လေထန်ကုန်း_အခန်း (၁၄)_ကျော်လှိုင်ဦး

 

အခန်း [ ၁၄ ]

ကျွန်မလည်း အစ္စဗယ်လာထံမှ စာကို စေ့စေ့စပ်စပ် ဖတ်ပြီးသည်နှင့် သခင့်ထံသို့ သွား၍ အစ္စဗယ်လာသည် လေထန်ကုန်းအိမ်ကြီး၌ ရောက်နေကြောင်းနှင့် မစ္စက်လင်တန်၏ အကြောင်းကို ကြားစိတ်မကောင်းကြောင်း ဖော်ပြထားသည့် စာတစောင် ပို့လိုက်ကြောင်း ပြောပြလိုက်သည်။ ထို့ပြင် ကျွန်မ စကားကြောင့် မစ္စတာ လင်တန်သည် ညီမကို ခွင့်လွှတ်ပြီး ညီမ ဖြစ်သူနှင့် အမြန်ဆုံး အဆက်အဆံ လုပ်စေလိုသော ဆန္ဒဖြင့် ညီမ ဖြစ်သူမှာ အစ်ကို့ကို တွေ့လိုစိတ် ပြင်းပြနေကြောင်းလည်း ပြောပြလိုက်ပါ၏။

''ခွင့်လွတ်ရမယ် ဟုတ်လား၊ ကျွန်တော် သူ့ကိုခွင့်လွှတ်စရာ ဘာအကြောင်းမှ မရှိဘူး အယ်လင်၊ ခင်ဗျား သွားချင်ယင် ဒီညနေပဲ ခင်ဗျား လေထန်ကုန်းကို သွားချင်သွားနိုင်တယ်။ ပြီးတော့ ပြောလိုက်စမ်းပါဗျာ၊ ကျွန်တော် သူ့ကို စိတ်မဆိုးပါဘူး။ ဒါပေမယ့် သူ့ကို လက်လွှတ်ဆုံးရှုံးရတဲ့အတွက်တော့ ဝမ်းနည်းတယ်လို့၊ အထူးသဖြင့် သူ ဘယ်တော့မှ စိတ်ချမ်းသာရလိမ့်မယ် မထင်လို့ ကျွန်တော် စိတ်မကောင်းဘူးလို့လဲ ပြောပါ၊ ဒါပေမယ့် ကျွန်တော် သူ့ကို သွားစရာ အကြောင်းကတော့ မရှိဘူး၊ ကျွန်ဘော်တို့ မောင်နှမဟာ ထာဝစဉ် ကွဲကွာသွားကြရပြီလေ၊ အဲ၊ သူ ကျွန်တော့်ကို တကယ်တမ်း ထောက်ထားတယ်ဆိုယင်တော့ သူ လက်ထပ်ခဲ့တဲ့ လူဆိုးလုယုဘ်မာကို ဒီနေရာက ထွက်သွားအောင် သူ လုပ်စမ်းပါစေဗျာ” ဟု မစ္စတာလင်တန်က ပြောပါလေသည်။

“ဒါဖြင့် သခင် သူ့ဆီကို စာတိုကလေး တစောင်တောင်မှ မရေးတော့ဘူးလားရှင် ကျွန်မက တောင်းပန်စကား ပြောပါသေး၏။

“မရေးပါဘူး၊ ဒါဟာ လိုအပ်ဘာလဲ ဟုတ်မှ မဟုတ်ပဲ၊ ကျွန်တော်နဲ့ ဟိကလစ်ဟာ ဆက်ဆံစရာ မလိုသလို သူ့မိသားစုနဲ့ ကျွန်တော်လ ဆက်ဆံစရာ မလိုပါဘူး၊ ဒီအကြောင်းမျိုးလဲ မရှိပါဘူး”

မစ္စတာအက်ဂါလင်တန်၏ တင်းတင်းပြတ်ပြတ် စကားကြောင့် ကျွန်မ အားပျက်ရပါလေတော့သည်။ ထိုနေ့က ကျွန်မသည် ကျွန်မတို့ အိပ်ကြီးမှ လေထန်ကုန်းသို့ လာခဲ့သော လမ်းတလျှောက်တွင် သခင် လင်တန် ပြောခဲ့သော စကားတွေကို ဦးနှောက်တွင်းမှ နှလုံးသားသို့ မည်သို့ ပြောင်းရွှေ့ထားရအံ့နည်း စဉ်းစားမရလောက်အောင် ဖြစ်ခဲ့ရပါသည်။ သူ့စကားတွေကိုလည်း ကျွန်မ အကြိမ်ကြိမ် ရွတ်ဆိုမိပါ၏။ သူ၏ ငြင်းပယ်ချက်ကို အစ္စဗယ်လာအဖို့ နှစ်သိပ်မှု ဖြစ်စေရန်အတွက်လည်း ကျွန်မ စဉ်းစားရပါသည်။

ကျွန်မ ပြောခဲ့ပါသည်။ ထိုနေ့ မနက်ခင်းကတည်းက အစ္စဗယ်လာသည် ပြတင်း တရုတ်ကတ်ကြားမှ ကျွန်မ အလာကို မျှော်လင့်စောင့်စား နေရှာပါလိမ့်မည်။ ကျွန်မ လေထန်ကုန်းအိမ်ကြီး၏ ဥယျာဉ်တွင်း အဝင်လမ်းအတိုင်း လာခဲ့ရာ သူ့ကို တရုတ်ကတ်များအကြားမှ ကျွန်မအလာကို မျှော်လင့်နေသည်ကို တွေ့ရပါလေ၏။ ကျွန်မ သူ ့ကို ခေါင်းညိတ်ပြီး နှုတ်ဆက်လိုက်သည်နှင့် သူလည်း ကျွန်မအား စောင့်နေမိသည့်အတွက် အထိတ်တလန့် ဖြစ်သွားဟန်ဖြင့် နောက်ဘက်သို့ ဆုတ်သွားပလေတော့သည်။

ကျွန်မသည် အိမ်ထဲသို့ တံခါးကိုပင် မခေါက်တော့ပဲ တန်းဝင်လာခဲ့ပါ၏။ တချိန်က ပျော်ရွှင်ချမ်းမြေ့ဖွယ် အိမ်ကြီးမှာ ယခုကား ခြောက်ကပ်ကပ်ကြီးဖြစ်လျက် စိတ်ပျက်ဖွယ်ရာ အသွင်ကို ဆောင်နေလေပြီတကား။ ကျွန်မသည် အစ္စဗယ်လာ့ နေရာသို့ ရောက်လျှင် မီးလင်းဖိုကို လှည်းကျင်းပြီး စားပွဲများကို ဖုန်သုတ်ပေးမည်ဟု စိတ်ကူးလာခဲ့ပြီး ဖြစ်ပါ၏။ သို့သော် အစ္စဗယ်လာသည် ပတ်ဝန်းကျင်ကို လျစ်လျူရှုလျက် ပစ်စလက်ခတ် လုပ်ထားဟန် ရှိပါသည်။ သူ့မျက်နှာ လှလှကလေးသည်ပင် ညှိုးငယ် နွမ်းလျနေပါ၏။ ဆံပင်သည်လည်း အဖြီးအသင်မရှိပဲ ဖရိုဖရဲ ဖြစ်နေပါ၏။ အဝတ်တွေမှာလည်း မနေ့ညနေကတည်းက လဲလှယ်ခြင်းရှိပုံမပေါ်ပါ။

ထိုအချိန်က ဟင်ဒလီ မရှိပါ။ မစ္စတာ ဟိကလစ်သည် သူ့စားပွဲတခု၌ ထိုင်ပြီး အိတ်ဆောင်စာအုပ်ထဲမှ စာရွက်တခုကို ထုတ်၍ ဖြန့်ကြည့်နေပါသည်။ ကျွန်မ ဝင်လာသည်ကို မြင်သည်နှင့် သူသည် နေရာမှထပြီး ထိုင်ခုံကို ညွှန်ပြပါသည်။ ကျွန်မသည် သူ့ကို တကြိမ်သာ ယဉ်ကျေးသိမ်မွေ့မှု ပြသနိုင်သူအဖြစ် ထင်ပါသည်။ သူ့အား ယခုတကြိမ်လောက် လူနှင့်သူနှင့် တူသည်မျိုးကို မတွေ့ဖူးပါ။ အခြေအနေများက သူ့ဘဝ အနေအစားကို ပြောင်းလဲပေးလိုက်ဟန် ရှိလေသည်။ အစ္စဗယ်လာသည် ရွှေဘက်သို့ ထွက်လာပြီး ကျွန်မကို အားရပါးရ နှုတ်ဆက်ပါလေ၏။ လက်တဘက်ကို ဆန့်ထုတ်လျက် ကျွန်မထံမှ စာတစောင်ကို မျှော်လင့်ဟန်လည်း ရှိပါသည်။ ကျွန်မက ခေါင်းယမ်းပြလိုက်ရပါသည်။ ကျွန်မ အမူအရာ ပြသည်ကို သူ နားလည်ပုံ မရပါ။ ထို့ကြောင့် ကျွန်မနောက်ကို လိုက်လာပါသည်။ ကျွန်မသည် ဦးထုပ်ကိုချွတ်ပြီး တင်ရန် နံရံကပ် ဗီရိုငယ်နား ရောက်လျှင် သူလည်း နောက်မှကပ်လျက် ပါလာပြီး သူ ့အတွက် တခုခု ပါလာလေသလား တီးတိုးမေးပါလေ၏။ ဤသို့သော အစ္စဗယ်လာ၏ လှုပ်ရှားမှုကို ဟိကလစ် ရိပ်မိပုံ ရပါသည်။

“ခင်ဗျားမှာ အစ္စဗယ်လာအတွက် တခုခုပါလာယင် ပေးလိုက်စမ်းပါ နယ်လီရယ်၊ ခင်ဗျား လျှို့ဝှက်ထားစရာ မလိုပါဘူး၊ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ လျှို့ဝှက်စရာလဲ မရှိပါဘူး ́ဟု ပြောလိုက်ပါလေသည်။

ကျွန်မလည်း ယခုချက်ချင်းပင် အမှန်ကို ပြောသင့်သည်ဟု စဉ်းစားမိသည့်အလျောက် …

“ကျွန်မမှာ ဘာမှ မပါပါဘူး၊ ကျွန်မ သခင်က သူ့ညီမကို စာလဲ မမျှော်လင့်နဲ့၊ လောလောဆယ်မှာ သူ့ကိုလဲ မမျှော်လင့်နဲ့လို့ မှာလိုက်ပါတယ်၊ အစ္စဗယ်လာအတွက် ပျော်ရွှင်ချမ်းမြေ့ စေကြောင်းဆုတောင်း လိုက်ပါတယ်၊ ရှင်ပြုမူသွားတာ အတွက်တော့ သူ စိတ်ဆင်းရဲရတာပေါ့ရှင်၊ ဒါပေမယ့် နောက်ပိုင်းမှာတော့ အိမ်ထောင်နှစ်ခု အဆက်ပြတ် သွားမှာပဲလို့ သူထင်တယ်ရှင့်' ဟု ပြောချလိုက်ပါသည်။

အစ္စဗယ်လာ၏ နှုတ်ခမ်းဖျားကလေးများသည် မသိမသာ တုန်လာပြီး ပြတင်းပေါက်နားက ကုလားထိုင်မှာ သွားထိုင်လိုက်ပါလေသည်။ ဟိကလစ်ကမူ မီးလင်းဖိုနား ကျွန်မအပါးသို့ တိုးကပ်လာပြီး ကက်သရင်းနှင့် ပတ်သက်၍ မေးခွန်းများ ထုတ်ပါလေတော့သည်။ ကျွန်မလည်း ကက်သရင်း မကျန်းမမာ ဖြစ်နေသည့် ကိစ္စကို ရှင်းပြလေရာ သူက မည်သို့မည်ပုံ မကျန်းမမာ ဖြစ်ရသည်ကို အမျိုးမျိုး မေးခွန်းလှည့်ထုတ်ပါလေ၏။ ကျွန်မကမူ ကက်သရင်း မကျန်းမမာ ဖြစ်ရသည့် ကိစ္စနှင့် ပတ်သက်၍ ကက်သရင်းအပေါ်ချည်းသာ အပြစ်ပုံချပြီး ဖြေပါသည်။ ကက်သရင်း၏ အိမ်ထောင်တွင် သူ ဘာမျှ ဝင်ရောက် မစွက်ဖက်စေချင်ပါ။ သူ့ကြောင့်လည်း အကောင်းအဆိုး အကျိုးသက်ရောက်မှုမျိုး မဖြစ်စေချင်ပါ။

ခုတော့လဲ မစ္စက်လင်တန် နေကောင်းသွားပါပြီ၊ အလျင်လို ဖြစ်စရာ အကြောင်းလဲ မရှိတော့ပါဘူး၊ အသက်အန္တရာယ်ကိုလဲ မစိုးရိမ်ရတော့ပါဘူး၊ ရှင်သာ သူ့အကျိုးကို ကြည့်မယ်ဆိုယင် သူ့ကို ရှောင်တာဟာ အကောင်းဆုံးပဲ၊ အင်းလေ၊ ရှင်ဒီနေရာက လုံးဝ ရှောင်သွားယင် ပိုပြီး အကောင်းဆုံးဖြစ်မှာပဲ။ ရှင် စိတ်မကောင်းတော့ မဖြစ်နဲ့ပေါ့ရှင်၊ အစ္စဗယ်လာဟာ ကျွန်မတို့နဲ့ ခြားနားသွားပြီ ဖြစ်သလိုပဲ ကက်သရင်းလင်တန်ဟာလဲ ရှင့်သူငယ်ချင်းဟောင်း ကက်သရင်းအန်းရှော ဘဝနဲ့ ခြားနားသွားပြီလို့ ကျွန်မ ပြောရမှာပဲ၊ သူ့ရုပ်သွင်ပြင်ကာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီ၊ သူ့စိတ်ထားဆိုတာကတော့ ပိုပြီးတောင် ပြောင်းလဲ သွားသေးတယ် ရှင့်။ တကယ်တော့ ရှင်၊ တချိန်က မလွှဲသာလို့ ပေါင်းသင်း ဆက်ဆံလာခဲ့ကြစေဦး၊ စာနာမှုထားပြီး တာဝန်သိတဲ့ စိတ်မျိုးနဲ့ ဆက်ပြီးအပေါင်းအသင်း မလုပ်တာ အကောင်းဆုံးပေါ့ရှင်

ကျွန်မ စကားဆုံးသည်နှင့် ဟိကလစ်သည် သူ့ကိုယ်သူ တည်တည်ငြိမ်ငြိမ် ရှိလေဟန် ဟန်ပန်မျိုးဖြင့် ဤသို့ ဆို ပြန်ပါလေ၏။

ဒါ ဖြစ်နိုင်တာပေါ့ဗျာ၊ ခင်ဗျားရဲ့သခင် ထားခဲ့တဲ့ စာနာမှုနဲ့ တာဝန်သိမှုဆိုဘာ ဒါမျိုးဖြစ်မှာပေါ့၊ ကျွန်တော် ကက်သရင်းအတွက် ဘယ်လို ခံစားနေရဘယ်ဆိုတာနဲ့ ကက်သရင်းက သူ့အတွက် ဘယ်လိုခံစားရတယ် ဆိုတာမျိုးကို ခင်ဗျား ယှဉ်ကြည့်စမ်းပါဗျာ၊ ခင်ဗျား ဒီအိမ်က ထွက်မသွားခင် ကျွန်တော်နဲ့ သူ တွေ့ပေးဖို့တော့ ခင်ဗျား ကတိပေးရမယ်၊ သဘောတူတူ မတူတူဗျာ၊ ကျွန်တော် သူ့ကို တွေ့ရလိမ့်မယ် ကဲ၊ ခင်ဗျား ဘာပြောမလဲ

ဒီမှာ ကျွန်မပြောမယ် မစ္စတာဟိကလစ်၊ ရှင် သူ့ကို မတွေ့ရဘူး၊ ကျွန်မသဘောအရဆိုယင် ရှင် သူ့ကို ဘယ်တော့မှ မတွေ့ရဘူး၊ ခုဟာက ရှင်နဲ့ ကျွန်မ သခင်တို့ နှစ်ယောက်စလုံးဟာ ကက်သရင်းကို သတ်နေကြတာပဲ”

ဒီအတိုင်း ဆိုယင်တော့ ဒီအန္တရာယ်က ရှောင်နိုင်အောင် ခင်ဗျား ကူညီရမှာပဲ၊ ကျွန်တော် သိချင်တာတော့ ရှိတယ်ဗျာ၊ ခင်ဗျား ရိုးရိုးသားသား ပြောစေချင်ပါတယ်၊ ကက်သရင်းဟာ လင်တန်ကို ဆုံးရှုံးတဲ့အတွက် အကြီးအကျယ် ခံစားရမလား၊ မခံစားရဘူးလား၊ အဲဒါတော့ ကျွန်တော် သိချင်တယ်၊ ကျွန်တော်တို့ သုံးဦးစလုံး ဘယ်လိုခံစား နေကြရတယ်ဆိုတာ ခင်ဗျား သိပါတယ် နယ်လီ၊ ကျွန်တော်ဟာ အက်ဂါကို မမြင်မတွေ့ချင်လောက်အောင် အသည်းခိုက်တဲ့အထိ မုန်းပေမယ့် သူ့နေရာမှာ ကျွန်တော်နေပြီး ကျွန်တော့်နေရာမှာ သူ ဝင်ကြည့်စမ်းပါ၊ ဒီမှာ နယ်လီ၊ ခင်ဗျား ကျွန်တော့် ကိုမယုံသလို မကြည့်စမ်းနဲ့ဗျာ၊ ဒီမှာဗျ ကေသီသာ သူ့ကို လိုလားနေသမျှ ကျွန်တော် သူ့ကို လူ့အသိုင်းအပိုင်းက ဘယ်တော့မှ ဖယ်ရှား မပစ်ဘူး၊ အဲ၊ ကေသီကသာ သူ့ဘက်မှာ မရှိဘူး ဆိုယင်တော့လား၊ ကျွန်တော် သူ့အသည်းနှလုံးကို ဆွဲထုတ်ပစ်မှာပဲ၊ သူ့သွေးကိုလဲ ကျွန်တော် သောက်မှာပဲ၊ ဒါပေမယ့် ခင်ဗျား ကျွန်တော့်ကို နားလည်စမ်းပါဗျာ၊ ကေသီသာ သူ့ဘက်မှာရှိယင် ကျွန်တော် သူ့ကို လက်ဖျားနဲ့တောင်' မတို့ပဲ သူ့အလျင် သေမှာပါနယ်လီ၊ ဒါတော့ စိတ်ချစမ်းပါ”

သူ့စကား မဆုံးမီမှာပင် ကျွန်မက ကြားဖြတ်၍

ဒါပေမယ့် ခုနေခါမှာ ကေသီဟာ ရှင့်ကို မေ့သလောက်ဖြစ်ပြီး စိတ်ညစ်စရာ အသစ်တွေနဲ့ ကြုံနေရတဲ့ အခြေအနေမျိုးမှာ ရှင့်ကို သူ သတိရအောင် လုပ်တာမျိုးတော့ ရှင် မလုပ်သင့်ဘူးပေါ့” ဟု ပြောလိုက်ပါသည်။

သည်တော့သူက...

“ဘာလဲ၊ ခင်ဗျားက သူ ကျွန်တော့်ကို မေ့သလောက် ရှိပြီလို့ ဆိုချင်တာပေါ့လေ၊ ဒီမှာ နယ်လီ၊ သူ ကျွန်တော့်ကို မမေ့ဘူးဗျ၊ ကျွန်တော် သူ့ကို မမေ့သလိုပဲ သူလဲ ကျွန်တော်ကို မေ့မရပါဘူး၊ သူ လင်တန်ကို သတိရတာထက်တောင် ကျွန်တော်ကို အဆတထောင်ပိုပြီး သတိရပါ သေးတယ်ဗျ၊ အဲဒီအဖြစ်မျိုးဟာ ကျွန်တော် ဘဝမှာ စိတ်မချမ်းသာစရာ အဖြစ်ရဆုံး အဖြစ်မျိုးပါ နယ်လီ၊ အဲဒီအဖြစ်က ကျွန်တော့်ကို ဒီနေရာ ပြန်ရောက်လာအောင် မောင်းထုတ်လိုက်တာပဲ၊ ဒါပေမယ့် ကျွန်တော်အဖို့က ပြန်လာခဲ့တာဟာ ပိုပြီး ဆိုးသလိုကြုံရတယ် မဟုတ်လား နယ်လီ၊ အဲဒီတုန်းက ကျွန်တော် မက်ခဲ့တဲ့ အိပ်မက်ဆိုးနဲ ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ ဟင်ဒလိနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ လင်တန်နဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် ကျွန်တော် ဒီလောက် စိတ်မထိခိုက်ရသေးဘူး၊ ကျွန်တော် ဘဝမှာ သေခြင်းနဲ့ ငရဲခံခြင်းလောက်သာ ကျွန်တော် သဘောပေါက်ခဲ့တာပါ။ ကျွန်တော့်အဖို့ အသက်ရှင်လျက် သူ့ကို ဆုံးရှုံးရမယ်ဆိုတာ ငရဲရောက်တာမျိုးပဲ၊ ကျွန်တော်သာ သူက အက်ဂါကို ကျွန်တော် ထက်ပိုပြီး တွယ်တာမှုကို တန်ဖိုးထားတယ်လို့ အတွေးရောက်ယင် ကျွန်တော် အရူးထတာပဲဖြစ်မှာပဲ၊ တဘက်မှာကလဲ အက်ဂါဟာ သူစွမ်းအားရှိသမျှ ကေသိကို ချစ်ပါတယ်ဆိုဦး၊ သူ အနှစ်ရှစ်ဆယ်လုံးချစ်ဦး၊ ကျွန်တော် ကေသီကို တနေ့ချစ်သလောက် သူမချစ်နိုင်ပါဘူးဗျာ။ ကေသီမှာက ကျွန်တော့်လို နက်ရှိုင်းတဲ့ နှလုံးသားမျိုး ရှိတာပါ။ အဲ့ဒါကို အက်ဂါက ကေသီ့ အချစ်ကို လက်ဝါးကြီးအုပ်လိုက်တယ်ဆိုတာ မျိုးဟာ နည်းနည်းကလေး ပင်လယ်ရေကို မြင်းစားခွက်ထဲ ထည့်တာမျိုးပါဗျ။ တကယ်တော့ဗျာ အက်ဂါဟာ ကေသီ့ကို ကေသီ ခွေးကလေး၊ မြင်းကလေးကို ချစ်တာထက် နည်းနည်းလေး ပိုချစ်တာပါဗျ။ သူ့ကို ကေသီကလဲ တကယ်ချစ်တာ မဟုတ်ပဲ ကေသီကကော သူ့ကို ဘယ်ချစ်နိုင်ပါ့မလဲ လို့ ပြောပြန်ပါလေရော။

အဲဒီတော့ အစ္စဗယ်လာက ဖြတ်ကနဲ ထတဲ့ပြီး

ကက်သရင်းနဲ့ အက်ဂါဟာ ချစ်သူနှစ်ယောက် ချစ်သလို ချစ်ကြတာပဲ၊ ဒါနဲ့ ပတ်သက်လို့ ဘယ်သူမျှ ဘာမှ ပြောစရာ မလိုဘူး၊ ကျွန်မ ငြိမ်နေလို့ အစ်ကို့ကို တန်ဖိုးကျအောင် ပြောတာမျိုးတော့ ကျွန်မ နားမခံနိုင်ဘူး” လို့ အော်ပြောလိုက်ပါတယ်။

ဩ၊ မင်း အစ်ကိုလား၊ မင်းတပ်ကိုကတော့ မင်းကိုလဲ အဲ့စရာ ကောင်းလောက်အောင် ချစ်ရှာတာပဲ၊ မဟုတ်ဘူးလား၊ ဒီနည်းနဲ မင်းကိုလဲ ဝမ်းပန်းတသာ ရေစုန်မျောလိုက်တာပဲ မဟုတ်လား” ဟု ဟိကလစ် က လှောင်တောင်တောင် ဝင်ပြောပြန်ပါသည်။

“ကျွန်မ ဘာဖြစ်နေတယ်၊ ဘယ်လိုခံစား နေရတယ်ဆိုတာ သူမသိဘူးရှင့်၊ ကျွန်မကလဲ သူ့ကို မပြောဘူး” ဟု အစ္စဗယ်လာက တုံ့ပြန်ပါလေ၏။

“ခု မင်း ပြောပြီးပြီ မဟုတ်လား၊ စာတောင် ရေးလိုက်သေးတယ် မဟုတ်လား”

“ကျွန်မ လက်ထပ်လိုက်ပြီလို့ ရေးတာပဲ၊ ဒီစာကို ရှင်လဲ တွေ့တယ် မဟုတ်လား

အဲဒီနောက် ဘာမှ မရေးတော့ဘူးလား"

မရေးဘူး”

ကျွန်မမှာ နေသာတော့ပါ။ ထို့ကြောင့်

အစ္စဗယ်လာဟာ အခြေအနေ အပြောင်းအလဲကြောင့် ပိုပြီး ဝမ်းနည်းနေပုံ ရပါတယ်ရှင်၊ တယောက်ယောက်ရဲ့အချစ်ကလဲ သူ ့အဖို့ ဘာမှျ အရာရောက်ပုံ မရပါဘူး၊ အဲဒီတယောက်ဟာ ဘယ်သူလဲဆိုတာ ကျွန်မ မပြောသင့်ပါဘူး' ဟု ဝင်ပြောလိုက်မိပါတော့သည်။

“ကျွန်တော် အနေနဲ့ ပြောရယင်တော့ ခုနက နယ်လီ မပြောသင့်ဘူးဆိုတာ သူကိုယ်တိုင်ပဲ ဖြစ်တယ် နယ်လီ၊ ကြည့်ပါ၊ သူဝတ်ဆင်ထားပုံက သူ့ကိုယ်ကို သူ နိမ့်ကျအောင် လုပ်နေသလို ဖြစ်မနေဘူးလား၊ အယ်ဆိုပြီး ငိုတယ်၊ ဘယ်လိုဖြစ်ဖြစ် ဒီအိမ်ဟာ သူ့အဖို့ အသင့်လျော်ဆုံးပါ။ ဒီတော့ ကျွန်တော် ပြောမယ် နယ်လီ၊ သူသာ ဟိုဟိုသည်သည် လျှောက်သွားပြီး ကျွန်တော့် ဂုဏ်သိက္ခာကို မထိပါးစေသမျှ ကျွန်တော် သူ့ကို ဂရုစိုက်မှာပါဗျာ' မစ္စတာဟိကလစ်က သူ့ဘက်က သဘောထားကို  ရှင်းပြပါလေ၏။ ထို့ကြောင့် ကျွန်မက သူ ့စကားကို တုံ့ ပြန်ရပါသည်။

“ကောင်းပါပြီရှင်၊ မစ္စက်ဟိကလစ်ဟာ အမြဲတစေ ဂရုစိုက် ပြုစုမှုကို ခံယူခဲ့ရတဲ့ မိန်းကလေးတယောက် ဖြစ်တယ်ဆိုတဲ့ အချက်ကိုလဲ ရှင် စဉ်းစားမိမယ် ထင်ပါတယ်၊ သူဟာ တဦးတည်းသော သမီးအဖြစ် ကြီးပြင်းလာခဲ့ရတာဆိုတော့ သူ့အတွက် ပြုစုမယ့်လူတွေ ဆိုတာကလဲ ဝိုင်းဝိုင်းလည်နေခဲ့တာပါရှင်၊ ဒီတော့ ရှင့်အနေနဲ့လဲ သူသေသေသပ်သပ် ဝတ်စားဆင်ယင်နိုင်ရေးအတွက် သူ့ကို ကြင်ကြင်နာနာနဲ့ ပြုစုပေးမယ့် မိန်းကလေးအစေခံ တယောက်တော့ လဲထားပေးသင့်တာပေါ့။ နောက်တခု ရှင်သတိပြုစေချင်တာက ရှင်အနေနဲ့ မစ္စတာအက်ဂါအပေါ် သဘောထားထား ဘယ်လိုပဲ သဘောထားထား သူဟာ သူ အစ်ကိုအပေါ်မှာ သံယောဇဉ် ကြီးမားတယ်၊ သူ့အိမ်၊ သူ့အပေါင်းအသင်းနဲ့ သူ ချမ်းချမ်းသာသာနေ၊  ကောင်းကောင်း မွန်မှုန် ဝတ်စားနေထိုင်တတ်တယ် ဆိုတာမျိုးကိုလဲ သူ စွန့်ပစ်နိုင်မယ် မဟုတ်ဘူးဆိုတဲ့အချက်ပဲ”

“အင်း၊ ဒါပေမယ့် သူက ကျွန်တော့်ကို အချစ် သူရဲကောင်းကြီးအဖြစ် မြင်ပြီး ကျွန်တော်ဆီက ဘာမဆို ရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး ထားယင်တော့လဲ ဒါဟာ လှည့်စားတာသက်သက် ဖြစ်မှာပဲ ဒီလို ကိုယ့်ကိုယ်ကိုယ် အလှည့်စားခံနေရတဲ့ အခြေအနေမျိုးတော့လဲ သူ့ဖို့ အလျင်ကလို အခြေအနေမျိုးတွေ ဖယ်ရှားပစ်ရမှာပဲ၊ ကျွန်တော့်ကို သိပ်မျှော်လင့်ထားလို့တော့ မရဘူးလေ၊ ဒါပေမယ့် နောက်ဆုံးတော့ သူ ကျွန်တော် ကို နားလည်စ ပြုလာပြီလို့ ကျွန်တော် ထင်ပါတယ်၊ ကျွန်တော်က အဓိပ္ပာယ်မဲ့ အပြုံးတို့၊ ဟန်ဆောင် ပန်ဆောင် အမူအရာမျိုးတို့ကိုတော့ အလေးမထားတတ်ဘူး၊ ဒါတွေအတွက်လဲ ကျွန်ထော် ဂရုမစိုက်ဘူး၊ ကျွန်တော် သူ့ကို မချစ်ဘူးဆိုတာမျိုးကိုလဲ သူ မစူးစမ်း မစဉ်းစားယင် အကောင်းဆုံးပဲ၊ ဒီမနက်ကျတော့ သူက ကျွန်တော်ကို မုန်းတယ်လို့ ပြောတယ်၊ ဒီတော့ အစ္စဗယ်လာ ကိုယ် မင်းကို ယုံနိုင်မလား၊ ပြောစမ်းပါ၊ မင်း ကိုယ့်ကို မုန်းတယ်ဆိုတာ သေချာရဲ့လား၊ ကိုယ် ဒီတမနက်လုံး မင်းကို ပစ်ထားတော့ မင်း ကိုယ့်ကို ပလူးပလဲ လုပ်ချင်ပြန်ရော မဟုတ်လား၊ ဂရုတစိုက်လုပ်နေတာလို့ သူက ထင်ချင်ထင်မယ်။ ကျွန်တော့်အနေနဲ့ ကတော့ တဘက်သတ်အမြင်ကို ဂရုမစိုက်ပါဘူး၊ ကျွန်တော် သူ့ကို ဘယ်တော့မှ လိမ်မပြောဘူး နယ်လီ၊ ကျွန်တော် သူ့ကို လှည့်စားတဲ့သဘောနဲ့ ဟန်ဆောင်ပန်ဆောင် ဆက်ဆံနေတာမျိုးလို့ သူမပြောနိုင်ပါဘူး။ ကျွန်တော် သူနဲ့အတူ သူတို့အိမ်ကြီးက ထွက်လာခဲ့တုန်းက သူ့ခွေးကလေးကို ကြိုးနဲ့ချည်ပြီး ဆွဲချိတ်ပစ်ခဲ့တယ်၊ ဒါဘာပြချင်တာလဲကျွန်တော် သူပိုင်ဆိုင်သမှျဆိုယင် တခုကလွဲပြီး ဘာကိုမဆို ကျွန်တော် အဲဒီလို လုပ်ထားလိုက်မှာပဲ ဆိုတဲ့သဘောကို ပြတာပဲ၊ အဲဒီထဲမှာ မပါတဲ့တခုဟာ သူ့ကိုယ်ကို ပြောတာဖြစ်မှာပဲလို့ သူက ယူဆချင် ယူဆမယ်၊ ထားပါလေ။ ဒါကိုက သူ့ကို ချီးမွမ်းရမယ် မွေးရာပါ စိတ်မျိုးပဲ၊ ဒီတော့ နယ်လီရယ်၊ ခင်ဗျားသခင်ကို ပြောလိုက်စမ်းပါဗျာ၊ သူ့ညီမလို စိတ်ဓာတ်ပျော့ညံတဲ့ မိန်းကလေးမျိုးကို ကျွန်တော် မတွေ့ဖူးဘူးလို့၊ သူကတော့ သူ့အမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကိုတောင် ငဲ့တာ မဟုတ်ဘူး၊ တခါတခါတော့ ကျွန်တော် စိတ်ထားတောင် လာရတဲ့အထိ သူကလဲ စွမ်းပေသကိုး၊ ဒီတော့ ခင်ဗျား သခင်ကို ကျွန်တော်က နှလုံးသားကို စည်းကမ်း နည်းလမ်း ရှိသလောက်သာ ခံစားခွင့်ပေးထားတယ်၊ ဒီတော့သူ အနေနဲ့လဲ ဆွေမျိုးသားချင်းပဲ၊ တရာ ဥပဒေသဘောပဲဆိုတဲ့ အစွဲအလမ်းမျိုးနဲ့ နှလုံးသား ခံစားမှုကို လွှတ်မထားပါနဲ့လို့လဲ ပြောလိုက်စမ်းပါဗျာ၊ ခု အထိကတော့ ကျွန်တော် သူ့ကို ကွဲဖို့ ကွာဖို့ ခွင့်ပြုမှာ မဟုတ်ဘူးခင်ဗျ၊ ကျွန်တော်တို့ကိုတယောက်ယောက်က ကြားဝင်ပြီး ခွဲဖို့ မလုပ်သေးတာကိုလဲ အစ္စဗယ်လာက ကျေးဇူးတင်မှာပါ၊ အဲဒါနဲ့မှ သူက ကျွန်တော့်ကို ပစ်သွားချင်တယ်ဆိုလဲ သွားပေါ့”

သည်စကား အရောက်တွင် ကျွန်မ ဝင်ရောက် ပြောဆိုရပြန်လေတော့သည်။

“ဒီမှာ မစ္စတာဟိကလစ်ရဲ့၊ ဒါဟာ အရူးစကားပဲ၊ ရှင့်မယားကိုယ်တိုင်ကလဲ ရှင် ရူးနေတာကို သဘောပေါက်လောက်ရောပေါ့၊ အဲဒီလို သဘောပေါက်လို့လဲ ခုအထိ ရှင်တို့ ပေါင်းသင်းနေနိုင်တာပေါ့၊ ခုတော့ ရှင်က ရှင့်မယားကို ရှင် ဆင်းသွားချင် သွားဆိုတာမျိုး ပြောလာပြီ၊ သူ့စိတ်နဲ့ သူ့ကိုယ် လုပ်နိုင်တာပဲ၊ ဒီတော့ အစ္စဗယ်လာ၊ ညည်းလဲ သူ့ကို အစွဲလမ်းကြီး မဖြစ်နဲ့၊ ညည်းကိုယ် ညည်း အဆင်ပြေအောင်သာ ဆက်လက်ပေါင်းသင်းနေပေါ့ကွယ်”

ထိုခဏချင်းမှာပင် အစ္စဗယ်လာ၏ မျက်လုံး အစုံသည် ဒေါသ အလျှံဖြင့် တောက်လာပြီး..

“သူ့ စကားကို ဂရုစိုက်နားထောင် အယ်လင်၊ သူ ပြောတာတွေကို တလုံးတောင်မှ မယုံနဲ့၊ သူဟာ လူမဟုတ်ဘူး၊ အလိမ်ပညာ ဝိဇ္ဇာကြီး၊ ဂြိုဟ်ကောင်ကြီး၊ ကျွန်မ သူ့ကို ပစ်ပယ်မယ်ဆိုတာ သူ့ကိုပြောပြီးသား၊ ထွက်ပြေးဖို့လဲ ကြံစည်ဖူးတယ်။ ဒါပေမယ် ကျွန်မ ထပ်ပြီး မကြိုးစားရဲဘူး၊ ဒါကြောင့် ဒီလို နေနေရတာပဲ၊ ဒီမှာ အယ်လင်၊ ကျွန်မကို တခုတော့ ကတိပေးပါ၊ အစ်ကိုနဲ့ ပတ်သက်လို ဖြစ်ဖြစ်၊ ကက်သရင်းနဲ့ ပတ်သက်လို့ ဖြစ်ဖြစ်၊ သူ ပြောတာတွေကို တလုံးတပါဒမှ ပြန်မပြောပါနဲ့ရှင်။ သူ ဘယ်လိုပဲ ဟန်ဆောင်ဆောင် သူက အက်ဂါကို တမင် ဆွပေးနေတာရှင့်၊ ကျွန်မကို လက်ထပ်တာကိုက အက်ဂါအပေါ် သူ့လွှမ်းမိုးနိုင်အောင်လို့လို့ သူပြောတာပဲ၊ သူသာ အက်ဂါကို မလွှမ်းမိုး နိုင်င်ယင် ကျွန်မ အလျင်ဆုံး သေမှာပဲ၊ ကျွန်မတော့ မျှော်လဲ မျှော်လင့်ချင်တယ်၊ ဆုလဲ တောင်းပါရဲ့၊ သူရဲ့ ယုတ်မာ ပက်စက်တဲ့ ကိုယ်ကျိုး အကြံအစည်မပေါ်ပဲ ကျွန်မကိုသာ သတ်ပါစေလို့၊ ကျွန်မအဖို့တော့ ကျွန်မယင်လဲ သေမှ၊ သူယင်လဲ သေမှ စိတ်ချမ်းသာရမှာပါ အယ်လင်ရယ်ဟု ဆက်တိုက်ကြီး ပြောချလိုက်ပါလေတော့သတည်း။

ထိုအခါ ဟိကလစ်ကလည်း..

“ကဲ...တော်တော့ကွာ၊ မင်းပြောတဲ့ စကားတွေသာ မင်း မှတ်ထားပါ။  မင်းက ငါ့ကို ရုံးထင်တရားစွဲမယ်ပုံပဲ၊ အဲဒီကျတော့သာ ခု မင်းပြောခဲ့တာတွေကို မမေ့စေနဲ့၊ တကယ်တော့ မင်းဟာ မင်းအစ်ကိုရဲ့ အစောင့်အရှောက်ခံ မဟုတ်တော့ဘူးကွ။ မင်းကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တရားဥပဒေကြောင်းအရက ငါက မင်းလင်ပဲ၊ ကဲ..ဒီတော့ မင်းအပေါ်သွားတော့ကွာ၊ ငါနဲ့ အယ်လင်ဒင်း နှစ်ယောက်ချင်း စကားပြောစရာ ရှိသေးတယ်၊ ကဲ.....တက်လို. ပြောနေတယ်လေ၊ သွားစမ်းပါ ကလေးရယ်၊ ဟောဒီလမ်းအတိုင်း သွားယင် အပေါ်ထပ် တက်တဲ့လှေကား ရှိပါတယ်က” ဟု ပြောပြောဆိုဆိုပင် အစ္စဗယ်လာ လက်ကို ဖမ်းဆုပ်ပြီး အခန်းထဲမှ တွန်းထုတ်လိုက်ပါလေတော့သည်။ ပါးစပ်က …

ငါ့မှာ အကြင်နာတရား မရှိပါကလား၊ ငါ့မှာ အကြင်နာ တရားမရှိပါကလား တီကောင်များ တွန့်လိမ်တွန့်လိမ် ဖြစ်နေလေ ငါ့စိတ်က ခြေပစ်ချင်စိတ် ပေါ်လေလေပဲ၊ ခံစားရလေလေ ကြိတ်ခြေချင်စိတ်ကလဲ ကြီးမားလေလေပါကလားနော် ဟုလည်း ရေရွတ်နေပါသေးသည်

ကျွန်မလည်း ပြန်တော့မည့် သဘောဖြင့် ဦးထုပ်ကို ကောက်ကိုင်လိုက်ယင်း ….

“နေပါဦး၊ ရှင်က အကြင်နာရားဆိုတဲ့ စကားရဲ့အဓိပ္ပာယ်ကိုကော နားလည်လို့လား၊ ရှင့်ဘ၀မှာ အကြင်နာတရားဆိုတာကိုရော ခံစားဖူးရဲ့လား ́ဟု မေးပစ်လိုက်မိပါတော့သည်။

သည်တော့ ဟိကလစ်ကလည်း ကျွန်မ ပြန်တော့မည်ကို သတိပြုလိုက်မိသည်နှင့် ကဲ...ဒီကို လာစမ်းပါဦး နယ်လီ၊ ကျွန်တော် ကက်သရင်းကို အမြန်ဆုံး တွေ့ချင်တယ်ဗျာ။ အဲဒီကိစ္စအတွက် ခင်ဗျားဆီက အကူအညီရအောင် အေးအေးဆေးဆေး ဖြစ်ယင်လဲ ဖြစ်ပေါ့၊ မဟုတ်ယင်လဲ ဇွတ်ပဲ အကူအညီ တောင်းရမှာပါ၊ ဒီအတွက် အန္တရာယ် မဖြစ်စေရဘူးလို. ကျွန်တော် ကျိန်တွယ် ပြောရဲပါတယ်၊ ကျွန်တော် လင်တန့်စိတ် အနှောင့်အယှက် ဖြစ်ရမှာမျိုး၊ လင်တန် ဒေါသဖြစ်ရမှာမျိုးလဲ မဖြစ်စေချင်ပါဘူး။ ကျွန်တော် ကတ်သရင်းဆီက ဘယ်လိုနေတယ်၊ သူ ဘာကြောင့် မမာမကျန်း ဖြစ်ရတယ်ဆိုတာကို ကြားချင်တယ်၊ သူ့အကွက် ကျွန်တော် ဘာလုပ်ပေးနိုင်မလဲ ဆိုတကိုပဲ မေးချင်ပါတယ်။ ကျွန်တော် ညက သူတို့ ခြံဝင်းထဲကို ရောက်တယ်၊ ခြောက်နာရီလောက် ကြာကြာနေပြီးမှ ကျွန်တော် ပြန်လာတယ်။ ကျွန်တော် အဲဒီအိမ်ကြီးကို ညတိုင်းလာမှာပဲ၊ အိမ်ထဲဝင်ရမယ် အခွင့်အရေးမျိုးကိုလဲ နေ့တိုင်းရှာမှာပဲ၊ လင်တန်နဲ့ ပက်ပင်းတွေ့ယင်လဲ ကျွန်တော် အဲဒီအိမ်မှာ ရှိနေတုန်း ဘာစကားမျှ ဝင်မပြောနိုင်အောင် သူ့ကို ထိုးပစ်လိုက်မှာပဲ၊ သူ့အစေခံတွေက ကျွန်တော့်ကို အဟန့်အတား လုပ်ယင်လဲ ကျွန်တော် သေနတ်နဲ့ အပစ်ပဲ၊ ဒီတော့ သူတို့သခင်နဲ့ရော သူတို့နဲ့ရော ကျွန်တော် ရင်မဆိုင်ရယင် အကောင်းဆုံးပဲ မဟုတ်လား။ ဒါကို ခင်ဗျား လွယ်လွယ်ကလေးနဲ့ ဆောင်ကြဉ်းနိုင်ပါတယ် နယ်လီ၊ ဒီတော့ခင်ဗျားက သူ တယောက်တည်း ရှိနေတုန်း ဘယ်သူမျှ မသိရပဲ ကျွန်တော် သူ့အိမ် ဝင်တွေ့နိုင်အောင် လုပ်ပေးပေါ့။ ပြီးတော့ ကျွန်တော် ပြန်တဲ့အခါထိလဲ သူတို့ ကျွန်တော်ကို မတွေ့အောင် စောင့်ကြည့်ပေးပေါ့ဗျာ” ဟု ကျွန်မကို ပြန်ခွင့် မပြုသေးပဲ ဆက်ပြောနေပြန်ပါလေတော့သည်။

ကျွန်မသည် ကျွန်မ အလုပ်လုပ်နေသော အိမ်ကြီးအတွင်း ထိုအိမ်ကြီးနှင့် ကျွန်မ၏ လုပ်ငန်းရှင်ကို သစ္စာမဲသော အပြုအမူမျိုး မလုပ်နိုင်ကြောင်း ပြောပါသေးသည်။ ထို့ပြင်လည်း သူ့လိုဘ တခုတည်း အတွက်နှင့် မက်လင်တန်၏ စိတ်တည်ငြိမ်နေမှုကို ရက်ရက်စက်စက် ဖျက်ဆီးရာလည်း ကျရောက်ည်ဖြစ်ကြောင်း ကျွန်မ ပြောပါသည်။

"ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့တောင် မစ္စက်လင်တန်ဟာ စိတ်ထိခိုက်တတ်ပါတယ်ရှင်၊ သူ အာရုံကြောတွေကိုက ထိခိုက်ခံစားလွယ်တတ်တာမို့ တော်ရုံ ကိစ္စမျိုးမှာတောင် သူ ခံစားရတတ်ပါတယ်။ ဒီတော့ ဘာမှ မလုပ်ချင်ပါနဲ့ရှင်။ ဒါမှမဟုတ်ယင်တော့ ကျွန်မအနေနဲ့ ရှင့် အကြံ အစည်ကို မစ္စတာလင်တန်ကို ပြောပြရမှာပဲ၊ ဒါမှလဲ သူ့အနေနဲ့ သူ့အိမ်ထဲကို သူစိမ်းတရံဆံ မဝင်နိုင်အောင် အကာအကွယ် အတားအဆီးတွေ လုပ်နိုင်မယ် မဟုတ်လား'

ဒီလိုဆိုယင်တော့ ခင်ဗျားကို ချုပ်နှောင်ပြီးသား ဖြစ်သွားအောင် ကျွန်တော်က အလျင်လုပ်ရလိမ့်မယ်၊ ခင်ဗျား ဟောဒီ လေထန်ကုန်းကနေပြီး နောက်တနေ့ မနက်အထိ မပြန်ရဘူး၊ ကတ်သရင်း ကျွန်တော့်ကို တွေ့ရယင် တအံ့တဩ ဖြစ်ရမယ်၊ စိတ်ထိခိုက်ရမယ်ဆိုတာလဲ မဖြစ်နိုင်ဘူးဗျ၊ ကျွန်တော်ကလဲ သူ့ကို ဒီလိုအဖြစ်မျိုး ဖြစ်စေချင်ပါဘူး၊ ဒါတော့ ခင်ဗျားကလဲ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမှာပေါ့။ ကျွန်တော် လာနိုင် မလာနိုင်ကိုလဲ သူ့ကို ပေးကြည့်ရမှာပေါ့၊ ခင်ဗျားက ပြောတယ်၊  သူက ကျွန်တော့်နာမည်ကို ပြောတောင် မပြောတော့ဘူးလို့။ ကဲ ကျွန်တော့် ကြောင်းက ခင်ဗျားတို့ အိမ်မှာ တားမြတ်ထားတဲ့ အကြောင်းအရာဆိုယင် သူ ဘယ်သူ့အကြောင်းပြောမလဲ၊ တခုတော့ ရှိတာပေါ့ဗျာ၊ သူက ခင်ဗျားတို့အားလုံးကို သူ့ယောကျင်္ားရဲ့ သူလျှိုတွေ ထင်နေတာဗျ။ ကျွန်တော်ပြောရဲပါတယ်၊ ကက်သရင်းဟာ ခင်ဗျားတို့အားလုံးကြားမှာ ငရဲခံနေရတာဗျ၊ သူ ငြိမ်ငြိမ်ကလေး နေနေတာကိုက သူ ဘယ်လောက် ခံစားနေရတယ်ဆိုတာ ကျွန်တော် သိပါတယ်ဗျာ။ ခင်ဗျား ပြောတယ်၊ ကတ်သရင်းဟာ မကြာမကြာဆိုသလို ဂနာမငြိမ် ဖြစ်တတ်တယ်။ စိုးရိမ်ကြောင့်ကြစိတ် ပေါ်နေပုံ ဖြစ်တတ်တယ်လို့ ဆိုတယ်၊ ကဲ ဒါဟာ စိတ်တည်ငြိမ်တဲ့ သဘောလား၊ ပြောစမ်းပါ၊ ခင်ဗျားက သူ စိတ်လှုပ်ရှားနေတာပဲ ပြောတယ်၊ ဒါဘာလဲ စာနာမှု တာဝန်သိမှုကို အရင်းခံပြီး သူ့အနားမှာ နေနေရရုံနဲ့ ကိစ္စပြီးရောတဲ့လား၊ အကြင်နာတရားနဲ့ မေတ္တာတရားဆိုတာကရော ဒါလား၊ ရှင်းပါတယ်ဗျာ၊ ခင်ဗျားတို့ သခင်ဆိုတဲ့လူက ပန်းအိုးထဲမှာ ဝက်သစ်ချပင်စိုက်ပြီး ကြီးထွားလာနိုးနဲ့ ခပ်ပေါ့ပေါ့ ဂရုစိုက်တဲ့ လူမျိုးဗျ၊ ကဲ ဒီကိစ္စကို ခုချက်ချင်း ရှင်းကြစို့ဗျာ၊ ခင်ဗျား ဒီမှာ နေမယ်မဟုတ်လား၊ ကျွန်တော် လင်တန်နဲ့ သူ့လူတွေကို ကျော်လွှားပြီး ကတ်သရင်းဆီ သွားရမလား၊ အဲဒီလိုမှ မဟုတ်ယင် ခင်ဗျားဟာ ကျွန်တော့် ငယ်ပေါင်းကြီးဖော်အနေနဲ့ ကျွန်တော် စောစောက ပြောတဲ့အတိုင်း လုပ်မလား၊ ကဲ ၊ ခင်ဗျား ဆုံးဖြတ်ပေတော့၊ ကျွန်တော့်အနေနဲ့ကတော့ တခြားနည်း မရှိတော့ဘူးဗျာ”

အဲဒါပါ မစ္စတာ လော့ဝု၊ ကျွန်မကလဲ သူပြောတာကို အကြိမ်ကြိမ် ငြင်းပါသေးတယ်၊ သူ့ကိုလဲ ဒီလို မလုပ်သင့်ကြောင်း ရှင်းပြပါတယ်၊ ဒါပေမယ့် အဆုံးကျတော့ ကျွန်မဟာ သူ့စကားကို သဘောတူလိုက်ရပါတယ်၊ ကျွန်မလဲ သူ့ဆီက စာတစောင် ယူပြီး ကျွန်မသခင်မဆီ ပြန်ခဲ့တယ်၊ ပြီးတော့မှ သခင်မရဲ့ သဘောတူချက်အတိုင်း မစ္စတာ လင်တန် မရှိတုန်းမှာ သူ့ကို လာခဲ့ဖို့ ပြောရတယ်။ သူလာတဲ့အချိန်မှာ အိမ်က တခြားအစေခံတွေ ရှိမနေဖို့ လိုအပ်သလို ကျွန်မလဲ မနေချင်ပါဘူး၊ အဲဒီအတွေးဟာ မှားသလား၊ မှန်သလား မစ္စတာလော့ဝု၊ ဒါဟာ ကျွန်မ ကိုယ်ကျိုးအတွက်တော့ မှန်ချင်မှန်မယ်၊ ဒါပေမယ့် ကတ်သရင်းနဲ့ ပတ်သက်ယင်တော့ မမှန်ဘူး၊ ကျွန်မအနေနဲ့ ကက်သရင်းတယောက် အလျင်တခါလို ကျွန်မ လိုက်လျောလိုက်မိလို့ စိတ်ထိခိုက်ရတာမျိုး မဖြစ်အောင်ကာကွယ်မှပဲလို့ ကျွန်မ တွေးမိတယ်၊ ဒါနဲ့ပဲ သူလာတဲ့ အချိန်မှာ ကျွန်မလဲ ရှိနေရမယ်လို. ဆုံးဖြတ်လိုက်တယ်၊ ဒါပေမယ့် လေထန်ကုန်းက ပြန်လာတဲ့နေ့ကတော့ အလာတုန်းကထက် စိတ်မကောင်းဖြစ်ခဲ့ရတယ်လေ။

“ဟော၊ အောက်ထပ်မှာ ဆရာဝန်ကင်းနက် ရောက်လာပြီ၊ ကျွန်မ ဆင်းသွားပြီး ရှင် သက်သာပြီ ဖြစ်တဲ့အကြောင်း ပြောလိုက်ဦးမယ်၊ ဒီအကြောင်းတွေက အောင့်အည်း မျိုသိပ်ထားခဲ့ရတဲ့ အကြောင်းတွေပါရှင်။ နောက်မှပဲ ဆက်ကြသေးတာပေါ့

အမှန်တကယ်ပင် မျိုသိပ် အောင့်အည်းခဲ့ရသော စိတ်ပင်ပန်းဖွယ် အကြောင်းအရာတွေပါတကား။

မစ္စက်ဒင်းသည် အောက်ထပ်သို့ ဆင်း၍ ဆရာဝန်နှင့် သွားတွေ့ရာ ကျွန်ုပ်သည် ဟိကလစ်တို့ အဖြစ်ကို ပြန်ပြီး တွေးနေမိပါလေသည်။ စင်စစ် ကျွန်ုပ်သည် ဆရာဝန်နှင့် မတွေ့ချင်လှပါ။ သို့သော် ကိစ္စ မရှိပါ။ ကျွန်ုပ်သည် မစ္စက်ဒင်းထံမှ ဆေးဝါးများကို မှီဝဲရပေဦးမည်။

Comments