လေထန်ကုန်း_အခန်း (၂၂)_ကျော်လှိုင်ဦး

 

အခန်း [ ၂၂ ]

နွေကုန်လုပေပြီ။ ဆောင်းဦးပင် ပေါက်စ ပြုလေပြီ။ တမန်တော် ဂုဏ်ပြုပွဲနေ့ကိုပင် ကျော်လွန်ခဲ့ပေပြီ။ သို့သော် ယခုနှစ် ကောက်သိမ်းချိန် နောက်ကျသဖြင့် ကျွန်မတို့ ကောက်ခင်းတချို့မှာ မရိတ်ရသေးပေ။

မစ္စတာလင်တန်နှင့် ကတ်သရင်းတို့သည် ရိတ်ဆဲ ကောက်ခင်းများထဲသို့ မကြာခဏ လမ်းလျှောက်သွားလေ့ ရှိပါသည်။ နောက်ဆုံး ကောက်လှိုင်းများ သိမ်းသော ရက်များတွင် သားအဖ နှစ်ယောက်သည် မိုးချုပ်သည်အထိ လယ်ကွင်းထဲမှာ နေကြပါသည်။ ထိုအချိန်မျိုး၌ ရာသီဥတုသည်လည်း အေးလာပါတော့၏။ ဤသို့ဖြင့် သခင်လင်တန်သည် အအေးမိပါလေတော့သည်။ အအေးမိသော ဝေဒနာသည် ပိုဆိုးလာပြီး အဆုပ်ကိုပါ ထိခိုက်လာပါတော့သည်။ ထို့ကြောင့် ထိုဆောင်း တဆောင်းတွင်းလုံးပင် သခင်သည် အိမ်တွင်းအောင်း နေရပါလေသည်။

ကေသီကလေးမှာ သူ၏ အချစ်ရေးကိစ္စအတွက် ထိတ်လန့် တုန်လှုပ်သွားပြီး အိမ်ထဲမှာသာ တမှိုင်မှိုင် တတွေတွေ နေပါလေတော့သည်။ သူ့အဖေက သူ့ကို စာကြည့်လျော့ပြီး လေ့ကျင့်ခန်းကလေး ဘာလေး လုပ်ဖို့ ပြောပါ၏။ သူ့အဖေကလည်း နေမကောင်းသဖြင့် ကလေးမကလေးမှာ အဖော် မရှိတော့ပါ။ ကျွန်မသည် သူ့ အဖော်အဖြစ် အချိန်ပြည့် ပေးချင်သော်လည်း အိမ်အလုပ်တွေကြောင့် တနေ့တနေ့နှစ်နာရီ သုံးနာရီမျှသာ အချိန်ပေးနိုင်ပါသည်။

အောက်တိုဘာ၊ သို့မဟုတ် နိုဝင်ဘာ လဆန်းပိုင်း၏ မနက်ခင်း ဖြစ်ပါသည်။ မိုးရွာထားပြီးစ ဖြစ်၍ မြက်ခင်းပြင်များနှင့် လမ်းများမှ စိုစိုတ်စွတ် ဖြစ်ပြီး ရော်ရွက်ကြွေတို့နှင့် ရှုပ်ထွေးနေပါ၏။ အေးလည်း အေးနေပါသည်။ ကောင်းကင်တွင် တိမ်များ အုံ့ဆိုင်းနေပါသည်။ အနောက်ဘက်က တက်လာသော မိုးသားညို့ညို့သည် မိုးရွာမည့် အသွင်ကို ဆောင်နေပါ၏။ မိုးရွာမည်မှာ သေချာလှသဖြင့် ကျွန်မက ကေသီကလေးအား အပြင်ဘက်ထွက်၍ လမ်းမလျှောက်ရန် ပြောပါသေးသည်။ သို့သော် သူက လက်မခံပါ။ ထို့ကြောင့် ကျွန်မလည်း စိတ်လက်မပါပဲ အပေါ်ရုံ အင်္ကျီနှင့် ထီးတလက်ကိုဆွဲပြီး သူနှင့်အတူ လိုက်ခဲ့ ရပါလေတော့သည်။

ကျွန်မတို့သည် ခြံစပ်နားသို့ ရောက်လာကြပါ၏။ ကေသီကလေးသည် စိတ်ညှိုးငယ်နေတိုင်း ဤသို့ လမ်းလျှောက်မြဲ ဖြစ်သည်။ ယခုလည်း သူ့အဖေ ဝေဒနာမှာ သက်သာသည် မရှိသဖြင့် ပို၍ ဆိုးလာပါသည်။ သူကိုယ်တိုင်က ဘာမျှ ထုတ်မပြောစေကာမူ သူ့ မျက်နှာသွင်ပြင် ကြည့်၍ သူ့ဝေဒနာ ပိုဆိုးနေကြောင်း ကျွန်မရော ကေသီကလေးပါ သတိထားမိပါသည်။ ကေသီကလေးသည် လမ်းလျှောက်နေယင်း ဝမ်းနည်းလာပုံ ရပါသည်။ လေအေး တိုက်နေသော်လည်း သူမပြေးပါ။ ကျွန်မသည် သူ့ကို ကြည့်လိုက်မိတိုင်း သူ့လက်တဘက်က ပါးပြင်ပေါ်မှ တစုံတရာကို သပ်ချနေဟန် ရှိပါသည်။

ကျွန်မသည် သူ့ အာရုံကို ပြောင်းပေးနိုင်ရန်အတွက် ပတ်ဝန်းကျင်ကို စိုက်ကြည့်မိပြန်ပါသည်။

လမ်းတဘက်တွင် မြေအပြင်သည် ကမ်းပါးယံဖြင့် မြင့်တက်သွားနေပါသည်။ ထိုနေရာတွင် သစ်အယ်ပင်များနှင့် သန်စွမ်းပုံမှရသော ဝက်သစ်ချပင်များ ပေါက်နေပါ၏။ သို့သော် အမြစ်များသည် မြေပေါ် တဝက်ပေါ်နေပြီ ဖြစ်ရာ ထိုသစ်ပင်များမှာ သက်တမ်းပြည့် နေရရှာမည့်ပုံ မပေါ်ပါ။ မြေကြီးအနေအထားကလည်း ထိုသစ်ပင်တွေအတွက် အားထားရဖွယ် မရှိလှပါ။ လေပြင်းကလည်း တိုက်နေလိုက်သေးသည်။

နွေရာသီ၌ ဤနေရာသို့ ရောက်လာတိုင်း ကေသီကလေးသည် သစ်ပင်များပေါ်တက်၍ သစ်ကိုင်းပေါ်မှာ ထိုင်ယင်း သစ်ကိုင်းကို လှဲလျက် ကလေးစိတ်ဖြင့် ပျော်ရင်မြူးထူးနေမြဲ ဖြစ်ပါသည်။ ထိုအခါတိုင်း ကျွန်မသည် သူကလေးကို ကြည့်ပြီး ကြည်နူးခဲ့ရပါ၏။ သူကလည်း ထိုသစ်ကိုင်း ထက်မှာပင် သီချင်းတွေဆိုလိုက်၊ ငှက်ကလေးတွေ ငေးကြည့်လိုက်နှင့် သည်တုန်းက ပျော်ရွှင်ကြည်နူးခဲ့ရပုံကား စာဖွဲ့၍ပင် မကုန်နိုင်ပါ။

ကျွန်မသည် သစ်ပင် ခွဆုံတခုကို လက်ညှိုး ညွှန်ပြလိုက်ပြီး..

'ကြည့်စမ်း ကေသီ၊ ဒီနေရာမှာ ဆောင်းမရောက်သေးဘူးကွဲ့၊ ဟိုမှာ ခေါင်ရမ်းပြာပန်းကလေးတပွင့် ရှိသေးတယ်ကွဲ့၊ ဖေဖေ့ကို ပြရအောင် တက်ခူးပါလားကွယ်'

ကေသီကလေးသည် နွေလက်ကျန် တပွင့်တည်းသော ပန်းကလေးကို အတန်ကြာ ငေးစိုက်ကြည့်နေပြီး..

“ကျွန်မ မခူးချင်ပါဘူး အယ်လင်ရယ်၊ သူ့ကြည့်ရတာ ညှိုးနွမ်း အားငယ်သလိုပဲ၊ မဟုတ်ဘူးလား အယ်လင်'

“ဟုတ်တာပေါ့၊ မင်းကလေး သိပ်ပြီး ချမ်းလာလို့ ညှိုးနွှမ်းလာသလိုပဲ၊ မင်း ပါးကလေးတွေတောင် ဖြူရော်ရော် ဖြစ်နေပြီ၊ ကဲတို့များ လက်ချင်းတွဲပြီး ပြေးကြစို့”

“ဟင့်အင်"

သူသည် ခပ်နှေးနှေး ဆက်သွားပြန်ပါလေသည်။ သူသည် ရေညှိတွေကို ကြည့်နေသလို၊ ဖြူရော်ရော် ဖြစ်စ ပြုလာနေသော မြက်ပင်ကလေးတွေကို ကြည့်သလိုလို ငေးနေရာမှ လက်တဘက်ကို ပင့်၍ မျက်နှာကို သုတ်ဟန်ပြုပြန်ပါလေသည်။

ကျွန်မလည်း သူ့ အပါးသို့ ကပ်သွားပြီး သူ့ပခုံးထက်တွင် လက်တင်ကာ …

“ဘာဖြစ်လို့ ငိုရတာလဲ ကေသီရယ်၊ ဖေဖေ အအေးမိတာကလေး လောက်နဲ့ဖြင့် ငိုမနေပါနဲ့ကွယ်” ဟု ပြောလိုက်ပါသည်။

သူမျက်ရည်ကို မထိန်းနိုင်ပါ။ ရှိုက်သံသဲ့သဲ့ပင် ထွက်လာလေသည်။

“ဖေဖေ့ရောဂါဟာ ဆိုးလာမှာပဲ၊ ဖေဖေနဲ့ အယ်လင်မရှိယင် ကျွန်မ တယောက်တည်း ဘယ်လို နေရမှာလဲဟင်၊ ကျွန်မလေ အယ်လင် တခါက ပြောခဲ့တဲ့စကားကို မေ့မရဘူး၊ အဲ့ဒီစကားကကျွန်မနားထဲမှာ စွဲနေတယ် အယ်လင်၊ အယ်လင်နဲ့ ဖေဖေသာ သေကုန်ကြယင် အကြီးအကျယ် ပြောင်းလဲသွားမှာပဲ၊ ကမ္ဘာကြီးကလဲ ဘယ်လောက် စိတ်ပျက်စရာ ကောင်းလိုက်မလဲ နော်”

“တို့များအလျင် ညည်းမသေဘူးလို့ကော ဘယ်သူ ပြောနိုင်မလဲကွယ်၊ မကောင်းတဲ့အဖြစ်ကို တွေးတောတာဟာ မဟုတ်သေးဘူးကွဲ့၊ သခင်ဟာလဲ ငယ်သေးတယ်၊ ငါဆိုလဲ ကျန်းကျန်းမာမာပဲ၊ အသက်ဆိုတဲ့ လေးဆယ့်ငါးတောင် မပြည့်ချင်သေးဘူး၊ တို့များအမေဆို အသက် ရှစ်ဆယ်အထိတောင် နေသွားရတာကွဲ့၊ ဒီတော့ မဖြစ်သေးတာ တွေးပြီး ပူမနေစမ်းပါနဲ့ ကေသီရယ်'

“ဒါပေမယ့် ဒေါ်လေး အစ္စဗယ်လာဟာ ဖေဖေ့ထက် ငယ်ပါတယ် အယ်လင်ရယ်”

သူက ထပ်ကွန့်နေပြန်ပါလေသည်။

“ဒေါ်လေးလင်တန်မှာက ပြုစုစောင့်ရှောက်မယ့်သူမှ မရှိပဲဟား၊ ဒါကြောင့် ခမျာ အသက်တိုရရှာတာပါကွယ်၊ ဒီတော့ ကေသီ အနေနဲ့က သူ့ခမျာ သခင့်လိုလဲ စိတ်ချမ်းသာကိုယ်ချမ်းသာ နေခဲ့ရတာ မဟုတ်ဘူး အဖေ စိတ်ချမ်းသာအောင် လုပ်ပါ၊ ကေသီကိုယ်တိုင်ကလဲ ပျော်ပျော်ရွှင်ရွှင် နေပြဖို့လိုတယ်၊ ဖေဖေ စိတ်ဆင်းရဲရမယ့် ကိစ္စမျိုး မပေါ်ပေါက်စေနဲ့ပေါ့ကွယ်၊ အဲဒါတော့ သတိထား ကေသီ၊ ညည်းဖေဖေ ညည်းကြောင့် သေရတာမျိုး မဖြစ်ရအောင် ညည်းဖေဖေကို မြန်မြန်သေစေချင်တဲ့ လူတယောက်ရဲ့ သားနဲ့ ပတ်သက်ပြီး စိတ်ရူး မထစေချင်ဘူး ကေသီ၊ အဲဒါတွေကြောင့်လဲ ညည်း ဘာမှ စိတ်သောက မရောက်စေချင်ဘူး”

“ကျွန်မ ဒီကမ္ဘာမြေမှာ ဖေဖေ နေမကောင်းတဲ့ ကိစ္စက လွဲပြီး ဘာသောကမှ မဖြစ်ပါဘူး၊ ဖေဖေနဲ့ ယှဉ်လိုက်ယင် ကျွန်မအဖို့ ဂရုစိုက်စရာ ဘာမှ မရှိပါဘူး အယ်လင်ရယ်၊ ကျွန်မလေ ဖေဖေ စိတ်အနှောင့်အယှက် ဖြစ်စရာမျိုးကို ဘယ်တော့မှ လုပ်လဲ မလုပ်ဘူး၊ ပြောလဲ မပြောဘူး၊ ကျွန်မဟာ ညတိုင်း ဘုရားရှိခိုးတိုင်း ဖေဖေနဲ့ အတူ နေနေရဖို့သာ ဆုတောင်းတာပါ အယ်လင်ရယ်၊ နောက်ဆုံး စိတ်ဆင်းရဲစရာ ခံစားရဦး ဖေဖေ့အစား ကျွန်မပဲ ခံစားမှာပါ၊ ဖေဖေ့ကို ကျွန်မ ကိုယ်ကိုထက် ပို့ချစ်ရတာပါ ကယ်လင်”

“အေး၊ ကောင်းတယ်၊ ကောင်းတယ်၊ ကေသီ ပြောတာတွေ ကောင်းတယ်၊ ညည်း အပြောကို လက်တွေ့ပြပါကွယ်”

ကျွန်မတို့သည် စကားတပြောပြောနှင့် တဖြည်းဖြည်း လျှောက်လာယင်း ဝင်းတံခါးဝနားသို့ ရောက်လာကြပါသည်။ ထိုအချိန်တွင် နေရောင် လင်းလက်လာပြီဖြစ်၍ ကေသီကလေးသည်လည်း ပေါ့ပါးသွက်လက်လာပါသည်။ ကေသီသည် ခြံစည်းရိုး တံတိုင်းပေါ်သို့ တက်လိုက်ပါသည်။ ထိုနေရာတွင် တောနှင်းဆီကလေးများ ပွင့်နေကြပါသည်။ ကေသီသည် တောနှင်းဆီပွင့်ကလေးကို ခူးလိုက်ရာ သူ့ ခေါင်းပေါ်မှ ဦးထုပ်သည် ခြံတဘက်သို့ ကျသွားပါလေတော့သည်။ ခြံတံခါးမှာ သော့ခတ်ထားသဖြင့် သူက ခြံစည်းရိုးတဘက်သို့ ခုန်ချပြီး ဦးထုပ်ကို ကောက်ယူရန် ကြိုးစားပါသည်။ ကျွန်မ သတိပေးနေသည့် ကြားမှပင် သူသည် ခြံစည်းရိုးတဘက်သို့ ခုန်ချလိုက်ပါလေတော့သည်။ ခုန်ချတုန်းက လွယ်သလောက် ပြန်တက်ဖို့မှာ မလွယ်လှပါ။ ခြံစည်းရိုး တံတိုင်းသည် အင်္ဂတေကိုင်ထားသဖြင့် ချောနေပါသည်။ ခြံအပြင်ဘက်မှ အထောက်အကူ မပြုနိုင်ကြပါ။ ထိုစဉ်မှာပင် တံတိုင်းတဘက်မှ နေ၍ နေ၍ ခြံစည်းရိုးပေါ် ပြန်တက်ရန် နှင်းဆီပင်နှင့် ချုံပင်များကလည်း အထောက်အကူ မပြုနိုင်ကြပါ။ ထိုစဉ်မှာပင် တံတိုင်းတဘက်မှ နေ၍ ကေသီ ရယ်သံနှင့်အတူ..

“အယ်လင်ရေ၊ ကျွန်မ ပြန်တက်လို့ မရတော့ဘူး၊ ဝင်းတံခါးသော့ သွားယူပေးပါဦး၊ မဟုတ်ယင် ကျွန်မ နောက်ဖေးက လှည့်ဝင်နေရလိမ့်မယ် အယ်လင်ရဲ့” ဟု လှမ်းပြောလာပါလေ၏။

'ဒါဖြင့် အဲဒီအပြင်ဘက်မှာပဲ နေဦး၊ ငါ့အိတ်ထဲမှာ သော့တွဲတတွဲ ပါတယ်။ အဲဒီထဲက သော့တချောင်းချောင်းနဲ့ တန်ယင့် သော့ခလောက်ကို ငါ ဖွင့်ပေးမယ်၊ မတန်ယင်တော့လဲ ငါ အိမ်ဘက်ပြန်ပြီး ယူပေးမယ်  ́ဟု ပြောလိုက်ပါသည်။

ကေသီသည် ဝင်းတံခါးရှေ့နား ရောက်လာပြီး ကခုန်မြူးထူးနေပါလေ၏။ ကျွန်မသည် အသင့်ပါလာသော သော့တွဲကြီးထဲမှ သော့များဖြင့် တချောင်းပြီးတချောင်း စမ်းသပ် ဖွင့်ကြည့်ပါ၏။ သို့သော် ဝင်းတံခါး သော့ခလောက်နှင့် တန်သော သော့တချောင်းမျှ မပါပါ။ ထို့ကြောင့် ကျွန်မက ကေသီအား အပြင်ဘက်မှာပင် ခေတ္တစောင့်နေရန်နှင့် ကျွန်မ အိမ်ဘက်သို့ သွားပြီး ဝင်းတံခါးသော့ သွားယူမည်ဟု အပြောလိုက်တွင် အသံတသံကို ကြားလိုက်ရပါသည်။ အသံကား မြင်းခွာသံ ဖြစ်ပါသည်။ ကေသီလည်း အကရပ်သွားပါ၏။

‘ဘယ်သူလဲ ကေသီ’ ကျွန်မက ခပ်တိုးတိုး လှမ်းပေးလိုက်ပါ။

“အယ်လင်၊ တံခါး ပြန်မြန်ဖွင့်ပါ” ဟု သူကလည်း ခပ်တိုးတိုး ပြန်ပြောလိုက်ပါသည်။

ထိုစဉ်မှာပင် မြင်းစီးလာသူသည် အပြင်ဘက် ဝင်းတံခါးနားရောက်လာပြီး …

“ဟာ၊ မစ္စလင်တန်ပါကလား၊ အဆင်သင့်ပဲဟေ့၊ ငါ မင်းကို တွေ့ချင်နေတာနဲ့၊ ခြံထဲ ပြန်ဝင်ဖို့ လောမနေစမ်းပါနဲ့၊ ငါ မင်းဆီက သိချင်တာကလေး ရှိလို့’ ဟူသော အသံခပ်ဩဩကြီးကို ကြားလိုက်ရပါ၏။

“ကျွန်မ ရှင့်ကို စကားမပြောချင်ဘူး မစ္စတာ ဟိကလစ်၊ ဖေဖေက ပြောတယ်၊ ရှင်ဟာ လူကောင်း မဟုတ်ဘူးတဲ့၊ ရှင်က ကျွန်မကိုရော ဖေဖေ့ကိုပါ မုန်းနေတာတဲ့၊ အယ်လင်ကလဲ အဲဒီလိုပဲ ပြောတယ်"

“ဒါက အကြောင်း မဟုတ်ပါဘူး၊ ငါ့သားကိုတော့ ငါ မမုန်းဘူးဆိုရမှာပဲ၊ ခုဟာလဲ ငါ့သားနဲ့ ပတ်သက်ပြီး မင်းဆီက အကျိုးအကြောင်း သိချင်တာပဲ၊ ခုမှ ရှက်မနေပါနဲ့လေ၊ လွန်ခဲ့တဲ့ နှစ်လ သုံးလလောက်က မင်းငါ့သားနဲ့ စာ အဆက်အသွယ် လုပ်ခဲ့တယ် မဟုတ်လား၊ ချစ်ကြောင်း ကြိုက်ကြောင်း ရေးကြတာတွေလေ၊ မင်းတို့ နှစ်ယောက်စလုံး ရိုက်ပစ်ဖို့လဲ ကောင်းတယ်၊ အထူးသဖြင့် မင်းက ကြီးတဲ့လူပဲ၊ မင်းက သတိထားဖို့ ကောင်းတာပေါ့၊ မင်း စာတွေအားလုံး ငါ့ဆီမှာ ရှိတယ် ကက်သရင်း၊ မင်း ငါ့ကို စော်ကားမော်ကားပြောယင် ဒီစာတွေ မင်း အဖေဆီ ငါ အပို့ပဲ၊ မင်း ငါ့သားကို အပျော်ရည်းစားထားပြီး ခုတော့ မင်းက ရပ်လိုက်တာပေါ့လေ၊ မဟုတ်ဘူးလားကွ၊ အေး မင်းကတော့ စိတ်ကုန်သွားပြီး ငါ့သားကို ဖြတ်လိုက်တယ်၊ ဒါပေမယ့် ငါ့သားမှာ တကယ့်အချစ်နဲ့ ချစ်တော့ ခု ခံနေရပြီလေ၊ ခုဆို ငါ့သားဟာ မင်းစိတ်နဲ့ သေမတတ် ဖြစ်နေရပြီ၊ မင်းက သစ္စာမဲ့တော့ ဟိုကောင် အသည်းကွဲတာပေါ့၊ ဒါဟာ အပေါ်ယုံသဘော ဖြစ်နေတာ မဟုတ်ဘူး ကတ်သရင်း၊ ငါ့သားဟာ တကယ် ခံစားနေရတာ၊ ဟယ်ယာတန်က သူ့ကို ရယ်လားမောလား မေ့မေ့ပျောက်ပျောက် ဖြစ်အောင် လုပ်တယ်၊ ငါအတော့ မင်းကို အလေးအနက်ထားပြီး ပြောဆိုဆုံးမတယ်၊ ဒါပေမယ့် သူ့ဝေဒနာက ပိုပို ဆိုးလာတယ်၊ အေး၊ ဒီအတိုင်းသာဆိုယင် မင်းမှ မကယ်ယင် ဒီကောင် နွေရောက်တဲ့အထိတောင် ခံမှာ မဟုတ်ဘူး'

ကျွန်မလည်း ဟိကလစ်မှန်း သေချာသဖြင့် မနေသာတော့ပဲ အထဲမှ လှမ်းအော် ပြောလိုက်မိပါတော့သည်။

“ရှင် ကလေးကို ဘာမဟုတ်တာတွေ လာပြောတာလဲ၊ ရှင့်လမ်းကို ရှင်သွားပါတော့လား၊ ရှင် မဟုတ်က ဟုတ်ကတွေ ဘာဖြစ်လို့ ပြောနေရတာလဲ၊ မစ္စကေသီရေ၊ ငါ တံခါးသော့ကို ရိုက်ချိုးပြီး ဖွင့်လိုက်မယ်၊ အဲဒီ အဓိပ္ပာယ်မရှိ မဟုတ်က ဟုတ်က ပြောတာတွေ ယုံမနေနဲ့၊ ညည်းလဲ ညည်းဘာသာ ညည်း အသိသားနဲ့၊ လူတယောက်ဟာ အချစ်ကြောင့် သေရတယ်ဆိုတာဟာလဲ မဖြစ်နိုင်ပါဘူး”

“ဩ၊ ခင်ဗျားကလဲ အထဲက ချောင်းနားထောင်နေတာကိုး မစ္စက်ဒင်းရဲ့၊ ကောင်းပါတယ်၊ ကျုပ် ခင်ဗျားကို ခင်ပါတယ်။ ဒါပေမယ့် ခင်ဗျား ခုလို ကျုပ်အကြောင်း မဟုတ်တာပြောတာတော့ ကျုပ်မကြိုက်ဘူး၊ ကျုပ်က ကက်သရင်းကို မုန်းတယ်လို့ ပြောတာ ခင်ဗျား တမင် လိမ်ပြောတာပဲ၊ ဒါဟာ ကလေးမကလေး ကျုပ်အိမ်ကို မလာအောင် လုပ်တာပဲ၊ ဒီမယ် ကက်သရှင်းလင်တန်ရဲ့၊ ဒီတပတ်လုံး ငါ အိမ်မှာ မရှိဘူး၊ ဒီတော့ ငါ့သားဟာ မင်းအတွက် စိတ်ဒုက္ခ ရောက်နေရတယ်ဆိုတာ ဟုတ် မဟုတ် သွားကြည့်လိုက်ပါကွယ်၊ မင်းအဖေသာ ငါ့နေရာမှာ ရှိပြီး မင်းသာ ငါ့သားနေရာမှာ ရှိမယ်ဆိုယင် မင်းရော မင်းအဖေရော ဘယ်လိုခံစားရမလဲ စဉ်းစားကြည့်ပါကွယ်၊ ငါ ကျိန်ပြောပါတယ် ကလေးရယ်၊ သားဟာ မင်းကလွဲပြီး ကယ်တင်နိုင်တဲ့လူ မရှိပါဘူး၊ သူ သေရတော့ မှာပါကွယ်”

ကျွန်မသည် သော့ခလောက်ကို ကျောက်ခဲတလုံးဖြင့် ရိုက်ချိုးလိုက်ပါလေသည်။ ဟိကလစ်သည် ကျွန်မကို မြင်သည်နှင့် ကျွန်မကို စေ့စေ့ကြည့်ပြီး …

"လင်တန် သေရတော့မယ် ဆိုတာ ကျုပ် တကယ် ပြောနေတာပါ နယ်လီရယ်၊ ခင်ဗျား ကလေးမကလေးကို မလွှတ်နိုင်ယင် ခင်ဗျားကိုယ်တိုင် သွားကြည့်ပါ၊ ကျုပ်သား အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ ခင်ဗျား တွေ့ရမှာပါ၊ ကျုပ်လဲ ဒီတပတ် တခြား သွားမလို့၊ ကက်သရင်း အဖေကလဲ ကက်သရင်းကို ခု အခြေအနေမျိုးမှာ သူ့ဝမ်းကွဲ မောင်ကလေးဆီကို သွားဖို့ ကန့်ကွက်မယ် မထင်ပါဘူးဗျာ”

“အထဲဝင်စမ်း ကေသီ"

ကျွန်မသည် ကက်သရင်းကလေး လက်ကိုဆွဲပြီး အိမ်ထဲသို့ တွန်းပို့လိုက်ပါသည်။ ကေသီသည် ဟိကလစ်ကို စိုက်ကြည့်ယင်း တုံ့နှေးနှေး ဖြစ်နေပါသေးသည်။

ဟီကလပ်သည် နေရာမှ ထွက်မသွားမီကလေးမှာပင်...

“မစ္စကက်သရင်း၊ မင်းနဲ့ပတ်သက်ပြီး ငါ့မှာ ငါ့သားအတွက် စိတ်ပူနေရတာပါ၊ သူ့အတွက် ဟယ်ယာတန်နဲ့ ဂျိုးဆက်ကတောင် ငါ့လောက် မပူကြရပါဘူး၊ သူ့ကြောင့်ပဲ ငါ စိတ်ဆင်းရဲရတယ်၊ သူဟာ အကြင်နာတရားနဲ့ မေတ္တာကို တောင်းခံနေရရှာတာပါ၊ မင်းရဲ့ ကရုဏာစကားကလေးတလုံးဟာ သူ့အဖို့ အကောင်းဆုံး ဆေးပါပဲ မိန်းကလေးရယ်၊ မစ္စက်ဒင်း ပြောတာတွေ ဂရုမစိုက်နဲ့၊ မင့်မောင်ကလေးကို မင်း ကြည့်လိုက်ပါကွယ်၊ သူ့ခမျာ နေ့ရောညရော မင်းကိုပဲ တမ်းတနေရရှာတာပါ၊ ငါက မင်းဆီက စာမလာ၊ မင်းကိုယ်တိုင်လဲ မလာကတည်းက မင်းသူ့ကို မုန်းသွားပြီလို့ ပြောတာတောင် မရဘူး' ဟု ပြောဖြစ်အောင် ပြောလိုက်ပါသေး၏။ ထို့နောက် မြင်းကိုစီး၍ ထွက်သွားပါလေတော့သည်။

ကျွန်မလည်း ကက်သရင်း အထဲရောက်ပြီဖြစ်၍ ဝင်းတံခါးကို ပြန်ပိတ်လိုက်ပါသည်။ ထိုအချိန်၌ မိုးပေါက်ကလေးများ ကျလာသဖြင့် ထီးဖွင့်လိုက်ပြီး ကက်သရင်းကိုပါ ထီးအောက်သို့ ဆွဲခေါ်လိုက်ပါ၏။ ထို့နောက် ကျွန်မတို့သည် အိမ်ဘက်သို့ ထွက်ခဲ့ကြပါ၏။ ကက်သရင်းကလေးမှာ ဟိကလစ်စကားကြောင့် စိတ်မကောင်း ဖြစ်သွားပုံရလေသည်။

သခင်သည် ကျွန်မတို့ အိမ်ထဲ ပြန်မရောက်မိကပင် သူ့အခန်းထဲ ဝင်ခဲ့ပြီ ဖြစ်ပါသည်။ ကေသီသည် သူ့အဖေ အခြေအနေကို သိရန် သူ့အဖေ အခန်းထဲသို့ တိတ်တိတ် ဝင်သွားပါသေးသည်။ သခင်ကား အိပ်ပျော်နေလေပြီ။

ထို့နောက် ကေသီသည် သူ့အဖေ အခန်းထဲမှ ပြန်ထွက်လာပြီး ကျွန်မအား သူနှင့်အတူ စာကြည့်ခန်းထဲသို့ လိုက်ခဲ့ရန် ခေါ်ပါသည်။ ကျွန်မတို့သည် စာကြည့်ခန်းထဲတွင် လက်ဖက်ရည် အတူသောက်ကြပါသည်။ ပြီးလျှင် ကေသီသည် ကော်ဇောပေါ်၌ လှဲချလိုက်ပါ၏။ သူစိတ်ပင်ပန်းနေသဖြင့် ကျွန်မအား စကားမပြောရန် မှာထားသောကြောင့် ကျွန်မလည်း စာဖတ်ချင်ယောင် ဆောင်နေလိုက်ပါ၏။ အတော်ကြာသောအခါ သူသည် အသံမထွက်ပဲ ကျိတ်ငိုနေပါလေတော့သည်။ ကျွန်မ သူ့ကို ပထမတွင် ဆူပူကြိမ်းမောင်းပါသည်။ ထို့နောက် ဟိကလစ် ပြောသွားသော သူ့သားအကြောင်းတို့မှာ မဟုတ် မမှန်ကြောင်း ကက်သရင်းကလေးအား ရှင်းပြ ဖျောင်းဖျပါလေသည်။

‘အယ်လင် ပြောတာလဲ ဟုတ်ချင် ဟုတ်မှာပါ၊ ဒါပေမယ့် ကျွန်မ ကိုယ်တိုင် မမြင်ရ မသိရပဲနဲ့တော့ ကျွန်မ စိတ်ကောင်းမှာ မဟုတ်ဘူး၊ ပြီးတော့လဲ ကျွန်မ စာမရေးတာ ကျွန်မ အပြစ်မဟုတ်ဘူးဆိုတာ သူ့ကို ပြောချင်တယ်၊ ကျွန်မ သူ့အပေါ်မှာ စိတ်မပြောင်းသွားဘူး ဆိုတာလဲ သူ သိစေချင်တယ်”

ကျွန်မ ချော့ပြော၊ ခြောက်ပြောသော်လည်း အကျိုးမထင်ပါ။ ထို့ကြောင့် ထိုညတွင် ကျွန်မတို့သည် စိတ်လက် မကြည်မသာနှင့် ခွဲခဲ့ကြပါလေ၏။

နောက်တနေ့ နံနက်တွင်ကား ကျွန်မသည် ကက်သရင်းကလေးအား မြင်းကလေးပေါ် တင်ခေါ်ပြီး လေထန်ကုန်း အိမ်ကြီးဆီသို့ လာခဲ့ပါလေသည်။

ကျွန်မ ကက်သရင်းကလေးကို ကြည့်ပြီး စိတ်မကောင်းပါ။ မျက်နှာမှာ ဖြူရော်နေပြီး မျက်ခွံတွေလည်း မို့နေပါသည်။ သူ့ကို သနားလာပါသည်။ ထို့ပြင်လည်း လင်တန်ကလေး မကျန်းမမာ ဖြစ်နေသည် ဆိုခြင်းကိုလည်း ကျွန်မ တယ်မယုံချင်ပါ။ ကျွန်မသည် လင်တန်ကလေးကို ကျန်းကျန်းမာမာပဲ တွေ့ရလိမ့်မည် မျှော်လင့်ထားပါ၏။

ထို့ကြောင့်ပင် ကျွန်မသည် ကက်သရင်းကလေးကို လေထန်ကုန်း အိမ်ကြီးသို့ လိုက်ပို့ခဲ့ခြင်း ဖြစ်လေသည်။

Comments