အခန်း [ ၂
]
ယမန်နေ့က မွန်းလွဲပိုင်းတွင် မြူတွေဆိုင်းလာပြီး အေးလာပါသည်။ ကျွန်ုပ်သည် လေထန်ကုန်းဘက်သို့ ရွှံ့ထဲတောထဲမှ ဖြတ်သွားမည့်အစား မီးဖိုဘေးမှာပဲ စာကြည့်နေရကောင်းမလားဟု စိတ်ကူးရောက်မိပါသည်။ ညစာ စားပြီးသောအခါ (မှတ်ချက်။ ။ ကျွန်ုပ်သည် ညစာကို ၁၂ နာရီနှင့် တနာရီကြားတွင်သာ စားလေ့ ရှိပါသည်။ သို့သော် ကျွန်ုပ်၏ အိပ်ဖော်အမျိုးသမီးသည် ကျွန်ုပ်စကားကို မနာခံပဲ ငါးနာရီလောက်ကပင် ညစာကို ပြင်ကျွေးခဲ့ပါသည်။) ပျင်းပျင်းရှိသဖြင့် အခန်းထဲသို့ ဝင်ခဲ့ပါသည်။ အခန်းထဲ၌ အိမ်စေမိန်းကလေးသည် မီးဖိုကို ငြိမ်းသတ်နေပေပြီ။ ဤမြင်ကွင်းကြောင့် ကျွန်ုပ်သည် ချက်ချင်း ဆုံးဖြတ်ချက်ချကာ ဦးထုပ်ကို ဆောင်းပြီး လေးမိုင်ဝေးသော ဟိကလစ်၏ လေထန်ကုန်း အိမ်ကြီးဆီသို့ လမ်းလျှောက်ထွက်လာခဲ့ပါတော့သည်။ ကျွန်ုပ်သည် နှင်းဖတ်များ ကျမလာမီကလေးမှာပင် ဟိကလစ်၏ ခြံဝကို ရောက်လာခဲ့ပါသည်။
လွင်တီးခေါင် တောင်ကုန်းထိပ်ဖြစ်သော ဤနေရာ၏ မြေသားသည် နှင်းသီးများ ကျထားသဖြင့် အေးနေပါသည်။ လေကလည်း ရိုးတွင်းခြင်ဆီတိုင်အောင် ခိုက်ခိုက်တုန် အေးစေပါသည်။ ကျွန်ုပ်သည် တံခါးကိုပင် မဖွင့်နိုင်လောက်အောင် ခိုက်ခိုက်တုန်နေသဖြင့် ဝင်းတံခါးကို ကျော်တက်ပြီး အိမ်ဆီသို့ ဦးတည်သော ကျောက်ပြားခင်းလမ်းအတိုင်း လာခဲ့ပါသည်။ တံခါးခေါက်ကွင်းကို ခေါက်သော်လည်း အထဲမှ မည်သူကမျှ မတုံ့ပြန်ပါ။ ကျွန်ုပ် တံခါးခေါက်သံကြောင့် ခွေးတွေသာ ဟောင်လာပါသည်။
“အလကားကောင်တွေ” စိတ်ထဲမှ ရေရွတ်လိုက်မိပါသည်။ “လူနဲ့သူနဲ့ နေဖို့ကောင်းတဲ့ ကောင်တွေ မဟုတ်ဘူး၊ ဘာဖြစ်ဖြစ် ဂရုစိုက်စရာ မလိုပါဘူး၊ အထဲရောက်အောင် ဝပ်မယ်” ဟူသော ဆုံးဖြတ်ချက်ဖြင့် တံခါးအပြင်ဘက် မင်းတုပ်ကို ခပ်ပြင်းပြင်း ရိုက်လိုက်ပါသည်။ တင်းကုပ် ပြတင်းပေါက်မှ ညိုညစ်ညစ် မျက်နှာထားနှင့် ဂျိုးဆက်မျက်နှာ ပေါ်လာပါသည်။
“ဘာကိစ္စလဲဗျ၊ ဆရာ အိမ်ထဲမှာ မရှိဘူး၊ ခြံထဲမှာ၊ ခင်ဗျား စကားပြောချင်ယင် အဲဒီ လိုက်သွားပေါ့”
“အိမ်ထဲမှာ တယောက်မှ မရှိဘူးလားဗျ” ကျွန်ုပ် အော်ပြောလိုက်သည်။
“သခင်မပဲ ရှိတယ်၊ သူကလဲ ခင်ဗျားကို တံခါးဖွင့်ပေးမှာ မဟုတ်ဘူး”
“ဘာဖြစ်လို့လဲဗျ၊ ကျွန်တော် ဘယ်သူလဲဆိုတာ ခင်ဗျား မပြော ဘူးလား”
“ဒါ ကျုပ် အလုပ်မှ မဟုတ်ပဲ”
သူ့မျက်နှာသည် ပြန်ဝင်ပျောက်ကွယ် သွားပါလေတော့သည်။
နှင်းတွေ ပို၍ ကျလာလေပြီ။ ကျွန်ုပ်သည် ထပ်စမ်းကြည့်ရန် တံခါးခေါက်ကွင်းကို ကိုင်လိုက်ချိန်တွင် ကုတ်အင်္ကျီမပါသော လူတဦးသည် ခက်ရင်းခွကို ထမ်းလျက် ခြံနောက်ဘက်မှ ပေါ်လာပါသည်။ သူက ကျွန်ုပ်ကို နှုတ်ဆက်ပြီး သူ့နောက်လိုက်ရန် ခေါ်သဖြင့် သူ့နောက်က လိုက်ခဲ့ပါသည်။ အိမ်ကြီးကို ပတ်လာပြီး နောက်ဖေးဘက်မှ လှည့်ဝင်လာခဲ့ရာ ကျွန်ုပ် ရောက်ဖူးပြီးသား ဖြစ်သည့် နွေးထွေးကျယ်ပြန့်သော အိပ်ခန်းကြီးထဲသို့ ရောက်လာပါတော့သည်။
မီးလင်းပုံကြီး တခုသည် ထင်းများ၊ မီးသွေးများဖြင့် အလျှံတညီးညီး တောက်နေပါသည်။ အနီးစားပွဲပေါ်၌ စားသောက်ဖွယ် အမျိုးစုံဖြင့် ညစာစားပွဲ တည်ခင်းထားပါသည်။ ယခင်တကြိမ်လာစဉ်က မတွေ့ခဲ့ဖူးသော အိမ်ရှင်မကို တွေ့လိုက်ရသဖြင့် ကျွန်ုပ် သဘောကျသွားပါသည်။ ကျွန်ုပ် သူ့ကို ဦးညွတ်နှုတ်ဆက်ပြီး သူက နေရာထိုင်ခင်း ပေးလိမ့်မည် အထင်ဖြင့် စောင့်နေလိုက်မိပါသည်။ သူသည် ကုလားထိုင်ပေါ်တွင် နောက်မှီကို မှီလျက် ကျွန်ုပ်ကိုစိုက်ကြည့်ပြီး ခပ်မဆိတ် လုပ်နေလိုက်ပါသည်။
“ရာသီဥတုကလဲ တယ်ဆိုးတာပဲနော်၊ ကျွန်တော် တံခါးခေါက်လိုက်တော့ ခင်ဗျားအိမ်စေတွေ မရှိကြဘူးထင်ပါရဲ့”
သူကား စကားဟဟ မဆိုပါ။ ကျွန်ုပ် စိုက်ကြည့်နေမိချိန်တွင် သူကလည်း ကျွန်ုပ်ကို စိုက်ကြည့်နေပါသည်။ သူ့ အကြည့်မှာ အေးတိ အေးစက်နှင့် အမှုမထားသလို၊ အလိုမကျသလို ဖြစ်နေပါသည်။ ကျွန်ုပ် အနေကျုံ့လာပါတော့သည်။
“ထိုင်လေဗျာ၊သူ့ခုပဲ လာလိမ့်မယ်”
လူငယ်က အသံကျယ်ကျယ်နှင့် ပြောလိုက်ပါသည်။
ကျွန်ုပ်သည် လူငယ်ညွှန်ပြသော နေရာတွင် ဝင်ထိုင်လိုက်ပါသည်။ မနေ့က တွေ့ခဲ့ပြီးသော ခွေးမသည် ယနေ့တွင်မူ ရှိရှိ ကျိုးကျိုးဖြင့် အမြီးနန့်လျက် ကျွန်ုပ်နှင့် သိကျွမ်းပြီးကြောင်း ဖော်ပြနေပါသည်။
“ခွေးမက အတော်လှတာပဲ၊ သူ့ ကလေးတွေနဲ့ ခွဲထားတော့မလား”
ကျွန်ုပ်ကပင် စကား စလိုက်ပြန်ပါသည်။
“ဒါတွေက ကျွန်မဟာတွေ မဟုတ်ဘူးရှင့်'
နှစ်လိုဖွယ်သော အိမ်ရှင်မက၊ ဟိကလစ်ထက်ပင် မာဆတ်ဆတ် တုံ့ပြန်လာပါသည်။ ကျွန်ုပ်က ရာသီဥတု ဆိုးရွားသော အခြေအနေကို အစ ပြန်ကောက် လိုက်ပါသည်။
“ရှင် ... အပြင်ထွက်လာဖို့တောင် မသင့်ဘူး”
အိမ်ရှင်မသည် ပြောပြော ဆိုဆို နေရာမှထပြီး မီးခိုးခေါင်းတိုင်ပေါ်က လက်ဖက်ခြောက် သေတ္တာဆီသို့ လက်လှမ်းလိုက်သည်။
စောစောပိုင်းက သူ့အနေအထားမှာ အရိပ်တွင် ကွယ်နေခဲ့သည်။ ယခုမှပင် သူ့ရုပ်သွင်မူရာကို ကျွန်ုပ် ထင်ထင်ရှားရှား မြင်ရလေသည်။ ကိုယ်ခန္ဓာ သွယ်လျသည်။ အရွယ်မှာ သိပ်ကြီးလှသေးပုံ မရပေ။ ကိုယ်လုံးကိုယ်ထည် ပြေပြစ်ပြီး မျက်နှာကလေးမှာ ကြော့ကြော့ရှင်းရှင်း ရှိလှပေသည်။ ကျွန်ုပ် မြင်ဖူးသမျှ သည်လိုမိန်းကလေးတွေထဲမှာ ထူးကဲသော အလှပိုင်ရှင်ဟု ဆိုရပါမည်။ ရွှေဝါရောင် ဆံယဉ်စတွေသည် လည်တံ ကြော့ကြော့ပေါ်တွင် လျော့ပြေကျနေ၏။ မျက်လုံးအစုံသည်ပျော့ ပျောင်းသောအသွင်ကိုသာ ဆောင်ထားပါက မြင်ရသူတိုင်း ငေးမော စေနိုင်သော အလှပိုင်ရှင်မျိုး ဖြစ်ပေသည်။ ထိုမိန်းကလေး၏ အမူအရာသည် သုန်မှုန်ခြင်းနှင့် စိတ်ပျက် အားလျော့ခြင်းကြားတွင် ကူးလူး ယှက်သန်းနေဟန် ရှိလေသည်။
မိန်းကလေးသည် လက်ဖက်ခြောက်ဗူးများဆီသို့ လက်လှမ်းမမီနိုင်ပဲ ရှိသည်။ ကျွန်ုပ်က ကူညီရန် ထမည်အပြုတွင် မိန်းကလေးသည် ကျွန်ုပ်အား မလိုလားဟန် ကြည့်လိုက်ပြီး..
“ရှင် ကူညီစရာ မလိုပါဘူး၊ ကျွန်မဘာသာ ယူနိုင်ပါတယ်'
မာဆတ်ဆတ် ပြောလိုက်ပါသည်။
“ခွင့်လွတ်ပါ ခင်ဗျာ”
ကျွန်ုပ်က ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။
“ရှင့်ကို လက်ဖက်ရည်သောက် ဖိတ်ထားသလား”
မိန်းကလေးသည် သူ့အနက်ရောင် ဂါဝန်ပေါ်တွင် ခါးစည်းဝတ် အဖြူကို ပတ်ချည်လိုက်ပြီး လက်ဖက်ခြောက် တဇွန်းကို အိုးထဲသို့ ထည့်ဟန်ပြုယင်း ပေးလိုက်ပါသည်။
“လက်ဖက်ရည် တခွက်လောက် သောက်ရယင်တော့ ဝမ်းသာစရာပေါ့ဗျာ”
“ရှင့်ကို ဖိတ်ထားသလား”
“ဖိတ်တော့ မထားပါဘူး၊ အိမ်ရှင်မတယောက်အနေနဲ့ ဖိတ်သင့်တာပေါ့ဗျာ”
ကျွန်ုပ်က ပြုံးစစနှင့် ဖြေလိုက်ပါသည်။
မိန်းကလေးသည် ချက်ချင်းပင် လက်ဖက်ရည်ရော ဇွန်းကိုပါ ဗူးထဲ ပြန်ထည့်လိုက်သည်။ ကုလားထိုင်ပေါ်မှာ ပြန်ထိုင်ချလိုက်သည်။ မျက်မှောင်ကို ကုပ်ထားပြီး အောက်နှုတ်ခမ်းနီကို ရှေ့သို့ ထော်ထားပုံမှာ ငိုတော့မည့် ကလေးတယောက်နှယ် ဖြစ်နေပါသည်။
ထိုအခန်းမှာပင် အဝတ်နွမ်းနွမ်းကို ဝတ်ထားသော လူငယ်သည် မီးရောင်တွင် ကိုယ်ကို မတ်မတ်ထားလျက် ကျွန်ုပ်အား မလိုမုန်းထားသော အကြည့်မျိုးဖြင့် ကြည့်နေပါလေသည်။ ကျွန်ုပ်သည် သူ့အား အစေခံတယောက် ဖြစ်လေမလားဟု သံသယ ဝင်လာပါသည်။ သူ၏ အဝတ်အစားနှင့် အမူအရာမှာ ကြမ်းတမ်း ရိုင်းစိုင်းသော အသွင်ကို ဆောင်နေပြီး မစ္စတာ ဟိကလစ်တို့ နှစ်ဦးနှင့် လုံးဝ မတူပေ။ သူ၏ ညိုမှောင်ခွေလိပ်နေသော ဆံပင်တွေမှာ ကြမ်းတမ်းပြီး ရိတ်ဖြတ်ပြီးသင်ခြင်း ရှိပုံလည်း မပေါ်။ သူ့ ပါးပြင်မှာလည်း ပါးသိုင်းမွေးတွေ အဆီးအတားမရှိ ပေါက်ရောက်နေပုံရ၏။ သူ့ လက်ချောင်း လက်တံများက အလုပ်ကြမ်းသမား တယောက်၏ လက်ချောင်း လက်တံများနှင့် တူနေ၏။ ဟန်ပန်မူရာမှာ လွတ်လပ်ဟန်ရှိပြီး ဘဝင်မြင့်နေသော အသွင်ကို ဆောင်သော်လည်း အိမ်သားတယောက် ဖြစ်ဟန်ကား မပေါ်ပေ။ ကျွန်ုပ်သည် လူရွယ်ကို အကဲခတ်နေစဉ် ငါးမိနစ်ခန့် အကြာတွင် အိမ်ထဲသို့ ဟိကလစ် ဝင်လာသဖြင့် ကျွန်ုပ်သည် အနေချောင်သွားပါတော့သည်။
“ကျွန်တော်တော့ ကတိအတိုင်း လာခဲ့ပြန်ပြီဗျို့ ၊ ရာသီဥတု အခြေအနေကလဲ နောက်ထပ် နာရီဝက်လောက် အထိတော့ ဆိုးနေဦးမယ် ထင်တာပဲ ခင်ဗျ၊ ဒီအးတော့ ခင်ဗျား အိမ်မှာပဲ ခိုနေရမှာပဲ”
ကျွန်ုပ်က ခပ်ချိုချို ပြောလိုက်ပါသည်။
“နာရီဝက်၊ ဟုတ်လား”
သူသည် အင်္ကျီပေါ်မှ နှင်းဖတ်များကို ခါချယင်း မေးလိုက်ပါသည်။ ထို့နောက် နှင်းမုန်တိုင်း ကျနေတဲ့ အချိန်မှာတောင် ရွေးပြီး လျှောက်လည်တာ ကျုပ်ဖြင့် အံ့ပါရဲ့ဗျာ၊ဒီအချိန်မျိုး ကွင်းထဲမှာ မျက်စိလည်ပြီး လမ်းပျောက်နိုင်တယ်ဆိုတာ သိဖို့ကောင်းတယ်၊ ဒီစိမ့်မြေ ဖုန်းဆိုးဒေသနဲ့ ကျွမ်းဝင်ပြီးသား လူတွေတောင် ခုလို ရာသီဥတုဆိုးတဲ့ အချိန်မျိုးမှာ လမ်းပျောက်ပျောက် သွားကြတယ်ဗျ၊ ရာသီဥတု အခြေအနေကလဲ ပြောင်းလဲသွားမယ့်ပုံ မပေါ်ဘူး” ဟု ဆက် ပြောပြန်ပါသည်။
“ခင်ဗျားအိမ်က ခိုင်းတဲ့ ကောင်ကလေး တယောက်ယောက်များ လမ်းပြဖို့ ရမလား၊ သူ့ကို ကျွန်တော့်အိမ်မှာ အအိပ်ခိုင်းပါမယ်”
“ကျုပ် ထည့်မပေးနိုင်ပါဘူး
“တကယ်လားဗျာ၊ ဒီလိုဆိုလဲ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာပေါ့”
“အင်း...”
ထိုအခိုက်မှာပင် ကျွန်ုပ်အား ရိုင်းရိုင်းစိုင်းစိုင်း စိုက်ကြည့်နေသော အဝတ်အစား နွမ်းနွမ်းနှင့် လူငယ်သည် မိန်းမပျိုဘက်သို့ လှည့်၍... “လက်ဖက်ရည် မဖျော်သေးဘူးလား' ဟု လှမ်းမေးလိုက်ပါသည်။ “သူ့ဖို့ရော ဖျော်ရမှာလား” မိန်းမပျိုက ဟိကလစ်ဘက်သို့ လှည့်မေးလိုက်သည်။
“ကဲပါ၊ ဖျော်မှာသာ ဖျော်စမ်းပါ”
ခပ်ထန်ထန် ပြောလိုက်သည့် အသံကြောင့် ကျွန်ုပ်ပင် ချောက်ချားသွားရပါလေသည်။ လေသံကား တကယ့် လူကြမ်း လူရိုင်းကယောက်၏ လေသံမျိုး ဖြစ်သည်။ ကျွန်ုပ်သည် ဟိကလစ်အား လူကြီး လူကောင်း တယောက်အဖြစ် ဆက်လက်၍ လက်မခံနိုင်တော့ပါ။
လက်ဖက်ရည်ပွဲ ပြင်ပြီးသည်နှင့် သူက “ခင်ဗျား ကုလားထိုင် ရှေ့တိုးဗျာ” ဟု ဆို၍ ကျွန်ုပ်ကို ဖိတ်ခေါ်သဖြင့် ကျွန်ုပ်လည်း စားပွဲနားသို့ တိုးလိုက်ရပါသည်။ စားပွဲတွင် လူရိုင်းကလေး အပါအဝ ကျွန်ုပ်တို့အားလုံး ဝိုင်းမိကြပါလေပြီ။ ကျွန်ုပ်တို့သည် လက်ဖက်ရည် သောက်နေယင်း တိတ်ဆိတ်နေကြပါသည်။
ဤလက်ဖက်ရှည်ပွဲတွင် ကျွန်ုပ်ကြောင့်များ သူတို့အားလုံး ဆိတ်ငြိမ်နေကြသည်လား။ ဤသို့ဆိုမူ ကျွန်ုပ်ကြောင့် ဖြစ်ရသော စိတ်အနှောင့်အယှက်ကို ကျွန်ုပ် ဖယ်ရှားရန် အားထုတ်ရမည်ဟု အတွေးပေါက်ပါသည်။ စင်စစ် သူတို့အားလုံးသည် နေ့စဉ်ပင် ဤသို့ပင် တုဏှိဘာဝ သုန်သုန်မှုန်မှုန် မျက်နှာထားဖြင့် စုဝေးမိစရာအကြောင်း မရှိပါ။ သူတို့အားလုံး မည်မျှပင် စိတ်မချမ်းသာကြရသည် ဖြစ်ပါစေ၊ ဤသို့ မျက်နှာထားဆိုးဆိုးဖြင့် နေ့စဉ် စုဝေးမိကြရန်မှာ မဖြစ်နိုင်ပါ။ “ဆန်းတော့ ဆန်းတယ်ဗျာ” ကျွန်ုပ်သည် လက်ဖက်ရှည်တခွက် သောက်လိုက်ပြီး နောက်ထပ် တခုက်ကို လက်ကမ်း ယူယင်း “ကျွန်တော်တို့ရဲ့ ခံစားချက်တွေနဲ့ စိတ်ကူးစိတ်သန်းတွေကိုများ ဘယ်ဓလေ့စရိုက်မျိုးက ပုံသွင်းလိုက်သလဲ မဆိုနိုင်ဘူးဗျ၊ မစ္စတာဟိကလစ်တို့ လူသူကင်းပြတ်တဲ့ နေရာမျိုးမှာ ပျော်ရွှင်သာယာတဲ့ဘဝကို ဖန်တီးနိုင်တာကို လူတော်တော် များများကတော့ တွေးလို့ရမှာ မဟုတ်ဘူး ကျွန်တော် ပြောရဲပါတယ်၊ မစ္စတာ ဟိကလစ်လို ချစ်နှစ်သက်မှ ငန်းတယောက်နဲ့ ဆုံရတဲ့ အိမ်ထောင် တခုအဖို့တော့လဲ' ပြောမဆုံးမီမှာပင် ...
‘ကျုပ်ရဲ့ ချစ်နှစ်သက်ဖွယ် ဇနီး၊ နေစမ်းပါဦးဗျ၊ အဲဒိ ကျုပ် ချစ်နှစ်သက်ဖွယ် ဇနီး ဆိုတာက ဘယ်မှာလဲဗျ”
သူသည် မျက်နှာ ရှုံ့မဲ့လျက် ကြားဖြတ်ပြောလိုက်ပါသည်။
“ခင်ဗျားဇနီး မစ္စက်ဟိကလစ်ကို ပြောတာပါ”
ကျွန်ုပ်က ရှင်းပြလိုက်ရသည်။
“ဪ... ဒါလား၊ သူ မရှိတော့ပေမယ့် သူ့ဝိညာဉ်ဟာ ဟောဒီက လေထန်ကုန်းကို စောင့်ရှောက် စောင်မနေတယ်လို့ ဆိုချင်တာလား၊ ကဲပါ၊ ဟုတ်တယ် မဟုတ်လား”
ကျွန်ုပ် စကားပြော မှားသွားသည်ကို ကျွန်ုပ် ချက်ချင်း သတိပြုလိုက်မိပါသည်။ ကျွန်ုပ် စကားပြင်ရပါမည်။ ယခုပင် ကျွန်ုပ်သည် ထိုအမျိုးသားနှင့် အမျိုးသမီးကို လင်မယားဟု ထင်မှတ်မှားခဲ့သည့် အသက် ကွာခြားမှုကိုလည်း သတိပြုမိပါတော့သည်။ ယောက်ျား ဖြစ်သူကား မိန်းမငယ်ငယ်ကို လက်ထပ်ယူရခြင်းဖြင့် ကျေနပ်သယောင် မိမိကိုယ်ကို လှည့်စားတတ်သော၊ စိတ်ဓာတ် အားဖြင့် ရင့်ကျက်စ ပြုနေသော အသက်လေးဆယ်ခန့် အရွယ်။ တကယ်တော့လည်း ကျဆင်းလာသည့် အသက် အရွယ်ပိုင်းအတွက် အိပ်မက်တခုသာ ဖြစ်လေသည်။ အမျိုး သမီးကား ဆယ့်ခုနစ်နှစ်ပင် ပြည့်သေးပုံ မပေါ်။
ထိုအခါ ကျွန်ုပ်၏ အတွေးတွင် ကျွန်ုပ် အပါးမှ လက်မဆေး ဘာမဆေးနှင့် ပေါင်မုန့်ကို စားလိုက်၊ လက်ဖက်ရည် သောက်လိုက် လုပ်နေသော လူပြက်ကလေးသည်ပင် မိန်းမပျို၏ ခင်ပွန်း ဖြစ်တန်ရာသည်ဟု ထင်မြင်လာပြန်ပါသည်။ သည် သူငယ်သည် ဟိကလစ်၏ သား ဖြစ်လိမ့်မည်ဟု ထင်လာပါသည်။ ဤသို့ဖြစ်က မိန်းမပျိုသည် သူ့ဘဝကို သူ အသက်ရှင်လျက် သင်္ဂြိုဟ် မြှုပ်နှံလိုက်ရသော အဖြစ် ကြေကွဲဝမ်းနည်းဖွယ်သော ဘဝပါကလား ဟုလည်း ခံစားလာမိသည်။ “သူက ကျုပ်ချွေးမ၊ မစ္စက်ဟိကလစ်ပါ' မစ္စတာဟိကလစ်က ကျွန်ုပ်၏ ရမ်းဆတွေးထင်ချက်ကို တည့်မတ်ပေးလိုက်ပါသည်။ ဤသို့ပြောယင်းပင် သူသည် သူ့ချွေးမဆိုသောမိန်းမပျိုကို မုန်းတီးစက်ဆုပ်သည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
“ဩ...ဒီလိုကိုး၊ လက်စသတ်တော့ ဒီမိန်းမချောကလေး ပိုင်ရှင်က ဒီက သူငယ်ကလေးကိုး’ ဟု ကျွန်ုပ်သည် ကျွန်ုပ် အပါးက သူငယ်ကို ရည်ညွှန်း ပြောလိုက်မိပြန်ပါသည်။
သည်တော့မှလည်း အခြေအနေမှာ ပိုဆိုးလာပါတော့သည်။ သူငယ်သည် မျက်နှာ နီလာပါသည်။ လက်သီးကိုလည်း ဆုပ်လာပါသည်။ သူ ဒေါသဖြစ်သွားပုံ ရပါသည်။ သို့သော် သူသည် ချက်ချင်းပင် သူ့ ကိုယ် သူ ပြန်ထိန်းလိုက်ပုံ ရပါသည်။
“ခင်ဗျား မှန်းချက်တွေကတော့ တလွဲချည်းပါလားလျှို၊ ကျုပ်တို့ နှစ်ယောက်စလုံး သူ့ကို ပိုင်ဆိုင်ခွင့်မရှိဘူး၊ သူ့ခင်ပွန်းက ဆုံးရှာပြီ၊ ကျုပ်ပြောတယ် မဟုတ်လား၊ ကျုပ် ချွေးမပါလို့၊ ဒီတော့ ကျုပ်သားရဲ့ ဇနီးပေါ့” မစ္စတာ ဟိကလစ်က ရှင်းပြပါလေသည်။
“ဒီလိုဆို ဒီသူငယ်က”
“ကျုပ်သား မဟုတ်ပါဘူး”
ဟိကလစ်သည် ထိုသူငယ်၏ အဖအဖြစ် အထင်ခံရသည်ကို ပြက်ရယ်ပြုလိုတန်ဖြင့် ပြုံးလိုက်ပြန်ပါသည်။
‘ကျုပ်နာမည်က ဟယ်ယာတန်အန်းရှောဗျ၊ ဒီနာမည်ကို ခင်ဗျား လေးစားပါ” ထပြီး ဟောက်လိုက်ပါတော့သည်။
“ကျုပ် မလေးစားကြောင်း မပြရပါကလားကွယ့် ́
ကျွန်ုပ်သည် စိတ်တွင်းမှ သူ့ကို လှေဒင်ရယ် ရှယ်ယင်း ပြန်ဖြေလိုက်ပါသည်။ ကျွန်ုပ်ကား ဤမိသားစုကြားတွင် မှားပြီးယင်း မှားနေပါကလား သဘောပေါက်လာပါတော့သည်။ နောက်ထကြိမ် ထပ်မမှားရအောင် ကျွန်ုပ် သတိထားရပါတော့မည်။
စားသောက်ပြီးကြသည်အထိ မည်သူကမျှ မိတ်ဖြစ်ဆွေဖြစ်စကားမျိုး မဆိုကြတော့ပါ။ ကျွန်ုပ်သည် ပြတင်းပေါက်ဆီသို့ ထလာပြီး ရာသီဥတု အခြေအနေကို အကဲခတ် ကြည့်လိုက်ပါသည်။ မြင်ကွင်းကား စိတ်မချပ် မြေဖွယ်ပင်။ ညသည် စောစီးစွာပင် မှောင်လာပေပြီ။ တရှူးရှူး တိုက်နေသော လေနှင့် သိပ်သည်းစွာ ကျနေသော နှင်းတွေ ကြားတွင် ထောင်ကုန်းများနှင့် ကောင်းကင်သည် ရောထွေးနေလေပြီ။
“ခုအတိုင်းကတော့ လမ်းပြမပါပဲ ကျွန်တော် အိမ်ပြန်နိုင်လိမ့်မယ် မထင်ဘူးဗျ၊ လမ်းတွေလဲ နှင်းဖုံးနေပြီ၊ နှင်းမဖုံးတောင်မှ ခြေလှမ်းချရဲဖို့ မလွယ်ဘူး”
ကျွန်ုပ်က အခြေအနေကို ကြည့်ပြီး ပြောလိုက်ပါသည်။
“သိုးတွေကို တင်းကုပ်ထဲ သွင်းပါတော့လား ဟယ်ယာတန်”
ဟိကလစ်က လူငယ်ကို လှမ်းပြောလိုက်ခြင်း ဖြစ်သည်။
“ကျွန်တော် ဘယ်လို လုပ်ရမှာလဲဗျ”
ကျွန်ုပ်သည် စိတ်တိုလာပါပြီ။ သို့သော် ကျွနုပ်အမေးအတွက် အဖြေကား ထွက်မလာပေ။ ကျွန်ုပ် လှည့်ကြည့်လိုက်သော အချိန်တွင် ဟိကလစ် မရှိတော့ပါ။ အဘိုးကြီး ဂျိုးဆက်သည် ခွေးစာများကိုယူပြီး ရောက်လာသည်ကို တွေ့ရသည်။
မစ္စက်ဟိကလစ်သည်မူ အိုးခွက်ပန်းကန်များကို သိမ်းဆည်းနေလေပြီ။ ဂျိုးဆက်သည် ခွေးစာများကို ကျွေးပြီး အခန်းတွင်း အခြေအနေကို အကဲခတ်လျက် တုန်အက်အက် အသံဖြင့်...
“ဩ၊ ဒီနေရာမှာ ဘယ်သူမှမရှိတော့ပဲ တယောက်တည်းရပ်နေတော့ မပျင်းဘူးလား၊ စကားပြောဘက်လဲ မရှိပဲ အဓိပ္ပာယ်မရှိ ဘာလုပ်နေ တာလဲ” ဟု ပြောလာပါသည်။
ကျွန်ုပ်သည် သူ့စကားကြောင့် စိတ်ဆိုးသွားပြီး သူ့ကိုကန်ထုတ် လိုက်တော့မည့်ဟန်ဖြင့် သူ့အပါးသို့ပင် တိုးသွားမိပါတော့သည်။ ထိုစဉ်မှာပင် မစ္စက်ဟိကလစ်က ဝင်ပြောပါသည်။
“ဒီအဘိုးကြီးကလဲ တမျိုးပဲ၊ ရှင် ဝင်မပါပါနဲ့၊ ရှင် ကျွန်မ စိတ်ဆိုးအောင် မလုပ်နဲ့နော်။ ဒီမှာ ဂျိုးဆက်' မိန်းမပျိုသည် စင်ပေါ်မှု စာအုပ် မည်းမည်းတအုပ်ကို ယူလိုက်ပြီး “ကျွန်မ မှော်ပညာ ဘယ်လောက် တိုးတက်နေပြီဆိုတာ ပြရမလား၊ မကြာခင် ကျွန်မအစွမ်းကို တွေ့ရမယ် မှတ်ပါ၊ နွားနီကလေးသေတာ မတော်တဆ မဟုတ်ဘူး၊ ရှင့် အရိုးအဆစ်တွေ ရောင်တာဟာလဲ ဝဋ်နာလား ကံနာလား မသိရသေးဘူး “ဘုရား ကယ်မတော်မူပါ” အဘိုးကြီးမှာ ပါးစပ်အဟသား ဖြစ်သွား ရတော့သည်။
“ရှင့်ကိုလား ဘုရားသခင်က ကယ်တင်မှာ၊ သွားစမ်းပါ၊ မဟုတ်ယင် ရှင် ဒုက္ခရောက်မှာပဲ၊ ကျွန်မက ဘာမဆို ပုံသွင်း ဖန်တီးနိုင်တယ်ရှင့်၊ ဘာဖြစ်လာမယ်ဆိုတာရှင် စောင့်ကြည့်ပေါ့၊ ကဲ ရှင်သွားတော့၊ ကျွန်မ ရှင့်ကို ကြည့်နေပါ့မယ်
ကဝေမကလေး၏ မျက်လုံးအစုံမှာ တကယ် ပြုစားတော့မည့်ဟန်ဖြင့် ရှိနေ၏။ ဂျိုးဆက်မှာ ကြောက်လန့်တကြားဖြင့် ဘုရားကိုတယင်း နေရာမှ ထွက်သွားပါလေတော့သည်။ ကျွန်ုပ်သည် မိန်းမပျို၏ အပြုအမူကို ရယ်စရာအဖြစ် သဘောထားလိုက်ပါသည်။ ယခုကား သူနှင့် ကျွန်ုပ် နှစ်ဦးတည်းသာ ကျန်တော့သည်။ ကျွန်ုပ်သည် စိတ်ပျက်နေသည့် ကြားမှပင် သူ့ကို စိတ်ဝင်စားနေမိပါသည်။
“မစ္စက်ဟိကလစ်ခင်ဗျား။ ကျုပ် အနှောင့်အယှက် ပေးရတာကို ခွင့်လွှတ်ပါ၊ ခင်ဗျား မျက်နှာဟာ စိတ်ကောင်း သဘောကောင်းရှိတဲ့သူ တယောက်ဖြစ်ကြောင်း ဖော်ပြနေတယ်လို့ ကျုပ် သဘောရပါတယ်။ ကျုပ်အိမ်ပြန်နိုင်အောင် ပြန်ရမယ့်လမ်းကို ညွှန်ပြပေးစေချင်ပါတယ် အခုအတိုင်းက ကျုပ် ဘယ်လိုပြန်ရမှန်း မသိအောင်ကို ဖြစ်နေပါတယ်”
ကျွန်ုပ် လိုက်လှဲစွာ ပြောလိုက်ပါသည်။
“ကျွန်မ အကြံပေးနိုင်သမျှ အတိုချုပ်ပြောရယင် ရှင်လာခဲ့တဲ့ လမ်းအတိုင်း ပြန်ပေါ့ရှင်”
မိန်းမပျိုသည် ကုလားထိုင်ပေါ်တွင် ထိုင်ချပင် အဖြေပေးလိုက်ခြင်း ဖြစ်ပါသည်။
“ကောင်းပြီလေ၊ ကျုပ် တောထဲမှာ ဖြစ်ဖြစ် စိမ့်မြေထဲမှာ ဖြစ်ဖြစ် သေနေတယ်ဆိုယင်တော့ ခင်ဗျားကလေးရဲ့ အပြစ်မကင်းဘူးဆိုတဲ့ စိတ်က ခင်ဗျားကို ခြောက်လှန့်နေမှာပဲ”
“ဘယ်လိုလဲ ရှင့်၊ ကျွန်မ ရှင့်ကို လိုက်မပို့နိုင်ပါဘူး၊ သူတို့က ကျွန်မကို ဝင်းခြံစည်းရိုးနားအထိတောင် သွားခွင့်ပြုကြမှာ မဟုတ်ဘူး'
“ဒီလို ညမျိုးမှာ ခင်ဗျားကလေးကို လိုက်ပို့ခိုင်းတယ်ဆိုယင် ကျုပ် ရိုင်းရာကျမှာပေါ့၊ ကျုပ်ပြောတာက သွားရမယ့်လမ်းကိုပဲ ပြောပြဖို့ပါ။ လမ်းကိုတောင် လိုက်ပြဖို့ မလိုပါဘူးဗျာ၊ မဟုတ်ယင်လဲ ကျုပ်အတွက် လမ်းပြတယောက် ထည့်ပေးဖို့ မစ္စတာဟိကလစ်ကို ပြောပေးဖို့ပါ”
“ဘယ်သူ့ကို လမ်းပြထည့်လို့ ဖြစ်မှာလဲ ရှင့်၊ ကျွန်မတို့အိမ်မှာက သူရယ်၊ ဆန်းရှောရယ်၊ ဇီလာရယ်၊ ဂျိုးဆက်ရယ်ပဲ ရှိတာရှင့် "
“ခြံထဲမှာ ကလေးတယောက်မှ မရှိဘူးလား'
“အဲဒါ အကုန်ပဲရှင့်”
“ဒီလိုဆိုလဲ ကျုပ် ဒီည ဒီမှာပဲ နေရုံရှိတာပေါ့”
“ဒါကတော့ ရှင် အိမ်ရှင်နဲ့ ပြောပေါ့၊ ကျွန်မအနေက ဘာမှ မပြောနိုင်ပါဘူး”
ထိုစဉ်မှာပင် ဟိကလစ်သည် မီးဖိုဘက်မှ ထွက်လာပြီး ခပ်ပြတ်ပြတ် လှမ်းအော်ပြောလိုက်ပါသည်။
“ဒါဟာ ခင်ဗျားအဖို့ ဒီတောင်ပေါ်ခရီးကို နောက်တကြိမ် အရဲကိုး မသွားဖို့ သင်ခန်းစာပဲ၊ ခင်ဗျား ဒီမှာ နေဖို့ဆိုတာလဲ ကျုပ် အိမ်အနေနဲ့က ဧည့်သည်အတွက် အိပ်ရာထိုင်ခင်း မရှိဘူး၊ ခင်ဗျား နေချင်သပဆိုယင်လဲ ဟယ်ယာတန်နဲ့ဖြစ်ဖြစ် ဂျိုးဆက်နဲ့ဖြစ်ဖြစ် သွားနေပေါ့”
“ကျွန်တော် ဒီအခန်းထဲမှာပဲ ကုလားထိုင်ပေါ်မှာ အိပ်နိုင်ပါတယ်”
“မဖြစ်ပါဘူး၊ ဆင်းရဲ ဆင်းရဲ၊ ချမ်းသာ ချမ်းသာ လူစိမ်းဟာ လူစိမ်းပဲဗျ၊ ကျုပ်အိမ်မှာ ဘယ်လိုလူတယောက်ကိုမှလဲ ကျုပ်က စောင့်ကြည့်နေနိုင်တာ မဟုတ်ဘူး၊ ဘယ်သူ့ကိုမှလဲ နေခွင့် မပြုနိုင်ဘူး’
ခပ်ကြမ်းကြမ်း ပြောချလိုက်ပါတော့သည်။
သည်မျှအထိ စော်ကား မော်ကား ပြောလာတော့လည်း ကျွန်ုပ် ဆက်လက် သည်းခံနိုင်စွမ်း မရှိတော့ပါ။ ကျွန်ုပ်သည် စက်ဆုပ်ရွံ့ရှာခြင်း ပြင်းစွာဖြင့် သူ့ကို တွန်းဖယ်ပြီး အန်းရှောကို ဖြတ်ကျော်၍ ခြံထဲသို့ ပြေးထွက်လာခဲ့ပါတော့သည်။ ခြံထဲ၌ အမှောင်ပိန်းလျက် ဝင်းတံခါးကိုပင် မမြင်ရပါ။ ကျွန်ုပ်သည် ခြံထဲတွင်လျှောက်ယင်း သူတို့အချင်းချင်း ပြောနေသံကို ကြားရပါသည်။ လူငယ်သည် ကျွန်ုပ်အပေါ် ညှာတာ ထောက်ထားဟန် ရှိပါသည်။
“ကျွန်တော် သူ့ကို လိုက်ပို့လိုက်မယ်လေ' ဟူသော အန်းရှော၏ ပြောသံကိုကြားရပါသည်။
“လိုက်ပို့လို့ ဖြစ်မလားကွ၊ မြင်းတွေကို ဘယ်သူကြည့်မှာလဲ” ဟိကလစ်၏အသံ။
“တညနေလောက် မြင်းတွေကို မကြည်ဖြစ်တာထက် လူတယောက် အသက်က ပိုပြီး အရေးကြီးပါတယ်။ တယောက်ယောက်တော့ လိုက်ပို့ဖို့ကောင်းတာပေါ့”
ကျွန်ုပ် မျှော်လင့်ထားသည်ထက်ပင် ကရုဏာတရား ရှိဟန်တူသော မစ္စက်ဟိကလစ်က ခပ်တိုးတိုး ပြောလိုက်ပါသည်။
“နင် အမိန့်ပေးစရာ မလိုပါဘူး၊ နင့်ဘာသာ အေးအေးဆေးဆေး နေစမ်းပါ”
ဟယ်ယာတန်က ဝင် ပြောလိုက်သည်။
“ဒါဆိုယင် သူ သေသွားပြီး သူ့တစ္ဆေက ရှင့်ကို ခြောက်မှာပဲ၊ မစ္စတာဟိကလစ်ကလဲ နောက်ထပ် အိမ်ငှားမရပဲ အိမ်ကြီး ပျက်စီးသွား မှာပဲ’
မိန်းမပျိုက ခပ်ပြတ်ပြတ် ဝင်ပြောလိုက်ပါသည်။
“နားထောင်စမ်း၊ နားထောင်စမ်း ကောင်မလေး ကျိန်ဆဲနေလိုက်တာ”
ဂျိုးဆက်၏ ခပ်ညည်းညည်း ပြောသံကြောင့် ကျွန်ုပ်သည် သူ့အသံ ကြားရာဘက်သို့ လှည့်လိုက်ပါသည်။
ဂျိုးဆက်သည် မလှမ်းမကမ်းတွင် မီးအိမ်တလုံးနှင့် နွားနို့ညှစ်နေသည်။ ကျွန်ုပ်သည် သူ့အပါးသို့သွားပြီး မီးအိမ်ကိုဆွဲယူကာ နောက်တနေ့တွင် ပြန်ပို့မည်ဖြစ်ကြောင်း ပြောပြီး အနီးဆုံး နောက်ဖေးပေါက်သို့ ပြေးလာခဲ့ပါသည်။
“သခင်၊ သခင်၊ သူ ကျုပ်မီးအိမ်ကို လုသွားပြီ ခင်ဗျ၊ ဟဲ့ နက်ရှာတို့ ရှူးဟဲ့၊ ရှူးဟဲ့”
အဘိုးကြီးသည် အော်ဟစ်ယင်း ကျွန်ုပ်ကို ခွေးတွေနှင့် ရှူးတိုက်ပါလေတော့သည်။
တံခါးဝ အရောက်တွင် အမွှေးစုတ်ဖွားနှင့် ခွေးနှစ်ကောင်သည် ကျွန်ုပ်ကိုယ်ပေါ်သို့ ခုန်တက်ပြီး လည်ပင်းကို ဟပ်လိုက်သည်နှင့် ကျွန်ုပ်လည်း လဲကျသွားကာ မီးအိမ်လည်း ငြိမ်းသွားပါတော့သည်။ ရုန်းရင်းဆန်ခတ် ဖြစ်နေသော အဖြစ်အပျက်ကြားတွင် ကျွန်ုပ်သည် ဟိကလစ်နှင့် ဟယ်ယာတန်တို့၏ ရှယ်မောသံကို ကြားလိုက်ရသလိုရှိပါ၏။ ကျွန်ုပ်နှာခေါင်းမှ သွေးများထွက်နေသည်ကို သတိပြုမိသောအချိန်အထိ ဟိကလစ်မှ ရယ်နေတုန်းဖြစ်ပါသည်။ အဖြစ်အပျက်သည် မည်သို့ အဆုံးသတ်သွားသည်ကို ကျွန်ုပ်မသိပါ။ ကျွန်ုပ်အပါးတွင် ရောက်လာနေသော လူတဦးကိုသာ ကျွန်ုပ် သတိပြုလိုက်မိပါသည် သူကား ခန္ဓာကိုယ်အနေအထား တုတ်တုတ်ခိုင်ခိုင် ရှိလှသော အိမ်ဖော် အမျိုးသမီးကြီး ဗီလာ ဖြစ်ပါသည်။ သူသည် အဖြစ်အပျက်ကို ခြုံငုံစူးစမ်းလိုက်ပြီး သူ့သခင်ကို အပြစ်မတင်ရက်သည့်အလျောက် လူငယ် အန်းရှောဘက်လှည့်၍
“မစ္စတာ အန်းရှော ရှင့်၊ ရှင် နောက်ထပ် ဘာလုပ်ချင်သေးသလဲ၊ ကိုယ့်အိမ်လာတဲ့ လူတယောက်ကို သတ်ချင်လို့လား၊ ကြည့်စမ်းပါဦး ဘယ်လောက် သနားစရာ ကောင်းသလဲ၊ ကဲ လာ လာ၊ ကျုပ်ပဲ ပြုစုပေးမယ်” ဟု အော်ပြောလိုက်ပါသည်။
ဤသို့ ပြောယင်းပင် မိန်းမကြီးသည် ကျွန်ုပ် လည်ပင်းပေါ်ကို ရေခဲရေနှင့် လောင်းချလိုက်ပြီး ကျွန်ုပ်ကို မီးဖိုထဲသို့ ဆွဲခေါ်ခဲ့ပါသည်။ မစ္စတာဟိကလစ်သည် ကျွန်ုပ် နောက်မှ လိုက်ပါလာပါသည်။ ကျွန်ုပ်မှာ မချိမဆံ့ ခံစားနေရပါသည်။ ဤနည်းဖြင့် ဤအိမ် ကြီးတွင် အိပ်ရန် အကြောင်းဖန်လာပါတော့သည်။ ဟိကလစ်သည် ဇီလာအား ကျွန်ုပ်ကို ဘရန်ဒီတခွက် တိုက်ရန် မှာပြီး အတွင်းခန်းသို့ ဝင်သွားပါလေတော့သည်။ ဇီလာသည် သူ့သခင်၏ အမိန့်အတိုင်း ကျွန်ုပ်ကို ပြုစုပြီးနောက် ကျွန်ုပ်အား အိပ်ရာဆီသို့ ခေါ်ခဲ့ပါလေတော့သည်။
.jpg)

Comments
Post a Comment