ဆက်ထုံးတို့၏သမိုင်း @ ခင်သန္တာ

 


အခန်း ( ၁ )


“အငယ်မရေ မနက်အစောကြီး တို့အိမ် မျက်နှာကြက်က ကွာကျလာလို့ ဟယ်၊ ငါ အိမ်သာထဲက အထွက်နဲ့ ကွက်တိနော် ကံသီလို့ လွတ်တာဟေ့” 

မနက်အစောကြီး မမကြီးဆီမှ ဖုန်းဝင်လာတိုင်း မငယ်တစ်ယောက် လန့်သွားရစမြဲ။ အသက်အရွယ် ရနေပြီဖြစ်သည့် အမေ့ကျန်းမာရေး ဘာများ ထ,ဖြစ်လေမလဲ ဆိုသည့် အတွေးတို့ကြောင့် ဖြစ်သည်။ ယခုတော့ မျက်နှာကြက် ပြိုကျသည်တဲ့။ အမေ ရိပ်သာဝင်နေသည့်အချိန် ဖြစ်နေသဖြင့် အိမ်ရှိ လူငယ်များ အတွက်တော့ သိပ်မပူပင်မိ။

“လူတွေ မထိရင် တော်သေးတာပေါ့၊ အဲဒီတော့ ဘယ်လိုလုပ်ကြမလဲ”

“မျက်နှာချင်းဆိုင် အခန်း ဖြစ်တုန်းက ဘယ်လို လုပ်လိုက်တယ် မသိဘူး။ ငါ မေးကြည့်လိုက်ဦးမယ်”

“ဟင် မျက်နှာချင်းဆိုင် အခန်းကလည်း အဲ့သလိုပဲ ကွာကျ ဖူးတာလား”

“အမယ်လေး တစ်တိုက်လုံး မကွာကျဖူးတဲ့ အခန်း မရှိသလောက်ပဲဟေ့။ လှေကား နံရံတွေလည်း အက်ကြောင်းကြီးတွေ အကြီးကြီး ဖြစ်နေတာ။ ဘယ်နေ့ တိုက်အလုံးလိုက် ပြိုကျသွားမလဲလို့ ရင်ထိတ်နေရတာ’

မမကြီး၏ ပြောစကားကြားမှ အမေတို့ တိုက်တန်းလျားကို မျက်လုံးထဲ မြင်ယောင်သွားရသည်။ နဝတ အစိုးရ လက်ထက်တွင် ပထမဦးဆုံး ဆောက်လုပ်ခဲ့သည့် တိုက်တန်းများက မြို့တော်ကြီးတစ်ခုစာ တည်ရှိနေသည်။ ဆောက်စဉ်အခါက သောက်သုံးရေ မကောင်းမွန်၊ လိုင်းကားများ အရောက်အပေါက် နည်းသေးသဖြင့် စိတ်ဝင်စားသူ နည်းပါးလှသည်။

မငယ်အဖေ ပင်စင်ယူခါနီးတွင် ထိုခေတ်အခါက ဂျီအက်စ်အမ် ဖုန်းမဲပေါက်သည်။ ပြန်လည် ရောင်းချပြီး အမြတ်ရငွေဖြင့် ကျောချစရာ တစ်နေရာ ဖြစ်လျှင်ပြီးပြီဟု တွေးကာ လေးလွှာကို ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။ ယခု ပြန်တွက်လျှင် အနှစ်နှစ်ဆယ် ကျော်လေပြီ။ အရည်အသွေး ပြည့်မီလှသည့် တိုက်တန်းများ မဟုတ်သည်ကတစ်ကြောင်း၊ နှစ်ကာလကြာမြင့်သည်က တစ်ကြောင်းမို့ သက်တမ်းကုန် တိုက်များ ဖြစ်နေပြီ။

“အေးပါ မမကြီး မေးပြီး ဘယ်လိုလုပ်ရမလဲ။ ဘယ်လောက် ကုန်ကျမလဲ အကြောင်းပြန်ပေးဦး” 

နှစ်ရက်ကြာသည့်အခါ မမကြီးဆီမှ အကြောင်း ပြန်လာပါသည်။ သစ်သား ဒေါက်တိုင်များဖြင့် လေးဖက်လေးတန် ကာရံပြီး ငါးထပ်သား အလွှာများဖြင့် အုပ်မိုး ကာရံထားခြင်းသည် ဘေးကင်းလုံခြုံခြင်းနှင့် အကုန်ကျ အသက်သာဆုံး ဖြစ်သည်ဟု ဆိုသည်။ မျက်နှာကြက်တွင် ပေါ်နေသည့် သံချောင်းများအား ဘိလပ်မြေ၊ အင်္ဂတေတို့ဖြင့် တို့ထိ မွမ်းမံကြည့်ဖူးကြသော်လည်း အင်္ဂတေမမြဲဘဲ ပြန်ကွာကျလာသည်ဟု အတွေ့အကြုံ ရှိဖူးသူတို့က ဆိုကြသည်။ ထို့ကြောင့် မမကြီး အစီအမံဖြင့် သစ်သား မျက်နှာကြက် လုပ်လိုက်ကြသည်။

တစ်လခန့်အကြာတွင် အမေ့အခန်းသို့ အလည်ရောက်သွားရသည်။ တိုက်ခန်းပေါ်သို့ မတက်မီမှာပင် တိုက်တန်းလျားကြီးတစ်ခုလုံး စောင်းနေသည်မှာ သိသာလှသည်။ အမေ့အခန်းသို့ တက်ရဖို့ပင် မငယ်မှာ ဝန်လေးနေမိသည်။ အမေ့ကို ကန်တော့ရန် ရောက်လာသဖြင့် ရောက်အောင်တော့ တက်ခဲ့လိုက်ရသည်။ မမကြီး ပြောသလိုပင် လှေကားနံရံများ၏ အက်ကြောင်းကြီးများ ကွဲနေသည်မှာ အသည်းယားဖွယ်ပင်။ တိုက်တန်းရှိ အခန်းတိုင်းလိုလိုက အကူအထောက်အပံ့များဖြင့် ကျားကန်ထားပြီး နေနေကြသည်ကို တွေ့ရသည်။ ယာယီ မှေးထားရသည့် အမေ့အခန်းက မျက်နှာကြက်ကို မော့ကြည့်ရင်း တစ်ခုခုလုပ်မှ ဖြစ်တော့မည်ဟု မငယ် တွေးမိသည်။




အခန်း (  ၂  ) 



အဖေ ပင်စင်ယူပြီးစ အချိန်တွင် ဝယ်ယူထားသည့် ယုဇနတိုက်ခန်းသို့ ပြောင်းရွှေ့ဖို့ ပြင်ဆင်ကြသည်။ အဖေတို့နှင့် အတူနေ မမကြီးတို့ မိသားစုကပါ လိုက်ပါပြောင်း ရွှေ့ဖို့ ပြင်သည်။ မမကြီး၏ အမျိုးသားကလည်း ဝန်ထမ်းဘဝမှ ထွက်ပြီး အငှားကား မောင်းဖို့ ဆုံးဖြတ်ထားသဖြင့် အဖေတို့ အနီးနားမှာပင် တိုက်ခန်း ငှားလိုက်ကြသည်။ ထိုအချိန်မှာမှ ကံကြမ္မာ အလှည့်အပြောင်းဟု လွှဲချရမည်လား၊ အသက်ကြီးမှ ဒုက္ခ ရောက်ချင်လို့လား မသိ၊ အဖေသည် အမျိုးသမီးတစ်ယောက်နှင့် ပတ်သက်မိကာ လူသိရှင်ကြား ယူဖို့ထိ ဆုံးဖြတ်လာသည်။ မိသားစု အဆုံးအဖြတ် အဖြေကိုပင် မစောင့်၊ အဖေက ထွက်ခွာလေတော့၊ စိတ်ချမ်းသာသလို နေပါစေတော့ ဟု လက်လွှတ်လိုက်ကြသည်။ မမကြီးကတော့ ယခုလက်ရှိ တိုက်ခန်းသည် အဖေ့အမည်ပေါက် ဖြစ်နေသဖြင့် နောက်နောင် ပတ်သက်လာမည့် အရှုပ်အရှင်း ကိစ္စများအတွက် ကြိုတင် လုပ်ဆောင်ထားချင်သည်။ အဖေနှင့် အဆက်အသွယ်ရှိသည့် မငယ်ကပင် တိုက်ခန်းကိစ္စ ပြောသည့်အခါ အဖေသည် ကြည်ဖြူစွာပင် အမေ့အား လွှဲပြောင်းမည်ဟု ဆိုသည်။ စာချုပ်စာတမ်းများဖြင့် တကယ်လွှဲသည့်အခါတွင် အဖေသည် အဘယ်ကဲ့သို့ စိတ်ပေါ်လာသည် မသိ။ စာချုပ်ပေါ်တွင် ကြိုးဖုန်းနှင့် တိုက်ခန်းကို အမေ့အား မေတ္တာဖြင့် အပြီးအပိုင် လွှဲပြောင်းပေးပါသည်ဟု ရေးထားသည်။ အသိသက်သေ အဖြစ် မမကြီး၏ အမျိုးသားနှင့် မငယ်တို့က လက်မှတ်ထိုးကြသည်။

အမေသည်လည်း တရားရိပ်သာတွင် အပူသောကများ လျှော့ချရင်း အမှန်တကယ် ပျော်မွေ့လာပုံ ရသည်။ သားသမီးများ ကြည့်ရှု ကန်တော့ငွေဖြင့် လက်ကျန်ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေသည်ကို တွေ့ရသည့်အခါ မငယ်တို့လည်း စိတ်ချမ်းသာရသည်။ အဖေ စွန့်ခွာသွားခဲ့သည့် အစောပိုင်း အချိန်များဆီက နှစ်သုံးဆယ်ကျော် ပေါင်းသင်းလာသည့် ငယ်သံယော ဇဉ်ရှိသော်ငြား နောက်ပိုင်းတွင်တော့ အမေဘက်က တည်ငြိမ် ပြတ်သားလာနိုင်သည်ကို တွေ့ရပြီ။ အဆင်ပြေလှသည် မဟုတ်သည့် ဘဝသစ်တွင် ရုန်းကန်နေရသော အဖေ့ထက်စာလျှင်၊ အမေသည် အိုဇာတာ ကောင်းလေစွဟု မောင်နှမများ ဆုံတိုင်း ပြောမိရသည်။ စွန့်ထားခံဆိုသည့် မလုံခြုံသည့်စိတ် မရှိစေရန် အမေ့အတွက်သာလျှင် ဦးစားပေးထားကြသည်။

အမေ့အခန်းမှ ပြန်လာပြီး နှစ်လအကြာ၊ အမေ အိမ်မှာရှိနေစဉ် ဧည့်ခန်းမျက်နှာ ကြက်မှ အင်္ဂတေအချို့ ကွာကျလာသည်ဟု မမကြီးက ဖုန်းဆက်လာသည်။

“မမကြီးရေ နင်တို့ အဲ့သည့်အခန်းက ပြောင်းမှ ဖြစ်တော့မယ်နော်၊ တော်ကြာ တစ်တိုက်လုံး ပြိုကျရင် ခက်ရချည့်၊ အမေ့ကိုပြော အခန်းကို ရောင်းကြည့်ကြရအောင်”

“ရောင်းတော့ ငါတို့ ဘယ်နေရာ သွားနေကြမလဲ” 

ယခုနောက်ပိုင်းတွင် မမကြီးတို့ မိသားစုသည် အခန်းငှားမနေတော့ဘဲ အမေနှင့် အတူနေကြသည်။ မငယ်နှင့်က ရန်ကုန်တွင် အတူနေကြသည် ဆိုသော်လည်း အမေတို့ အနောက်ဆိုလျှင် မငယ်နေသည်က အရှေ့ အရပ် ဖြစ်နေသည်။ မမကြီး အမေးကို မငယ်လည်း ရုတ်တရက် မဖြေနိုင်။ ခဏအကြာမှ တုံ့ဆိုင်းဆိုင်း ဖြေလိုက်မိသည်။ 

“ငှားနေရမှာပေါ့ဟာ” 

“ဒီအနား ဝန်းကျင်ဆို ရင်.. တိုက်တန်းတွေ အကုန်လုံး အတူတူပဲလေ”

“ငှားနေမှတော့ အဲ့ဒီ ဧရိယာမှာ နေရမလားဟယ်၊ နင်ကလည်း”

“ငါသိပါတယ် နင်ကသာ သိမနေတာပါ၊ အမေက သူ နေမကောင်းဖြစ်ရင် ဒီရပ်ကွက်က ဆရာဝန်မ ကုမှ ပျောက်တာလို့ စိတ်က စွဲနေတာ၊ ရိပ်သာမှာ နေမကောင်း ဖြစ်ရင်တောင် ဒီကို လာပြန်ပြတာနော်”

“ရိပ်သာနဲ့ နီးနီးနားနား အထူးကု ဆေးခန်းတွေ ရှိနေတာကို အမေကလည်း..

မငယ်က ဆိုညည်းတော့-

“အမေ့ကို နင့်ဘာသာ လာပြောလှည့်၊ ငါတို့ပြောရင် မရ၊ သိတဲ့အတိုင်း အမေက ငါ့ဆို ငယ်နိုင်ရယ်”

အနားတွင် နီးနီးကပ်ကပ် နေရသည့် မမကြီးသည် ယခုနောက်ပိုင်းတွင် အမေ့၏ အစွဲလွန်မှု အချို့အတွက် စိတ်ညစ်သည်ဟု ညည်းလေ့ရှိသည်။

“အေးပါ ဒီတစ်ပတ် ပိတ်ရက် အမေ အိမ်မှာ ရှိချိန် ငါလာခဲ့ပါဦးမယ်” 

မငယ်သည် မမကြီး ပြောလာသည့် အချိန်တွင် ပူပင်သည့်စိတ်ဖြင့် ချက်ချင်းဆောင်ရွက်တော့မလို ဖြစ်တတ်သော်လည်း အလုပ်အပူ၊ သားသမီးအပူများဖြင့် တစ်ဖန် မေ့လျော့သွားပြန်သည်။ အမေ့ဆီလည်း မရောက်ဖြစ် နေသည်မှာ ကြာသွားခဲ့ရသည်။




အခန်း ( ၃ )



ရန်ကုန်မြို့တွင် အင်အား အနည်းငယ် ပြင်းသည့် ငလျင် လှုပ်ခတ်သွားခဲ့သည်။ တောင့်တောင့်တင်းတင်းနှင့် အသစ်သာ ရှိသေးသည့် မငယ်တို့ တိုက်ခန်းသည်ပင် ယိမ်းထိုးသွားရသည်။ ငလျင်အပြီး အလန့်တရားတို့ ငြိမ်သွားသည့် အချိန်တွင် အမေတို့ တိုက်ခန်းကို သတိရသွားသည်။ မမကြီးဆီ ဖုန်းခေါ် ကြည့်လိုက်သည်။ 

“မမကြီးရေ နင်တို့တိုက်တန်း အခြေအနေ ပြောပါဦး၊ အမေလည်း ရိပ်သာ ဝင်ရက် မဟုတ်တော့ အိမ်မှာ ရှိနေတာမလား၊ ကြောက်မနေဘူးလား”

“ဘယ်ပြောကောင်း မလဲဟယ်၊ ငလျင် စ,လှုပ်ကတည်းက ငါတို့ တိုက်တန်းက လူတွေ တိုက်အောက် အကုန် ဆင်းပြေးကြတာ အခုထိ ပြန်မတက်ကြသေးဘူး။ စကား ထိုင်ပြောနေကြတယ်”

“အမေရော တော်တော် ကြောက်သွားလားဟယ်၊ သနားပါတယ်”

“အခုတော့ ကြောက်ပုံ မရတော့ပါဘူး။ ရယ်ရယ်မောမော စကားပြောနေလေရဲ့၊ အမေနဲ့ ပြောဦးမလား” 

“နေပါစေ မပြောတော့ဘူး။ ငလျင်အပြီး မမကြီး တိုက်တန်းလျား အခြေအနေ ပြောပါဦး”

“အဲ့ဒါပဲ ပြောပြီး ရယ်နေကြတာလေ၊ ငလျင်လှုပ်လိုက်တာ ငါတို့ တိုက်တန်းလျား ပြန်တည့်သွားသလိုပဲလို့”

မမကြီးက သူ့ဘာသာ ပြောရင်း သဘောတကျ ရယ်လေသည်။ 

“ဟယ် မဟုတ်တာ၊ အတည်ပြောပါ မမကြီးရဲ့” 

“အတည် ပြောနေတာ အခန်းထဲတော့ တက်မကြည့် ရသေးလို့ မပြောတတ်ဘူး။ ထပ်ကွာကျစရာ မျက်နှာကြက်လည်း မရှိလောက် တော့ပါဘူးဟယ်” 

မမကြီးနှင့် ဖုန်းပြောပြီးသည့်အခါ တစ်ညလုံး မငယ် ကောင်းကောင်း အိပ်မပျော်တော့။ အမေနှင့် မမကြီးအား သနားသည့်စိတ်ဖြင့် အပူတပြင်း တစ်ခုခု လုပ်ပေးမှ ရတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ အတူလာနေဖို့ ခေါ်လျှင်လည်း အမေသည် သူ့ အိမ်မှာသာ လွတ်လပ်သည် ဟု ဆိုဖူးသည်။ မငယ်အိမ်သို့ အလည်လာလျှင်ပင် ညအိပ်ဖို့ ခေါ်ထားလို့ မရတတ်သူ။ တိုက်ခန်းချင်းအတူတူ မငယ်အခန်းက ပိုကျယ်ဝန်း၊ ပိုခိုင်ခံ့သော်လည်း အမေသည် စိတ်ကျဉ်းကျပ်သည် ဟု ဆိုသည်။ အိမ်ခန်းငှား ပေးလျှင်လည်း တစ်နှစ်စာ စာချုပ်ချုပ်ရမည်။ ပြီးလျှင် အမေသည် အိမ်ငှားဘဝဖြင့် မနေလိုဟု ဆိုပြန်သည်။ တိုက်ခန်းတစ်ခန်း အသစ် ဝယ်ပေးရလောက်အောင်လည်း မငယ်တို့ မောင်နှမများသည် ငွေကြေးမပိုလျှံကြ။

နောက်ဆုံးတွင် ဘဏ်များဖြင့် ချိတ်ဆက်ပြီး တိုက်ခန်း အရစ်ကျပေးသွင်းသည့် စနစ်ဆိုလျှင် မဆိုးဟု မငယ် အဖြေရှာ တွေ့သွားရသည်။ ဘဏ်သို့ သုံးဆယ်ရာခိုင်နှုန်း အရင်ပေးသွင်းရမည်၊ ပြီးလျှင် ကိုယ်ပေးသွင်းနိုင်သည့် ပမာဏကို နှစ်ကာလဖြင့် စားလိုက်လျှင် တစ်လ ပေးသွင်းရမည့် ငွေကြေးသည် မငယ်တို့ မောင်နှမများ ပေးနိုင်သည့် အတိုင်းအတာ ဖြစ်နိုင်သည်။ ဘဏ်သို့ ပေးသွင်းရမည့် သုံးဆယ် ရာခိုင်နှုန်းအတွက် အမေ့အခန်းကို ရောင်းမှရမည်။ ထိုသို့ တွေးမိတော့ စိတ်အနည်းငယ် သက်သာသလို ဖြစ်သွားသည်။ သည်တစ်ခါတော့ ချက်ချင်း အကောင်အထည်ဖော်မှ ဖြစ်တော့မည်။ 

နောက်တစ်နေ့ မနက်တွင် မမကြီးနှင့် လှမ်းတိုင်ပင်ကြည့်တော့ အမေ့ကို နင် ကိုယ်တိုင်လာပြောဟု ဆိုသည်။



အခန်း ( ၄ )



အမေ့အား အကျိုးအကြောင်း အကုန်ရှင်းပြပြီးသည့်အခါ သဘောမတူချင်။ မမကြီးက ဘယ့်နှယ်ရှိစ ဆိုသည့်ပုံဖြင့် မငယ်အား မျက်စပစ်ပြသည်။

“ရာသီတွေက ဖောက် လွဲဖောက်ပြန် သိပ်များလာနေတာ အမေရယ်၊ နောက်တစ်ကြိမ် ငလျင်ထပ်လှုပ်လို့ လူတွေက အသက်ဘေးက လွတ်ခဲ့ရင်တောင် တိုက်ခန်းပြိုကျ ပျက်စီးသွားရင် ဘာမှ လက် ဆုပ်လက်ကိုင်မရ ဖြစ်နေပါ့မယ်”

“နင်တို့ ရောင်းတော့ရော ဘယ်သူက ဝယ်ကြမှာတုံး၊ ဒီတိုက်ခန်းတွေအကြောင်း မြင်နေ၊ သိနေကြတာကို”

အနည်းငယ် လက်ခံလာသလို အမေက ပြောလာသည်။

“မျက်မြင် အခြေအနေတိုင်း ပြရောင်းမှာပဲလေ၊ ဈေးကို သက်သာအောင် လျှော့ပေးလိုက်ရင် ဝယ်သူပေါ်လာ နိုင်ပါတယ်။ ငယ်ရွယ် ဖျတ်လတ် ပြေးနိုင် လွှားနိုင်ကြတဲ့ အရွယ်တွေ ဝယ်ချင် ဝယ်မှာပေါ့”

“မမကြီး တိုက်ခန်းရောင်းမယ်လို့ ပွဲစားတွေကို ပြောထားတော့၊ ကိုယ်တိုင်လည်း စပ်ပေါ့ဟယ်။ တေ့တေ့ဆိုင်ဆိုင် ဝယ်မယ့်သူလာရင် တို့ဘက်ကလည်း လျှော့ပေးကြမယ်။ အမြန်ရောင်း ထွက်ချင်တာပဲ” 

သည်နောက်တော့ မိသားစု စကားဝိုင်းဆီ ရောက်သွားကြပြီး အခန်းအရောင်း အဝယ်အကြောင်း ဆက်မပြောဖြစ်ကြတော့။ အမေ့ဆီမှ ပြန်ခါနီးတွင် မျက်နှာချင်းဆိုင်အိမ်မှ အန်တီကြီးက ရောက်လာသည်။ မမကြီးက အခန်းရောင်းမည့်အကြောင်း သတင်းစာ ချလေသည်။ ထိုအခါ နယ်မှာနေသည့် သူတို့ ချွေးမက ဝယ်ချင်နေတာဟုဆိုသည်။ ချက်ချင်းပင် စပ်ကြဟပ်ကြနှင့် ဈေးစကား ပြောကြသည်။ မမကြီး တောင်းသည့် ဈေးကို သူ့ချွေးမထံသို့ ဖုန်းဆက်ပြောကြသည်။ ဈေးကို အလျှော့အတင်းလုပ် ညှိနှိုင်းနေကြသည်။ 

မငယ်သည် သူတို့ပြောနေတာ နားထောင်ရင်း အခန်း အမြန်ရောင်းထွက်လိုစိတ်က ပေါ်လာသည်။ ထိုအခါ စကားဝိုင်းသို့ ဝင်ပြောမိတော့သည်။

“အန်တီချွေးမကို စဉ်းစားခိုင်း၊ မမကြီး ပြောတဲ့ ဈေးအတိုင်း ပေးရင်၊ အခုရှိနေတဲ့ ဆက်တီ၊ ခုတင်တွေနဲ့ အိမ်ထောင် ပရိဘောဂတွေပါ အကုန်ပေးထားခဲ့မှာလို့ ‘’

အမေ့အိမ်မှ ဆက်တီဆိုသည်မှာ မငယ်တို့ ငယ်ငယ် နယ်မြို့လေးမှာ နေစဉ်ကတည်းက ဖြစ်သည်။ ထမင်းစားပွဲသည် ဖိုက်ဘာ ပလတ်စတစ်ခုံများဖြစ်ပြီး ခုတင်ဆို သည်မှာလည်း အကောင်းစားသစ်များ မဟုတ်၊ ခုတင်ပေါင်အတွင်း သို့ သစ်သား ဒေါက်တိုင်များ ထည့်ပြီး ပျဉ်ပြားများကို အချပ်လိုက် တင်ထားရခြင်း ဖြစ်သည်။ အဖေတာဝန်ဖြင့် တစ်မြို့မှ တစ်မြို့သို့ ပြောင်းရွှေ့ရပြီဆိုလျှင် ခုတင်နံပါတ် အလိုက် ပျဉ်ချပ်များပေါ်တွင် မြေဖြူဖြင့် စာရေးမှတ်သား ထားကြရသည်။ ပြန်တပ်စဉ်လို့ အချပ်အမှတ်စဉ် မှားလျှင် အခက်တွေ့ကြရ၍ ဖြစ်သည်။ နွေအခါ နေပူလာလျှင် ပျဉ်ချပ်များက စောင်းလိမ် ထကြွလာတတ်သေးသည်။ 

အိမ်ထောင် ပရိဘောဂများ ပေးထားခဲ့မည်ဟု မက်လုံးပေးလိုက်လျှင် ဈေးမဆစ်ဘဲ ဝယ်လိမ့်မည်ဟု မငယ် တွေးမိသွား၍ ဖြစ်သည်။ မမကြီးကလည်း မငယ် အတွေးကို သဘောပေါက်သည်။

“ဆက်တီတွေ၊ ခုတင်တွေ မရှိဘဲ နေရာအသစ်မှာ ဘာနဲ့ နေရမလဲ ဟဲ့” 

အမေက လက်မခံ ဝင်ရောက် ကန့်ကွက်သည်။

”အသစ်ဝယ်ပေးမှာပေါ့ အမေရဲ့၊ ဆွိတီးဟုမ်းက တစ်ယောက်အိပ် သံခုတင်တွေ ပေါ့ပါးပြီး ဖြုတ်ရတပ်ရလည်း လွယ်ပါ့။ ဈေးလည်း သင့်တင့်တယ်။ ဆက်တီကလည်း မလိုတော့ပါဘူး အမေရာ။ အိမ်မှာ ဧည့်သည် လက်ခံတွေ့တဲ့ ခေတ်က ကုန်နေပြီ။ အပြင်စားသောက်ဆိုင်တွေမှာပဲ ချိန်းဆိုနေကြပြီကို” 

“ထမင်းစားခုံတွေနဲ့ တီဗွီစင်ကြီးကရော၊ ပြီးတော့ ဘုရားစင်၊ အဲ့ဒါတွေက အကုန် ကျွန်းတွေချည်းနော် အငယ်မ နင် အလွယ်မပြောနဲ့”

“ဘုရားစင်တော့ သယ်သွားမယ်လေ၊ တီဗွီစင်ကလည်း ကြိတ်သားစင်လေးတွေ လှမှလှ၊ နေရာလည်း မယူဘူးနော်”

“ငါ့ပစ္စည်းနဲ့ငါ အသားကျနေတာကို မရှည်ကြနဲ့” 

အမေက မကျေမနပ် ဆိုရင်း အိပ်ခန်းထဲသို့ ဝင်သွားတော့သည်။ အန်တီကြီးကလည်း ရှိနေသေးသဖြင့် ထို့ထက် ပိုပြီးလည်း ရှင်းပြလို့မဖြစ်။ အမေကတော့ မငယ် ပြန်သည်ထိ အခန်းထဲမှ ထွက်မလာတော့။ ပြန်တော့မယ်ဟု နှုတ်ဆက်သည်ကိုပင် အိပ်ချင်ယောင်ဆောင်ပြီး ကောက်ကျန်ခဲ့လေသည်။ မမကြီးနှင့် မငယ်ကတော့ အခန်းရောင်းထွက်ရေးသည်သာ အဓိက ဖြစ်လေသည်။ ယခုနေရာနှင့် မနီးမဝေးနေရာတွင် ဆောက်လုပ်ပြီးစ တိုက်ခန်းအသစ်များ ရှိနေသည်။ ဘဏ်အရစ်ကျ စနစ်ဖြင့် ဝယ်ယူလို့ရသည့် အချက်အလက်နှင့် လည်း ပြည့်စုံနေသည်။ တိုက်ခန်း ရောင်းရငွေဖြင့် ပထမအရစ် သုံးဆယ်ရာခိုင်နှုန်း သွင်းပေးပြီးလျှင် တိုက်ခန်းအသစ်ပေါ် တက်နေလိုက်ရုံသာ ဖြစ်သည်။ မငယ်တို့ အစီအစဉ်ကို အစ်ကိုများအား ပြောပြသည့်အခါ အမေ သဘောတူရင် လုပ်ကြလေဟု ဆိုသည်။

“အမေကတော့ သဘောတူလှတယ် မဟုတ်ဘူးလေ၊ တိုက်ခန်း အခြေအနေက ဘယ်တော့ အသက်လု ပြေးရမလဲ သတိဆွဲ နေ နေရတာကို။ အသက်လည်း ကြီးပြီ၊ တက်ရတဲ့ အထပ်ကလည်း မြင့်တယ်။ တို့တွေက အမေ့အတွက် အကောင်းဆုံး ဖြစ်မှာကို လုပ်ပေးကြတာပဲ။ သူ ပြနေကျ ဆေးခန်းနဲ့ မဝေးရအောင် ဒီအနီးနားမှာပဲ ပြန်ဝယ်ပေးကြမှာပါ”




အခန်း ( ၅ )



အခန်းရောင်းထွက်မည့် အခြေအနေကို မမကြီးဆီသို့ နေ့စဉ် ဖုန်းဆက်မေးနေမိသည်။

“အမေက ခက်တယ်ဟာ အန်တီကြီးချွေးမက အိမ်ထောင်ပရိဘောဂတွေပါ ထားခဲ့မယ်ဆိုလို့ စိတ်ဝင်စားတယ်ဟ။ ဈေးတည့်ခါနီး ဖြစ်နေတာကို သူ့ဆက်တီခုံတွေကို နယ်မြို့လေးမှာ နေတုန်းက ဝက်မွေးဖက်ပေးပြီး ရတဲ့ ပိုက်ဆံနဲ့ ဝယ်ထားရလို့ မထားခဲ့ နိုင်ဘူးတဲ့”

“အဲ့ဒါဆိုလည်း ဆက် တီတော့ မပါဘူးလို့ ပြန်ပြောလိုက်”

“နေဦး ခုတင်တွေကလည်း နင်တို့ ငယ်ငယ်တုန်းကတည်းက နယ်မှာ လက်သမားဆရာကို ကိုယ်တိုင်ခိုင်းပြီး လုပ်ထားတာတဲ့။ အခုထိ ခိုင်ခံ့ပြီး အိပ်ရတာ အဆင်အပြေဆုံးတဲ့။ ရိပ်သာက ခုတင်တွေနဲ့တောင် မတူဘူးဆိုပဲ၊ တီဗွီစင်နဲ့ ဘုရားစင်လည်း မထိနဲ့နော်တဲ့။ ထမင်းစားစားပွဲက ဒီအခန်း ပြောင်းတော့မယ်ဆိုမှ ဝယ်ထားတာဖြစ်လို့ ဒီအခန်းနဲ့ သက်တမ်းတူတူပဲတဲ့”

မမကြီး ပြောနေသည်များကို နားထောင်ပြီး မငယ် စိတ်ညစ်သွားရသည်။ အခန်းအသစ်အတွက် ရောင်းချပေးမည့် ကုမ္ပဏီနှင့် မငယ်က စကားပြောဆိုထားပြီး ဖြစ်သည်။

“ဒါဆိုလည်း ပရိဘောဂတွေ မပေးတော့ဘူး အခန်းဈေးကို လျှော့ပေးလိုက်တော့မယ်၊ သုံးဆယ်ရာခိုင်နှုန်း သွင်းစရာရရင် ပြီးရောဟာ မမကြီး ပြောလိုက်တော့” 

“အေးပါ နင်လည်း အဖေ့ဆီ တစ်ခေါက်လောက် လာထပ်ပြောပေးဦးဟာ၊ အခန်းရောင်းမယ် ဆိုကတည်းက ငါတို့သားအမိတွေကို စကားကောင်းကောင်း မပြောတော့တာ၊ ရိပ်သာက ပြန်လာနားတဲ့ လေးရက်လေးကို သူ့ဘာသာတွေ ဟင်းချက်စားနေလို့ ငါ့မှာ မနည်း ချော့ကျွေးနေရတယ်။ မနေ့က အစ်ကိုကြီး အိမ်ကို လာတော့ နင်နဲ့ ငါ့အကြောင်းတွေ တိုင်နေတယ်နော်”

“အစ်ကိုကြီးက ပါးစပ်လေးနဲ့ပဲ နှစ်သိမ့်နေတာကို အမေက ကျေနပ်နေ၊ တကယ်ဆို သူ အကြီးပဲ၊ အခု အခန်းကိစ္စမှာ သူ ဦးဆောင်လုပ်ပေး ရမှာလေ”

ထိုညက မငယ် အိပ်မပျော်တော့ပြန်ပါ။ အခန်းရောင်းမထွက်လျှင် သုံးဆယ်ရာခိုင်နှုန်း ပေးသွင်းရန် မဖြစ်နိုင်တော့။ သည်တစ်ခါ ငလျှင်ထပ်လှုပ်ခဲ့လျှင် ဆိုသည့်အတွေးက ရင်ကို ဗလောင်ဆူ စေသည်။ မငယ် နောက်ဆုံးတစ်ခေါက် ရောက်ခဲ့စဉ်က လှေကားအဆင်း နံရံများကို ပြန်မြင်ယောင်လာသည်။ 

“မဖြစ်ပါဘူး၊ ရတဲ့ ဈေးနဲ့ အမြန်ရောင်းခိုင်းမှပါ”




အခန်း ( ၆ )



 မနက်အစောကြီး မမကြီးထံမှ ဖုန်းဝင်လာသည်။ တိုက်ခန်းအခြေအနေများလား ဟု ရင်ခုန်သွားသည်။

“အငယ်မ အမေ နေ သိပ်မကောင်းဘူး၊ နင် ဒီနေ့ လာခဲ့ပါလား”

“ဟင် တော်တော် မကောင်းဖြစ်နေလား၊ ဆေးခန်း မပြကြဘူးလား” 

“မနေ့ညက ပြထားပြီးပါပြီ၊ အဖျားသွေးလည်း မများပါဘူး။ သွေးပေါင်ချိန်လည်း ပုံမှန်ပါပဲ။ အဓိက အစားမစားတာ အဲ့ဒီတော့ အားမရှိသလို ဖြစ်သွားတာနေမှာ။ တစ်ပတ်လောက်ရှိပြီ၊ သူကြိုက်တတ်တာလေးတွေ ငါချက်ကျွေးတာကို ထိတောင် မထိဘူး”

မငယ် အမေ့ဆီ ရောက်သွားသည့်အချိန်တွင် အစ်ကိုကြီးက ရောက်နှင့်နေသည်။ အမေက နှစ်ယောက်ထိုင် ဆက်တီခုံရှည် ပေါ်တွင် တစောင်းလှဲအိပ်နေသည်။ ကြမ်းပြင်ပေါ်တွင် မမကြီးနှင့် အစ်ကိုကြီးက ထိုင်နေကြသည်။ 

“အမေ ဘယ့်နှယ် ဆက်တီခုံပေါ်ကြီး လှဲနေရတာတုံး၊ မသက်သာလိုက်တာ။ ခုတင်ပေါ် သက်သောင့်သက်သာ လှဲအိပ်နေလေ”

 “ရတယ် အခုလို နေရတာလည်း သက်သာပါတယ်”

အမေသည် လေသံပျော့လေးဖြင့် မငယ်ကို မကြည့်ဘဲ ဖြေသည်။ အမေ့ လက်ကောက်ဝတ်ကို စမ်းကြည့်တော့ ကိုယ်ပူမနေ။ စိတ်အနည်းငယ် သက်သာသွားရသည်။ ဘာမှ မပြောကြဘဲ အမေ့နားတွင် ငြိမ်နေကြသည့် အစ်ကိုကြီးနှင့် မမကြီးကို ကြည့်ပြီး မငယ် စိတ်ကသိကအောက် ဖြစ်သွားသည်။ ငြိမ်သက်မှုကို မငယ်က ဖြိုခွင်းလိုက်ဖို့ စကားစ,လိုက်သည်။ 

“မမကြီး အခန်းကိစ္စ ပြောပါဦး၊ သူတို့ပြောတဲ့ ဈေးနဲ့ ရောင်းပေးလိုက်ကြမယ်၊ ဝယ်သူရှိတုန်း ရောင်းပါမှ ထွက်မှာနော်၊ မဟုတ်ရင် ကိုယ့်လက်ထဲ အပျက်ပုံကြီးပဲ ကျန်ခဲ့လိမ့်မယ်”

မမကြီးက စကားမပြန်၊ မလှုပ်၊ ငုတ်တုတ်။ 

“ဘယ်ဈေးနဲ့ ရောင်းကြမယ် ပြောထားကြလို့လဲ” 

မထင်မှတ်သည့် အမေ့ဆီမှ အသံထွက်လာသဖြင့် မငယ် အားတက်သွားသည်။

 “သမီးတို့က ခြောက်ဆယ်လောက် ခေါ်ထားတာ အမေ၊ သူတို့က လေးဆယ့် ငါးလောက်ပဲ ပေးချင်နေကြတာ။ သမီး သဘောကတော့ လေးဆယ့်ငါးဆိုလည်း ဟိုဘက် အခန်းသစ်အတွက် သွင်းရမယ့် သုံးဆယ်ရာခိုင်နှုန်းရလို့ လျှော့ပေးလိုက်စေချင်ပြီ။ မဟုတ်ရင် လုံခြုံမှု စိတ်မချရတဲ့ ဒီနေရာမှာ အမေတို့ နေနေကြတာ စိတ်ပူရလွန်းလို့”

အမေ့ဆီမှ အဖြေစကား ပြန်မကြားရ။ လက်ခံမည့် အခြေအနေ ရှိပြီဟု မှန်းဆမိသဖြင့် ဆက် ပြောလိုက်သည်။ 

“အမေလည်း ရိပ်သာတွေ ဝင်နေတာပဲ၊ တရားထိုင်နေတာပဲ မမြဲခြင်းသဘောကို နားလည်မှာပါ။ ဘာမှ အစွဲထားမနေနဲ့ ကိုယ့်အသက် လုံခြုံဖို့လောက် ဘယ်အရာမှ အရေးမကြီးဘူးနော် အမေ” 

အမေသည် လှဲနေရာမှ ထ ထိုင်လိုက်ပြီး၊ စားပွဲပေါ်တွင် တင်ထားသည့် စာအိတ် အညိုအရှည်ကြီးထဲမှ စာချုပ်တစ်စောင်ကို ဆွဲထုတ်လိုက်သည်။ အခန်းစာချုပ်ဖြစ်ရမည်ဟု မငယ် သိလိုက်ပြီ၊ သည်တစ်ခါတော့ အမေ စိတ်လျှော့လိုက်ပြီထင်သည်။ 

“မေတ္တာဖြင့် အပြီးအပိုင် လွှဲပေးလိုက်သည် ဆိုတဲ့ တန်ဖိုးကို ဘယ်ဈေးနဲ့ ဖြတ်ရောင်းကြမလို့တုံး” 

အမေသည် ထိုစကား တစ်ခွန်းသာဆိုပြီး အိပ်ခန်းထဲသို့ ဝင်သွားတော့သည်။

မမကြီးနှင့် အစ်ကိုကြီး တို့က မငယ်ကို ကြည့်နေကြသည်။

မငယ်ကတော့ အက်ကြောင်းကြီးများ ထနေသည့် ဧည့်ခန်းနံရံများကိုသာ စိုက်ကြည့်နေမိတော့သည်။



ခင်သန္တာ

အမှတ်၊ ၃၆၆၊ ဇွန်၊ ၂ဝ၂ဝ ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

Comments