လေထန်ကုန်း_အခန်း (၁၂)_ကျော်လှိုင်ဦး

 

အခန်း [ ၁၂ ]

စ္စဗယ်လာသည် ခြံထဲနှင့်ဥယျာဉ်ထဲ၌ အများအားဖြင့် မျက်ရည်သွယ်ကျလျက် ညှိုးညှိုးငယ်ငယ် ရှိနေသော ကာလများတွင် သူ့အစ်ကို အက်ဂါသည်မူ စာကြည့်ခန်း အောင်း၍သာ နေနေပါလေ၏။ ကျွန်မ အထင်ကမူ အက်ဂါသည် ကက်သရင်း ကိုယ်တိုင် နောင်တ ရလာပြီး သူ့ထံသို့ ရောက်လာကာ တောင်းပန်စကား ဆိုလာမည်။ ဤနည်းဖြင့် ပြန်လည် သင့်မြတ်လာလိမ့်မည်ဟု မရေမရာ မျှော်လင့်ထားပုံ ရလေသည်။ ကက်သရင်းကလည်း စားသောက်ဝိုင်းတိုင်း၌ အက်ဂါသည် သူ့ကို သတိရနေပြီး တချိန်ချိန်တွင် သူ့ထံ လာရောက် စကားဆိုလိမ့်မည် ဟူသော အစွဲအလမ်းမျိုး ထားရှိဟန်တူသည်။ ကျွန်မကား လုပ်စရာ ရှိသော အိမ်အလုပ်တွေသာ လုပ်နေပါ၏။ ကျွန်မသည် အစ္စဗယ်လာကိုလည်း နှစ်သိမ့်စကား မဆိုပါ။ ကက်သရင်းအားလည်း ဖျောင်းဖျစကား မဆိုပါ။ သူ့ ချစ်ဇနီးအသံကို မကြားရသည့် အချိန်မှစ၍ သက်ပြင်းတချချ လုပ်နေသော အက်ဂါ၏ သက်ပြင်းချသံကိုလည်း ကျွန်မ အာရုံမစိုက်မိပါလေ။ သူတို့ ကြိုက်သလိုသာ နေပါစေတော့ဟု သဘော ထားလိုက်ပါသည်။ တဖြည်းဖြည်းတော့လည်း ဤသို့သော အခြေအနေများကို သူတို့ ငြီးငွေ့သွားလိမ့်မည်ဟုလည်း သဘောထားလိုက်ပါသည်။

ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီး တတိယနေ့တွင် ကက်သရင်းသည် အခန်းထဲမှ ထွက်လာပြီး သူ ရေတကောင်းမှာ ရေဖြည့်ပါလေ၏။ ပြီးလျှင် ယာဂုရည်တခွက်ကို သောက်ပါသည်။ ကျွန်မက လက်ဖက်ရည်နှင့် မုန့်အချို့ကို ချပေးသောအခါမှာလည်း အားရပါးရ စားပါလေသည်။ ထို့နောက် သူ့ခေါင်းအုံးပေါ်မှာ သွားလှဲပြီး “ငါ့ကို ဘယ်သူမှ ဂရုမစိုက်ဘူး၊ ငါသေမှ အေးမှာပဲ၊ မဖြစ်သေးဘူး၊ ငါသေယင် သူ ဝမ်းသာမှာပဲ၊ သူ ငါ့ကိုမှ မချစ်ပဲဟာ၊ ငါမသေရဘူး”ဟု ခပ်ညည်းညည်း ပြောနေပြန်ပါ၏။

ဘာများ အလိုရှိပါသလဲ သခင်မ’

ကျွန်မသည် သူ၏ ဟန်လုပ်လွန်းသော အခြေအနေကို သိသော်လည်း မေးလိုက်မိပါသည်။ ဘာဖြစ်လို့များ ဂရုမစိုက် အလေးမပြုနိုင်ကြတာတဲ့လဲ၊ သူကကော ဘာလုပ်နေလဲ၊ သူသေပြီလား ကက်သရင်းသည် သူ့မျက်နှာပေါ်ကျနေသော ဆံပင်စကို ဖယ်ပြီး ခပ်ထန်ထန် ပြောပါလေတော့သည်။

“မစ္စတာလင်တန် ရှိပါတယ် သခင်မ၊ သူလဲ ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်တော့ကတည်းက စာကြည့်ခန်းထဲမှာ ရှိပါတယ်”

ဩ၊ သူက စာအုပ်တွေကြားမှာပေါ့လေ”

ကက်သရင်းသည် ဒေါသ, ဖြစ်နေဟန်ဖြင့် အော်ပြောလိုက်ပါလေသည်။ “ဒီမှာက သေတော့မယ်၊ သင်္ချိုင်း နှုတ်ခမ်းမှာတောင် ရောက်နေပြီ၊ ကျွန်မ ဘာဖြစ်နေတယ်ဆိုတာ သူ မသိဘူးလား”

မျက်နှာချင်းဆိုင်မှန်တွင် ထင်ဟပ်နေသော သူ့ရုပ်သွင်ကို စိုက်ကြည့်ယင်း ဆက်ပြောပြန်ပါသည်။

“ကြည့်စမ်းပါဦး၊ ဒါဟာ ကက်သရင်းလင်တန်ရဲ့ ရုပ် ဟုတ်သေးရဲ့လား၊ ရှင် ကျွန်မအဖြစ်ကို ပြောမပြနိုင်ဘူးလား၊ ပြောပြလိုက်စမ်းပါ ရှင်၊ သူ ဘာဖြစ်နေတာလဲ၊ သူဘယ်လို ခံစားနေရတာလဲ၊ ကျွန်မအဖို့ အစာငတ်ပြီး သေယင်သေ၊ မဟုတ်ယင်လဲ ကျွန်မ ဒီအရပ်က ထွက်သွားရုံပဲရှိပါတယ် နယ်လီရယ်၊ သူ့အကြောင်းကို အမှန်အတိုင်း ပြောပြစမ်း နယ်လီ၊ သူ ကျွန်မနဲ့ ပတ်သက်ပြီး ဘယ်လိုမှ မတုန်လှုပ်ဘူးလား

သခင်မ ခုလို ဖြစ်နေလိမ့်မယ်လို့ သခင်က မထင်ပဲဟာ၊ သခင်မ အစာမစားပဲ သေသွားလိမ့်မယ်လို့လဲ သူ မထင်ဘူးလေ”

ရှင်ကလဲ မထင်ဘူးပေါ့လေ၊ ကျွန်မ သေတော့မယ်ဆိုတာကို ရှင် သူ့ကို မပြောနိုင်ဘူးလား ၊ ပြောစမ်းပါ နယ်လီ၊ ရှင့် စိတ်အထင်နဲ့ ရှင် ပြောသလို သူ့ကို ပြောစမ်းပါ။ ကျွန်မ သေတော့မယ်လို. ရှင်အနေနဲ့ သူ့ ကို ပြောစမ်းပါ”

မဟုတ်တာပဲ မစ္စက်လင်တန်ရယ်၊ ဒီညနေပဲ ညနေစာ စားထားပြီးပြီပဲ၊ မသေနိုင်ပါဘူး၊ နက်ဖြန်ဆိုယင်ပဲ အားပြန်ရှိလာမှာပါ”

“ကျွန်မကြောင့်သာ သူ သေရမယ်ဆိုယင် ကျွန်မလဲ ကိုယ့်ကိုယ်ကို သတ်သေရဲပါတယ်၊ ကျွန်မဟာ သုံးညစလုံး မျက်လုံးတောင် မမှေးခဲ့ရပါဘူး၊ အဲဒီညတွေ အားလုံးမှာ ကျွန်မ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရတာပါ၊ ဘာလဲ၊ ရှင်ကိုယ်တိုင်ကပါ ကျွန်မကို သဘောမကျတော့ဘူးပေါ့လေ၊ ဒီမယ် နယ်လီ၊ ဘယ်လောက်များ ဆန်းသလဲ၊ ဟောဒီနားက လူတွေဟာ တယောက်ကို တယောက် မုန်းမယ်၊ ဂရုမစိုက် အလေးမထားပဲ နေချင် နေမယ်၊ သူတို့ ကျွန်မကို မချစ်ပဲတော့ မနေကြဘူး၊ အဲဒီလိုလူတွေရဲ့ အေးစက်စက် မျက်နှာတွေကြားမှာ သေရမှာမျိုးဟာ ဘယ်လောက် စက်ဆုပ်စရာ ကောင်းသလဲ၊ အစ္စဘယ်လာကလဲ ကျွန်မကို ဂရုမစိုက်ဘူး၊ အက်ဂါကရော၊ ကျွန်မ သေတောင် သူ စာအုပ်တွေကြားမှာပဲ နေမှာတဲ့လား”

ကျွန်မက မစ္စတာလင်တန်အနေနှင့် ပြဿနာ ထပ်မပွားစေလို၍ စာကြည့်ခန်း အောင်းနေခြင်း ဖြစ်ကြောင်း ရှင်းပြပါသေးသည်။ ထိုအချက်ကို ကက်သရင်း လက်မခံပါ။ ခေါင်းကို ခါယမ်းယင်း လှုပ်ရှားမှုသည် ပိုမို ပြင်းထန်လာပါသည်။ အရူးတယောက်လို ဖြစ်လာ ပါသည်။ ခေါင်းအုံးကိုလည်း သူ့သွားဖြင့် ကိုက်ဖြဲ စုတ်ဖြတ်ပါတော့သည်။

ကျွန်မသည် ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး အပြင်လောကကို သတိပြုလိုက်မိပါသည်။ ဆောင်းလယ်ကာလ ဖြစ်သည့်အလျောက် လေသည် အရှေ့မြောက်မှ တိုက်နေပါလေ၏။

ကက်သရင်း၏ မျက်နှာသွင်ပြင်သည် စိတ်လှုပ်ရှားမှုကို ဖော်ပြနေပါသည်။ မျက်နှာသွင်ပြင်သည် အရိပ်လို ဖြတ်ကနဲ လှုပ်ရှားနေ၏။ သူ့ကို ကြည့်ယင်း ကျွန်မသည် ချောက်ချားသွားပါလေသည်။ ထိုအခါမှပင် ယခင်တကြိမ် ဖျားနာစဉ်က သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေဖို့ သတိပေးသွားသည့် ဆရာဝန့်စကားကို ကျွန်မ သတိရလာပါလေတော့သည်။ စောစောက ဝုန်းဝုန်းဒိုင်းဒိုင်း လုပ်ခဲ့သော ကက်သရင်းသည် ယခုမှ ငြိမ်သွားပြန်ပါသည်။ ကျွန်မကိုလည်း သူ သတိထားမိပုံမရပါ၊ လက်ထောက်လှဲယင်း သူဖြဲထားသော ခေါင်းအုံးထဲက ငှက်မွေးတွေကိုသာ တမွှေးစီ ဆွဲထုတ်နေပါလေ၏။ သူ့စိတ်တွင် အတွေးများ ပျံ့လွင့်ပြီး အဆက်အစပ်များ ထူပြား ပေါ်ပေါက်လာနေဟန်ရှိလေသည်။

ဟောဒါက ကြက်ဆင်မွှေး၊ ဒါကတော့ ဘဲရိုင်းမွှေး၊ ဒါက ခိုမွေး၊ ဟယ် ခိုမွှေးကို ခေါင်းအုံးထဲ ထည့်ကြတယ်တော့၊ ဒါဆို ငါ မသေနိုင်တော့ဘူး‌ဟော၊ ဟော၊ ဟော၊ ဟောဒါက ကြက်မွေး၊ ဟောဒီမှာ တီတီတွက် ငှက်ရဲ့အမွေး၊ ကိုယ်တို့ ကွင်းထဲမှာ လျှောက်လည်ကြတုန်းက ခေါင်းပေါ်မှာ ဝဲနေတဲ့ငှက်ပေါ့။ အဲဒီတုန်းက တိမ်တွေကလဲ ညှို့လို့၊ မိုးတွေရွာတော့မလိုလေ၊ သူက အသိုက်ကို ပြန်လာတာပေါ့၊ အဲဒီငှက်ကို မပစ်ရဘူးလေ။ အမွှေးတွေကို ကွင်းထဲမှာ ကောက်ယင် ရတာပဲ၊ ဟိကလစ်က အဲဒီငှက်ကို ကျော့ကွင်းနဲ့ ထောင်သတဲ့၊ သူ့ကို မလုပ်ပါနဲ့ ပြောတာ မရဘူး၊ ဟင် ဒီမှာ တီတီတွတ် ငှက်မွေးတွေ အားကြီးပါလား၊ နယ်လီ၊ သူကျွန်မရဲ့ ငှက်ကလေးတွေကိုများ ပစ်ချလိုက်သလားကွယ်’ သူ ရောက် တတ်ရာရာတွေ ပြောနေပါလေတော့သည်။

“အလကား ကလေးအလုပ်တွေ လုပ်မနေစမ်းပါနဲ့ကွယ်”

ကျွန်မသည် သူ့လက်မှ ခေါင်းအုံးကို ဆွဲယူဖယ်ရှားလိုက်ယင်း သူ့စကားကို ဖြတ်ပြောလိုက်ပါသည်။

“မျက်စိမှိတ်ပြီး လှဲနေစမ်းပါ ကက်သရင်းရယ်၊ မင့်စိတ်တွေ ပျံ့လွင့်နေတယ်ကွဲ့။ အလကား ငှက်မွေးတွေ ပြန့်ကုန်ပြီ

 ကျွန်မသည် ပြန့်ကြဲနေသော ငှက်မွေးတွေကို လိုက်ကောက်လိုက်ပါသည်။

“ဟိုမှာ မည်းမည်း မည်းမည်းနဲ့” သူသည် အိပ်မက်မက်နေသလို ဖြစ်နေပြန်ပါသည်။

ဘယ်မလဲ။ မင်း အိပ်မက်ထဲမှာ ကယောင်ကတမ်း ပြောနေတာပါ”

“ဟိုနံရံမှာလေ၊ မျက်နှာတခု မျက်နှာတခု

ဘာမှ မရှိဘူးကွဲ့” ကျွန်မသည် ကုလားထိုင်မှ ထပြီး ပြတင်းခန်းဆီးကို အပေါ်သို့ တင်လိုက်ပါသည်။

ဟိုမှာလေ၊ မျက်နှာ မျက်နှာ မမြင်ဘူးလား” ကက်သရင်းသည် မှန်ဘက်ကို လက်ညှိုးထိုးလျက် ပြောနေပြန်ပါ၏။

ကျွန်မလည်း နေရာမှ ထပြီး မှန်ကို စောင်ပါးတထည်ဖြင့် လွှမ်းလိုက်ပါလေသည်။

အဲဒီနောက်မှာ ခုထိ ရှိသေးတယ်၊ အဲဒါက ကျွန်မကို ခြောက်နေတာပဲ၊ ကဲပါ၊ ဘယ်သူလဲဟင်၊ အို၊ နယ်လီ၊ ကျွန်မ ကြောက်တယ်။ ကြောက်တယ်၊ ကျွန်မ တယောက်တည်း မနေပါရစေနဲ့နော်

ကျွန်မသည် သူ့လက်ကို ချုပ်ကိုင်လိုက်ပြီး သူ စိတ်တည်ငြိမ်မှုရအောင် ကြိုးစားလိုက်ပါ၏။ သူသည် ထိတ်လန့် ချောက်ချားနေဆဲ ဖြစ်သည်။ မှန်ကိုလည်း စူးစိုက်ကြည့်နေ၏။

“ဘယ်သူမှ မရှိပါဘူးကွယ်၊ ညည်းရုပ်ကို ညည်း ပြန်မြင်နေတာပါ”

ကျွန်မကိုယ် ကျွန်မ ပြန်မြင်တာ၊ ဟုတ်လား၊ ဟော၊ ဆယ့်နှစ်နာရီထိုးပြီ၊ ကြောက်စရာပါလား”

ကက်သရင်းသည် အဝတ်တွေကို စုယူလိုက်ပြီး သူ့မျက်လုံးတွေကို ဖုံးအုပ်လိုက်ပါသည်။ ကျွန်မသည် မစ္စတာ လင်တန်အား လှမ်းခေါ်ရန် တံခါးသို့ သွားရန် ထလိုက်ပါသည်။ မှန်ပေါ်တွင် အုပ်ထားသော စောင် ကျသွားသဖြင့် ကက်သရင်းဆီမှ အထိတ်တလန့် အော်ဟစ်သံကြောင့် ကျွန်မ ပြန်လာခဲ့ရပါလေတော့သည်။

ဘာဖြစ်တာလဲကွယ်၊ ဘာကြောက်စရာရှိလဲ၊ ဒါ မှန်ပဲဟာ၊ မှန်ထဲမှာ ညည်းရုပ်ကို ညည်း ပြန်မြင်တာပါကွယ်၊ ကိုယ်လဲ ညည်းဘေးမှာ ရှိပါတယ် ကေသီရယ်'

သူ့တကိုယ်လုံး တဆတ်ဆတ် တုန်နေပါ၏။ ကျွန်မကိုလည်း ခပ်တင်းတင်း ဖက်ထားပါသည်။ သူ့မျက်နှာ သွင်ပြင်တွင် တုန်လှုပ် ချောက်ချားသော အသွင်ကို တွေ့ရသည်။ သူ့မျက်နှာမှာ ဖြူဖပ် ဖြူရော် ဖြစ်နေလေသည်။

အယ်လင်ရယ်၊ ကျွန်မလေ၊ ကျွန်မ လေထန်ကုန်းက ကျွန်မ အခန်းထဲ ရောက်နေတယ်လို့ ထင်နေတယ် ၊ ကျွန်မ အားလဲ နည်းနေတယ်၊ ခေါင်းထဲမှာလဲ ရှုပ်နေတယ်။ ကျွန်မ ဘာမှမသိပဲ အော်မိတယ်၊ ကျွန်မကို ဘာမှ မပြောပါနဲ့နော်၊ ကျွန်မနားမှာပဲ နေပါ၊ ကျွန်မ အိပ်ရမှာကို ကြောက်နေတယ်၊ အိပ်မက်တွေက ကျွန်မကို ခြောက်နေတယ် နယ်လီရယ်”

အိပ်လိုက်ပါလားကွယ်၊ အိပ်ပျော်အောင် အိပ်လိုက်ပေါ့'

ကိုယ့်အိမ်က ကိုယ့်အိပ်ခန်းထဲမှာဆို ဘယ်လောက် ကောင်းမလဲဟင်”

သူ့လက်တွေကို သူ လိမ်ယင်း ခါးခါးသီးသီး ပြန်ပြောပါလေသည်။

“ဒီအချိန်ဆို တရုတ်ကတ်တွေကြားကလေသံ တဟူးဟူးနဲ့၊ အဲဒီခံစားမှုမျိုး ခံစားချင်လိုက်တာ၊ ကွင်းထဲကို ဖြတ်ပြီး တိုက်လာတဲ့ လေကို ရှူချင်လိုက်တာ”

ကျွန်မသည် သူ့ စိတ်ငြိမ်ဆိမ်မှု ရစေရန် ပြတင်းပေါက်ကို ခဏမျှ ခပ်ဟဟကလေး လုပ်ပေးလိုက်ပါသည်။ လေအေးသည် သုတ်ဖြူး ဝင်ရောက်လာပါလေ၏။ ထို့နောက် ပြတင်းပေါက်ကို ချက်ချင်း ပြန်ပိတ်ပြီး နေရာသို့ ပြန်လာလိုက်ပါသည်။ ကက်သရင်းမှာ မျက်နှာတခုလုံးကား စိတ်ရောကိုယ်ပါ ယောက်ယက်ခတ် လှုပ်ရှားရသဖြင့် နွမ်းနယ်နေပုံ ရလေသည်။ ယခုတော့လည်း အားရပါးရ ငိုကြွေးထားသော ကလေးတယောက်နှင့် ဘာမျှ မခြားပါပေ။

ကျွန်မ အခန်းထဲမှာ တံခါး ပိတ်နေတာ ဘယ်လောက် ကြာပြီလဲဟင်”

သတိပြန်လည်လာပုံ ရပါသည်။

တနင်္လာနေ့ ညနေကတည်းကပဲ၊ ခုဆို ကြာသပတေးည၊ သောကြာ မနက် စောစောပိုင်းတောင် ရောက်နေပြီပဲ”

ဒီအပတ် အတွင်းမှာပဲနော်

ဒါပေါ့ကွယ်၊ ဒီလောက် စိတ်ဆင်းရဲခံယင် တော်လောက်ရောပေါ့'

'ပင်ပန်းနွမ်းနယ်စရာ အချိန်တွေပဲ၊ ဒီထက်တောင် ပိုကြာဖို့ ကောင်းသေးတယ်၊ ဧည့်ခန်းထဲ သူတို့တတွေ ရန်ဖြစ်ကြ၊ စကားများကြပြီး အက်ဂါစကားကြောင့် ကျွန်မ စိတ်မထိန်းနိုင်ပဲ အခန်းထဲ ဝင်ပြေးလာခဲ့တာကို ကျွန်မ မှတ်မိလာပြီ၊ ကျွန်မ အခန်းထဲဝင် တံခါးပိတ်ပြီး ကြမ်းပြင်ပေါ် လှဲချလိုက်တယ်၊ ကျွန်မ အက်ဂါကို ဘာပြောရမှန်း မသိဘူး၊ ကျွန်မ ခံစားနေရတာ၊ ကျွန်မ ဖြစ်ချင်တာတွေကို ပြောပြနိုင်လောက်တဲ့ ဦးနှောက်လဲ မရှိဘူး၊ စကားလုံးလဲ မရှိခဲ့ဘူး နယ်လီ၊ ကျွန်မ ဒီအချိန်မှာ သူ့အသံကိုလဲ မကြားချင်ခဲ့ဘူး၊ ကျွန်မ ကောင်းကောင်း ပြန်ပြီး သတိမရမီမှာ အရုဏ်တက်လာပြီ ထင်တယ်၊ ကျွန်မလေ ကျွန်မ ဘာဖြစ်နေသလဲ စဉ်းစားသေးတယ်၊ ကျွန်မစိတ်ထဲက စားပွဲခြေထောက်နဲ့ ခေါင်းနဲ့ ဆောင့်ဆောင့်နေမိတယ် ထင်တာပဲ၊ မျက်စိထဲမှာလဲ ဝက်သစ်ချသား မှန်ကူကွက်နဲ့ ကိုယ့်အိမ် အိပ်ခန်းထဲက ပြတင်းပေါက်ကိုပဲ ခပ်ဝါးဝါး မြင်လာတယ်၊ ကျွန်မ စိတ်မကောင်းလိုက်တာလေ၊ အသည်းထဲမှာလဲ နာလိုက်တာ မပြောပါနဲ့တော့ရှင်။

“ကျွန်မ အဖေသေပြီးတဲ့နောက် ကျွန်မနဲ့ ဟိကလစ် အဆက်အဆံ မလုပ်ရတော့ဘူးလို့ ကျွန်မအစ်ကို ဟင်ဒလီ အမိန့်ပေးခဲ့တုန်းက အဖြစ်အပျက်ကို ကျွန်မ မြင်ယောင်လာတယ်၊ ကျွန်မအဖို့ ပထမဆုံး အကြိမ် အထီးကျန်ဖြစ်ရတဲ့ အခြေအနေပေါ့၊ အဲဒီတုန်းက ကျွန်မ ဘယ်လောက်ခံစားရတယ် ဆိုတာထောင် ပြောမပြတတ်တော့ဘူး၊ ဒါပေမယ့် ကျွန်မက ဒါဟာ ယာယီခံစားမှုလောက်ပဲ ထင်ခဲ့တယ်၊ နောက်တော့ ကျွန်မဟာ မစ္စက်လင်တန်ဘဝ ရောက်ခဲ့တယ်၊ သရုတ်ကရော့ အိမ်ကြီးရှင်မ ဖြစ်လာတယ်၊ ဘာထူးသလဲ၊ ကျွန်မဟာ ကျွန်မ ကမ္ဘာထဲက မောင်းထုတ်ခံရတာမျိုးပဲမဟုတ်လား၊ စဉ်းစားကြည့်ပါနယ်လီ၊ ကျွန်မဟာ မဟုတ်ဘူးလား၊ ခေါင်းမခါနဲ့ နယ်လီ၊ တကယ်တော့ ဒီ အဖြစ်တွေကို အသူတရာနက်တဲ့ ချောက်ကြီးထဲကျသွားပြီး တွားတက်နေရတဲ့အဖြစ်မျိုး ရှင် အက်ဂါကို ပြောပြဖို့ကောင်းပါတယ်၊ သူ ဒါတွေ သိယင် ကျွန်မကို သူ ဘာမှ ပြောစရာ မလိုပါဘူး၊ ကျွန်မမှာ အသည်းတွေရော အူတွေရော ဗြောင်းဆန်နေရတဲ့ အဖြစ်မျိုးပါ။

 “ကျွန်မလေ ဟိုတုန်းကလို ကလေးဘဝကို ပြန်ရောက်ချင်လိုက်တာ၊ အဲဒီဘဝမှာ နေချင်သလိုနေ၊ လွတ်လွတ်လပ်လပ် သွားလာနေချင်လိုက်တာ၊ ကျွန်မလေ ဟိုတုန်းကလို တောင်ကုန်းတွေပေါ်မှာလျှောက် သွားနေချင်တယ် နယ်လီရယ်၊ ပြတင်းပေါက်ကို ဖွင့်လိုက်စမ်း ပါဦး၊ အကုန်ဖွင့်လိုက်ပါ

“အအေးမိပြီး သေသွားပါဦးမယ် ကလေးရယ်”

“ဘာလဲ၊ ရှင် ဖွင့်မပေးယင် ကျွန်မဘာသာပဲ ဖွင့်မယ်

ကျွန်မ သူ့ကို ဆွဲမထားလိုက်မီမှာပင် သူသည် အိပ်ရာပေါ်မှ လျှောဆင်းပြီး ပြတင်းပေါက်ဆီသို့ ဒယီးဒယိုင် ထသွားပါသည်။ ပြတင်းပေါက်ကိုဖွင့်ပြီး ငုံ့ကြည့်လိုက်ပါသေးသည်။ ဓားသွားကဲ့သို့ ချွန်ထက် အေးစက်သော နှင်းပေါက်က ပခုံးထက်သို့ ကျလာသည်ကိုပင် သူ အမှု မထားပါ။ ကျွန်မလည်း နေရာမှထပြီး သူ့ကို မူလနေရာသို့ ပြန်ခေါ်လာပါလေသည်။ ကက်သရင်းသည် ကယောင် ချောက်ချား ဖြစ်နေပါ၏။

အပြင်ဘက်မှာ လရောင် မရှိပါ။ အရာအားလုံးသည် နှင်းထုကြားတွင် ပိန်းပိန်းပိတ် မှောင်နေပါ၏။ အနီးအဝေး အိမ်များမှ မီးရောင်ကိုပင် မမြင်ရပါ။ အားလုံးပင် မီးများကို ငြိမ်းသတ်ပြီး ဖြစ်ပေရော့မည်။ လေထန်ကုန်း အိမ်ကြီးကိုလည်း မမြင်သာပါ။ သို့သော် ကက်သရင်းစိတ်ကမူ လေထန်ကုန်းအိမ်ကြီးကို မြင်နေပုံရပါသည်။

“ကြည့်စမ်း နယ်လီ၊ ဟိုမှာ ဖယောင်းတိုင် လင်းနေတာ ကျွန်မ အခန်းပေါ့။ အခန်းရှေ့က သစ်ပင်တွေတောင် လေထဲမှာ ယိမ်းထိုးနေတယ်လေ။ ဟောဟို ဖယောင်းတိုင်က ဂျိုးဆက်ရဲ့ အထပ်ခိုး အခန်းက ဖယောင်းတိုင်ပဲ၊ ဂျိုးဆက် မအိပ်သေးဘူး၊ ကျွန်မ ပြန်အလာကို တံခါးဖွင့်ပေးရအောင် စောင့်နေတာ ဖြစ်မှာပဲ။ ဟုတ်ပါတယ်။ သူ ကျွန်မကို စောင့်နေတာရှိမှာပေါ့၊ လမ်းကလဲ ကြမ်း၊ လူကလဲ ပန်းနေတော့ သွားရမှာ ပင်ပန်းလိုက်တာ။ ဒါပေမယ့် သွားကြတာပေါ့။ ဂျင်မာတန်က ဘုရားကျောင်းဝင်းကို ဖြတ်သွားတဲ့ ခရီးပေါ့၊ တို့နှစ်ယောက်ပဲဟာ တစ္ဆေတွေ သရဲတွေကိုလဲ မကြောက်ပါဘူး၊ ကိုယ်တောင် သွားရဲသေးတာပဲ။ လမ်းပေါ်မှာ ကိုယ်တယောက်တည်းတော့ လှဲမနေချင်ဘူး။ လူတွေက ကိုယ့်ကို အသေကောင်ထင်ပြီး မြေမြှုပ်ပစ်မှာပေါ့။ မင်းနဲ့ သေရယင်တော့လဲ နှစ်ယောက်အတူ မြေမြှုပ်ခံရဲပါရဲ့၊ မင်း မပါယင်တော့ ကိုယ် ဘာမှမလုပ်ဘူး” ကက်သရင်းသည် ကယောင်ကတမ်း ပြောနေရာမှ စကားစ ပြတ်သွားပြန်သည်။ မျက်နှာပေါ်တွင် ထူးဆန်းသော အရိပ်သမ်းနေလေ၏။ “သူကတော့ ကိုယ်လာမယ်လို့ ထင်နေမှာပဲ၊ ဒီလိုဆိုလဲ အဲဒီ ဘုရားကျောင်းကို ဖြတ်သွားတဲ့လမ်း မဟုတ်တဲ့လမ်းကို ရှာရမှာပဲ၊ မင်းကလဲ တယ်နှေးတာကိုးကွ၊ ကိုယ့်နောက်က လိုက်ခဲ့မှပေါ့”

သူစိတ်ရူးပေါက်ရာ ပြောနေသောကြားတွင် ကျွန်မ ဘာမျှ ဝင်ပြောတော့ပါ။ ကျွန်မမှာ အခန်းထဲက ထွက်သွား၍လည်း မဖြစ်ပါ။ အော်၍ သူ စိတ်ရူးပေါက်ပြီး ပြတင်းပေါက်မှ ခုန်ဆင်းထွက်ပြေးသွား ည်ကိုလည်း စိုးရပါသည်။ သူ သည်အကြောင်းတွေကို တွေးမနေစေချင်ပါ။ သူ့ စိတ်ကို ဘယ်လို ထိန်းချုပ်ရမည်ကိုသာ ကျွန်မ စဉ်းစားရ ပြီ။ ထိုစဉ်မှာပင် တံခါး လက်ကိုင်သံကို ရုတ်ကနဲ ကြားလိုက်ရသဖြင့် ကျွန်မ လန့်သွားပါသည်။ တံခါးပွင့်သွားပြီး မစ္စတာလင်တန် ဝင်လာပါလေတော့သည်။ သူသည် စာကြည့်ခန်းမှအထွက် အခန်းပြင်ဘက်မှ ဖြတ်သွားယင်း ကက်သရင်း၏ စကားသံကြောင့် အထူးအဆန်း ဖြစ်နေသဖြင့် အခန်းထဲသို့ ဝင်လာခဲ့ခြင်း ဖြစ်ဟန်ရှိပါသည်။

ကျွန်မလည်း သူကို တွေ့လိုက်ရသဖြင့်...

“အို သခင်၊ သခင်ဟာ အတော်ပဲ မကျန်းမမာ ဖြစ်နေပါတယ်၊ ကျွန်မ ဘယ်လိုမှ ထိန်းချုပ်လို့ မရပါဘူး၊ သူ့ကို အိပ်ရာဝင်ဖို့ ပြောစမ်းပါရှင်၊ သခင် ဒေါသဖြစ်နေတာကို မေ့ပြီး သခင်မကို ပြုစုစမ်းပါဦးရှင်ဟု ဆီး ပြောလိုက်မိပါသည်။

ဟင်၊ ကက်သရင်း နေမကောင်းဘူး ဟုတ်လား”

သူသည် ကျွန်မ နှစ်ယောက်နားသို့ အပြေး ရောက်လာပြီး “အယ်လင်၊ ပြတင်းပေါက်ကို ပိတ်လိုက်လေ၊ ကက်သရင်း၊ ကက်သရင်း၊ မင်း..

မစ္စတာ လင်တန်သည် သူ့ဇနီး၏ မျက်နှာသွင်ပြင်နှင့် အခြေအနေကို ယခုမှ သတိပြုမိပါသည်။ မစ္စက်လင်န်မှာ ယခု နှစ်ရက်သုံးရက်အတွင်း မျက်နှာပြင်သည် သိသိသာသာ ချောင်ကျသွားပြီး ကိုယ်လုံးကိုယ်ထည်မှာလည်း ပိန်ချုံးသွားပါသည်။ ဤသို့သော သူ့ဇနီးရုပ်သွင်ကို မြင်လိုက်ရသဖြင့် မစ္စတာလင်တန်သည် စကားစ ပြတ်သွားပြီး ထိတ်ထိတ်လန့်လန့် အမူအရာဖြင့် ကျွန်မ ဘက်သို့ ဖြတ်ကနဲ လှမ်းကြည့်လိုက်ပါလေ၏။

“သူ အခန်းအောင်းပြီး စိတ်ဆင်းရဲ ခံနေတာပါ၊ အစာလဲ့ မစားဘူး၊ ဘာမှလဲ မပြောဘူး၊ အခန်းကို အတွင်းက ပိတ်ထားပြီး ကျွန်မတို့ကို အဝင်မခံခဲ့ဘူး သခင်၊ ဒါကြောင့်လဲ သခင်မ ဘာဖြစ်နေတယ်ဆိုတာ ကျွန်မတို့ သခင့်ကို အကြောင်းမကြားနိုင်ခဲ့ဘူး။ ဒါပေမယ့် အရေးတော့ မကြီးပါဘူးလေ

ကျွန်မလည်း မရေမရာ ခွတီးခွကျ ဖြေရှင်းချက်ကို ခပ်ညည်းညည်း ပြောလိုက်ပါသည်။ သခင်သည် မျက်မှောင်ကုပ်သွားပြီး...

“အရေးမကြီးဘူး ဟုတ်လား အယ်လင်ဒင်း၊ ကျုပ် မသိရတဲ့အတွက် ဘာဖြစ်နိုင်တယ် ဆိုတာကို ခင်ဗျားတို့ ထည့်တွက်ဖို့ ကောင်းတာပေါ့' ဟု ခပ်မာမာပြော၍ သူ့ဇနီး၏ လက်ကို ဆွဲကိုင်လိုက်ပါသည်။ အလွန် စိတ်ထိခိုက်သွားသည့် အကြည့်မျိုးဖြင့်လည်း ကြည့်နေလိုက်ပါသည်။

ကက်သရင်းသည် သူ့ ခင်ပွန်းသည်ကို ရုတ်တရက် မမှတ်မိပဲ ဖြစ်နေဟန် ရှိသည် တွေတွေငေးငေး ဖြစ်နေသော သူ့အကြည့်တွင်လည်း သူ့ခင်ပွန်းသည်၏ ရုပ်သွင် ထင်ဟပ်လာပုံ မရပေ။ အတော်ကြာမှပင် သူ့လက်ကို လာကိုင်သူကို သူသတိပြုမိပါလေသည်။

“အိုး၊ အက်ဂါလင်တန်ရယ်၊ ရှင် ရောက်လာတယ်နော် သူ့အသံမှာ ဒေါသသံပါနေသည်။ “ကျွန်မတို့မှာ စိတ်မချမ်းသာစရာ ဖြစ်ရပြီဆိုယင် ကျွန်မအဖို့ ဘယ်မှာများ စိတ်ချမ်းသာစရာ ရှာနိုင်သလဲ၊ ရှင့်အဖို့ကတော့ ရှင် သွားချင်ရာသွား၊ နေချင်ရာနေပြီး စိတ်ချမ်းသာမှု ရှာနိုင်တာပဲ မဟုတ်လား”

“ကတ်သရင်းရယ် မင်း ဘာဖြစ်နေတာလဲ၊ ကိုယ်ဟာ မင်းအတွက် မဟုတ်နိုင်တော့ဘူးလား၊ ဘာလဲ မင်း ဟိုအကောင် ဟိ”

“တော်စမ်းပါ၊ ရှင် ဆက်မပြောပါနဲ့။ ရှင် ဒီနာမည်ကို ပြောယင် ကျန်မ ပြတင်းပေါက်က ခုန်ချပြီး ဒီကိစ္စကို အဆုံးသတ်လိုက်မယ်၊ ကျွန်မ ရှင့်ကိုမတွေ့ချင်ဘူး၊ ရှင့်စာအုပ်တွေဆီ ရှင် ပြန်သွားပါ၊ ရှင့် စာအုပ်တွေကြားမှာ ပြေရာပြေကြောင်း ရှာနိုင်တာ ကျွန်မ ဝမ်းသာပါတယ်

ကျွန်မသည် ကြားဝင်ရလေတော့သည်။

သူ့ စိတ်တွေ ထွေနေတယ် သခင်။ ဒီတညလုံး သူ အဓိပ္ပာယ် မရှိတာ တွေပဲ ပြောနေတယ်၊ သူ့အတွက် အစောင့်တယောက် ထားပြီး သူ ငြိမ်ငြိမ်ဆိမ်ဆိမ် နေစေဖို့ လိုမယ် သခင်၊ အဲဒီ ကြားထဲမှာ သူ့ကို စိတ်အနှောင့်အယှက် မပြုမိအောင် သတိထားဖို့ လိုပါမယ်”

တော်စမ်းပါ အယ်လင်ရယ်၊ ကျုပ် ခင်ဗျားဆီက အကြံဉာဏ် မလိုချင်ပါဘူး၊ ခင်ဗျားလဲ ခင်ဗျားသခင်မရဲ့ စိတ်နေစိတ်ထားကို အသိသားနဲ့၊ ခင်ဗျားကိုက ကျုပ်ကို သူ စိတ်ညစ်အောင် လုပ်ခိုင်းနေသလို ဖြစ်နေပြီ။ တကယ်ဆို ဒီသုံးရက်စလုံး သူ့အခြေအနေကို ခင်ဗျားတို့ ပြောဖို့ ကောင်းတာပေါ့၊ ခုတော့ ကြည့်စမ်း၊ နှစ်ရှည်လများ နေမကောင်းဦးတော့ ဒီလောက်ကြီး ပြောင်းလဲသွားစရာ မရှိပါဘူးဗျာ

ကျွန်မလည်း တပါးသူ အပြစ်ရှာနေသည် အထင်ဖြင့် မိမိကိုယ်ကို ကာကွယ်သည့် အနေဖြင့် “ကျွန်မဟာ မစ္စက်လင်တန်ရဲ့ စိတ်နေသဘောထားကို သိသားပဲ၊ မစ္စက်လင်တန်ဟာ ခေါင်းမာတယ်၊ မာနကြီးတယ်၊ ဒါပေမယ့် ရှင် သူ့ဒေါသကို ဆွပေးချင်တယ် ဆိုတာတော့ ကျွန်မ မသိဘူး၊ သူ့စိတ်တိုင်းကျ ဖြစ်အောင် မစ္စတာ ဟိကလစ် ကိစ္စမှာလဲ မျက်စိမှိတ်နေရမယ်ဆိုတာ ကျွန်မ မသိဘူး၊ အမှန်ပြောရယင် ကျွန်မဟာ အစေခံပါ၊ ရှင့်ဆီက လခရနေတဲ့ အစေခံပါ၊ ဒီတော့ ကျွန်မ နောက်တကြိမ် ဒီလို မဖြစ်အောင် သတိထားပါ့မယ်၊ ရှင်လဲ သတိထားပါသခင်'ဟု အော်ပြောလိုက်ပါသည်။

နောက်တကြိမ်ဆိုယင် ဘာဖြစ်တယ်ဆိုတာ လာပြောပါ၊ မဟုတ်ယင် ခင်ဗျား အလုပ်က ထွက်မှ ဖြစ်မယ်ဗျ

တကယ်တော့ ရှင် ဘာမှ ကြားတာ မဟုတ်ဘူးလို့ ကျွန်မ ထင်ပါတယ် မစ္စတာ လင်န်၊ ဟိကလစ်ဆိုတာလဲ ရှင့်ခွင့်ပြုချက်နဲ့ အိမ်ကို လာပြီး ရှင့် ညီမကို ပိုးတာပဲ၊ ရှင် မရှိတာကို အခွင့်ကောင်းယူပြီး သခင်ကိုလဲ စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်တာပဲ”

ထိုစကားကြောင့် ကက်သရင်းသည် ရုတ်တရက် နိုးထလာသလို ဖြစ်သွားပြီး......

 “အလိုလေး နယ်လီရယ်၊ ရှင် သစ္စာဖောက်တာပါကလား၊ ရှင်ဟာ တကယ်တော့ ကျွန်မရဲ့ တိတ်တိတ်ပုန်း ရန်သူ ဖြစ်နေတာပါကလား ရှင်ဟာ စုန်းမပဲ၊ ခု ကြည့်စမ်း၊ ကျွန်မတို့ ကြားမှာ ပြဿနာဖြစ်အောင် ရှင် လုပ်တာပဲ၊ လွှတ်စမ်းပါ၊ ကျွန်မ သူ့ကို တခုခု လုပ်ချင်လွန်းလို့

စိတ်လိုက်မာန်ပါ ပြောပါလေတော့သည်။

သူ့ မျက်လုံးတွေမှာ ဒေါသရိပ်ဖြင့် မုန်တိုင်းထလာသလို ရှိပါသည်။ ထို့ကြောင့် လင်တန်လက်မှ ရုန်းထွက်ပါလေဘော့သည်။ ကျွန်မလည်း သူ့ဒေါသကို ပိုမထွက်သင့်ဟု သဘောရသဖြင့် ဆရာဝန် သွားခေါ်ရန်အတွက် အခန်းထဲမှ ထွက်ခဲ့ပါလေတော့သည်။

ကျွန်မသည် လမ်းမသို့ ရောက်ရန် ဥယျာဉ်ကို ဖြတ်လာစဉ် မြင်းကုန်းနှီးတွေ ချိတ်ထားသည့် နေရာတွင် ဖြစ်မြဲမဟုတ်သော အဖြူရောင်တခု၏ လှုပ်ရှားဟန်ကို သတိပြုလိုက်မိပါသည်။ ကျွန်မလည်း အထူး အဆန်း ဖြစ်နေသဖြင့် စိုက်ကြည့်နေရာ ကျွန်မအဖို့ စဉ်းစားမရနိုင်လောက်အောင် အံ့ဩရပါလေတော့သည်။ ထိုအရာကား မစ္စအစ္စဗယ်လာ၏ ခွေးကလေး ဖန်နီ ဖြစ်နေပါလေ၏။

ခွေးကလေးမှာ လက်ကိုင်ပဝါဖြင့် ချည်နှောင်ထားသဖြင့် အသက်ကိုပင် ကောင်းကောင်း မရှုနိုင်သလို ဖြစ်နေပါသည်။ ကျွန်မလည်း ခွေးကလေးကို ချည်ထားသော လက်ကိုင်ပုဝါကို ဖြေပြီး ဥယျာဉ်ထဲသို့ လွှတ်ပေးလိုက်ပါသည်။  ခွေးကလေးကို ဖြေပေးစဉ် ကျွန်မသည် ခပ်လှမ်းလှမ်းက မြင်းခွာသံများကို သတိပြုလိုက်မိပါသည်။ အားလုံးမှာ ထူးဆန်းနေပါသည်။ အချိန်ကား နံနက် နှစ်နာရီ ထိုးလေပြီ။

မစ္စတာ ကင်းနက်သည် ရွာထဲက လူမမာကို ကြည့်ရန် အိမ်မှ ထွက်လာစဉ် ကျွန်မနှင့် ဆုံမိပါသည်။ ကျွန်မက သူ့အား ကက်သရင်း လင်တန်၏ အခြေအနေကို ပြောပြပြီး ယခုချက်ချင်း တပါတည်း လိုက်ခဲ့ဖို့ ခေါ်ပါ၏။ မစ္စတာ ကင်းနက်မှာ စိတ်ထား ကောင်းမွန်ပြီး ယောဟောဒိုင်းဒိုင်း စိုက်လိုက်မတ်သတ်သမား ဖြစ်ပါသည်။ သူက ကက်သရင်းသည် သူ သတိပေးထားပါလျက် ဂရုမစိုက်၍ ဤသို့ ဖြစ်ရကြောင်း ပြောပါ၏။

နယ်လီင်း၊ ခုလို ဖြစ်ရတာ အကြောင်းထူးတော့ ရှိရမယ်ဗျာ၊ အိမ်ကြီးမှာ ဘာဖြစ်ကြပြန်သလဲဗျ။  ကက်သရင်းလို ကျန်းကျန်းမာမာ ဖျတ်ဖျတ်လတ်လတ် မိန်းကလေးတယောက်ဟာ သာမန် ကိစ္စလောက်နဲ့တော့ ခုလို ဖြစ်စရာ အကြောင်း မရှိပါဘူး၊ ဘယ်လိုက ဘယ်လို စဖြစ်တယ်ဆိုတာ ပြောစမ်းပါဦးဗျာ”

'ဟိုရောက်ယင် သခင်က ပြောပြပါလိမ့်မယ်၊ ဒါပေမယ့် ရှင်လဲ အန်းရှောမိသားစုရဲ့ ဘာမဆို အကြမ်းပတမ်း ချုပ်ကိုင်တာမျိုးကို အသိသားပဲ၊ ပြီးတော့ မစ္စက်လင်တန်ကလဲ ဒါမျိုးဆိုယင် သူကပဲ အနိုင်လုချင်တာ၊ ခုလဲ စကားများကြရာက စတာပဲလို့ ပြောရမှာပဲ၊ စကားများပြီး စိတ်ကို မထိန်းနိုင်ရာကနေ သခင်မက အခန်းထဲဝင် တံခါး ပိတ်နေလိုက်တာပဲရှင့်၊ အဲဒီကစပြီး သခင်မဟာ အစာလဲ မစားဘူး၊ စိတ် ကယောင်ချောက်ချား ဖြစ်နေတာပေါ့ရှင်၊ သူ့ စိတ်တွေထဲမှာ အထူးအဆန်းတွေ မြင်ပြီး စိတ်ကူးစိတ်သန်း အထူးအဆန်းတွေ ဖြစ်နေတာပါပဲ”

'မစ္စတာ လင်တန်ကတော့ စိတ်မကောင်း ဖြစ်နေမှာပဲ”

“အသည်းကွဲမတတ်ပါပဲရှင်၊ သူ့ကို လိုအပ်တာထက် ပိုပြီး ထိတ်လန့် သွားအောင်တော့ မပြောလိုက်ပါနဲ့ ရှင်

“ကောင်းပါပြီလေ၊ သူ သတိထားဖို့တော့ ပြောရမှာပေါ့ ကျပ် သတိပေးထားလျက်နဲ့ ဂရုမစိုက်လို့ ဖြစ်ရတာပဲလေ၊ ဩော်ဒါထက် သူနဲ့ မစ္စတာဟိကလစ်နဲ့က အတော် ရင်းနှီးနေကြပြီလား

“သူ အိမ်ကြီးကို မကြာမကြာ လာတတ်တယ်၊ ဒါကလဲ သခင် ကြည်ဖြူတာ မကြည်ဖြူတာထက် သခင်မနဲ့ သူနဲ့က ငယ်ငယ်ကတည်းက ရင်းနှီးလာခဲ့ကြတာ မဟုတ်လား၊ ဒါပေမယ့်သူက မစ္စလင်တန်ကို တမ်းတမ်းစွဲဖြစ်ပြီး သူတို့ ဆက်ဆံရေးက သိသာလွန်းတာကြောင့် ခု အိမ်ကို လာခွင့်မပြုတော့ဘူး ရှင့်၊ သူလဲ လာတော့မယ် မထင်ပါဘူး”

စ္စ လင်တန်ကတော့ သူ့ကို ဂရုမစိုက်ဘူး မဟုတ်လားဗျ”

“အဲဒါတော့ ကျွန်မလဲ မပြောတတ်ဘူးရှင့် ’

ကျွန်မသည် ရုတ်ကနဲ  ပြန်ဖြေလိုက်ပါသည်။

အင်း၊ ဟုတ်ပုံတော့မပေါ်သေးဘူးဗျ၊ ကောင်မလေးကလဲ ပျက်တီးပျက်ချော်ရယ်၊ သူကလဲ သူ့စိတ်ကူးနဲ့သူ နေတာမဟုတ်လား၊ တကယ်တော့ ကောင်မလေးက မိုက်တိမိုက်ကန်းရယ်၊ ကျုပ်က တခုကြားထားလို့ ပြောတာပါ၊ ညက ခင်ဗျားတို့ အိမ်နောက်ဘက်က စိုက်ခင်းထဲမှာ သူတို့နှစ်ယောက်ကို တွေ့ရသတဲ့၊ သူက ကောင်မလေးကို အိမ်ထဲ ပြန်မဝင် သူ့မြင်းနဲ့လိုက်ခဲ့ဖို့ ခေါ်နေတယ် ဆိုပဲဗျ၊ အဲဒီ ကျုပ်လူ အပြောကတော့ ကောင်မလေးကတော့ ငြင်းနေတယ် ဆိုတာပဲ၊ ဒီနောက်တော့ သူ မကြားရတော့ဘူး တဲ့၊ ဘာဖြစ်ဖြစ်ပေါ့လေ၊ ခင်ဗျားကလဲ မစ္စတာလင်တန်တို့ ကောင်မလေးကို ဂရုစိုက်ကြည့်ဖို့ ပြောပါဗျား

ထိုသတင်းကို ကြားလိုက်ရသဖြင့် ကျွန်မအဖို့ ထိတ်စရာ လန့်စရ အသစ် ဖြစ်လာရပြန်လေသည်။ ထို့ကြောင့် ကျွန်မသည် မစ္စတာ ကင်းနက်ကို ချန်ထားခဲ့ပြီး အိမ်ဘက်သို့ အပြေးကလေး လာခဲ့ရပါလေတော့သည်။ ဥယျာဉ်ထဲတွင် ခွေးကလေးသည် အော်ညည်းနေဆဲ ဖြစ်ပါသည်။ ကျွန်မသည် ခွေးကလေးအတွက် အိမ်တံခါးကို ဖွင့်ပေးလိုက်ပါ၏။ ခွေးကလေးသည် အိမ်ထဲကို ဝင်ရမည့်အစား မြက်ခင်းပေါ်တွင် ဟိုသည် အနံ့ခံနေပါလေ၏။ ကျွန်မလည်း အစ္စဗယ်လာ၏ အခန်းဆီသို့ တက်လာခဲ့ပါ၏။ ကျွန်မ ထင်ထားသည့် အတိုင်းပင် ဖြစ်ပါလေပြီ။ အစ္စဗယ်လာသည် အခန်းထဲတွင် မရှိတော့။ သူသည် ကက်သရင်း နေမကောင်းသည်ကို အခွင့်ကောင်းယူ၍ ထွက်သွားပြီ ထင်ပါသည်။ ဘာမှ မတတ်နိုင်တော့။ ကျွန်မ အဖို့မှာလည်း ကျွန်မ င်မှာ သူ့ဇနီးကိစ္စနှင့် ရတက်မအေး ဖြစ်နေရချိန်တွင် ထပ်ဆင့်ဆပွားစေ၍ မသင့်ပါ။

ကျွန်မ ဘာမျှ မပြောမိအောင် ကြိုးစားနေရပါလေတော့သည်။ ကင်းနက် ရောက်လာကြောင်းကိုသာ အကြောင်း ကြားလိုက်ပါသည်။ ကက်သရင်းမှာ အိပ်ရာထဲတွင် လှဲနေလေသည်။ ခင်သည် သခင်မ၏ အိပ်ရာဘေးတွင် သခင်မ၏ အခြေအနေကို စောင့်ကြည့်ယင်း တွေငေးငေး ဖြစ်နေပါ၏။

ဆရာဝန်သည် သခင်မ၏ အခြေအနေကို စမ်းသပ်ပြီးနောက် သခင်အား စိုးရိမ်စရာ မရှိကြောင်း၊ သူ့ကို စိတ်အေးအေး နေနိုင်အောင် ထားဖို့ ရှင်းပြပါလေသည်။

ထိုညက ကျွန်မ မအိပ်ရတော့ပါ။ မစ္စတာ လင်တန်လည်း မအိပ်ရပါ။ စင်စစ်တော့လည်း ကျွန်မတို့ နှစ်ဦးစလုံးပင် အိပ်ချင်စိတ်လည်း မရှိတော့ပါ။ အိမ်တွင်းရှိ အစေခံများလည်း နိုးနေကျ အချိန်ထက် စောစီးစွာ နိုးလာကြပြီး အိမ်တွင်းအလုပ်များကို တိတ်ဆိတ်ညင်သာစွာ လုပ်ကိုင်ကြပါလေပြီ။ အစ္စဗယ်လာ၏ လှုပ်ရှားဟန်ကိုကား မတွေ့ရတော့ပါ။ ထိုအခါ အများကပင် အစ္စဗယ်လာ အိပ်မောကျနေတာ ဖြစ်မည်ဟု ထင်ကြေး ပေးကြပါလေသည်။ သူ့အစ်ကိုကလည်း မထသေးဘူးလားဟု မေးပါသည်။ ကျွန်မမှာ လင်တန်က ဗယ်လာကို အခေါ်ခိုင်းလေမလား စိုးရိမ်မိပါသေး၏။ အစ္စဗယ်လာ ကိစ္စကို ကျွန်မ မပြောရက်သေးပါ။

ဤအတောအတွင်းမှာပင် ဂျင်မာတန်သို့ မနက်စောစောသွားရန် စေခိုင်းလိုက်သော အိမ်စေ မိန်းကလေးတယောက်သည် အိမ်ပေါ်သို့ မောကြီးပန်းကြီးနှင့် ပြေးတက်လာပြီး အခန်းထဲသို့ ပါးစပ်အဟသားနှင့် ရုတ်ကန် ပြေးဝင်လာကာ...

သခင်၊ သခင်၊ ကျွန်မတို့ရဲ့ အစ္စဗယ်လာ”

ကျွန်မလည်း ထိုမိန်းကလေး၏ စကားကြောင့် ဒေါသထွက်သွားပြီး “တိတ်စမ်း ဟု ဖြတ်ကနဲ အော်ပစ်လိုက်ပါလေသည်။ ထိုအခါ မစ္စတာ လင်တန်က ကြားဝင်၍...

ဖြည်းဖြည်းပြောစမ်း မေရီ၊ အစ္စဗယ်လာ ဘာဖြစ်သလဲ” ဟု မေးပါလေတော့သည်။

သူ၊ သူ၊ သူ မရှိတော့ဘူး၊ သူ ဟိကလစ်နဲ့ လိုက်ပြေးသွားပြီ'

မိန်းကလေးမှာ မောဟိုက် တုန်ယင်နေပါ၏။ လင်တန်လည်း ဖြတ်ကနဲ ထလိုက်ပြီး

ဒါ မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ မင်းခေါင်းထဲကို မဟုတ်တဲ့ အတွေး ဝင်လာတာပါပဲ၊ ကဲ၊ ကယ်လင်ဖင်း သွားစမ်းဗျာ၊ အစ္စဗယ်လာကို သွားရှာစမ်း၊ မဖြစ်နိုင်တာပဲ”

ပြောပြောဆိုဆို အိမ်စေမကလေးကို တံခါးသို့ ခေါ်သွားပြီး သည်သဘင်း ဘယ်သို့ဘယ်ပုံ သိလာသည်ကို မေးမြန်း ပါလေ၏။

ကျွန်မ မနက်က ဂျင်မာတန်ဘက်အသွားမှာ ဂျင်မာတန်ကနေ ကျွန်မတို့ဆီလာပြီး နွားနို့လာယူလေ့ရှိတဲ့ သူငယ်ကလေးနဲ့ တွေ့ပါတယ်၊ ကျွန်မတို့အိမ်ကြီးမှာ ဘာမှမဖြစ်ဘူးလား မေးတော့ ကျွန်မကလဲ သခင် နေမကောင်းတာ မေးတယ်မှတ်ပြီး ပြန်ဖြေလိုက်မိပါတယ်၊ အဲဒီတော့ သူက “ခင်ဗျားတို့ အိမ်က တယောက်ယောက်တော့ သူများ နောက်လိုက် သွားတယ်ထင်တာပဲ” လို့ ပြောလိုက်လို့ ကျွန်မလဲ သူ့ကိုစိုက်ကြည့်လိုက်မိပါတယ်၊ ဒါနဲ့သူက ကျွန်မ ဘာမှ သိသေးပုံမပေါ်ဘူးလို့ သဘောပေါက်သွားပြီး အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် ဂျင်တန်ရွာ အပြင်ဘက် နှစ်မိုင်လောက်က ပန်းပဲဖိုမှာ မြင်းခွာ ပြင်ရိုက်ဖို့ မြင်းတစီးနဲ့ ရပ်နေတာ တွေ့ရတဲ့အကြောင်း၊ အဲဒီတုန်းက သန်းခေါင်ကျော်လောက် ရှိတဲ့အကြောင်း၊ ပန်းပဲ ဆရာရဲ့ သမီးက မြင်းနဲ့လာတဲ့ အမျိုးသားနဲ့ အမျိုးသမီးကို ဘယ်သူ ဖြစ်ပါ့မလဲ ချောင်းကြည့်တော့ ဘယ်သူတွေဆိုတာ သိတော့တဲ့အကြောင်း ပြောပါတယ်၊ သူကပဲ အဲဒီ မိန်းကလေးက ဟိကလစ်ကို ကောင်းကောင်း မှတ်မိတဲ့အကြောင်း အမျိုးသားဟာ ဟိကလစ် ဖြစ်နေတဲ့အကြောင်း၊ အမျိုးသမီးကတော့ မျက်နှာကို ဖုံးထားလို့ မမြင်ရပေမယ့် ရေတောင်း သောက်ယင်း မျက်နှာပေါ်က အဝတ်ကျသွားတော့ မြင်လိုက်ရတဲ့အကြောင်း၊ နောက်တော့ ဟိကလစ်နဲ့ အမျိုးသမီးတို့ဟာ ရွာကို ကျောခိုင်းပြီး လမ်းကြမ်းအတိုင်း ထွက်သွားတဲ့ အကြောင်း၊ အဲဒီမိန်းကလေးက ဒီမနက်ပိုင်းမှာပဲ ဂျင်မာတန်မှာ ပြောနေတဲ့ အကြောင်း အဲဒီသူငယ်က ပြောပါတယ်”

ကျွန်မလည်း အိမ်စေမိန်းကလေး ပြောပြသည်ကို ကြားရပြီးနောက် ပို၍ သေချာစေရန် အစ္စဗယ်လာ၏ အခန်းကို သွားကြည့်လိုက်ပါသေး၏။ ထိုအတွင်းတွင် မစ္စတာလင်တန်သည် ကက်သရင်း အိပ်ရာဘေး ကုလားထိုင်မှ ထလာပါသည်။ ကျွန်မ အခန်းထဲသို့ ပြန်ဝင်လာသောအခါ မစ္စတာ လင်တန်သည် မျက်လုံးကို လှန်ပြီး ကျွန်မကို ကြည့်ပါလေ၏။ ကျွန်မ မျက်နှာရိပ် မျက်နှာကဲကို သူ ရိပ်မိဟန် ရှိပါသည်။ မျက်လွှာကို ချလိုက်၏။ ကျွန်မအား အမိန့်လည်းမပေး၊ မည်သည့်စကားမျှလည်း မဆိုတော့ပါ။

သခင်မကလေးတို့ နောက်လိုက်ပြီး သူ့ကို ပြန်ခေါ်ဖိုလုပ်ကြမလား၊ ကျွန်မတို့ ဘာလုပ်ကြမလဲ” ဟု ကျွန်မက မေးလိုက်ပါသည်။ သူ့စိတ်နဲ့ သူ့ကိုယ် လုပ်သွားတာပဲ။ သူ့မလဲ သူကြိုက်သလို လုပ်နိုင်တာပဲလေ၊ သူနဲ့ပတ်သက်ပြီး ကျွန်တော့်ကို ဒုက္ခ မပေးပါနဲ့တော့၊ ခုချိန်ကစပြီး သူဟာ ကျွန်တော့်ညီမဆိုတာ အခေါ်အဝေါ် သဘောလောက်ပဲ ရှိပါတော့တယ်၊ ခုဟာက ကျွန်တော်က သူ့ကို စွန့်ပစ်တာ မဟုတ်ပဲ သူက ကျွန်တော့်ကို စွန့်ပစ်သွားတာလေ”

မစ္စတာလင်တန်သည် ဤကိစ္စနှင့်ပတ်သက်၍ ဤမျှသာ ပြောပါလေတော့သည်။ အစ္စဗယ်လာကို ရှာဖွေရန်လည်း မပြုလုပ်ပါ။ မည်သည့် ကိစ္စနှင့်ပတ်သက်၍မှလည်း အစ္စဗယ်လာ့အကြောင်းကို မပြောတော့ပါ။ ကျွန်မအားသာ အစ္စဗယ်လာ နေသည့် နေရာကို သိရလျှင် ဤအိမ်ရှိ အစ္စဗယ်လာ၏ ပစ္စည်းများကို အစ္စဗယ်လာထံပို့ရန် စေခိုင်းပါလေတော့သည်။

Comments