အခန်း [ ၁၉ ]
အနက်ရောင်ဖြင့် အနားသတ်ထားသော စာတစောင် ရောက်လာပါသည်။ ထိုစာတွင် သခင်လင်တန် ပြန်လာမည့်အကြောင်း၊ အစ္စဗယ်လာ ကွယ်လွန်သွားရှာပြီ ဖြစ်ကြောင်းနှင့် တူကလေး အတွက် အခန်းတခန်းနှင့် လိုအပ်သမျှတို့ကို ပြင်ဆင်ထားရန် ဖော်ပြ ပါရှိပါ၏။
ကတ်သရင်းကလေးမှာ သူ့အဖေ ပြန်လာတော့မည်ဟု သိရသဖြင့် အပျော်ကြီး ပျော်နေပါလေတော့သည်။ ထို့ပြင် သူ၏ သွေးရင်းသားရင်း မောင်ဝမ်းကွဲတယောက် ပါလာမည့်အတွက်လည်း ဝမ်းသာနေပါ၏။
သခင်လင်တန် ပြန်လာမည့်နေသို့ ရောက်လာပါလေသည်။
ကတ်သရင်းကလေးမှာ မနက်လင်း ကတည်းကပင် အစေခံတွေနှင့် အလုပ်ရှုပ်နေပါတော့သည်။ သူကိုယ်တိုင်ကလည်း အဒေါ်ဖြစ်သူအတွက် ဝမ်းနည်းကြောင်း ဖော်ပြနိုင်ရန် အပေါ်ရုံ အင်္ကျီ အနက်ကို ဝတ်ထားပါလေသည်။ စင်စစ် သူကလေးသည် သူ့အဒေါ်အတွက် ဝမ်းနည်းသည်ထက် သူ့အဖေအတွက် စိတ်စောနေပြီး အိမ်ပြင်ထွက်၍ တစောင့်စောင့် တမျှော်မျှော် ဖြစ်နေခဲပါ၏။
သူကလေးသည် သစ်ပင်တွေအောက် ရေညှိလွှမ်းသော မြက်ပင်ကလေးများပေါ်တွင် လမ်းသလားယင်း ….
'လင်တန်ကလေးဟာ ကျွန်မထက် ခြောက်လ ငယ်တယ်နော်၊ ကျွန်မအဖို့ ကစားဖော်ရတာပေါ့၊ ပျော်စရာကြီးပဲ အယ်လင်ရဲ့၊ ဒေါ်လေး အစ္စဗယ်လာက ဖေ့ဖေ့ဆီကို လင်တန်ကလေးရဲ့ ဆံစုကလေး တခု ပို့ခဲ့သေးတယ် နော်၊ သူ့ဆံပင်က ကျွန်မ ဆံပင်ထက် နူးညံ့ပျော့ပျောင်းသေးတယ်၊ ကျွန်မလေ ကျွန်မ မောင်လေးရဲ့ ဆံစုကို မှန်သေတ္တာကလေးနဲ့ ထည့်ပြီး သိမ်းထားတယ်၊ အဲဒီကတည်းက ကျွန်မ သူ့ကို တွေ့ချင်နေတာ၊ ခု သူနဲ့ တွေ့ရတော့မယ်၊ ကျွန်မ ပျော်လိုက်တာ၊ ဖေဖေရယ်၊ ဖေဖေဟာ တယ် ချစ်စရာကောင်းပါကလား၊ ကဲ … လာ အယ်လင်၊ ကျွန်မတို့ ပြေးပြီး ကြိုရအောင်'
ကတ်သရင်းကလေးကား ဆောက်တည်ရာ မရတော့ပါချေ။ ပြေးသွားလိုက် ပြန်ပြေးလာလိုက်နှင့် ဖြစ်နေပါ၏။ ကျွန်မ ရှေ့ကပြေးပြီး လမ်းဘေး မြက်ခင်းပေါ်မှာ ထိုင်လိုက်ပါသေးသည်။ ထိုင်သော်လည်း ခဏကလေးသာ ဖြစ်ပါ၏။ သူ တမိနစ်ကလေးပင် အငြိမ် မနေနိုင်ပါ။
'ဖေဖေတို့ကလဲ ကြာလိုက်တာနော်၊ ဟယ် … ဟိုမှာ ဖုန်တွေ ထလာပြီ၊ ဖေဖေတို့ လာပြီ၊ အယ် … မဟုတ်ပါဘူး၊ သူတို့ မလာသေးဘူး နော်၊ မိုင်ဝက်လောက်တော့ လိုဦးမှာပေါ့၊ ဟုတ်ဘူးလား အယ်လင်'
ကတ်သရင်းကလေးမှာ တလှိုက်ဖိုဖို ဖြစ်နေပါ၏။ သို့သော် မကြာမီပင် သူ စိတ်စောနေသမျှသည် ဆုံးခန်းတိုင်ပါလေတော့သည်။ မြင်းလှည်းကြီး ဝင်လာသည်ကို မြင်ရပါလေပြီ။ ကတ်သရင်းကလေးသည် မြင်းလှည်းပြတင်းမှ ပြူထွက်လာသော သူ့အဖေ မျက်နှာကို မြင်လိုက်သည်နှင့် သံကုန်အော်၍ လိုက်ကို ဆန့်တန်းကာ မြင်းလှည်းဆီသို့ ပြေးပါလေတော့သည်။
အက်ဂါသည်လည်း သူ့သမီး နည်းတူပင် စိတ်လှုပ်ရှားလျက် မြင်းလှည်းပေါ်မှ ဆင်းလာပါ၏။ ထိုနောက် သားအဖ နှစ်ယောက်သည် ပွေ့ဖက် နှုတ်ဆက်ကြပါသည်။ ထိုစဉ်မှာပင် ကျွန်မသည် မြင်းလှည်းထဲက လင်တန်ကို ချောင်းကြည့်လိုက်ပါ၏။ ခမျာမှာ မြင်းလှည်းထောင့်ထဲတွင် ဆောင်းရာသီ အလား သိုးမွှေးထည် ဝတ်ရုံကြီးဖြင့် ကွေးနေပါလေသည်။ ခမျာသည် ဖြူဖပ်ဖြူရော် သေးသေးကွေးကွေး ရှိလှပါ၏။ မိန်းမလျာကလေးနှင့်ပင် တူပါသည်။ ကျန်းမာ သန်စွမ်းပုံလည်း မရှိလှပါ။ သူသည် ကျွန်မကို မြင်သွားပုံ ရပါသည်။ ကျွန်မအား လက်ဝှေ့ယမ်းပြပြီး တံခါးကို ပိတ်ရန် အမူအရာဖြင့် ကျွန်မလည်း တံခါးကို ပြန်ပိတ်လိုက်ပါသည်။ သူ ခရီးပန်းလာပုံ ရပါသည်။
ကတ်သရင်းသည် သူ့ကို တချက်ကြည့်ပြီး ဝမ်းသာသွားပုံ ရပါသည်။ ထို့နောက် ကျွန်မသည် အစေခံများထံ အပြေးသွား၍ သခင်ပြန်လာကြောင်း သတင်းပါးစဉ်မှာပင် သားအဖ နှစ်ယောက်သည် ခြံထဲအတိုင်း လျှောက်လာကြပါလေသည်။
အက်ဂါတို့ သားအဖသည် လှေကားရင်းသို့ ရောက်လေလျှင် သခင်က သမီးအား …
'သမီးရေ၊ သမီး မောင်ကလေးက သမီးလို သန်သန်စွမ်းစွမ်းလဲ မရှိဘူး၊ ပျော်ပျော်ရွှင်ရွှင်လဲ မရှိဘူးကွဲ့၊ သူ့အမေ ဆုံးတာကလဲ မကြာသေးဘူး မဟုတ်လား၊ ဒီတော့ ခုချက်ချင်းကြီး သမီးနဲ့ ကစားနိုင်လိမ့်မယ်လို့တော့ မမျှော်လင့်နဲ့ကွယ်၊ ပြီးတော့လဲ သူ့ကို စကားတွေ သိပ်ပြီး သွားမပြောပါနဲ့၊ ဒီညနေတော့ သူ့ ဘာသာ အေးအေးဆေးဆေး နေပါစေကွယ်၊ ဟုတ်ဘူးလား သမီး' ဟု ပြောလိုက်ပါ၏။
'ကောင်းပါပြီ ဖေဖေ၊ ဒါပေမယ့် သမီး သူ့ကို မြင်ဖူးချင်သေးတယ်။ သူကလဲ တချက်ကလေး ထွက်မလာဘူး'
ထိုစဉ်မှာပင် မြင်းလှည်းသည် ရပ်သွားပါ၏။ လှည်းထဲတွင် အိပ်ပျော်နေသော လင်တန်ကလေးသည်လည်း နိုးလာပါသည်။ မစ္စတာလင်တန်က သူ့ကို ပွေ့ချီပြီး မြင်းလှည်းပေါ်မှ ချပေးလိုက်ပါသည်။
'ကဲ လင်တန်ရေ၊ ဟောဒါ မင်းအစ်မ ကေသီပဲကွဲ့' ဟု ပြောပြောဆိုဆို မောင်နှမ နှစ်ယောက်ကို လက်ဆွဲ နှုတ်ဆက်စေပါ၏။ 'ကေသီကလဲ မင်းကို သဘောကျပြီးသားပါကွဲ့၊ ကနေ့ညတော့ မငိုနဲ့တော့နော်၊ ပျော်ပျော်ရွှင်ရွှင် နေပါကွယ်၊ ဒီမှာ မင်း ဘာမှ လုပ်စရာ မလိုဘူး၊ စိတ်တိုင်းကျ အနားယူပေတော့'
'ဒါဖြင့်လဲ ကျွန်တော် အိပ်ရာဝင်ပါရစေခင်ဗျာ'
လင်တန်ကလေးသည် ကတ်ရင်းက အလေးပြု နှုတ်ဆက်သည်ကို မျက်နှာကလေး ရှုံ့ပြီး ဝေ့လာသော မျက်ရည်စကို သူ့လက်ချောင်းကလေးတွေနှင့် သုတ်လိုက်ပါလေသည်။
ထိုအခါ ကျွန်မလည်း …
'ကဲ၊ လူကလေး လာကွဲ့၊ အတော်ကြာ မင်းအစ်မ ငိုနေပါဦးမယ်၊ ခမျာကလဲ မင်းတွက် စိတ်မကောင်း ဖြစ်နေတာကွဲ့ ' ဟု ဆိုကာ သူ့ကို ဦးဆောင် ခေါ်ခဲ့ပါလေတော့သည်။
ကတ်သရင်းသည် သူ့မောင်အတွက် တကယ် ဝမ်းနည်း မနည်းကို ကျွန်မ မသိပါ။ သို့သော် သူ့မျက်နှာသည်လည်း ညှိုးနေပါ၏။ သူတို့ သုံးယောက်သည် လက်ဖက်ရည်ပွဲ ပြင်ထားသော စာကြည့်ခန်းဘက်သို့ ထွက်လာကြပါ၏။
ကျွန်မသည် လင်တန်ကလေး၏ အပေါ်ဝတ်ရုံနှင့် ဦးထုပ်ကို ချွတ်ပေးလိုက်ပြီး စားပွဲရှိ ကုလားထိုင်တွင် နေရာ ချပေးလိုက်ပါသည်။ သို့သော် လင်တန်သည် ဝင်မထိုင်သေးပဲ ငိုချလိုက်ပြန်ပါ၏။ သခင်လင်တန်က အကြောင်းရင်းကို မေးလေလျှင် …
'ကျွန်တော် ကုလားထိုင်ပေါ်မှာ မထိုင်ချင်ဘူး' ဟု ရှိုက်လျက် ပြောသဖြင့် …
'ဒါဖြင့်လဲ ဆိုဖာပေါ် သွားထိုင်လေ၊ အယ်လင်က လက်ဖက်ရည် ယူပေးပါလိမ့်မယ်' ဟု သခင်က စိတ်ရှည်ရှည် ပြောလိုက်ပါလေသည်။
လင်တန်ကလေးသည် အတော်ပင် ခရီးပန်းလာပုံ ရပါသည်။ ဆိုဖာပေါ်မှာ ထိုင်နေရာမှ လှဲချလိုက်ပါလေသည်။ ကေသီသည် ခုံငယ်ကလေးတခုကို လင်တန်ကလေး အနားသို့ ရွှေ့ပြီး လက်ဖက်ရည်ခွက်ကို ထိုခုံပေါ်တွင် တင်ပြီး လင်တန်ကလေး၏ ဆံစကို ပွတ်သပ်ပေးလျက် လင်တန်၏ ပါးပြင်ကို မွှေးမွှေးပေး၍ လက်ဖက်ရည်ကိုလည်း ကိုယ်တိုင် တိုက်ပါလေတော့သည်။ ကေသီသည် ယခုမှ တွေ့ရသော သူ့ မောင်ဝမ်းကွဲကို ကလေးငယ်တယောက်ကဲ့သို့ ပြုစုပေးနေသည့်အတွက် လင်တန်ကလေးကလည်း သဘောကျသွားပုံရပါသည်။
သခင်လင်တန်သည် မောင်နှမနှစ်ယောက်၏ အဖြစ်ကို စောင့်ကြည့်ယင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကာ …
'ဟန်ကျတာပဲ၊ ဒီကလေးဟာ မကြာခင်ပဲ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ ဖြစ်လာမှာ အယ်လင်ရဲ့၊ ကလေးဖော်ချင်း ဆိုတော့ စိတ်လဲ ချမ်းသာပြီး ကိုယ်လဲ ကျန်းမာသန်စွမ်းလာမှာပဲဗျ' ဟု ပြောလိုက်ပါသည်။
'ဟုတ်တာပေါ့ရှင့်၊ ကျွန်မတို့ သူ့ကို လူသစ်စိတ်သစ် ဖြစ်အောင် ပြုစုရမှာပဲ'
ကျွန်မလည်း ထိုကလေးအတွက် စိတ်အား တက်ကြွလာပါသည်။ ထိုအခါ လေထန်ကုန်း အိမ်ကြီးက ဟယ်ယာတန်ကလေး၏ ဘဝဆိုးကိုလည်း အတွေးရောက်မိပြန်ပါ၏။
လက်ဖက်ရည်ပွဲ ပြီးလေလျှင် ကျွန်မလည်း ကလေးနှစ်ယောက်ကို အပေါ်ထပ် သူတို့ အိပ်ခန်းအနားသို့ ခေါ်ခဲ့ပြီး လင်တန်ကလေးကို သိပ်လိုက်ပါသည်။ ထို့နောက်မှ အောက်ထပ်သို့ ပြန်ဆင်းလာပြီး မစ္စတာ အက်ဂါ၏ အိပ်ခန်းတွင် မီးထွန်းပေးလိုက်ပါသည်။ ထိုစဉ်မှာပင် အိမ်စေ မိန်းကလေးတယောက်သည် မီးဖိုထဲမှ ထွက်လာပြီး ဟိကလစ်၏ အစေခံကြီး ဂျိုးဆက် ရောက်လာကြောင်းနှင့် ဂျိုးဆက်က သခင်နှင့် တွေ့ပြီး စကားပြောလိုကြောင်း အကြောင်းကြားလာပါလေသည်။
ထိုစကားကြောင့် ကျွန်မလည်း အနည်းငယ် တုန်လှုပ်သွားမိပါ၏။
'နေပါဦး၊ သူ ဘာလုပ်ဖို့ လာရတာလဲ၊ ငါမေးဦးမယ်၊ ဘယ့်နှယ် ဒီမှာ ခုမှ ခရီးသွားရာက ပြန်ရောက်လာတာ၊ သခင်ကလဲ တွေ့မယ်မထင်ပါဘူး'
ကျွန်မ ခပ်ညည်းညည်း ပြောလိုက်စဉ်မှာပင် ဂျိုးဆက်သည် မီးဖိုထဲမှ ဖြတ်ပြီး ခန်းမထဲသို့ ဝင်လာပါသည်။ သူသည် ဘုရားကျောင်းသွားသည့် ဝတ်စုံကို ဝတ်ထားပြီး မျက်နှာထားကလည်း ဘုရားတရား ကြည်ညိုလေယောင် မျက်နှာထားမျိုးနှင့် ဖြစ်ပါသည်။ လက်တဘက်တွင် ဦးထုပ်ကို ကိုင်ထားပြီး အခြားလက်တဘက်တွင် တုတ်တချောင်းကို ကိုင်ထားပါသည်။ အခန်း အဝင်ဝ၌ သူက ဖိနပ်ကို ခြေသုတ်ဖုံတွင် သုတ်လိုက်ပါသည်။
'ကောင်းသော ညချမ်းပါ ဂျိုးဆက်၊ ဘာကိစ္စများပါလိမ့်' ကျွန်မက ခပ်တည်တည် မေးလိုက်ပါ၏။
'ငါ သခင်လင်တန်နဲ့ တွေ့ဖိုလာတာ'
ကျွန်မကို အဖက်မတန်သလို ဘေးဘက်သို့ တွန်းယင်း ပြောပြပါ၏။
'သခင် အိပ်နေပြီ၊ ရှင့်မှာ ပြောစရာ ထူးထူးခြားခြား ပါဦးတော့ အခုတော့ သခင် နားထောင်နိုင်ဦးမယ် မထင်ဘူး၊ မှာစရာရှိယင် ကျွန်မကို မှာခဲ့လေ'
'သူ့ အခန်းက ဘယ်မှာလဲ'
ပြောပြာဆိုဆို အဘိုးကြီးသည် ပိတ်ထားသော တံခါးများကို မျက်စိတချက် ဝေ့ကြည့်လိုက်ပါ၏။
** မူရင်း pdf file မှာ စာမျက်နှာ ၂ မျက်နှာ မပါလာခဲ့ပါ။ အခန်း (၂၀) က စာများပါမလာခဲ့ပါ။ အကုန်လုံးတော့ မဟုတ်ပါ။ **
ရပါသည်။ ကျွန်မလည်း သူ့အား သူ့အဖေ ဖြစ်သူက တွေ့ချင်သဖြင့် သူ့အဖေဆီ လိုက်ပို့ရမည်ဖြစ်ကြောင်း ချော့မော့ ပြောပါသေး၏။
'ကျွန်တော့်အဖေ၊ ဟုတ်လားဗျာ၊ ကျွန်တော့်မှာ အဖေရှိတယ်လို့ မေမေက မပြောဖူးပါဘူး။ သူက ဘယ်မှာနေတာလဲ၊ ကျွန်တော် မသွားချင်ပါဘူး၊ ကျွန်တော် ဦးကြီးနဲ့ပဲ နေချင်တယ်' ဟု လင်တန်ကလေးမှာ သူ့အဖေဟူသော စကားကို ကြားလိုက်ရသဖြင့် စိတ်ရှုပ်ထွေး သွားပုံရပါသည်။
'သူ ဟိုဘက်နားမှာပဲ နေတယ်ကွယ်၊ ဟောဒီ တောင်ကုန်းတွေရဲ့ တဘက်ကလေးတွင်ပဲ၊ မဝေးပါဘူး၊ ခြေကျင်လျှောက်သွားယင်တောင် ရောက်နိုင်တာပဲ၊ လူးလေး အဖေကို တွေ့ရယင် လူလေး ပျော်သွားမှာပါကွယ်၊ လူလေး အမေကို လူလေးချစ်သလို လူလေး အဖေကိုလဲ ချစ်ပေါ့ကွယ်၊ သူကလဲ လူလေးကို ချစ်မှာပါပဲ'
'ဒါပေမယ့် သူ့အကြောင်းကို ကျွန်တော် ဘာဖြစ်လို့ အလျင်က မကြားဖူးခဲ့ရတာလဲ ခင်ဗျာ၊ မေမေနဲ့ သူကကော တခြား လင်မယားတွေလို ဘာဖြစ်လို့ အတူမနေကြတာလဲဗျာ'
'လူလေး အဖေ့အလုပ်က မြောက်ပိုင်းမှာ ရှိတာကိုးကွဲ့၊ လူလေး အမေကျတော့လဲ ကျန်းမာရေးကြောင့် တောင်ပိုင်းမှာ နေခဲ့ရတာကလား'
'ဒါဖြင့် မေမေက ဘာဖြစ်လို့ သူ့အကြောင်း မပြောရတာလဲ ခင်ဗျာ'
ကလေးသည် ထိုစကားကိုသာ ထပ်တလဲလဲ မေးနေပါလေသည်။
'မေမေကလေ၊ ဦးကြီးအကြောင်းကိုသာ ခဏခဏ ပြောတာ ခင်ဗျာ၊ ဒါ့ကြောင့် ကျွန်တော်လေ ဦးကြီးကိုပဲ ချစ်နေတာ၊ ဖေဖေ့ကိုကျတော့ ကျွန်တော်မှ မသိပဲ ကျွန်တော် ဘယ်လိုလုပ် ချစ်မလဲ'
'အိုကွယ်၊ ကလေးတိုင်းဟာ မိဘတွေကို ချစ်ကြတာပဲဟာ၊ လူလေး မေမေက လူလေး ဖေဖေအကြောင်း မပြောတာကလဲ လူလေးက သူ့ဆီ သွားချင်နေမှာစိုးလို့ ရှိမှာပေါ့ကွယ်၊ ကဲ၊ မြန်မြန်လုပ်၊ အိပ်ရာထဲ အိပ်နေတာနဲ့ စာယင် ခုလို စောစောစီးစီး မြင်းစီးရတာက ပိုကောင်းပါတယ်ကွယ်'
'ကျွန်တော် မနေ့က တွေ့တဲ့ ကောင်မလေးကရော ကျွန်တော်နဲ့ လိုက်မှာလားဟင်'
'အခုတော့ မလိုက်သေးဘူးကွဲ့'
'ဦးကြီးကရော'
'ဦးကြီးလဲ မလိုက်ပါဘူးကွယ်၊ ငါ လိုက်ပို့မှာပေါ့'
လင်တန်ကလေးသည် အိပ်ရာပေါ် ပြန်လှဲချလိုက်ပြီး တွေတွေငေးငေး ဖြစ်နေပြန်ပါသည်။ အဆုံးတွင် ကလေးသည် ငိုယိုလျက် …
'ဦးကြီးမပါပဲ ကျွန်တော် မလိုက်ဘူး၊ ခင်ဗျား ကျွန်တော့်ကို ဘယ်ခေါ်သွားမှန်းမှ မသိနိုင်တာပဲဟာ' ဟု ဆိုပါလေတော့သည်။
ကျွန်မ အတန်တန် ချော့မော့ ဖျောင်းဖျသော်လည်း လင်တန်ကလေးသည် သူ့အဖေနှင့် တွေ့ရမည်ကို ဝန်လေးနေပုံ ရပါသည်။ ကျွန်မလည်း သူ့အား ပြောမရပါက မစ္စတာ အက်ဂါကို ခေါ်၍ အကူအညီ တောင်းရမည့် အခြေအနေကို ရောက်လာပါ၏။ နောက်ဆုံးတွင် ကျွန်မလည်း သူ့အား ယခု ခဏသာ သွားနေရမည် ဖြစ်ကြောင်း၊ မကြာမီပင် မစ္စတာ အက်ဂါနှင့် ကေသီတို့လည်း လိုက်လာကြမည် ဖြစ်ကြောင်း အမျိုးမျိုးသော အကြောင်းပြချက်တို့ကို ပြ၍ ချော့မော့မှပင် သူလည်း အိပ်ရာမှ ထပြီး လိုက်လာပါလေ၏။
နံနက်ခင်းလေပြည်သည် ပန်းရနံ့တို့ဖြင့် ထုံသင်းနေပါ၏။ နေရောင်သည်လည်း လင်းလက်နေသည်။ ဤသို့သော နံနက်ခင်းတွင် မြင်းစီးလာရသောကြောင့် လင်တန်ကလေးသည် သူ၏ စိတ်ပျက်အားငယ်ဖွယ် အခြေအနေကို အခိုက်အတန့်အားဖြင့် မေ့ပျောက်သွားပုံ ရပါသည်။ လမ်းတလျှောက်လုံးတွင် သူက သူနေရမည့် အိမ်သစ်အကြောင်း၊ အိမ်သစ်က လူတွေအကြောင်းကို စိတ်ပါလက်ပါ တက်တက်ကြွကြွ မေးလာပါတော့၏။
'လေထန်ကုန်း အိမ်ကြီးဟာ သရက်ကရော့ အိမ်ကြီးလိုပဲ ပျော်စရာကောင်းရဲ့လားဟင်'
လင်တန်ကလေးသည် နောက်ဘက် ချိုင့်ဝှမ်းဆီသို့ လည်ပြန်လည့်ကြည့်ပြီး မေးလိုက်ပါသည်။ သရက်ကရော့ အိမ်ကြီး ဘက်ဆီတွင် တိမ်ပါးပါးကို မြူဆိုင်းလျက် မိုးသားပြာပြာက အနားကွပ် ထားပါလေသည်။
'သစ်ပင်တွေကတော့ သိပ်မများဘူး ပေါ့ကွယ်၊ အိမ်ဝင်းကလဲ အကျယ်ကြီးတော့ မဟုတ်လှဘူး၊ ဒါပေမယ့် ပတ်ဝန်းကျင် အလှအပတခုလုံးကို ခြုံပြီး မြင်ရနိုင်တယ်ကွယ်၊ လေထန်ကုန်းမှာက လေ ကောင်းကောင်း ရတယ်၊ လူလေး ကျန်းမာရေးနဲ့တော့ လိုက်ပါတယ်၊ ရောက်စတော့ လူလေးစိတ်ထဲက အိမ်ကြီးဟာ အိမ်အိုကြီး၊ မည်းမည်း မှောင်မှောင်ကြီးလို့ ထင်ချင် ထင်မယ်၊ ဒါပေမယ့် အိမ်ကြီး အိမ်ကောင်းတခုပဲကွဲ့၊ ဒီအနားတဝိုက်မှာတော့ အိမ်ကြီး အိမ်ကောင်း တခုပါပဲ၊ နောက်ပိုင်းတော့ လူလေးလဲ ကွင်းပြင်ထဲမှာ လျှောက်လည် နေမှာပါကွယ်၊ အဲဒီမှာ လူလေးလိုပဲ ကေသီရဲ့ ဝမ်းကွဲအစ်ကို တယောက်ရှိတယ်ကွဲ့၊ သူကလဲ လူလေးလိုပဲ ပျော်စရာ ကောင်းတဲ့ နေရာတေါ လိုက်ပြမှာပေါ့၊ အဲဒီမှာ အေးအေးဆေးဆေး စာအုပ်ဖတ်စရာ နေရာတွေလဲ ရှိပါတယ်၊ လူလေး ဦးကြီးလဲ လူလေးဆီ မကြာမကြာ လာပြီး အတူ လမ်းလျှောက်မှာပေါ့၊ လူလေး ဦးကြီးက တောင်ကုန်တွေပေါ်မှာ လမ်းလျှောက်လေ့ ရှိတယ်လေ'
'ကျွန်တော့် အဖေက ဘယ်သူနဲ့ တူသလဲဟင်၊ ဦးကြီးလိုပဲ ငယ်ငယ်ရွယ်ရွယ် ချောချောမောမောပဲလားဗျ'
'လူလေး ဦးကြီးလို ငယ်ငယ်ရွယ်ရွယ်ပဲကွဲ့၊ ဒါပေမယ့် လူလေး အဖေ့ ဆံပင်နဲ့ မျက်လုံးတွေက နက်တယ်၊ မျက်နှာက တည်တယ်၊ အရပ်ပိုရှည်ပြီး ကိုယ်လုံး ကိုယ်ထည်လည်း ပိုပြီးကြီးသကွဲ့၊ ပထမတော့ လူလေးအဖေဟာ သိမ်သိမ်မွေ့မွေ့ ကြင်ကြင်နာနာ မရှိဘူးလို့ ထင်မယ်၊ ဒါကလဲ သူ့ ပင်ကိုစရိုက်ကိုကွဲ့၊ ဒါပေမယ့် လူလေး တခုတော့ မှတ်ထား၊ လူလေး အဖေနဲ့ ဆက်ဆံယင် ပွင့်ပွင့်လင်းလင်း ရှိပါ၊ ရင်းရင်းနှီးနှီး ရှိပါ၊ တဖြည်းဖြည်းကျယင် လူလေးအဖေက လူလေးကို ပိုပြီး ချစ်လာမှာပဲ၊ အဖေတွေဟာ ဦးကြီး ဦးလေးတွေထက် ပိုပြီး ချစ်တတ်ကြတာ သဘာဝပဲလေ၊ လူလေးဟာ သူ့ သားအရင်း မဟုတ်လား'
'ဆံပင်နဲ့ မျက်လုံးက နက်တယ်၊ ဟုတ်လား၊ ကျွန်တော်ဖြင့် စဉ်းစားလို့ကို မရဘူး၊ ဒီလိုဆိုယင် ကျွန်တော်နဲ့ မတူဘူးပေါ့နော်'
လင်တန်ကလေးသည် စဉ်းစားပြီး ပြောလိုက်ပါသည်။
'သိပ်ကြီးတော့ မတူဘူးပေါ့ကွယ်'
ကျွန်မသည် ကလေး၏ အမေးကို ပြန်ဖြေလိုက်ယင်း ကလေး၏ အသားအရေ၊ ခန္ဓာကိုယ် အနေအထားနှင့် သူ့အမေ၏ မျက်လုံးကဲ့သို့သော မျက်လုံးဝိုင်းဝိုင်းစက်စက်ကြီးများကို သတိပြုမိလိုက်ပါသည်။
'သူ မေမေ့ဆီ တခါမှ မလာတာ အံ့ဩစရာပဲနော်၊ သူ ကျွန်တော့်ကို မြင်ဖူးသလားပဲ၊ သူလာယင်လဲ အဲဒီတုန်းက ကျွန်တော် ငယ်ငယ်ပဲ ရှိဦးမှာ၊ ကျွန်တော် သူ့ကို လုံးဝ မမှတ်မိဘူး' ခပ်ညည်းညည်း ပြောလိုက်ပြန်ပါသည်။
'အင်း၊ မိုင်သုံးရာ ခရီးဆိုတာကလဲ အဝေးကြီးကလားကွယ်၊ ဆယ့်နှစ်နှစ်ခရီးဆိုတာကလဲ မိုင်သုံးရာခရီးနဲ့စာယင် ပိုဝေးတာပေါ့၊ လူကလေး အဖေမှာကျတော့လဲ တနှစ်တနှစ် အလုပ်နဲ့ လုံးပန်းနေရတာဆိုတော့ လူလေးတို့ဆီ မရောက်ဖြစ်ဘူး ထင်ပါရဲ့ကွယ်၊ ဒါတွေကိုလဲ လူလေးအဖေကို ပြန်မမေးနေပါနဲ့တော့ကွယ်၊ သူ စိတ်မကောင်းဖြစ်ရုံပဲ နေမှာပေါ့ …'
ထို့နောက် စကားစ ပြတ်သွားပါလေ၏။ လင်တန်ကလေးသည် တစုံတခုကို တွေးတောလာခဲ့ဟန် ရှိလေသည်။ ကျွန်မတို့သည် ခြံတံခါးနားသို့ ရောက်လာကြပါသည်။ ကျွန်မသည် လင်တန်ကလေး၏ မျက်နှာထားကို တချက် လှမ်းကြည့်လိုက်မိသည်။ သူသည် အိမ်အဝင် တံခါး ပြတင်းပေါက်များနှင့် ရှေ့ဘက်မှ ဗယ်ရီချုံပင်များ၊ ထင်းရှုးပင်များကို စူးစိုက်ကြည့်နေပါလေသည်။ ထို့နောက် သူသည် ခေါင်းကို ယမ်းလိုက်ပါသည်။ သူ နေရမည့် အိမ်သစ်၏ ပြင်ပ မြင်ကွင်းကို မနှစ်သက်ဟန် ပေါ်နေပါ၏။ သို့သော် ဤခံစားမှုကို သူ ချက်ချင်း ဖယ်ရှားပစ်လိုက်ပုံ ရပါသည်။
သူ မြင်းပေါ်မှ မဆင်မီမှာပင် ကျွန်မသည် တံခါးကို ဖွင့်ပြီး ဖြစ်သွားပါလေသည်။ ထိုအချိန်တွင် ခြောက်နာရီ ခွဲပါပြီ။ အိမ်ထဲက လူတွေ နံနက်စောစော စားပြီးကြပေပြီ။ အစေခံများသည် စားပွဲကို ရှင်းလင်းနေကြလေပြီ။ ဂျိုးဆက်သည် သူ့သခင် ကုလားထိုင်အပါးတွင် ရပ်လျက် မြင်းတကောင် ခြေကျိုးရသည့်အကြောင်းကို ပြောနေ၏။ ဟယ်ယာတန်မှာ ယာထဲသွားရန် ပြင်ဆင်နေလေသည်။
ဟိကလစ်က ကျွန်မကို မြင်သည်နှင့် …
'ဟာ၊ နယ်လီပါရော၊ ကျုပ်က ကျုပ်အကောင်ကို ခေါ်ဖို့ ကျုပ်ကိုယ်တိုင်များ လာရမလား မှတ်နေတာ၊ ခင်ဗျား လာပို့တာကိုး၊ ကဲ၊ ဘယ်လိုအစားထဲကလဲ ကြည့်ရအောင်ဗျာ ' ဟု ဆီးပြောယင်း သူသည နေရာမှ ထပြီး တံခါးဆီသို့ လျှောက်လာပါသည်။ ဂျိုးဆက်နှင့် ဟယ်ယာတန်တို့သည်လည်း တအံ့တဩ မျက်နှာသွင်ပြင်မျိုးဖြင့် သူ့နောက်မှ လိုက်လာကြပါ၏။
ဂျိုးဆက်သည် တံခါးဝ မြင်းပေါ်က ကလေးကို အသေအချာ ကြည့်ပြီး …
'ဟုတ်ပါပြီ၊ သူတို့ ကလေးချင်း လဲထားလိုက်ကြပြီဗျ၊ ဒါက သူတို့ သမီးကလေးပဲ' ဟု ပြောလိုက်ပါသေးသည်။
ဟိကလစ်ကမူ နားမလည်နိုင်သလို စိုက်ကြည့်နေပြီး ခပ်လှောင်လှောင် ရယ်မောလျက် ..
'အလိုလေး၊ လူချောပဲ၊ ဘယ်လောက်ချောသလဲ၊ ကျုပ်လူက ကျုပ် ထင်တာထက်တောင် ချောသားပဲဗျ'
ကျွန်မသည် ကတုန်ကယင်ဖြစ်နေသော လင်တန်ကလေးကို မြင်းပေါ်မှ ဆင်းပြီး အိမ်ထဲဝင်ရန် ပြောလိုက်သည်။ သူသည် သူ့အဖေ ပြောနေသော စကားကို နာလည်ပုံ မရသလို သူ့ကို ရည်ရွယ် ပြောနေမှန်းလည်း သိပုံမရပေ။ လှောင်သလို သရော်သလို ပြောနေသူကိုလည်း သူ့အဖေ ဟူ၍ သိသေးပုံ မရပေ။ ကလေးသည် ကြောက်ရွံ့နေသဖြင့် ကတုန်ကယင်ဖြစ်ကာ ကျွန်မကိုသာ ဖက်တွယ် ထားပါလေသည်။ မစ္စတာ ဟိကလစ်က 'ကဲ၊ လာစမ်းပါဦးကွယ်' ဟု ဆိုလာသည်နှင့် ကျွန်မကျောတွင် မျက်နှာဝှက်ကာ ငိုပါလေတော့သည်။
ဟိကလစ်သည် ကျွန်မကို တွယ်ကပ်ထားသော ကလေးကို ဇွတ်ဆွဲယူလိုက်ပြီး …
'ကျွတ်၊ ကျွတ်၊ အဓိပ္ပာယ်မရှိတာပဲကွာ၊ တို့က မင်းကို ဘာလုပ်မှာကျလို့ လင်တန်ရယ်၊ သူ့နာမည် လင်တန် မဟုတ်လား၊ မင်းက အဖေ့သားပဲကွ၊ မင်းမှာ ငါနဲ့တူတာ ဘာများပါသလဲကွ'
ဟိကလစ်သည် ကလေး ခေါင်းပေါ်က ဦးထုပ်ကို ချွတ်လိုက်ပြီး ရှေ့ဘက်ကျနေသော ဆံစ ခွေခွေများကို နောက်ဘက်သို့ သပ်ချပေးယင်း ကလေး၏ လက်မောင်းလှီလှီနှင့် လက်ချောင်း သေးသေးကလေးများကို ဆုပ်ကိုင်စမ်းသပ်နေပြန်ပါသည်။ ထိုအတွင်းမှာပင် လင်တန်သည် အငိုတိတ်သွားပြီး သူ၏ ပြာလဲ့လဲ့ မျက်လုံးများကို ပင့်လျက် ဟိကလစ်ကို ကြည့်လိုက်ပါသည်။
'မင်း ငါ့ကို သိသလားကွ' ဟိကလစ်က မေးလိုက်သည်။
'ဟင့်အင်'
'မင်း ငါ့အကြောင်းတော့ ကြားဖူးမှာပေါ့'
'ဟင့်အင်'
'မကြားဖူးဘူး၊ ဟုတ်လားကွ၊ မင်းအမေဟာ အတော် ရှက်စရာကောင်းတာပဲ၊ ကိုယ့်သားကိုတောင် အဖေဖြစ်တဲ့ ငါ့အကြောင်း မပြောဘူးလို့၊ မင်းဟာ ငါ့သားပဲကွ၊ ဒီတော့ ငါ ပြောမယ်၊ မင်း အမေကတော့ မင်းမှာ ငါ့လို အဖေတယောက် ရှိတယ်ဆိုတာတောင် မပြောပဲ ထားလောက်အောင် ပေါ့တီးပေါ့ဆ နိုင်တာပဲ၊ မိန်းမယုတ်ပဲ၊ မျက်နှာက ရှုံ့မသွားစမ်းပါနဲ့ကွာ၊ မင်း ငါ့ဆီမှာ ကောင်းကောင်းနေ၊ ငါကလဲ မင်းအတွက်တော့ ဂရုစိုက်ရမယ်၊ ကဲ၊ နယ်လီ၊ ခင်ဗျားလဲ မောယင် ထိုင်ဦး၊ မဟုတ်လို့ အိမ်ပြန်ချင်ယင်လဲ ပြန်လေ၊ ခင်ဗျားမှာက ဒီမှာ ဘာတွေတွေ့တယ်၊ ဘာတွေ ကြားရတယ်ဆိုတာ ဟိုသတ္တဝါကို ပြန်ပြီး သံတော်ဦး တင်ရဦးမယ် မဟုတ်လား'
'ကောင်းပါပြီရှင်၊ ရှင်လဲ ကလေးကိုတော့ အထူး ဂရုစိုက်လိမ့်မယ်လို့ ထင်ပါတယ် မစ္စတာ ဟိကလစ်၊ မဟုတ်ယင်တော့ ရှင် သူ့ကို ကြာကြာ မွေးထားဖို့ မသင့်ဘူး၊ နောက်ပြီး ဒီကမ္ဘာကြီးမှာ ဒီကလေးကဟာ တဦးတည်းသော သွေးရင်းသားရင်း ဆိုတာလဲ ရှင် သိပါတယ်၊ ဒါကိုတော့ ရှင် အမြဲ သတိရနေပါရှင်'
'စိတ်ချပါဗျာ၊ ဘာမှ မပူပါနဲ့၊ ကျုပ် သူ့ကို အထူး ဂရုစိုက်မှာပါ'
ဟိကလစ်က ရယ်ရယ်မောမော ပြောပါသည်။
'သူ့ကို ကျုပ်ထက်ပိုပြီး ဘယ်သူက ဂရုစိုက်မှာလဲလို့ဗျာ၊ ကျုပ်သားကို ကျုပ်ပဲ ချစ်ရ၊ ဂရုစိုက်ရမှာပေါ့၊ ခုပဲ ကျုပ်သားကို ဂရုစိုက်ကြောင်း ပြရမှာပေါ့၊ ကဲ၊ ဂျိုးဆက်ရေ၊ ကလေးစားဖို့ စားစရာ ယူခဲ့ပါကွာ၊ ဟေ့၊ ဟယ်ယာတန်၊ ငရဲကလေး၊ မင်း အလုပ်သွားတော့လေကွာ၊ ဒီမယ် နယ်လီရဲ့၊ ကျုပ်သားက ခင်ဗျားတို့ အိမ်ကြီးကို အမွေဆက်ခံရမယ့် ကလေးဗျ၊ ပြီးတော့ သူက ကျုပ်သားပါ၊ သူ အမွေတွေ ဆက်ခံတာ၊ သူ့ သားစဉ်မြေးဆက်တွေကို အမွေ ဆက်ခံစေတာတွေကို ကျုပ် မြင်ချင်သေးတယ်၊ အဲဒီစိတ်ကူးကြောင့်ပဲ ဒီကောင်ကို ကျုပ် ဂရုစိုက်ရမှာပဲ၊ တကယ်တော့ နောက်ကြောင်းတွေ ပြန်ပြန် သတိရတိုင်း ဒီကောင့်ကို ကျုပ် တယ်ပြီး သဘောကျတာ မဟုတ်ဘူး၊ ဒါပေမယ့် ခုနက စိတ်ကူးနဲ့ပဲ ကျုပ် သူ့ကို ပြုစုရမှာပါဗျာ၊ ခင်ဗျားသခင်က သူ့သမီးကို သူ ဂရုစိုက်ပြသလို ကျုပ်လဲ ကျုပ်သားကို ကျုပ် ဂရုစိုက်ရမှာပေါ့၊ ကျုပ် ခု အပေါ်ထပ်မှာ သူ့အတွက် အခန်းတခန်း အကျအန ပြင်ထားပြီးပြီဗျ၊ သူ့အတွက် ဆရာတယောက်လဲ ငှားထားပြီးပြီ၊ အဲဒီဆရာဆို မိုင်နှစ်ဆယ်လောက် ခရီးကကို လာရမှာဗျ၊ သူ တပတ်ကို သုံးကြိမ်လာမယ်၊ ကျုပ်သား စိတ်တိုင်းကျ သူ သင်ပေးလိမ့်မယ်၊ ဟယ်ယာတန်ကိုလဲ ကျုပ်သား စကားကို နားထောင်ဖို့ ပြောထားပြီးပြီဗျာ၊ သူ့ကို လူတလုံး သူတလုံး ဖြစ်အောင် အစခပ်သိမ်း စီစဉ်ထားပြီးပြီ ဆိုပါတော့ဗျာ၊ ကျုပ်ဘက်ကတော့ ဘာမှ လိုလေသေးမရှိအောင် စီစဉ်ထားတာပဲ၊ တခုပဲ ကျုပ် သဘောမတွေ့တာက သူ့မျက်နှာ ဖြူဖပ်ဖြူရော်နဲ့ လူပုံက ပျော့စိစိ ဖြစ်နေတာပဲဗျ'
ဟိကလစ် ဤသို့ ပြောနေစဉ်မှာပင် ဂျိုးဆက်သည် နို့နှင့် ကျိုထားသော ယာဂုဇလုံတခွက်ကို ယူလာပြီး လင်တန်ကလေးရှေ့တွင် ချလိုက်ပါသည်။ လင်တန်သည် သူ့ရှေ့သို့ ရောက်လာသော ယာဂုဇလုံတွင်းသို့ မွှေကြည့်ယင်း စားရမည့်အတွက် ခက်ခဲသလို ဖြစ်လာပါလေသည်။ အစေခံ အဘိုးကြီးကလည်း သူ့သခင်က ကလေးအပေါ် အလေးမထားသည်ကို အခွင့်ကောင်းယူပြီး အလေးမထားဟန်ပြုပုံ ရပါသည်။
'ဘာလဲ၊ မစားနိုင်ဘူးလား၊ ဟယ်ယာတန်လဲ ဒါမျိုးပဲ စားတာပဲ'
အဘိုးကြီးက လင်တန်အား ပြောလိုက်ပါသည်။
'ကျွန်တော် မစားနိုင်ဘူး၊ ဒါကို ပြန်ယူသွားပါ'
လင်တန်ကလေးက ခပ်မာမာ ပြောလိုက်ပါလေသည်။
ဂျိုးဆက်လည်း လင်တန်ရှေ့က ယာဂုခွက်ကို ယူလာပြီး ဟိကလစ်ရှေ့တွင် ပြလိုက်ယင်း …
'ဒါကို မစားနိုင်ဘူးတဲ့' ဟု ပြောလေရာ ဟိကလစ်က …
'ဘာဖြစ်လို့ မစားနိုင်ရတာတဲ့လဲ' ဟု မေးလိုက်သဖြင့် ..
'သခင့်သားက ဒီယာဂုကို မစားနိုင်ဘူးတဲ့၊ ဒါဟာ သူ့အမေက သူ့ကို ဖျက်ဆီးတာပဲ' ဟု အဘိုးကြီးက ပြန်ဖြေပါလေသည်။
ထိုအခါ ဟိကလစ်လည်း ဒေါသဖြစ်လာပြီး …
'သူ့အမေအကြောင်း မပြောနဲ့၊ သူ စားနိုင်မယ့် အစားအစာမျိုးယူခဲ့၊ ဒါပဲ၊ ဒီမယ် နယ်လီ၊ သူ စားနေကျ အစားအစာက ဘာလဲဗျ' ဟု ဆိုကာ ကျွန်မဘက်သို့ လှည့်မေးပါသည်။
ကျွန်မလည်း ကလေးအတွက် နွားနို့ဖြစ်ဖြစ်၊ လက်ဖက်ရည်ဖြစ်ဖြစ် တိုက်ကျွေးသင့်ကြောင်း အကြံပေးလိုက်သဖြင့် ဟိကလစ်သည် စားဖိုချောင် အစေခံအား သူ့သားအတွက် သင့်လျော်မည့် အစာကို ပြင်ဆင်စေပါလေတော့သည်။
ကျွန်မအဖို့ အိမ်သို့ ပြန်ရုံသာ ရှိပါတော့သည်။ ကျွန်မသည် မစ္စတာ အက်ဂါအား တွေ့မြင်သမျှ ပြောပြခြင်းဖြင့် မစ္စတာ အက်ဂါအဖို့ တူဖြစ်သည့်အတွက် စိတ်သက်သာရာ ရနိုင်မည် ဟု ထင်ပါသည်။
ကျွန်မသည် အိမ်ထဲမှ ထွက်လာခဲ့ပါသည်။ အခန်းအပြင်သို့ ထွက်လာပြီး တံခါးကို ပြန်ပိတ်လိုက်သော အချိန်တွင် …
'ကျွန်တော့်ကို မထားခဲ့ပါနဲ့၊ ကျွန်တော် ဒီမှာ မနေဘူး' ဟူသော အသံကို ကြားနေရပါသည်။
ကျွန်မလည်း မြင်းပေါ်သို့ တက်၍ အသော့နှင့်ခဲ့ပါလေတော့သည်။
.jpg)

Comments
Post a Comment