အခန်း [ ၇
]
ကေသီသည် သရုတ်ကရော့ အိမ်ကြီးတွင် ခရစ်စမတ်ပွဲတော်တိုင်သည် အထိ ရက်သတ္တ ငါးပတ်ကြာ နေထိုင်ခဲ့ပါသည်။ ထိုကာလအတွင်း သူ့ခြေထောက်က ဒဏ်ရာမှာလည်း ကောင်းသွားပါလေ၏။ သူ့ ဟန်ပန်အမှုအရာတို့လည်း တိုးတက်ပြောင်းလဲလာခဲ့ပါသည်။ သခင်မကလည်း မကြာမကြာ ဆိုသလို ကေသီ့ထံ သွားရောက်ကာ လက်ဆောင်ပစ္စည်းကလေးများ ပေးခြင်း၊ နှစ်သိမ့်အားပေးစကား ပြောခြင်းဖြင့် ကေသီ့ စိတ်ထားကို ပြုပြင်နိုင်ရန် အားထုတ်ခဲ့ပါလေသည်။
ထို့ကြောင့်လည်းသူ ပြန်ရောက်လာသောအခါ အိမ်ထဲသို့ ခါတိုင်းလို မဟုတ်ပဲ လှပသော မြင်းကလေးကို စီးဝင်လာသော သူ့ရုပ်သွင်သည် ရိုင်းရိုင်းစိုင်းစိုင်း ပုံစံမျိုးဖြင့် ခုန်လားပေါက်လား ရောက်လာခြင်းမျိုး မဟုတ်ပဲ အထူးကျက်သရေ ရှိပါတော့သည်။ ဂါဝန်ရှည်ကို ဝတ်လျက် ငှက်မွေးဦးထုပ်ကို ဆောင်းထားသော သူ့ဝတ်စားဆင်ယင်မှုနှင့် ဦးထုပ်အောက်မှ ဆံချေစကလေးများ ကျနေပုံမှာလည်း အထူး ပနံရလှပါသည်။ ဟင်ဒလီသည် ညီမဖြစ်သူကို မြင်းပေါ်မှ ပွေ့ချယင်း ‘ကေသီရယ်၊ မင်းကလေးဘာကြောင့်များ ဒီလောက် လှနေရတာလဲကွယ်၊ မင်း ဒီလောက် လှလိမ့်မယ်လို့ ကိုယ် မထင်ခဲ့ဘူး၊ ခုတော့လဲ တကယ့် မိန်းမပျိုတယောက်လို ဖြစ်လာတာပါကလား၊ ဖရန်ဆက်ရေ ကိုယ့်ညီမက အစ္စဗယ်လာ လင်တန်နဲ့ မယှဉ်သာအောင်တောင် လှနေပါကလားကွဲ့” ဟု သူ့ဇနီးဘက်သို့ လှည့်ပြီးလည်း လှမ်းပြောလိုက်ပါသည်။
သခင်မကလည်း..
“အစ္စဗယ်လာက ပင်ကိုအလှမှ မရှိပဲကလား၊ ကဲပါ ကေသီ ဝတ်စားလာတာတွေ ကူရှင်းပေးပါဦး၊ နေ...နေ၊ သူ့ဆံပင်ကလေးတွေ ဖရိုဖရဲဖြစ်နေတာ ကြည့်ကောင်းသားပဲ၊ ဦးထုပ်ကို မမ ချွတ်ပေးပါ့မယ်ကွယ် ́ဟု ပြောလိုက်ပါသည်။
အိမ်ထဲရှိ ခွေးတွေ ထွက်လာပြီး သူ့ကို ဝိုင်းကြိုကြသောအခါ ကေသီ၏ မျက်လုံးများမှာ ဝမ်းသာအားရဖြင့် ရွှန်းလက်တောက်ပလာ ပါတော့သည်။ သို့သော် သူ့ဝတ်စုံ လှလှကလေး ညစ်ပေကုန်မည် စိုးသဖြင့် ခွေးတွေနှင့် အရောမဝင်ရဲပါ။ ကေသီသည် ကျွန်မကို အညင်အသာနမ်း၍ နှုတ်ဆက်လိုက်ပါသည်။ ကျွန်မမှာ ခရစ်စမတ်ပွဲ အတွက် ကိတ်မုန့်ဖုတ်ရန် လုပ်နေဆဲ ဖြစ်သဖြင့် သူ့ကို ပြန်ဖက်ပြီး နှုတ်မဆက်လိုက်ရပါ။
သူသည် ပတ်ပတ်လည်ကို ကြည့်လိုက်ပါသည်။ ဟိကလစ်ကို ရှာဖွေခြင်း ဖြစ်ပါသည်။ သခင်နှင့် သခင်မတို့ကမူ သူတို့ နှစ်ယောက်တွေ့ကြမည်ကို စိုးရိမ်တကြီး စောင့်ကြည့်နေကြပါသည်။ ထိုနှစ်ယောက်ခွဲနေရန် အမိန့်ပေးထားပြီးဖြစ်၍လည်း မတွေ့တန်ရာဟု အောက်မေ့နေကြပါသည်။
ဟိကလစ်ကို တွေ့ဖို့ကလည်း မလွယ်။ ဟိကလစ်ကလည်း ကက်သရင်းမရှိသည့် ကာလအတွင်း ကက်သရင်းရှိစဉ်ကထက်ပင် ပို၍ အရေးစိုက်မခံရသဖြင့် သူကလည်း ဘာမျှ အမှုအထားပဲ နေခဲ့လေသည်။ ကျွန်မကသာ ကရုဏာဒေါသောဖြင့် ကောင်ညစ်ပတ်ကလေးဟု ခေါ်ကာ တပတ်တခါ ရေချိုးဖို့ ပြောခဲ့မိပါသည်။ တကယ်ဆိုလျှင် သူ့လို အရွယ်မျိုး ကလေးတွေသည် ရေထဲမှာ ဆပ်ပြာနှင့် နေရသည်ကို ပျော်တတ်မြဲ ဖြစ်၏။ ဟိကလစ်ကား ရေချိုးရန်ကိုပင် မနည်း သတိပေးနေရလေသည်။ အဝတ်တွေကလည်း ညစ်ပတ်၊ ဆံပင်လည်း မဖြီး၊ မျက်နှာတွေ လက်တွေ အပေပေအရေရေနှင့် မျက်နှာသွင်ပြင်ကလည်း အုံ့ဆိုင်းနေသည့် မိုးကောင်းကင်လို ညိုမှိုင်းနေမြဲ ဖြစ်လေသည်။ ယခုလည်း သူသည် ဝတ်ကောင်းစားလှနှင့် သိမ်သိမ်မွေ့မွေ့ဝင်လာသော မိန်းကလေးကို နှုတ်ဆက်ရမည့်အစား ထောင့်ထဲမှာသာ မိမိကိုယ်ကို ဝှက်လေပါလေတော့သည်။
ကေသီသည် သူ့လက်အိတ်ကို ချွတ်ရင်း . . .
'ဟိကလစ် မရှိဘူးလား' ဟုမေးလိုက်ပါသည်။
ထိုအခါ မစ္စတာဟင်ဒလီသည် သူ့ အမိန့်အတိုင်း ဟိကလစ်သည် ကက်သရင်းကို မတွေ့ပဲနေခြင်းဖြစ်သည်ဟု သဘောရကာ အကျေနပ်ကြီး ကျေနပ်သွားပြီး . . .
'ဟိကလစ်၊ မင်းလဲ လာခဲ့ဦးကွယ်၊ မစ္စကက်သရင်းကို တခြားအစေခံတွေက ခရီးဦးကြိုပြုသလို မင်းကလဲ ခရီးဦးကြို နှုတ်ဆက်ဦးမှပေါ့ဟု' ပြောလိုက်ပါသည်။
ကေသီလည်း သူ့သူငယ်ချင်း ချောင်ခိုပုန်းနေသည်ကို တချက်မြင်လိုက်သည်နှင့် ဟိကလစ်ဆီ အပြေးသွားပြီး ဖက်လိုက်ပါသည်။ တစက္ကန့်အတွင်းမှာပင် ကေသီသည် ဟိကလစ်ကို ခုနစ်ကြိမ် ရှစ်ကြိမ်လောက် နမ်းလိုက်ပြီး သူ့ကို ဆွဲထုတ်လာရင်း အားရပါးရ ရယ်မောလျက် . . .
'ဟယ်၊ မင်းကလဲ ဖြစ်နေလိုက်တာ၊ ညစ်ပတ်ပေရေပြီး အကြည့်ရဆိုးလိုက်တာ၊ မျက်နှာကလဲ မှုန်တေတေနဲ့ ရယ်စရာလိုလို စိတ်ပျက်စရာလိုလိုကြီး၊ ဘာလဲ၊ ကိုယ်အက်ဂါတို့ အစ္စဗယ်လာတို့ဆီ ရောက်နေလို့လား၊ ကိုယ့်ကို မေ့လိုက်ပြီလား ဟိကလစ်ရယ်' ဟု ပြောလိုက်ပါသည်။
သူ့မှာ မေးစရာတွေ ရှိပါဦးမည်။ သို့သော် အရှက်နှင့် မာနတို့က သူ့မျက်နှာထားကို ခပ်တင်းတင်း ဖြစ်သွားစေပါသည်။ ထို့ကြောင့် ဘာမျှ ဆက်မပြောပဲ နေလိုက်ပါသည်။
'ကဲ . . . လက်ဆွဲနှုတ်ဆက်လိုက်လေ ဟိကလစ်' မစ္စတာ အန်းရှောက အပေါ်စီနှင့် ပြောလိုက်ပါသည်။
'ကျွန်တော့်ကို ဒီလိုလှောင်တဲ့အတွက် ကျွန်တော် နှုတ်မဆက်နိုင်ဘူး၊ ဒီလို လှောင်တာမျိုးကိုလဲ ကျွန်တော် မခံနိုင်ဘူး' ဟိကလစ်သည် ပြောပြောဆိုဆို ထိုနေရာမှ ထွက်သွားရန် ပြင်လိုက်ပါသည်။ ကေသီက သူ့ကို လက်ဆွဲထားလိုက်ပြန်ကာ . . .
'ကိုယ် မင်းကို လှောင်တာ မဟုတ်ဘူးကွယ်၊ ကဲပါ လက်ဆွဲ နှုတ်ဆက်ပါ ဟိကလစ်ရယ်၊ မင်းက ဘာဖြစ်လို့ မှုန်တေတေကြီး ဖြစ်နေရတာလဲ၊ ဒီနေရာမှာ မင်တစ်ယောက်ပဲ ကြည့်ရတာ ခွကျနေတာ၊ မင်း မျက်နှာသစ်ပြီး ခေါင်းဖြီးလိုက်ရင် ဟုတ်သွားမှာပါ၊ ခုတော့လဲ မင်းက သိပ်ညစ်ပတ်နေတာကိုး'
ကေသီသည် သူ ဆုပ်ကိုင်ထားသော ညစ်ပတ်နေသည့် လက်နှင့် သူ ဝတ်ထားသော အဝတ်လှလှများကို စိုက်ကြည့်ရင်း မစပ်ဟပ်သောအဖြစ်ကို သတိပြုမိသည်။
ဟိကလစ်သည်လည်း ကေသီမျက်လုံး စူးစိုက်ရာကို သတိပြုမိသည်နှင့် သူ့လက်ကို ဖြတ်ခနဲ ရုတ်လိုက်ပြီး . . .
'မင်း ကိုယ့်ကို ထိစရာ မလိုဘူး၊ ကိုယ် ညစ်ပတ်ချင်သလောက် ညစ်ပတ်မယ်၊ ကိုယ်ညစ်ပတ်တာကို ကြိုက်တယ်၊ ညစ်ညစ်ပတ်ပတ်ပဲ နေမယ်' ဟု ပြောချလိုက်ပါလေတော့သည်။ ထို့နောက် သခင်နှင့်သခင်မတို့မှာ ကက်သရင်း ပြန်ရောက်လာသဖြင့် ပျော်ရွှင်နေသည့်ကြားမှပင် သူသည် အခန်းထဲမှ ရုတ်ကနဲ ထွက်သွားပါလေတော့သည်။ ကသရင်းကား စိတ်ထိခိုက်လျက် ကျန်ခဲ့လေ၏။
နောက်တစ်နေ့တွင် ကျွန်မ၏ ခရစ်စမတ်ကိတ်မုန့်ကို မီးဖိုမှာ တင်လိုက်ပါသည်။ ခရစ်စမတ်အကြို အခမ်းအနားနှင့်လိုက်ဖက်ညီစွာ တအိမ်လုံးနှင့် မီးဖိုတစ်ခုလုံး မီးများ ထွန်းညှိလိုက်သည်။ ကျွန်မသည် တစ်ယောက်တည်း ထိုင်ပြီး ခရစ်စမတ်သီချင်းများကို ဆိုနေလိုက်ပါသည်။ ဂျိုးဆက်သည် အခန်းထဲမှာ ဘုရားဝတ်ပြုနေ၏။ သခင်နှင့် သခင်မတို့မှာ လင်တန်မောင်နှမအား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ကေသီက ပေးရန် လက်ဆောင်ပစ္စည်းများ ထုတ်ပိုးနေသည်ကို စောင့်ကြည့်နေကြပါသည်။ လင်တန်မောင်နှမအား မနက်ဖြန်တွင် ဤအိမ်ကြီးသို့ လာပါရန် ဖိတ်ခေါ်ထားပြီး ဖြစ်သည်။ မစ္စတာလင်တန်ကမူ သူ့ကလေးတွေကို ကောင်ပေ ကောင်တေကလေးနှင့် တွေ့မပေးရန် တောင်းပန်ချက်ဖြင့် သူ့ကလေးတွေကို လွှတ်ပေရန် သဘောတူထားပြီး ဖြစ်လေသည်။
ကျွန်မသည် တစ်ယောက်တည်း ထိုင်နေပါသည်။ မီးဖိုထဲမှ အမွှေးအကြိုင်အနံ့တို့သည် သင်းပျံ့နေသည်။ မီးဖိုသုံး ပစ္စည်းတွေ အားလုံးမှာလည်း အရောင်တဖိတ်ဖိတ် လက်နေသည်။ စားပွဲပေါ်၌လည်း ညစာပွဲကို အသင့်ပြင်ထားပါသည်။ အခန်းကြမ်းပြင်ကိုလည်း ကျွန်မ အထူးဂရုတစိုက် ရှင်းသန့်ထားပြီး ဖြစ်ပါသည်။
ကျွန်မသည် ယခုအခါ ဟိကလစ် အခြေအနေကို စဉ်းစားရင်း သီချင်းဆိုနေရာမှ ငိုချစ်စိတ် ပေါက်လာပါတော့သည်။ ချက်ချင်းလိုပင် မျက်ရည်ကျလာပါလေသည်။ ကျွန်မလည်း ထိုင်ရာမှ ထပြီး သူ့ကိုရှာရန် ဝင်းထဲသို့ ထွက်လာခဲ့ပါသည်။ သူ့ကို မြင်းဇောင်းထဲမှာ သူလုပ်နေကျအတိုင်း မြင်းများအား အစာကျွေးနေသည်ကို တွေ့ရပါလေ၏။
'မြန်မြန်လုပ် ဟိကလစ်ရေ၊ မီးဖိုချောင်းကလည်း အကျအနပဲကွဲ့၊ ဂျိုးဆက်လည်း အပေါ်ထက်မှာ၊ ဒီတော့ မြန်မြန်လုပ်၊ မစ္စကေသီ ထွက်မလာခင် မင်းကို အကျအန အဝတ်လဲပေးမယ်၊ ဒါမှ မင်း သူတို့နဲ့အတူထိုင်ပြီး အိပ်ရာဝင်တဲ့အထိ စားပြောရမှာကွဲ့'
သူကား ကျွန်မဘက်ကိုမျှ မလှည့်ပဲ အလုပ်ကိုသာ ဆက်လုပ်နေပါသည်။
'လာလေဟဲ့၊ မလာသေးဘူးလား၊ မင်းတို့ဖို့ မုန့်တွေလဲ ထည့်ထားတယ်၊ ဝတ်ဦး စားဦးမှာ လာ၊ နာရီဝက် ကြာဦးမယ်'
ကျွန်မ သူ့ဆီက အဖြေကို စောင့်ကြည့်နေပါသေးသည်။ သူ စကားပြန်မပေးပါ။ ကက်သရင်းကား သူ့အကို ၊ သူ့ယောက်မတို့နှင့်အတူ ညစာ စားနေလေပြီ။ ကျွန်မနှင့် ဂျိုးဆက်တို့လည်း ရင်းရင်းနှီးနှီး မရှိလှသော ထမင်းဝိုင်းတွင် ဝင်ထိုင်လိုက်ကြပါသည်။ ဟိကလစ်၏ မုန့်ပန်ကန်မှ ဒီအတိုင်း ကျန်နေပါလေ၏။ သူသည် ကိုးနာရီလောက်အထိ အလုပ်လုပ်ပြီးမှ သုန်သုန်မှုန်မှုန် မျက်နှာထားဖြင့် ဘယ်သူ့မျှ စကားမပြောပဲ သူ့အခန်းထဲသူ ဝင်သွားပါတော့သည်။ ကေသီသည် စားပွဲတွင် နောက်ကျထိုင်နေပြီးမှ ထလာကာ ဟိကလစ်အား စကားပြောရန် မီးဖိုထဲ ဝင်လာပါ၏။ ထိုအချိန်၌ ဟိကလစ် မရှိတော့ပါ။ ကေသီသည် ဟိကလစ် ဘာဖြစ်နေသနည်း မေးမည် လုပ်ပြီးမှ အခန်းထဲမှ ပြန်ထွက်သွားပါလေတော့သည်။
နောက်တနေ့မနက်တွင် ဟိကလစ်သည် အိပ်ရာမှ စောစော ထပါသည်။ ထိုနေ့မှာ အလုပ်နားရက် ဖြစ်ပါသည်။ ဟိကလစ်သည် ကွင်းပြင်ထဲသို့ စိတ်ဆိုးဆိုးဖြင့် ထွက်သွားခဲ့ပါသည်။ ထို့နောက် အိမ်က လူတွေ ဘုရားရှိခိုးကျောင်း ထွက်သွားသည်အထိ ကွင်းထဲမှာ နေပစ်လိုက်သည်။ သူ့မှာ စိတ်ကောင်း ပြန်ဝင်လာပုံရပါသည်။ သူ ကွင်းပြင်ထဲမှ ပြန်လာပြီး ကျွန်မနား ရစ်သီရစ်သီ လုပ်ရင်း သူ့စိတ်ကို သူတင်း၍ . . .
'နယ်လီ၊ ကျွန်တော့်ကိုလည်း ဟန်ကျပန်ကျဖြစ်အောင် ဆင်ပြင်ပေးစမ်းဗျာ၊ ကျွန်တော်လဲ လူကောင်းတစ်ယောက် ဖြစ်ချင်တယ်ဗျ' ဟု ခပ်ပြတ်ပြတ် ပြောလိုက်ပါသည်။
'အတော်ပဲဟေ့၊ မင်းကလည်း ကက်သရင်းစိတ်ညစ်အောင် လုပ်တာပဲကိုး၊ ငါ ပြောရဲပါတယ်၊ သူ့ခမျာ အိမ်ကို ပြန်ရောက်ကတည်းက စိတ်မကောင်းဖြစ်ရတာ၊ သူက မင်း သူ့အပေါ် မလိုမုန်းထားစိတ်ထားနေတယ်လို့ ထင်နေပုံ ရတယ်ကွ'
ဟိကလစ်သည် ကက်သရင်းအပေါ် မလိုမုန်းထားစိတ်ပွားသည်ဟူသော စကားအဓိပ္ပာယ်ကိုကား နားလည်လိုက်သဖြင့် . . .
'သူက စိတ်ညစ်တယ်လို့ ပြောသလား' ဟု အလေးအနက် မေးလာပါသည်။
'ဒီမနက် မင်း ထွက်သွားပြန်ပြီ ပြောတော့ သူ ငိုတာပေါ့ဟဲ့'
'ဩ၊ ဒီလိုလား၊ ကျွန်တော်လဲ ညက ငိုရတာပါပဲဗျာ၊ ငိုစရာရှိတဲ့ ကျွန်တော့်က ပိုငိုရမှာပါ'
'အေးလေ၊ မင်းကတော့ မာနကြီးတခွဲသားနဲ့ အငတ်ခံပြီး အိပ်တာ အကြောင်းရှိပေမပေါ့၊ မာနကြီးတဲ့လူတွေဟာ စိတ်မချမ်းသာစရာကို သူတို့ဘာသာ မွေးကြတာပဲဟဲ့၊ ဘာပဲဖြစ်ဖြစ် မင်း စိတ်တိုလွယ်တာကို ရှက်တတ်ရင် သူဝင်လာတဲ့အချိန်မှာ တောင်းပန်ဖို့ ကောင်းတာပေါ့။ မင်း သူ့ကို သွားပြီး နမ်းဖို့ ကောင်းတယ်၊ ပြီးတော့ မင်း ဘယ်လို စကားကောင်းပြောရမယ်ဆိုတာ မင်း သိသားပဲ၊ သူ့အဝတ်အစားကြောင့် ဟန်လုပ်တာမျိုး မဟုတ်ပဲ စိတ်ပါလက်ပါ ပြောဖို့ ကောင်းတယ်ကွယ်၊ ကဲ၊ ခု ငါ ထမင်းစားပွဲပြင်ပြီးပြီ၊ ငါ မင်းကို ဝတ်စားပြင်ဆင်ပေးမယ်၊ အက်ဂါလင်တန်ဟာ မင်းကို မြင်ရရင် အံ့အားသင့်သွားစေရမယ်။ တကယ်တော့ မင်းက သူ့ထက် ငယ်ပေမယ့် အရပ်ပိုမြင့်တယ်၊ ရင်အုပ်လည်း ပိုကျယ်တာပဲ၊ မင်း သူ့ကို တချက်တည်း အလဲထိုးနိုင်တာပဲဟာ၊ မင်းကကော အဲဒီလို မထင်ဘူးလား'
ကျွန်မစကားကို ကြားရသောအခါ ဟိကလစ် မျက်နှာသည် ဝင်းလက်သွားပါ၏၊ ပြီးတော့ သက်ပြင်းတချက် ချလိုက်ပြီး . . .
'ဒါပေမဲ့ နယ်လီရယ်၊ ကျွန်တော် သူ့ကို အကြိမ်နှစ်ဆယ် ထိုးနိုင်ဦးတော့ သူ့အလှက လျော့သွားမှာ မဟုတ်သလို ကျွန်တော်လဲ ပိုလှလာမှာ မဟုတ်ပါဘူးဗျာ၊ ကျွန်တော်က အသားလတ်လတ်၊ ဆံပင်ကလေးနုနုနဲ့ သူတို့လို လူချမ်းသာမျိုး မဖြစ်နဲ့ဦး၊ ကောင်းကောင်းဝတ် ကောင်းကောင်းနေချင်တာပါ' ဟု ပြောလိုက်ပါသည်။
'အို ဟိကလစ်ရယ်၊ မင်းက မင်းကိုယ်မင်း အားငယ်နေတာပါ၊ လာစမ်းပါ၊ မင်းရုပ်ကို မင်းမှန်ထဲ ကြည့်စမ်း၊ မင်းရုပ်ရည်သွင်ပြင်ဟာ ဘာပြောစရာလိုသလဲ၊ မင်း ဖြစ်စေချင်တဲ့ အတိုင်းပဲ၊ ဆက်ဆံတဲ့နေရာမှာ ဘယ်သူ့ကိုဖြစ်ဖြစ် ရန်သူလို သဘောမထားပဲ မိတ်ဆွေလို ဆက်ဆံနိုင်အောင်သာ ကြိုးစားပါ'
'နောက်တနည်းပြောရရင် ကျွန်တော်က အက်ဂါလို မျက်လုံးပြူးကလေးနဲ့ဖြစ်ချင်တာဗျ၊ ဒါကျတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး'
'ရုပ်ရည်သွင်ပြင်ထက် စိတ်ကောင်း နှလုံးကောင်း ရှိဖို့ အရေးကြီးတာပါ ဟိကလစ်ရဲ့၊ ရုပ်ကလေးလှပြီး အကျင့်ယုတ်နေတော့ကော ဘာအသုံးကျမှာလဲ၊ ကဲ လာ၊ ခုလို ရေချိုးလိုက်၊ ခေါင်းဖြီးလိုက်တော့ မင်းဟာ ပိုချောမလာဘူးလား၊ မင်းဟာ မင်းသားကလေးတစ်ယောက် ရုပ်ဖျက်လာတာမျိုး ဖြစ်မသွားပေဘူးလား၊ မင်းအဖေက ဧကရာဇ်ဘုရင်မင်းမြတ်၊ မင်းအမေက ဘုရင်မကြီးဖြစ်ပြီး နှစ်ဦးစလုံးက တပတ်အတွင်း ဝင်ငွေနဲ့ ဟောဒီ လေထန်ကုန်းအိမ်ကြီးရော၊ ဟိုဘက်က သရတ်ကရော့ အိမ်ကြီးကိုရော ဝယ်နိုင်တဲ့လူတွေ မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ၊ စိတ်ထားယုတ်တဲ့ သင်္ဘောသားတစ်ယောက်ယောက်က မင်းကို ခိုးပြီး အင်္ဂလန်ကို ယူလာတာကော မဖြစ်နိုင်ဘူးလား၊ ငါသာ မင်းနေရာမှာဆိုရင် ကိုယ့်ဘာသာ အားတင်းပြီး အဖိအနှိပ်ခံနေရသမျှကို ကိုယ့်ဂုဏ်သိက္ခာနဲ့ ကြိတ်မှိတ်ခံနေလိုက်မှာပဲ'
ကျွန်မက ဆက်ပြောနေပါသည်။ သူ့မျက်နှာကလေးမှာ တဖြည်းဖြည်း ကြညင်လင် ဝင်းပလာပါသည်။
ကျွန်မတို့ စကားပြောနေစဉ်မှာပင် မြင်းလှည်းတစီး ဝင်းထဲသို့ ဝင်လာသံကို ကြားရသဖြင့် ကျွန်မတို့လည်း စကားဆက် ပြတ်သွားပါသည်။ ဟိကလစ်က ပြတင်းပေါက်သို့ ပြေးသွားသော အချိန်တွင် ကျွန်မလည်း တံခါးမကြီးဆီသို့ လာခဲ့ပါသည်။ လင်တန်မောင်နှမတို့ ရောက်လာခြင်း ဖြစ်ပါသည်။ သူတို့သည် သားမွေးဝတ်ရုံကြီးများကို ခြုံထားပါသည်။ အန်းရှောမိသားစုက သူတို့ကို မြင်းလှည်းပေါ်မှ အဆင်းတွင် လက်ကမ်းကူညီကြပါသည်။ သူတို့သည် ဘုရားရှိခိုးကျောင်းမှ ပြန်လာကြပုံရပါသည်။ ကက်သရင်းသည် မောင်နှမနှစ်ယောက်ကို လက်တဘက်ဆွဲလျက် အိမ်ထဲသို့ ဝင်လာပြီး မီးဖိုဘေးမှာ နေရာချထားပေးလိုက်ပါသည်။
ကျွန်မက ဟိကလစ်အား ပြင်ပြင်ဆင်ဆင် ဝတ်စားဆင်ယင်ထားသော သူ့ရုပ်သွင်ကို ပြရန် သူတို့ဆီသို့ သွားဖို့ တိုက်တွန်းလိုက်ပါသည်။ ဟိကလစ်လည်း မီးဖိုတံခါးမှ အထွက်တွင် တဘက်မှ ဟင်ဒလီ တံခါးအဖွင့်နှင့် ပက်ပင်း ကြုံပါလေတော့သည်။ နှစ်ယောက်သား မျက်နှာချင်းဆိုင်ဆုံသည်နှင့် သခင်သည် ဟိကလစ် သန့်သန့်ပြန့်ပြန့်လှလှပပ ဝတ်စားဆင်ယင်ထားသည်ကို မြင်လိုက်ရသဖြင့် အမြင်ကပ်သွားလေသလား၊ လင်တန်၏ မေတ္တာရပ်ခံချက်အရ လင်တန်မောင်နှမကို ဟိကလစ်နှင့် တွေ့မပေးလို၍လား မဆိုနိုင်ပါ၊ ရုတ်ခြည်းပင် ဟိကလစ်ကို နောက်ဘက်သို့ တွန်းလိုက်ပြီး ဒေါသတကြီးဖြင့် ဂျိုးဆက်ကို လှမ်းခေါ်၍ . . .
'ဒီကောင်ကို အခန်းထဲက မောင်းထုတ်စမ်းဟေ့၊ ညစာစားပွဲပြီးတဲ့အထိ အပေါ်ထပ်က အခန်းထဲ ထည့်ထားလိုက်စမ်း' ဟု အမိန့်ပေးလိုက်ပါသည်။
ကျွန်မလည်း မနေသာတော့ပါ။
'နေပါစေ သခင်ရယ်၊ သူလဲ ကျွန်မတို့နဲ့ အတူ စားသောက်သင့်တာပဲ' ဟု ဝင်ပြောလိုက်မိပါသည်။
'သင်းကို အောက်ထပ်မှာ တွေ့ရရင် ငါ့လက်သီးစာကိုပဲ ဝေစုအဖြစ်ရမယ်၊ ကဲ သွားစမ်း၊ ကြမ်းပိုးကလေး၊ ဩ . . . မင်းက ဆံပင်တွေ အကျအနဖြီးလို့ပါလား၊ အဲဒီလို ဖြီးလိုက်တော့ ပိုရှည်လာမယ် ထင်သလား၊ မင်းဆံပင်တွေ ရှည်ထွက်လာအောင် ငါ ဆွဲလိုက်ရမလား' ဟင်ဒလီက ဒေါသတကြီး အော်ပြန်ပါသည်။
ထိုအခါ ဟိကလစ်လည်း အစော်ကားခံရသည်ဟု ထင်သွားပုံရပါသည်။ ပြီး ဟိကလစ်သည် နဂိုကတည်းကပင် အက်ဂါလင်တန်ကို သူ့ပြိုင်ဘက်အဖြစ် မျက်မုန်းကျိုးနေသူဖြစ်သည့်အလျောက် လက်တကမ်းတွင်ရှိသော ပန်းသီးချဉ်ရည် ပူပူဖြင့် အက်ဂါလင်တန်၏ မျက်နှာကို လှမ်းပက်လိုက်ပါလေတော့သည်။ ထိုခဏမှာပင် ကက်သရင်းနှင့် အစ္စဗယ်လာတို့သည်လည်း အခင်းဖြစ်ပွားရာ နေရာသို့ အပြေးရောက်လာကြပါသည်။ သခင်အန်းရှောလည်း ဟိကလစ်ကို ဆွဲခေါ်လျက် အခန်းတခုထဲသို့ သွင်းလိုက်ပါသည်။ ဟိကလစ် အဆော်ခံရမည်ကား သေချာလှပါသည်။ ကျွန်မသည် အက်ဂါ၏ မျက်နှာနှင့် လည်ပင်းပေါ်မူ အပေအကျံများကို သုတ်ပေးလိုက်ပါသည်။ သူ့ညီမ အစ္စဗယ်လာကမူ အိမ်ပြန်မည်ဟုဆိုကာ ငိုနေပါတော့သည်။ ကေသီကား အားလုံးအတွက် ရှက်လည်းရှက်၊ စ်တ်လည်း ရှုပ်ထွေးနေသည့်ဟန်ဖြင့် အကြောင်သာ ရပ်နေ၏။ ထို့နောက် ကေသီကပင် အက်ဂါဘက် လှည့်၍ . . .
'မင်းကတော့ သူ့ကို ဘာလို့ စကားသွားပြောရတာလဲ၊ သူ စိတ်ဆိုးသွားတော့ မင်းတို့ လာလည်ရတာလဲ အလကား ဖြစ်သွားတာပေါ့၊ သူလဲ အရိုက်ခံရတော့မယ်၊ သူ အရိုက်ခံရရင် ငါ သိပ်စိတ်ညစ်တာပဲ၊ ငါ ညစာတောင် စားနိုင်တော့မှာ မဟုတ်ဘူး။ ဘာလို့ သူ့ကို စကားသွားပြောရတာလဲ အက်ဂါ' ဟု ပြစ်တင် ပြောဆိုလိုက်ပါသည်။
ထိုအခါ အက်ဂါသည် ကျွန်မလက်မှ ရုန်းထွက်ပြီး သူ့မျက်နှာပေါ်မှ ကြွင်းကျန်နေသော အပေအကျံများကို သူ့လက်ကိုင်ပဝါဖြင့် သုတ်လျက် ငိုရှိုက်ရင်း . . .
'ငါ မပြောဘူး ၊ မေမေကလည်း ငါ သူ့ကို စကားတခွန်းမှ မပြောဖို့ မှာလိုက်တာပဲ' ဟု ပြောလေ၏။
'ကဲ ဒါဖြင့်လည်း ငိုမနေပါနဲ့၊ မင်း အသတ်ခံရသေးတာမှ မဟုတ်ပဲ၊ အပိုတွေလုပ်မနေနဲ့၊ အစ်ကို လာနေပြီ၊ အစ္စဗယ်လာကလဲ တိတ်တော့၊ ဘယ်သူမှ အနာတရမဖြစ်တာပဲဟာ' ဟု ကက်သရင်းက ရှုတ်ချသော လေသံနှင့် ပြောလိုက်ပါသည်။
ဟင်ဒလီသည် ရုတ်တရက်ဝင်လာပြီး 'ကဲ၊ ကဲ ကလေးတွေ ကိုယ့်နေရာကိုယ်ထိုင်ကြ၊ ကောင်စုတ်ကလေးကို လှလှပပကြီး ဆုံးမပြီးပါပြီ အက်ဂါရ၊ နောက်တကြိမ်ဆိုရင် မင်း လက်သီးကို မင်း အသုံးပြုရလိမ့်မယ်ကွ၊ ဒါမှလဲ စားကောင်းသောက်ကောင်း ဖြစ်မှာပေါ့' ဟု ပြောလိုက်ပြန်ပါသည်။
ထို့နောက်ပိုင်းတွင်ကား ညစာစားပွဲသည် အေးအေးချမ်းချမ်း ဖြစ်သွားလေသည်။ ကလေးတွေမှာလည်း ဆာဆာနှင့် မြိန်မြိန် ယှက်ယှက်စားကြကုန်၏။ အန်းရှောဇနီးမောင်နှံကလည်း လင်တန်မောင်နှမစိတ်ပျော်စေရန် စကားများကို ပြောကြလေသည်။ ကက်သရင်းမှာမူ ဟိကလစ်နှင့်ပတ်သတ်၍ စိတ်မကောင်းဖြစ်နေပုံရသည်။ မျက်နှာပေါ်တွင် ရှက်သွေးဖြာလျက် မျက်လုံးအစုံ၌လည်း မျက်ရည်စများဖြင့် ရီဝေနေ၏။ လက်ထဲက ခက်ရင်းပင် လွတ်ကျလိုက်သေးသည်။ ဟိကလစ်အတွက် ခံစားနေရပုံ ရလေသည်။
ညပိုင်းတွင် ကပွဲကလေး ကျင်းပပါသည်။ ထိုအခါ ကပွဲတွင် အစ္စဗယ်လာက လင်တန်အတွက် 'က'ဘက်ရရန် ဟိကလစ်ကို လွှတ်ပေးဖို့ ကေသီက တောင်းပန်သေးသည်။ သို့သော် ကေသီတောင်းပန်မှုသည် အရာမရောက်။ ခဏအကြာတွင် အနီးအနားရှိ ဂျင်မာတန်မှ ဘင်တီးဝိုင်းအဖွဲ့ရောက်လာပါလေသည်။ ထိုအဖွဲ့မှာ တူရိယာပစ္စည်း အတော်စုံစုံ ပါလာသည်။ သူတို့သည် ခရစ်စမတ်ပွဲတော်အခါ၌ အိမ်ကြီးအိမ်ကောင်းများသို့ လှည့်လည်၍ သီဆိုတီးမှုတ် ဖျော်ဖြေမြဲ ဖြစ်ပါသည်။ အိမ်များကလည်း ထိုအဖွဲ့ကို အလှူငွေများ ချီးမြှင့်မြဲ ဖြစ်၏။ ကျွန်မတို့သည် ထိုတီးဝိုင်းကို ပထမတန်းစား တီးဝိုင်းအဖြစ် သဘောထားကာ နားထောင်မြဲဖြစ်လေသည်။
မစ္စက်အန်းရှောသည် ဂီတကို မြတ်နိုးသည့်အလျောက် တီးဝိုင်းကလည်း တေးသီချင်းများကို သီဆို တီးမှုတ်ပါသည်။ ကက်သရင်းသည်လည်း တီးဝိုင်းအဖွဲ့၏ ဖျော်ဖြေမှုကို သဘောကျပါသည်။ သို့သော် သူကြာရှည်နားမထောင်ပါ။ ခန်းမထဲမှထွက်ပြီး အပေါ်ထပ်သို့ အမှောင်ထဲမှာပင် တက်သွားပါလေတော့သည်။ ထိုအခါ ကျွန်မသည် သူ့နောက်က လိုက်သွားပါသည်။ အောက်ထပ်အခန်းထဲမှာ တီးဝိုင်းအဖွဲ့သားများနှင့် ပြည့်နေ၍ ကျွန်မတို့ ထွက်သွားသည်ကို မည်သူမျှ သတိထားမိကြမည် မဟုတ်ပါ။
ကက်သရင်းသည် ဟိကလစ်ကို လှောင်ထားသော အခန်းရှေ့သို့ ရောက်လာပြီး အခန်းထဲက ဟိကလစ်ကို လှမ်းခေါ်လိုက်ပါသည်။ ဟိကလစ်က ရုတ်တရက် အဖြေမပေးပါ။ အတော်ကြာမှပင် သူတို့သည့် ထရံခြားလျက်ကြားက စကားပြောကြပါလေတော့သည်။ ကျွန်မလည်း သူတို့နှစ်ယောက်ကို အနှောင့်အယှက်မပေးပဲ အောက်ထပ်သို့ ပြန်ဆင်းလာပြီး ခန်းမတွင်း အခြေအနေကိုသာ နားစွင့်ထားလိုက်ပါသည်။ ခဏအကြာတွင် တီးမှုတ်သီဆိုသံများ ရပ်သွားပါသည်။ တီးဝိုင်းအဖွဲ့သားများကို ဧည့်ခံကျွေးမွေးကြပါလေတော့သည်။ ကျွန်မလည်း ကက်သရင်းကို သတိပေးရန် အပေါ်ထပ်သို့ ပြန်တက်လာခဲ့ပါသည်။ ထိုအချိန်တွင် ကက်သရင်းသည် ထိုအခန်းထဲသို့ အခန်းအပေါ်ပိုင်းရှိ လေဝင်ပေါက်မှ ကျော်ဝင်သွားခဲ့ပုံ ရပါသည်။ ကျွန်မက အသံပေးလိုက်မှ ကက်သရင်းသည် ဟိကလစ်နှင့်အတူ အခန်းထဲမှ ထွက်လာပါသည်။ ထို့နောက် ကျွန်မအား ဟိကလစ်ကို မီးဖိုထဲခေါ်သွားပြီး စားစရာများ ကျွေးရန် ပြောပါ၏။
ကျွန်မသည် ဟိကလစ်ကို မီးဖိုထဲခေါ်လာပြီး မီးဖိုဘေး ခွေခြေခုံတလုံးပေါ်မှာ ထိုင်စေပါ၏။ ကျွန်မလည်း သူ့အတွက် စားသောက်ဖွယ်ရာများကို တည်ခင်းကျွေးမွေးပါ၏။ သို့သော် ဟိကလစ်မှာ အရိုက်ခံထားရသဖြင့် လူရောစိတ်ပါ နာနေသောကြောင့် များများ မစားနိုင်ပါ။ ဘာမျှ မပြောပဲ တစုံတခုကို စဉ်းစားနေပြီး အတန်ကြာမှပင် . . .
'ကျွန်တော် ဟင်ဒလီကိုတော့ လက်စားချေရလိမ့်မယ်၊ ဘယ်တော့မှ လက်စား ချေနိုင် ချေနိုင် ကျွန်တော် လက်စားချေဖြစ်အောင်တော့ ချေရလိမ့်မယ်၊ ကျွန်တော် လက်စားမချေနိုင်ခင် သူ သေမသွားဘူး ထင်ပါရဲ့လေ' ဟု ကြေကြေကွဲကွဲ ပြောပါလေတော့သည်။
'မဟုတ်တာပဲ ဟိကလစ်ရယ်၊ လူယုတ်မာကို အပြစ်ပေးတယ်ဆိုတာ ဘုရားသခင်ရဲ့ အလုပ်ပါကွယ်၊ တို့အနေနဲ့က ခွင့်လွှတ်တတ်အောင် ကြိုးစားရမယ်ကွဲ့'
'ဘုရားသခင်အပြစ်ပေးရုံနဲ့ မကျေနပ်နိုင်ဘူး၊ ကျွန်တော့်ကိစ္စ ကျွန်တော် လက်တုံ့ပြန်ရမှာပဲ၊ ကျွန်တော် စီစဉ်မယ်၊ ကျွန်တော် သူ့ကို လက်စားချေဖို့ တွေးနေရရင် ဝေဒနာ သက်သာတယ်ဗျ'
မစ္စက်ဒင်းသည် သူပြောနေသော ဇတ်လမ်း ဤနေရာ အရောက်တွင် ကျွန်ုပ်အား ကြားဖြတ်ပြီး . . .
'အဲဒါပါပဲ မစ္စတာ လော့ဝုရယ်၊ ဆန်ပြုတ်တွေလဲ အေးကုန်ပြီ၊ သခင်လဲ အိပ်ချင်လာနေပြီ၊ ဟိကလစ် အကြောင်းလည်း သခင်သိချင်သမျှ ပြောပြီးပြီ' ဟု ဆိုကာ သူ့ဇတ်လမ်းကို နိဂုံးချုပ်ပါလေတော့သည်။ နေရာမှ ထရန်လည်း ပြင်ပါသည်။
သို့သော် ကျွန်ုပ် မအိပ်ချင်သေးပါ။ မီးဖိုနားမှလည်း မထချင်သေးပါ။ ထို့ကြောင့် 'ထိုင်စမ်းပါဦး မစ္စဒက်ရယ်၊ နောက်ထပ် နာရီဝက်လောက် နေပါဦး၊ ခင်ဗျားပြောပြတာ နားထောင်လို့ ကောင်းပါတယ်၊ ဒီတော့ အဆုံးအထိ ပြောပါ၊ ဒီဇတ်လမ်းက ဇတ်ဆောင်တွေ ကျွန်တော် စိတ်ဝင်စားပါတယ်' ဟု ပြောလိုက်မိလေတော့သည်။
'ဆယ်နာရီ ထိုးပြီ သခင်'
'ကိစ္စမရှိပါဘူးဗျာ ၊ အိပ်ရာဝင် နောက်ကျလဲ နေမြင့်မှ ထတာပေါ့'
'နေမြင့်မှ ထလို့ ဘယ်ဖြစ်မလဲရှင့်'
'ကဲပါ ၊ ဘာပဲဖြစ်ဖြစ် ထိုင်စမ်းပါဦးလေ၊ ကျွန်တော် မအိပ်ချင်သေးပါဘူး၊ ခင်ဗျား ပြောတာ နားထောင်ရရင် ကျွန်တော် အအေးမိတာလဲ သက်သာသွားလိမ့်လို့ ကျွန်တော် ပြောရဲပါတယ်'
'ကျွန်မကတော့ မထင်လှပါဘူး၊ ထားပါတော့လေ၊ ဆက်ပြောစေချင်ရင်လည်း အဲဒီ အဖြစ်အပျက်တွေ နောက် သုံးနှစ်ကာလကို ကျော်ပစ်လိုက်မယ်လေ'
'မလုပ်ပါနဲ့လေ ၊ အပြည့်အစုံသာ ပြောပါဗျာ'
'ကဲ ဒါဖြင့်လည်း သုံးနှစ်ကာလာ မကျော်ရရင် အဲ့ဒီ အဖြစ်အပျက်တွေ နောက် နွေရာသီရောက်တဲ့ အပိုင်းကပဲ ဆက်ပြောပါမယ်၊ အဲဒီ နွေရာသီက ၁၇၇၈ ခုနှစ် နွေရာသီပေါ့၊ လွန်ခဲ့တဲ့ နှစ်ဆယ့်သုံးနှစ် ကာလကပေါ့'
.jpg)

Comments
Post a Comment