အခန်း [ ၁၇ ]
ကက်သရင်းကို သင်္ဂြိုဟ်သော သောကြာနေ့သည် ထိုတလလုံးတွင် ရာသီဥတု သာယာသည့် နောက်ဆုံးရက် ဖြစ်ပါသည်။ ထိုနေ့ ညနေပိုင်းတွင် ရာသီဥတု ဖောက်ပြန်လာပါသည်။ လေသည် တောင်ဘက်မှ မြောက်ဘက်သို့ တိုက်လာပြီး မိုးကိုပါ သယ်ဆောင်လာပါလေ၏။ ထို့နောက်တွင် မိုးသီးများ ရွာချပြီး နှင်းပွင့်များ ကျလာပါ၏။ နွေရိပ် နွေငွေ့ လုံးဝ ပြယ်လေပြီ။ ဆောင်းဦးပန်းတို့သည် ဆောင်း အလျဉ်၏ နောက်ကွယ်တွင် မသိမသာ ပုန်းလျှိုးနေကြလေပြီ။ ဘီလုံးငှက်တို့လည်း တေးသံ တိတ်ကြကုန်ပြီ။ သစ်ရွက်တို့လည်း ညှိုးရော်စ ပြုကြလေပြီ။ တရက် တရက်ဖြင့် စိတ်ပျက်ဖွယ် ခိုက်ခိုက်တုန် ရာသီဆိုးသည် ကျရောက် လာပြန်တော့မှာပါတကား။
သခင်လင်တန်သည် သူ့အခန်းထဲက မထွက်တော့ပါ။ ကျွန်မသည် ဧည့်ခန်းထဲတွင် ကလေး ထိန်းနေရပါလေတော့သည်။ ကျွန်မသည် မွေးကင်းစကလေးကို ပူးပေါ်တင်၍ ပခက်လွှဲသလို လွှဲယင်း ပြတင်းပေါက်မှနေ၍ အပြင်ဘက်တွင် ကျဆင်းနေသော နှင်းပွင့် နှင်းဖတ်တွေကို ငေးကြည့်နေမိပါသည်။ ထိုစဉ်မှာပင် တစုံတယောက် အဝင်တံခါးမကြီးကို တွန်းဖွင့်ပြီး မောကြီးပန်းကြီး ဝင်လာဟန်ကို ကျွန်မ သတိပြုလိုက်မိပါ၏။ ရုတ်တရက်တွင် အိမ်တွင်း အစေခံမ တယောက်ယောက် အထင်ဖြင့် ဒေါသထွက်သွားပြီး အော်လိုက်မိပါ၏။
“ဟဲ့ ဘာဖြစ်လာရတာလဲ၊ နင်တို့ဟာ တယ်ပြီးတော့လဲ နမော်နမဲ့နိုင်တာပဲ၊ နင့်အသံကြားယင် သခင်လင်တန်က ဘာပြောမလဲဟဲ့"
'ခွင့်လွှတ်ပါရှင်' ဟူသော အသံသည် ကျွန်မနှင့် ရင်နှီးပြီးသား ဖြစ်နေပါသည်။ အက်ဂါ အိပ်နေတယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမယ့် ကျွန်မကိုယ် ကျွန်မ မထိန်းနိုင်တော့ဘူး” ဟု ဆက်လက် ပြောဆိုယင်း အသံရှင်သည် မီးဖိုနားသို့ တိုးလာပါ၏။ သူ၏ မောကြီးပန်းကြီး ဟောဟဲသံမှာ မပျောက်သေးပါ။ သူသည် ခဏမျှ စကားပြတ်သွားပြီး …
“ကျွန်မ လေထန်ကုန်းက တအား ပြေးလာရတာပါရှင်၊ တလမ်းလုံးလဲ လဲလာတာတောင် ဘယ်နှစ်ကြိမ် လဲခဲ့သလဲ ဂရုမထားနိုင်ခဲ့ပါဘူး၊ တကိုယ်လုံးလဲ နာလိုက်တာ နယ်လီရယ်၊ လန့်တော့ မသွားပါနဲ့လေ၊ နောက်တော့ နယ်လီ သိရမှာပါ၊ ခု လောလောဆယ်တော့ ကျွန်မဖို့ မြင်းလှည်းတစီးကို ဂျင်မာတန်ဘက် သွားဖို့ အပြင်ခိုင်းပေးပါရှင်၊ ပြီးတော့ အစေခံ တယောက်ကိုလဲ ကျွန်မ အဝတ်အစား တချို့ ထုပ်ပိုးပေးဖို့ ပြောပေးပါ နယ်လီ”
အိမ်ထဲသို့ မောကြီးပန်းကြီး ဝင်လာသူကား အစ္စဗယ်လာတည်း၊ ပခုံးပေါ်တွင် ပုံကျနေသော သူ့ဆံစတွေမှာ နှင်းပေါက်များကြောင့် ရွှဲရွှဲစိုနေပါ၏။ ကပိုကရို အဝတ်အစားတွေမှာလည်း သာမန်မိန်းမငယ်တို့ ဝတ်ဆင်လေ့ရှိသော အဝတ်များ ဖြစ်ကြ၏။ ဂါဝန်ပုံသဏ္ဌာန်သည်လည်း အဆင့်အတန်း နိမ့်ကျလှပါ၏။ ခြေထောက်မှာလည်း ခြေညှပ်ဖိနပ်ပါးကိုသာ စီးထား၏။ နားတဘက် အောက်ပိုင်းမှာလည်း ကိုက်ဖြတ်ထားဟန်ရှိသော ဒဏ်ရာသည် အအေးဒဏ်ကြောင့် သွေးတသွင်သွင် ထွက်မနေသော်လည်း သွေးစသွေးနများဖြင့် စွန်းထင်းနေ၏။ မျက်နှာပြင်မှာလည်း ကုတ်ခြစ် ရိုက်ပုတ်ထားသော ဒဏ်ရာများဖြင့် ပြည့်နေပါသည်။ ထိုဒဏ်ရာများကြောင့် ကျွန်မသည် အထိတ်တလန့် ဖြစ်ရပါတော့သည်။
“ဘယ်လို ဖြစ်လာရတာလဲ မိန်းကလေးရယ်၊ မင်း ပြောင်းသွားပြီးကတည်းက မတွေ့ရတာပါကလား၊ မင်း အဝတ်အစားတွေကို လဲစမ်းပါဦးကွယ်၊ ဒီည ဂျင်မာတန်ကို သွားဖို့လဲ မသင့်ပါဘူး၊ ဒီတော့ မြင်းလှည်းပြင်ခိုင်းဖို့လဲ မလိုပါဘူး'
“ကျွန်မကတော့ မသွားလို့ မဖြစ်ဘူး၊ သွားရမှာပဲ၊ ခြေကျင်ပဲဖြစ်ဖြစ်၊ လှည်းနဲ့ပဲဖြစ်ဖြစ် သွားရမှာပဲ၊ အဝတ်အစားကလေးတော့ လဲဝတ်ဖို့ လိုချင်လိုမယ်"
သူ တဖွဖွ ပြောနေသဖြင့် ကျွန်မလည်း သူ့အလိုဆန္ဒအတိုင်း မြင်းလှည်းသမားကို လှည်းပြင်ခိုင်းလိုက်ပြီး အစေခံမတယောက်ကို လိုအပ်သော အဝတ်အထည်များကို ရှာဖွေ ထုပ်ပိုးစေရပါလေသည်။ ကျွန်မ ကိုယ်တိုင်လည်း သူ့ဒဏ်ရာကို ဆေးကြော သုတ်သင်ပေးပြီး အဝတ်များကိုလည်း လဲလှယ်ပေးလိုက်ပါသည်။
ကျွန်မ သူ့ကို အဝတ်လဲပေးအပြီးတွင် သူသည် မီးဖိုနားရှိ ပက်လက်ကုလားထိုင်မှာ ဝင်ထိုင်ပါသည်။ ကျွန်မက လက်ဖက်ရည် တခွက် ပြင်ပေးလိုက်သည်။
"ကဲ၊ အယ်လင်ရှယ် ထိုင်စမ်းပါဦး၊ ကက်သရင်းရဲ့ ကလေးကိုလဲ ချထားစမ်းပါဦး၊ ကျွန်မ သူ့ကို မမြင်ချင်ဘူး အယ်လင်၊ အယ်လင် ကျွန်မ ကက်သရင်းအပေါ် ပစ်ပစ်ခါခါ လုပ်သွားတယ်လို့ မထင်စေချင် ပါဘူး၊ ကျွန်မလဲ စိတ်ဆင်းရဲပြီး ငိုခဲ့ရတာပါ၊ ကျွန်မတို့ဟာ တယောက်နဲ့ တယောက် မျက်နှာချင်း မဆိုင်ရဲလောက်အောင် အခြေအနေတမျိုးနဲ့ ခွဲခွာခဲ့ရတာပါ အယ်လင်၊ ရှင်စဉ်းစားကြည့်ပါ၊ ကျွန်မဟာ ကျွန်မကိုယ် ကျွန်မ ခွင့်မလွတ်နိုင်အောင်ကို ဖြစ်ခဲ့တာပါ၊ ဒါပေမယ့် ကျွန်မ သူ့ကို ကွယ်တာတယ် မထင်ပါနဲ့၊ သူဟာ လူမဟုတ်ဘူး အယ်လင်၊ တိရစ္ဆာန်၊ တိရစ္ဆာန်မှ တကယ့် အရိုင်းအစိုင်း တိရစ္ဆာန်မျိုး' သူသည် ပြောပြောဆိုဆိုပင် သူ့လက်ခလယ်မှ ရွှေလက်စွပ်ကို ချွတ်လိုက်ပြီး "သူနဲ့ပတ်သက်လို့ ကျွန်မ ဆီမှာရှိသမျှဆိုလို့ ဒါနောက်ဆုံးပဲ” ဟု ဆိုကာ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပါလေ၏။ “ဒီလက်စွပ်ကိုလဲ ကျွန်မ ထုချေပစ်မယ်' ဟု ပြောပြောဆိုဆိုပင် ကလေးတယောက်လို ထုချေယင်း “ပြီးတော့ မီးထဲ ထည့်ပစ်မယ်' ဟုဆိုကာ လက်စွပ်ကို မီးဖိုထဲသို့ ပစ်ချလိုက်ပါလေ၏။ စကားကား မပြတ်သေး။ “သူ ကျွန်မကို ပြန်ခေါ်ပြီး နောက်ထပ် လက်စွပ်တကွင်း လုပ်ပေးဦးမှာပဲ၊ သူ ဒီအိမ်ကို လာပြီး အက်ဂါ မခံချင်အောင်လဲ လုပ်မှာပဲ၊ ကျွန်မကိုလဲ ရှာမှာပဲ၊ ဒီတော့ ကျွန်မဒီမှာ မနေရဲဘူး အယ်လင်၊ ပြီးတော့ အက်ဂါကလဲ ကျွန်မကို မသနားဘူး၊ မဟုတ်ဘူးလား အယ်လင်၊ ဒီတော့ ကျွန်မ သူ့ဆီကလဲ ဘာ အကူအညီမှ မတောင်းချင်ဘူး၊ သူ့ကိုလဲ ထပ်ပြီး ဒုက္ခမပေးချင်ပါဘူး၊ ဒီတော့ ကျွန်မအနေနဲ့ သူရှာလို့ မရနိုင်တဲ့ နေရာအထိ သွားရလိမ့်မယ် အယ်လင်၊ ကျွန်မ သူနဲ့ ဝေးရာကို သွားရလိမ့်မယ်"
‘ဖြည်းဖြည်း ပြောပါ ကလေးရယ်' ကျွန်မသည် သူ့စကားကို ဖြတ်ပြီး ပြောလိုက်ရပါလေတော့သည်။ “မင်းဒဏ်ရာကို စည်းထားတဲ့ လက်ကိုင်ပဝါကို ပိုပြီး ခိုင်သွားအောင် ကိုယ် ပြင်စည်းပေးမယ်၊ ကဲ လက်ဖရည်သောက်ဦး"
“ကလေးကလဲ ငိုလိုက်တ၁ အယ်လင်ရယ်၊ ကျွန်မ ဒီကလေးငိုသံကို မကြားရက်ဘူး အယ်လင်” ဟု ဆိုလာပြန်သည်။ ကျွန်မသည် အစေခံတယောက်ကို ခေါ်ပြီး ကလေး ပေးလိုက်ရပါ၏။ ထို့နောက် ကျွန်မသည် အစ္စဗယ်လာအား လေထန်ကုန်းအိမ်ကြီးမှ ယခုကဲ့သို့ အခြေအနေဖြင့် ထွက်လာရသည့်အကြောင်း၊ ဤအိမ်ကြီးမှာပင် နေဖို့အကြောင်း၊ မည်သည့်အရပ်သို့ သွားရန် ထွက်လာကြောင်းတို့ကို မေးမိပြန်ပါလေ၏။
“ဒီအိမ်ကြီးက ကျွန်မအိမ်ကြီးပါ အယ်လင်၊ ပြီးတော့လဲ အက်ဂါကိုလဲ အားပေးရအောင်၊ ကက်သရင်းရဲ့ကလေးကိုလဲ ပြုစုရအောင် ကျွန်မ ဒီအိမ်ကြီးမှာ နေသင့်တယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် သူက ဘယ်လိုနည်းနဲ့မှ ဒီအိမ်မှာ နေခွင့်ပြုမှာ မဟုတ်ဘူးဆိုတာ ကျွန်မ ပြောပြီးပြီပဲ ကျွန်မ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် နေရထိုင်ရတာကို ကြိုက်တာ မဟုတ်ဘူးရှင့်၊ ကျွန်မတို့ မောင်နှမ သင့်သင့် မြတ်မြတ် ချမ်းချမ်း သာသာ နေနေမှာကိုလဲ ရှုဆိတ်တာ မဟုတ်ဘူး၊ ဒီတော့ သူ့အမြင် သူ့အကြားနယ် အဝန်းရှိသမျှ သူ ကျွန်မကို စုံစမ်းပြီး လိုက်နှောင့်ယှက်နေမှာပဲ၊ ကျွန်မ သိပါတယ်၊ သူ ကျွန်မကို ချစ်တာ မဟုတ်ဘူး၊ တခြား မကြည့်နဲ့၊ သူကျွန်မကို မြင်လိုက်တာနဲ့ သူ့ မျက်နှာပေါ်မှာကို အလိုလို အမုန်းရိပ် သမ်းသွားတတ်တယ်၊ ဒီတော့ ကျွန်မ သွားရလိမ့်မယ်၊ သူ ရှာမရတဲ့ နေရာမျိုး ထိအောင် ကျွန်မ သွားရမယ်၊ ပထမတော့ သူ ကျွန်မကို သတ်ပါစေလို့တောင် စိတ်ကူးပေါက်သေးတယ်၊ နောက်တော့ သူ သူ့ကိုယ်သူ သတ်သေသွားတာက ကောင်းတယ်လို့ သဘောထားလိုက်တယ်၊ တကယ်တော့ အယ်လင်ရယ်၊ သူ ကျွန်မကို ချစ်တာ မဟုတ်ပါဘူး၊ ကျွန်မကသာ သူ့ကို ချစ်ခဲ့ရတာပါ။ ဒါပေမယ့် သူက ကျွန်မ အချစ်ကို ချေဖျက်ပစ်ခဲ့တာပဲ၊ သူကျွန်မကို နည်းနည်းကလေးလောက်များ ချစ်ခဲ့သလား၊ ကျွန်မ စဉ်းစားကြည့်ပါတယ်၊ သူ ကျွန်မကို မချစ်ဘူး၊ ကက်သရင်းဟာ သူ့အပေါ် ချစ်မြတ်နိုးတဲ့ စိတ်ကို အံ့ဩစရာ ကောင်းလောက်အောင် တွန်းလှန်နိုင်ခဲ့တယ်၊ အဲဒါ ဘာကြောင့်လဲ သိလား၊ ကတ်သရင်းက သူ့အကြောင်းကို ကောင်းကောင်း သိလို့ပဲ၊ တကယ်တော့ သူဟာ လူမဟုတ်ဘူး၊ မကောင်း ဆိုးဝါးကောင်ပဲ အယ်လင်"
“ဒီလိုလဲ မဟုတ်သေးပါဘူး ကလေးရယ်၊ သူလဲ လူတယောက်ပါပဲ၊ သူ့အပေါ် စိတ်ကောင်းထားပါကွယ်၊ ဒီကမ္ဘာကြီးထဲမှာ သူ့ထက် ဆိုးတဲ့သူတွေလဲ ရှိပါသေးတယ်"
'မဟုတ်ဘူး၊ သူ လူမဟုတ်ဘူး၊ သူ ကျွန်မဆီက စိတ်စေတနာကောင်းကို မတောင်းခံသင့်ဘူး အယ်လင်၊ ကျွန်မဟာ သူ့ကို အသည်းနှလုံးကို ပေးခဲ့တာပါ၊ ဒါကိုလဲ သူက ဖျစ်ညစ်ပြီး ကျွန်မကို လွှင့်ပစ် ပြန်ပေးခဲ့တာပါ၊ လူတွေဆိုတာ အသည်းနှလုံးနဲ့ ခံစားကြရတာပါ အယ်လင်ရယ်၊ အဲဒီ ကျွန်မရဲ့ အသည်းနှလုံးကို သူ ဖျက်ဆီးပစ်လိုက်ကတည်းက ကျွန်မမှာ သူနဲ့ ပတ်သက်လို့ ဘာခံစားမှုမျိုးမှ မရှိတော့ဘူး၊ ကုန်ကုန် ပြောမယ် အယ်လင်၊ သူ သေခါနီးလို့ ကက်သရင်း အတွက် သွေးမျက်ရည်တွေ ကျပြီး ငိုနေဦးတော့ ကျွန်မ ဘာမှ ခံစားရမှာ မဟုတ်ဘူး၊ တကယ်ပါ မယ်လင်၊ ကျွန်မ သူ အတွက် ခံစားရမှာ မဟုတ်ဘူး"
အစ္စဗယ်လာသည် စကားပြောယင်း မျက်ရည် ကျလာပါလေသည်။ သို့သော် မျက်ရည်စကို သုတ်ပြီး..
“ရှင်က ကျွန်မ ဘာကြောင့် ထွက်ပြေးလာခဲ့ရသလဲလို့ မေးတယ်၊ တကယ်တော့ ကျွန်မ သူနဲ့ လွတ်ရာပြေးဖို့ အခြေအနေက ဖန်တီးလာပြီးသားပါ။ သူ့ရဲ မလိုမုန်းထား စိတ်ဓာတ်ကို ကျွန်မက ဆွပေးသလို ဖြစ်ခဲ့တာကိုး၊ ကျွန်မ သူ့ဆီ ပြန်သွားလို့ မဖြစ်ဘူး အယ်လင်၊ ကျွန်မ သူ့လက်ထဲ နောက်တကြိမ်ရောက်ပြန်ယင် သူ ကျွန်မကို ကောင်းကောင်း လက်စားချေမှာပဲ။
“မနေ့က အဖြစ်ကိုပဲ ကြည့်ပါ အယ်လင်၊ ဘာဖြစ်ဖြစ် မစ္စတာ အန်းရှောဟာ သူ့ညီမရဲ့ ဈာပန အခမ်းအနားကို တက်သင့်တာပဲ၊ သူက တချိန်လုံး မူးနေတယ်လေ၊ အိပ်တဲ့ အချိန်ကလွဲလို့ အရက်နဲ့ ပြတ်တယ်လို့ကို မရှိဘူး၊ အဲဒီနေ့ကလဲ မီးဖိုဘေးမှာ ထိုင်ပြီး အရက်တွေကို တခွက်ပြီး တခွက် သောက်နေသတဲ့။
“ဟိကလစ်၊ ကျွန်မ ဒီနာမည်ကို ခေါ်ရတာတောင် နှလုံးတုန်ပါရဲ့ရှင်၊ သူကတော့ အလျင် တနင်္ဂနွေကတည်းက ကနေ့အထိ အိမ်ကို လာချင်တဲ့အခါမှ ရောက်လာတယ်၊ ဘယ်မှာသွားပြီး စားသောက်နေတယ် ဆိုတာ မပြောတတ်ပါဘူးရှင်၊ ကျွန်မတို့နဲ့အတူ ထမင်းမစားတာကို ရက်သတ္တ တပတ်လောက် ရှိပါပြီ၊ အရုဏ်တက်ချိန်လောက်မှာ အိမ်ကို ပြန်လာပြန်တော့လဲ အပေါ်ထပ်ကို တန်းတက်သွားပြီး သူ့အခန်းထဲသူ တန်းဝင်သွားတယ်၊ ပြီးတော့ အခန်းအောင်း နေလိုက်တော့တာပဲ။ ပြီးတော့လဲ ကျွန်မတို့အိမ်ကို ထွက်သွားပြန်ရောရှင်၊ ကျွန်မ အဖို့တော့ ကက်သရင်း စိတ်ဆင်းရဲခဲ့ရသလို စိတ်ဆင်းရဲနေခဲ့ရတာပါပဲ ရှင်။
“မနေ့က ညဦးပိုင်းမှာတော့ ကျွန်မလဲ အခန်းထောင့် တနေရာမှာ စာအုပ်ဟောင်းတွေ ဖတ်နေတာ ည ဆယ့်နှစ်နာရီ ထိုးတဲ့အထိပဲ။ အပြင်ဘက်မှာလဲ နှင်းတွေ တသုန်သုန် ကျနေတယ် အယ်လင်ရဲ့။ ကျွန်မ အိမ်ပေါ်တက်ရမှာ စိတ်ကုန်နေတယ် ထင်ပါရဲ့ရှင်၊ နောက်ကြောင်း ပြန်တွေးယင်း ဘုရားကျောင်းဝင်းထဲက ကက်သရင်းရဲ့ သင်္ချိုင်းဂူကလေးကို သတိရလာတယ်။ မျက်လုံးတွေကတော့ ရှေ့မှာရှိတဲ့ စာအုပ်တွေကို စိုက်နေပါရဲ့၊ အခန်းတွင်း အခြေအနေ တခုလုံးဟာ လွမ်းလွမ်းဆွေးဆွေးကြီး ဖြစ်နေသလိုပဲ၊ ဟင်ဒလီက ကျွန်မနဲ့ မျက်နှာချင်းဆိုင်မှာ မှိုင်တွေချနေတယ်၊ သူ ဒီလိုပါပဲ၊ အရက်မသောက်ပဲ နေယင်လဲ နှစ်နာရီ သုံးနာရီလောက် စကားမပြောပဲ ငြိမ်နေပြန်ရော၊ အပြင်ဘက်က တဟူးဟူး တိုက်နေတဲ့ လေကြောင့် ပြတင်းပေါက်တွေဆီက ညိုးညိုးညံညံ အသံနဲ့ မီးဖိုထဲက မီးသွေးတွေ တဖြောက်ဖြောက် လောင်ကျွမ်းနေတဲ့ အသံကလွဲလို့ တအိမ်လုံး တိတ်နေတော့တာပဲ၊ ဟယ်ယာတန်ကလေးနဲ့ ဂျိုးဆက်တို့တော့ အိပ်နေကြပြီ ထင်ပါရဲ့၊ အတွေးက ပျံ့နေယင်း ပတ်ဝန်းကျင်တခုလုံးဟာ တွေတွေမှိုင်မှိုင်ကြီး ဖြစ်နေတော့ ကျွန်မ ပိုပိုပြီး အားငယ်လာတယ် ရှင့်။ တချိန်က ပျော်ရွှင်မှုတွေဟာ ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး ထင်ပါရဲ့ အယ်လင်ရယ်။
“အဲဒီတုန်းမှာပဲ မီးဖိုချောင်ဘက်ဆီက အသံတသံကို ကြားလိုက်ရတယ်၊ ဟိကလစ်ဟာ ကျွန်မတို့ အိမ်ကြီးနား သွားသွားပြီး စောင့်ကြည့်ခံနေရာက ပြန်လာတာပဲ ရှင့်၊ အဲဒီအချိန်မှာ အိမ်ရှေ့ အဝင်တံခါးကို ပိတ်ထားတာမို့ သူပြန်လာတာသိတော့ ရုတ်တရက် ဒေါသဖြစ်သွားပြီး နေရာက ထလိုက်မိသေးတယ်၊ ဟင်ဒလီကတော့ အသံလာရာ နောက်ဖေး တံခါးကို စိုက်ကြည့်နေရာက ကျွန်မဘက်လှည့်ပြီး “မင်း မကန့်ကွက်ယင် ကိုယ် ဒီကောင်ကို ငါးမိနစ်လောက် အပြင်ဘက်မှာပဲ ထားလိုက်ချင်တယ်" လို့ ပြောတယ်ရှင့်။
"ဒီတော့ ကျွန်မက “ကျွန်မအဖို့တော့ ရှင် သူ့ကို အပြင်ဘက်မှာ တညလုံးထားလဲ အရေးမကြီးပါဘူး။ သော့ခတ်ပြီး ကန့်လန့်ထိုးထားလိုက်ပါရှင့်” လို့ ပြန်ပြော လိုက်ပါတယ်၊ ဟိကလစ် နောက်ဖေးပေါက်က ဝင်မရလို့ အိမ်ရှေ့ဘက်အလာ တံခါးမရောက်ခင်မှာပဲ အန်းရှေးက အိမ်ရှေ့တံခါးကို ကန့်လန့်ထိုးပြီး သော့ခတ် ပစ်လိုက်ပါတယ်၊ အဲဒီရောက်တော့ အန်းရောဟာ ကျွန်မထိုင်နေတဲ့ စားပွဲတဘက်မှာ ဝင်ထိုင်လိုက်ပြီး ကျွန်မ မျက်လုံးထဲမှာ ကရုဏာရိပ်များ တွေ့ရလေ မလားဆိုတဲ့ အကြည့်နဲ့ ကြည့်လာတယ်၊ သူ့မျက်လုံးတွေကတော့ အမုန်းအလျှံတွေ တလက်လက် တောက်နေတယ် ရှင့်၊ ပြီးတော့လဲ သူ့ကိုယ်ကိုသူ သူကပဲ လက်ဦးမှုရမလား၊ ဟိုကလစ်ကပဲ သူ့ကို ရန်မူမလားဆိုတာ မဝေခွဲနိုင်သလို ဖြစ်နေလိုက်သေးတယ်၊ နောက်တော့လဲ သူ အားတက်သွားပုံ ရတယ်ရှင့်။
“သူက “မင်းနဲ့ကိုယ် သူ့ကို လက်စားချေဖို့ နှစ်ယောက်စလုံးမှာ တာဝန်ရှိတယ်၊ တို့ သူရဲဘောကြောင်နေယင် နှစ်ယောက်စလုံး ခံရမှာတဲ့။ ဘာလဲ၊ မင်းက မင်းအစ်ကိုလို ငုံ့ခံနေမှာပဲလား၊ တို့လက်စားချေယင်တော့ ဆုံးခန်းတိုင်အောင် ချေရလိမ့်မယ်” လို့ ပြောလာတယ်၊ ဒီတော့ ကျွန်မက “ကျွန်မလဲ ခံနိုင်ရည် မရှိတော့လောက်အောင် အနှိပ်စက်ခံရနေတာပဲရှင်၊ လက်စားချေချင်တာပဲပေါ့၊ ဒါပေမယ့် တဘက်သားအပေါ် သစ္စာမဲ့တာတို့ အကြမ်းဖက်တာတို့ဆိုတာ နှစ်ဘက်သွား လှံတံလိုပဲ၊ တဘက်သားကို ထိခိုက်စေတာထက် ကိုယ့်ကိုယ်ကိုယ် ပိုပြီး ထိတတ်တယ်ရှင်” လို့ ပြန်ပြောလိုက်တော့ သူက “ဟဲ့၊ သစ္စာမဲ့တယ်၊ အကြမ်းဖက်တယ်ဆိုတာလဲ သူကိုယ်တိုင်က သစ္စာမဲ့လို့၊ အကြမ်းဖက်လို့ သစ္စာမဲ့ရတာ၊ အကြမ်းဖက်ရတာဟဲ့၊ ဒီမယ် မစ္စက်ဟိကလစ်၊ ကိုယ်ပြောမယ်၊ မင်းဘာမျှ လုပ်စရာမလိုဘူး၊ ငြိမ်ငြိမ်ကလေး ထိုင်နေရုံပဲ၊ အဲဒီကောင်ရဲ့ ဇာတ်သိမ်းခန်းကို မင်း ပျော်ပျော်ရွှင်ရှင် ထိုင်ကြည့်နေရုံပဲ၊ မဟုတ်ယင် မင်းရောငါရော သူ့လက်ချက်နဲ့ သေကြရမှာပဲ။ ကြည့်စမ်း၊ ခွေးကောင် တံခါးခေါက်နေလိုက်တာ ဒီအိမ်မှာ သူ့ကိုယ်သူ သခင်ထင်နေတဲ့ အတိုင်းပဲ၊ ကဲ၊ ဒီတော့ မင်း နှုတ်ပိတ်သာနေ တနာရီထိုးသံ မကြားခင် မင်းအဖိုလဲ ဝဋ်ကျွတ်ပြီသာ မှတ်ပေတော့ ပြောတဲ့ပြီး သူ့မှာ ဆောင်ထားလေ့ရှိတဲ့ သေနတ်ကို ထုတ်ပါလေရော။ ပြီးတော့ ဖယောင်းတိုင်ကို ငြိမ်းမယ့်အလုပ်မှာ ကျွန်မလဲ ဖယောင်းတိုင်ကို ဆွဲယူလိုက်ပြီး သူ့လက်ကို ဆွဲထားလိုက်ပါတယ်။
"ပြီးတော့ ကျွန်မက “ရှင် ဒီလိုတော့ မလုပ်ပါနဲ့၊ ကျွန်မ ငြိမ်နေမှာ မဟုတ်ဘူး၊ ရှင် သူ့ကို မထိရဘူး၊ တံခါးပိတ်ပြီးသာ ငြိမ်ငြိမ်နေပါလို့ ပြောလိုက်မိတယ်၊ သူကတော့ အတော်ပဲ မခံမရပ်နိုင် ဖြစ်နေပုံ၊ သူက အော်ပြောတယ်ရှင့်၊ “မရဘူး ၊ မရဘူး၊ ကိုယ်ဆုံးဖြတ်ပြီးပြီ၊ သူ့ကို ကိုယ် သတ်ရလိမ့်မယ်၊ မင်းအတွက်နဲ့ ဟယ်ယာတန်အတွက် ကိုယ် သတ်ကို သတ်ရမှာပဲ၊ ကိုယ့်အတွက် မင်းဘာမှ ဒုက္ခရှာမနေနဲ့၊ ခုအချိန်မှာ ကက်သရင်းလဲ မရှိတော့ဘူး၊ ကိုယ်ဟာ ကိုယ့်လည်ပင်းကိုယ်ဖြတ်ပြီး အဆုံးစီရင်ဦးတော့ ကိုယ့်အတွက် ဝမ်းနည်းရမယ့်လူ ရှက်ရမယ် ဆိုလို့လဲ ဘယ်သူမှ မရှိတော့ဘူး၊ ဒီအချိန်ဟာ ကိုယ်အဖို့ နောက်ဆုံး အချိန်ပဲ” တဲ့၊ ကျွန်မအဖို့တော့ ဝက်ဝံတကောင်နဲ့ ဖက်လုံးနေရသလို အရူးတယောက်ကို တရားချနေရသလို ဖြစ်နေခဲ့တာပေါ့ အယ်လင်ရယ်၊ ကျွန်မ ဘာလုပ်ရမလဲ။ ကျွန်မအဖို့ ပြတင်းပေါက်နားသွားပြီး ဟိကလစ်ကို ဟင်ဒလီက သတ်တော့မယ့် အကြောင်း ပြောဖို့ ရှိတော့တာပေါ့ ဒါကြောင့် ကျွန်မ ပြတင်းပေါက်နားသွားပြီး “ရှင် ဒီညအဖို့ တနေရာရာ သွားပြီးနေပါ၊ ရှင် အခန်းထဲဝင်ဖို့ ကြိုးစားယင် မစ္စတာ အန်းရောက ရှင့်ကို သေနတ်နဲ့ ပစ်လိမ့်မယ်ရှင့်” လို့ ဟိကလစ်ကို လှမ်းပြောလိုက်မိပါတယ်။
“အဲ့ဒီတော့ သူက အပြင်ဘက်ကနေပြီး ကျွန်မကို “မင်းတံခါး ဖွင့်မှာသာ ဖွင့်စမ်းကွာ” လို့ ပြောတယ်၊ ကျွန်မလဲ သူ့ကို ဘယ်လိုမှ ပြောရတော့မှာ မဟုတ်မှန်းသိတာနဲ့ “ရှင်တို့ကိစ္စထဲ ကျွန်မ မပါချင်ဘူး၊ ရှင် ဝင်ချင် ဝင်ခဲ့ပေါ့၊ ရှင်အပစ်ခံရမှာပဲ၊ ကျွန်မ ဘက်ကတော့ တာဝန်ကျေပြီ” လို့ ပြောလိုက်မိတယ်။” ကျွန်မလဲ ပြောပြောဆိုဆို ပြတင်းပေါက် တံခါးကို ပိတ်ပြီး မီးဖိုနားမှာ ပြန်ထိုင်နေလိုက်တယ်၊ သူ ဖြစ်ချင်ရာ ဖြစ်တော့ဆိုတဲ့ ကိုယ့် ကိုယ်ကိုယ် ဟန်ဆောင်တဲ့ စိတ်ဓာတ်ဟာ လျော့ပါးလာတယ်ရှင့်၊ အန်းရှောက ကျွန်မကို စိုက်ကြည့်သေးတယ်၊ ကျွန်မ ဟိုကလစ်အပေါ် မေတ္တာမကုန်သေးဘူးဆိုတာ သဘောပေါက်သွားတယ်၊ ကျွန်မစိတ်ကတော့ ဟိုကလစ် ဒုက္ခမရောက် ပါစေနဲ့လို့ ကျိတ်ပြီး ဆုတောင်းနေမိတယ်၊ အဲဒီတုန်းမှာပဲ ကျွန်မ နောက်ဘက် ပြတင်းကို အပြင်ဘက်ကနေ ဖောက်ခွဲပစ်လိုက်တယ်၊ သူ့ရုပ်သွင်ကို ကျွန်မ မြင်နေရပြီ၊ ဆံပင်တွေရော၊ အဝတ်တွေရော နှင်းတွေနဲ့ ဖွေးဖွေးဖြူနေတယ် ရှင့်၊ အဲဒီတုန်းမှာ သူက “ဟေ့ အစ္စဗယ်လာ၊ တံခါးဖွင့်နော်၊ မဖွင့်ယင် မင်းတော့အသိပဲ” ဆိုပြီး ကြိမ်းပြန်တာကိုး၊ ဒီတော့ ကျွန်မက “ဖြစ်မလား၊ ရှင်သေသွားမှာပေါ့၊ မစ္စတာဟင်ဒလီက ကျည်ဆန်ထည့်ပြီး ဓားတပ်ထားတဲ့ သေနတ်နဲ့ ရှင့်ကို သတ်မလို့ ထိုင် စောင့်နေတာရှင့်” လို့ ပြောပေမယ့်လဲ မရဘူး၊ “အဲဒီလိုဆို မီးဖို တံခါးကို ဖွင့်ပေးကွာ” လို ပြောပြန်တယ်။
“အဲဒါနဲ့ကျွန်မက “ကျွန်မ အဲဒီမရောက်ခင် ဟင်ဒလီ ရောက်နှင့်မှာပေါ့ရှင့်” လို့ ပြောပြီး “တကယ်တော့ ရှင့်အချစ်က နှင်းကျတဲ့ဒဏ်လောက်တောင် မခံနိုင်တဲ့ အချစ်မျိုးပါကလား၊ သနားစရာ ကောင်းလိုက်တာရှင်၊ နွေရာသီ လသာတဲ့ ရက်တွေကျတော့ ရှင် ကက်သရင်းနေတဲ့ အိမ်ကြီးနားမှာ သွားသွား နေလိုက်ရတာ၊ ဟော၊ ခု နှင်းလဲ ကျလာရော၊ ရှင် ပြန် ပြေးလာရတာပဲ မဟုတ်လား ဟိကလစ်ရယ်၊ ကျွန်မသာ ရှင်ဆိုယင်လေ၊ ကက်သရင်း အုတ်ဂူပေါ်မှာ မှောက်လျားထိုးနေလိုက်ပါရဲ့၊ တကယ်တော့ ခုနေခါမျိုးမှာ ရှင့်အဖို့ ကမ္ဘာကြီးဟာ နေဖို့ မကောင်းတော့ဘူး မဟုတ်လား၊ ရှင့်အဖို့ ကက်သရင်းသာ အဓိက မဟုတ်လား၊ ကဲ၊ ကက်သရင်းမရှိတော့ ရှင် ဘာကြောင့်များ အသက်ရှင်နေချင်ရသေးတာလဲ ဆိုတာ ကျွန်မဖြင့် မတွေးတတ်ဘူး” လို့ ဆက်ပြောလိုက်မိတယ်၊ အဲဒီတုန်းမှာပဲ ဟင်ဒလီက ကျွန်မ ရပ်ပြီး ပြောနေတဲ့ နေရာ တိုးလာပြီး “ဟ၊ ဒီကောင် ဒီရောက်နေပါကလား၊ သင်းတော့ အသေပဲ” ပြောပြောဆိုဆို သူ သေနတ်ကို ပြတင်းပေါက် မှန်ကွဲကနေ အပြင်ထုတ် ချိန်လိုက်တယ်။
“ကျွန်မ အတော်ပဲ ကြောက်သွားတယ် အယ်လင်ရဲ့၊ ဒီတချီတော့ဖြင့် ဟိကလပ် အသေပဲလို့ ထင်လိုက်ပြီး ဘာမှလဲ မပြောနိုင်၊ ဘယ်လိုမှလဲ မလှုပ်ရှားနိုင်ပဲ ကြက်သေ သေနေတုန်း ဟိကလစ်က အန်းရှောသေနတ်ကို လှမ်းဆွဲလိုက်တယ်။ သေနတ်က ကျည်ဆန်တချက် ထွက်သွားတာနဲ့ တပြိုင်နက် သေနတ်မှာ တပ်ထားတဲ့ ဓားခလုတ်ကလဲ ပြုတ်ပြီး ဓားသွားဟာ အန်းရှော လက်မောင်းကို စိုက်ဝင်သွားတယ်။ ဟိကလစ်က သေနတ်ပြောင်းကို တအား ဆွဲယူလိုက်တယ်၊ အဲဒီတော့ ဓားသွားက အန်းရှောရဲ့ လက်မောင်းကို ခွဲချလိုက်သလို ဖြစ်သွားတယ်၊ အဲဒီတုန်းမှာပဲ ဟိကလစ်က ကျောက်တုံးတတုံးကို ယူပြီး ပြတင်းတံခါးကို ပေါက်ခွဲ ပစ်လိုက်တယ်။ ပေါက်ကွဲပြီး ပွင့်သွားတဲ့ ပြတင်းပေါက်ကနေ ခုန်ဝင်လာတယ်၊ အန်းရောဟာ သွေးကြောကို ထိသွားပြီး ဒဏ်ရာက သွေးတွေ တသွင်သွင်ကျပြီး နာကျင်လွန်းလှတာနဲ့ သွေးအိုင်ထဲမှာ မေ့လဲနေတယ်၊ ဟိကလစ်ဟာ အခန်းထဲ ရောက်လာတာနဲ့ အန်းရှောကို ခြေထောက်နဲ့ လှိမ့်ကန်ပြီး ဖနောင့်နဲ့ ထပ်တလဲလဲ ပေါက်ပစ်လိုက်တယ်၊ ပြီးတော့ ကျွန်မကို လက်တဘက်က ဖမ်းဆုပ်ယင်း အန်းရှောခေါင်းကို ကြမ်းပြင်နဲ့ ဆောင့်ချလိုက်ပြန်တယ်၊ ကျွန်မကို ဖမ်းချုပ်ထားတာကတော့ ဂျိုးဆက်က မခေါ်နိုင်အောင်ဆိုတဲ့ သဘောပါ၊ ဟိကလစ်ဟာ အန်းရှောကို ရက်ရက်စက်စက်ကြီး လုပ်ပြီးတဲ့နောက် အန်းရှောကိုယ်ကြီးကို တနေရာ ဆွဲယူပြီး ပစ်ချလိုက်တယ်၊ ပြီးတော့မှ အန်းရော အင်္ကျီလက်မောင်းကို ဆွဲဆုတ်လိုက်ပြီး အန်းရှော ဒဏ်ရာကို ခပ်ကြမ်းကြမ်း စည်းပေးလိုက်တယ်၊ ဟိကလစ်ဟာ အဲဒီလို နှိပ်စက်ချင်တိုင်း နှိပ်စက်နေတဲ့ တချိန်လုံးမှာ တံထွေးနဲ့လဲထွေး၊ ဆဲလဲ ဆဲလိုက်သေးတယ်ရှင့်၊ အဲဒီတုန်းမှာ ကျွန်မလဲ ဂျိုးဆက်ကို ပြေးခေါ်ရတာပေါ့ရှင်။
“ဂျိုးဆက်လဲ အခန်းထဲ ဝင်လာပြီး “ဘာဖြစ်ကြတာလဲဗျ၊ ဘာဖြစ်ကြတာလဲဗျ” နဲ့ အမေးမှာ ဟိကလစ်က “ဘာဖြစ်ရမှာလဲဗျ၊ ခင်ဗျား သခင် အရူးထတာလေ၊ အင်း တလလောက်တော့ ခံဦးပေါ့၊ ကဲ၊ အဘိုးကြီး၊ ဘာမှ ငိုင်ကြည့်မနေနဲ့၊ လာစမ်း၊ ကျုပ် သူ့ကို မပြုစုနိုင်ဘူး၊ သွေးတွေလဲ သုတ်ပစ်လိုက်ဦး” လို့ ပြောပေမယ့် ဂျိုးဆက်က ကြောက်လန့်တကြီးနဲ့ လက်နှစ်ဘက်ကို မြှောက်ပြီး “ဟင်၊ ခင်ဗျား သူ့ကို သတ်လိုက်တယ်ပေါ့လေ၊ ကျုပ် ဒါမျိုး မကြုံဖူးပါဘူး၊ ဘုရား ဘုရား' လို့ တနေပြန်တယ်ရှင့်၊ ဟိကလစ်လဲ ဂျိုးဆက်ကို အန်းရှောရဲ့ သွေးတွေ ပေကျံနေတဲ့ နေရာရောက်အောင် တွန်းချလိုက်ပြီး အဝတ်တထည် ပစ်ပေးလိုက်တယ်၊ အဘိုးကြီးကတော့ သွေးတွေကို သုတ်ပစ်ရမယ့်အစား လက်နှစ်ဘက်ကို ယှက်ပြီး ဘုရားစာတွေ ရွတ်နေပြန်တယ်၊ ကျွန်မမှာလဲ ငိုအားထက် ရယ်အားသန်ရမလို ဖြစ်လာတာပေါ့ရှင်၊ ကျွန်မ ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ ဖြစ်နေတုန်းမှာပဲ ဟိကလစ်က “အေး၊ ငါ မင်းကို သစ္စာဖောက်တာ မဟုတ်လား၊ ဒီတော့ အဲဒီ သွေးကို မင်းလဲ သုတ်ပစ်ရမယ်” လို့ ပြောယင်း ကျွန်မကို ကိုင်ကိုင် ဆောင့်ထည့်ပြီး ဂျိုးဆက်နားကို တွန်းပစ်လိုက်တယ်၊ မကြာခင်မှာပဲ အန်းရှော သတိပြန် လည်လာတယ်ရှင့်၊ အန်းရှောဟာ သတိမေ့နေတယ်ဆိုတော့ သူခံခဲ့ရတာကို မသိဘူးပေါ့၊ ဟိကလစ်ကတော့ အန်းရောကို စိုက်ကြည့်ယင်း အရက်မူးလွန်နေတယ်လို့ သဘောထားပြီး အိပ်ရာထဲဝင်ဖို့ လှမ်းပြောလိုက်တယ်၊ ပြီးတော့ သူလဲ နေရာက ထွက်သွားတယ်၊ ဒီကိစ္စ ဒီလောက်နဲ့ ပြီးသွားလို့ တော်သေးတာပေါ့ရှင်၊ ဟင်ဒလီလဲ မီးဖိုနားမှာပဲ လှဲချလိုက်တယ်၊ ဒါနဲ့ ကျွန်မလဲ ကိုယ့်အခန်းကိုယ် တက်လာခဲ့တော့တယ်။
“ဒီမနက်ကျတော့ ဆယ့်တနာရီ မထိုးခင်မှာပဲ ကျွန်မ အိပ်ပေါ်က ဆင်းလာတော့ အန်းရှောကို မီးဖိုဘေးမှာ နုံးနုံးချည့်ချည့်နဲ့ ထိုင်နေတာ တွေ့ရတယ်၊ ဟိကလစ်ကတော့ မီးဖိုခေါင်းတိုင်နေရာကို မှီပြီး ရပ်နေတယ် ရှင့်၊ နှစ်ယောက်စလုံးပဲ ထမင်းစားချင်စိတ် ရှိပုံမပေါ်ဘူး၊ စားပွဲပေါ်မှာ ကျွန်မ ဝင်ထိုင်တော့ ထမင်းတွေက အေးနေပြီ၊ ဒါနဲ့ ကျွန်မလဲ ထမင်းစားလိုက်ပါတယ်၊ ကျွန်မလဲ ထမင်းစားပြီးတာနဲ့ အန်းရှော အနားမှာ ဝင်ထိုင်လိုက်ပါတယ်။
ဟိကလစ်ဟာ မလှုပ်မချောက် ကျောက်ရုပ်လို ဖြစ်နေတယ်၊ တခါက ယောက်ျားပီသတယ်လို့ ကျွန်မ ထင်ခဲ့တဲ့ သူ့ နဖူးဟာ ခုတော့လဲ တိမ်တွေ အုံ့ဆိုင်းနေတဲ့ ကောင်းကင်ပြင်ကြီးလို ထင်လာတယ်၊ အလျှံညီးညီးရှိမြဲ သူ့မျက်လုံး အစုံတွေဟာလဲ ယခုအခါမှာ အိပ်ပျက်တာကြောင့်ရော၊ ငိုကြွေးရတာကြောင့်ပါ မှေးမှေးရီရီ ဖြစ်နေကြပါတယ်၊ ရက်စက် ကြမ်းကြုတ်ဟန် ပေါ်လွင်နေတတ်တဲ့ သူ့နှုတ်ခမ်း အစုံဟာလဲ ခုတော့ ကြေကွဲဝမ်းနည်းခြင်းကြောင့် ရက်စက်ကြမ်းကြုတ်ဟန် ပျောက်နေပါတယ်၊ ကျွန်မ သူ့အခြေအနေကို အကဲခတ်နေတုန်းမှာပဲ ဟင်ဒလီက ရေတောင်းတာနဲ့ သူ့ကို ရေခပ်ပေးပြီး 'ဘယ်လိုနေသေးသလဲ' လို့ မေးလိုက်မိတယ်။
"ဒီတော့ ဟင်ဒလီက 'နေမကောင်းလှတယ်လို့တော့လဲ မဟုတ်ပါဘူး၊ ဒါပေမယ့် လက်မောင်းက နာနေတယ်' လို့ ပြောတာကြောင့် ကျွန်မက 'ကတ်သရင်း ပြောမယ်ဆိုလဲ ပြောစရာပဲ၊ ကတ်သရင်းက ရှင် အနာတရ မဖြစ်ရအောင် ရှင့် ရှေ့က အကာအကွယ် ပေးခဲ့ရတယ်လို့ ပြောလေ့ရှိတယ်၊ သူ ဆိုချင်တာက တယောက်ယောက်က ရှင့်ကို အန္တရာယ်မပြုနိုင်အောင် ကာကွယ်ပေးခဲ့ရတယ်လို့ ဆိုလိုက်တာပဲ၊ ဟုတ်တော့လဲ ဟုတ်တာပဲလေ၊ သေပြီးသား လူဆိုတာ သင်္ချိုင်းကုန်းကနေ ဘယ် ထနိုင်ပါတော့မလဲ၊ မဟုတ်ယင်တော့လား ညက အဖြစ်ကို ကတ်သရင်း တွေ့လိုက်ရယင်တော့လား၊ ရှင့် ရင်ဘတ်တွေ ပခုံးတွေ ပွန်းပဲ့ မနေဘူးလား' လို့ ပြောပြီး မေးလိုက်မိတယ်၊ သူက 'မပြောတတ်ပါဘူးကွယ်၊ မင်း ဘာဆိုလိုချင်တာလဲ၊ ဘာလဲ၊ ကိုယ် လဲကျသွားတုန်း သူ ကိုယ့်ကို ရိုက်လား နှက်လား လုပ်သေးလို့လား' လို့ မေးပါလေရော၊ ဒီတော့ ကျွန်မ 'လုပ်ပါသကောရှင်၊ ရှင် လဲနေတဲ့ အပေါ် တက်ခုန်လိုက်၊ ရှင့်ကို ဖနောင့်နဲ့ ပေါက်လိုက်၊ ကြမ်းနဲ့ ကိုင်ဆောင့်လိုက်နဲ့၊ သူက လူတပိုင်းဖြစ်နေလို့သာပေါ့၊ မဟုတ်ယင် ရှင့်ကို အစိမ်းလိုက် ဝါးစားတော့မတတ်ပဲ' လို့ ပြောပစ်လိုက်တယ်၊ အဲဒီတော့မှ မစ္စတာ အန်းရှောလဲ ကျွန်မလိုပဲ ဟိကလစ် မျက်နှာကို စိုက်ကြည့်မိတယ်။ ဟိကလစ်ဟာ ပူဆွေးသောက လွှမ်းပြီး သူ့ပတ်ဝန်းကျင်ကို သတိမမူနိုင်သလို ဖြစ်နေတယ်၊ သူ အဲဒီနေရာမှာရပ်ပြီး အဖြစ်ဟောင်းတွေကို တွေးမိတာနဲ့အမျှ မျက်နှာကလဲ ညှိုးကျနေတယ်။
"မစ္စတာ အန်းရှောကတော့ ဟိကလစ်ကို စိုက်ကြည့်ယင်း 'ကိုယ့်ကိုသာ ဒီကောင့်လည်ပင်းကို ညှစ်နိုင်တဲ့ အင်အားမျိုး ဘုရားသခင်ကပေးယင် ကိုယ် သင်းကို သတ်ပြီး ငရဲကို ပျော်ပျော်ကြီး သွားပါရဲ့' လို့ ပြောယင်း မခံမရပ်နိုင်စိတ်ကြောင့် ဒယီးဒယိုင်နဲ့ ထလာပေမယ့် နောက်ဘက် ပက်လက်လန် လဲကျသွားတယ်၊ သူ့မှာ အားမှ မရှိပဲဟာ၊ ကျွန်မကလဲ ခံပြင်းလွန်းတာနဲ့ 'သူ ရှင်တို့ မောင်နှမ နှစ်ယောက်ထဲက ကတ်သရင်းကို သတ်ပြီးပြီပဲ၊ လုံလောက်ပါပြီ၊ ကျွန်မတို့ အိမ်ကြီးကဆိုယင် ကတ်သရင်းကို ဟိကလစ် သတ်တာပဲလို့ သိထားတာရှင့်၊ အင်း တကယ်တော့ သူ့အချစ်ကို ခံရတာထက် သူ့အမုန်းကို ခံရတာက တော်သေးတာပေါ့ရှင်၊ ကျွန်မဖြင့်လေ သူ ပြန်မလာခဲ့တုန်းက ကတ်သရင်း ပျော်ပျော်ရွှင်ရွှင် နေခဲ့ပုံတွေကို ခုထိ မြင်ယောင်သေးတယ်' လို့ ခပ်ကျယ်ကျယ်ကလေး ပြောပစ်လိုက်တယ်၊ ဒီတော့မှလဲ ဟိကလစ်ဟာ ကျွန်မစကားကို သတိပြုမိပြီး ကျွန်မကို လှမ်းကြည့်တယ်။ မျက်ရည်တွေ ရီဝေနေတဲ့ သူ့မျက်လုံးတွေကို သတိပြလိုက်မိပါရဲ့၊ သူဟာ သက်ပြင်းကို ခပ်လေးလေး ချလိုက်တယ်၊ ကျွန်မလဲ သူ့ကို စိုက်ကြည့်ပြီး လှောင်ရယ် ရယ်ပစ်လိုက်တယ်၊ အဲဒီမှာတွင် သူက 'ထစမ်း၊ သွား၊ ငါ့မျက်စိရှေ့မှာ မနေနဲ့' လို့ ကျွန်မကို ကြိမ်းမောင်းပါလေရော၊ ကျွန်မကလဲ 'ကျွန်မ တောင်းပန်ပါတယ်ရှင်၊ ကျွန်မက ကတ်သရင်းကို ချစ်ခဲ့ရတဲ့လူဆိုတော့ ကတ်သရင်းကိုယ်စား သူ့ အစ်ကို ကို ကျွန်မ ပြုစုစောင့်ရှောက်ဖို့ လိုတယ် မဟုတ်လား၊ တကယ်တော့ ခု ကတ်သရင်း မရှိတော့ပါဘူး၊ ဒါပေမယ့် ကျွန်မအဖို့တော့ ဟင်ဒလီဟာ ကတ်ရင်းပဲရှင့်၊ ကြည့်ပါလား၊ ဟင်ဒလီ မျက်လုံးတွေဟာ ကတ်သရင်း မျက်လုံးတွေနဲ့ တထေရောတည်း မဟုတ်လား၊ ပြီးတော့လဲ …."။
"ပြန်ပြောလို့မှ မဆုံးသေးဘူး၊ သူက 'ဟဲ့၊ အယုတ်တမာမ၊ သွားဆို သွားစမ်း၊ မဟုတ်ယင် ငါ ဆောင့်ကန်လိုက်လို့ သေသွားမယ်' လို့ အော်တော့ ကျွန်မလဲ ပြေးမယ့်ဟန် ပြင်ယင်းကပဲ 'တခုတော့ ပြောရဦးမယ်ရှင့်၊ ကတ်သရင်းဟာ ရှင့်ကို ယုံစားပြီး ရှင်နဲ့ လက်ထပ်ခဲ့ယင် ခု ဟင်ဒလီ ကြုံသလို ကြုံရမှာပဲ၊ ဒါပေမယ့် ကတ်သရင်းကတော့ ရှင် ရက်စက်သမျှ ငုံ့ခံနေမယ့် အစားထဲက မဟုတ်ဘူး' လို့ ထပ်ပြောနေတုန်းမှာပဲ သူ ကျွန်မကို လှမ်းဆွဲဖို့ ကြိုးစားပေမယ့် ကြားမှာ အန်းရှောက ခံနေတော့ သူ စားပွဲပေါ်က ဓားကို ဆွဲပစ်ပြီး ကျွန်မခေါင်းကို ပစ်ပေါက်လိုက်တယ်၊ ဓားက ကျွန်မ နားရွက်အောက်ပိုင်းကို ထိသွားတာနဲ့ ကျွန်မလဲ စကားပြတ်သွားပြီး ဓားကို ဖယ်ထုတ်ပစ်လိုက်တယ်၊ ချက်ချင်းပဲ အဲဒီနေရာကနေ ပြေးထွက်လာတယ်၊ အခန်းထဲမှာတော့ သူ ကျွန်မကို ဒေါသတကြီး လိုက်ဖမ်းဖို့ အလုပ်မှာ ဟင်ဒလီက ဆွဲထားလိုက်လို့ နှစ်ယောက်သား လုံးထွေး လဲကျသွားတာကို မြင်လိုက်ရတယ်။
"ကျွန်မလဲ မိုးဖိုထဲကနေ ဖြတ်ပြေးလာယင်း ဂျိုးဆက်ကို သူ့သခင်ဆီကို သွားကြည့်ဖို့ လှမ်းပြောခဲ့သေးတယ်၊ တံခါးအထွက်လမ်းပေါ်မှာ အရုပ်တွေနဲ့ ကစားနေတဲ့ ဟယ်ယာတန် ကလေးကိုလဲ ဝင်တိုက်လိုက်မိသေးတယ်၊ ကျွန်မဟာ အိမ်ထဲက ထွက်လားပြီး လမ်းအတိုင်း ဒုံးစိုင်းလာခဲ့တယ်၊ လေတိုက်နေတာကိုလဲ သတိမထားနိုင်ဘူး၊ ရွှံ့ထဲ ကွင်းတွေထဲ ဖြတ်ပြီး ဒီအိမ်ကြီးဆီကို တန်းပြေးလာခဲ့တာပဲ အယ်လင်"
အစ္စဗယ်လာသည သူ့ အဖြစ်အပျက်ကို အဆုံးသတ်လိုက်ပြီးနောက် လက်ဖက်ရည် သောက်ပါသည်။ ထို့နောက် နေရာမှ ထ၍ သူ့အား ဦးထုပ်ဆောင်းပေးစေပါသည်။ ကျွန်မလည်း ဦးထုပ်ဆောင်းပေးပြီး ကျွန်မ ယူလာသော တဘက်ကိုလည်း သူ့ပခုံးပေါ်တွင် တင်ပေးလိုက်ပါ၏။ ကျွန်မက သူ့အား ခေတ္တမျှ နေရန် ပြောသော်လည်း သူ နားမဝင်တော့ပါ။ ကတ်သရင်းနှင့် အက်ဂါ၏ ဓာတ်ပုံများ ရှိရာသို့ သွားပြီး ဓာတ်ပုံများကို နမ်းရှုပ်ပြီးနောက် ကျွန်မကို နှုတ်ဆက်၍ မြင်းလှည်းရှိရာသို့ ထွက်သွားပါလေတော့သည်။ ချက်ချင်းပင် မြင်းလှည်းလည်း သရတ်ကရောအိမ်ဝင်းကြီးထဲမှ ထွက်သွားပါလေတော့၏။ အစ္စဗယ်လာ၏ ခွေးကလေး ဖန်နီမှာ သူ့သခင်မကို ပြန်တွေ့ရသဖြင့် ဝမ်းသာအားရ အော်မြည်လျက် မြင်းလှည်းနောက်မှ လိုက်သွားပါလေ၏။
အစ္စဗယ်လာသည် ထိုတခေါက် အိမ်ကြီးမှ ထွက်သွားပြီးကတည်းက ကျွန်မတို့ ပြန်မတွေ့ကြရတော့ပါ။ သို့သော် အတန်ကြာ၍ မောင်နှမ ဆက်ဆံရေး အဆင်ပြေလာသော အခါတွင်မူ သူ့တို့ မောင်နှမသည် အခါမလပ် စာ အဆက်အသွယ် ပြုခဲ့ကြပါ၏။ ကျွန်မအထင်တွင် အစ္စဗယ်လာသည် အင်္ဂလန်တောင်ပိုင်း လန်ဒန်မြို့အနီး၌ နေထိုင်ခဲ့ပုံ ရပါသည်။ သူ ကျွန်မတို့ဆီမှ ထွက်သွားပြီး လ အနည်းငယ်ခန့်အကြာတွင် ထိုအရပ်၌ပင် သားယောင်္ကျားကလေး တယောက် ဖွားမြင်ကြောင်း ကြားသိရပါ၏။ ထိုကလေးကို လင်တန်နွယ် အစဉ်အဆက် အမည်ကို ခံယူစေကြောင်းနှင့် ကလေးမှာ ချူချာကြောင်းကိုလည်း ကျွန်မတို့ ကြားသိရပါလေ၏။
တနေ့တွင် ရွာထဲ၌ ကျွန်မသည် ဟိကလစ်နှင့် တွေ့ဆုံရာ ဟိကလစ်က အစ္စဗယ်လာနေသော အရပ်ကို စုံစမ်းပါ၏။ ကျွန်မ မပြောခဲ့ပါ။ သို့သော်လည်း မကြာမီပင် ဟိကလစ် အခြားအစေခံများထံမှ အစ္စဗယ်လာနေသော နေရာနှင့် အစ္စဗယ်လာမှာ သားယောင်္ကျားလေး ထွန်းကားသည့်အကြောင်း သိသွားပါ၏။ သို့တိုင်အောင် ဟိကလစ်သည် အစ္စဗယ်လာကို အဆက်သွယ် မလုပ်တော့ပါ။ ကျွန်မ အနေနှင့်မူ သူ ယခုလို အစ္စဗယ်လာအား ပစ်ပစ်ခါခါ လုပ်ထားသည့်အတွက် အစ္စဗယ်လာအဖို့ သူ့အား ကျေးဇူးတင်စရာ ကောင်းသေးတော့သည်ဟု သဘောထားလိုက်ပါ၏။ သူနှင့်ကျွန်မတို့သည် ရွာထဲ၌ မကြာခဏ တွေ့တတ်လေရာ တွေ့တိုင်းပင် သူက ကျွန်မအား သူ့ကလေးအကြောင်း မေးလေ့ရှိပါသည်။ ကလေး၏ အမည်ကို ကြားရသောအခါ သူက မဲ့ပြုံးပြုံးကာ ….
"ဩ၊ ကျုပ်က လင်တန်အမျိုးတွေကို မုန်းမှန်းသိလို့ ကျုပ်သားကို လင်တန်လို့ နာမည်မှည့်ကြတောပေါ့လေ" ဟု ပြောပါလေ၏။
'သူတို့ကတော့ ရှင့်ကို ဘာမှ သိစေချင်ပုံ မပေါ်ဘူး ထင်တာပဲ' ကျွန်မက ရှင်းပြပါသေး၏။
သည်တော့ သူက …
'ကျုပ် ကလေးပဲဗျာ၊ ကျုပ် လိုချင်ယင် ကျုပ် ရ ရမှာပေါ့' ဟု ပြောပါ၏။
ကလေးကိစ္စ ပြဿနာ မပေါ်မီမှာပင် အစ္စဗယ်လာသည် ကွယ်လွန်သွားပါလေတော့သည်။ ထိုအချိန်သည် ကတ်သရင်း ကွယ်လွန်ပြီးနောက် ဆယ့်သုံးနှစ်၊ လင်တန်ကလေး ဆယ့်နှစ်နှစ်၊ ဆယ့်နှစ်နှစ်သာသာ အရွယ်ရောက်လာသောအချိန် ဖြစ်ပါ၏။
ထို လွန်ခဲ့သော ဆယ့်နှစ်နှစ်ခန့်က ကျွန်မတို့ အိမ်ကြီးသို့ အစ္စဗယ်လာ မမျှော်လင့်ပဲ ရောက်လာပြီး နောက်ရက်များတွင် ကျွန်မသည် အစ္စဗယ်လာနှင့် ပတ်သက်၍ သခင့်အား ပြောပြရန် အခွင့်မသာခဲ့ပါချေ။ သူကိုယ်တိုင်ကလည်း မည်သူနှင့်မှ စကားစပ်ချင်ပုံ မရပါ။ သို့သော် သူ စိတ်လိုလက်ရ ရှိလာသောအခါတွင် ကျွန်မက သူ့ညီမ ဟိကလစ်ကို စွန့်ပစ်သွားကြောင်း ပြောပြရာ သူ ထိုသတင်းကို ကြားရသဖြင့် စိတ်ချမ်းသာသွားပုံရပါသည်။ ဟိကလစ်နှင့် ပတ်သက်၍ သခင်လင်တန်သည် အတော်ကြီး စက်ဆုပ်ရွံရှာ မုန်းတီးသွားသည်ဖြစ်ရာ ဟိကလစ်ကို တွေ့ရမည့် နေရာ၊ ဟိကလစ် အကြောင်း ကြားရမည့်နေရာ ဟူသမျှကို ရှောင်ပါလေတော့သည်။ ဟိကလစ်ကို ရှောင်ကွင်းလိုသော စိတ်နှင့်အတူ ကွယ်လွန်သူ ဇနီးအတွက် ပူဆွေးသောကကြောင့် လူအများကို ရှောင်ဖယ်၍ တကိုယ်တည်းသာ နေနေပါလေတော့၏။ နေ့စဉ် အလုပ်တာဝန်ကိုလည်း မလုပ်တော့ပါ။ ဘုရားရှိခိုးကျောင်းကိုပင် မတက်သည့်အပြင် ရပ်ထဲရွာထဲက သာရေးနာရေး ကိစ္စများကိုပါ ရှောင်ကွင်းကာ သူ့ခြံဝင်းနှင့် အိမ်ထဲမှာသာ လမ်းလျှောက်တတ်ပြီး လူသူကင်းရှင်းသော နံနက်စောပိုင်းနှင့် ညနေပိုင်းတို့တွင်ကား ဇနီးဖြစ်သူ၏ သင်္ချိုင်းဂူသို့ ရောက်တတ်ပါသည်။ သူ့စိတ်သည် သူ့ဇနီး မသေသေးသကဲ့သို့ အတွေးရောက်ကာ ဇနီးနှင့်နေရသော ဘဝကိုသာ တမ်းတနေပါလေတော့သည်။
သခင်လင်တန်သည် စွဲလမ်းတပ်မက်ခြင်းနှင့် ဖြေသိမ့်မှု ရယူခြင်းတို့တွင် လက်တွေ့ဆန်သူဟု ဆိုရမည်။ စောစောပိုင်းက ကျွန်မသည် ကွယ်လွန်သူ ကတ်သရင်း၏ သမီးကလေးနှင့် ပတ်သက်၍ လင်တန်သည် ပစ်ပစ်ခါခါ ပြုထားသယောင် ထင်ခဲ့ရပါ၏။ သမီးအပေါ် အေးစက်စက်နိုင်သလို ထင်ရပါသည်။ သို့သော် နွေဦးပေါက်တွင် နှင်းများ အရည်ပျော်လွဘ်ဘိသကဲ့သို့ သူ့ အေးစက်စက် စိတ်ဓာတ်သည်လည်း အရည်ပျော်လာပါတော့သည်။ ထိုကလေး တော့တီးတော့တ မသွားတတ်မီ၊ တွယ်တီးတွယ်တာ မပြောတတ်မီမှာပင် ကလေးသည် လင်တန့်အသည်းနှလုံး ဖြစ်လာပါလေ၏။ အမည်ကိုလည်း ကတ်သရင်းဟု မှည့်ထားပါသည်။ ကတ်သရင်းဟု မည့်ထားစေကာမူ အမည်ကို အပြည့်အစုံ မခေါ်ရက်ပါ။ ဟိကလစ်က ကတ်သရင်းကို ခေါ်ခဲ့သလိုပင် ယခုလည်း သခင်လင်တန်သည် သမီးကို ကေသီဟု ခေါ်ဝေါ်သုံးနှုန်းပါလေ၏။ ဤသို့ ကေသီဟု ခေါ်ဝေါ်သုံးနှုန်းသည်မှာ အမေဖြစ်သူကို ခေါ်စဉ်ကနှင့် ကွဲလွှဲသော်လည်း သူ့စိတ်ကမူ သမီးနှင့် အမေ ဆက်စပ်နေသည်ဟု မှတ်ယူထားပါ၏။ သူ့ဇနီး အသက်ရှိစဉ်ကထက်ပင် သမီးအပေါ် ပို၍ တွယ်တာပါလေသည်။
ကျွန်မသည်လည်း သခင်လင်တန်ကို ဟင်ဒလီအန်းရှောနှင့် ယှဉ်၍လည်း ကြည့်မိတတ်ပါသည်။ သူတို့နှစ်ယောက်ကား တွယ်တာစရာ ကိုယ်စီနှင့် ဇနီးမယား ဆုံးပါးသူချင်း ဖြစ်ပါလျက် သူတို့ စိတ်နေစိတ်ထား ခြားနားပုံကို ကျွန်မက စဉ်းစားမရနိုင်အောင် ဖြစ်ရပါလေ၏။ ဤသို့သော အခြေအနေမျိုးတွင် အဘယ်ကြောင့် ထိုနှစ်ယောက်သည် ကောင်းလည်းအတူ ဆိုးလည်းအတူ အခြေအနေမျိုး မဖြစ်ကြရသနည်း။ ကျွန်မ စဉ်းစားကြည့်ပါ၏။ ကျွန်မ အမြင်ကို ပြောရလျှင် ဟင်ဒလီသည် သင်္ဘော လေမုန်တိုင်းမိရာတွင် သင်္ဘောကို စွန့်ပစ်ပြေးသော ကပ္ပတိန်မျိုး ဖြစ်ပါသည်။ သူ စွန့်ပစ်ပြေးသည့်နောက်တွင် သင်္ဘောသားတို့ကလည်း သင်္ဘောကို ထိန်းနိုင်အောင် ကြိုးစားရမည့်အစား အချင်းချင်း သတ်ဖြတ်နေကြသည့် အခြေအနေမျိုး ဖြစ်၏။ လင်တန်ကား ဤသို့မဟုတ်။ သူ့ ဝိဉာဉ်ကို သူ သစ္စာစောင့်သိသူ ဖြစ်သည်။ စိတ်ဓာတ်ကြံ့ခိုင်သူ ဖြစ်သည်။ သူသည် ဘုရားသခင်ကို သက်ဝင်ယုံကြည်၏။ ဘုရားသခင်၏ အားပေးမှုကိုလည်း ခံရ၏။ သူတို့နှစ်ယောက်ကား တယောက်က မျှော်လင့်တက်ကြွပြီး တယောက်က စိတ်ပျက်အားငယ်နေသူများသာတည်း။
ဤသည်မှာ ထိုနှစ်ယောက်နှင့် ပတ်သက်၍ ကျွန်မ သုံးသပ်မိသည်ကို ပြောပြခြင်း ဖြစ်ပါသည်။ မစ္စာလော့ဝု၊ ကျွန်မ အထင်အမြင်ကို မစ္စတာလော့ဝု သဘောမတူနိုင်လျှင် ကိုယ်တိုင် သုံးသပ်ကြည့်နိုင်ပါသည်။
ဤသို့ဖြင့် ခြောက်လမျှသော ကာလအတွင်း ကျွန်မတို့အိမ်ကြီး နှစ်အိမ်မှာ ဘာသတင်းမျှ မကြားရ။ မည်သည့် အဆက်အဆံမျှ မရှိပဲနေခဲ့ပြီး တနေ့တွင် ဆရာဝန် ကင်းနက်သည် သခင်လင်တန်ထံသို့ သတင်းတရပ်ပေးရန် ရောက်လာခဲ့ပါလေသည်။
တမနက်ခင်းတွင် ဖြစ်ပါသည်။ ဆရာဝန် ကင်းနက်သည် မြင်းကို စီးလျက် ကျွန်မတို့ ခြံကြီးထဲသို့ ဝင်လာပြီး ကျွန်မကို တွေ့သည်နှင့် ….
'ဪ နယ်လီပါလား၊ သည်တကြိမ်တော့ ခင်ဗျားရော၊ ကျွန်တော်ရော အသုဘ အခမ်းအနား တက်ကြရလိမ်မယ်ဗျို့၊ ဒီတခါ ဘယ်သူ့အလှည့်လို့ ခင်ဗျားထင်သလဲ' ဟု ပြောလာပါ၏။
'ဘယ်သူလဲဟင်' ကျွန်မလည်း ပျာပျာသလဲ မေးလိုက်မိပါ၏။
'ခင်ဗျား တွေးကြည့်စမ်းပါ၊ ဘယ်သူဖြစ်မလဲဆိုတာ' ဟု ပြောပြောဆိုဆိုပင် ဆရာဝန်သည် မြင်းပေါ်မှ ဆင်းလိုက်ပါ၏။ မြင်းဇက်ကြိုးကို တံခါးရှိ ချိတ်တွင် ပစ်တင်လိုက်ပါသည်။
'ဟိကလစ်တော့ မဟုတ်ဘူး မဟုတ်လား'
'မဟုတ်ပါဘူး၊ ဟိကလစ်က သန်သန်စွမ်းစွမ်းကြီးပဲဟာ၊ ကျွန်တော် တွေ့ခဲ့သေးတာပဲ၊ ကနေ့များ ပိုပြီး လန်းလန်းဆန်းဆန်း ဖြစ်နေသေးတယ်ဗျ'
'ဒါဖြင့် ဘယ်သူလဲ မစ္စာ ကင်းနက်ရဲ့'
"ဘယ်သူရမလဲဗျ၊ ဟင်ဒလီအန်းရှောပေါ့၊ ခင်ဗျား သူငယ်ချင်း ဟင်ဒလီပေါ့ဗျာ၊ ကျွန်တော် သူ့ကို အကြိမ်ကြိမ် သတိပေးခဲ့ပါတယ်ဗျာ၊ ဒါပေမယ့် သူ ဂရုမစိုက်ဘူး၊ ဒီအရက်ကြောင့်ပဲ သူ့ အသက်ဆုံးရှုံးတာပေါ့၊ စိတ်မကောင်းစရာပါပဲ၊ ကျွန်တော်တို့အဖို့ မိတ်ဆွေတယောက် ဆုံးရှုံးရတာပဲပေါ့ဗျာ၊ တကယ်တော့ ငယ်ငယ်ရွယ်ရွယ် ရှိသေးတာ၊ ရှိလှ နှစ်ဆယ့်ခုနှစ်နှစ်ပေါ့၊ ခင်ဗျားနဲ့ ရွယ်တူမဟုတ်တာ ခင်ဗျားတို့နှစ်ယောက် တနှစ်တည်း မွေးခဲ့ကြတာပဲလေ'
ထိုစကားကြောင့် ကျွန်မအဖို့ မစ္စက်လင်တန် ကွယ်လွန်စဉ်ကာ ပို၍ စိတ်ထိခိုက်ရပါလေတော့သည်။ ငယ်စဉ်က အဖြစ်အပျက်များသည် နှလုံးသည်းပွတ်တွင် ခိုအောင်းလာပါလေတော့သည်။
ကျွန်မသည် အိမ်အဝင်ဝတွင် ထိုင်ချလိုက်ပြီး သွေးရင်းသားရင်း တယောက် ကွယ်လွန်ကြောင်း သတင်းကို ကြားရဘိသကဲသို့ အားရပါးရ ငိုချလိုက်မိပါ၏။ အစေခံတယောက်အားလည်း ဆရာဝန် ကင်းနက်အား သခင့်ထံ ခေါ်သွားစေရပါလေသည်။
ကျွန်မသည် ဟင်ဒလီ သေဆုံးရခြင်းအတွက် စိတ်မကောင်း ဖြစ်ရုံသာမဟုတ်ပါ။ သေချိန်မတန်ပဲ သေရသည်ဟု မှတ်ယူကာ စိတ်ထဲမှာ မကျေမလည် ဖြစ်ပါသေးသည်။ ထိုစိတ်ကြောင့် ကျွန်မမှာ ကြိတ်မနိုင် ခဲမရလည်း ဖြစ်ရပါ၏။
ကျွန်မသည် သခင်လင်တန်ထံတွင် လေထန်ကုန်းအိမ်ကြီးသို့ သွား၍ ကျွန်မ သူငယ်ချင်း၏ နောက်ဆုံး အသုဘကိစ္စကို ကူညီဆောင်ရွက်နိုင်ရန် ခွင့်တောင်းရပါလေတော့သည်။ ပထမတွင် မစ္စတာ လင်တန်သည် ကျွန်မကို လေထန်ကုန်းအိမ်သို့ သွားစေချင်ပုံ မပေါ်ပါ။ ကျွန်မသည် ဟင်ဒလီခမျာမှ အပေါင်းအသင်း မရှိရှာပဲ ကွယ်လွန်ရသည်ဖြစ်ကြောင်း၊ ဟင်ဒလီမှာ ကျွန်မ၏ သခင်ဟောင်းတဦး ဖြစ်သည့် မောင်နှမလို နေထိုင်ခဲ့ကြသူများ ဖြစ်၍ သူ့ အသုဘကိစ္စကို သွားရောက် ဆောင်ရွက်ပေးသင့်ကြောင်း ပြောပြပြီး ဟင်ဒလီ၏ အသုဘသို့ သွားရန် တောင်းပန်ရပါ၏။ ထို့ပြင်လည်း ဟယ်ယာတန် ကလေးမှာ သခင့်ဇနီး၏ တူကလေး ဖြစ်သည့်အလျောက် ယခုလို ဆွေမဲ့မျိုးမဲ့ ဖြစ်ရသော အချိန်တွင် သခင်လင်တန်ကသာ ခေါ်ယူ စောင့်ရှောက်သင့်ကြောင်း၊ သခင် လင်တန်အနေနှင့် သူ့ ယောက်ဖတွင် မည်သည့် ပစ္စည်းများ ကျန်ရစ်ခဲ့သည်ကို စုံစမ်းပြီး ဟယ်ယာတန်ကလေး ဆက်ခံရပိုင်ခွင့် ပစ္စည်းများ ကိစ္စကို ဆောင်ရွက်သင့်ကြောင်းလည်း ရှင်းပြရပါ၏။
ထိုအခါကျမှပင် သခင်လင်တန်သည် ဟင်ဒလီ၏ ပစ္စည်းကိစ္စကို ဝတ်လုံနှင့် ညှိနှိုင်းဆောင်ရွက်ရန် ပြောပြီး ကျွန်မအားလည်း လေထန်ကုန်းအိမ်ကြီးသို့ သွားခွင့်ပြုပါလေတော့သည်။
သခင်လင်တန်၏ ဝတ်လုံမှာ မစ္စတာ အန်းရှော၏ ဝတ်လုံနှင့် တယောက်တည်းပင် ဖြစ်ပါသည်။ ကျွန်မသည် ရွာဘက်သို့သွား၍ ဝတ်လုံအား အကျိုးအကြောင်း ပြောပြပြီး ကျွန်မနှင့်အတူ လိုက်ခဲ့ရန် ခေါ်ပါ၏။ ထိုအခါ ဝတ်လုံက ခေါင်းကို ယမ်းပြီး လေထန်ကုန်း၌ ဟိကလစ်ကိုသာ နေထိုင်ခွင့်ပြုရန်နှင့် အမှန်ကိုသိလျှင် ဟယ်ယာတန်ကလေးခမျာမှာ သူတောင်းစားသာသာ အခြေအနေတွင် ကျန်ရစ်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်မအား ရှင်းပြပါ၏။
"ကလေးရဲ့အဖေ ဆုံးတော့ ကလေးအဖေမှာ ကြွေးတွေနဲ့ ခင်ဗျာ၊ သူ့ပစ္စည်း အားလုံးကလဲ ကြွေးနဲ့ ဆုံးပြီး ဖြစ်နေတယ်ဗျာ၊ ဒီတော့ ကျန်ရစ်တဲ့ ကလေးအနေနဲ့က ဟိကလစ်ဆီက သက်ညှာခွင့်တောင်းခံရုံပဲ ရှိပါတယ်"
ထို့ကြောင့် ကျွန်မသည် ဝတ်လုံထံမှ တဆင့် လေထန်ကုန်အိမ်သို့ လာခဲ့ပြီး အသုဘကိစ္စများကို ဆောင်ရွက်ရန် လာခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြရပါ၏။ ဂျိုးဆက်သည်လည်း ဟင်ဒလီအတွက် အတော် စိတ်မကောင်း ဖြစ်နေပုံရပါ၏။ သို့သော် ကျွန်မ ရောက်လသည့်အတွက်ကား သူ အားတက်မိကြောင်း သိသာပါ၏။ မစ္စတာ ဟိကလစ်သည် ကျွန်မ ရောက်လာသည်ကို သဘောမကျသော်လည်း ကျွန်မအနေနှင့် အသုဘကိစ္စကို ကူညီဆောင်ရွက်လိုက ဆောင်ရွက်နိုင်းကြောင်း ပြောပါ၏။
"အမှန်ပြောရယင် ဘာအခမ်းအနားမှ လုပ်မနေပဲ ဒီလူ့ အလောင်းကို ဆွဲချ မြှုပ်နှံ ပစ်လိုက်ဖို့ ကောင်းတာဗျ၊ မနေ့က အဖြစ်ကိုပဲ ကြည့်ဗျာ၊ ကျုပ် ဆယ်မိနစ်လောက် အပြင်ထွက်သွားတယ်၊ ကျုပ် မရှိတုန်းမှာ ကျုပ်အိပ်ထဲ မဝင်နိုင်အောင်ဆိုပြီး တံခါးတွေ အကုန်ပိတ်ထားလိုက်တယ်၊ အဲဒီမှာ သူ တညလုံး အရက်တွေကို အလွန်အကျွံ သောက်ပစ်တယ်၊ ဒီမနက် ကျုပ် တံခါးတွေချိုးပြီး အိပ်ထဲဝင်တော့ ဒီလူဟာ ခုံတန်းလျားပေါ်မှာ လဲကျပြီး တရှူးရှူး ဖြစ်နေပြီ၊ သူကို ရိုက်နိုးတာတောင် သူ မနိုးတော့ဘူး၊ ဒါနဲ့ ကျုပ်လဲ ကင်းနက်ကို အခေါ်ခိုင်း လိုက်ရတယ်၊ ဆရာဝန်ရောက်လာတော့ ဒီကောင် အေးစက်တောင့်ခဲပြီး သေနေပြီ"
ဂျိုးဆက်ကလည်း သူ့သခင် အသက်ဆုံးရှုံးရပုံကို...
“ငါလဲ ဆရာဝန်သွားခေါ်ဖို့ ထွက်လာခဲ့တယ်၊ ငါထွက်လာတုန်းက သခင် မသေသေးဘူးဟ၊ အဲဒီတုန်းက ငါသာ သခင်နားမှာ ရှိနေယင် သခင်ဟာ သေချင်မှ သေမှာပါ၊ ငါ ဆရာဝန်ခေါ်ပြီး ပြန်လာတော့ သခင်ဟာ အသက်မရှိတော့ဘူး" ဟု ပြောပြပါ၏။
ကျွန်မသည် ဟင်ဒလီ၏ အသုဘအခမ်းအနားကို တင့်တင့်တယ် ဖြစ်အောင် ပြင်ဆင်ပါ၏။ ဟိကလစ်ကမူ အခမ်းအနားကို ကျွန်မ စိတ်တိုင်းကျ ဆောင်ရွက်နိုင်ကြောင်း၊ သို့သော် ကုန်ကျသမျှ စရိတ်မှာ သူ့အိတ်ထဲကချည်း ဖြစ်ကြောင်း ပြောပါသေး၏။ ဟိကလစ်သည် ဟင်ဒလီ ကွယ်လွန်သွားခြင်းနှင့် ပတ်သက်၍ ဝမ်းလည်း မနည်း ဝမ်းလည်းမသာဟန် အမူအရာဖြင့် ခပ်တည်တည် နေခဲ့ပါ၏။ ဟင်ဒလီ၏ ရုပ်အလောင်းကို သယ်ဆောင်လာသော အခါတွင်မူကား အသုဘပို့သူ တယောက်အဖြစ် လိုက်ခဲ့ပါ၏။
အသုဘကိစ္စများ ပြီးသော် ဟိကလစ်သည် ဟယ်ယာတန် ကလေးကို ချီ၍ သူရှေ့စားပွဲပေါ်တွင် တင်လိုက်ပြီးနောက် ကလေးကို အားရပါးရကြည့်ကာ….
“ဟေ့… ချာတိတ်၊ ခုအချိန်ကစပြီး မင်းဟာ ငါ့လက်ထဲ ရောက်ပြီကွ၊ တနေ့မှာ မင်းလဲ မင်းအဖေလို ဒီပုတ်ထဲက ဒီပဲမျိုး ဖြစ် မဖြစ် စောင့်ကြည့်ရသေးတာပေါ့ကွာ” ဟု ကျေနပ်အားရလှသော အသံဖြင့် ပြောလိုက်ပါလေ၏။
ကလေးကမူ ဟိကလစ် ဘာဆိုလိုသည်ကို သဘောမပေါက်ပါ။ ဟိကလစ် မုတ်ဆိတ်မွှေးကိုပင် ဆွဲပြီး ကစားနေလိုက်ပါသေး၏။
ကျွန်မကမူ ဟိကလစ် ဘာဆိုလိုသည်ကို နားလည် သဘောပေါက်သည့်အလျောက် …
"ဒီကလေးက ရှင်နဲ့ဘာမှ မဆိုင်ပါဘူး၊ ကျွန်မ သူ့ကို သရုတ်ကရော့ အိမ်ကြီးကို ခေါ်သွားမယ်" ဟု ပြောချလိုက်ပါသည်။
'လင်တန်က ခေါ်ခဲ့ဖို့ ပြောသလားဗျ'
'ဟုတ်တယ်၊ သူ့တူကို သူ့ဆီ ခေါ်ခဲ့ဖို့ မှာလိုက်တယ်”
“ကောင်းပြီလေ၊ ခု လောလောဆယ်တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အငြင်းမပွားချင်ပါဘူး၊ ဒါပေမယ့် ကျုပ်က ကလေး တယောက်ယောက် ရချင်နေတာဗျ၊ ဒီတော့ ခင်ဗျားသခင်ကို ပြောလိုက်ပါ၊ ဒီကလေးကို ခင်ဗျား ယူချင်ယူပါလို့၊ အဲဒီလို ဒီကလေးကို သူ ယူယင် ကျုပ် အနေနဲ့ကလဲ ကျုပ်သားကို ကျုပ်ပြန်ခေါ်ရမှာပဲ၊ ဟယ်ယာတန်အတွက် ကျုပ် လုမနေပါဘူး၊ ဟယ်ယာတန် ကလေးအစား တယောက်က လာလိမ့်မပေါ့ဗျာ၊ အဲဒါကိုသာ ခင်ဗျားသခင်ကို ပြောပြဖို့မမေ့နဲ့ဗျာ”
သူ့လေသံမှာ ကြမ်းတမ်း ရိုင်းစိုင်းလှပါသည်။
သူ ဘာဆိုလိုသည်ကို ကျွန်မ နားလည်ပါ၏။ သူ့သားကို သူခေါ်ယူမည်ဆိုခြင်းမှာ အစ္စဗယ်လာ၏ သားကို ခေါ်ယူမည်ဟု ဆိုလိုကြောင်းကို ပြောခြင်းပင်။ ကျွန်မလည်း အိမ်ကြီးသို့ ပြန်ရောက်သည်နှင့် ထိုအကြောင်းကို သခင်လင်တန်အား ပြောပြလိုက်ရာ သခင်လင်တန်သည် သူ့တူလေးကိစ္စနှင့် ပတ်သက်၍ ဘာမျှ မပြောတော့ပါ။
ယခုကား ဧည့်သည်တဦးအဖြစ် ရောက်လာခဲ့သော ဟိကလစ်သည် လေထန်ကုန်းအိမ်ကြီး၏ အရှင်သခင် ဖြစ်လာခဲ့ပါလေပြီ။ ဟိကလစ်သည် ဟင်ဒလီအန်းရော ပိုင်ဆိုင်ခဲ့သမျှ ပစ္စည်း၊ အိမ်ခြေ၊ ယာမြေ အလုံးစုံကို သူ့လက်ဝယ်သို့ ရောက်ပြီဖြစ်ကြောင်း စာချုပ် အထောက်အထားများကို ပြပါလေတော့သည်။ အထူးသဖြင့် လင်တန် ရှင်းလင်း သဘောပေါက် သွားစေရန် ဖြစ်ပါ၏။ ဟင်ဒလီကား ဖဲအကစားမက်သဖြင့် သူပိုင် စ္စည်းများကို ဆုံးရှုံးရလေပြီ။
ဤနည်းအားဖြင့် ဟယ်ယာတန်ကလေးမှာ သူ့အဖေ အပေါ် အခဲမကြေနိုင် ရန်ငြိုးကြီးစွာသော ရန်သူအပေါ် မှီခိုရသော ဘဝသို့ ကျဆင်းရလေတော့သည်။ သူ့အိမ်မှာပင် အစေခံ ဘဝဖြင့် အခွင့်အရေးမဲ့ တကောင်ကြွက်အဖြစ် ကျရောက်ရလေပြီကို သူကိုယ်တိုင် မသိရှာပါတကား။
.jpg)

Comments
Post a Comment