အခန်း [ ၈
]
ဇွန်လ ပထမအပတ်တွင် အန်းရှော အဆက်အနွယ်၏ နောက်ဆုံးကလေးငယ် မွေးဖွားလာပါသည်။ ထိုကလေးက ကျွန်မ ပြုစုကျွေးမွေးရမည့်ကလေးငယ်ပါတည်း။ ထိုအချိန်က ကျွန်မသည် ခပ်လှမ်းလှမ်းရှိ ယာခင်းထဲ၌ မြက်ခြောက်များကို စုစည်းနေပါသည်။ ထိုအချိန်တွင် ကျွန်မတို့ထံသို့ နံနက်စာ လာပို့မြဲ မိန်းကလေးသည် မြက်ခင်းကို ဖြတ်ပြီး မြေသွားလမ်းလေးအတိုင်း အပြေးကလေး လာရင်း ကျွန်မအား လှမ်းပြောပါလေတော့သည်။
'ချစ်စရာလေးရှင့် ၊ မွေးဖူးသမျှ ကလေးတွေထဲမှာ အချောဆုံးပဲ၊ ဒါပေမဲ့ ဆရာဝန်ကတော့ သခင်မ ဆုံးတော့မယ်လို့ ပြောတယ်၊ သခင်မမှာ ချောင်းဆိုးသွေးပါရောဂါ ဖြစ်နေတာ ကြာလှပြီတဲ့၊ သူ့သခင်ကို ပြောတာ ကျွန်မ ကြားခဲ့ရတယ်။ ခုအတိုင်းကတော့ သခင်မဟာ ကြာရှည် မခံတော့ဘူးတဲ့၊ နောက် ဆောင်း မဝင်ခင်ပဲ ဆုံးမှာတဲ့၊ မိန်းကလေးသည် အသက်ကိုပင် မရှူနိုင်ပဲ အမောတကော ဖြစ်နေပါလေသည်။ 'အဲဒါ အိမ်ကို ပြန်ခဲ့ပါ နယ်လီ၊ ကလေးကိုလဲ နယ်လီပဲ ကြည့်ရမှာ၊ နောက်ဆို နေ့ရော ညရော ကလေးကို နယ်လီပဲ နို့ဖျော်တိုက်ရမှာ၊ ကျွန်မဖြင့် ရှင့်နေရာမှာတောင် နေလိုက်ချင်သေးရဲ့၊ ဘာလို့လဲဆိုတော့ သခင်မ မရှိတော့ရင် ကလေးက ရှင့်ကလေး ဖြစ်လာမှာ မဟုတ်လား'
ကျွန်မသည် သူ့စကားကြောင့် မြက်သိမ်း ခက်ရင်းခွကို ပစ်ချပြီး ခမောက်ကြီးကို ဖြုတ်လျက် . . .
'သခင်မ အတော် အခြေနေဆိုးနေသလား ဟင်'
သူ့ကို ကြည့်ရတာတော့ သတ္တိရှိပုံပါပဲ၊ ဒါပေမဲ့ ကျွန်မအထင်တော့ သူ အခြေနေဆိုးနေတာတော့ အမှန်ပဲ၊ သူကတော့ သူ့သားကလေး လူကြီးဘဝ ရောက်တဲ့အထိ နေသွားရမယ့်အတိုင်း ပြောဆိုနေတာပဲ၊ ဒီလို ကလေးတစ်ယောက် မွေးရတဲ့ မိခင်မျိုး ဖြစ်ရမယ်ဆို ကျွန်မလည်း ဘယ်သေချင်ပါ့မလဲ၊ ကျွန်မတောင် ကလေးကို မြင်လိုက်ရတော့ အရူးအမူးဖြစ်သွားတာပဲ၊ လက်သည်အဘွားကြီးက ကလေးကို အောက်ထပ်ခေါ်လာပြီး သခင့်ကိုလဲ ပြလိုက်ရော သခင့်မျက်နှာ ဝင်းသွားတာပဲ၊ ဒါပေမဲ့ အဲ့အဘွားကြီးက ရှေ့တိုးသွားပြီး 'အန်းရှော ရှင့်အတွက် ဒီကလေး မွေးဖွားပေးသွားတဲ့ ရှင့်မယားအဖို့ ဆုမွန်ကောင်းတောင်းပေး ရလိမ့်မယ်၊ သူ ဒီကို ရောက်လာကတည်းက သူ ကြာကြာမခံဘူး ထင်ခဲ့သား၊ ဒီတဆောင်းတောင် ခံမယ် မထင်ဘူး၊ ဒီအတွက် စိတ်ညစ်မနေပါနဲ့ရှင့်၊ ကိုယ်ကကော ဘယ်တတ်နိုင်မှာလဲလို့'
'အဲဒီတော့ သခင်က ဘာပြောလဲဟင်'
'ဘုရားတနေမယ် ထင်တာပဲ၊ ကျွန်မလဲ သခင့်ကို ဂရုမစိုက်နိုင်ပါဘူး၊ ကလေးဆီကိုသာ အာရုံရောက်နေတယ်'
မိန်းကလေးသည် ကလေးအကြောင်းကို အားရပါးရ ထပ်ပြောနေပြန်ပါသည်။ ကျွန်မလည်း သူ့နည်းတူ စိတ်တက်ကြွလာပြီး အိမ်ကို အမြန် ပြန်ပြေးချစ်စိတ် ပေါက်လာပါ၏။ တဘက်ကလည်း ဟင်ဒလီအတွက် စိတ်ထိခိုက်ရပါသည်။ သူ့ဘဝတွင် တွယ်တာစရာ ဆို၍ သူ့ဇနီးနှင့် သူသာ ရှိပါသည်။ ယခု သူ့မယားကို ဆုံးရှုံးရမည်ဆိုလျှင် သူ မည်မျှ ခံစားရမည်ကို ကျွန်မ မတွေးတတ်တော့ပါ။
ကျွန်မတို့ လေထန်ကုန်း အိမ်ကြီးသို့ ရောက်သောအခါ သူ အိမ်ဝမှာ ရပ်နေပါသည်။ ကျွန်မက သူ့ကို ဖြတ်လာရင်း . . .
'ကလေး ဘယ်လိုနေသလဲ' ဟု မေးလိုက်သောအခါ . . .
'ကလေးကတော့ မာပါဗျာ' ဟု ခပ်ပြုံးပြုံး ဖြေပါသည်။
'သခင်မကော ၊ ဆရာဝန်က ပြောတော့' ကျွန်မ အရဲစွန့် မေးလိုက်သော မေးခွန်း မဆုံးခင်မှာပင် . . .
'အလကား ဆရာဝန်ပါ' စကားစကို ဖြတ်ပစ်လိုက်ပါသည်။ မျက်နှာမှာလည်း ချက်ချင်း ရဲလာပါသည်။ 'ဖရန်ဆက် နေကောင်းပါတယ်၊ နောက်တပတ်ဆို ဒီထက် ကောင်းလာမှာပဲ၊ ခင်ဗျား အပေါ်တက်မလို့လား၊ အဲ့ဒါဆိုရင် သူ့ကို ပြောပါဗျာ၊ သူစကားမပြောဘူးဆိုရင် ကျွန်တော် လာခဲ့မယ်လို့ ၊ သူ့စကားပြောလွန်းလို့ ကျွန်တော် ဆင်းလာခဲ့တာ၊ ဆရာဝန်ကလဲ သူ့ကို စကားမပြောဖို့ မှာသွားတယ်လို့ ပြောပါဗျာ'
ကျွန်မလည်း မစ္စက်အန်းရှောထံ လာ၍ သခင်က မှာလိုက်သည့်အတိုင်း ပြောပြလိုက်ပါသည်။ သူ့စိတ်မှာ ကယောင်ချောက်ချား ဖြစ်နေပုံရပါသည်။ သို့သော်လည်း သူက မြူးမြူးကြွကြွဟန်ဖြင့် . . .
'ကျွန်မက သူ့ကို စကား တခွန်းတောင် မပြောရပါဘူးရှင်၊ သူက ထွက်ထွက်သွားတာ၊ သူ မပြောစေချင်လဲ မပြောပါဘူးရှင်' ဟု ဖြေရှာပါသေးသည်။
ဖရန်ဆက်ကား သနားစရာပင်။ သေခါနီး တပတ်လောက်အထိ သူ့စိတ်ဓာတ်က ရွှင်ရွှင်ပျပျ ရှိလှပါသည်။ သခင်သည် သူ့ဇနီးအား နေကောင်းလားပြီ ဖြစ်ကြောင်း နေ့စဉ်လို အားပေးစကားပြောပါသည်။ အားပေးစကား ပြောနေသော်လည်း သခင်ကိုယ်တိုင် စိတ် ကယောက်ဂယက်ဖြစ်နေပုံ ရပါသည်။ ဆရာဝန်က ယခုအခြေအနေ၌ သူ့ဆေးတွေ အစွမ်းမပြနိုင်တော့ကြောင်း ၊ မိမိကုနေ၍ မထူးတော့ကြောင်း ပြောသောအခါမှာလည်း . . .
'ဟုတ်ပါတယ်၊ ခင်ဗျား လာဖို့ မလိုဘူးဆိုတာ ကျုပ် သိသားပဲ၊ ခုလည်း နေကောင်းသွားပြီပဲ ၊ ခင်ဗျား လာဖို့ မလိုတော့ပါဘူး၊ သူ့မှာ ချောင်းဆိုး သွေးပါ ရောဂါလည်း မရှိတော့ဘူး။ ဖျားတာ တစ်ခုပဲ၊ ဒါလည်း အခု ပျောက်သွားပါပြီ၊ သွေးခုန်နှုန်းဆိုလဲ ကျွန်တော့် အတိုင်းဖြစ်လာပြီပဲ' ဟု ချေပ ပြောဆိုခဲ့ပါလေသည်။
သခင်သည် သူ့ဇနီးအားလည်း သည်အတိုင်းပင် ပြောခဲ့သည်။ သူ့ဇနီးကလည်း သူ့ခင်ပွန်းစကားကို ယုံကြည်သည်။ သို့သော် တညတွင် သခင်မသည် သခင့်ပခုံးကို မှီလျက် မနက်ဖြန်ဆိုလျှင် သူ ထနိုင်တော့မည်ဟု ပြောမည် ပြုဆဲတွင် ချောင်းတချက် ဆိုးလာပါသည်။ ချောင်းသံမှာ တကယ့် တိုးတိုးကလေး ဖြစ်ပါသည်။ သခင်က သခင်မကို ပွေ့မလိုက်ပါသည်။ သခင်မသည် သခင့်လည်ပင်းကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်ပါသည်။ မျက်နှာ အမူအရာ ပြောင်းသွားပြီး သခင်မလည်း ကွယ်လွန်ပါလေတော့သည်။
ကောင်မလေး မျှောင်လင့်တွေးထင်ထားသည့်အတိုင်းပင် ဟယ်ယာတန်ကလေးမှာ ကျွန်မလက်သို့ လုံးလုံးလျားလျား ရောက်လာပါလေသည်။ သခင် မစ္စတာအန်းရှောမှာ ကလေးကို ကျန်းကျန်းမာမာလန်းလန်းဆန်းဆန်းဖြင့် မြင်ရလျှင်ပင် ကျေနပ်နေပါသည်။ သူ ကိုယ်တိုင်ကား ပိုပိုပြီး စိတ်တို စိတ်ဆက်လာပါသည်။ မိန်းမ ဆုံးရှုံးသွားသည့် အတွက်လည်း ပူဆွေးမနေတော့ပါ။ ငိုလည်း မငိုတော့ပါ။ ဘုရားလည်း မရှိခိုးတော့ပါ။ အချိန်ရှိသရွေ့ ဆဲလိုက် ဆိုလိုက် ဆူလိုက် ပူလိုက် ဖြစ်လာပါသည်။ လူတွေကိုလည်း မုန်းလာပုံရပါသည်။ အစေခံတွေမှာ သူ့၏ ကြမ်းတမ်းရက်စက်မှုကို တာရှည် မခံနိုင်ကြတော့ပါ။ သူ့ စရိုက်ကိုလည်း မကြိုက်နိုင်ကြတော့ပါ။ ကျွန်မနှင် ဂျိုးဆက်သာ သူနှင့် ဆက်နေနိုင်သူများ ဖြစ်လာပါ၏။ ကျွန်မကား သူနှင့် ခွဲခွာသွားရန် စိတ်မကူးပါ။ သိကြသည့်အတိုင်း ကျွန်မမှာ သူနှင့် တအူတုံ့ဆင်း မဟုတ်သော မောင်နှမများ ဖြစ်ခဲ့ကြသည် မဟုတ်လား။ ထို့ကြောင့် ကျွန်မသည် တခြားလူများထက် သူ့ကို အလွယ်တကူ ခွင့်လွှတ်နိုင်ပါသည်။ ဂျိုးဆက်ကား သီးစားသမားများ၊ အလုပ်သမားများအပေါ် လူတကာအပေါ် အနိုင့်ထက်လုပ်၍ အသက်မွေးရသူ ဖြစ်သည့်အလျောက် သီးစားများ အလုပ်သမားများအပေါ် အနိုင်ကျင့်ရန် ဆက်လက် နေထိုင်ပါလေတော့သည်။
သခင့်အပြုအမူများသည် ကက်သရင်းနှင့် ဟိကလစ်အပေါ်တွင် ပို၍ ဆိုးလာပါသည်။ အထူးသဖြင့် ဟိကလစ်အဖို့ ဟင်ဒလီသည် နတ်ဆိုးဖြစ်လာပါ၏။ ဟိကလစ်အဖို့ နေ့စဉ်နှင့်အမျှ ဟင်ဒလီ၏ ရက်စက်အနိုင်ကျင့်မှုများကို ခံလာရပါ၏။ တအိမ်လုံးမှာလည်း ဝုန်းဒိုင်းကြဲလာပါတော့သည်။ မစ္စကေသီထံသို့ အက်ဂါလင်တန် လာရောက်လည်ပတ်သည်မှအပ ကျွန်မတို့အိမ်သို့ တခြားသော မိတ်ရင်းဆွေရင်းများ အလည်မလာကြတော့ပါ။
ကေသီသည် ဆယ့်ငါးနှစ်အရွယ် ပျိုဖြစ်စ ဖြစ်သည့်အလျှောက် ဤဒေသတဝိုက်တွင် အလှဘုရင်မကလေး ဖြစ်လာပါတော့သည်။ ပေါင်းရသင်းရမည့်သူ မရှိသလိုလည်း ဖြစ်လာသည်။ မာနလည်း ကြီးလာသည်။ ဇွတ်တရွတ်နိုင်သော အကျင့်ကိုလည်း မွေးလာသည်။ သူ့တွင် ငယ်စဉ်ကလေးဘဝက အမူအကျင့်များ မရှိတော့သည့် အတွက်လည်း ကျွန်မ သဘောမတွေ့တော့ပါ။ သူ့မာနတက်ပုံနှင့် ပတ်သက်၍ ကျွန်မ အကြိမ်ကြိမ် ပြောသော်လည်း အရာမရောက်ပါ။
ကက်သရင်းမှာ လင်တန်မောင်နှမနှင့် သိကျွမ်းလာခဲ့သည့် အချိန်မှစ၍ လင်တန်မောင်နှမ နှစ်ဦးလုံး၏ ရင်းနှီးကျွမ်းဝင်မှုကို ရရှိလာပါသည်။ အက်ဂါမှာ မစ္စတာ အန်းရှောကို လန့်သော်လည်း ကျွန်မတို့ဘက်ကမူ အထိုက်အလျောက် ကြိုဆိုဧည့်ခံတတ်ပါသည်။ သခင်ကိုယ်တိုင်ကမူ မစ္စတာ အက်ဂါလာရောက်ခြင်းနှင့် ပတ်သက်၍ နားလည် သဘောပေါက်သော်လည်း တားမြစ်ခြင်း မရှိခဲ့ပါ။ ကျွန်မအထင် ပြောရလျှင် ကင်သရင်းကိုယ်တိုင်ကလည်း အက်ဂါကို သဘောတွေ့လှပုံ မပေါ်ပါ။ ကေသီသည် ခရာတတ်၊ တာတတ်သော မိန်းကလေး မဟုတ်ပါ။ ထို့ကြောင့် လင်တန်မောင်နှမ ခဏခဏ လာလည်ခြင်းကိုလည်း သဘောကျလှဟန် မပေါ်ပါ။ အထူးသဖြင့် သူ ရှိနေစဉ် လင်တန် ရောက်လာခြင်းကို မနှစ်သက်ဟန် ပြတတ်သော ဟိကလစ်ကို စက်ဆုပ်ပုံ၊ မလိုလားပုံ ပေါ်နေပါသည်။
တနေ့ မွန်းလွဲပိုင်းတွင် သခင် ဟင်ဒလီသည် အပြင်ဘက်သို့ ထွက်သွားပါသည်။ ထို့နေ့မှာ အလုပ်နားရက်ဖြစ်၍ ဟိကလစ်လည်း အိမ်မှာ ရှိနေပါသည်။
ယခုအခါတွင် ဟိကလစ်အသက်မှာ ဆယ့်ခြောက်နှစ် ရှိပြီဟု ထင်ပါသည်။ သူသည် ရုပ်သွင် ကြမ်းတမ်းသည်၊ ပညာအလုံအလောက် သင်ခွင့်မရသည်မှာ မှန်ပါ၏။ သို့သော် သူသည် ပညာတတ်သည့်တိုင်အောင် သူ၏ မလိုလားမှု၊ မနှစ်သက်မှုများကို ဖုံးကွယ်သိုသိပ်ထားသူ ဟုတ်မည် မဟုတ်ပါ။ အကြောင်းကတော့လည်း သူ့တွင် အခြေခံပညာလည်း မရှိ၊ အချိန်ရှိသရွေ့ အလုပ်ကြမ်းကိုသာ လုပ်ကိုင်နေသည်ဖြစ်ရာ သူသည် သင်ယူမှု အလေ့အထလည်း မရှိ၊ စာကလေး ပေကလေးလည်း တတ်ဖော်မရသောကြောင့် ဖြစ်ပါသည်။ သခင်ကြီး အန်းရှောရှိစဉ်က သခင်ကြီး သွန်သင်ခဲ့သော အကျင့်စရိုက်ကလေးများပင် သူ့တွင် မရှိတော့ပါ။ ကက်သရင်းနှင့် တန်းတူဖြစ်ရန် သင်ယူခဲ့ဖူးသော်လည်း ယခုကား သူ့မှာ ကြေကွဲဝမ်းနည်းစွာဖြင့်ပင် ပညာသင်ကြားရေးကို လက်လျှော့လိုက်ရပါလေပြီ။ သူ့ဘဝမှာ မူလ အဆင့်လောက်မှာပင် နစ်မြုပ်နေဟန် ရှိလေသည်။ ဤသို့ဖြင့် သူ့ စရိုက် သူ့အမူအရာတို့သည် ပို၍ ကြမ်းတမ်းရုန့်ရင်းလာဟန် ရှိလေသည်။
မည်သို့ဖြစ်စေ သူ အလုပ်အားနေသော အချိန်များ၌ သူနှင့် ကက်သရင်းတို့မှာ အပေါင်းအဖော် ဖြစ်နေဆဲပင်။ သို့သော်လည်း ဟိကလစ်သည် ကေသီနှင့် ပတ်သက်၍ ရှေးကလောက် ဟက်ဟက်ပက်ပက် ရှိပုံကို မပြတော့ပါ။ ကေသီ့အပေါ် မယုံသင်္ကာစိတ် ကိန်းအောင်နေဟန်လည်း ရှိပါသည်။
ထိုနေ့က ကျွန်မသည် ကေသီ ဝတ်စားဆင်ယင်မှုကို ကူညီပြင်ဆင်ပေးနေစဉ် သူ အိမ်ထဲသို့ ဝင်လာပါသည်။ ကေသီကလည်း သူ ဝင်လာခြင်းကို သတိမထားနိုင်ပဲ သူ့စိတ်ကူးနှင့်သူ ဖြစ်နေပါသည်။ ထို့နေ့က ဟင်ဒလီ အိမ်တွင် မရှိကြောင်း မစ္စတာ အက်ဂါအား တနည်းနည်းဖြင့် အကြောင်းကြားထားသဖြင့် အက်ဂါလာမည်ဖြစ်သောကြောင့် အက်ဂ်ကို ဧည့်ခံနိုင်ရန် ပြင်ဆင်နေခြင်း ဖြစ်ပါသည်။
'အလုပ်များလှချည်လား ကေသီ၊ ဘာလဲ၊ အပြင်သွားမလို့လား' ဟိကလစ်က စမေးပါသည်။
'မိုးရွာနေတာပဲဟာ ၊ မသွားပါဘူး'
'ဒါဖြင့် ပိုးအင်္ကျီကြီး ဘာလို့ ဝတ်နေရတာလဲ၊ တယောက်ယောက်လာမလို့တော့ ဟုတ်မယ် မထင်ပါဘူး'
'ဘယ်သူမှ လာစရာ မရှိပါဘူး' ကေသီ အသံမှာ ထစ်အနေပါသည်။ ဒါပေမဲ့ မင်း ယာထဲသွားဖို့ ကောင်းတယ်၊ ကိုယ်က မင်း ယာထဲထွက်သွားပြီတောင် ထင်တာ'
'ဟင်ဒလီဟာ ကိုယ်တို့ကို ဘယ်တုန်းကများ အအားထားဖူးလို့လဲ၊ အေး ကနေ့တော့ ကိုယ့်မှာ လုပ်စရာ အလုပ် မရှိတော့ဘူး၊ ဒါကြောင့် ကိုယ် မင်းနဲ့ နေမလို့'
'ဒါပေမဲ့ ဂျိုးဆက် ပြောနေဦးမယ် ၊ ဒီတော့ မင်း ယာထဲ သွားတော့ပေါ့'
'ဂျိုးဆက် ထုံးသယ်ဖို့ ထွက်သွားပြီ၊ သူ မိုးကြီးချုပ်မှ ရောက်မှာပါ။ သူ မသိပါဘူး' ပြောပြောဆိုဆိုပင် ဟိကလစ်သည် မီးဖိုဘေးတွင် အေးအေးဆေးဆေး ဝင်ထိုင်လိုက်ပါလေတော့သည်။ ကက်သရင်းက မျက်မှောင်ကြုပ်ကြည့်လိုက်ပြီးနောက် . . .
'အစ္စဗယ်လာနဲ့ အက်ဂါလင်တန်တို့ အလည်လာမယ် ပြောတာပဲ' စကားစ ခေတ္တ ပြတ်သွားပြန်သည်။ ခဏနေမှ 'မိုးရွာနေတော့ လာချင်မှလဲ လာမှာပဲ၊ တကယ်လို့ လာရင် မင်း မလိုမုန်းထားဟန် မပြရင် ကောင်းမယ်' ဟု စကားကို အဆုံးသတ်လိုက်ပါသည်။
'မင်းရဲ့ သနားစရာ သူငယ်ချင်းတွေ လာမှာမို့ ကိုယ့်ကိုတော့ နှင်မထုတ်ပါနဲ့ကွာ၊ သူတို့နဲ့ ပတ်သက်လို့ ကိုယ့်မှာ ပြောစရာတွေ ရှိတယ် ကေသီ၊ ဒါပေမဲ့ ကိုယ် မပြော . . . '
'ဘာ သူတို့အကြောင်းလဲ' ကက်သရင်းသည် မျက်စိပျက် မျက်နှာပျက်ဖြစ်သွားပြီး ကျွန်မ ဖြီးလက်စ သူ့ခေါင်းကိုပင် ကျွန်မ လက်မှ ရုန်းဖယ်လျက် 'တော်ပါပြီ နယ်လီ၊ ဒီလောက်ဆို တော်ပါပြီ၊ ကျွန်မတစ်ယောက်တည်း နေပါရစေ၊ ကဲ ဆိုစမ်းပါဦး ဟိကလစ်ရဲ့၊ မင်း ပြောချင်နေတယ် ဆိုတာ'
'ဘာမှ မဟုတ်ပါဘူး၊ ဟောဟိုနံရံပေါ်က ပြက္ခဒိန်ကို ကြည့်ရုံနဲ့ ကလေးပါ' ဟိကလစ်သည် ပြတင်းပေါက်နားတွင် ချိတ်ထားသော ပြက္ခဒိန်ကို ညွှန်ပြရင်း ဆက်ပြောပါလေတော့သည်။ 'ကြက်ခြေခတ်ထားတဲ့ ရက်တွေက မင်းနဲ့ လင်တန်တို့တတွေ တွေ့ကြတဲ့ ရက်တွေပေါ့၊ အစက်ကလေး မှတ်ထားတာတွေက ကိုယ်နဲ့ တွေ့တဲ့ ရက်တွေလေ၊ မြင်ရဲ့လား ကေသီ၊ ကိုယ် နေ့တိုင်း မှတ်ထားတာတွေ'
'တွေ့သားပဲ၊ မင်းဟာ အရူးပဲ၊ ဘာအဓိပ္ပာယ် ရှိသလဲ' ကက်သရင်းက သဘောမတွေ့ဟန်ဖြင့် ပြောလိုက်သည်။
'ကိုယ် အမြဲတမ်း သတိပြုနေတယ်ဆိုတာကို ပြတာပဲ'
'ဘာလဲ၊ ကိုယ်က အချိန်ရှိနေသရွေ့ မင်းနဲ့ပဲ နေရမယ် ဆိုပါတော့၊ ဒီတော့ကော ဘာအကျိုးထူးမလဲ၊ မင်းကတော့ ဘာတွေ ပြောနေလို့လဲ၊ တကယ်တော့ မင်း ဘာမှ မပြောရင် အကောင်းဆုံးပဲ'
'မင်း ငါနဲ့ စကားပြောရတာက မကြိုက်ဘူးလားလို့ မင်း အရင်က မပြောဖူးပါဘူး ကေသီရယ်'
'တစ်ဦးနဲ့တစ်ဦး သိစရာလည်း မလို၊ ပြောစရာ စကားလည်း မရှိရင်တော့လည်း အဖော်အပေါင်း လုပ်စရာ မလိုပါဘူး'
ဟိကလစ်သည် အပြင်ဘက်မှ မြင်းခွာသံ ကြားလိုက်ရသဖြင့် သူ့ခံစားမှုကို ဆက်လက် ထုတ်ဖော်ခွင့် မရှိတော့ဟူသော အသိကြောင့် နေရာမှ ထလိုက်ပါလေတော့သည်။ မရှေးမနှောင်းပင် တံခါးခေါက်သံနှင့်အတူ အက်ဂါလင်တန်သည် အိမ်ထဲသို့ ဝင်လာသည်။ ကက်သရင်းသည် တစ်ယောက်က ဝင်အလာ တယောက်က ထွက်အသွား သူ့မိတ်ဆွေနှစ်ယောက်၏ ခြားနားချက်ကို သတိပြုလိုက်မိဟန် ရှိလေသည်။ ထိုနှစ်ယောက်၏ ခြားနားချက် သွင်ပြင်မူရာတို့ကိုလည်း သတိပြုမိလေသည်။
'ကိုယ်နောက်ကျသွားသလားပဲ' အက်ဂါသည် ကျွန်မကို တချက်ကြည့်ပြီး ကက်သရင်းအား ပြောလိုက်ပါသည်။ ထိုအချိန်က ကျွန်မသည် သူတို့နှစ်ယောက်နှင့် မလှမ်းမကမ်းတွင် ပန်းကန်းများကို ပိတ်နှင့် သုတ်နေပါသည်။
'နောက်မကျပါဘူး' ကက်သရင်းသည် အက်ဂ်၏ စကားကို နှုတ်တုံ့ပြန်ပြီး ကျွန်မဘက်သို့ လှည့်၍ 'နယ်လီ၊ အဲဒီနားမှာ ဘာလုပ်နေတာလဲ' ဟု မေးလိုက်ပါသည်။
ကျွန်မမှာ လင်တန်နှင့် ကက်သရင်း နှစ်ယောက်တည်း ရှိနေချိန်တွင် အနား၌နေရန် မစ္စတာ ဟင်ဒလီက မှာထားသည့်အလျောက် သူတို့အပါးမှာ နေနေခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မက . . .
'အလုပ် လုပ်နေတာပါ' ဟု ဖြေလိုက်ပါသည်။
ကက်သရင်သည် ကျွန်မ နောက်ဘက်နားသို့ ကပ်လာပြီး ခပ်တိုးတိုးလေသံဖြင့် . . .
'အဝတ်တွေ ထားခဲ့ပြီး တခြား သွားစမ်းပါ၊ အိမ်မှာ ဧည့်သည်လာရင် အစေခံတွေဟာ အခန်းထဲလာပြီး လှည်းလား ၊ ကျင်းလား ၊ ဖုန်သုတ်လား လုပ်စရာ မလိုဘူးဆိုတာ မသိဘူးလား' ဟု ဆောင့်ကြီးအောင့်ကြီး ပြောလိုက်ပါသည်။
'သခင် မရှိတုန်း အလုပ် လုပ်ရတာပဲကွယ်၊ သခင်က သူ့ရှေ့မှာ အလုပ်မရှိ အလုပ်ရှာ လုပ်နေရင် ကြိုက်တာ မဟုတ်ဘူး၊ ကျွန်မ ရှိနေတာကို မစ္စတာ အက်ဂါက ခွင့်လွှတ်မယ် ထင်ပါတယ်' ကျွန်မကက ခပ်ကျယ်ကျယ် ပြောလိုက်ပါသည်။
'ကျွန်မရှေ့မှာလည်း အလုပ်မရှိ အလုပ်ရှာပြီး ဟိုဟာလုပ်သလို၊ ဒီဟာလုပ်သလို လုပ်နေတာ မကြိုက်ပါဘူး' ကက်သရင်းသည် စောစောက ဟိကလစ်နှင့် စကားများရပြီး ကတည်းက ဒေါသအရှိန် ပြေသေးပုံမပေါ်ပါ။ စိတ်ကလည်း ကယောက်ကယက် ဖြစ်နေပုံ ရပါသည်။ သူ့ ဧည့်သည်ကိုပ်င် စကားမပြောနိုင်သေးပဲ ကျွန်မအား လေသံပြင်းပြင်းနှင့် တုံ့ပြန်ပါလေတော့သည်။
ကျွန်မလည်း . . .
'ကျွန်မ အလုပ်ကို ကျွန်မ လုပ်ရမှာပဲ မစ္စကက်သရင်း' ဟု ပြောလျက် ကျွန်မသည် ပန်းကန်များကို ဆက်လက် သုတ်နေလိုက်ပါသည်။
ထိုအခါ ကက်သရင်းသည် ကျွန်မနား ကပ်လာပြီး ကျွန်မလက်ထဲက အဝတ်ကို ဆွဲယူ၍ ကျွန်မလက်ကို တအား ဆွဲလိမ်လိုက်ပါလေတော့သည်။ ကျွန်မ သူ့ကို မုန်းတီးကြောင်း ပြောခဲ့ပါပြီ။ အထူးသဖြင့် သူ မကြာမကြာ ဟန်လုပ်တတ်သည်ကို ကျွန်မ ကြည့်မရပါ။ ထို့ကြောင့် ကျွန်မသံကုန်အော်ဟစ်လိုက်ပါသည်။
'အိုး၊ ဒါ ဘယ်လိုလုပ်လိုက်တာလဲ၊ မင်း ငါ့ကို ဒီလို ဆွဲဆိတ်စရာ မလိုပါဘူး'
'ကျွန်မ ဘာလုပ်လို့လဲ၊ ရှင့်ကို ကျွန်မထိတောင် မထိဘူး၊ ဒါ ရှင် သက်သက် လိမ်ပြောတာ' ဟု သူကလည်း အော်ပြောပါသည်။ သူ့နားရွက်တွေမှာ ဒေါသဖြစ်လွန်းသဖြင့် နီရဲနေပါသည်။ သူ့မျက်နှာမှာလည်း ဒေါသရောင် လွှမ်းနေပါသည်။
'မင်း ဘာမှမလုပ်ရင် ဒါ ဘာလဲ' ကျွန်မက သူ လိမ်ဆွဲထားသော ဒဏ်ရာကို ပြပြီး ပြောလိုက်ပါသည်။
ကက်သရင်း၏ စရိုက်ဆိုးမှာ ဖုံးကွယ်မရတော့ပါ။ သူ့ကိုယ်သူလည်း မထိန်းနိုင်တော့ပါ။ သူသည် ကျွန်မပါးကို ရိုက်ချလိုက်ပါတော့သည်။
ထိုအဖြစ်အပျက်ကို မြင်လိုက်ရသော လင်တန်သည် သူ့ကောင်မလေး၏ နှစ်ထပ်ကွမ်း ပြစ်မှုကျူးလွန်ခြင်းအတွက် တုန်လှုပ်သွားဟန် တူပါသည်။
'အို . . . ကက်သရင်း၊ အချစ်ကလေးရယ်' ဟု ဆိုမြည်လိုက်မိပါသည်။
'ဒီကောင်လေးကိုလဲ ခေါ်သွား' ကက်သရင်းမှာ ဒေါသကြောင့် ကတုန်ကယင် ဖြစ်နေပါသည်။ ယခု သူ ဟင်ဒလီ၏ ကလေးကိုပါ ရန်ရှာလာပါလေတော့သည်။
ဟယ်ယာတန်ကလေးသည် ကျွန်မသွားလေရာ နောက်မှ တကောက်ကောက် လိုက်ပါမြဲ ဖြစ်ပါသည်။ ယခုလည်း ထိုကလေးသည် ကျွန်မအနား ကြမ်းပြင်ပေါ် ထိုင်နေပါသည်။ ကျွန်မပါးအရိုက်ခံလိုက်ရ၍ မျက်ရည်များ ကျလာသည်မြင်လျက် ' ဒေါ်လေး ကေသီ သိပ်ရက်စက်တာပဲ' ဟု ဆိုလျက် ရှိုက်ငိုပါလေတော့သည်။ ထိုအခါ ကက်သရင်းသည် ပိုပြီး ဒေါသဖြစ်လာပါသည်။ ကလေးပခုံးကိုပင် ဆုပ်ကိုင်လှုပ်ယမ်းပါလေ၏။ ထိုအခါ အက်ဂါက ဝင်ဆွဲပါလေတော့သည်။
ကျွန်မသည် အပြင်ဘက်ခန်းတွင် ကျန်ခဲ့သော သူတို့နှစ်ယောက်အခြေအနေကိုလည်း လှမ်းပြီး အကဲခတ်မိပါသည်။ အက်ဂါသည် သူဦးထုပ်ထားခဲ့သော နေရာသို့ ပြန်သွားပါသည်။ သူ့မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး နှုတ်ခမ်းတွေကလည်း တဆတ်ဆတ် တုန်နေပါလေတော့သည်။
ကျွန်မစိတ်ထဲကမူ ကက်သရင်း၏ အကျင့်ဆိုးကို အက်ဂါကိုယ်တိုင်တွေ့ရပြီဖြစ်သဖြင့် ကျေနပ်မိပါ၏။ ထိုစဉ်မှာပင် ကက်သရင်းသည် တံခါးဝဘက်သို့ ရောက်သွားပြီး . . .
'ရှင် ဘယ်ရောက်သွားသလဲ' ဟု မေးလိုက်ပါသည်။
အက်ဂါသည် အခန်းထဲမှ ထွက်သွားဟန် ပြင်ပါလေတော့သည်။
'ရှင် မသွားရဘူး' ကက်သရင်းက လေသံပြင်းပြင်းဖြင့် ပြောလိုက်ပါသည်။
'ကိုယ် သွားမယ်'
'မသွားရဘူး' ကက်သရင်းသည် အက်ဂါ၏ လက်ကို ဖမ်းဆွဲပြီး မသွားပါနဲ့ဦး အက်ဂါရယ်၊ ထိုင်ပါဦး၊ ရှင် ဒီလို စိတ်ထိခိုက်ပြီး မသွားပါနဲ့၊ ကျွန်မ တညလုံး အိပ်ပျော်တော့မှာ မဟုတ်ပါဘူး၊ ကျွန်မကြောင့် ရှင် စိတ်မထိခိုက်စေချင်ပါဘူးကွယ်' ဟု ပြောနေပြန်ပါသည်။
'ဘာလဲ၊ ကိုယ်ပါ အရိုက်ခံရတဲ့အထိ နေရမှာလား'
ကက်သရင်းသည် နှုတ်တုံ့မပြန်တော့ပေ။
'မင်းဟာ ကိုယ့်ကို အရှက်ရအောင်ရော၊ ကြောက်အောင်ပါ လုပ်လိုက်တာပဲ၊ ကိုယ် ဒီကို ဘယ်တော့မှ မလာတော့ဘူး'
ကက်သရင်း၏ မျက်လုံးများမှာ တောက်ပလာပြီး မျက်ခွံများသည်လည်း တဖျပ်ဖျပ် လှုပ်ရှားလာ၏။
'မင်းဟာ မဟုတ်တာကို ကြိုစဉ်းစားပြီး ပြောတာပဲ' အက်ဂါက ပြောလိုက်၏။
'မဟုတ်ဘူး၊ ကျွန်မ ဘယ်တော့မှ ဒီလို မလုပ်ဘူး၊ အင်း ၊ ရှင်သွားချင်သွားပါ၊ ထွက်သွားပါ၊ ကျွန်မဘာသာပဲ ငိုနေမယ်'
ကက်သရင်းသည် ကုလားထိုင်ပေါ်ထိုင်ချပြီး အားရပါးရငိုချပါလေတော့သည်။ အက်ဂါသည် ထွက်သွားမည်လုပ်ပြီးမှ နောက်တွန့်နေပြန်သည်။ ကျွန်မ သူ့ကို မြန်မြန် ထွက်သွားအောင် တိုက်တွန်းရပါမည်။
'ကေသီ အတော်ပဲ စိတ်ထိခိုက်နေပါတယ်၊ မင်း ပြန်ရင် ကောင်းမယ် အက်ဂါ၊ မဟုတ်ရင် တို့အားလုံး စိတ်မကောင်းဖြစ်ရလိမ့်မယ်' ဟု ကျွန်မ လှမ်းပြောလိုက်ပါသည်။
မစ္စတာဟင်ဒလီ ပြန်ရောက်လာသည်နှင့် လင်တန်လည်း သူ့မြင်းဆီသို့ အလျင်အမြန် ထွက်ခွာသွားပါလေ၏။ ကက်သရင်းလည်း သူ့ အခန်းထဲသို့ သူ ပြန်ဝင်သွားပါလေသည်။ ကျွန်မလည်း ဟယ်ယာတန်ကလေးကို ပွေ့သွားပြီး ဟင်ဒလီ မူးမူးရူးရူးနှင့် ကလေးကို ချော့မြူကလေးနေမည်စိုးသဖြင့် ဟင်ဒလီ မမြင်မိမှာပင် ဟယ်ယာတန်ကလေးကို ဝှက်ထားလိုက်ပါလေတော့သည်။
.jpg)

Comments
Post a Comment