည် သားမြေးတို့ကို ခွဲခွာသွားရသည့်အတွက်သာ ဝမ်းနည်းပူဆွေးခြင်း ဖြစ်ရပေအံ့” လို့ မပြောဘူးလား၊ ပြောစမ်းပါ၊ ရှင် ဒီလို ပြောမှာပဲ မဟုတ်လား ဟိကလစ်ရယ်”

'မင်း ကိုယ့်ကို မင်းကလေးလို ရူးသွားအောင် မနှိပ်စက်ချင်စမ်းပါနဲ့လား ကေသီရယ်'

ဟိကလစ်သည် ငိုလျက် ပြောယင်း ခေါင်းကို ကက်သရင်း ရင်ခွင်မှ ထွန်းထွက်လိုက်ပါ၏။ အံကိုလည်း ကြိတ်ထားလေသည်။

ထိုနှစ်ယောက် အဖြစ်ကား ကျွန်မအဖို့ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတခုလို ဖြစ်နေပါလေတော့သည်။ ကက်သရင်းသည် မိမိ၏ ကိုယ်ကျင့်တရားကိုသာ ထည့်မတွက်လျှင် ကောင်းကင်ဘုံသို့ပင် ရောက်နေသည့်အလား သုခချမ်းသာ ပြည့်စုံနေပါလေ၏။ သူ့မျက်နှာ ဟန်ပန်မူရာကား အပြစ်တင် မခံရအောင် ခွင့်တောင်းနေဘိသကဲ့သို့ ရှိ၏။ ပါးပြင်သည် ဖြူရော်နေ၏။ နှုတ်ခမ်းများမှာလည်း ဖြူရော်ရော် ဖြစ်နေ၏။ မျက်လုံးများမှလည်း အရောင်သည် တခါတခါမှသာ လွှင့်စဉ်လာနေ၏။ ကက်သရင်းသည် ဟိကလစ်ကို အခိုင်အမာ ဖက်ထားဆဲ ဖြစ်သည်။ ဟိကလစ်သည် သူ့လက်တဘက်ကို မြှောက်ပြီး ကက်သရင်း၏ လက်တဘက်ကို ဖယ်လိုက်သည်။ ထို့နောက် ကက်သရင်း၏ ဖက်ထားသော လက်မှ ရုန်းထွက်လိုက်၏။

“မင်း သေခါနီး အခြေအနေမျိုးမှာ ဒီလို စကားမျိုး ပြောရအောင် မင်းကို မကောင်းဆိုးဝါး တကောင်က သိမ်းပိုက်လိုက်တာပဲ၊ ဒီစကားက ကိုယ့်အသည်းမှာ အရာထင် ကျန်ခဲ့ပြီဆိုတာ မင်း မတွေးမိဘူးလား၊ မင်း မရှိတော့တောင် ဒီစကားတွေဟာ ကိုယ်နဲ့အတူ ကျန်ခဲ့ကြမှာပဲ၊ မင်းက ကိုယ် မင်းကို သတ်နေတာလို့ပြောတယ်။ ဒါဟာ မင်း ညာတာပဲဆိုတာ မင်းကိုယ်တိုင် သိပါတယ်၊ မင်း သေသွားတဲ့ နောက်မှာ ကိုယ် ငရဲခံနေ ရသလို ခံရအောင် မင်းလုပ်တာပဲ မဟုတ်လား ကေသီ”

ဟိကလစ်သည် နေရာမှ ထပြီး မိမိကိုယ်ကို မထိန်းနိုင် မချုပ်နိုင် ပြောချလိုက်ပါတော့ သည်။

"ကျွန်မလဲ အေးအေးချမ်းချမ်း နေစရာ အကြောင်း မရှိပါဘူး ဟိုကလစ်ရှယ်”

ကက်သရင်းက ခပ်ညည်းညည်း ပြောလိုက်ပါသည်။ ကက်သရင်းမှာ အားနည်းနေသည့်အလျောက် တဘက်က ခပ်ထန်ထန် မာမာ ပြောလာသောကြောင့် ပို၍ပင် ကတုန်ကယင် ဖြစ်လာပါ၏။ သူ့နှလုံးခုန်ဟန်ကို မြင်သာသကဲ့သို့ နှလုံးခုန်သံကိုလည်း ကြားလာရပါသည်။ ကတ်သရင်းသည် သူ၏ မူလ စိတ်ထိခိုက်လွယ်သော ဝေဒနာ ပြန်ထလာသဖြင့် စကားကို မဆက်နိုင်ပဲ ဖြစ်နေပြီး အတန်ကြာမှပင် 'ကျွန်မ ပူဆွေးသောက ဖြစ်ရတာထက် ပိုပြီး ရှင် ပူဆွေးသောက ဖြစ်စေလိုတဲ့ ဆန္ဒမျိုး ကျွန်မမှာ မရှိပါဘူး ဟိကလစ်ရယ်၊ ကျွန်မက ကျွန်မတို့နှစ်ယောက် ဘယ်တော့မှ ကွေကွင်း မသွားစေချင်ဘူး။ စကားတခွန်းကြောင့် ရှင့်စိတ် ဆင်းရဲရတယ်ဆိုယင် ကျွန်မလဲ စိတ်ဆင်းရဲရတယ်လို့ သဘောထားပါ၊ ဒီတော့ ကျွန်မကို ခွင့်လွှတ်ပါ ဟိကလစ်ရယ်၊ ကျွန်မနားကို လာပြီး ဒူးထောက်လှည့်စမ်းပါဦးလားကွယ်၊ ရှင့်ဘဝ တလျှောက်လုံးမှာ ရှင် ကျွန်မကို တခါမျှ ဒုက္ခမပေးခဲ့ဖူးပါဘူး၊ လာစမ်းပါကွယ်၊ ရှင် ဒီနားကို လာစမ်းပါဦး' ဟု ပြောပြန်ပါလေ၏။

ဟိကလစ်သည် ကက်သရင်း ထိုင်နေသော ကုလားထိုင် နောက်ဘက်သို့ ပြန်လာပြီး ကက်သရင်းကိုယ်ပေါ် နောက်ဘက်မှနေ၍ ငုံ့လိုက်ပါ၏။ သို့သော် ခံစားမှုဖြင့် ရီဝေနေသော သူ့မျက်လုံးအစုံကို ကတ်သရင်း မမြင်သာအောင် မျက်နှာလွှဲထားသည်။ ကတ်သရင်းက နောက်ဘက်သို့ လှည့်ကြည်လိုက်သည်။ ထိုအခါ ဟိကလစ်က သူ့မျက်နှာကို လွှဲပြန်၏။ ထို့နောက် ရုတ်ခြည်းပင် မီးလင်းဖိုဘက်သို့ လျှောက်သွားပြီး ကျွန်မတို့ကို ကျောခိုင်းလျက် ဘာမျှမပြောပဲ ရပ်နေလိုက်ပြန်ပါသည်။ မစ္စက်လင်တန်သည်မူ ဟိကလစ်၏ လှုပ်ရှားမှုတိုင်း နောက်သို့ မျက်လုံးစူးစိုက်ကာ ငေးကြည့်နေပါလေသည်။ သူ့မျက်လုံးများက သူ့အတွင်း ဝေဒနာကို ဖော်ပြနေဘိ၏။ ကတ်သရင်းသည် ခဏမျှ ငြိမ်လျက် ဟိကလစ်ကို စိုက်ကြည့်ပြီး စိတ်ပျက်သော လေသံဖြင့် …

“တွေ့လား နယ်လီ။ သူ ကျွန်မကို သင်္ချိုင်း ဂူဘဲ ထည့်လိုက်တဲ့ အချိန်မှာတောင် ကျွန်မအပေါ် အကြင်နာ မထားထာ၊ အဲဒါပဲပေါ့၊ ကျွန်မကို ချစ်တယ်ဆိုတာ၊ ကိစ္စမရှိပါဘူးလေ၊ ခုဟာက ကျွန်မရဲ့ ဟိကလစ်မှ မဟုတ်တော့ပဲကိုး၊ ကျွန်မကတော့ ဟိုတုန်းက ဟိကလစ်ကို ချစ်နေဦးမှာပဲ။ ကျွန်မနဲ့အတူ သူ့ကို ခေါ်သွားမှာပဲ၊ သူက ကျွန်မရဲ့ ဝိညာဉ်ပဲ နယ်လီ” ဟု ပြောယင်း ဆင်ခြင်တုံတရားစွက်လျက် “ကျွန်မဟာ ဒုက္ခ အကျဉ်းထောင်မှာ အကျဉ်းခံနေရသူပါ၊ ကျွန်မပင်ပန်း လှပါပြီ၊ ကျွန်မ အပြင်ဘက် ကမ္ဘာမှာ အမြဲတမ်း လွတ်လွတ် လပ်လပ် နေချင်တာပါ နယ်လီ။ ဒါပေမယ့် တမြည့်မြည့် နာနေရတဲ့ နှလုံးသားနံရံကို ထွင်းဖောက်ပြီး မမြင်သာအောင် မျက်ရည်တံတိုင်းက ကာဆီးထားခြင်းကို ခံနေရတဲ့ သူပါ၊ တကယ် အစစ်အမှန်က ကျွန်မ အဖို့ လွတ်လပ်ခြင်း ကမ္ဘာကို မရောက်ရပဲ အကျဉ်းထောင်မှာသာ စံနေရတာပါ၊ နယ်လီရယ်၊ ရှင်ကလေ ကျွန်မထက် ကံကောင်းပါတယ်။ ကျန်းမာရေးလဲ ပြည့်စုံတယ်။ ခွန်အားလဲရှိတယ်၊  ခု ရှင်က ကျွန်မအတွက် စိတ်မကောင်း ဖြစ်ရတယ် ဆိုပေမယ့်၊ မကြာခင်ပဲ ပြောင်းလဲ သွားမှာပါ၊ ကျွန်မကသာ ရှင့်အတွက် ဝမ်းနည်းရမှာပါ၊ အဲဒီကျယင် ကျွန်မက ရှင်နဲ့ မနှိုင်းသာတဲ့ဘဝမျိုး ရောက်ရတော့မှာလေ၊ ဒါတောင် သူ ကျွန်မအနားကို မလာဘူးနော်၊ ကျွန်မထင်ပါတယ်၊ သူ ကျွန်မနားကို လာချင်တယ်လို့၊ ဟိကလစ်၊ အချစ်ရယ်၊ ရှင် စိတ်ကောက်မနေပါနဲ့ကွယ်၊ လာခဲ့စမ်းပါ ဟိကလစ်ရယ်” ပြောပြန်ပါလေ၏။

ကက်သရင်းသည် ပြောယင်းပင် စိတ်အားထက်သန်လာပြီး ကုလားထိုင် လက်ရန်းကို အားယူလျက် နေရာမှ ထပါလေတော့သည်။ ထိုစဉ်မှာပင် ဟိကလစ်သည် ကက်သရင်းဘက်သို့ လှည့်လာပြီး ကယောင်ကတမ်း ဖြစ်နေသော အသွင်ဖြင့် စူးစိုက် ကြည့်လာပြန်ပါ၏။ သူ့မျက်လုံးအစုံကား ပြုံးလျက် မျက်ရည်များဖြင့် စိုရွှဲနေ၏။ ရင်အုံမှာလည်း တလှပ်လှပ် လှုပ်ရှားနေပါလေသည်။ ကျွန်မ၏ မျက်စိအောက်မှာပင် နှစ်ယောက်စလုံး၏ လှုပ်ရှားမှုသည် မြန်လှစွ၏။ ကက်သရင်း အထ လိုက်တွင် ဟိကလစ်သည် ကက်သရင်းကို ပွေ့ဖက်မိလျက်သား ဖြစ်သွားပါ၏။ သူတို့နှစ်ဦးစလုံး တင်းတင်းကျပ်ကျပ် ပွေ့ဖက်ပြီးသားဖြစ်သွားပါသည်။ ကျွန်မ ဘာမှ မသိလိုက်ပါ။ ကက်သရင်းသည် ဟိကလစ် ရင်ခွင်တွင် သတိမေ့သွားဟန် တူပါသည်။ ကျွန်မ စိတ်တွင် ကက်သရင်း အသက် ပြန်လည်မလာနိုင်တော့ဟုပင် ထင်လိုက်မိပါသည်။ ဟိကလစ်သည် ကက်သရင်းကို ပွေ့ဖက်လျက်သား အနားရှိ ကုလားထိုင်တွင် ထိုင်ချလိုက်ပြီး ကျွန်မကို အံကြိတ်လျက်ကြည့်ယင်း ခွေးရူးတကောင်လိုပင် ပါးစပ်မှ အမြှုပ်ထလာပါ၏။ ကျွန်မမှာ ဘာပြောရမှန်း မသိအောင် ဖြစ်နေပါလေတော့သည်။

ခဏချင်းမှာပင် ကတ်သရင်းသည် ပြန်လည် သတိရလာသဖြင့် ကျွန်မမှာ သက်သာရာ ရပါလေ၏။ သူသည် ဟိကလစ်၏ လည်ပင်းကို သိုင်းဖက်လိုက်ပြီး ပါးချင်းအပ်လိုက်ပြန်ပါသည်။ ထိုစဉ်မှာပင် ဟိကလစ်က …

“မင်း ဘယ်လို ရက်စက်ခဲ့တယ်။ ဘယ်လို လိမ်ညာခဲ့တယ် ဆိုတာ ပြောပြနေတာပါကလား ကေသီရယ်၊ မင်းကိုယ့်ကို ဘာဖြစ်လို့ မလေးမစား လုပ်ခဲ့ရတာလဲကွယ်၊ မင်းဘာပြုလို့ ကိုယ့်နှလုံးသားကို ကိုယ် သစ္စာဖောက်ခဲ့ရတာလဲကွယ်၊ ကိုယ့်မှာ မင်းအတွက် ဖြေသိမ့်စရာ စကား မရှိပါကလားကွယ်၊ တကယ်တော့ မင်းဟာ ကိုယ့်ကိုယ်ကိုယ် သတ်ခဲ့တာပါကလား၊ ဟုတ်တယ်ကေသီ၊ မင်းကိုယ့်ကို နမ်းပါ၊ မင်းငိုပါ၊ အနမ်းနဲ့ မျက်ရည်တွေကို ရောထွေးပစ် လိုက်စမ်းပါကေသီ၊ အဲဒါတွေက မင်းကို အပြစ်တင်ကြမှာပဲ၊ ပြောစမ်းပါ ကေသိရယ်၊ မင်းကိုယ့်ကို ချစ်တယ်ဆို ဒါဖြစ်ယင် မင်းကိုယ့်ကို ဘာဖြစ်လို့ စွန့်ပစ်သွား ရတာလဲကွယ်၊ ဒုက္ခတွေ ပင်လယ်ဝေပြီး ဘဝမှာ သိက္ခာကျဆုံးလို့ သေခြင်းသို့ ရောက်တဲ့တိုင်အောင် ဘုရားသခင်ကပဲ ဖြစ်ဖြစ်၊ နတ်ဆိုးကပဲဖြစ်ဖြစ် တို့နှစ်ယောက် ကွေကွင်းကြရအောင် မပြုလုပ်ပါပဲ၊ မင်းကသာ မင်းအစ်ကို ဆန္ဒအတိုင်း လုပ်ခဲ့တယ် မဟုတ်လား ကေသီ၊ ကိုယ် မင်းအသည်းကို ခွဲခဲ့တာ မဟုတ်ပါဘူးကွယ်၊ မင်းကသာ ကိုယ့်အသည်းကို ခွဲခဲ့တာပါ။ မင်းကတော့ မင်းက မင်းအသည်းကိုလဲ မင်းခွဲတယ်၊ ကိုယ့်အသည်းကိုလဲ မင်း ခွဲတယ်၊ ကိုယ့်အဖို့ ပိုဆိုးတာက ကိုယ့်အသည်းက မင်းထက် မာတာကိုး၊ ကဲ၊ ဒီတော့ကော ကိုယ်က အသက်ရှင် နေချင်ပါမလား မင်းကိုယ်တိုင် သင်္ချိုင်းကုန်းရောက်တဲ့ အချိန်မှာ ကိုယ်က တယောက်တည်း နေချင်ရပါ့ မလား ကေသီရယ် ́ ဟု ဂမူးရှူးတိုး ပြောပါလေတော့သည်။

“တော်ပါတော့ ဟိကလစ်ရယ်၊ တော်ပါတော့၊ ကျွန်မ တယောက်တည်း နေစမ်းပါရစေလားကွယ်”

ကက်သရင်းသည် ပြောယင်းပင် ရှိုက်သံပါလာလေ၏။

“ကျွန်မ အပြုအမူတွေ မှားတယ်ဆိုယင် ကျွန်မဟာ အဲဒီပြစ်မှုအတွက် သေရတော့မှာပါ၊ ဒါလောက်ဆို ကျေနပ်ပါတော့ကွယ်၊ ကျွန်မ ရှင့်ကို နှောင်ဖွဲ့ရာက ဖြေမလွှတ်ချင်ပေမယ့်ကျွန်မကို ထားရစ်ခဲ့ပါတော့ ဟိကလစ်ရယ်၊ ကျွန်မ ရှင့်ကို ခွင့်လွှတ်ပါတယ်ကွယ်၊ ကျွန်မကိုလဲ ခွင့်လွှတ်ပါနော်'

'ကိုယ့်မျက်လုံးတွေကို ကြည့်စမ်းပါ အချစ်ရယ်၊ ကိုယ့်ရဲ့ လွတ်ဟာနေတဲ့ လက်တွေကို ကြည့်စမ်းပါ၊ ကိုယ် ဘယ်လိုလုပ် ခွင့်လွှတ်နိုင်မှာလဲကွယ်၊ ကိုယ့်ကို နမ်းစမ်းပါဦး အချစ်ရယ်၊ ကိုယ် မင်း မျက်လုံးတွေကို ကြည့်ပါရစေ၊ မင်း ဘာပဲ လုပ်ခဲ့လုပ်ခဲ့ ကိုယ် ခွင့်လွှတ်ပါတယ် ကေသီရယ်၊ ကိုယ်လေ မင်းက ကိုယ့်ကို သတ်နေတာတောင် ချစ်နေတာပါကွယ်'

ထို့နောက် သူတို့နှစ်ဦးစလုံး စကားစ ပြတ်သွားကြပါ၏။ မျက်နှာချင်းဆိုင်အပ်လျက် တယောက်မျက်ရည်ကို တယောက်မျက်နှာနှင့် သိမ်းဆည်းပေးနေကြပါလေသည်။ ကျွန်မစိတ်ကမူ နှစ်ဦးစလုံး ဆက်လက် ငိုကြွေးနေသည် ထင်ပါ၏။

ထိုစဉ်မှာပင် ကျွန်မသည် နေမထိ ထိုင်မသာ ဖြစ်လာပါလေ၏။ အကြောင်းကား နေလုံးသည် အနောက်ဘက်သို့ တမ်းစ ပြုလာသောကြောင့် ဖြစ်လေသည်။ ကျွန်မ လိမ္မော်သီး ဝယ်ခိုင်းလိုက်သော အစေခံသည်လည်း ပြန်ရောက်လာပေပြီ။ ဂျင်မာတန် ဘုရားရှိခိုးကျောင်း ပရိတ်သတ်လည်း ပြန်လာကြလေပြီ။ ကျွန်မသည် မနေသာတော့ပေ။

'ကဲ ဘုရားရှိခိုးတာလဲ ပြီးပြီ၊ သခင်လဲ နောက် နာရီဝက်ဆို ပြန်လာတော့မယ်' ဟု ပြောလိုက်ပါသည်။

ဟိကလစ်သည် ကတ်သရင်းကို တိုး၍ ဖက်ယင်း ခပ်ညည်းညည်း ကျိန်ဆဲလိုက်ပါ၏။ ကတ်သရင်းကား မလှုပ်မချောက်။

ဘုရားရှိခိုးကျောင်းမှ ပြန်လာသော အစေခံများသည် လမ်းမအတိုင်း ပြန်လာကြပြီး မီးဖိုဘက်သို့ လျှောက်သွားကြသည်ကို တွေ့လိုက်ရ၏။ သည်လိုဆို မစ္စတာ လင်တန်လည်း နောက်ဘက်က လိုက်လာပေတော့မည်။ သူသည် ဝင်းထဲအဝင် တံခါးမကြီဂကို ကိုယ်တိုင်ဖွင့်ပြီး သာယာသော ညနေပိုင်း၏ နွေးထွေးသော လေကို ရှုရှိုက်ရင်း ခပ်ဖြည်းဖြည်း ဝင်လာပါလေသည်။

'သူပြန်လာပြီ' ကျွန်မ အလန့်တကြား အော်လိုက်မိပါသည်။ 'ကဲ၊ ရှင် မြန်မြန်ပြန်ပါတော့၊ အိမ်ရှေ့ လှေကားအဆင်းမှာ ဘယ်သူနဲ့မှ မတွေ့မှ ဖြစ်မယ်၊ မြန်မြန်လုပ်ရှင်၊ ခြံထဲဆင်းပြီး သစ်ပင်တွေကြားမှာ ခဏလောက် အောင်းနေလိုက်ပါရှင်”

ဟီကလစ်သည် သူ့ချစ်သူ လက်မှ ရုန်းထွက်လိုက်ပြီး...

“ကိုယ်သွားမှ ဖြစ်မယ် ကေသီ၊ ကိုယ် ခြံထဲမှာ ရှိနေမယ်၊ မင်း ပြတင်းပေါက်နဲ့ ငါးဂိုက်လောက်မှာ ကိုယ် ရှိနေမယ်၊ မင်း မှအိပ်ခင် ကိုယ်လာတွေ့ပါဦးမယ်' ဟု ပြောလိုက်ပါသည်။

ကက်သရင်းကမူ သူ့လက်မှ ရုန်းနေသော ဟိကလစ်ကို အားကုန် တင်းကျပ်စွာ ပွေ့ဖက်ထားယင်း…

“ရှင် မသွားရဘူး၊ မသွားရဘူး၊ ကျွန်မ ရှင့်ကို ပြောစရာရှိတယ်' ဟု ဆိုပြန်ပါ၏။

 “တနာရီလောက်ကလေးပါကွယ်” ဟု ဟိကလစ်က တောင်းပန်ပါသေး၏။

“ရှင် ကျွန်မနားက တမိနစ်တောင် ခွဲထွက်မသွားပါနဲ့.. ဟိုကလစ် ရယ်'

“မဟုတ်ဘူး ကေသီ၊ လင်တန် အပေါ်တက်လာလိမ့်မယ်” ဟိကလစ်သည် လင်တန်ကို လုံးဝ ရင်မဆိုင်လိုဟန် ရှိလေသည်။ သူသည် နေရာမှ ထပြီး သူ့အား ဖက်တွယ်ထားသော ကက်သရင်း၏ လက်ချောင်းများကို ဖယ်ရှားနေ၏။ ကက်သရင်းကမူ ဟိကလစ်ကို ပို၍ မြဲမြံစွာ ဖယ်တွယ် နေပါလေသည်။ ကက်သရင်းမျက်နှာမှာ အရူးတယောက်လို ဖြစ်နေပါ လေပြီ။

“မသွားရဘူး” ကက်သရင်းသည် စူးစူးဝါးဝါး အော်လိုက်ပါလေ၏။ “ရှင်၊ ရှင် မသွားရဘူး ဟိကလစ်၊ ဒါ နောက်ဆုံး တွေ့ကြရတာပါ ဟိကလစ်ရယ်၊ အက်ဂါလဲ ရှင့်ကို ရန်ပြုမှာ မဟုတ်ပါဘူး၊ ဟိကလစ်ရှယ် ကျွန်မ သေရပါတော့မယ်၊ သေရတော့မှာပါ”

“ဟိုမှာ သူလာနေပြီ၊ တိတ်တိတ် နေစမ်းပါ အချစ်ရယ်၊ စကားမပြောနဲ့နော် ကက်သရင်း၊ ကိုယ် နေပါ့မယ်ကွယ်၊ သူ သေနတ်နဲ့ပစ်ယင်တောင် ကိုယ် ဆုမွန်တောင်းယင်း အသေခံသွားပါ့မယ် ကေသီရယ်'

သူတို့ကား တဦးကို တဦး ပွေ့ဖက်နေကြပြန်ပါလေသည်။ ကျွန်မ သခင် တက်လာသော ခြေသံများကို ကြားလာရလေပြီ။ ကျွန်မ နဖူးတွင် စောချွေးတွေ ပြန်လာကြပါလေပြီ။ ကျွန်မမှာ ထိတ်ထိတ်ပျာပျာ ဖြစ်နေပါပြီ။ ကျွန်မ မနေသာတော့ပါ။

“ဟိကလစ်၊ သူ သွေးရူးသွေးတန်း ပြောနေတာတွေကို ဘာဖြစ်လို့ နားထောင်နေရတာလဲရှင်၊ သူ့ဟာသူ ဘာပြောနေတယ်ဆိုတာ သိတာ မဟုတ်ဘူးရှင့်၊ သူ့ကို မဖျက်ဆီးချင်ပါနဲ့ ဟိကလစ်ရှယ်၊ ရှင် ထပါ၊ ရှင်မြန်မြန်သွားပါ ရှင် ဒီလို လုပ်နေယင် ကျွန်မတို့ အားလုံး ဒုက္ခ ရောက်ကုန်တော့မှာပဲ”

ကျွန်မသည် ဟိကလစ်ကို ဇွတ်ဆွဲပြီး အော်ပြောလိုက်ပါ၏။ ထိုအတွင်းမှာပင် မစ္စတာ လင်တန် အခန်းထဲသို့ အပြေးဝင်လာသော အသံကို ကြားလိုက်ရပါ၏။ ကျွန်မ ဗျာများနေစဉ်မှာပင် ကက်သရင်း၏ ဟိကလစ်ကို ဖက်ထားသော လက်များ လျော့ပြေသွားပြီး ခေါင်းသည်လည်း ငိုက်စိုက်ကျသွားပါလေ၏။

ကျွန်မစိတ်ထဲတွင် ကက်သရင်း မြောသွားပြီလား၊ သေသွားပြီလား ဟုပင် ထင်လိုက်မိပါသည်။ သေသွားလျင်လည်း ကောင်းတာပဲဟု သဘောရလိုက်မိပါ၏။ သူ့အဖို့ ပင်ပန်းကြီးစွာ ခံစားနေရတာနှင့် စာလျှင် တခါတည်း သေသွားတာက ပိုကောင်းလိမ့်မည်ဟု ကျွန်မ ထင်ပါသည်။

အက်ဂါသည် အခန်းထဲရောက်လာပြီး ဟိကလစ်ဆီကို ဒေါသတကြီး ရောက်သွားပါလေ၏။ သူ ဘာလုပ်မည်ကို ကျွန်မ မပြောတတ်ပါ။ ဟိုကလစ်က အသက်မရှိတော့သည့် အသွင် ပေါက်နေသော ကက်သရင်းကို ပွေ့ပိုက်ထားယင်း မလှုပ်မချောက် ဖြစ်နေပါလေ၏။

“ရော့၊ ခင်ဗျား ကျုပ်ကို ရန်မပြုခင် သူ့ကို ပြုစုလိုက်ပါဦး၊ ပြီးတော့မှ ခင်ဗျား ကျုပ်ကို ပြောချင်တာပြောပေါ့ ဟိကလစ်သည် ကက်သရင်းကို လင်တန်လက်သို့ ပေးခဲ့ပြီး သူကိုယ်တိုင်မူ ဧည့်ခန်းဘက်သို့ ထွက်သွားကာ ဧည့်ခန်းထဲတွင် ထိုင်နေလိုက်ပါလေတော့သည်။ မစ္စတာ လင်တန်သည် ကျွန်မကို ခေါ်သဖြင့် ကျွန်မသည် မစ္စတာလင်တန်နှင့် ကက်သရင်းအပါးသို့ ရောက်သွားပြီး ကက်သရင်း သတိပြန်ရအောင် ပြုစုရပါလေ၏။ ကက်သရင်းသည် စိတ်နောက်ကျု ရှုပ်ထွေးနေပါသည်။ သူ မည်သူ့ကိုမှ မသိပါ။ သက်ပြင်းကို ချချည်၊ ညည်းတွားချည် လုပ်နေပါ၏။ အက်ဂါသည် ဇနီးအတွက် စိတ်ပူပန်နေသဖြင့် သူ မုန်တီးလှစွာသော ဟိကလစ်ကိုပင် မေ့နေပါလေ၏။

ကျွန်မကား ဟိကလစ်ကို မမေ့နိုင်ပါ။ သူ ဤနေရာမှ မြန်မြန် ထွက်ခွာသွားစေရန် အခွင့်အလမ်းကိုသာ ရှာနေမိပါသည်။ ကက်သရင်းသည် အခြေအနေ ကောင်းလာလျှင်ပင် ကျွန်မသည် သူ့ထံသို့ သွား၍ ကက်သရင်း အခြေအနေမှာ ကောင်းလာပြီဖြစ်ကြောင်း၊ ယခုမူ သူဤနေရာမှ ထွက်ခွာသွားသင့်ကြောင်း၊ ကက်သရင်း၏ ညနေပိုင်း အခြေအနေကို မနက်ဖြန်တွင် ကြားရမည်ဖြစ်ကြောင်း ပြောလိုက်ပါ၏။ ထိုအခါ ဟိကလစ်က..

“ကျွန်တော် မသွားဘူး မပြောပါဘူး၊ ဒါပေမယ့် ဥယျာဉ်ထဲမှာတော့ နေပါရစေဦး နယ်လီရှယ်၊ မနက်ကျယင်သာ ကျွန်တော့်ကို သူ့ အခြေအနေ လာပြောဖို့ မမေ့ပါနဲ့နော်။ ကျွန်တော် ဥယျာဉ်ထဲက ဟောဟို သစ်ပင်တွေအောက်မှာ စောင့်နေမယ်။ ခင်ဗျား လာမပြောယင်တော့ လင်တန် ရှိရှိ မရှိရှိ ကျွန်တော် နောက်တခေါက် ဝင်လာဦးမှာပဲ” ဟု ပြောယင်းပင် တံခါးတဝက်ဟနေသည့် ကက်သရင်း အခန်းဘက်သို့ တချက် ဖြတ်ကနဲ ကြည့်လိုက်ပါသေး၏။ ကျွန်မစကား သေချာပုံရမှပင် သူ အိမ်ထဲက ထွက်သွားပါလေတော့သည်။

Comments